ပုန်းကွယ်နေသော အန္တရာယ်
Vol. 144 Ch. 2052
ရီဖူရှင်းသည်လည်း တစ်စုံတစ်ခုကို သတိရလိုက်၏။ ဆေးအင်ပါယာက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ မှတ်ဉာဏ်များထဲတွင် နောက်ဆုံးတိုက်ပွဲအကြောင်း မှတ်ဉာဏ်တစ်ခုခုများ ရှိလားဟု မေးခဲ့သည်။
ထို့ပြင် တုံ့လိုင်နတ်ဘုရားအကြီးအကဲတွင် အချို့ မှတ်ဉာဏ်များ ရှိနေခဲ့လျှင် သူက မည်သည့်အတွက် နတ်မိမယ်တုံ့လိုင်ကို ထိုမှတ်ဉာဏ်များ လက်ဆင့်ကမ်းမပေးခဲ့သလို နောက်ဆုံးတိုက်ပွဲအကြောင်း ပြောပြရန်လည်း ယုံကြည်ချက် မရှိခဲ့ရသနည်း။ ဆေးအင်ပါယာနှင့် အပြင်လူများသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲထံ၌ တိုက်ပွဲအကြောင်း မှတ်ဉာဏ်အကြွင်းအကျန်တို့ ရှိနေကြောင်း သိထားကြသည်။
ယခု ရီဖူရှင်း နားလည်သွားသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲက တုံ့လိုင်နတ်မိမယ်နှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အခြားလူများအပြင် ဆေးအင်ပါယာကိုလည်း အရှုပ်အထွေးများထဲ ပါဝင်ပတ်သတ်စေလိုခြင်း မရှိသောကြောင့် ဖြစ်လေသည်။ သူတို့က အမှန်တရားကို သိလျှင် ပျက်စီးခြင်းဆိုက်ရောက်ကြပေလိမ့်မည်။
နတ်မိမယ်တုံ့လိုင်၏ ပြောပြချက်အရ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်းမှာ ဆေးအင်ပါယာနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုကြားမှ ပဋိပက္ခကြောင့် ဖြစ်သည်။ နယ်မြေသခင်က ကိစ္စများကို ညှိနှိုင်းပေးရန် ရှေ့ထွက်လာပြီး ဆေးအင်ပါယာကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကိစ္စရပ်များအား ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးခဲ့သည်။ ထိုစည်းမျဥ်းများကို အခြေခံကာ ရှေးဟောင်းတော်ဝင် ယန်မိသားစုက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအား ထပ်မနှောက်ယှက်တော့ပေ။ တစ်ချိန်တည်းတွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည်လည်း အပြင်လောကနှင့် ပတ်သတ်သော ကိစ္စရပ်များကို ဝင်စွက်ဖက်ခြင်းမှ ရပ်တန့်လိုက်ကာ ငြိမ်းချမ်းရေးကို ပြန်လည်ရရှိလာသည်။
ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တို့၌ ရန်ငြိုးအာဃာတများ ရှိသော်လည်း သူတို့က ငြိမ်းချမ်းရေးသရုပ်ကို ထိန်းသိမ်းနေသရွေ့ တုန်းဟွာနယ်မြေက စည်းကမ်းတကျ ရှိနေပေလိမ့်မည်။
သို့သော် ယခု ရီဖူရှင်း အမှန်တကယ် နားလည်သဘောပေါက်လာသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်းတွင် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်သာမကဘဲ နောက်ကွယ်မှ ကိစ္စရပ်တစ်ခုလုံးကို ကြိုးကိုင်နေသူမှာ နယ်မြေသခင် ဖြစ်နိုင်ချေက အလွန်များသည်။ သူတို့ လိပ်နတ်ဘုရားကျွန်းစုနယ်မြေတွင် နယ်မြေသခင်၏ ရှေ့မှောက်၌ပင် လင်းရှောင်နန်းတော်က ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တို့ကြားမှ ပြဿနာအတွင်း ဝင်စွက်ဖက်ရန် တွေဝေနေခြင်းမရှိခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ထိုအင်အားစုနှစ်ခုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ရင်ဆိုင်ရန် အမြဲ ပူးပေါင်းခဲ့သည်။ သူတို့က လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ပြီးနောက် နယ်မြေသခင် ချမှတ်ထားသော စည်းမျဥ်းများကို ချိုးဖောက်ကာ ရည်ရွယ်ချက်ဆိုးများနှင့် တိုက်ရိုက် လှုပ်ရှားလာသည်။
ပြဿနာများကို သေချာစဥ်းစားတွေးတောပြီးနောက် အရာအားလုံးက ချက်ချင်း ရှင်းလင်းလာသည်။ တုန်းဟွာနယ်မြေသခင်က ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်တို့၏ နောက်တွင် ကျောထောက်နောက်ခံ ပြုပေးထားသည်။ ထို့ကြောင့် သူတို့က ဤနေရာ၌ သူတို့ စိတ်ကျေနပ်သလို ပြုမူကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်အားလုံးကို တစ်ချက်တည်း သတ်ပစ်ရန် ရည်ရွယ်နေခြင်း ဖြစ်ပေသည်။ သူတို့က နယ်မြေသခင် သူတို့အား အပြစ်ပေးမည်ကို စိတ်ပူနေရန် မလိုအပ်ပေ။
နယ်မြေသခင်က နောက်ကွယ်မှလူ ဖြစ်နေရာ သူက သူတို့အား မည်သည့်အတွက် အပြစ်ပေးလိမ့်မည်နည်း။
ရီဖူရှင်းသည် ထိုပြဿနာ ပို၍ လောင်ကျွမ်းလာခြင်းမှာ သူ့ပါရမီ အရည်အချင်းတို့အား ပြသခဲ့သည့်အတွက် တစ်ဖက်လူတို့အား ထိတ်လန့်စေခဲ့ခြင်း ဖြစ်သည်ဟု ယူဆမိ၏။ မဟုတ်လျှင် အရာအားလုံးက ယခင်ကနှင့် တူညီစွာ ကျန်ရှိပေလိမ့်မည်။ တုန်းဟွာနယ်မြေအတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် နယ်မြေသခင်က သူတို့ကို ကိုယ်တိုင် ဆန့်ကျင်နိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့အား အမှန်တကယ် ခြိမ်းခြောက်နိုင်မည် မဟုတ်ပါချေ။
သူ၏ တည်ရှိမှုက လူအများကို ရည်ရွယ်ချက်ဆိုးများ ဖြစ်လာစေရန် လှုံ့ဆော်ပေးသည်။
"ကောင်းပြီ။" လီချန်ရှန်းက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ သိသာစွာပင် သူ့တွင် ဆေးအင်ပါယာနှင့် ဆက်သွယ်ရန် နည်းလမ်းရှိ၏။ သူက ဖမ်းလိုင်နတ်ဘုရားကုန်းမြေ၌ ရှိစဥ် သတင်းပို့ရတနာအား လဲလှယ်ခဲ့သည်။ အခြားထိပ်သီးပုဂ္ဂိုလ်ကြီးများတွင်လည်း သတင်းပို့ရတနာများ ရှိကြသည်။
ရီဖူရှင်း ပို့လွှတ်လိုက်သည့် အသံကို ကြားသောအခါ လီချန်ရှန်းသည် ထိုကိစ္စက အလွန် လေးနက်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တစ်ခုလုံးကို သက်ရောက်လာနိုင်ကြောင်း နားလည်သွား၏။ သူ၏ ဆရာ ဆေးအင်ပါယာပင်လျှင် လွတ်မြောက်လိမ့်မည် မဟုတ်ပေ။
ယခင်က သူ့ဆရာသည် လင်းရှောင်နန်းတော်သာ ပါဝင်ပတ်သတ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ သို့သော် အရာအားလုံး၏ နောက်ကွယ်မှလူမှာ တုန်းဟွာနယ်မြေသခင် ဖြစ်လိမ့်မည်ဟု မည်သူမှ တွေးထင်ထားခြင်း မရှိချေ။
