အပိုင်း ၆၁၇-၆၂၀
Vol. 31 Ch. 617-620
အပိုင်း ( ၆၁၇ )
ပရိသတ်သန်းပေါင်းများစွာရှိသော အင်တာနက်နာမည်ကြီး
ယဲ့ဖန်သည် ပိုပိုပြီး ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုနေတာကို ကြားလိုက်ပြီး တိုက်ခိုက်မိမတတ်ဖြစ်သွားသည်။
ချန်းရွှမ်က သူ့ကို အမြန် ပြန်ဆွဲလိုက်သည်။
"ရှောင်ဖန်၊ ဒုက္ခကို ရှောင်တာပိုကောင်းတယ်။ မေ့လိုက်တော့ "
သူမက စကားပြောနေရင်း ဧည့်ကြိုဝန်ထမ်းထံမှ အခန်းကတ်ကိုယူကာ ယဲ့ဖန်နှင့် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
ထိုလူသည် ယဲ့ဖန်တို့ ထွက်သွားသည်ကို မြင်လိုက်သောအခါ သူတို့နှစ်ယောက်ရှေ့သို့ ချက်ချင်းပြေးသွားပြီး ချန်းရွှမ်ဆီသို့ သူ့လက်ကို ဖြန့်လိုက်သည်။
" မင်းထွက်သွားချင်ရင် အခန်းကတ်ကို အရင်ပေးလိုက် "
ချန်းရွှမ်က သူ့ကို ဒေါသတကြီး ကြည့်နေသည်။
" ကျွန်မတို့ ဒီအခန်းကို စာရင်းသွားထားတာ။ ကျွန်မတို့က ရှင့်ကို ဘာလို့ ပေးရမှာလဲ "
" ဘာလို့လဲ ဟုတ်လား "
ထိုလူက ချက်ချင်း ရယ်မောလိုက်သည်။
" ငါက Weiboမှာ ပရိသတ်သန်းပေါင်းများစွာရှိတဲ့ အင်တာနက်နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ ရှောင်ဘိုကွန်းပဲ။ အခု ငါ နင်တို့ကို အွန်လိုင်းမှာတင်လိုက်ရင် နင်တို့ကို ချက်ချင်း သတ်ပစ်နိုင်တယ် သိလား "
ထို့နောက် ဟိုတယ်မန်နေဂျာနှင့် ဧည့်ကြိုကို ညွှန်ပြလိုက်သည်။
" ပြီးတော့ နင်တို့၊ ငါ Weiboမှာ ပို့စ်တစ်ခု တင်လိုက်ရုံနဲ့ နင်တို့ရဲ့ဟိုတယ်သူဌေးကိုယ်တိုင်က တောင်းပန်ရမယ်ဆို နင်တို့ ယုံလား "
ဟိုတယ်မန်နေဂျာက ထိတ်လန့်သွားသည်။
အင်တာနက်နာမည်ကြီးတွေ၏ လွှမ်းမိုးနိုင်မှုကို သူမ ကောင်းမွန်စွာသိလေသည်။
တစ်ချိန်တုန်းက လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အင်တာနက်နာမည်ကြီးတစ်ဦးရှိခဲ့လေသည်။ သို့သော် ရာသီဥတုအခြေအနေကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးခဲ့ရသည်။
ထိုအင်တာနက်နာမည်ကြီးသည် Weiboတွင် တိုင်ကြားချက်တစ်ခုကို တင်ခဲ့လေသည်။ နောက်ပိုင်းတွင် အဆိုပါလေကြောင်းလိုင်းကုမ္ပဏီ၏ တရားဝင်အကောင့်တွင် ထိုနာမည်ကြီး၏ ပရိသတ်များက အပြင်းအထန် ကဲ့ရဲ့ရှုတ်ချကြသည်။
နောက်ဆုံးတွင် လေကြောင်းလိုင်း ဥက္ကဋ္ဌသည် လူကိုယ်တိုင် တောင်းပန်ရန် ထွက်လာခဲ့ရသော်လည်း ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။
ဤရှောင်ဘိုကွန်းသည် သူတို့၏ ဟိုတယ်နှင့် ပတ်သက်သည့် အဆိုးမြင်သတင်းများကို အင်တာနက်တွင် တကယ်သာ တင်ခဲ့မည်ဆိုလျှင် ဟိုတယ်အတွက် အတိုင်းအတာတစ်ခုအထိ ဆုံးရှုံးမှုတွေ ရှိလာနိုင်သည်။
အဲ့တာကို တွေးပြီး သူမက ရှေ့ကို အမြန် လျှောက်သွားသည်။
" ရှောင်လူကြီးမင်း၊ စိတ်မဆိုးပါနဲ့။ ကျွန်မတို့ဘက်က ကျေနပ်လောက်တဲ့ ရလဒ်ကို သေချာပေါက် ပေးပါ့မယ် "
ရှောင်ဘိုကွန်း၏ ဒေါသသည် အနည်းငယ် ပြေလျော့သွားသည်။
" ကောင်းပြီ ငါစောင့်နေမယ် "
မန်နေဂျာသည် ချန်းရွှမ်ကို လှည့်ကြည့်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။
" မိန်းကလေး၊ ရှင်မြင်တဲ့အတိုင်း ကျွန်မတို့ အတင်းဖိအားပေးခံရတာပါ။ ရှင်တို့ … ဥက္ကဌအခန်းကို ဖယ်ပေးနိုင်မလား။ ပေးရတဲ့ဈေးထက် သုံးဆ လျော်ပေးပါ့မယ် "
သူမသည် ယဲ့ဖန်ကို စကားမပြောချေ။
ထိုလူကြီးမင်းသည် စကားပြောရလွယ်သူမဟုတ်ကြောင်း သူမ ပြောနိုင်သောကြောင့်ဖြစ်သည်။
ထို့အပြင် အမျိုးသမီးများသည် အများသောအားဖြင့် ပို၍ နူးညံ့သိမ်မွေ့ကြသည်။ စကားကောင်း အနည်းငယ်ပြောလိုက်လျှင် အများစုက သဘောတူကြလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း ချန်းရွှမ်၏ အမူအရာက ပျော့ပြောင်းသွားသည်။
သူမက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ရှောင်ဖန်၊ သွားကြရအောင်။ တခြားအခန်းမှာ နေလည်းရပါတယ်။ အခန်းတစ်ခန်းကြောင့်နဲ့ စိတ်ညစ်နေစရာ မလိုပါဘူး "
ယဲ့ဖန်သည် အနည်းငယ် စိတ်မပျော်သော်လည်း သူက ချန်းရွှမ်ကို ပြုံးပြနေသေးသည်။
" ကိုယ် မင်းစကား နားထောင်ပါ့မယ် "
မန်နေဂျာက ချက်ချင်း သူတို့ကို ကျေးဇူးအများကြီးတင်မိသွားသည်။
ချန်းရွှမ်သည် အခန်းကတ်ကို မန်နေဂျာထံသို့ ပြန်ပေးတော့မည်ဖြစ်သည်။
ဤအတိုင်းသာ ပြီးဆုံးသွားခဲ့လျှင် ပျော်ရွှင်ဖွယ် နိဂုံးချုပ်ဖြစ်သွားပေလိမ့်မည်။
ရှောင်ဘိုကွန်းက ရုတ်တရက် လှောင်ပြောင်တဲ့ လေသံနှင့် ပြောလိုက်သည်။
" နင်တို့က ငါ အွန်လိုင်းမှာတင်မယ်ဆိုမှ ကြောက်နေကြတာမလား။ နင်က တကယ့်ကို ခွေးမပဲ "
