← Chapters

အပိုင်း ၆၁၃-၆၁၆

Vol. 31 Ch. 613-616

အပိုင်း ၆၁၃-၆၁၆

Vol. 31 Ch. 613-616

အပိုင်း ( ၆၁၃ )

ငါ့ကို ဘယ်လိုလူထင်နေလဲ

" ငါ နားကြားမှာတာလား။ ဝေ့လူကြီးမင်းက သူ့မိန်းမကို ယဲ့ဖန်ဆီကိုလေ ..... ဒါက .... "

" ယုံကို မယုံနိုင်ဘူး။ ဒီလိုစကားတွေကို ကြီးကျယ်လှတဲ့ ဝေ့လူကြီးမင်းပါးစပ်က ထွက်လာတာတဲ့လား။ သူက တိရစ္ဆာန်အဆင့်ပဲ "

" ဒီ ယဲ့ဖန်က အဲ့လောက်တောင် ကြောက်စရာကောင်းတာလား။ သူ စိတ်ကျေနပ်ဖို့အတွက်နဲ့ မယားကိုတောင် ဒီလိုလုပ်ခိုင်းရတဲ့အထိလေ "

" ဒါပေမယ့် ပြောရရင် ဝေ့ချန်းဖန်းရဲ့ မိန်းမက တကယ်ကို ဆွဲဆောင်မှုရှိတယ်။ ငါသာ ယဲ့ဖန်ဆိုရင် သဘောတူလိုက်မယ် ဟီးဟီး ...... "

" အရှက်မရှိနဲ့။ ဒီလောက် ရွံစရာကောင်းတဲ့ စကားကို ဘယ်လိုလုပ် ပြောနိုင်တာလဲ "

" ဟန်ဆောင်မနေနဲ့။ ဝေ့ချန်းဖန်းက မင်းကို သူ့မိန်းမ ပေးရင် မင်း လိုချင်နေတာမလား "

" ဟုတ်တယ် "

" ............ "

အသက်ငင်မတတ်ဖြစ်နေပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေရသည့် ကျိုးကျောင်ပင်းသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူသည် ယဲ့ဖန်၏ ချစ်သူကို ဝေ့လူကြီးမင်းဆီ ပို့ဖို့လုပ်ခဲ့ပေမဲ့ အခုအခါ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားမည်ဟု မမျှော်လင့်ထားပေ။

တကယ်ကြီး သူ့မိန်းမကို ယဲ့ဖန်အား လိုလိုလားလားပေးခဲ့သည့် ဝေ့လူကြီးမင်းဖြစ်လေသည်။

ဝေ့ချန်းဖန်းသည် လူအုပ်ကြီး၏ တီးတိုးပြောသံကို ကြားနေရသော်လည်း သူ့မျက်နှာတွင် ဘာအမူအရာမှမရှိပေ။

ခွင့်လွှတ်ခံရရန် ဒီနေ့ ဒီကို လာဖို့ ရွေးချယ်ခဲ့ကတည်းက ဂုဏ်သိက္ခာနှင့် အရှက်တရားအားလုံးကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။

ယဲ့ဖန်၏ ခွင့်လွှတ်မှုရတာနဲ့ သူ လျှို့ဝှက်စွာ စောင့်ပြီး ပြန်လက်တုန့်ပြန်နိင်မည့် အခွင့်အလမ်းရှိနိုင်သေးသည်။

သူတစ်ကျော့ပြန် ခေါင်းမော့လာနိုင်တဲ့အခါ ဒီနေ့ အရှက်ကွဲတာကို ဘယ်သူက မှတ်မိရဲမှာလဲ။

အမှန်တိုင်းပြောရလျှင် ယဲ့ဖန်သည် ခဏတာ သွေးဆောင်ခံလိုက်ရသည်။

လဲ့ချူးဖေးသည် အမှန်တကယ်ပင် အလွန်ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် သူမ၏ ကိုယ်ပေါ်ရှိ မိန်းမသားဆန်သော ဆွဲဆောင်မှုက လူတိုင်းကို ရင်သပ်ရှုမောစေသည်။

သူ့လို သွေးပူတတ်တဲ့ လူငယ်တစ်ယောက်အတွက် ဒါဟာ ဆွဲဆောင်မှုတစ်ခုဖြစ်လေသည်။

ထိုအချိန်တွင် ချန်းရွှမ်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာသည် အေးစက်နေပြီး သူမမျက်လုံးတွေမှာ လူသတ်ချင်စိတ်တွေ ပြည့်နေတာကို တွေ့လိုက်ရသည်။

ယဲ့ဖန် ချက်ချင်း အသိစိတ်ကပ်လာသည်။

ဝေ့ချန်းဖန်း၏ မာနအရ သူသည် လူရှေ့တွင် ခွင့်လွှတ်ခံရဖို့ နှိမ့်ချတောင်းပန်ပြီး သူ့မိန်းမကိုပင် ကမ်းလှမ်းခဲ့မည်ဆိုရင်ပင် သူ့စိတ်ထဲမှ နာကြည်းမှုတွေ ဖယ်နိုင်မည် မဟုတ်ကြောင်း ယဲ့ဖန်သိသည်။

ထို့နောက် အနာဂတ်တွင် အခွင့်အရေးရသည်နှင့် သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်မည်မှာ သေချာလေသည်။

ထိုအကြောင်းကို တွေးပြီးသည့်အခါ ယဲ့ဖန်က ဝေ့ချန်းဖန်းကို ထပ်ပြီး လှောင်ပြောင်လိုက်သည်။

" ဝေ့ချန်းဖန်း၊ ခင်ဗျား ငါ့ကိုဘယ်သူလို့ထင်နေတာလဲ။ ပျားရည်ထောင်ချောက်ထဲကို ကျပြီး လွှတ်ပေးမယ်လို့ ထင်နေတာလား။ မင်းက ယဲ့ဖန်ဆိုတဲ့ ငါ့ကို လျှော့တွက်နေတာပဲ မဟုတ်ဘူးလား "

ဝေ့ချန်းဖန်းသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားသည်။

" ယဲ့လူကြီးမင်း ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး ... "

ယဲ့ဖန်က သူ့ကို မညှာမတာ ဖြတ်ပြောသည်။

" ဒါဆို ဘာကိုဆိုလိုတာလဲ။ အဲ့လို အတွေးတွေကို ဖယ်ထားဖို့ အကြံပေးချင်တယ်။ အဲ့လိုထောင်ချောက်တွေထဲ ကျမှာမဟုတ်ဘူး "

ထိုသို့ပြောပြီးနောက်တွင် ယဲ့ဖန်သည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်သည်။

အမှန်တကယ်တွင် သူ ဒီလှည့်ကွက်ထဲသို့ ကျလုမတတ်ဖြစ်ခဲ့လေသည်။

လူတိုင်းသည် သူ့တုံ့ပြန်မှုကို ကြားလိုက်သောအခါ ယဲ့ဖန်ကို မချီးကျူးဘဲ မနေနိုင်ပေ။

ငယ်ငယ်ရွယ်ရွယ်နှင့် ဤကဲ့သို့ စိတ်ဓာတ်ရှိခြင်းသည် အမှန်တကယ်ပင် ရှားပါးလေသည်။

ဒီလောက်လှသည့် အမျိုးသမီးကို ငြင်းရန်သည် အတော်ခက်ခဲလေသည်။

ထို့ကြောင့် ဤလူငယ်လေးသည် အခြားသူများ မစွမ်းဆောင်နိုင်သည့် ကြီးကျယ်ခမ်းနားသော အရာများကို ရရှိနိုင်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ဟူး၊ ဒါက ကွာခြားချက်ပဲ။

သို့သော် ဝေ့ချန်းဖန်းသည် ယဲ့ဖန် ဆိုလိုသည်ကို နားလည်လေသည်။

ယဲ့ဖန်သည် ဤကဲ့သို့ လှည့်ကွက်မျိုးတွင် ကျလိမ့်မည်မဟုတ်ဘူးဟု ဆိုခဲ့သော်လည်း မကျခဲ့ဘူးဟု ယတိပြတ် မပြောခဲ့ချေ။ ဒီလိုအခြေအနေမျိုးဖြစ်၍ လှည့်ကွက်ကို လက်မခံဘူးဟု ဆိုလိုနေတာဖြစ်သည်။