ရလဒ်အနေနှင့် ယခု ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တစ်ခုလုံးသည် တစ်ချိန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ဆင်တူသော အခြေအနေသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။
…
တုန်းဟွာနယ်မြေသခင်၏ အိမ်တော်တွင် တိမ်နှင့်မြူများက နေရာတစ်ခုလုံးကို ဝန်းရံနေပြီး နတ်အရှိန်အဝါတို့နှင့် လွှမ်းခြုံထားသည်။ တုန်းဟွာနန်းတော်အတွင်း ထိပ်သီးပုဂ္ဂိုလ်တစ်စုမှာ ထိုနေရာ၌ ရှိနေဆဲ ဖြစ်သည်။ သူတို့က သောက်စားနေရင်း လျှို့ဝှက်နယ်မြေတည်ရှိရာ တောင်အောက်သို့ ကြည့်နေကြ၏။ ဖူယောင်လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်သွားသူများမှာ ထိုနယ်မြေအား ဖြတ်သန်းပြီးနောက် ဤနေရာတွင် ထွက်ပေါ်လာကြလိမ့်မည် ဖြစ်သည်။
သူတို့က ရောက်တတ်ရာရာ စကားပြောဆိုနေရင်း ရယ်မောကာ လျှို့ဝှက်နယ်မြေမှ မည်သူက ဦးဆုံး ထွက်လာနိုင်လိမ့်မည်နည်းဟု ဆွေးနွေးနေကြသည်။
ထိုအချိန်၌ ရယ်မောကာ စကားပြောဆိုနေသည့် လင်းရှောင်နန်းတော်သခင်က ရုတ်တရက် ဖြူဖျော့သွားလေသည်။ သူ့မျက်နှာက အလွန် မည်းမှောင်နေပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့က သူ့ထံမှ ထွက်ပေါ်လာ၏။ ၎င်းသည် တုန်းဟွာနန်းတော်တခွင်လုံးကို ချက်ချင်းတိတ်ဆိတ်သွားစေသည်။
လူတိုင်းက လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီကို ကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက်က မေးလိုက်၏။ "ဘာဖြစ်လို့လဲ။"
နယ်မြေသခင်နင်ကလည်း လင်းယွင်ကျီကို ကြည့်ကာ မေးလိုက်သည်။ "ဘာဖြစ်တာလဲ။"
လင်းယွင်ကျီ၏ မျက်လုံးများတွင် နာကျင်နေသော အကြည့်တို့ ဖြစ်ပေါ်လာကာ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သူက ပြောလိုက်၏။ "လင်းဟယ်တစ်ခုခု ဖြစ်သွားတယ်။"
နယ်မြေသခင်နင်၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားသည်။ တုန်းဟွာနန်းတော်အတွင်းရှိ လူတိုင်း၏ မျက်နှာထက်တွင် မတူကွဲပြားသော အကြည့်တို့ ဖြစ်ပေါ်လာသော်လည်း သူတို့အားလုံးက သိချင်နေကြသည်။ လင်းဟယ်က လျှို့ဝှက်နယ်မြေအတွင်း အသတ်ခံလိုက်ရသည်လား။
လျှို့ဝှက်နယ်မြေအတွင်း အချို့သော အန္တရာယ်များ ရှိသော်လည်း နင်ဟွာနှင့် တုန်းဟွာနယ်မြေသခင်အိမ်တော်မှ လူများက သူတို့နှင့်အတူ လိုက်ပါသွားကြသည်။ ပြောရလျှင် လင်းဟယ်ကဲ့သို့ အဆင့်အတန်းနှင့် တစ်စုံတစ်ယောက်က အဆင်ပြေသင့်၏။
သို့သော် ယခုတွင် လင်းယွင်ကျီက လင်းဟယ်၌ တစ်ခုခု ဖြစ်နေပြီဟု ပြောသည်။
လင်းဟယ်က လျှို့ဝှက်နယ်မြေအတွင်း ရှိနေစဥ် မည်သူကမှ အထဲတွင် မည်သည်တို့ ဖြစ်ပျက်နေကြောင်း မသိရှိနိုင်ကြပေ။ လင်းယွင်ကျီက လင်းဟယ်၏ သေဆုံးခြင်းအား နိမိတ်ခံစားမိရုံသာ ရှိနိုင်ပေလိမ့်မည်။
ခွမ်း...
