← Chapters

အမျိုးသားတစ်ဦးရဲ့ အကန့်အသတ်

Vol. 135 Ch. 2025

အမျိုးသားတစ်ဦးရဲ့ အကန့်အသတ်

Vol. 135 Ch. 2025

“ ဒါဆိုလည်း ကျွန်မကပဲ လူကြီးမင်းကို ကြိုပြီး ကျေးဇူးတင်လိုက်တော့မယ်နော်… ရှင့်ရဲ့ တည်ရှိမှုနဲ့ ကျွန်မတို့ကို ဂုဏ်တက်စေတဲ့အတွက်ပေါ့ …”

ပြောပြီးနောက် ယွင်ရှင်သည် ဖန်ခွက်ထဲရှိ ဝိုင်ကို တစ်ကျိုက်တည်းဖြင့် အပြတ်ဖြတ်ကာ ယဉ်ကျေးစွာ ဆိုလိုက်၏။

“ လူကြီးမင်းလင်း … ရှင်တို့ရဲ့ အချိန်ကို ကျွန်မ ဆက်ပြီး မနှောင့်ယှက်တော့ဘူးနော်… စားနေတုန်း တစ်ခုခု လိုအပ်တယ်ဆိုရင် ကျွန်မကို ပြောဖို့ အားမနာနဲ့ သိလား …”

“ ကောင်းပြီ … ကျေးဇူးပါပဲ …”

ယဉ်ကျေးသည့် လောကဝတ်စကား တချို့ ပြောဆိုပြီးနောက် ယွင်ရှုနှင့် သူ့မန်နေဂျာမှာ သီးသန့်ခန်းထဲက ထွက်ခွာသွားခဲ့သည်။ ထို့နောက် မန်နေဂျာက တိတ်တဆိတ်မေးမြန်းလာသည်။

“ အစ်မယွင် … ခင်များ သူ့ကို ဒီလောက်ကြီးတဲ့ သဘောကောင်းပေးခဲ့တာ တကယ်လို့ သူက ဒီကို လူတွေ အများကြီး ခေါ်လာပြီး အားပါးတရ သောက်စားပျော်ပါးနေရင် ဘယ်လိုလုပ်မလဲ …”

မန်နေဂျာ တစ်ယောက်အနေဖြင့် သူ၏ စိတ်က ဘဏ္ဍာရေး ရှုထောင့်အမြင်ဘက်သို့ အလိုအလျောက် တွက်ချက် မိသွားခဲ့သည်။

“ မပူနဲ့ … သူ နောက်တစ်ခေါက် ထပ်ရောက်လာမှာ မဟုတ်ဘူး …” ယွင်ရှု ပြန်ဖြေလိုက်ပြီး “ ငါက ဒီတိုင်း ဧည့်ဝတ်ကျေပြနေတာ .. ဒါပေမယ့် အမှန်အတိုင်း ပြောရရင် သူ ပြန်လာလည်း စိတ်မရှိပါဘူး … ဒီလောက် ပိုက်ဆံလေးကို ငါလည်း ကပ်တွက်မနေဘူး …”

“ သူက ပြန်မလာဘူးပေါ့ …” မန်နေဂျာမှာ ဇဝေဇဝါ ဖြစ်နေသည့် လေသံဖြင့် မေးမြန်းလာခဲ့သည်။

“ မလာတော့ဘူး … ဘာလို့ဆို ဖူရုံရှန်းက သူ့စံနှုန်းတွေနဲ့ မကိုက်ညီလို့ပဲ …”

“ သူ့စံနှုန်းတွေနဲ့ မကိုက်ညီဘူး ဟုတ်လား .. ဒါက ကျုပ်တို့ရဲ့ ဖူရုံရှန်းလေ … မီချယ်လင်းကတောင် ကြယ်တစ်ပွင့်ပေးတော့မယ့် ဆိုင်လေ…. ” မန်နေဂျာမှာ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့သည်။ “ ပြီးတော့ သူက အစားဂျေးများတယ်ဆိုရင်တောင် အစ်မယွင်ရဲ့ အဆင့်အတန်းနဲ့ သူ အဲ့အချက်ကို သတိမထားမိဘူးဆိုတာ မယုံဘူး …”