သူ ငွေအများအပြားမသုံးလျှင် တစ်ဖက်က စိတ်လှုပ်ရှားမည် မဟုတ်ချေ။

ဝေ့ချန်းဖန်းသည် အံကြိတ်ကာ ခေါင်းကို မော့လျက် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ကျွန်တော့်လက်ထဲမှာ မြေကွက်တစ်ကွက်ရှိပါတယ်။ ယန်းချန်မြို့ မြို့ရဲ့ အလယ်ခေါင်က ရွှေလိုအဖိုးတန်တဲ့မြေပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၂ ဘီလီယံကျော် သုံးပြီး ဝယ်ခဲ့ပါတယ် "

" ယဲ့လူကြီးမင်း စိတ်ဝင်စားရင် မူရင်းဈေးနဲ့ လွှဲပေးလို့ရပါတယ် "

ထိုစကားကို ပြောနေရင်းဖြင့် သူ့နှလုံးသားထဲမှ သွေးတွေ စီးကျလာသည်ဟုပင် ခံစားလိုက်ရသည်။

ထိုမြေကွက်သည် ယွမ် ၂ ဘီလီယံကျသင့်ရုံလောက်ထိ မရိုးရှင်းပေ။

ထိုအချိန်တုန်းက သူသည် အသိမိတ်ဆွေများစွာမှတစ်ဆင့် ငွေအမြောက်အမြား သုံးစွဲခဲ့ရပြီး မရေမတွက်နိုင်သော ကျေးဇူးများကိုလည်း အကြွေးတင်ခဲ့သည်။

ယခုလက်ရှိတွင် ထိုမြေကွက်သည် တစ်လက်မတိုင်းပင်လျှင် ရွှေလောက် အဖိုးတန်နေပြီဖြစ်ပြီး မြေဈေးတက်ရန် အခြေအနေတွေ ရှိနေသေးသည်။

အနီးနားရှိ ကျောင်းများ၊ မြေအောက်ရထားများ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများနှင့် အခြားအဆောက်အဦများ ပြီးစီးသောအခါ ထိုမြေကွက်၏တန်ဖိုးသည် နှစ်ဆတိုးလာနိုင်ဖွယ်ရှိသည်။

ထိုအခါ ယွမ် ၁၀ ဘီလီယံနီးပါး သို့မဟုတ် ထိုပမာဏထက်ပင် ပို၍များလာနိုင်သည်။

ဤမြေကွက်ကို ကမ်းလှမ်းလိုက်ခြင်းသည် သူ့အတွက် နှလုံးသားကို ဓားနဲ့လှီးဖြတ်ခြင်းလိုဖြစ်လေသည်။

သို့သော် ယခုအချိန်တွင် သူ့မှာ အခြားရွေးချယ်စရာမရှိပေ။

တစ်ဖက်သူကို ဆွဲဆောင်ရန် လုံလောက်သော ပမာဏကို မကမ်းလှမ်းနိုင်ပါက အချိန်ကျလာလျှင် ပို၍ပင် ကြီးမားသောစျေးနှုန်းကို ပေးဆောင်ရပေလိမ့်မည်။

ယဲ့ဖန်သည် အိမ်ခြံမြေအကြောင်း သိပ်မသိချေ။

ချန်းရွှမ်၏ ထင်မြင်ချက်ကို တောင်းရန် ချက်ချင်း လှည့်ကြည့်လိုက်သည်။

ချန်းရွှမ်သည် သူမ၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုနှင့်အတူ နားထဲသို့ တိုးတိုးလေးပြောသည်။

" အဲ့ဒီမြေကွက်က တကယ့်ကို အခြေအနေမြင့်တဲ့ နေရာတစ်ခုပဲ။ အိမ်ခြံမြေကုမ္ပဏီတွေ ဘယ်လောက်တောင် မျက်စိကျနေမလဲလို့တောင် တွေးမိတယ် "

" ငါတို့ လင်းယွမ်အိမ်ခြံမြေရဲ့ အနေအထားနဲ့ အဲ့မြေကွက်ကို လေလံတင်တုန်းက အရည်အချင်းမပြည့်မီတာကြောင့် ပွဲမှာ မပါနိုင်ခဲ့ဘူး။ အခုသာ ၂ဘီလီယံ ဗိုက်နာဈေးနဲ့ ဝယ်နိုင်ရင် နောက်ဆို ဒီထက်အများပြီးမက အမြတ်ရနိုင်တယ် ........ "

ယဲ့ဖန်သည် သူမ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ချက်ချင်း သဘောပေါက်သွားပြီး ဝေ့ချန်းဖန်းကို ပြန်ကြည့်လိုက်သည်။

" ဒီလောက် ချိုသာတဲ့ဈေးနဲ့ ပေးတဲ့ မြေကွက်ကောင်းကို လက်ခံရမှာ ရှက်မိပါတယ် "

ဝေ့ချန်းဖန်းသည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" အတိအကျပြောရရင် ဒီမြေကွက်က အရည်အသွေးမြင့်ပေမဲ့ ကျွန်တော့်လိုလူက ကောင်းကောင်းအသုံးမချနိုင်ပါဘူး။ ဒါ့ကြောင့်မလို့ ယဲ့လူကြီးမင်းက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ် "

" လူကြီးမင်းလက်ထဲမှာ ဒီမြေရဲ့တန်ဖိုးကနေ အကြီးမားဆုံးအရာတွေကို ပြသနိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ် ..... "

သူ၏ မြှောက်ပင့်ခြင်းသည် လွန်ကဲသည်ဟု ဆိုနိုင်သည်။

သူပြောနေပုံအရ ယဲ့ဖန်သည်သာ ဤမြေကွက်ကို လက်မခံလျှင် တိုင်းပြည်နှင့် ပြည်သူများအတွက် အများကြီးနစ်နာလိမ့်မည်ဟု ဆိုလိုနေသည်။

ယဲ့ဖန်သည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ရုံမှတပါး ရွေးချယ်စရာမရှိပေ။

" အဲ့လိုဆိုလည်း ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါမယ်။ ကျွန်တော်ကတော့ ဝေ့လူကြီးမင်းကို စိတ်မပျက်စေရပါဘူး။ ဒီမြေရဲ့ အကြီးမားဆုံးတန်ဖိုးကို ပြသပေးပါမယ် "

ဝေ့ချန်းဖန်း ချက်ချင်း သက်ပြင်းချလိုက်သည်။

အနည်းငယ် စိတ်ပျက်နေသော်လည်း အနည်းဆုံးအနေဖြင့် သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။

သူ့အနေနှင့် အနာဂတ်တွင် ပြန်ထလာနိုင်ဖို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။

ဒီနေ့ ဖြစ်ခဲ့သည့် အရှက်ကွဲမှုများကို နောင်တွင် အဆတစ်ရာ ပေးဆပ်ရပေလိမ့်မည်။

ယဲ့ဖန်အား သူ့စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။

" ကျွန်တော့်လုပ်ငန်းတွေက မကြာခင် ယန်းချန်ထဲကို ဝင်လာတော့မှာပါ။ အဲ့ဒီအချိန်ကျရင် ဝေ့လူကြီးမင်းက နေရာဖယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

" ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ဘယ်လုပ်ငန်းမျိုးမဆို လုံးဝ ပတ်သက်မှု မရှိပါစေနဲ့။ ထွက်လို့ရရင် ထွက်လိုက်ပါ "

ဝေ့ချန်းဖန်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

အပိုင်း ( ၆၁၄ )

ခေတ်တစ်ခု၏ အဆုံးသတ်

ဝေ့ချန်းဖန်း၏ သိထားချက်အရ ယဲ့ဖန်၏ လက်ရှိလုပ်ငန်းများသည် အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ စျေးဝယ်ရှောပင်းမောများ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကြော်ငြာဒီဇိုင်း၊ အွန်လိုင်းဈေးရောင်း .............