အရက်ခွက်ကွဲကြေသွားသံကို ကြားလိုက်ကြရသည်။ အဖြစ်အပျက်ကို မည်သူကမှ နားမလည်ခင် သူတို့က အသံလာရာသို့ လှည့်ကြည့်လိုက်မိကြသည်။ ထိုသည်က အင်ပါယာယန် ဖြစ်၏။
အင်ပါယာယန်၏ မျက်နှာတွင် ကြောက်မက်ဖွယ် အကြည့်တို့ ရှိနေပြီး သူ့လက်ထဲမှ ဖန်ခွက်က ကွဲကြေ၍ အမှုန့်အဖြစ် ပြောင်းလဲသွားသည်။ အရက်များက စားပွဲပေါ် ဖိတ်စင်နေသည်။ သူ့မျက်လုံးများက အနည်းငယ် ဗလာဖြစ်နေကာ နယ်မြေသခင်နင်အား ကြည့်၍ ရေရွတ်လိုက်၏။ "တုန်းရန်..."
ယန်တုန်းရန်...
လူတိုင်း၏ နှလုံးသားများက တုန်ယင်သွားသည်။ မည်သည်တို့ ဖြစ်နေသနည်း။
လင်းဟယ်နှင့် ယန်တုန်းရန် နှစ်ယောက်လုံးက အဓိကအင်အားစုနှစ်ခုမှ ပါရမီရှင်များဖြစ်ကာ အရေးပါသော အမွေဆက်ခံသူလည်း ဖြစ်သည်။ ထို့ပြင် သူတို့နှင့်အတူ အစွမ်းထက်တန်ခိုးရှင်များစွာ ပါသွားသေးသည်။ သူတို့က မည်သို့ဖြစ်၍ နှစ်ယောက်လုံး သေဆုံးသွားရသနည်း။
သူတို့က ထိပ်သီးအဆင့်ရန်ဟောင်များကို ခေါ်ဆောင်မသွားခဲ့သည်လား။
ထို့အခိုက်တွင် တုန်းဟွာနန်းတော်အတွင်း အပ်ကျသံပင် ကြားရလောက်အောင် အလွန်တိတ်ဆိတ်သွားခဲ့သည်။ ထိုနေရာ၌ ဖိအားအနည်းငယ်ကိုလည်း ခံစားမိကြပေသည်။
"လျှို့ဝှက်နယ်မြေထဲမှာ အန္တရာယ်နဲ့ တွေ့ကြတာများလား။" အင်ပါယာရှီက တုန်းဟွာနန်းတော်အတွင်းမှ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ တီးတိုးရေရွတ်လိုက်သည်။ နယ်မြေသခင်က သူတို့အား ကြည့်ရင်း ပြောလိုက်၏။ "ခင်ဗျားတို့နဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။"
ဆေးအင်ပါယာက တိတ်ဆိတ်စွာ ထိုင်နေ၏။ သူသည် အင်ပါယာယန်နှင့် လင်းယွင်ကျီတို့ထံမှ သူ့ပေါ်ကျရောက်လာသော အရှိန်အဝါကို ခပ်ရေးရေးခံစားမိသည်။ သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ ထိုသည်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် တစ်ခုခု ပတ်သတ်နေသည်လား။
သို့သော် လူတိုင်းက လျှို့ဝှက်နယ်မြေအတွင်း ရှိနေရာ အထဲ၌ မည်သည်တို့ အတိအကျ ဖြစ်ခဲ့သည်ကို မည်သူကမှ သိလိမ့်မည် မဟုတ်ပေ။
မဟုတ်လျှင်....