ချန်းရွှမ်သည်လည်း စိတ်ကောင်းရှိသူမဟုတ်ပေ။
ထိုစကားကို ကြားသောအခါ သူမ၏လှပသောမျက်နှာသည် ချက်ချင်း အေးစက်သွားကာ ကတ်ပေးရန် ဆန့်ထားသောလက်ကို ပြန်ဆွဲရုတ်လိုက်သည်။
" ရှင် ဒီလိုပြောရင်တော့ ဒီအခန်းကို ယူခွင့်မပြုနိုင်ဘူး။ ရှင့်မှာ အရည်အချင်းရှိရင် အွန်လိုင်းမှာ တင်လိုက် "
ရှောင်ဘိုကွန်းသည် ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။
" အို၊ သေမှာကို မကြောက်တဲ့ လူတွေ တကယ်ရှိတာပဲလား။ ဒါက နင်ပြောတာနော်။ အင်တာနက်မှာ ပါလာတဲ့အခါမှ နောင်တရမနေနဲ့ "
ထိုလူသည် စကားပြောနေရင်းနှင့် ဖုန်းကိုထုတ်လိုက်ပြီး သူတို့နှစ်ယောက်၏ ဓာတ်ပုံကို ရိုက်လိုက်သည်။
အဲ့တာကိုမြင်တော့ ယဲ့ဖန်က သူ့ဖုန်းကို လုယူလိုက်ပြီး ညှစ်ထည့်လိုက်ရာ iPhone 12 သည် ပုံပျက်ပန်းပျက်ဖြင့် အမှိုက်ကဲ့သို့ တစစီ မြေပြင်ပေါ်သို့ ကျသွားရသည်။
ဟိုတယ်မန်နေဂျာနှင့် ကောင်တာမှ ဧည့်ကြိုကောင်မလေးတို့သည် အလွန်ထိတ်လန့် သွားကြပြီး အသံမထွက်ရဲတော့ဘဲ ဘေးသို့ ရှောင်ပုန်းနေကြသည်။
ရှောင်ဘိုကွန်း ဒေါသထွက်သွားသည်။
" ဟဲ့ကောင်၊ နင် ငါ့ဖုန်းကို ဘယ်လိုလုက် ရိုက်ခွဲရဲတာလဲ။ ငါ နင့်ကို သတ်ပစ်မယ် "
သူသည် မာနကြီးပြီး တစ်ခါမှ ဒီလို အဆက်ဆံ မခံရဖူးချေ။ ထို့ကြောင့် ချက်ချင်းပင် အစွယ်ထုတ်ကာ ချန်းရွှမ်ကို ခုန်အုပ်လိုက်ချင်သည်။
သို့သော် သူသည် ငတုံးမဟုတ်ချေ။
ယဲ့ဖန်သည် ဖုန်းကို လက်တစ်ဖက်တည်းဖြင့် ချေမွနိုင်လေသည်။
ထို့ကြောင့် သူက ကြောက်စရာကောင်းလောက်အောင် သန်မာဆိုတာကို သိလိုက်သည်။
ရှောင်ဘိုကွန်း တကူးတက သေခြင်းတရားကို ရှာမည်မဟုတ်ချေ။
ချန်းရွှမ်သည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် သူမကို ထိရန်က ပို၍လွယ်ကူသည်။
သူ့လက်သည်းတွေက အရမ်းရှည်လေသည်။
သူမမျက်နှာကို ကုတ်လိုက်သည်နှင့် အနည်းဆုံး သွေးထွက်ကာ အမာရွတ်ကျန်စွားစေနိုင်သည်။
သူ့အတွေးများက ရက်စက်လွန်းလှသည်။
ရှောင်ဘိုကွန်း၏လက်က ချန်းရွှမ်ဆီသို့ မလှမ်းမီ ယဲ့ဖန်က သူ့ရင်ဘတ်ကို ကန်ထည့်လိုက်သည်။
ရှောင်ဘိုကွန်းသည် ပျံတက်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသောကြောင့် ကန်ချက်က ဘယ်လောက်တောင် အားပြင်းသည်ဆိုတာကို သိနိုင်သည်။
သူ့ပါးစပ်ထောင့်စွန်းအား ထိဖို့ လက်လှမ်းလိုက်သည်။ နီမြန်းသော သွေးများကို မြင်သောအခါ ချက်ချင်း ထအော်သည်။
" ကူညီပါဦး။ လူသတ်နေတယ်၊ ရဲကိုခေါ်ပါ "
ဟိုတယ်မန်နေဂျာနှင့် ဝန်ထမ်းအမျိုးသမီး တို့သည် ကောင်တာ နောက်ကွယ်တွင် ပုန်းလျက် တုန်လှုပ်သွားကြသည်။
ယဲ့ဖန်၏ ပြင်းထန်သော အကြည့်ကြောင့် ရဲကို မခေါ်ရဲကြပေ။
ဧည့်ကြိုခန်းမထဲတွင် အခန်းကြိုတင်စာရင်းပေးနေသည့် လူငယ်စုံတွဲအချို့လည်း ရှိနေသည်။
သို့သော် သူတို့သည် ပါဝင်ပတ်သက်မည့်အရေးကို စိုးရိမ်သဖြင့် အဝေးသို့သာ ပုန်းရှောင်သွားကြသည်။
ထိုအချိန်တွင် ယဲ့ဖန်ကြောင့် ပုံပျက်နေသော iPhone 12က မြည်လာသည်။
ရှောင်ဘိုကွန်းသည် အသက်ကယ်ကောက်ရိုးကို မြင်လိုက်ရသလို အရှိန်အဟုန်ဖြင့် ကျော်တက်သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။
တစ်ဖက်မှ ယောက်ျားတစ်ယောက်၏အသံ ချက်ချင်း ထွက်ပေါ်လာသည်။
" ရှောင်ကွန်း၊ မင်းဟိုတယ်ကိုစီစဉ်ပြီးပြီလား။ ဒီနေ့ည ကောင်းကောင်းအနားယူပြီး မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်ထား ...... "
ထိုလူက၏ စကားမဆုံးခင်တွင် ရှောင်ဘိုကွန်း က အမြန်အော်လိုက်သည်။
" သူဌေး၊ လာကယ်ပါဦး။ တစ်စုံတစ်ယောက်က ငါ့ကို သတ်ချင်နေတယ် ........ "
တစ်ဖက်မှလူက အစမှာတော့ ကြောင်အသွားပြီး ထို့နောက် ထိတ်လန့်သွားသည်။
" အတိအကျ ဘာဖြစ်သွားတာလဲ။ ဟိုတယ်ကို မရောက်သေးဘူးလား။ မင်းကို ဘယ်သူက သတ်ချင်နေတာလဲ "
ရှောင်ဘိုကွန်းက ချက်ချင်း အော်ဟစ်ပြီး ပြောလေသည်။
" ငါရဲ့ ဥက္ကဌအခန်းကို ခိုးသွားတဲ့ စုံတွဲတစ်တွဲရှိတယ်။ ငါ့ဖုန်းကိုတောင် ရိုက်ချိုးလိုက်သေးတယ် ....... "
ယဲ့ဖန်သည် သူ၏ မနှစ်မြို့ဖွယ်စကားများကို ကြားလိုက်ပြီးနောက် ထပ်လျှောက်သွားပြန်သည်။
" အား … သူဌေး မြန်မြန်လာ။ နောက်ကျရင် ငါသေတော့မယ် ..... "
ရှောင်ဘိုကွန်းသည် ချက်ချင်း ကြောက်လန့်တကြား ပြန်တွားသွားပြီး ဖုန်း၏တစ်ဖက်သို့ လှမ်းအော်လိုက်သည်။
" ကောင်းပြီ ငါ မကြာခင်ရောက်မယ်။ ငါတို့ ရှင်းဟိုင်ရဲ့ နံပါတ်တစ်အစ်ကိုကို ဘယ်သူက ထိရဲတဲ့အထိ ကန်းနေလဲဆိုတာ ကြည့်ရအောင် "