ယွင်ရှု ပြုံးလိုက်ပြီး သူ့ကိုယ်သူ အထင်သေးသည့် အမူအရာဖြင့် “ နင်တို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ ငါက အရေးပါတဲ့ အကောင်ကြီးကြီး တစ်ယောက် ဖြစ်ရင် ဖြစ်လိမ့်မယ်… ဒါပေမယ့် သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ ငါက ဘာမှမဟုတ်တဲ့ ငါးအသေးလေးပဲ …”

မသိစိတ်အလျောက် ယွင်ရှုသည် လင်းရီ၏ အခန်းဘက်သို့ လှည့်ကြည့်မိသွားခဲ့သည်။

“ သူ့ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကို နင်လည်း သတိထားမိမှာပေါ့ … ငါတို့နှစ်ယောက်ရဲ့ သွင်ပြင်ချင်းယှဉ်ရင် သူလည်း ငါနဲ့ ဘယ်လောက်မှ မခြားဘူး … ဟုတ်တယ်ဟုတ် … အမှန်အတိုင်း ဝန်ခံရရင် သူ့ဘေးနားက အမျိုးသမီးတိုင်းက ဘယ်တစ်ယောက်မဆို ငါ့ထက်ပိုပြီး ထူးချွန်ကြတယ်… တောက်ပနိုင်ကြတယ်… ဆိုတော့ ငါက ဘာမှ ထူးခြားနေတာမျိုးလည်း မဟုတ်ပါဘူး … ငါ့ကို တအား အထင်ကြီးမနေနဲ့ … ဟုတ်ပြီလား …”

မန်နေဂျာမှာ အနည်းငယ် ကြက်သီးဖြန်းသွားခဲ့ပြီး “ တကယ်ကြီးလား …”

“ ဒါပေါ့ …” ယွင်ရှု ချက်ကျလက်ကျဖြင့် ပြောဆိုလိုက်၏။

“ သူ့ရဲ့ အဆင့်အတန်းနဲ့ ဩဇာလွှမ်းမိုးမှုက ငါတို့ စိတ်ကူးယဉ်နိုင်တာထက်တောင် ကျော်လွန်နေသေးတယ်… နင်လည်း မြင့်မြင့်မှန်းချင်တယ်ဆိုရင် သူ့လို ဖြစ်အောင်သာ ကြိုးစား … သူက အမျိုးသား အများစုရဲ့ အကန့်အသတ်မှာ ရပ်တည်နေတဲ့ လူပဲ …”

“ အကန့်အသတ် …”

မန်နေဂျာသည် လင်းရီရှိသည့် အခန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ဤတစ်ကြိမ် သူ့စိတ်ထဲတွင်တော့ ကြီးစွာသော လေးစားမှုကိုသာ ခံစားနေမိသည်။

ထိုစဉ် သီးသန့်ခန်းထဲရှိ လေထုအခြေအနေမှာ သိပ်သည်းတင်းကြပ်နေပြီး ကိုးရို့ကားယားနိုင်စွာ တိတ်ဆိတ်နေလျက် ရှိသည်။

ရန်စီကတော့ တိတ်တဆိတ် စားသောက်နေပြီး ဘာဖြစ်နေလဲဆိုတာကို အများဆုံး ခန့်မှန်းထားမိသည်။ ယွင်ရှု အမည်ရသည့် အမျိုးသမီး၏ ဟန်ပန်အမူအရာနှင့် စကားပြောပုံ ဆိုပုံက ညှက်ညောလှပြီး လူမှုရေးပွဲများနှင့် မကြာခဏ ထိတွေ့နေသူ တစ်ဦးဖြစ်သည်မှာ သိသာလှသည်။

အရင်းအမြစ် တချို့မှ လင်းရီ၏ အကြောင်းကို သိရှိခဲ့ပြီး ထို့ကြောင့်သာ ယခုလို ပြုမူလာခြင်း ဖြစ်ရပေမည်။ လက်ရှိ အခြေအနေက အတော်လေး ရယ်ရွှင်ဖွယ်ရာကောင်းလှသည်ဟု ရန်စီ တွေးတောမိသွားခဲ့၏။

အထူးအလေးပေး ဆက်ဆံမှုများ အားလုံးက လင်းရီကြောင့် ဖြစ်နေသည်တဲ့လေ။

“ ဘာလို့ မစားကြတာလဲ … အစားအသောက်တွေ မအေးခင် စားကြမှပေါ့ …” ထန်လိ ပြောဆိုလိုက်ပြီး သိပ်သည်းနေသည့် လေထုကို စတင်ဖြိုဖျက်ဖို့ ကြိုးစားလိုက်သည်။ မည်သို့ပင်ဆိုစေ ချန်ထန်က သူမသမီး၏ ကောင်လေးဖြစ်ပြီး အရှက်မရစေချင်ပေ။