သူတို့က ဤတစ်ကြိမ်၌ အစီအစဥ် ဆွဲထားခဲ့သည်လား။
သူ့နှလုံးသားက တုန်ယင်လာသောကြောင့် ထိုအကြောင်းကို ထပ်မတွေးတော့ပေ။ သို့သော်လည်း သတင်းပို့ချက်ကို လက်ခံရရှိပြီးနောက် သူ၏ မျက်လုံးများက ထက်ရှလာကာ ခေတ္တမျှ မှင်တက်သွားလေသည်။
ဆေးအင်ပါယာက သူ့ခံစားချက်များကို ထိန်းချုပ်ထားသည့်အတွက်ကြောင့် သူ့အရှိန်အဝါက အတက်အကျ မရှိခဲ့ပေ။ အရာအားလုံးက ပုံမှန်ဖြစ်နေသကဲ့သို့ သူက ခေါင်းကို ငုံ့ကာ အရက်အား စုပ်သောက်လိုက်သည်။ သို့သော်လည်း သူ့ရင်ထဲ၌ အကြီးအကျယ် ရှုပ်ထွေးနေခဲ့ပြီ ဖြစ်၏။
နယ်မြေသခင်အိမ်တော်က ပါဝင်ပတ်သတ်နေသည်လား။
ဆေးအင်ပါယာသည် ထိုကိစ္စနှင့်ပတ်သတ်၍ အနည်းငယ် ရှုပ်ထွေးနေသော်လည်း ထိုသတင်းပို့ချက်ကို လက်ခံရရှိသည့်အခါ အရာအားလုံး ရှင်းလင်းသွားလေသည်။ ယခု သူက အရာအားလုံးကို နားလည်သွားပြီ ဖြစ်သည်။
သို့သော် သူက ထိုသိရှိမှုအား ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။
"နယ်မြေသခင်၊ ကျုပ် ဖြေရှင်းရမယ့်ကိစ္စလေး ရုတ်တရက် ပေါ်လာလို့။ ခဏလောက် သွားရမယ်။" ဆေးအင်ပါယာက ခံစားချက်အား ထိန်းချုပ်ကာ အရက်ခွက်အား မြှောက်ရင်း နယ်မြေသခင်နင်ကို ပြောလိုက်သည်။
နယ်မြေသခင်နင်က ဆေးအင်ပါယာကို ထူးဆန်းသော အကြည့်နှင့် ကြည့်လိုက်သော်လည်း သိမ်မွေ့စွာ မေးလိုက်သည်။ "ကျုပ်တို့ ဒီလိုဆုံစည်းဖို့ လွယ်ကူတာမဟုတ်ဘူး။ ဘာတွေ အရေးကြီးနေလို့လဲ။"
"ကိုယ်ရေးကိုယ်တာကိစ္စပါ။" ဆေးအင်ပါယာက တုံ့ပြန်လိုက်ပြီး နယ်မြေသခင်က သူ၏ သံသယကို ဖော်ပြခြင်းမရှိဘဲ ခေါင်းညိတ်ခွင့်ပြုလိုက်သည်။ အပေါ်ယံ၌ အရာအားလုံးက အဆင်ပြေနေသလို ထင်မှတ်ရသည်။
"ဒါက ဘာကိုဆိုလိုတာလဲ.. ဆေးအင်ပါယာ။" လင်းယွင်ကျီက ရုတ်တရက် အေးစက်သော အသံနှင့် ပြောလိုက်သည်။
အင်ပါယာယန်ကလည်း သူ့ကို အေးစက်သော အမူအရာနှင့် ကြည့်လိုက်သည်။ ထိုအဓိကအင်အားစုမှ တန်ခိုးရှင်နှစ်ယောက်၏ အရှိန်အဝါက ဆေးအင်ပါယာပေါ်သို့ ကျဆင်းလာ၏။
"ခင်ဗျားတို့ ဘာပြောချင်တာလဲ ကျုပ် နားမလည်ဘူး။" ဆေးအင်ပါယာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"လင်းရှောင်နန်းတော်နဲ့ ယန်ပြည်ထောင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နဲ့ ရန်ငြိုးတချို့ ရှိခဲ့တယ်။ အခု လင်းဟယ်နဲ့ ယန်တုန်းရန်မှာ တစ်ခုခု ဖြစ်သွားခဲ့တော့ ဆေးအင်ပါယာ သိထားတာ တစ်ခုခုများ ရှိလား။" လင်းယွင်ကျီက အေးစက်စွာ ပြောလိုက်သည်။
"ဆေးအင်ပါယာက တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာလား။" အင်ပါယာယန်က ဟန်ဆောင်ခြင်းအလျဥ်းမရှိဘဲ မယဥ်ကျေးစွာ စစ်မေးလိုက်သည်။