တစ်ဖက်က ထိုသို့ပြောပြီး ဖုန်းချသွားသည်။
အပိုင်း ( ၆၁၈ )
သူ ထပ်ပြီး အကောင်ကြီးကို ပြဿနာရှာခဲ့တာလား။
နောက်ဆုံးတွင် ချန်းရွှမ်သည် ယဲ့ဖန်ကို နောက်ပြန်ဆွဲကာ ရှောင်ဘိုကွန်းကို စိုက်ကြည့်နေခဲ့သည်။
" စကားမပြောဘဲ နေလို့မရဘူးလား။ ရှင် သူ့ကို စိတ်ဆိုးအောင် လုပ်မှရမှာလား "
ဒီလိုလူတစ်ယောက်၏ ဦးနှောက်ပတ်လမ်းကြောင်းကို သူမ တကယ်နားမလည်နိုင်ပေ။
ထိုလူသည် မိုက်မဲပြီး ကြမ်းတမ်းသော ပါးစပ်ရှိလေသည်။
ဒါက အရိုက်ခံရဖို့ တောင်းဆိုနေတာမဟုတ်ရင် ဘာဖြစ်မှာလဲ။
ရှောင်ဘိုကွန်းက ရယ်မောလိုက်သည်။
" နင်တို့ ခဏလောက်တော့ မာနကြီးထားလိုက်။ ငါ့သူဌေး ဒီကို ခဏနေ ရောက်လာလိမ့်မယ်။ အဲ့ကျ မင်းတို့နှစ်ယောက် ဒီနေ့သေပြီပဲ "
ခန်းမထဲမှ လူတွေအားလုံးသည် ထိုစကားကိုကြားသည့်အခါ ယဲ့ဖန်နှင့် ချန်းရွှမ်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။
အမှန်တိုင်းပြောရလျှင် သူတို့သည် ရှောင်ဘိုကွန်းကို မကြိုက်ကြပေ။
အခုပဲ တစ်ဖက်လူက သူတို့အခန်းကို ပေးဖို့ လုပ်ခဲ့သော်လည်း ထိုရှောင်ဘိုကွန်းက ပါးစပ်ကြမ်းတာကြောင့် ကိစ္စများက ပိုဆိုးသွားခဲ့ရသည်။
ထို့ကြောင့် ခန်းမအတွင်းရှိ လူတိုင်းသည် ယဲ့ဖန်ဘက်မှ ရပ်တည်ခဲ့သည်။
သို့သော် အခုအချိန်တွင် ရှောင်ဘိုကွန်း၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်၏ လုံခြုံရေးအတွက် စိတ်ပူမိကြသည်။
ဒီရှောင်ဘိုကွန်းသည် အင်တာနက်နာမည်ကြီးတစ်ယောက်ဖြစ်သောကြောင့် သူ့နောက်ကွယ်တွင် အားကောင်းသော စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခု ရှိပေလိမ့်မည်။
ထိုကဲ့သို့သော ဖျော်ဖြေရေးကုမ္ပဏီများသည် များသောအားဖြင့် ရှုပ်ထွေးသော နောက်ခံများ ရှိကြသည်။ အဖြူအမည်း နှစ်မျိုးလုံး ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။
သူတို့၏ လေယူလေသိမ်းများအရ ယန်းချန်မြို့မှမဟုတ်မှန်း သိသာလေသည်။
ဤကဲ့သို့ နယ်ခံ မြွေဆိုးများနှင့် ကြုံရတဲ့အခါ အထိနာမှာ သေချာလေသည်။
ထို့ကြောင့် လူတိုင်းက သူတို့ကို နားချကြသည်။
" မြန်မြန်လုပ်၊ အခန်းပေးပြီး တခြားဟိုတယ်ကို ပြောင်းလိုက်ကျ။ ဒီလိုလူမျိုးကို မနှောင့်ယှက်တာ ပိုကောင်းတယ် "
" မှန်တယ်။ ဒုက္ခကို ရှောင်လိုက်တာက ပိုကောင်းပါတယ် "
" မင်းတို့ မြန်မြန်ထွက်သွားသင့်တယ်။ နောက်ကျရင် ထွက်သွားနိုင်မှာမဟုတ်ဘူး "
" အလှလေး၊ မင်းချစ်သူကို မြန်မြန် နားချလိုက်။ သူ့ကို ခေါင်းမာမနေခိုင်းနဲ့ "
ချန်းရွှမ်သည် လူတိုင်း၏ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ပြောသောစကားများကို နားလည်လေသည်။ ထို့ကြောင့် သူမသည် ယဲ့ဖန်ကို လှည့်ကြည့်ခဲ့သည်။
" တခြားဟိုတယ်ကို ပြောင်းကြမလား "
ရှောင်ဘိုကွန်းနှင့် သူ့နောက်ကွယ် သူတွေကို သူမ မကြောက်ချေ။
ယန်းချန်မြို့တွင် ယဲ့ဖန်၏ လက်ရှိအခြေအနေအရ ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟုလည်း သူမ ယုံကြည်သည်။
သို့သော် ဒီနေ့သည် သူမနှင့် သူမချစ်သူ၏ အတော်ကြာမှ ကြင်စဦးလေးများဖြစ်ရမည်ဖြစ်သောကြောင့် ထိုစိတ်ခံစားချက်နှင့် ပတ်ဝန်းကျင်ကို ဘယ်သူကမှ လာမထိခိုက်စေချင်ပေ။
ယဲ့ဖန်သည် သူမ၏ သဘောထားကို အလွန်တန်ဖိုးထားသည်။
သူမပြောတာကို ကြားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
သို့သော်လည်း ရှောင်ဘိုကွန်းက လှောင်ပြောင်လေသည်။
" သူရဲဘောကြောင်တာလား။ ခုနကတော့ မာနတွေ ကြီးနေလိုက်တာ။ မင်းမှာ သတ္တိရှိရင် ငါနဲ့ ဒီမှာ ဆက်ပြီးနေလိုက်။ ဘယ်သူက ဒူးထောက်ပြီး အသနားခံရမလဲဆိုတာ ကြည့်ရအောင် "
ယဲ့ဖန်သည် ထိုလူ၏ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အကြည့်ကို မြင်လိုက်ရပြီး ချက်ချင်းပင် စိတ်ပြောင်းသွားသည်။
" ကောင်းပြီ၊ ဒီနေ့ ဒီမှာရပ်နေပြီး ငါ့ကို ဘာလုပ်နိုင်လဲဆိုတာ ကြည့်ရအောင် "
ရှောင်ဘိုကွန်းက ဂုဏ်ယူစွာပြုံးလိုက်သည်။
" မကြာခင် မင်းသိလိမ့်မယ် "
ခန်းမထဲမှ လူတွေအားလုံးက ခေါင်းယမ်းပြီး သက်ပြင်းချကြသည်။
ယဲ့ဖန်သည် ထိုလူကို သင်ခန်းစာပေးသောအခါ အတော်လေး ရဲရင့်သည်ဟု တခြားသူများက ခံစားလိုက်ရသည်။
သို့သော် အခုအချိန်တွင် ယဲ့ဖန်၏ သေတွင်းတူးတဲ့ အပြုအမူကို မကျေမနပ် ဖြစ်နေကြသည်။
တစ်ဖက်က အင်အားကြီးနောက်ခံ ရှိနေသည်ကို သိလိုက်ရပြီးတာတောင် ဆက်ပြီး ခေါင်းမာစွာနှင့် ဆက်တိုးနေသေးသည်။
ထို့ကြောင့် ယဲ့ဖန် အရိုက်ခံရတာကို မြင်ရဖို့ စောင့်နေသူများတောင် ရှိလာလေသည်။
.................