“ ဟုတ်တယ် … စားကြတာပေါ့ …”

ချန်ထန်သည်လည်း သူ့ရင်ဘက်ထဲရှိ သက်တောင့်သက်သာ မဖြစ်မှုကို လျင်မြန်စွာ ဖိနှိပ်ပြီး တည်ငြိမ်ချင်ယောင်ဆောင်၍ လူတိုင်းကို စားသောက်ရန် လှုံ့ဆော်လိုက်သည်။

သို့သော် ကျိုးရှင်းယွီကတော့ လွယ်လင့်တကူ လက်မခံလိုပေ။ သူမ၏ ချစ်သူကောင်လေးက အခြားသူများထက် သာလွန်သည်ဟု လက်ခံထားသော်လည်းပဲ ရန်စီ၏ ကောင်လေးက အဘယ်ကြောင့် ဤမျှ စွမ်းဆောင်နိုင်စွမ်း ကြီးမားနေရသနည်း။

သူက အတိအကျ မည်သူနည်း။

ထိုသူက ရုပ်ချောသည့် ကောင်လေး တစ်ယောက်သာလျှင် မဟုတ်လော။ ဖူရုံရှန်း၏ ပိုင်ရှင်ကို မည်သို့ အမိန့်ပေးနိုင်ရသနည်း။

“ ဝမ်းကွဲ … နင့် ကောင်လေးက ဘာလုပ်တာလဲဟင် .. သူ့ကြည့်ရတာ တော်တော်လေး လွှမ်းမိုးမှု ရှိပုံပဲနော်…”

ကျိုးရှင်းယွီ မနေနိုင်ဘဲ မေးမြန်းမိလိုက်သည်။

“ သူက ရှင်းရှန်းရဲစခန်းမှာ အလုပ်လုပ်တဲ့ ရဲဝန်ထမ်းလေ…” ရန်စီ ပြန်ဖြေလိုက်၏။

“ အိုး .. သူက ရဲအရာရှိကိုး …”

ကျိုးရှင်းယွီမှာ အနည်းငယ် သက်သာရာ ရသွားခဲ့သည်။ သူက ဒီတိုင်း ရဲဝန်ထမ်း တစ်ယောက်လေးကို ဘာမှ အထင်ကြီးစရာလည်း ကောင်းမနေပါဘူး။

“ သူက ဒီလောက်ထိ လေးစားခံနေရတာ မဆန်းတော့ပါဘူး .. ရဲအရာရှိ ဖြစ်နေတာကိုး …” ချန်ထန် ဖန်ခွက်ကို မြှောက်၍ ပြောလိုက်ပြီး “ လာ .. ကြုံတုန်း အချင်းချင်း သိကျွမ်းကြတာပေါ့ … “

“ ဒါပေါ့ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ၏ ဖန်ခွက်ကိုတော့ မမြှောက်လာခဲ့ပေ။

လင်းရီ၏ မပျူငှာမှုနှင့် ကြုံတွေ့လိုက်ရတော့ ချန်ထန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒီကောင်က နည်းနည်း မောက်မာတာပဲ …

“ ရှင်းယွီ … နင် ဘာလို့ မစားတာလဲ … ကားထဲမှာတုန်းက နင်ပဲ ဗိုက်ဆာတယ် ပြောနေတာ မဟုတ်ဘူးလား …’ ထန်လိ မေးမြန်းလိုက်သည်။

“ သမီး ဗိုက်ပြည့်သွားလို့ ..” ကျိုးရှင်းယွီ လေးတွဲ့စွာ ပြန်ဖြေလိုက်သည်။

ရန်စီ၏ ကောင်လေးက ရဲအရာရှိ တစ်ဦးဖြစ်ပြီး စောနက အဖြစ်အပျက်က ချန်ထန်၏ အားသာမှုကို သိမ်ငယ်သွားစေသကဲ့သို့ ဖြစ်ပေါ်စေသဖြင့် သူမမှာ စားချင်စိတ်တို့ ပျောက်ဆုံးသွားခဲ့ရလေသည်.

“ ဘယ်လောက်မှလည်း မစားရသေးတာကို နည်းနည်း ထပ်စားပါဦး ..”

