ကောင်းကင်ဘုံရဲ့ တရားစီရင်ခြင်း
Vol. 2 Ch. 23
"သခင်လေး~ ဒီလိုမလုပ်ပါနဲ့~ ရှင့်ဘာသာဆက်လုပ်နေရင် ကျွန်မအော်လိုက်မှာနော်~"
"ဟီးဟီး အော်လေ။ မင်းလည်ချောင်းကွဲအောင်အော်ရင်တောင် ဘယ်သူမှလာမှာမဟုတ်ဘူး"
"အား။ ရှင်က တော်တော်စိတ်အနှောင့်အယှက်ပေးတာပဲ~ ကယ်ကြပါဦး~"
မီးရောင်မှိန်ဖျော့ဖျော့ လမ်းကြားတစ်ခုထဲတွင် အနည်းငယ်ဝသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မိန်းကလေးငယ်တစ်ဦးကို နံရံတွင်ဖိကပ်ထားပြီး ညစ်ပတ်စွာ နမ်းရှိုက်နေသည်။
မိန်းကလေးက "ခုခံ" သောစကားလုံးများကို အဆက်မပြတ်အော်ဟစ်နေသော်လည်း ထိုအရာက ထိုအမျိုးသားကို ပို၍သာ စိတ်လှုပ်ရှားစေခဲ့သည်။
"နှဘူးကောင် အဲ့ဒီမိန်းကလေးကို လွှတ်လိုက်စမ်း"
ထိုအမျိုးသား စိတ်လှုပ်ရှားလာပြီး သူ့ဘောင်းဘီကို ချွတ်ရန်ပြင်ဆင်နေစဉ် ရုတ်တရက် ထွက်ပေါ်လာသော စူးရှသည့်အော်သံတစ်ခုကြောင့် သူ၏သတ္တိများ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားလုနီးပါး ဖြစ်သွားသည်။
"ဘယ်... ဘယ်သူလဲ"
ထိတ်လန့်သွားသော လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ခါးပတ်ကို အလျင်အမြန်ပြန်ချည်ရင်း မေးလိုက်သည်။
"ကောင်းကင်ဘုံကိုယ်စား တရားစီရင်ဖို့ပဲ"
"ဘယ်ခွေးမကများ ငါ့အပျော်ကို လာဖျက်ရတာလဲ"
"ရှန်" ဟူသောအသံနှင့်အတူ ဖန်းချိုးယောင်က သူမ၏ သက်တံ့ဖြူဓားကို ဆွဲထုတ်လိုက်သည်။
သူ့ပြိုင်ဘက်မှာ လက်နက်ပါသည်ကို မြင်သောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားက ချက်ချင်းအော်ဟစ်လိုက်သည်။
"ကောင်းပြီ။ မင်းသတ္တိရှိရင် ဒီမှာစောင့်နေ။ ငါငါ့လူတွေ သွားခေါ်လိုက်ဦးမယ်"
ထိုသို့ပြောပြီး သူက လှည့်ကာ ထွက်ပြေးသွားသည်။
ထိတ်လန့်တကြားထွက်ပြေးသွားသော လူလတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်ရင်း ဖန်းချိုးယောင်က သူမ၏ဓားကို အိမ်ထဲပြန်ထည့်ရင်း သူ့ကိုယ်သူ တော်တော်လေးကျေနပ်သွားသည်။
သို့သော် သူမက မိန်းကလေးကို သွားရောက်နှစ်သိမ့်တော့မည်အပြု ထိုမိန်းကလေးက လူလတ်ပိုင်းအရွယ် အမျိုးသားနောက်သို့ လိုက်ပြေးရင်း အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
"ဟေး။ သခင်လေး မသွားပါနဲ့ဦး။ ရှင့်ပိုက်ဆံ မရှင်းရသေးဘူးလေ"
ဒီအဖြစ်က ဖန်းချိုးယောင်ကို အံဩစွာ ကြက်သေသေသွားစေပြီး မိန်းကလေး ဘာကိုဆိုလိုမှန်း နားမလည်နိုင်ဖြစ်သွားသည်။
လူလတ်ပိုင်းအရွယ်အမျိုးသား၏ ပုံရိပ်မှာ လမ်းကြားထဲသို့ လုံးဝပျောက်ကွယ်သွားသည်ကို မြင်သောအခါ အမီမလိုက်နိုင်ခဲ့သော မိန်းကလေးက စိတ်ပျက်စွာဖြင့် ခြေဆောင့်လိုက်သည်။ ထို့နောက် သူမက ဖန်းချိုးယောင်ရှိရာဘက်သို့ ပြန်လျှောက်လာသည်။