ထိုစက်မှုလုပ်ငန်းများ အများစုမှာ အမြတ်ရသော လုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းရှင်များ တိုက်ပွဲဝင်နေသည့်နေရာများဟု ဆိုနိုင်သည်။

ယဲ့ဖန်၏ လုပ်ငန်းတော်တော်များများသည် သူ၏ လုပ်ငန်းများနှင့် ထပ်နေသည်။

သို့သော် ယဲ့ဖန်မှ သူ့ကို ဒီစက်မှုလုပ်ငန်းများမှ နှုတ်ထွက်စေပြီး လုပ်ငန်းပိုင်းဆိုင်ရာ လမ်းဖွင့်ပေးဖို့ ရုတ်တရက် တောင်းဆိုလာသည်။

ဤတောင်းဆိုချက်သည် သံသယရှိစရာမလိုပင် သူ့အသက်ကို ပေးလိုက်ပါဟု တောင်းဆိုနေခြင်းဖြစ်လေသည်။

" လူကြီးမင်း ...... ယဲ့လူကြီးမင်း .... "

ဝေ့ချန်းဖန်း ခေါင်းကိုမော့ပြီး ယဲ့ဖန်ကိုကြည့်လျက် သူ့အသံက တုန်ယင်နေသည်။

" ဘာလို့လဲ။ သဘောမတူဘူးလား "

ယဲ့ဖန်၏ အကြည့်သည် စူးရှလာပြန်သည်။

" သဘောမတူရင်လည်း ရပါတယ်။ ခင်ဗျားရဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်မလားဆိုတာ သိရဖို့ ကိုယ်ပိုင်အစွမ်းအစတွေကို ထုတ်သုံးကြည့်တာပေါ့ "

ယဲ့ဖန်၏ စကားများသည် ဝေ့ချန်းဖန်းမှ သူ့ကို တိုက်ခိုက်လာရန် အချက်ပြနေမည်မှာ သေချာသည်။

ဝေ့ချန်းဖန်းသည် ဆက်မထိန်းနိုင်တော့ဘဲ အပေးအယူလုပ်ရတော့သည်။

" ကျွန်တော် ..... ယဲ့လူကြီးမင်းရဲ့ အဆိုပြုချက်ကို သဘောတူပါတယ်။ လူကြီးမင်းရဲ့ လုပ်ငန်းတွေ ယန်းချန်မြို့ကို ဝင်လာတာနဲ့ ကျွန်တော် ..... တူနေတဲ့ လုပ်ငန်းတိုင်းကနေ ဖြည်းဖြည်းချင်း နုတ်ထွက်ပါ့မယ် "

ဒီစကားတွေကို ပြောပြီးသည့်အခါ သူ့ဝိညာဉ်တစ်ဝက်လောက်ကို စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး ရုတ်တရက် သေတော့မလို ရင်ဘတ်ထဲတွင် တင်းကြပ်လာသည်။

ဒီလို အရှက်ရစေမည့် ပြင်းထန်သော သဘောတူညီချက်မျိုးကို မန်ချူးမင်းဆက်က သဘောတူခဲ့တာ နောက်ဆုံးဖြစ်နိုင်သည် မဟုတ်လား။

ဤကဲ့သို့ လုပ်ငန်းများကို လက်လွှတ်လိုက်ရခြင်းသည် သူ့အတွက် အနာဂတ်မှာ ယဲ့ဖန်အား အခွင့်အရေးရလျှင် ပြန်တိုက်နိုင်မည့် အခွင့်အရေးအား ထာဝရ ဆုံးရှုံးသွားရသလို ဖြစ်စေခဲ့သည်။

သို့သော် သူ၏ လက်ရှိအခြေအနေသည် ကျဉ်းတည်းကြပ်ထဲတွင် ရှိနေသောကြောင့် ရွေးချယ်စရာ ဘာတစ်ခုမျှ မရှိပေ။

အခုအခါ ယဲ့ဖန်သည် သူ့၏ ခြေလက်များဖြစ်သော လုပ်ငန်းများကို တဂျွတ်ဂျွတ် ချိုးနေသည်။ ထို့ကြောင့် သေတော့မည့်သူ တစ်ဦးကဲ့သို့ သေမင်း၏တံခါးဝတွင်သာ ရပ်နေရတော့မည်ဖြစ်သည်။

ခေါင်းမာမာနှင့် ခုခံလျှင် ဘာအရိုးမျှ ကျန်မည် မဟုတ်ပေ။

သူ့ခေတ်က ကုန်ဆုံးသွားပြီဆိုတာကို သူသိလိုက်သည်။

ထို့အပြင် ဤမျှ ကြေကွဲဖွယ်ကောင်းသော ပုံစံဖြင့် အဆုံးသတ်ခဲ့ရသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ခေတ်တစ်ခု၏ အဆုံးသတ်ကို မျက်မြင်တွေ့ခဲ့ရကြောင်း သူတို့သိလိုက်သည်။

သို့သော် တစ်ဖက်တွင် ခေတ်သစ်တစ်ခု အစပျိုးလာပြီဖြစ်သည်။

" ဝေ့ချန်းဖန်းက တော်တော်သနားစရာကောင်းတာပဲ။ ဒီအတိုင်းအတာအထိ ဦးညွှတ်ပြီးတာတောင် ဒီအတိုင်းပဲ အဆုံးသတ်သွားရတယ် "

" ဘာတွေ သနားစရာရှိလို့လဲ။ ယဲ့လူကြီးမင်းသာ ရှုံးရင် ဝေ့ချန်းဖန်းက ဒီထက် ပိုဆိုးအောင် လုပ်မယ်ဆိုတာ ငါထင်တယ် "

" ဒီယဲ့လူကြီးမင်းက ရက်စက်လွန်းတယ်။ သူက အရမ်းငယ်သေးပေမယ့် တကယ်ကို ရက်စက်လွန်းတယ် "

" စီးပွားရေးလောကက စစ်မြေပြင်လိုပဲ။ ရန်သူအပေါ် စေတနာထားထားက ကိုယ့်ကိုယ်ကိုယ် သတ်သလိုပဲ။ ဒီလိုလူကသာ အထွတ်အထိပ်မှာ အမှန်တကယ် ရပ်တည်နိုင်မှာ "

" ဝေ့ချန်းဖန်းကတော့ ပြီးသွားပြီ။ ဒီဖြစ်ရပ်ပြီးရင် သူ့ရဲ့ စီးပွားရေးတွေက သိသိသာသာ ပျက်စီးသွားမှာ။ ပြီးတော့ သူတစ်ခုခုကို လှည့်စားဖို့ ဘယ်တော့မှ အခွင့်အရေး ရလာမှာ မဟုတ်ဘူး "

" အဲ့လိုဆိုရင်တောင် ငါတို့နဲ့ နှိုင်းယှဉ်ပြီး ပြောလို့ မရသေးဘူး။ နောက်ဆို ယဲ့လူကြီးမင်း အရှေ့မှာ ခေါင်းမထောင်နိုင်တော့ဘူးလို့ ပြောရမှာ "

တစ်ဖက်တွင် ချန်းရွှမ်သည် သူမ၏ ချစ်သူအား စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် မျက်တောင်မခတ်လိုက်ရဘဲ ဝေ့ချန်းဖန်းအဖြစ်သည် လုံးဝ 'ပျက်စီးသွားကာ' လက်တုန့်ပြန်ရန် အခွင့်အရေးလည်း မရှိပေ။

ယောက်ျားဘယ်နှစ်ယောက်မှာ ဒီလိုပုံစံ ရှိနိုင်မှာလဲ။

သူမ၏ နှလုံးသားသည် ဂုဏ်ယူမှုနှင့် ပြည့်နေသည်။

သူမသည် ယဲ့ဖန်မှာ သူမ၏ယောက်ျားဖြစ်ကြောင်းကို တစ်ကမ္ဘာလုံးအား ပြောပြချင်မိသည်။

ယဲ့ဖန်ကတော့ သိပ်ပြီး ထွေထွေထူးထူး မခံစားခဲ့ရချေ။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ခင်ဗျား အခုထွက်သွားလို့ရပြီ "

ဝေ့ချန်းဖန်းသည် သူ့ဇနီးနှင့်အတူ မသွားခင် သူ့ကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။

ဝေ့ချန်းဖန်း၏ နောက်ကျောကို ကြည့်လိုက်သည့်အခါ သူတို့နှစ်ယောက် ပထမဆုံးတွေ့ဖူးသည့်အချိန်နှင့် သိသိသာသာ ကွာခြားနေသည်ကို သတိထားမိလိုက်သည်။

သို့သော် ယဲ့ဖန်သည် စာနာစိတ်များစွာမရှိခဲ့ပေ။

စီးပွားရေးလောကသည် စစ်မြေပြင်ကဲ့သို့ ဖြစ်ပေသည်။

သူသည် ကစားပွဲထဲသို့ ဝင်ရန် ရွေးချယ်ခဲ့ခြင်းကြောင့် အချိန်မရွေး ထွက်ခွာနိုင်ရန်လည်း ပြင်ဆင်နေရမည်ဖြစ်သည်။

