← Chapters

လေးစားပါတယ် ဘော့စ်

Vol. 2 Ch. 23

လေးစားပါတယ် ဘော့စ်

Vol. 2 Ch. 23

ဘားတစ်ခုလုံး ရေခဲတိုက်အလား တိတ်ဆိတ်နေသည်။ မည်သူမျှ ပြောင်းလဲသွားသည့် အခြေအနေကို ထင်မထားခဲ့မိပေ။

ဝံပုလွေရိုင်းရဲ့ဆရာက ယဲ့ဖန်ကို အရိုအသေပေးနေတယ်။ သူ့ရဲ့ ကြည်ညိုလေးစားနေတဲ့ဟန်က စီနီယာတစ်ယောက်နှင့် ဆုံနေသည့်အလားပင်။ မယုံနိုင်စရာကောင်းလှသည်။

လူတိုင်း တွေဝေမိန်းမောနေကြသည်။ ခုနလေးတင် သူတို့က ယဲ့ဖန်တော့ ဝံပုလွေရိုင်းရဲ့ဆရာ ဆော်ပလော်တီးတာ ခံရပြီလို့ ထင်နေတာ ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့။

ချွီထောင်နှင့် မိန်းကလေးသုံးယောက်တို့ မျက်လုံးအပြူးသားနှင့် ကြည့်နေမိကြသည်။

"မ…. မဖြစ်နိုင်ဘူး …. ဒီကောင်က သုံးစားမရတဲ့ တရားမဝင်သား မဟုတ်ဘူးလား … သူ ဘယ်တုန်းက မစ္စတာယဲ့ ဖြစ်..ဖြစ်သွားရတာလဲ?"

ချွီထောင် ခေါင်းတွေ မူးဝေလာသည်။ အစောပိုင်းလေးတင် သူ ယဲ့ဖန် ခံရတော့မှာကို စောင့်နေတာလေ…အခုတော့…

ယွမ်လီ၊ ရှုချင်နှင့် ကျန်းဝေ့ဝေ့တို့သည်လည်း ကြက်သေ သေနေကြသည်။ သူတို့သည် မယုံနိုင်သည့်အကြည့်များဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြ၏။

"မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး ..."

ကျန်းဝေ့ဝေ့ သတိလစ်မတတ်ပင်။ အစောပိုင်းလေတင် သူမက ယဲ့ဖန်က တော်ပင်မယ့်လည်း ကံဆိုးပြီဟု တွေးနေခဲ့မိသည်။ သို့သော် သူက ဒီလောက် ဂုဏ်သတင်း ကြီးမားလိမ့်မည်ဟု သူမ မထင်ထားမိခဲ့။

"ဘယ်…ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့သူကို ငါလက်လွှတ်လိုက်ရတာပါ့လိမ့်နော်"

ကျန်းဝေ့ဝေ့ ကိုယ့်ပါးကိုယ်သာ ခပ်ပြင်းပြင်း ရိုက်လိုက်ချင်မိတော့သည်။ သူမသည် ထက်မြက်သော ချစ်သူကောင်လေးမျိုးကို လိုက်ရှာနေခဲ့သော်လည်း တကယ်တမ်း ထက်မြက်တဲ့ကောင်လေးမျိုးက သူမရှေ့ ရပ်နေခဲ့သော်လည်း သူမက မျက်ကန်းလိုမျိုး မမြင်ဘဲ လက်လွှတ်လိုက်ရပြီ။ ထို့ကြောင့် သူမ တော်တော်လေး နောင်တရနေသည်။

ဖေးချမ်နှင့် ရိုစ့်လည်း ကြောင်အနေကြသည်။ ယဲ့ဖန်ကို ကြည့်ပြီး သူတို့ တံတွေးကို မနည်းမြိုချနေရသည်။

"ဘာလို့ … သူက ငါတို့ကို အမြဲအံ့ဩစရာတွေပဲ သယ်လာရတာလဲ"

**စောက်ရမ်းအံ့ဩဖို့ ကောင်းတယ်**

အံ့ဩစရာ?