“ သမီး ဝိတ်ချနေတာ … ထပ်စားလို့ မရတော့ဘူး …” ကျိုးရှင်းယွီ ပြောလိုက်ပြီး “ မေမေလည်း စားလို့ပြီးပြီ မလား … ဒီနေ့ည စောစောနားပြီး မနက်ဖြန် ဆေးရုံသွားဖို့ လိုတယ်နော်…”

လင်းရီ မျက်လုံးပင့်၍ ကျိုးရှင်းယွီကို ကြည့်လိုက်သည်။

သူ့အမေက စားမပြီးသေးတာကို မြင်ရဲ့သားနဲ့ ထွက်သွားချင်နေတယ်… ဒီကောင်မလေးရဲ့ အိုင်ကျူကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ … ငါသာ ဆိုရင်တော့ ဒီလို မိန်းကလေးမျိုး ဘယ်လောက်လှလှ လက်မခံဘူး …

“ ငါ ပြီးပြီ ..”

ထန်လိ တူကို ချ၍ ဆက်ပြီး စားဖို့ မရည်ရွယ်တော့ချေ။

ရန်စီမှာ လင်းရီကို ကြည့်လာခဲ့ပြီး သူ၏ အမြင်ကို မေးမြန်းနေသယောင်ပင်။

“ ငါလည်း ဝပြီ ..”

“ ပြန်ကြတာပေါ့ … မနက်ဖြန် ဆေးရုံကို သွားရဦးမှာဆိုတော့ အန်တီတို့ ဒီနေ့ စောစောအိပ်ဖို့ မမေ့နဲ့ …” ချန်ထန် ပြောလိုက်သည်။ “ ဒါပေမယ့် အန်တီ … စိတ်ချနော်.. ဘာမှ ပူစရာမလိုဘူး … ကျုပ်လည်း မနက်ဖြန် လိုက်ခဲ့ပေးပါ … အားလုံး အဆင်ပြေစေရမယ်…”

“ အေးပါကွယ်… သားကို ကျေးဇူးအများကြီး တင်ပါတယ်…”

“ ကျုပ် လုပ်ပေးသင့်တာပါဗျာ …”

ချန်ထန်သည် စီးကရက် တစ်လိပ်အား မီးညှိ၍ မတ်တပ်ရပ်လိုက်၏။ “ သွားစို့ … ငါ ဟိုတယ်ဘွတ်ကင်ယူထားပေးတယ်… အခု သွားလို့ရပြီ …”

“ ငါတို့ ဟိုတယ်မလိုဘူး … ရန်ရန်ရဲ့ နေရာမှာပဲ အိပ်လိုက်မယ်… ဒီကိစ္စ အရင်ကတည်းကရင် ဆွေးနွေးထားပြီးသား …” ထန်လိ ပြောလိုက်၏။

“ အဲ့လိုလည်း ရတယ်လေ… တစ်မိသားစုတည်းတွေဆိုတော့ ဝမ်းကွဲနေရာမှာ နေချင်တယ်ဆို ရတာပဲ …”

ချန်ထန်သည် သူတို့ ဘယ်နေရာနေနေ စိတ်မရှိချေ။ မည်သို့ပင်ဆိုစေ သူ့အတွက် ငွေကုန်ကြေးကျတောင် သက်သာသေး၏။

အုပ်စုမှာ သီးသန့်ခန်းထဲက ထွက်လာခဲ့ကြပြီး အောက်ထပ်သို့ ဦးတည်လိုက်ကြသည်။

ပထမထပ်တွင်တော့ စားသုံးသူအချို့မှာ ချန်ထန်ကို အသိအမှတ်ပြုပြီး အချင်းချင်း တီးတိုးပြောဆိုကြ၏။

“ အဲ့လူက တကယ် မတူဘူး … ဒီကို ထမင်းလာစားတာ နောက်ကျ သုံးထပ်က သီးသန့်ခန်းကို အလကား ရွေ့သွားရတယ်… “

“ စောက်ရမ်း အားကျတာပဲ … ငါလည်း တစ်နေ့ အဲ့လို လုပ်နိုင်တဲ့ အစွမ်းအစ ရှိဖို့ မျှော်လင့်မိတယ်…”

ထိုအချိန်မှာပဲ ယွင်ရှုသည် သူတို့အနောက်သို့ လိုက်မီလာခဲ့ပြီး “ လူကြီးမင်းလင်း … ဒီလောက်မြန်မြန်ကြီး ထွက်သွားတော့မလို့လား … တစ်ခုခု မကျေနပ်တာများ ရှိလို့လား …”