ဒီစစ်မြေပြင်ထဲသို့ လှမ်းဝင်ရင်း ရှေ့ကို အဆက်မပြတ် ချီတက်နေရသည်။

တစ်ခုခု နောက်ကောက်ကျလျှင် အခြားသူများက သတ်သွားကြလိမ့်မည်ဖြစ်သည်။

အကယ်၍ သူသည် ယနေ့တွင် ရှုံးနိမ့်ခဲ့သူဖြစ်လျှင် ဝေ့ချန်းဖန်း သည် သူ့ထက်ပင် ရက်စက်ကြမ်းကြုတ်သူဖြစ်မည်ဆိုတာကို သူ ယုံကြည်လေသည်။

စားသောက်ဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

စကားပြောရင်း ရယ်မောဖြင့် 'လူစစ်စစ်ကို ပြာအဖြစ်ပြောင်းလိုက်နိုင်သည့်' ကောင်လေးကို လူတိုင်းက စိုက်ကြည့်နေကြသည်။

အသက်ပင် ကျယ်ကျယ်မရှူရဲကြပေ။

ယဲ့ဖန်သည် ရေတစ်လုတ်သောက်ပြီးနောက် အရိုက်ခံထားရသော ကျိုးကျောင်ပင်းကို လှည့်ကြည့်လိုက်သည်။

ကျိုးကျောင်ပင်းသည် သူ့အကြည့်ကို မြင်လိုက်ပြီး ကျောရိုးတစ်လျှောက်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

" လူကြီးမင်း ...... လူကြီးမင်း ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ ..... "

သူအားကိုးမည့် ဝေ့ချန်းဖန်းပင်လျှင် တစ်ဖက်လူ၏ စကားလုံးအနည်းငယ်ဖြင့် အစိတ်စိတ်ကြေမွသွားခဲ့ရသည်။

သူသည် ရုပ်ရှင်ကုမ္ပဏီလေးတစ်ခု၏ သူဌေးငယ်တစ်ဦးမျှသာ ဖြစ်သည်။

ဤကဲ့သို့သူတွေ၏ အမြင်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်မျှပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူ့ကို တစ်ခုတည်းသော စီရင်ချက်ဖြင့် အဆုံးသတ်သွားစေနိုင်သည်။

ယဲ့ဖန် စကားမပြောခင်တွင် ချန်းရွှမ်က သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" ရှောင်ဖန် ထားလိုက်ပါတော့ "

ယဲ့ဖန် ဒီနေ့ကြုံတွေ့ခဲ့သည့်ကိစ္စတွေဟာ အလွန်များလေသည်။

ပထမဦးစွာ ရီချန်းကျယ်ကို ထောင်သို့ ပို့ခဲ့ရပြီး ဝေ့ချန်းဖန်းကိုလည်း အပြစ်ပေးခဲ့သည်။

အယူသီးသောနည်းဖြင့် ပြောရလျှင် ယနေ့တွင် ယဲ့ဖန်၏ 'ဝဋ်ဆပ်စေခြင်း'ကိစ္စသည် အတော်လေး ပြင်းထန်ခဲ့လေသည်။

ထို့ကြောင့် စိတ်လျှော့လိုက်ဖို့သာ ရှိတော့သည်။

ယဲ့ဖန်သည် သူမ၏ဒေါသကို ဖြေဖျောက်ဖို့ ကူညီပေးရန် စီစဉ်နေသော်လည်း သူမက တားလိုက်သဖြင့် ကျိုးကျောင်ပင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

" ငါ မင်းကို နည်းနည်းလောက် ပညာပေးချင်ပေမယ့် ငါ့ကောင်မလေးက တားနေလို့ ဒီနေ့ မင်းကို လွှတ်လိုက်မယ်။ မျက်စိရှင်ရှင်ထား ငါ့ကို လာမထိမိစေနဲ့ "

ကျိုးကျောင်ပင်း ကပျာကယာ ထရပ်ပြီး သူ့ကို ကျေးဇူးတင်လိုက်သည်။

" ကျေးဇူးတင်ပါတယ် ယဲ့လူကြီးမင်း။ ကျေးဇူးတင်ပါတယ် မိန်းကလေးချန်း။ ကျေးဇူးတင်ပါတယ် ...... "

ထိုစကားကို ပြောပြီးသည်နှင့် အလူးအလဲ ထပြေးသွားသည်။

ထိုအချိန်မှ ရှစ်မားစားသောက်ဆိုင်ပိုင်ရှင်က အမြန်ပြေးလာသည်။

" မင်္ဂလာပါ ယဲ့လူကြီးမင်း။ ကျွန်တော်က ဒီစားသောက်ဆိုင်ပိုင်ရှင် ဝူမောင်းပါ။ သိကျွမ်းခွင့်ရဖို့ မျှော်လင့်ပါတယ် "

ထိုသို့ပြောပြီး သူ့လိပ်စာကတ်ကို ပေးလိုက်သည်။

ယဲ့ဖန်သည် နာမည်ကတ်ကို ယူလိုက်သော်လည်း ကြည့်တောင်မကြည့်ဘဲ သူ့ဘေးနားမှ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။

" အခက်အခဲ ကြုံနေတုန်းကတော့ သူရဲဘောကြောင်ပြီး အခု ကိစ္စတွေ ပြေလည်သွားမှ စေတနာပြဖို့ ထွက်လာတာလား။ အဲ့တာ ဘာသဘောလဲ "

ထိုစကားကိုပြောပြီးနောက် ချန်းရွှမ်ကို ချက်ချင်း ဆွဲကာ ထွက်သွားခဲ့သည်။

သူဌေးဝူသည် သူ့ကိုယ်သူ ပြန်ရိုက်လိုက်ချင်မိသည်။

အကယ်၍ ဤလူငယ်လေးသည် ဤမျှသော ခိုင်မာတောင့်တင်းသောနောက်ခံနှင့် ခွန်အားရှိကြောင်း သူသိပါက ချက်ချင်း မျက်နှာသာလုပ်ဖို့ ထွက်လာခဲ့မည်ဖြစ်သည်။

ဝေ့ချန်းဖန်းကပင် ဒူးထောက်ပြီး အသနားခံရသည့်လူငယ်လေးသည် သေချာပေါက် အကောင်ကြီးထဲကဖြစ်ပေမည်။

သို့သော် ကံမကောင်း အကြောင်းမလှစွာဖြင့် သူ့၏ တစ်သက်မှာ တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေးကို လွတ်သွားခဲ့သည်။

စားသောက်ဆိုင်ထဲရှိ စားနေသည့်သူတွေမှာလည်း ဆက်မစားနိုင် ဖြစ်သွားကြသည်။

သူတို့သည်လည်း ဝေ့ချန်းဖန်းပင် ဒူးထောက်ရသော လူငယ်အား အနီးစပ်ဆုံးကြုံခဲ့ရသော်လည်း အခွင့်အရေးကို မယူနိုင်ခဲ့ကြပေ။

သူတို့၏ ကံကြမ္မာအား ပြောင်းလဲနိုင်မည့် အကြီးမားဆုံးသော အခွင့်အရေးကြီးကို လက်လွှတ်ဆုံးရှုံးခဲ့မိကြသည်။

ထိုလူငယ်လေး၏ ခွန်အားဖြင့် စကားတစ်ခွန်းပြောလိုက်သည်နှင့် သူတို့၏ ဘဝသည် ထိပ်ဆုံးသို့ ရရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်း အခွင့်အရေး ရခဲ့သော်လည်း ဆုပ်ကိုင်မထားနိုင်ခဲ့ကြပေ။

ဒါက ကံကြမ္မာရဲ့ စီစဉ်ထားမှုကြောင့် မရခဲ့တာလား။

အပိုင်း ( ၆၁၅ )

ဒီလူက ကြောက်စရာကောင်းလွန်းတယ်။

ဝေ့ချန်းဖန်းသည် ယဲ့ဖန်ဆီမှ ခွင့်လွှတ်မှုရရှိရန် တောင်းပန်ရာ၌ သူ့ဇနီးကိုပင် ပေးခဲ့ပြီး နောက်ဆုံးတွင် အကန့်အသတ်မရှိ အလားအလာရှိသော ရွှေတမျှတန်ဖိုးရှိသည့် မြေကွက်အား စျေးသက်သက်သာသာနှင့် ရောင်းခဲ့လေသည်။

ထို့အပြင် ယဲ့ဖန်ပါ၀င်သည့် လုပ်ငန်းအားလုံးမှ နှုတ်ထွက်မည်ဟုပင် ကတိပြုခဲ့သည်။

ဤသတင်းထူးကြီးသည် အတောင်ပံပါသကဲ့သို့ ယန်းချန်မြို့၏ စီးပွားရေးလောကတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ထိုသတင်းကို ကြားလိုက်ရသူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။

အစပိုင်းတွင် လူတော်တော်များများသည် ကောလဟာလဟုပင် ထင်နေခဲ့ကြသည်။

သို့သော် မေးမြန်းကြပြီးနောက် ဤအရာအားလုံးသည် မှန်နေကြောင်း သိလိုက်ရသည်။

..............................