ကျိုးကျောင်ပင်းသည် သူ့ဒေါသကို ထိန်းထားရသည်။
ချန်းရွှမ်၏ ဓာတ်ပုံကို မြင်သောအခါ သူသည် နောက်ဆုံးတွင် ဝေ့လူကြီးမင်းကို ခြေသလုံးဖက်ကာ အမြင့်ကို တက်နိုင်ပြီဟု သူထင်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူသည် သူမနှင့် မနီးစပ်နိုင်ခဲ့ဘဲ ချောင်ရှင်းဂိုဏ်းမှ အစ်ကိုဟူနှင့် ဝေ့ချန်းဖန်းတို့ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ပိုဆိုးသည်မှာ သူသည် ဝေ့ချန်းဖန်းကပင် ကြောက်ရသော ယဲ့လူကြီးမင်းကို စော်ကားခဲ့မိလေသည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့လူကြီးမင်းက သူ့အား အဆုံးစွန်ထိ ငြင်းခုံမနေဘဲ လွှတ်ပေးခဲ့လိုက်သည်။
ဘေးအန္တရာယ်မှ လွတ်မြောက်ပြီးနောက် ဒဏ်ရာများကို ပတ်တီးစည်းရန် ဆေးရုံသို့ ချက်ချင်းသွားခဲ့သည်။
ထို့နောက်မှ ကုမ္ပဏီက မနက်ဖြန်တွင် တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်နေသည်ဆိုတာကို အမှတ်ရလိုက်သည်။
ယခုနှစ် ကုမ္ပဏီ၏ အစ်ကိုအသစ်ဖြစ်သူ ရှောင်ဘိုကွန်းသည် ရန်ကျင်းမြို့မှ ပြန်လာခဲ့သည်။
ထို့ကြောင့် တစ်ဖက်သား၏ အခြေအနေကို မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့သည်။
ရှောင်ဘိုကွန်းအား ဟွမ်ထင်းဟိုတယ်တွင် အရိုက်ခံရကြောင်းကို ကြားရဖို့ မမျှော်လင့်ထားချေ။
ထိုအခိုက်အတန့်တွင် သူသည် မီးလုံးတစ်လုံးကို ဆုပ်ကိုင်ထားသလို ဖြစ်နေသည်။
ရှောင်ဘိုကွန်း၏ စကားကို ကြားပြီးသည့်အခါ ချက်ချင်း ဒေါသပေါက်ကွဲသွားသည်။
ကျိုးကျောင်ပင်းသည် ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ရှိသူတစ်ယောက်ဖြစ်သည်။
ယဲ့ဖန်နှင့် ဝေ့ချန်းဖန်းတို့ရှေ့တွင် သူရှုံးကောင်း ရှုံးနိုင်သည်။
သို့သော် သာမညများနှင့် ယှဉ်လျှင် သူ့အနေအထားက မိုးလောက်မြင့်လေသည်။
အကယ်၍ သူသည် ယနေ့ ဒေါသကို မထုတ်နိုင်ခဲ့လျှင် ရှင်းဟိုင်ရုပ်ရှင်ကုမ္ပဏီသည် အနာဂတ်တွင် ယန်းချန်မြို့၌ ဘယ်တော့မှ ရှင်သန်နိုင်မည် မဟုတ်ချေ။
အဲ့အကြောင်းကို တွေးမိပြီး အစ်ကိုကြီးဟူကို ဖုန်းခေါ်လိုက်သည်။
အစ်ကိုဟူသည် သူ့လူများနှင့်အတူ အပြေးပြန်လာခဲ့ရသည်။
ထိုအခါ ကျိုးကျောင်ပင်းမှ ဖုန်းဆက်သည်ကို ကိုင်လိုက်ကာ ချက်ချင်း ကျိန်ဆဲလိုက်သည်။
" ခွေးမသား၊ မင်း ဖုန်းဆက်ရဲသေးတာလား။ ဒီနေ့ မင်းကို အသေသတ်ချင်ခဲ့တာ ...... "
ကျိုးကျောင်ပင်းသည် မပြောခင် တစ်ဖက်လူ ဒေါသထွက်ပြီးသည်ကို စောင့်ဆိုင်းနေခဲ့သည်။
" အစ်ကိုဟူ၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက တကယ်ကို ကျွန်တော့်အမှားပါ။ ယဲ့လူကြီးမင်းရဲ့ ခွန်အားက အရမ်းကြောက်ဖို့ကောင်းမှန်း မသိခဲ့ဘူး။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သဘောတူထားတဲ့ ကြေးရဲ့ တစ်ရာခိုင်နှုန်းကို မလျော့စေရဘူးလို့ အာမခံပါတယ် "
အစ်ကိုဟူသည် သူပြောသည်ကိုကြားပြီးနောက် ငြိမ်သက်သွားသည်။
" အဲ့လိုမှပေါ့။ အခု မင်းငါ့ကို ဘာလို့ခေါ်တာလဲ "
ကျိုးကျောင်ပင်းသည် သူ့ရည်ရွယ်ချက်တွေကို အမြန်ရှင်းပြလိုက်သည်။
" ဟွမ်ထင်းဟိုတယ်မှာ အရိုက်ခံခဲ့ရတဲ့ ကုမ္ပဏီက နာမည်ကြီးအင်တာနက်ဆယ်လီရှိတယ်။ အစ်ကိုဟူ လူတချို့ကို ခေါ်ပြီး လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်လည်း မကြာခင်ရောက်မှာပါ "
အစ်ကိုဟူသည် ခဏမျှ တုံ့ဆိုင်းသွားသည်။
" မင်း ထပ်ပြီး အကောင်ကြီးတစ်ယောက်ယောက်ကို စော်ကားခဲ့တာလား "
ကျိုးကျောင်ပင်းက ချက်ချင်း တောင်းပန်ပြီး ပြုံးလိုက်သည်။
" အစ်ကိုဟူ နောက်နေတာ ဖြစ်မယ်။ ယန်းချန်မြို့က ဘယ်လိုအကောင်ကြီးကို စော်ကားရဲမှာလဲ။ သူက ပမာမခန့်ကောင်တစ်ယောက် ဖြစ်နိုင်တယ်။ စကားနည်းနည်းလောက် ပြောပြီးရင် သူ ကြောက်သွားလိမ့်မယ်။ ပြီးတဲ့အခါကျ အစ်ကိုနဲ့ ညီအစ်ကိုတွေကို ထမင်းလိုက်ကျွေးပါ့မယ်။ ကျွန်တော် ခုနကပြောတဲ့ ကောင်မလေးကို ဖုန်းဆက်လိုက်မယ် ...... "
အစ်ကိုဟူ၏ အသံသည် ချက်ချင်း စိတ်အေးလက်အေး ဖြစ်သွားသည်။
" ကောင်းပြီ၊ ကောင်းပြီ။ အခုကတော့ ထားလိုက်ပါ။ ဟွမ်ထင်းဟိုတယ် အပြင်ဘက်မှာ တွေ့မယ်။ ငါတို့ သူဌေးကျိုးကို ဘယ်ခွေးကောင်က ထိရဲလဲဆိုတာ ကြည့်ရအောင်။ ငါ သူ့ကို အသေသတ်ပေးမယ် "
ကျိုးကျောင်ပင်းဘက်မှ ချက်ချင်း အသံထွက်လာသည်။
" ကောင်းပါပြီ၊ ကောင်းပါပြီ။ ကျွန်တော် အခု အမြန်လာခဲ့ပါ့မယ် "
သို့သော် ဖုန်းချပြီးနောက် သူ ကျိန်ဆဲလိုက်သည်။
ဒီလူမိုက်ဂိုဏ်းဝင်သည် တစ်နေ့တည်းနှင့် သူ့ဆီမှ ငွေများစွာကို လုယူသွားသော်လည်း ဘာမှမလုပ်ခဲ့ရုံသာမက သူ့ကိုပင် ရိုက်နှက်ခဲ့သည်။