“ အစားအသောက်က အတော်လေး ကောင်းပါတယ်… ကျုပ်တို့ တခြား ကိစ္စလေးတွေ ရှိတာကြောင့်ပါ … ဒါကြောင့် ပြန်မှ ဖြစ်တော့မှာမို့လို့ …”

“ နားလည်ပြီ …” ယွင်ရှု ပြောလိုက်ပြီး “ ဒါဆိုရင် လူကြီးမင်းလင်း နောက်တစ်ကြိမ် လာလည်မယ့် အချိန်ကို မျှော်နေပါ့မယ်… ကျွန်မ အရင်က ပြောခဲ့တဲ့ အတိုင်း နေရာကြိုပေးဖို့လည်း မလိုဘူး .. ပြီးရင် ကုန်ကျစားရိတ်လည်း ကျွန်မပဲ ပေးမယ်…”

“ အဲ့လိုတော့ ဘယ်ဖြစ်မှာ … မိန်းကလေးက စီးပွားရေး လုပ်နေတဲ့လူလေ… ကျုပ်က အလကား ဘယ်စားလို့ ဖြစ်မှာလဲ …”

“ အဲ့လို မပြောပါနဲ့ရှင် … ရှင် ဒီမှာ လာစားတယ်ဆိုကတည်းက ကျွန်မတို့အဖို့ ဂုဏ်ယူစရာပါပဲ … လူကြီးမင်းလင်းကို ထမင်းတစ်နပ်လောက်တော့ ဧည့်ခံနိုင်ပါသေးတယ်…”

“ အဲ့ဒါဆိုလည်း … ကျေးဇူးတင်ပါတယ်ပေါ့ဗျာ …”

သူတို့ကြားရှိ စကားဝိုင်းကို ကြားတော့ အနီးနားဝန်းကျင်ရှိ စားသောက်နေသူတို့မှာ ကြက်သေသေသွားခဲ့ကြသည်။

“ ဘာ‌တွေ ဖြစ်နေတာလဲ … ဆိုင်ရှင်က ဒီလောက်ထိ ဧည့်ဝတ်ကျေပြနေတာ ဟိုမှန်ကြောင်ကောင်ကြောင့် မဟုတ်ဘူးပေါ့ …”

“ ဟ … ဒါဆို ငါ အထင်မှားသွားတာပဲ … လက်စသတ်တော့ ရုပ်ချောချောနဲ့ ကောင်လေးကမှ တကယ့်အကောင် ဖြစ်နေတာကိုး …”

“ ဒီဖြစ်ရပ်ကြောင့်သာ မဟုတ်ရင် ငါတော့ သူ့ကို ဒီတိုင်း သာမန် ခပ်ချောချောလေး ကောင်လေး တစ်ယောက်အနေနဲ့ပဲ ဆက်ဆံမိတော့မလို့ … သူက ဒီလောက်ထိ ဝှက်ထားမယ်လို့ ဘယ်သူက သိမှာ …”

“ အခု စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ ဘာလဲ မင်းတို့ သိပြီမလား …”

အလှမ်း သိပ်မဝေးသည့် နေရာတွင် ရပ်နေသည့် ချန်ထန်သည် လူအများ၏ တီးတိုးစကားကို ကြားသည်၌ မပျော်ရွှင်နိုင်တော့ဘဲ မျက်နှာကွက်ခနဲ ပျက်သွားခဲ့၏။

သို့သော် သူ တတ်နိုင်သည့် အရာကား မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ထိုလူနှင့် အမှန်ပင် မယှဉ်နိုင်သောကြောင့် ဖြစ်၏။

သို့ပေမယ့်လည်း ချန်ထန် စိတ်ကို ပိုင်းဖြတ်ပြီးသား ဖြစ်သည်။ ဤသည်က ယာယီမျှသာ ဖြစ်ပြီး အလုံးစုံကို ခြုံငုံကြည့်မည်ဆိုပါက သူ့ဘက်က ပိုပြီး သာသည်။

စိတ်ပျက်အားလျော့ ဖြစ်နေစရာ မလိုအပ်ချေ။

မနက်က ဆေးရုံ၌ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်အောင် ပြင်ဆင်ထားပြီး သူ၏ ဆုံးရှုံးထားသည့် မျက်နှာကို ပြန်လည် ရရှိအောင် ပြုလုပ်မည် ဖြစ်သည်။

စာစဉ် (၁၃၅) ပြီး၏။

All Chapters