ထိုသတင်းကို ကြားသောအခါ 'သူငယ်ချင်းဆိုး'အုပ်စုနှင့် အရက်သောက်နေသော ကျောင်းဖုလင်သည် စားပွဲကို ဝမ်းသာအားရ ရိုက်ထည့်လိုက်တော့သည်။

" ငါ့ညီကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါ့ဒေါသကို ပြေပျောက်အောင် တကယ် ကူညီပေးခဲ့တယ် "

" အရင်က ဝေ့ချန်းဖန်းက ရီမိသားစုရဲ့ ပံ့ပိုးမှုကို အားကိုးပြီး ငါ့ကို စိုက်ကြည့်ခဲ့သေးတာ။ ဒီတစ်ခါတော့ နောက်ဆုံး ဒုက္ခရောက်သွားပြီ "

တခြားသူတွေကလည်း ဝိုင်းအားပေးကြသည်။

" ဟားဟား၊ အဲ့တာအမှန်ပဲ။ ဝေ့ချန်းဖန်းကို မကြိုက်တာကြာပြီ။ ညီလေးယဲ့က ဒီတစ်ခါ ငါတို့ ဒေါသတွေကို ဖြေဖျောက်ဖို့ ကူညီပေးလိုက်တာပဲ "

" ဒီ ဝေ့ချန်းဖန်းက တကယ် မကောင်းတဲ့လူဘဲ။ သူက ယဲ့ဖန်ကို တောင်းပန်ဖို့အတွက်နဲ့ သူ့မာနနဲ့ သူ့မိန်းမကိုတောင် စွန့်ပစ်ခဲ့တာ "

" တကယ်လည်း သူက မကောင်းတဲ့လူဘဲ။ ဘာပဲဖြစ်ဖြစ် ငါသာဆို ဒီလို မလုပ်နိုင်ဘူး။ ရက်စက်တဲ့ဝံပုလွေပဲ။ သူသာ ကစားပွဲကို ပြန်လှည့်နိုင်ရင် အရမ်းကြောက်စရာကောင်းလိမ့်မယ် "

" ယဲ့ညီလေးက အဲ့တာကို မျှော်လင့်ထားပြီးသားဆိုတော့ သူက ဝေ့ချန်းဖန်းရဲ့ အရင်းအမြတ်တွေကို တန်းဖြတ်ခိုင်းလိုက်တာ။ ယဲ့ညီလေးရဲ့ လုပ်ငန်းတွေနဲ့ ညှိနေတာရှိရင် သူ တန်းနှုတ်ထွက်ရမှာပဲလေ "

" ယဲ့ညီလေးမှာ မရှိဘူးဆိုတဲ့လုပ်ငန်း ဘာရှိလို့လဲ။ သူ့မှာ အခုမရှိရင်တောင် အနာဂတ်မှာ သေချာပေါက် ရှိလာမှာ။ အဲ့ဒီအခါကျ ဒီလူအိုကြီးတွေက ပိုပိုပြီး အသုံးမကျဖြစ်လာတော့မှာဘဲ "

" တကယ်ကို စိတ်ကျေနပ်စရာပဲ။ မိုက်တယ် ...... "

ကျောင်းဖုလင်သည် ယဲ့ဖန်အား ချီးကျူးနေကြသည့် စကားများကို နားထောင်ပြီး အလွန်ဂုဏ်ယူနေသည်။

သူ့အဖေသည် ယဲ့ဖန်အတွက် ချီးကျူးစကားများ ပြည့်နေသည်မှာ အံ့ဩစရာမရှိချေ။

ထိုအချိန်တွင် သူသည် အနည်းငယ် မနာလိုဖြစ်မိခဲ့သည်။

သို့သော်လည်း ယနေ့အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားပြီးနောက် သူ့အဖေအို၏ စကားများကို ပို၍ပင် သဘောတူလာခဲ့ရသည်။

ဒီကလေးကို ဝေလငါးနှစ်မှာ မွေးတာများလား။ ပင်လယ်ကို ပေးလိုက်တာနဲ့ လှိုင်းလုံးတွေကို ဖန်တီးနိုင်တာပဲ။

ဒီလို ညီလေးတစ်ယောက်ရှိသည့်အတွက် ဂုဏ်ယူတယ်လို့ပင် ခံစားရသည်။

ကျောင်းဖုလင်တစ်ယောက်တည်း မဟုတ်ချေ။

လော့ကျင်းယွမ်သည်လည်း ထိုသတင်းကိုကြားသောအခါ ကုလားထိုင်မှ ချက်ချင်း ထရပ်လိုက်သည်။

" ဒီယဲ့ညီလေးက တကယ်ကို ရပ်မသွားဘူးဘဲ "

" သူက ရီမိသားစုရဲ့ ရီချန်းကျယ်ကို ထောင်ထဲပို့ပြီးတာနဲ့ ဝေ့ချန်းဖန်းကိုပါ ချက်ချင်း ဒုက္ခပေးလိုက်နိုင်တယ် "

ကုတင်ပေါ်တွင် လဲလျောင်းရင်း ကလေးနှင့် ဆော့မြူကစားနေသော သူ့မိန်းမသည် မရယ်ဘဲ မနေနိုင်ပေ။

" သူ ဘာမှမလုပ်ရင် သူ့အသက် ၂၀ နှစ်နဲ့ ဘယ်လိုလုပ် ယွမ် ဘီလီယံဆယ်ချီပြီး ရှိနေနိုင်မှာလဲ "

ထိုစကားကိုကြားပြီး လော့ကျင်းယွမ် ချက်ချင်း ထိုင်ချလိုက်သည်။

" ဟူး၊ ငါ့ရဲ့ ဒီညီလေးက တကယ်ကို အရာရာသာနေတာပဲ။ သူ ဒီလိုသာ ဆက်ပြီး ထူးချွန်နေရင် ငါတို့ ဘယ်လို နေထိုင်ကြမလဲ "

ဖန်းချီ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ ဝေ့ချန်းဖန်းရဲ့ ခွန်အားက ရှင့်ထက်တောင် နည်းနည်း ပိုသာသေးတယ်။ သူကတောင် ခေါင်းငုံ့ပြီး ယဲ့ဖန်ကို တောင်းပန်ရလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး "

လော့ကျင်းယွမ် ခါးသက်သက် ပြုံးလိုက်သည်။

" သူက နည်းနည်းလေး ပိုသန်မာတာတောင် မဟုတ်ဘူး။ သူက ကိုယ့်ထက် အများကြီးပိုသန်မာတယ်။ ဒါပေမဲ့ ယဲ့ညီလေးရဲ့ရှေ့မှာ ချုံးပွဲချပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ရတာ "

သူ့ရန်သူဟောင်းကို အမှန်တကယ် စာနာမိနေသည်မှာ အလွန်ထူးဆန်းသည်။

ဖန်းချီသည် ခေါင်းငုံ့ကာ ကလေး၏နှာခေါင်းကို ထိကာ ရယ်လိုက်သည်။

" ကံကောင်းတာက ရှောင်ဖန်က ကျွန်မတို့ကလေးရဲ့ မွေးစားအဖေလေ။ ဒီလို အစွမ်းထက်တဲ့ မွေးစားအဖေတစ်ယောက် ရှိနေမှတော့ ကျွန်မတို့သားလေးက အနာဂတ်မှာ အနိုင်ကျင့်မခံရမှာ သေချာတယ် "