သူ ဒီနေ့ တကယ်ကို ဆုံးရှုံးမှု နှစ်ဆ ခံစားခဲ့ရသည်။
ဒီခွေးသားလေးကို ငါ ရှင်းရမယ်။
ငါ့ကို ပြဿနာရှာလို့ကတော့ မင်းရဲ့ ရှစ်ဘဝလုံး ကံမကောင်းတာမျိုး ဖြစ်နေလိမ့်မယ်။
အပိုင်း ( ၆၁၉ )
မင်းရဲ့ကောင်းကျိုးအတွက် ငါရိုက်ခဲ့တာ
ကျိုးကျောင်ပင်းနှင့် အစ်ကိုဟူတို့သည် ဟွမ်ထင်းဟိုတယ်သို့ ချက်ချင်းနီးပါး ရောက်လာကြသည်။
အစ်ကိုဟူသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လက်အောက်ငယ်သားများနှင့်အတူ လမ်းလျှောက်ဝင်လာခဲ့သည်။
" သူဌေးကျိုး၊ မင်း ဒဏ်ရာက ..... ပြဿနာတော့ မဟုတ်ဘူးမလား "
အစ်ကိုဟူက သူ့ခေါင်းမှ ပတ်တီးကို မြင်သည့်အခါ ပြုံးပြီး ချက်ချင်း မေးလိုက်သည်။
ကျိုးကျောင်ပင်း စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ 'မင်းမှာ မေးရဲတဲ့မျက်နှာ ရှိသေးတာလား'
သို့သော် သူက လိမ်ညာပြောလိုက်ရသည်။
" အစ်ကိုဟူက စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အခုအဆင်ပြေပါတယ် "
အစ်ကိုဟူက သူ့ကို ပုခုံးပေါ် ပုတ်လိုက်သည်။
" သူဌေးကျိုး၊ ဒေါသမထွက်နဲ့။ မင်းရဲ့အကျိုးအတွက် ငါရိုက်လိုက်တာ။ ငါ မင်းကို မထိရင် ယဲ့ဖန်က ငုတ်တုတ်ထိုင်နေမှာ မဟုတ်တာသေချာတယ်။ သူက မင်းကို လွယ်လွယ်နဲ့ လွတ်ပေးမယ်လို့ မင်းထင်နေလား "
ကျိုးကျောင်ပင်း ခေါင်းညိတ်လိုက်သည်။
" အစ်ကိုကြီးပြောတာ မှန်တယ် "
သို့သော် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ 'မင်းလိုခွေးမသားကို ငါက ဘာလို့ယုံရမှာလဲ'
အစ်ကိုဟူသည် သူ့အမူအရာကို သတိပြုမိပြီး သူ့စိတ်ထဲတွင် အာဃာတများ ရှိနေသေးကြောင်းကို သိလိုက်သောကြောင့် သူသာ ဆက်ပြောခဲ့သည်။
" ငါ ယဲ့ဖန်ကို မကြောက်ပါဘူး။ ငါ သူနဲ့ ပြဿနာမဖြစ်ချင်တာပါ။ သူက ငါတို့အဖွဲ့ဝင်တစ်ယောက်ကို ရိုက်နှက်ထားတယ်။ ငါတို့ရဲ့ ကောင်းသူဌေးက သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ငါသူ့ကို ထပ်တွေ့ရင် သတ်ပစ်ပြီး မင်းဒေါသကို ဖြေဖျောက်လို့ရအောင် ကူညီပေးမယ် "
ကျိုးကျောင်ပင်း ချက်ချင်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ အစ်ကိုဟူကို ယုံပါတယ်။ အစ်ကိုဟူက စကားတည်တဲ့သူပါ "
" မှန်တယ်၊ မှန်တယ်။ ငါ့ကို အားကိုးလိုက်လို့ရတယ် "
အစ်ကိုဟူသည် သူ့မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုရှိသော်လည်း သူ့စိတ်ထဲတွင် လှောင်ရယ်နေ၏။
ယဲ့ဖန်နှင့် ပြန်ဆုံရန် ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူသိမှာလဲ။
ကျိုးကျောင်ပင်း သည် ထိုနေ့အထိ အသက်ရှင်နိုင်မည်လားဆိုတာ ပြောရခက်သည်။
" အစ်ကိုဟူ၊ ငါတို့ ဝင်ကြမလား "
" ကောင်းပြီ၊ ညီအစ်ကိုတို့ သွားကြရအောင် "
ထို့နောက် လူတစ်စုသည် ဟွမ်ထင်းဟိုတယ်ထဲသို့ ခမ်းနားစွာ ဝင်လာကြသည်။
ထိုလူတွေသည် သတ်ဖို့ ရည်ရွယ်ချက်နှင့် ဝင်လာသည်ကို ခန်းမထဲမှလူတွေက မြင်ပြီး ကြောက်လန့်ကာ အဝေးကို ပြေးပုန်းလိုက်ကြသည်။
သူတို့သည် ယဲ့ဖန်အား စူးရှသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
အခုပဲ ပြေးဖို့ ပြောခဲ့ပေမယ့် မပြေးမှတော့ အခု မင်း ပြေးချင်ရင်တောင် ပြေးလို့မရတော့ဘူး။
ရှောင်ဘိုကွန်း သည် သူ့သူဌေး ကျိုးကျောင်ပင်းမှ လူများ ခေါ်ဆောင်လာသည်ကိုမြင်သောအခါ ချက်ချင်းပြေးလာသည်။
" သူဌေး၊ နင်ကပဲ ငါ့ကို ကူညီပေးပါဦး။ ငါ့ကို သူက သတ်လို့ သေမတတ်ဘဲ သူ့ကို သတ်ပစ်လိုက် ......... "
သူ့က သူဌေးမြင်အောင် သူ့ပါးစပ်က သွေးတွေကို တမင်မသုတ်ချေ။
ကျိုးကျောင်ပင်းသည် သူ့ရင်ဘတ်မှ ခြေရာနှင့် ပါးစပ်က သွေးတွေကို တွေ့လိုက်ရ၍ ပိုလို့တောင် ဒေါသဖြစ်သွားသည်။
ဤမိန်းမရှာကို သူ့အနေဖြင့် စက်ဆုပ်ရွံရှာသော်လည်း ရှောင်ဘိုကွန်းသည် အခုအခါ သူတို့ကုမ္ပဏီ၏ ငွေရှာနွားကြီး ဖြစ်နေခဲ့သည်။
ထို့ကြောင့် ဒီနေ့ သူ့ကို ပြန်မကူညီလျှင် သူက သူ သူဌေး ဖြစ်တော့မည် မဟုတ်ချေ။
သူက ချက်ချင်း အစ်ကိုဟူကို လှည့်ကြည့်လိုက်သည်။
" အစ်ကိုဟူ၊ အစ်ကိုနဲ့ ထားခဲ့လိုက်မယ်။ အဲ့ဒီကောင်ကို သင်ခန်းစာပေးလိုက်ပါ "
အစ်ကိုဟူ သူ့ပုခုံးပေါ် လက်တင်လိုက်သည်။
" စိတ်မပူပါနဲ့။ သူတို့က မင်းရဲ့လူတွေကို ထိရဲရင် ငါတို့ ချောင်ရှင်းဂိုဏ်းနဲ့ တွေ့ရလိမ့်မယ်။ ငါ မင်းကို ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ပေးမယ် "
သူက စကားပြောနေစဉ်တွင် စူးရှသောမျက်လုံးများက ပတ်ပတ်လည်ကို လှမ်းကြည့်နေသည်။