မိန်းကလေး၏အစောပိုင်းစကားများကို နားမလည်နိုင်သေးသော်လည်း ဖန်းချိုးယောင်မှာ သူမ၏ သူရဲကောင်းဆန်သော စကားများကို ပြင်ဆင်ပြီးဖြစ်သည်။
သူမ၏သက်တံ့ဖြူဓားကို ကာကွယ်သောအနေအထားဖြင့် မြှောက်ကိုင်ရင်း သူမက ကြေညာလိုက်သည်။
"ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး အစ်မ။ တရားမျှတမှုကို ဖော်ဆောင်တာက ကျွန်မတို့ရဲ့—"
"ကျေးဇူးတင်ရမယ် ဟုတ်လား။ နင့်ခေါင်းထဲမှာ ဘာမှမရှိဘူးလား"
ရုတ်တရက် အဆဲခံလိုက်ရသောကြောင့် ဖန်းချိုးယောင် နောက်တစ်ကြိမ် ကြက်သေသေသွားပြီး သူမဘာများမှားလုပ်မိသည်ကို လုံးဝနားမလည်နိုင်ဖြစ်သွားသည်။
"နင်—"
မိန်းကလေးက ဆက်ဆဲချင်သေးသော်လည်း ဖန်းချိုးယောင်၏လက်ထဲမှ သက်တံ့ဖြူဓားကို လှမ်းကြည့်ပြီးနောက် သူမက တကယ့်အရူးမတစ်ယောက်နှင့် ကြုံတွေ့နေရမည်ကို စိုးရိမ်သွားသည်။
မြေကြီးပေါ်သို့ တံတွေးထွေးချရင်း သူမက တီးတိုးရေရွတ်လိုက်သည်။
"ကံဆိုးလိုက်တာ။ တကယ်ပဲ ငါ့ကံက သေလောက်အောင်ဆိုးတာပဲ"
မိန်းကလေးက လမ်းကြားထဲမှ ဖြည်းဖြည်းချင်းထွက်ခွာသွားသောအခါ ဖန်းချိုးယောင်မှာ ထိုနေရာတွင် ကြောင်တောင်တောင်ဖြင့် ရပ်ကျန်နေခဲ့ပြီး သူမဘာများမှားလုပ်မိသည်ကို ခုထိနားမလည်နိုင်သေးပေ။
"ခွီ—"
အိမ်ခေါင်မိုးပေါ်မှ မြင်ကွင်းတစ်ခုလုံးကို ကြည့်နေခဲ့သော ကျန်းပေရန်မှာ သူ၏ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရ၍ အသက်ရှူကျပ်မတတ် ဖြစ်သွားသည်။
သူ့မှာသာ ဖုန်းတစ်လုံးရှိခဲ့လျှင် သူဒီအခိုက်အတန့်ကို ဗီဒီယိုရိုက်ထားချင်မိသည်။ ဒါဆိုရင် တစ်ညတည်းနဲ့ ဗိုင်းရပ်စ်ဖြစ်သွားမှာ သေချာသည်။
တော်တော်ကြာပြီးနောက် လမ်းကြားထဲမှ ဖန်းချိုးယောင်မှာ နောက်ဆုံးတွင် တွေဝေနေရာမှ ပြန်လည်သတိဝင်လာပြီး မြည်တမ်းလိုက်သည်။
"ဒါက ဘာဖြစ်တာလဲ။ ငါက သူ့ကိုကူညီဖို့ကြိုးစားနေတာကို သူက ငါ့ကိုပြန်ဆဲတယ်။ သူက... သူက... ဟိုသူရဲဘောကြောင်တဲ့ အစ်ကိုကြီးထက်တောင် ပိုစိတ်အနှောင့်အယှက်ပေးနိုင်တာပဲ"
ကျန်းပေရန်က ဒီအခြေအနေမှာ မဆိုင်ဘဲ အဆဲခံလိုက်ရမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူက ခေါင်းကိုသာ ခါယမ်းနိုင်တော့သည်။ တစ်ချိန်တည်းမှာပင် ဒီမျိုးရိုးမြင့်သခင်မလေး၏ ဆဲဆိုသည့်စကားလုံးဝေါဟာရမှာ မည်မျှကန့်သတ်ချက်ရှိသည်ကိုလည်း သူသတိပြုမိလိုက်သည်။
ဒေါသတကြီး "ဟွန့်" ဟု အသံပြုရင်း ဖန်းချိုးယောင်က လမ်းကြားထဲမှ လှည့်ထွက်ကာ သူမ၏မူလသွားလိုရာခရီးကို ဆက်လက်ထွက်ခွာသွားသည်။