"ခင်ဗျားတို့ ကျုပ်ကို လာနောက်နေတာလား။" ဆေးအင်ပါယာက သူ့ခန္ဓာမှ ဖိအားတို့ကို ထုတ်လွှတ်လိုက်သည်။ "နယ်မြေသခင်က လျှို့ဝှက်နယ်မြေခရီးမှာ စည်းမျဥ်းတွေ ချမှတ်ခဲ့တယ်။ ကျုပ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေကို စည်းမျဥ်းတွေ ချိုးဖောက်ခွင့်ပြုရအောင် ကျုပ်က ရူးနေလို့လား။ ပြီးတော့လည်း အရင်က ခင်ဗျားတို့နှစ်ယောက်ပဲ ယုံကြည်ချက်အပြည့်နဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တန်ခိုးရှင်တွေကို ပစ်မှတ်ထားခဲ့တာ။ အခု မတော်တဆ ဖြစ်တာနဲ့ ခင်ဗျားတို့ ကျုပ်ကို ဘယ်လိုစွပ်စွဲရဲရတာလဲ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ခင်ဗျားတို့မျက်လုံးထဲမှာ အဲဒီလောက်တောင် အဖိုးတန်နေတာလား။ ခင်ဗျားတို့ရဲ့ တန်ခိုးရှင်တွေက လျှို့ဝှက်နယ်မြေထဲမှာ ကျုပ်ရဲ့ တပည့်တွေထက် နိမ့်ကျတယ် ထင်လို့လား။"
"မဟုတ်ရင် ခင်ဗျားတို့ အစကတည်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို တစ်ခုခုလုပ်ဖို့ စီစဥ်ထားကြလို့လား။"
ဆေးအင်ပါယာ၏ မေးခွန်းက လူတိုင်းကို တိတ်ဆိတ်သွားစေသည်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ပြောလိုက်သည်။ "အရင်တုန်းက လင်းရှောင်နန်းတော်နဲ့ ယန်ပြည်ထောင်ကပဲ အစပြုလှုပ်ရှားခဲ့တာ။ လျှို့ဝှက်နယ်မြေထဲမှာဆိုရင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကလူတွေကို အင်အားစုနှစ်ခုနဲ့ ရန်သူဖြစ်လောက်အောင် လုပ်ဆောင်ဖို့ အမိန့်ပေးရအောင် ဆေးအင်ပါယာက ဒီလောက် ရဲဝံ့လိမ့်မှာ မဟုတ်ဘူး။ နယ်မြေသခင် ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ဖို့ဆိုတာ လုံးဝကျိုးကြောင်း မဆီလျော်ဘူး။"
လင်းယွင်ကျီနှင့် အင်ပါယာယန်က မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို ကြည့်လိုက်သည်။ သူတို့က သူတို့ပေးခဲ့သည့်အမိန့်ကို ကောင်းကောင်း သဘောပေါက်သည့်အတွက် ဖြစ်ခဲ့သည်များကို ကောင်းစွာ မှန်းဆနိုင်သည်။ သူတို့၏ ခန့်မှန်းချက်က သိပ်မကွာလှပေ။ မဟုတ်လျှင် မည်သူက အမိန့်ပေးလိုက်သည်အား သူတို့ ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် အချို့ကိစ္စများက ပွင့်ပွင့်လင်းလင်း ပြောပြ၍ မရနိုင်ပေ။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများနှင့် ရီဖူရှင်းအား လုပ်ကြံရန် အင်အားစုနှစ်ခုမှ လူများအား အမိန့်ပေးခဲ့သည်ဟု ဝန်ခံရန် မဖြစ်နိုင်ပေ။