" ငါ့ညီလေးကို ဘယ်ကောင်က သတ္တိရှိပြီး ရိုက်ရဲတာလဲ။ မင်းယောက်ျားဆိုရင် ထွပ်လာခဲ့စမ်း "
ခန်းမထဲရှိ လူတိုင်းသည် 'ချောင်ရှင်းဂိုဏ်း' ဟူသောအမည်ကို ကြားသောအခါတွင် သူတို့၏ မျက်နှာများသည် ဖြူဖျော့သွားကြသည်။
ထိုစကားသုံးခွန်းသည် ယန်းချန်မြို့မြို့သူတိုင်း၏ အိပ်မက်ဆိုးဖြစ်လေသည်။
သူတို့တွေကို မျက်စိကျတာနဲ့ သူတို့မှာ ကောင်းမွန်သည့် အဆုံးသတ်မရှိသည်မှာ သေချာလေသည်။
အစ်ကိုဟူ၏အကြည့်ကို သူတို့ မြင်လိုက်သောအခါ အားလုံးက ခန်းမအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသောလူကို လှည့်ကြည့်လိုက်ကြသည်။
ဆိုဖာသည် သူတို့နှင့်အဝေးတွင် ရှိနေသောကြောင့် အစ်ကိုဟူသည် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
သူက ချက်ချင်း ဘေ့စ်ဘောရိုက်တံနှင့် လမ်းလျှောက်လာပြီး ထိုလူ၏ ပုခုံးကို အားပြင်းစွာဖြင့် ပုတ်လိုက်သည်။
" မင်းက သူ့ကို ရိုက်လိုက်တဲ့သူလား "
ယဲ့ဖန်သည် သူ့ခေါင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
သူ့မျက်နှာတွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုရှိနေသည်။
" ဟာ၊ ဒါက အစ်ကိုဟူ မဟုတ်လား။ ဘယ်လောက်တောင် တန်ဖိုးကြီးတဲ့ တည်ရှိမှုလဲ "
ထိုချောမောသောမျက်နှာကို သူ မြင်သောအခါ အစ်ကိုဟူသည် ချက်ချင်း တုန်တုန်ယင်ယင်နှင့် သူ့ခြေထောက်တွေ စိုသွားခဲ့ရသည်။
သူ အရမ်းကြောက်နေပြီး သူ့ဘောင်းဘီထဲကို နေရာမှာတင် ကျင်ငယ်စွန့်မိသွားသည်။
" ယဲ့ ........ ယဲ့ ...... "
အစ်ကိုဟူသည် မမြင်နိုင်သောလက်က သူ့လည်ချောင်းထဲတွင် တစ်နေသကဲ့သို့ ခံစားရကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
သူ အခုတောင် သေချင်နေပြီဖြစ်သည်။
သူကြောက်သည့်အရာက တကယ် ဖြစ်လာလေသည်။
ဒီလောက် တိုက်ဆိုင်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူသည် ယဲ့ဖန်ကို နောက်တစ်ခါ ပြန်တိုက်မိသွားသည်။
ယဲ့ဖန်က သရဲလား။
သူက ဘာလို့ နေရာတကာမှာ ရှိနေတာလဲ။
ကျိုးကျောင်ပင်းသည် အစ်ကိုဟူကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။
သူ ဘာလုပ်နေလဲဆိုတာ မသိရပေ။
အစ်ကိုဟူမှ ပိတ်ရပ်ထားသောကြောင့် ယဲ့ဖန်၏ မျက်နှာကို မမြင်ရချေ။
သူ အစ်ကိုဟူဆီသို့ လျှောက်သွားသည်။
" အစ်ကိုဟူ၊ ဘာလို့ ဒီကောင်လေးနဲ့ စကားပြောနေသေးတာလဲ။ မြန်မြန်လုပ်၊ ဒီကောင်က ကျွန်တော့်လူကို ထိဖို့ သတ္တိရှိမှတော့ ကျွန်တော့် ဒီနေ့ ...... ကောင်းကင်ထိတက်ပြီး .... "
သူ့စကားတစ်ဝက်တစ်ပျက်တွင် ယဲ့ဖန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
သူ့ကျောရိုးတစ်လျှောက်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
တစ်ချိန်တည်းတွင် သူ့ဂွကြားမှ အဝါရောင်အရည်များ ထွက်လာသည်။
အစ်ကိုဟူကဲ့သို့ ကျင်ငယ်သွားရသည့်အထိ သူသည် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့သည်။
သူတို့နှစ်ယောက်သည် မလှုပ်မယှက်ပင် ရပ်နေကြကြသည်။
ဘေးတွင် ရှိနေသူအားလုံး အံ့အားသင့်သွားကာ သူတို့နှစ်ဦးအား စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
အထူးသဖြင့် သူတို့မှ အဝါရောင်အရည်များ ထွက်လာသည်ကို သတိထားမိသည့်အခါ ပိုလို့ပင် အံ့သြသွားကြသည်။
ဒီနှစ်ယောက် ဘာဖြစ်နေတာလဲ။
ထိုလူငယ်လေးကို မြင်တာနှင့် သရဲမြင်လိုက်ရသလို ဘောင်းဘီထဲကို ဆီးပါတဲ့အထိ အရမ်းကြောက်သွားတာလား။
သူတို့ ပဟေဠိဖြစ်နေစဉ်တွင် အစ်ကိုဟူက အရင်တုံ့ပြန်ပြီး ကျိုးကျောင်ပင်းရင်ဘတ်ကို ကန်လိုက်သည်။
ကျိုးကျောင်ပင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သူ့အရိုးများ ကျိုးတော့မည်ကို ခံစားလိုက်ရသည်။
သူထမထလာခင်မှာ အစ်ကိုဟူက ဆက်ပြီး ရိုက်နှက်နေသည်။
" ခွေးသား၊ ငါအသက်မရှင်နိုင်ရင်တောင် မင်းကိုအရင်သတ်မယ်........ "
အစ်ကိုကြီးဟူ ရူးနေပြီဖြစ်သည်။
သူသည် ယဲ့ဖန် ကို နှစ်ကြိမ်ဆက်တိုက် ဝင်တိုက်မိခဲ့သည်။
ဒါတွေ အရာအားလုံးသည် ကျိုးကျောင်ပင်းကြောင့် ဖြစ်သည်။
ကျိုးကျောင်ပင်းသည် ခေါင်းကို လှည့်ကာ ကြွက်တစ်ကောင်လို လှည့်ပတ်ကြည့်နေသည်။
သူ့စိတ်ထဲတွင် အစ်ကိုဟူကို အရမ်းမုန်းနေသည်။
ဒီထဲကို ဝင်လာတုန်းကတော့ ယဲ့ဖန်ကို ထပ်တွေ့ရင် သတ်ပစ်မည်လေး ဘာလေးနဲ့ ပြောနေပြီးတော့ အခုကျ တစ်မျိုးပြောင်းသွားတယ်။
စကားပြောနေတာ လေလည်နေသလိုပဲ။
အပိုင်း ( ၆၂၀ )
တာဝန်သိတတ်ခြင်း
ရှောင်ဘိုကွန်းသည် သူ၏သူဌေးကို အစ်ကိုဟူမှ ရိုက်နှက်နေသည်ကို မြင်သောအခါ အံ့ဩသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