ဟုတ်သည်။ ဒါ ဝံပုလွေရိုင်းအတွက် သေချာပေါက်ကို အံ့ဩဖို့ ကောင်းနေသည်ပင်။

ဝံပုလွေရိုင်း ကြောင်အနေတုန်း သူ့ဆရာက သူ့ရန်သူကို အရိုအသေပေးနေတာကို မြင်လိုက်ရသည်။ ဒါကို မြင်ပြီး ထခုန်မိမတတ် ဖြစ်သွားကာ ပြောလိုက်သည်။

"ဆရာ … အဲ့ကောင်က ကျွန်တော့်ကို ဆော်သွားတာလေ … သူက ဆရာ့ကိုတောင်မှ သုံးစားမရဘူးလို့တောင် ပြောခဲ့သေးတာလေ…"

"သုံးစားမရဘူး?"

ဝံပုလွေရိုင်းရဲ့ စကားကို ကြားပြီး သက်လတ်ပိုင်းအရွယ် လူကြီးက ခါးသီးစွာ ပြုံးလိုက်သည်။ ထို့နောက် သူ ထပ်ပြောလိုက်သည်က

"ခင်ဗျား မှန်ပါတယ် မစ္စတာယဲ့… ကျွန်တော်က ခင်ဗျားရှေ့မှာဆို တကယ်ကို သုံးစားမရပါဘူး …. အဲ့အတွက်လည်း ကျွန်တော် ရှက်မိပါတယ်"

*ဘာ*

သူ့ဆရာရဲ့စကားကြောင့် ဝံပုလွေရိုင်း မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားရသည်။ သူ့ဆရာအကြောင်း သူ ကောင်းကောင်းသိသည်။ သူ့ဆရာက ဘယ်သူမှ မခုခံနိုင်လောက်အောင်ကို ကြမ်းတဲ့သူဖြစ်သည်။

ကျန်းရှီမြို့က နာမည်ကြီး ထိပ်သီးပုဂ္ဂိုလ်တွေကိုတောင် အရိုအသေပေးတတ်တဲ့သူ မဟုတ်ပါ။ သို့သော်ငြားလည်း သူက ယဲ့ဖန်ရှေ့မှာ သုံးစားမရတဲ့သူပါလို့ ဝန်ခံသတဲ့လား။

"မ… မယုံနိုင်စရာပဲ"

ဘယ်သူမှ ဝံပုလွေရိုင်း တွေးနေတာတွေကို ဂရုမစိုက်ပါ။

ယဲ့ဖန်က သက်လတ်ပိုင်းအရွယ် လူကြီးကို ရွှတ်နောက်နောက်ပုံဖြင့် ကြည့်ပြီး မေးလိုက်သည်။

"ခင်ဗျား လက်မောင်း သက်သာရဲ့လား"

*လက်မောင်း*

လူတိုင်း သက်လတ်ပိုင်းအရွယ် လူကြီး၏ ဒဏ်ရာရနေသော ညာဘက်လက်မောင်းကို ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။

*ဒါ…. ဒါ ယဲ့ဖန်ကြောင့် ဖြစ်သွားတာလား?*

မည်သူမျှ အမှန်တရားကို လက်မခံနိုင်ကြသေး။ သူ့ဆရာ ပြောခဲ့သည့် စောက်ရမ်းသန်တဲ့သူဆိုတာ ဘယ်သူဖြစ်နိုင်သည်ဆိုတာကို သတိထားမိပြီး ဝံပုလွေရိုင်း တုန်လှုပ်သွားသည်။

ဝံပုလွေရိုင်း ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် လူကြီး ပြောလိုက်သောစကားက သူ့အတွေး မှန်နေတာကို သက်သေပြသွားသည်။

"မနေ့ညက ခင်ဗျား သက်ညှာလိုက်တာလိုက်တာကို ကျုပ် တကယ်ကျေးဇူးတင်ပါတယ် မစ္စတာယဲ့ … ခင်ဗျားသာ အလျော့မပေးလိုက်ဘူးဆိုရင် ကျုပ်ညာဘက်လက်က လုံးဝကို သုံးစားလို့ရမှာ မဟုတ်တော့ဘူး"