နဂါးနက်တိုက်ကြီးတွင် ညမထွက်ရအမိန့်မရှိပေ။ ထို့ကြောင့် သာမန်လူများ၏ ညဘက်ဘဝမှာ အတော်လေး တက်ကြွလှုပ်ရှားသည်။
နေဝင်ချိန်မြို့မှာ မကြီးသော်လည်း ၎င်း၏အတော်လေးချမ်းသာသော ဂျေဘီရပ်ကွက်မှာ ဖျော်ဖြေရေးရွေးချယ်စရာများစွာကို ပေးသည်။
လက်ဖက်ရည်ဆိုင် ပုံပြောဇရပ် အရက်ဆိုင်နှင့် ပြည့်တန်ဆာအိမ်များကဲ့သို့သော သာမန်လုပ်ငန်းများ အပြင် နေဝင်ချိန်မြို့တွင် ပြဇာတ်ဖျော်ဖြေမှုများပေးသော အထူးပြုပြဇာတ်ရုံများပင်ရှိသည်။ ထိုနေရာတွင် သင်က ပြဇာတ်ကြည့်ရင်း အပြင်ယူအစားအစာများကိုပင် မှာယူခံစားနိုင်သည်။
တော်တော်လေး အဆင့်မြင့်သည်။
ဒါက ဖန်းချိုးယောင်အတွက် ဒီလိုမြင်ကွင်းများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
အိမ်မှာတုန်းက သူမအဖေက သူမကို ညနေ ၃ နာရီနောက်ပိုင်း အိမ်အပြင်ထွက်ခွင့်ကို တင်းကြပ်စွာ တားမြစ်ထားသည်။ ထို့ကြောင့် ဒါက သူမ၏ ညဘက်မြို့တစ်မြို့ကို ပထမဆုံးအကြိမ် အတွေ့အကြုံဖြစ်သည်။
'အင်း ဘာအနံ့လဲ။ မွှေးလိုက်တာ...'
ဆိုင်တစ်ဆိုင်ဘေးမှ ဖြတ်သွားရင်း ဖန်းချိုးယောင်မှာ ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ရာ သူမက [လျှို့ဝှက်သုံးထပ် ဝက်သားပန်ကိတ်] ဟု ကြီးမားစွာရေးသားထားသည်ကို တွေ့လိုက်ရသည်။
ဂလု
ဖန်းချိုးယောင် ညင်သာစွာ တံတွေးမျိုချလိုက်သည်။
သူမက အစောပိုင်းက အရသာရှိသည်ဟုဆိုသော ပဲပေါက်စီများကို လွတ်သွားကတည်းက အစာစားချင်စိတ် ပြင်းပြနေခဲ့ပြီးဖြစ်သည်။ ယခုအခါ ပန်ကိတ်ရနံ့ကြောင့် ရှေ့ဆက်လျှောက်ရန် ခက်ခဲသွားသည်။
'မဟုတ်ဘူး။ ငါက အရေးကြီးကိစ္စနဲ့ ဒီကိုလာတာ။ အာရုံပျံ့လွင့်ဖို့ အချိန်မရှိဘူး'
သူမ၏စိတ်ပိုင်းဖြတ်မှုကို ပြန်လည်အတည်ပြုရင်း ဖန်းချိုးယောင်က သူမ၏ခေါင်းကို အတင်းအကျပ်လွှဲပြီး ရှေ့ဆက်လျှောက်သွားသည်။
"အား ကျွတ် ကျွတ်~"
ဖန်းချိုးယောင်က သူမ၏ခရီးလမ်းကြောင်းကို ပြန်လည်သတိရပြီး လမ်းညွှန်မေးရန် မည်သူ့ကိုမေးရမည်ကို တွေးတောနေစဉ် လမ်းဘေးမှ နာကျင်စွာငြီးငြူသံများ ထွက်ပေါ်လာသည်။
အသံနောက်သို့ လိုက်သွားရာ ဖန်းချိုးယောင်က မလှမ်းမကမ်းတွင် မြေပြင်ပေါ်၌ ထိုင်နေသော အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။
"အဘွား အဆင်ပြေရဲ့လား"
ဖန်းချိုးယောင်က ချက်ချင်းပင် ပြေးသွားပြီး သူမဘေးတွင် ထိုင်ချလိုက်သည်။
ဖန်းချိုးယောင်၏ ရုတ်တရက်ပေါ်လာမှုကြောင့် လန့်သွားသော အဘွားအိုက ပထမဦးစွာ နောက်ဆုတ်သွားပြီးမှ ငိုယိုလိုက်သည်။