သူ့ကို လက်စားချေဖို့ အစ်ကိုဟူကို သူဌေးက ငှားလာတာ မဟုတ်ဘူးလား။ ရုတ်တရက်ကြီး သူ့ကို ဘာလို့ သစ္စာဖောက်တာလဲ။ ဘာလို့ သူဌေးကို ရိုက်နေတာလဲ။
ထိုအချိန်တွင် ကျိုးကျောင်ပင်းသည် သူ့လက်ကို အလျင်အမြန် မြှောက်လိုက်သည်။
" တိုက်ခိုက်နေတာကို ရပ်လိုက် … ထိုးနေတာကို ရပ်ပြီး ကျွန်တော့်စကားကို နားထောင်ပါဦး ....... "
အစ်ကိုဟူသည် ရပ်လိုက်ပြီး သူ့ကို ဆွဲမလိုက်သည်။
" မင်းက ယဲ့လူကြီးမင်းကို ခဏခဏ ပြဿနာရှာနေတာ တခြားဘာပြောစရာရှိသေးလို့လဲ "
ကျိုးကျောင်ပင်းသည် ယနေ့အတွက် သုံးကြိမ်တိုင်တိုင် အရိုက်ခံထားရ၍ ကောင်းစွာပင် မရပ်နိုင်ဖြစ်နေခဲ့သည်။
" အစ်ကိုဟူ၊ ကျွန်တော်လည်း လှည့်စားခံရတာပါ။ ကျွန်တော်သာ ယဲ့လူကြီးမင်းမှန်းသိရင် ဒီကို သေရင်တောင် လာရဲဖို့ သတ္တိရှိမှာမဟုတ်ဘူး။ ထိုးချင်ရင်တော့ သူ့ကို ထိုး "
သူက စကားပြောနေရင်း ရုတ်တရက် ရှောင်ဘိုကွန်းကို လက်ညှိုးထိုးပြလိုက်သည်။
ရှောင်ဘိုကွန်းသည် အံ့သြသွားသည်။
" သူဌေး ငါ ....... "
သူ ဘာမှပြန်မပြောနိုင်ခင် အစ်ကိုဟူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ညီအစ်ကိုတို့၊ ချကြစမ်း "
သူ့လက်အောက်ငယ်သားများသည် အမိန့်ကို လက်ခံရရှိပြီး ဝံပုလွေများနှင့် ကျားများကဲ့သို့ ရှောင်ဘိုကွန်းဆီသို့ ချက်ချင်း ပြေးသွားကြသည်။
" ကူညီကြပါဦး ......…"
ရှောင်ဘိုကွန်း အကူအညီမတောင်းနိုင်ခင်မှာပင် ထိုးကြိတ်ခံရသည်။
သို့သော် ထိုဂိုဏ်းသားတွေက သူတို့၏ ကန့်သတ်ချက်တွေကို ရှင်းရှင်းလင်းလင်း သိကြလေသည်။
သူတို့သည် ဓားကဲ့သို့သော လက်နက်များကို မသုံးခဲ့ကြချေ။
သို့သော် ရှောင်ဘိုကွန်း လက်သီးချက်နှင့်ပင် သူ၏ နုပျိုသောအသားမှာ ခံနိုင်ရည်မရှိတော့ပေ။
မကြာခင်မှာပင် သူ့အား သနားစရာကောင်းသည့် အနေအထားအထိ အရိုက်ခံခဲ့ရသည်။
ရှိနေသည့်လူတိုင်း အံ့သြသွားကြသည်။
လက်ရှိချိန်ထိ အခြေအနေကို သူတို့ မဆုံးဖြတ်နိုင်သေးပေ။
ဒီလူတွေကို သူတို့က ခေါ်ခဲ့တာ မဟုတ်ဘူးလား။
ဘာလို့ ချက်ချင်းကြီး တစ်ယောက်ကို တစ်ယောက် ပြန်သတ်ဖြတ်နေကြတာလဲ။
ရှောင်ဘိုကွန်းသည် အသက်ရှုမဝတဲ့အထိ အရိုက်ခံနေရသည်ကို အစ်ကိုဟူက မြင်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ရပ်ခိုင်းလိုက်သည်။
ထို့နောက် သူသည် ယဲ့ဖန်သို့ ပြေးသွားခဲ့သည်။
“ ယဲ့လူကြီးမင်း၊ ကျေနပ်ပါရဲ့လား။ မကျေနပ်ရင် ညီအစ်ကိုတွေကို ဆက်ရိုက်ခိုင်းလိုက်မယ် "
ယဲ့ဖန်သည် ရှောင်ဘိုကွန်းကို တစ်ချက်ကြည့်လိုက်သည်။
ဆိုးဆိုးရွားရွား အရိုက်ခံထားရသည်ကို မြင်ပြီး နှုတ်ခမ်းပင် တွန့်သွားရသည်။
" ခင်ဗျားကို မခိုင်းပါဘူး။ ဒါ ခင်ဗျားရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး "
အစ်ကိုဟူသည် ပုတ်သင်ညိုလို ခေါင်းတဆတ်ဆတ်ညိတ်သည်။
" ဟုတ်ပါတယ်။ ယဲ့လူကြီးမင်းက အရမ်းသဘောကောင်းတာ။ ဘာလို့ ဒီလိုခွေးမျိုးနဲ့ တွေ့ရတာလဲ။ ဒါပေမယ့် ကျွန်တော့်မျက်လုံးထဲမှာတော့ လူကြီးမင်းက အဘိုးအရင်းလိုပါပဲ။ လူကြီးမင်းကို ဒေါသထွက်အောင် လုပ်တဲ့သူကို သည်းခံမပေးနိုင်ဘူး "
သူက စကားပြောနေစဉ် သူ့ရင်ဘတ်ကို အကြိမ်အနည်းငယ် ရိုက်ပုတ်ပြကာ ဒေါသတကြီး ဖြစ်နေပုံရသည်။
သူ၏ မြှောက်ပင့်သော စကားများကို ကြားရသောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။
ချောင်ရှင်းဂိုဏ်း၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ခေါင်းဆောင်သည် ဤမျှလောက် တာဝန်သိတတ်နေမည်ဟု မမျှော်လင့်ထားပေ။
ကျိုးကျောင်ပင်းလည်း ဒီအတိုင်း ရပ်မနေတော့ဘဲ ရောက်လာသည်။
" ယဲ့လူကြီးမင်း၊ ဒီခွေးကောင်က လူကြီးမင်းကို စော်ကားခဲ့တာ တကယ်မသိခဲ့ပါဘူး။ လူကြီးမင်းက ကျွန်တော့်နှလုံးသားထဲက အဖေအရင်းလိုပါပဲ။ ဘယ်လိုပဲ ဒုက္ခရောက်နေပါစေ လူကြီးမင်းနဲ့ ပြဿနာရှာရဲမှာ မဟုတ်ပါဘူး "
အစ်ကိုဟူသည် ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်သည်။
ဒီခွေးကောင်က သူ့ကို အခွင့်ကောင်းယူခဲ့တာပဲ။
ယဲ့ဖန်ကို သူ့အဘိုးလိုပဲလို့ သူပြောခဲ့တာကို ဒီခွေးသားက အဖေလိုပဲလို့ လိုက်ပြောသည်။
ဒါဆို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်သွားမှာလဲ။
အစ်ကိုဟူ၏ဒေါသကြောင့် ယဲ့ဖန်သာ သူ့ဘေးတွင် မရှိပါက ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။
ကြည့်ရှုနေများ အံ့သြသွားကြသည်။
အသေအကြေ တိုက်ကြမည့်ပွဲဟု ထင်မှတ်ထားကြသော်လည်း မျက်စိတစ်မှိတ်အတွင်း သားမြေးဝတ္တရားကျေပွန်သည့် မိသားစုပွဲကြီးအဖြစ် ပြောင်းလဲသွားလေသည်။