လော့ကျင်းယွမ်သည် အနည်းငယ် စိတ်မချမ်းသာပေ။

" သူ့အဖေအရင်းကလည်း အရမ်းအင်အားကြီးတယ် မဟုတ်ဘူးလား "

ဖန်းချီသည် သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

" ရှောင်ဖန်ကိုတော့ ရှင် ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "

လော့ကျင်းယွမ် ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။ သူ့မိန်းမက အမှန်အတိုင်း ပြောနေသည်ဆိုတာကိုတော့ ဝန်ခံရပေမည်။

ယဲ့ဖန်သည် ခြေလှမ်းတိုင်းကို ဂရုတစိုက် လျှောက်လှမ်းခဲ့ပြီး ရီချန်းကျယ်ကိုပင် ထောင်ထဲပို့လိုက်ပုံကို သူ့မျက်လုံးနှင့် မြင်ခဲ့သည်။

သူ့စိတ်ထဲတွင် ဤညီငယ်လေးယဲ့ဖန်ကို အလွန်ယုံကြည်နေခဲ့သည်။

ယဲ့ဖန်သည် နောက်ထပ် နှစ်အနည်းငယ်ရောက်လျှင် တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ခုလုံးပင် သူ့ထိန်းချုပ်မှုအောက် ရောက်သွားနိုင်သည်။

...................................

ယဲ့ဖန်၏အဖွဲ့သည် သူ့အတွက် ပျော်ရွှင်နေခဲ့သည်။

သို့သော် ဝေ့ချန်းဖန်းကဲ့သို့ ရီချန်းကျယ်၏ပွဲသို့ တက်ရောက်ခဲ့သူများမှာ မပျော်ရွှင်ကြပေ။

ကောင်းကင်ကြီး ပြိုကျလာလျှင် ထိန်းထားပေးမည့် လူတစ်ယောက် ရှိလိမ့်မည်ဟု သူတို့ မျှော်လင့်နေကြသည်။

သူတို့ ထိုကဲ့သို့ မျှော်လင့်ခဲ့သည့် 'လူကြီး'သည် ဒူးထောက်ခဲ့ရပြီဖြစ်သည်။

ထို့ကြောင့် သူတို့လိုလူများက လွတ်မြောက်နိုင်မည် မဟုတ်ပေ။

" ဝေ့ချန်းဖန်းက ယဲ့ဖန်ကို တောင်းပန်လိုက်ရပြီ။ ပြီးတော့ သူက အများကြီးပေးဆပ်လိုက်ရတာ။ ငါတို့ အခု ဘာလုပ်သင့်လဲ "

" ဟူး၊ အစတုန်းက ဝေ့ချန်းဖန်းက ရှေ့တန်းမှာ အရင်ထိန်းထားနိုင်မယ်လို့ ငါထင်ထားတာ။ အခု သူက လက်နက်ချလိုက်တော့ ငါတို့ ဘာလုပ်နိုင်တော့မှာလဲ "

" ဝေ့ချန်းဖန်းက အမြဲတမ်း အကြံအစည်ရှိတဲ့သူလေ။ ဒါပေမဲ့ သူက ယဲ့ဖန်ရဲ့ ခွန်အားအစစ်အမှန်ကို သိထားလို့ သူ့မျက်နှာကိုတောင် ဂရုမစိုက်ဘဲ ယဲ့ဖန်ကို မြှောက်ပင့်ဖို့ သွားခဲ့ရတာ ဟုတ်တယ်မလား "

" ငါတို့ကိုတောင်မပြောနဲ့ ဝေ့ချန်းဖန်းတောင် ဒါကို မခံနိုင်ဘူး။ ယဲ့ဖန်ကို တတ်နိုင်သမျှ အမြန်ဆုံး တောင်းပန်တာက ပိုကောင်းတယ်။ အဲ့တာဆို သူက ငါတို့ကို ပေါ့လျော့ပေးနိုင်သေးတယ် "

" ဒါပေမယ့် ငါ သိပ်မလိုလားဘူး။ ငါတိုအြကုန်လုံး အတူတူ ပူးပေါင်းလိုက်ရင် ယဲ့ဖန်ကို ကြောက်နေစရာ မလိုဘူး မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူက နယ်ခြားသားလေ။ သူ ငါတို့ကို တကယ် အနိုင်ယူနိုင်ပါ့မလား "

" ဟား၊ ရီချန်းကျယ်လည်း အဲ့လို တွေးထားပေမယ့် နောက်ဆုံးကျတော့ သူ့ကိုယ်သူ ဘယ်ကို အရောက်ပို့လိုက်လဲ မတွေ့ဘူးလား။ ယဲ့ဖန်၊ ဒီကောင်လေး ... ဒါက ထူးဆန်းလွန်းတယ် "

" ဟုတ်တယ်၊ အရင်ဆုံး နျုံစစ်သွမ်း၊ ပြီးတော့ ရီချန်းကျယ်။ သူ့ကို ရန်ရှာတဲ့သူတိုင်းက နောက်ဆုံး အဆုံးသတ်မကောင်းကြဘူး "

" ဟူး၊ ကြည့်ရတာ ငါတို့မှာ ခွင့်လွှတ်ခံ တောင်းပန်ဖို့က လွဲပြီး တခြားရွေးချယ်စရာ မရှိဘူးလို့ ထင်တယ် "

နောက်ဆုံးတွင် အားလုံးက သဘောတူလိုက်ကြသည်။

တစ်ချို့ကတော့ သဘောမတူချင်ကြသော်လည်း ရွေးချယ်စရာများစွာ မရှိသောကြောင့် လက်ခံလိုက်ကြရသည်။

သီးသန့်ခန်းထဲရှိ လေထုသည် အနည်းငယ် တင်းမာနေသည်။

ဘယ်သူက အရင်ကျိန်ဆဲလိုက်လဲ မသိသော်လည်း လူတိုင်းက လိုက်ပြီးတော့ ကျိန်ဆဲကြသည်။

" ရီချန်းကျယ်၊ ခွေးမသား။ အဲ့ဒီတုန်းက ငါတို့ တကယ် မျက်စိကန်းနေခဲ့တာ။ သူ့ကို ဒီလောက်ပျော့ညံ့တဲ့ကောင် ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး "

" ဟုတ်တယ်၊ လူတကာရှိရဲ့သားနဲ့ ဘာလို့ ယဲ့ဖန်ကိုမှ ပြဿနာရှာရတာလဲ။ ငါတို့ကိုပါ သူနဲ့အတူ ဒုက္ခရောက်အောင် လုပ်နေတယ် "

" ဒီကောင်က အရင်တုန်းက အစွမ်းထက်တယ် မဟုတ်ဘူးလား။ ယဲ့ဖန်နဲ့တွေ့ပြီးမှ ဘာလို့ အမှိုက်လို ဖြစ်နေရတာလဲ။ တစ်ချက်တည်းကိုတောင် ခံနိုင်ရည် မရှိဘူးလား "

" တကယ်တော့ သူ့ကိုလည်း အပြစ်မတင်နိုင်ပါဘူး။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အားကောင်းတဲ့ပြိုင်ဘက်က ကောက်ကျစ်လွန်းတာကို အပြစ်တင်ရမယ်။ ထောင်ချောက်ဆင်ထားမှတော့ ဟိုဘက်က သိသွားပြီပေါ့ "

" ယဲ့ဖန်၊ သူ ကြောက်ဖို့ကောင်းလွန်းတယ် ..... "

ဤညသည် ယန်းချန်မြို့ရှိ လူများစွာကို အိပ်မပျော်စေခဲ့သောည ဖြစ်ခဲ့သည်။

အပိုင်း ( ၆၁၆ )

ချစ်စရာကောင်းသောယောက်ျား

'ဟွမ်ထင်းဟိုတယ်'သည် ယန်းချန်မြို့၏ ဇိမ်ခံဟိုတယ်များထဲမှ တစ်ခုဖြစ်သည်။

ယဲ့ဖန် လက်ရှိတည်းခိုနေသည့် 'ကယ်ဆာဟိုတယ်'နှင့် ယှဉ်လျှင် အနည်းငယ် ညံ့နေသေးသည်။

သို့သော် လုရှောင်ရရှိရာကို ချန်းရွှမ်အား ပြန်ခေါ်သွားဖို့ အဆင်မပြေကြောင့် အနီးဆုံးနားခိုရန်နေရာ ရှာခဲ့ရသည်။