"ငါ့ဘဝက သိပ်ကိုခါးသီးတာပဲ။ ဝူးဝူးဝူး။ ငါ့ကံကြမ္မာက ဘာလို့ဒီလောက်ရက်စက်ရတာလဲ"
အဘွားအို၏ အလွန်အကျူးဝမ်းနည်းပူဆွေးမှုကို မြင်သောအခါ ဖန်းချိုးယောင်က အလျင်အမြန် နှစ်သိမ့်လိုက်သည်။
"အဆင်ပြေပါတယ် အဆင်ပြေပါတယ် အဘွား ဘာဒုက္ခတွေရှိလဲဆိုတာ ကျွန်မကိုပြောပြပါ၊ ကျွန်မကူညီပေးမယ်"
ထိုအခါမှ အဘွားအိုက ဖန်းချိုးယောင်ကို သေသေချာချာကြည့်ပြီး သတိကြီးစွာဖြင့် မေးလိုက်သည်။
"ကောင်မလေး မင်းကဘယ်သူလဲ ဒီအဘွားကြီးက မင်းနဲ့ဘာမှမတော်စပ်ဘူး၊ ဘာလို့ငါ့ကိုကူညီချင်ရတာလဲ မင်းက ငါ့ပိုက်ဆံကို လိုချင်နေတာလား။ ငါပြောထားမယ် ငါ—"
"အား။ အဘွား ဘာတွေပြောနေတာလဲ။ အဘွားတို့လို သက်ကြီးရွယ်အိုတွေကို ကူညီတာက ကျွန်မတို့လိုလူတွေ လုပ်သင့်တဲ့အရာပါ။ ဒီမှာ ကျွန်မ အရင်ဆုံးထူပေးမယ်"
ထိုသို့ပြောပြီး ဖန်းချိုးယောင်က အဘွားအို၏လက်ကိုဆွဲပြီး အနီးအနားရှိ လှေကားထစ်များပေါ်တွင် ထိုင်ရန် ကူညီပေးလိုက်သည်။
"မင်းက တကယ်ကို ကြင်နာတတ်တဲ့ ကောင်မလေးပဲ"
ထိုင်ပြီးသည်နှင့် အဘွားအိုက ဖန်းချိုးယောင်၏လက်ကို ပုတ်ရင်း ပြောလိုက်သည်။
ချီးကျူးခံရသည့်အတွက် ကျေနပ်သွားသော ဖန်းချိုးယောင်က ပြုံးပြီး မေးလိုက်သည်။
"အဘွား တစ်နေရာရာမှာ နေမကောင်းဘူးလား"
"အား"
အဘွားအိုက လေးလံစွာ သက်ပြင်းချလိုက်သည်။
"ငါ့ရဲ့ ချွေးမကြောင့်ပဲ။ ငါ့ခြေထောက်တွေမကောင်းတာကို သိသိကြီးနဲ့ သူက ငါ့ကို ဒီမှာ တစ်ယောက်တည်း ပစ်ထားခဲ့တယ်။ အဲ့မိန်းမက ဒီအရိုးအိုအိတ်ကြီးကို ဒီမှာတင် သေစေချင်နေတာဖြစ်မယ်"
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်ချွေးမကများ သူ့ယောက္ခမကို သေစေချင်မှာလဲ"
"အား ကလေးရယ် မင်းရဲ့ဖြူစင်တဲ့နှလုံးသားက နားလည်မှာမဟုတ်ဘူး။ ဒါပေမဲ့ တချို့မိန်းမတွေက တကယ်ပဲ ကင်းမြီးကောက်လို နှလုံးသားရှိကြတယ်၊ အစအဆုံး ယုတ်မာကြတာ"
အဘွားအိုက ပတ်ဝန်းကျင်ကို တိတ်တဆိတ်ဝေ့ကြည့်ပြီး လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
"မိသားစုအရှက်ကို အပြင်မှာမဖော်သင့်ပေမဲ့ ဒီအဘွားကြီးမှာ သူ့ဒုက္ခတွေကို မျှဝေခံစား ပေးမယ့်သူတစ်ယောက်မှမရှိဘူး။ အဘွားကြီးတစ်ယောက်ရဲ့ ပွစိပွစိဒဏ်ကို မင်းစိတ်မရှိဘူးဆိုရင် ငါနည်းနည်းလောက်ပြောပြမယ်"
"ဟုတ်ကဲ့ပါ အဘွား။ ကျွန်မနားထောင်နေပါတယ်"
"ငါ့ရဲ့အဲ့ဒီချွေးမ နေ့တိုင်းသူက ငါ့ကို ဝက်စာကျန်တွေကျွေးပြီး ညဘက်ဆို ထင်းထားတဲ့ တဲထဲမှာ အိပ်ခိုင်းတယ်။ နွေရာသီကတော့ ခံနိုင်ရည်ရှိပေမဲ့ ဆောင်းရာသီရောက်လာရင်တော့ ဒီငါ့အရိုးအိုကြီးတွေက တကယ်ပဲ..."