"ဆေးအင်ပါယာက ဒီအချိန်မှာ ထွက်သွားမယ်လို့ခွင့်တောင်းခဲ့တာ အရမ်းတိုက်ဆိုင်လွန်းနေတာ မဟုတ်ဘူးလား။ ဆေးအင်ပါယာက ဒီကိစ္စကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နဲ့ မဆိုင်ဘူးလို့ တွေးရင် ဘာလို့ ဆက်မနေတာလဲ။" လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီက အေးစက်စွာ ပြောလိုက်သည်။
"လင်းယွင်ကျီ.. ခင်ဗျားပြောချင်တာ ကျုပ်က ဒီလိုအမိန့်မျိုး ပေးခဲ့တာမို့ အခု ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်တွေကို စွန့်ပစ်ပြီး ဒီကနေ ထွက်ပြေးတော့မယ်လို့လား။" ဆေးအင်ပါယာ၏ မျက်လုံးများက ထက်ရှကာ ခွင့်မလွှတ်နိုင်ဟန်နှင့် လင်းယွင်ကျီအား မေးလိုက်သည်။ ထိုသို့သမုတ်ခြင်းက အဓိပ္ပါယ်မရှိလှပေ။
သူစကားပြောပြီးသွားသည်နှင့် ဆေးအင်ပါယာက မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "ကျုပ် ထွက်သွားရင် ခင်ဗျားက ရပ်တန့်ဖို့ ကြိုးစားမှာလား။"
ထို့နောက် သူ့ခန္ဓာကိုယ်မှ ဖိအားတို့ ထွက်ပေါ်လာ၏။ ချက်ချင်းပင် လေဟာနယ်က အလွန် လေးလံလာတော့သည်။ သူတို့သုံးယောက်၏ မဟာလမ်းစဥ် အရှိန်အဝါက ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တုန်းဟွာနန်းတော်အတွင်း လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။ မည်သူကမှ စကားမပြောပေ။ ထိုသို့သော ပဋိပက္ခမျိုးမှာ အခြားအင်အားစုများက ပါဝင်ရန် မသင့်တော်ပေ။ သူတို့အတွက် စောင့်ကြည့်နေရန်သာ တတ်နိုင်သည်။
"အချင်းပွားဖို့မလိုပါဘူး။ ကျုပ်တို့ ဒီကိစ္စကို သေချာ စစ်ဆေးပေးမှာပါ။ ခင်ဗျားတို့ရဲ့ ခံစားချက်ကို နားလည်ပေမယ့် သူတို့ ထွက်လာတဲ့အထိ စောင့်ပါဦး။" ထိုအချိန်၌ နယ်မြေသခင်နင်က ပြောလိုက်သည်။ "ဆေးအင်ပါယာမှာ ကိုင်တွယ်စရာ ကိစ္စရှိရင် ကျေးဇူးပြုပြီး သွားဖြေရှင်းလိုက်ပါ။"
ဆေးအင်ပါယာက နယ်မြေသခင်နင်အား နက်ရှိုင်းစွာ ကြည့်လိုက်သည်။ နယ်မြေသခင်၏ ခွန်အားနှင့် အဆင့်အတန်းကို ဆုံးဖြတ်ရလျှင် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့မည်မှာ သေချာသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တပည့်များက လျှို့ဝှက်နယ်မြေအတွင်း ရှိနေဆဲ ဖြစ်၏။ သူက မည်သို့ လုပ်နိုင်မည်နည်း။
သူ့ခေါင်းထဲမှ အတွေးများကို ဖိနှိပ်ရင်း ဆေးအင်ပါယာက ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် နယ်မြေသခင်။"
သူက လေဟာနယ်အတွင်း လှည့်ထွက်ကာ ပျောက်ကွယ်သွားသည်။ ထွက်သွားသည့် ပုံရိပ်ကို ကြည့်ရင်း အင်ပါယာယန် နှင့် လင်းယွင်ကျီတို့၏ အမူအရာက အလွန် မည်းမှောင်နေခဲ့သည်။
ဆေးအင်ပါယာက သတင်းတစ်ခုခု ရသွားခြင်း ဖြစ်ရမည်။
***