သူတို့နှစ်ယောက် ဧည့်ကြိုစားပွဲသို့ လျှောက်သွားသောအခါ ဧည့်ကြိုအမျိုးသမီးနှင့် အခန်းကို ကြိုတင်စာရင်းပေးနေသည့် စုံတွဲတစ်တွဲသည် သူတို့အား ပေါ်ပေါ်ထင်ထင် စိုက်ကြည့်နေသည်။

ယဲ့ဖန်နှင့် ချန်းရွှမ်တို့၏ ရုပ်ရည်သည် အလွန်တွဲဖက်ညီလိုက်ဖက်လှသည်။ အထူးသဖြင့် မိန်းကလေး၏ အလှသည် ပြစ်မျိုးမှဲ့မထင် တုနှိုင်းမဲ့အလှဟု ခေါ်ဆိုနိုင်သည်။

ထို့ကြောင့် သူတို့နှစ်ယောက် အခန်းငှားနေသည်က အာရုံမစိုက်ဖို့ပင် ခက်ခဲပေလိမ့်မည်။

ချန်းရွှမ်သည် သူမရည်းစားနှင့် ပထမအကြိမ် ဟိုတယ်အခန်းငှားဖူးခြင်း ဖြစ်သည်။

ယခုအခါ သူမကို အာရုံစိုက်အကြည့်ခံနေရ၍ သူမ၏ မျက်နှာလှလှလေးက ချက်ချင်း နီရဲလာသည်။ ပုန်းဖို့ပင် နေရာရှာချင်နေလေသည်။

ယဲ့ဖန်ကတော့ ဂရုမစိုက်ဘဲ လိုလိုလားလားဖြင့် အစစ်ဆေးခံရန် မှတ်ပုံတင်ကတ်ကို ဧည့်ကြိုအား ပေးလိုက်သည်။

ဧည့်ကြိုဝန်ထမ်းသည် တုံ့ပြန်မှုမရှိဘဲ ချန်းရွှမ်ကိုသာ စိုက်ကြည့်နေဆဲဖြစ်သည်။

ယဲ့ဖန် ထိုဝန်ထမ်းမျက်လုံးရှေ့ကို သူ့လက်ဖြင့် ဝှေ့ယမ်းပြလိုက်သည့်အခါမှ ထိုဧည့်ကြို ကောင်မလေးက အသိစိတ်ပြန်ကပ်လာသည်။

" ကျွန်မတို့မှာ အများသုံးအခန်း၊ လုပ်ငန်းသုံးခန်းနဲ့ ဇိမ်ခံအခန်းတွေ ရှိပါတယ်။ ဘယ်ဟာလိုချင်ပါသလဲ "

ယဲ့ဖန်သည် ချန်းရွှမ်၏ ပုခုံးပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

" ဒီလိုအခန်းမျိုးက ငါ့ရည်းစားနဲ့ လိုက်ဖက်လို့လား။ ကျေးဇူးပြုပြီး ထိပ်ဆုံးဥက္ကဌသုံး

အခန်းကို ပေးပါ "

အကယ်၍ သူတစ်ယောက်တည်းသာ ဖြစ်နေမယ်ဆိုလျှင် ဘယ်အခန်းမဆို နေနိုင်သည်။

သို့သော် ချန်းရွှမ်နှင့်အတူ လာရ၍ သူမကို အကောင်းမွန်ဆုံး အခန်းတွင်သာ နေစေချင်သည်။

ဧည့်ကြိုကောင်မလေးက စစ်ဆေးလိုက်သည်။

" ထိပ်ဆုံးဥက္ကဌသုံးအခန်းတစ်ခန်း ရှိပါသေးတယ်။ ဈေးနှုန်းကတော့ တစ်ညကို ယွမ် ၃၀၀၀၀ ပါ။ ဘွတ်ကင်လုပ်ဖို့ သေချာပါသလား ...... "

သူမ စကားမပြီးခင်တွင် ယဲ့ဖန်က ဘဏ်ကတ်ကို ကောင်တာပေါ်သို့ ဖြန်းခနဲတင်လိုက်သည်။

ဘယ်သူ့ကို လာအထင်သေးနေတာလဲ။ ချန်းရွှမ်သာ ဒေါသမဖြစ်ဘူးဆိုလျှင် " ငါဒီအခန်းကို တစ်နှစ်ခွဲလောက် ငှားနေမယ် " လို့ပင် ပြောလိုက်ချင်သည်။

တခြားအတွဲမှ ကောင်မလေးက သူ့ချစ်သူကို စိတ်မချမ်းသာစွာ စိုက်ကြည့်နေသည်။

ထိုအကြည့်က 'သူ့ကောင်မလေးကို ဘယ်လိုဆက်ဆံနေလဲ ကြည့်စမ်း။ နင့်ကိုယ်နင်ရော ပြန်ကြည့်ဦးမလား' ဟု ပြောနေပုံရသည်။

ကောင်လေးကလည်း ချက်ချင်း ပြန်ကြည့်လိုက်သည်။ သူ့အကြည့်တွေက 'သူ့ကောင်မလေးကို မင်းဘာလို့ မကြည့်တာလဲ'ဟု ပြန်ပြောနေသည်။

ထိုကောင်မလေးသည် ချန်းရွှမ်ကို မုန်းတီးစွာစိုက်ကြည့်ကာ လှည့်ကာ အပေါ်ထပ်သို့ တက်သွားသည်။

ကောင်လေးကလည်း ယဲ့ဖန်ကို စိုက်ကြည့်ပြီးနောက် သူမနောက်ကို အမြန်လိုက်သွားသည်။

နှစ်ယောက်သား ဘာမှမပြောကြသော်လည်း တစ်ယောက်ကို တစ်ယောက် ငေးကြည့်ပြီး အကြည့်ထဲမှ စကားတွေ ဖလှယ်နေကြသည်။

ယဲ့ဖန်နှင့် ချန်းရွှမ်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခါးခါးသီးသီး ပြုံးမိကြသည်။

အခြားသူများ၏ မာနကို မရည်ရွယ်ဘဲ ထိခိုက်စေမည်ဟု မမျှော်လင့်ထားပေ။

လူတစ်ယောက်သည် ထူးချွန်လွန်းလျှင် မတော်တဆ ထိခိုက်ဒဏ်ရာရဖို့ လွယ်ကူလေသည်။

ထိုအချိန်တွင် ချစ်စရာကောင်းသော အမျိုးသားတစ်ဦးသည် ရုတ်တရက် လမ်းလျှောက်လာကာ ဧည့်ကြိုမလေးအား နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။

"မိန်းကလေး၊ ထိပ်ဆုံးဥက္ကဌသုံးအခန်းကို ငါ့အတွက် ဘွတ်ကင်တင်ဖို့ ကူပေးပါဦး "

ထိုလူသည် သူ့မျက်နှာပေါ်တွင် မိတ်ကပ်ထူထူ တင်ထားသည်။

သူသည် ပန်းရောင်အင်္ကျီနှင့် အရောင်တူ ဘောင်းဘီတိုတစ်ထည်ကို ၀တ်ထားသည်။

သူ၏ ခြေထောက်ဖြူဖြူလေးများက တောက်ပနေသည်။

သူ၏ အပြောအဆိုနှင့် အပြုအမူများသည် မိန်းမသားဟန်ပန် အပြည့်ရှိနေသည်။

ချန်းရွှမ်သည် သူ့ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

ထိုလူကြီးသည် သူမထက်တောင် မိန်းမသားဆန်သေးသည်။

ယဲ့ဖန်သည် ဤပုံစံကို လက်မခံနိုင်သော်လည်း ခွဲခြားဆက်ဆံခြင်းတော့ မရှိပေ။ ဘယ်လိုပင်ဖြစ်စေကာမူ ဤအရာသည် သူ့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သည်။

ဧည့်ကြိုဝန်ထမ်းမလေးသည် ယဲ့ဖန်နှင့် သူ့ကောင်မလေးအတွက် စစ်ဆေးရန် အလုပ်များနေခဲ့သည်။

သူမသည် ခေါင်းထောင်မကြည့်လိုက်ဘဲ ရေမွှေးရနံ့နှင့် တစ်ဖက်လူ၏ အသံနေအသံထားကို နားထောင်ပြီး တစ်ဖက်လူကို မိန်းမတစ်ယောက်ဟု သူမ ထင်သွားခဲ့သည်။