သက်လတ်ပိုင်းအရွယ် လူကြီးက အတော်လေး ကျေးဇူးတင်နေသည့်ဟန်ဖြင့် ပြောလာသည်။

ထိုသက်လတ်ပိုင်းအရွယ် လူကြီးသည် မမလေးပိုင်၏ အဖိုးဖြစ်သူ ပိုင်ရှုံး၏ သက်တော်စောင့် အန်ကယ်လ်ကျုံးပင် ဖြစ်သည်။ ထို့ပြင် အလွတ်တမ်းနပမ်း ပြိုင်ပွဲ၏ နာမည်ကြီး ချန်ပီယံလည်း ဖြစ်ပေသည်။

အရင်တစ်ခါက မြစ်ကမ်းနံဘေး၌ သူ ယဲ့ဖန်ကို ရန်သူနှင့် အမှတ်မှားခဲ့သည်။ ထို့ကြောင့်ပင် သူ ယဲ့ဖန်ကို လက်သီးနှင့် ထိုးလိုက်ခြင်း ဖြစ်သည်။ ရလဒ်အနေနဲ့ကတော့ ယဲ့ဖန်၏လက်သီးချက်ကြောင့် သူ့ညာဘက်လက် ကျိုးသွားရသည်။

ပိုင်မိသားစုဆီ ပြန်လာပြီးနောက်တွင် ဆရာဝန်က အကယ်၍များ ကျိုးသွားတဲ့နေရာက ၁ မီလီမီတာတာ ထပ်နက်သွားမယ်ဆိုရင် သူ့လက်မောင်းကို ထပ်မြှောက်လို့ပင် ရတော့မှာ မဟုတ်ကြောင်း ပြောလာခဲ့သည်။

၁ မီလီမီတာ!

မည်မျှ တိကျလိုက်တဲ့ အားပါလိမ့်?

ထိုအချိန်မှစ၍ ယဲ့ဖန်၏ ခွန်အားကို တိကျစွာ ထိန်းချုပ်နိုင်မှုအား သူ လေးစားအားကျမိသည်။ ယဲ့ဖန်သည် နတ်ဘုရားတစ်ပါးလားဟုထင် အထင်မှားမိသည်။

အန်ကယ်လ်ကျုံး၏ စကားကြောင့် ဝံပုလွေရိုင်း ကြက်သေ သေသွားရသည်။ ကြမ်းပြင်ပေါ် ထိုင်ချရင်း ဝံပုလွေရိုင်း အပြစ်ကင်းစင်သော မျက်နှာကို တွေဝေကာ ကြောင်ကြည့်နေမိသည်။

"သူ…သူက ငါ့ဆရာကို ဆော်လိုက်တဲ့သူပေါ့လေ…မဖြစ်နိုင်လိုက်တာ…သူက တအားငယ်လွန်းတယ်"

မျက်လုံးအပြူးသားနှင့် ဝံပုလွေရိုင်း ယဲ့ဖန်အား မကောင်းဆိုးဝါးတစ်ကောင်လို ကြည့်နေမိသည်။

"မစ္စတာယဲ့… ကျွန်တော် ဒီကို ခင်ဗျားကြောင့် လာတာပါ"ဟု သက်လတ်ပိုင်းအရွယ် လူကြီးက ပြောလာသည်။

**ဟင်**

ယဲ့ဖန် တစ်ခဏမျှ ကြောင်သွားသည်။ ပြီးမှ သူက ပြုံးစိစိနှင့် "အဘိုးကြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေလို့လား?"

"ဟုတ်ပါတယ်" ဟု သက်လတ်ပိုင်းအရွယ် လူကြီးက လေးလေးနက်နက် ပြောလိုက်သည်။

"အဘိုးအိုက အခြေအနေပိုဆိုးလာတယ်…ပြီးတော့ သူ့ခန္ဓာကိုယ်က…."