ငါတို့ကို အရူးလို ကစားနေတာလား။
ရှောင်ဘိုကွန်းသည် အဲ့တာကို လက်မခံသူဖြစ်သည်။
မြေကြီးပေါ်မှ ရုန်းကန်ထလိုက်ပြီး ကျိုးကျောင်ပင်းကို စိုက်ကြည့်နေသည်။
" ကျိုးကျောင်ပင်း၊ ပြောစမ်းပါ။ နင့်အတွက် ငါ ငွေဘယ်လောက်ရှာပေးခဲ့ရလဲ။ အခု ငါဒုက္ခရောက်နေတာကို နင်က ငါ့ဘက် မရပ်တည်ဘဲ ငါ့ကိုရိုက်တဲ့လူဘက်မှာ ရှိနေတာလား။ နင့်မှာ အသိတရားရှိသေးလား "
ကျိုးကျောင်ပင်းသည် ယဲ့ဖန်၏ အမူအရာကို ဂရုတစိုက်ကြည့်ကာ လှည့်ကြည့်ပြီး ပြောလိုက်သည်။
" ယဲ့လူကြီးမင်းမှာ ဘယ်လိုအခြေအနေရှိလဲ သိလား။ သူ့ဆီက စကားတစ်ခွန်းနဲ့တင် ယန်းချန်မြို့မှာ မင်း မရှင်သန်နိုင်စေရဘူး။ မင်းက ဘာလို့ အသိကပ်ပြီး မတောင်းပန်သေးတာလဲ။ ယဲ့လူကြီးမင်းက သဘေယထားကြီးတယ်။ သူက မင်းကိုတောင် ခွင့်လွှတ်ပေးနိုင်တယ် "
ရှောင်ဘိုကွန်းကို ပြစ်တင်ရှုတ်ချနေပုံရသော်လည်း အမှန်တကယ်မှာ သူ့အတွက် အရိပ်အမြွက်ပြောနေခြင်းဖြစ်သည်။
ယဲ့လူကြီးမင်းသည် အလွန်အားကောင်းသော နောက်ခံရှိကြောင်းကို သိထားရ၍ ငြိမ်းချမ်းရေးကို ဆက်ပြီး ထိန်းထားရမည်ဖြစ်ကာ ဒုက္ခထပ်မဖြစ်သင့်ပေ။
သို့သော်လည်း ရှောင်ဘိုကွန်းသည် ဒေါသတကြီး ဖြစ်နေသေးသောကြောင့် အရိပ်အမြွက်ကို မကြားခဲ့ရပေ။
သူ့အတွက် မရပ်တည်ဘဲ တောင်းပန်ခိုင်းတယ်လို့ ကြားပြီး ချက်ချင်း ပို၍ ဒေါသတကြီးဖြစ်သွားသည်
" ကျိုးကျောင်ပင်း ငါ့ကို ဖျော်ဖြေရေးကုမ္ပဏီ ဘယ်နှစ်ခုလောက်က ခေါ်ချင်နေတယ်ဆိုတာ နင်သိလား။ စာချုပ်ကို ဖောက်ရရင်တောင် ဒဏ်ကြေးပေးဖို့ ဆန္ဒရှိတယ်လို့တောင် ပြောခဲ့ကြတာ။ ငါတို့ရဲ့ဆက်ဆံရေးကြောင့် ငါသဘောမတူခဲ့ဘူး။ ဒီနေ့တော့ ဒေါသတွေဖြေဖျောက်ဖို့ ငါ့ကိုမကူညီရင် စာချုပ်ကို ရပ်စဲလိုက်မယ်။ တကယ်ပြောတာ "
သူ့ခြိမ်းခြောက်သံကို ကြားပြီး ကျိုးကျောင်ပင်းက သူ့ကို အရူးတစ်ယောက်လို့ ကျိန်ဆဲလိုက်မိသည်။
ရှောင်ဘိုကွန်းသည် သူ၏ ငွေပင်ဖြစ်သော်လည်း ယဲ့ဖန်သည် သူ့ဘဝနှင့် သေဆုံးခြင်းကို ဆုံးဖြတ်နိုင်သူဖြစ်သည်။
ပိုက်ဆံက အဖိုးတန်သော်လည်း ဘဝက ပိုတန်ဖိုးရှိသည်။
အဲ့တာကိုတွေးပြီး ချက်ချင်း ထလာကာ ရှောင်ဘိုကွန်းကို နှစ်ချက် ပါးရိုက်လိုက်သည်။
" မင်း စာချုပ်ကို ဖျက်သိမ်းချင်တာ ဟုတ်လား။ ရတယ်။ ဒါပေမဲ့ ယဲ့လူကြီးမင်းကို မရိုသေလုပ်ရင် အရိုက်ခံရမယ်။ မင်း ဒီနေ့ ယဲ့လူကြီးမင်းကို မတောင်းပန်ရင် ငါက မင်းကို အရင်ဆုံးသတ်မှာ "
ရှောင်ဘိုကွန်းသည် သူ့မျက်နှာကို အုပ်ကာ ဒေါသတကြီး ရယ်မောလိုက်သည်။
" ကောင်းတယ်၊ အရမ်းကောင်းတယ်။ နင် ငါ့ကိုရိုက်ရဲတယ်မလား။ နင် နောင်တရလိမ့်မယ် "
စကားပြောနေစဉ် အိတ်ထဲမှ ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
" ဟယ်လို၊ ဒါက UA ဖျော်ဖြေရေးကုမ္ပဏီရဲ့ဥက္ကဌကျောက်လား။ ငါ ရှောင်ဘိုကွန်းပါ။ အရင်က ငါနဲ့ စာချုပ်ချုပ်ချင်တာကို သဘောတူတယ်။ ဒီည စာချုပ်ချုပ်နိုင်ပါတယ် "
တစ်ဖက်ကလူက ခဏလောက် အံ့အားသင့်သွားသည်။
" ကြိုဆိုပါတယ် ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီညတော့ ငါလုပ်စရာရှိတယ်။ မနက်ဖြန် စာချုပ်ချုပ်ဖို့ အဆင်ပြေမယ်ထင်လား "
ရှောင်ဘိုကွန်း ခေါင်းညိတ်လိုက်သည်။
" စာချုပ်ချုပ်မယ့်အချိန်ကို ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ အခု ငါ့မှာ လုပ်စရာရှိတယ်။ ဖြေရှင်းဖို့ ဥက္ကဌရဲ့ အကူအညီလိုတယ် "
တစ်ဖက်က ခဏတာ အံ့သြသွားသည်။
" အဲ့တာ ဘာများလဲ "
ရှောင်ဘိုကွန်းသည် ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းပင် လောင်စာထည့်ကာ ပိုပြောလိုက်သည်။
" အခုဘယ်မှာလဲ "
ဥက္ကဌကျောက်က မေးလေသည်။
" ဟွမ်ထင်း ဟိုတယ် "
" အိုး၊ တိုက်ဆိုင်လိုက်တာ။ ငါ အခု ဟွမ်ထင်းဟိုတယ်ကို သွားမလို့။ ငါ့ကို အဲ့ဒီမှာစောင့်။ မကြာခင်ရောက်မယ် "
" ကောင်းပြီ "
ရှောင်ဘိုကွန်းသည် ဖုန်းချသွားပြီးနောက် ကျိုးကျောင်ပင်းကို လှောင်ပြောင်ခဲ့သည်။
" မြင်လား။ ဒီစကားကို ငါပြောလိုက်တာနဲ့ ငါ့အတွက် ရပ်တည်ပေးဖို့ တိုက်ပွဲဝင်နေတဲ့လူတွေ ရှိနေလိမ့်မယ် "
ထိုသို့ပြောရင်း ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။
" ခွေးသားလေး၊ နင် စောင့်လိုက်။ ဒီနေ့ နင် ငါ့ကို ဒူးထောက်ပြီး သနားဖို့ မတောင်းပန်ခဲ့ရင် ငါ နင့်ရဲ့မြေးလုပ်လိုက်မယ် "
အစ်ကိုဟူသည် ထိုစကားကို ကြားသောအခါ သူ ချက်ချင်း လေးလေးနက်နက် တွေးတောမိသွားသည်။
ဒါဆို သူတို့က အဆင့်ချင်းတူတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။