" တောင်းပန်ပါတယ်၊ မိန်းကလေး။ ထိပ်ဆုံးဥက္ကဌသုံးအခန်း မရှိတော့ပါဘူး ........ "

သူမ စကားမဆုံးတွင် ထိုလူက ပေါက်ကွဲပြီး ကောင်တာကို ကျယ်လောင်စွာ ဆောင့်ကန်လိုက်သည်။

" ဘယ်သူ့ကို မိန်းကလေးလို့ ခေါ်နေတာလဲ။ နင့်ရဲ့ မိသားစုတစ်ခုလုံးက မိန်းကလေး။ နင်တို့ရဲ့ ခွေးမျက်လုံးတွေက ကန်းနေလား။ အရှက်မဲ့လိုက်တာ ....... "

အပြင်ပိုင်းတွင် ပျော့ညံ့နေသော်လည်း ရက်စက်ကြမ်းကြုတ်မှုတွေက ဆက်တိုက်ထွက်လာသည်။

ဧည့်ကြိုမလေးက မော့ကြည့်လိုက်ပြီး လူကြီးလူကောင်း အမျိုးသားတစ်ယောက်ဆိုသည်ကို သိလိုက်ရသည်။

သူမက အမြန် တောင်းပန်လိုက်သည်။

" တောင်းပန်ပါတယ် ....... ကျွန်မ အခု ဂရုမစိုက်မိဘူး ဖြစ်သွားပါတယ်။ တောင်းပန်ပါတယ် လူကြီးမင်း ...... "

ထိုလူက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့သို့ ယှက်လိုက်သည်။

" ငါက ယဉ်ကျေးတဲ့သူ တစ်ယောက်ပါ။ မင်းလို လူတစ်ယောက်နဲ့ ရိုင်းရိုင်းစိုင်းစိုင်း မပြောချင်ဘူး။ မြန်မြန် ထိပ်ဆုံးဥက္ကဌသုံးအခန်းကို သော့ပေးတော့။ အိပ်ချင်နေပြီ အိပ်ချင်ပြီ "

" တောင်းပန်ပါတယ်၊ လူကြီးမင်း။ ကျွန်မတို့ ထိပ်ဆုံးဥက္ကဌသုံးအခန်းတွေ အားလုံးကို ကြိုတင်စာရင်းသွင်းပြီးသွားပါပြီ။ ရှင့်အတွက် ဇိမ်ခံအခန်းကို စာရင်းသွင်းပေးလို့ ရမလား "

ထိုလူက ထပ်မံပေါက်ကွဲပြီး ကောင်တာကို ထုရိုက်လိုက်သည်။

" ငါ ဘာပဲလုပ်ရလုပ်ရ ထိပ်ဆုံးဥက္ကဌသုံးအခန်းမှာပဲနေတယ်။ တခြားအခန်းမှာ နေရတာ နေသားမကျဘူး။ ငါဂရုမစိုက်ဘူး။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု စဉ်းစားလိုက် "

ဧည့်ကြိုမလေးက ငိုတော့မတတ်ဖြစ်နေသည်။

" လူကြီးမင်း၊ ကျွန်မ တကယ်တောင်းပန်ပါတယ်။ နောက်ဆုံး အခန်းကို ဒီလူကြီးမင်းနဲ့ ဒီအမျိုးသမီးက အခုပဲ စာရင်းပေးထားပါတယ်။ ကျွန်မမှာ ရွေးချယ်စရာ မရှိတော့လို့ပါ "

ထိုလူက သူမ၏ရှင်းပြချက်ကို လုံးဝနားမထောင်ချေ။

" ဒါဆို နင် သူတို့ကို ဇိမ်ခံအခန်းပြောင်းပေးလိုက်ပါလား။ အခန်းခကို ငါ ပေးနိုင်ပါတယ် "

ဧည့်ကြိုဝန်ထမ်းက ယဲ့ဖန်ကို အံ့သြစွာ ကြည့်နေသည်။

" ကျေးဇူးပြုပြီး ….... ဇိမ်ခံအခန်းကို ပြောင်းဖို့ ကူညီပေးနိုင်မလား …....။ ဒီလူကြီးမင်းက လူကြီးမင်းတို့အတွက် အခန်းခကို ကျေကျေနပ်နပ်ကြီး ပေးချေမှာ ......... "

ယဲ့ဖန်သည် သူ့လက်များကို ဖြန့်ကာလိုက်သည်။

" ငါတို့မှာ အခန်းခ မရှိဘူးလို့ ထင်နေတာလား "

ဧည့်ကြိုဝန်ထမ်းသည် ထိုလူကို ပြန်ကြည့်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

" လူကြီးမင်း၊ ကျွန်မတို့မှာ ဥက္ကဌအခန်း မရှိတော့ပါဘူး။ တခြားအခန်းကို စာရင်းမသွင်းချင်ရင် တခြားဟိုတယ်ကို သွားလို့ရပါတယ် ..... "

သူမစကားမပြီးသော်လည်း ထိုယောက်ျားက ဒေါသဖြစ်နေပြီဖြစ်သည်။

" နင် ငါ့ကို နှင်ထုတ်နေတာလား။ ဒါက ဘယ်လို ဝန်ဆောင်မှု သဘောထားလဲ။ နင်ရဲ့မန်နေဂျာကို အခုချက်ချင်း သွားခေါ်၊ သွား အခုသွား "

ထိုအချိန်တွင် အနက်ရောင် ယူနီဖောင်းဝတ်ထားသော အမျိုးသမီးတစ်ဦးက ပြေးလာသည်။

" မင်္ဂလာပါ၊ ကျွန်မက ဧည့်ကြိုမန်နေဂျာပါ။ မေးစရာတွေရှိရင် ကျွန်မကို ပြောလို့ရပါတယ် "

ထိုလူက သူမကို ဒေါသတကြီးကြည့်နေသည်။

" ငါက နင်တို့ဟိုတယ်ရဲ့ ထူးခြားတဲ့ VIP ဖောက်သည်ပဲ။ ဥက္ကဌအခန်းမှာ အမြဲနေနေကျ။ ဒီတစ်ခါကျ ဘာလို့ မရတာလဲ။ ဒီနေ့ ငါ့ကို ဖြေရှင်းချက်ကောင်းကောင်း ပေးရမယ် "

မန်နေဂျာသည် အမြန်လှည့်ကြည့်လိုက်တဲ့အခါ ဧည့်ကြိုဝန်ထမ်းက ချက်ချင်းဆိုသလို သူမကို ရှင်းပြသည်။

မန်နေဂျာသည် ထိုစကားကို ကြားပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" လူကြီးမင်း၊ ကျွန်မတို့ရဲ့ ဥက္ကဌအခန်းတွေကို တကယ်ပဲ ကြိုတင်စာရင်းသွင်းပြီးသွားပါပြီ။ ကျွန်မတို့က ဧည့်သည်တွေကို မောင်းထုတ်ပြီး လူကြီးမင်းအတွက် တကူးတက နေရာပေးလို့ မရပါဘူး "

ထိုလူသည် မန်နေဂျာ၏စကားကို ကြားသောအခါ ယဲ့ဖန်နှင့် ချန်းရွှမ်ကို ချက်ချင်းလက်ပြလိုက်သည်။

" သူတို့လည်း အခုမှရောက်တာ မဟုတ်ဘူးလား။ သူတို့ကို အခန်းဖယ်ပေးခိုင်းလို့ မရဘူးလား "

သူသည် ဒေါသထွက်နေသောကြောင့် သူ့လက်ချောင်းက ချန်းရွှမ်၏ မျက်နှာနားကို ထိလုမတတ်ဖြစ်နေသည်။

ယဲ့ဖန်၏ အမူအရာ နက်မှောင်သွားသည်။ ထို့နောက် ချက်ချင်း လက်ကို ဆန့်တန်းကာ တွန်းထုတ်လိုက်သည်။

ဒီတစ်ခါတော့ ယဲ့ဖန် ပျားအုံကို ထိုးမိသွားတာဖြစ်သည်။

ထိုလူက ချက်ချင်း ခြေကိုဆောင့်နင်းပြီး ဆဲဆိုတော့သည်။

" နင် ငါ့ကို ဘာလို့ရိုက်တာလဲ။ နင့်မှာ အကျင့်စာရိတ္တဆိုတာရှိလား။ အရှက်မဲ့တဲ့ကောင် ...... "

All Chapters