သက်လတ်ပိုင်းအရွယ် လူကြီး စကားမဆုံးခင် ယဲ့ဖန်က တည်ငြိမ်စွာဖြင့် လေအေးအေးနှင့် စကား ဖြတ်ပြောလိုက်သည်။

"သူ့ခန္ဓာကိုယ်မှာ အမည်းစက်တွေ ပေါက်လာမယ်၊ သူ့ ကိုယ်တွင်းခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက ကောင်းကောင်းအလုပ်မလုပ်တော့ဘူး၊ သူ မတ်တပ်တောင် မရပ်နိုင်ဘူး၊ ပြီးတော့ အကြောတွေဆွဲပြီး ညဘက်တိုင်း မချိမဆံ့ အော်နေမယ်။ ကျုပ် ပြောတာ မှန်သလား?"

….

ယဲ့ဖန် ပြောတာကို ကြားပြီး သက်လတ်ပိုင်းအရွယ် လူကြီးအပြင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူများပါ အလွန်အမင်း ထိတ်လန့်သွားကြသည်။

**သူ… ဘယ်လိုလုပ် သိနေတာလဲ**

အဘိုးအို၏ ကျန်းမာရေးအခြေအနေသည် ပိုင်မိသားစု၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ ယုံကြည်ရသည့်သူ အနည်းငယ်သာ ဤအခြေအနေကို သိကြသည်။ ဒါကို ယဲ့ဖန်က…

အန်ကယ်လ်ကျုံး နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီးနောက် ရုတ်တရက် ယဲ့ဖန် အကြည့်အောက်မှာ ဘယ်အရာကိုမှ ဖုံးကွယ်ထားလို့ မရပါလားဟု တွေးလိုက်မိသည်။

ယဲ့ဖန်က နတ်ဘုရားလို အားလုံးကို သိမြင်နေသည်မဟုတ်ပါလား။

ထို့ကြောင့် အန်ကယ်လ်ကျုံးက ယဲ့ဖန်အား စိတ်ထဲ၌ ပို၍ လေးစားလာကာ ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

"လုံးဝ မှန်ပါတယ်"

ထိုအချိန်တွင် လူတိုင်းက အသက်ကို အောင့်ထားပြီး ယဲ့ဖန်ကိုသာ ကြည့်နေမိသည်။ ယဲ့ဖန်က ပခုံးတွန့်ကာ

"လူသားတွေရဲ့ အသက်ကို ကံတရားက သတ်မှတ်ထားပြီးသားပဲ… အရင်တုန်းကတော့ ကျုပ် သူ့အသက်ကို ကယ်ချင်စိတ် မရှိဘူး… အခုတော့ မမလေးပိုင်က ကျုပ်ကို ကူညီထားတာလေး ရှိတော့ သူ့အသက်ကို ကယ်ပြီး သူမကျေးဇူးကို ပြန်ဆပ်ရမှာပေါ့"

မနေ့က ကျောင်းပေါက်ဝ၌ ယဲ့ဖန် ကျုံးချမ်းနှင့် ယုဖေးတို့၏ လှောင်ပြောင်ခြင်း ခံနေရသည့်အချိန်တွင် ပိုင်ယီက သူ့အား ထိုအရှုပ်ထုပ်ကြားထဲမှ ကူညီ၍ ဆွဲထုတ်ပေးသွားခဲ့သည်ကို သူ စိတ်ထဲ စွဲနေအောင် မှတ်ထားသည်။

ယဲ့ဖန်က သူ့ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

"အိမ်ပြန်ပြီး ရေစည်ကြီးကြီး ရှာလိုက်၊ အဲ့ထဲကို ခွေးရဲ့သွေးလိုမျိုး ညစ်ပတ်တဲ့အရာမျိုးတွေ ထည့်ပြီး အဘိုးကြီးကို ဝင်စိမ်ခိုင်းလိုက်။ သုံးရက်နေမှ ကျုပ်ဆီ ပြန်လာခဲ့"

*ဘာ*

ယဲ့ဖန်စကားကြောင့် အန်ကယ်လ်ကျုံး ကြောင်သွားသည်။ ယဲ့ဖန် အကြံပေးတာကို သူ မယုံနိုင်သော်လည်း သူက ယဲ့ဖန်ကို နတ်ဘုရားလို သတ်မှတ်ထားတာမို့ ပြန်မပြောရဲပေ။