အဘွားအိုက နောက်တစ်ကြိမ် ငိုကြွေးပြန်သည်။
"ဘယ်လောက်တောင် စော်ကားလိုက်သလဲ"
ဖန်းချိုးယောင်က မကျေမနပ်ဖြင့် သူမ၏ပေါင်ကို ရိုက်လိုက်သည်။
"ဒီလောက်ယုတ်မာတဲ့လူက ဘယ်လိုဖြစ်ပြီး ရှိနေနိုင်ရတာလဲ။ အဘွား လာပါ ကျွန်မ အဘွားကို အိမ်လိုက်ပို့ပြီး အဲ့ဒီအဘွားရဲ့ချွေးမဆီက ရှင်းပြချက်တောင်းမယ်"
အဘွားအိုက ချက်ချင်းပင် သူမ၏လက်များကို ဝှေ့ယမ်းပြီး ကန့်ကွက်လိုက်သည်။
"မဖြစ်ဘူး မဖြစ်ဘူး အဲ့လိုမလုပ်နဲ့။ ငါ့ချွေးမက မြို့ထဲမှာ အဆိုးဆုံး ရန်တွေ့တတ်တဲ့မိန်းမပဲ၊ တိုင်းတာလို့မရအောင် ကြောက်စရာကောင်းတယ်။ မင်းလိုနူးညံ့တဲ့ကောင်မလေးဆိုရင် အရှင်လတ်လတ် အစားခံရလိမ့်မယ်"
"စိတ်မပူပါနဲ့ အဘွား။ ကျွန်မရဲ့ဒီဓားနဲ့ဆိုရင် အဘွားရဲ့ချွေးမက ကျွန်မကို ဘာမှမလုပ်နိုင်ပါဘူး။ ဒါ့အပြင် ကျွန်မက သူနဲ့ အကျိုးအကြောင်းနဲ့ပဲ ပြောဆိုမှာပါ၊ အကြမ်းဖက်ဖို့မလိုပါဘူး"
"မဖြစ်ဘူး မဖြစ်ဘူး ဒီအဘွားကြီးက အသက်အလုံအလောက် နေခဲ့ပြီးပြီ။ ငါသေရင်သေပါစေ၊ မင်းလိုကောင်မလေးငယ်တစ်ယောက်ကို ဒီထဲဆွဲမထည့်နိုင်ဘူး"
"တကယ်ပဲ အဘွား ကျွန်မအဆင်ပြေမှာပါ လာပါ အဘွားကို အိမ်ပြန်ပို့ပေးမယ်"
"ကောင်း... ကောင်းပြီလေ ကောင်းကင်ဘုံက ဒီဆင်းရဲတဲ့အဘွားကြီးကို သနားလို့ မင်းလိုကြင်နာတတ်တဲ့ ကောင်မလေးကို လွှတ်လိုက်တာဖြစ်မယ်"
ဖန်းချိုးယောင် ညင်သာစွာ ပြုံးလိုက်သည်။
"ဒါက ကျွန်မတို့လိုလူတွေ လုပ်သင့်တဲ့အရာလေးတစ်ခုပါပဲ။ အဘွား လမ်းလျှောက်နိုင်ရဲ့လား"
"ငါ... ငါလျှောက်နိုင်ပါတယ်"
"ကောင်းပြီ ကျွန်မတွဲပေးမယ်။ ဖြည်းဖြည်းသွားနော်"