ထို့ကြောင့် သူက ယဲ့ဖန်ကို အရိုအသေပေးရင်း ချက်ချင်း ပြန်ပြောလိုက်သည်။

"အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"

ထို့နောက် သူက ဝံပုလွေရိုင်းကို ကြည့်ကာ ခပ်ကျယ်ကျယ် အော်ငေါက်လိုက်သည်။

"ညီလေး ဝံပုလွေ…မစ္စတာယဲ့က မင်း စိတ်နဲ့တောင် စော်ကားလို့မရတဲ့ သူမျိုးကွ၊ ဒါကို မင်းက သူ့ကို စော်ကားလိုက်သေးတယ်။ အခုချိန်ကစပြီး မင်း မစ္စတာယဲ့ ဆန္ဒအတိုင်း လုပ်သင့်တယ်။ သူက သေဆိုသေ ရှင်ဆိုရှင် မင်း နေရမယ်"

အန်ကယ်လ်ကျုံး စကားက အနည်းငယ်ပြင်းထန်သည်။ သို့သော်လည်း ဝံပုလွေရိုင်းသည် သူ့ဆရာက အင်အားကြီးသော ယဲ့ဖန်နောက် လိုက်ခွင့်ရရန် အကူအညီပေးနေမှန်း ရိပ်မိသည့်အတွက် တက်ကြွသွားသည်။ တောက်ပနေမည့် သူ့အနာဂတ်အား သူ မှန်းဆနေသည်။

ချက်ချင်းပင် ဝံပုလွေရိုင်းက ယဲ့ဖန်ရှေ့ ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။ ထိုအချိန်တွင် ပြုတ်တူအလား သန်မာလာသည့် လက်အစုံက သူ ဒူးထောက်လို့မရစေရန် ဆွဲမထားသည်။ သူ ဘယ်လောက်ပင် ရုန်းကန်ပါစေ ထိုလက်မှ မလွတ်ဘဲ ဒူးထောက်လို့မရနိုင် ဖြစ်နေသည်။

ဝံပုလွေရိုင်း ကြောင်သွားပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုလက်ပိုင်ရှင်က ယဲ့ဖန် ဖြစ်နေသည်။

"မစ္စတာယဲ့"

သူ့ကို ယဲ့ဖန် လက်မခံမှာကို စိုးကာ ဝံပုလွေရိုင်း နှလုံးခုန်မြန်လာသည်။

"ခင်ဗျား ကျုပ်ရှေ့မှာ ဒူးမထောက်သင့်ဘူး ဒါပေမယ့်…"

ယဲ့ဖန်က ဖေးချမ်ကို လက်ညှိုးထိုး၍ "သူ့ရှေ့မှာ ဒူးထောက်သင့်တယ်" ဟု ပြောလိုက်သည်။

*ဘာ*

ချက်ချင်းပင် ဝံပုလွေရိုင်းက ဖေးချမ်ရှေ့ ကမန်းကတန်း ပြေးသွားကာ ဒူးထောက်၍ အသံကျယ်ကြီးနှင့် အော်ပြောလိုက်သည်။

"လေးစားပါတယ် ဘော့စ်"

ဤ အဖြစ်အပျက်ကြောင့် ဖေးချမ် လုံးဝ မှင်တက်သွားသည်။ တဟုန်ထိုး တက်လိုက်၊ကျလိုက်ဖြစ်နေသည့် သူ့ဘဝအား သူ အံ့ဩမိနေသည်။ ကျန်းရှီမြို့ တောင်ဘက်ခြမ်း၏ ပြိုင်ဘက်ကင်း ဝံပုလွေရိုင်းက သူ့ကို ဘော့စ်အဖြစ် အသိအမှတ် ပြုနေတယ်!

ဖေးချမ် စိတ်လှုပ်ရှားကာ ယဲ့ဖန်အား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ဒါ ယဲ့ဖန် ပေးတဲ့ လက်ဆောင်မှန်း သူ သိနေသည်။

All Chapters