သခင်လေးလင်းကို ဆန့်ကျင်တာ သေတွင်းတူတာနဲ့ မခြား
Vol. 135 Ch. 2011
“ မင်းတို့ကောင်တွေ ကိုယ့်ကိုယ်ကို ဆင်ဆင်ခြင်ခြင်နေတာ ကောင်းလိမ့်မယ်… မင်းတို့ရဲ့ ညစ်ပတ်တဲ့ ပိုက်ဆံတွေနဲ့ ဘားလေး တစ်ခု ဖွင့်နိုင်တိုင်း လူတိုင်းကို လျစ်လျူရှုထားလို့ရပြီ ထင်မနေနဲ့ …”
ရွှေရောင် ဆံပင်နှင့် အမျိုးသားက လင်းရီကို ကြည့်၍ “ ငါ့သူဌေး ဘယ်သူဆိုတာ မသိရင် မင်း အဖေကို သွားမေး … သူဌေးဝမ်ကို ဒေါသထွက်စေရင် မင်းတို့ အနေချောင်လိမ့်မယ် မထင်ကြနဲ့ …”
ဘုန်း …
လင်းရီ ခြေထောက်မြှောက်၍ ရွှေရောင်ဆံပင်နှင့် အမျိုးသားအား ကန်ကျောက်လိုက်သည်။ ခွန်အားအများအပြား မသုံးထားသော်လည်းပဲ တစ်ဖက်လူမှာ အနောက်သို့ လွင့်စင်သွားခဲ့ရပြီး အနောက်ရှိ ကော်ဖီစားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
“ တကယ့်ဟာသပဲ …” လင်းရီ ရယ်မောလျက် “ ဒါဆိုရင် ငါ ရဲမခေါ်တော့ဘူး .. ဝမ်ရှုကွမ်းကိုပဲ ခေါ်လိုက်မယ်… သူက မင်းတို့ပြောတာနဲ့ ညီမညီ ကြည့်ကြသေးတာပေါ့ …”
“ ချီးပဲ …"
ရွှေရောင် ဆံပင်နှင့် လူမှာ နာကျင်စွာ ညည်းညူလျက် ကြမ်းပြင်ပေါ်မှ ထလာသည်။ ထို့နောက် နှာမှုတ်လိုက်ပြီး “ မင်း စောင့်နေစမ်း … ငါ့ သူဌေးကို အခုချက်ချင်း ခေါ်ပြီး မင်း နောင်တရသွားအောင် လုပ်ပြမယ်….”
…….
ကျိုးဟိုင်ရှိ ဖုန်းကျန်းဟိုတယ်သည် ကြယ်ငါးပွင့် ဟိုတယ်ကြီး တစ်ခု ဖြစ်၏။ ၎င်း၏ အရွယ်အစားနှင့် အဆင့်အတန်းမှာ ကျိုးဟိုင်၏ ထိပ်တန်းတွင် တည်ရှိသည်။ ယင်းဟိုတယ်၏ ခြောက်လွှာမြောက်၌ သီးသန့်ခန်း တစ်ခုတွင် အချင်း ၃ မီတာ ရှိသည့် စားပွဲ တစ်ခုထက်၌ စုံလင်လှသည့် ဟင်းအမယ်မျိုးစုံကို တည်ခင်းထားလေသည်။
ပါဝင်ပစ္စည်းများ တစ်ခုတည်းသပ်သပ်ကို ကြည့်ရုံမျှနှင့် ၎င်းတို့၏ ဈေးမှာ မသေးလှကြောင်းကို ခန့်မှန်းကြည့်နိုင်သည်။
အဆိုပါ စားပွဲတွင် လူနှစ်ယောက် ထိုင်နေသည်။ တစ်ယောက်က အသက်ခြောက်ဆယ် ဝန်းကျင်ရှိသည့် လူအိုကြီး တစ်ဦး ဖြစ်ပြီး တည်ငြိမ် ဩဇာကြီးသည့် အရှိန်အဝါတို့အား ထုတ်လွှတ်နေလျက် ရှိသည်။ ထိုလူ၏ နာမည်က ဝေရိဟွာ ဖြစ်ပြီး ကျိုးဟိုင် လူမိုက်လောက၏ ဘော့စ်ဖြစ်၏။
သို့သော် ယခု ဇရာကလည်း စကားပြောလာပြီ ဖြစ်ရာ အဆိုပါ ကိစ္စရပ်များအား ကိုင်တွယ်ရန် အနည်းငယ်မျှသာ စိတ်ဝင်စားတော့ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်နေပြီ ဖြစ်လေသည်။ သူ၏ စီးပွားရေး လုပ်ငန်းများကိုလည်း တရားဝင် လုပ်ငန်းများသို့ ကူးပြောင်းနေပြီ ဖြစ်၏။ ဘဝ၏ နောက်ဆုံး နေဝင်ချိန်ကိုတော့ အေးအေးချမ်းချမ်းလေး ကုန်ဆုံးချင်သည်။
သူ့ဘေးတွင် ထိုင်နေသည့် အမျိုးသားကတော့ သူ့ထက် အများကြီး ငယ်ရွယ်ပြီး လေးဆယ်အရွယ်ဝန်းကျင်မျှသာ ရှိဦးမည်ဖြစ်ကာ မတူထူးခြားသည့် အရှိန်အဝါနှင့် ခြိမ်းခြောက်သည့် အငွေ့အသက်တို့အား ထုတ်လွှတ်နေလျက် ရှိသည်။
ညာဘက်မျက်ခုံးမှ ဘယ်ဘက်ပါးအထိ တည်ရှိနေသည့် မျဉ်းစောင်းဖြတ် အမာရွတ်ကြီးနှင့် လက်ချောင်း သုံးချောင်းသာ ပါရှိသည့် ဘယ်ဘက်လက်တို့မှာ မည်သူ တစ်ဦးတစ်ယောက်ကိုမဆို ထိတ်လန့်သွားစေရန်အတွက် လုံလောက်သည်။
ဤလူကတော့ ပိုင်ရုံရှိုဖြစ်ပြီး ကျိုးဟိုင်တွင် နာမည်ဆိုးနှင့် ကျော်ကြားသည့် အကောင်ကြီးကြီး တစ်ကောင် ဖြစ်၏။
မျိုးဆက်သစ်တို့က မျိုးဆက်ဟောင်းများကို အစားထိုးလိမ့်မည် ဟူသည့် စကားအတိုင်း ကျိုးဟိုင် မြေအောက်လောက၌ ထူးချွန်ပြောင်မြောက်သည့် လူငယ်လူရွယ်တို့ ရှားပါးပြတ်လပ်ခြင်း မရှိလှပေ။
ဝမ်မာဇီကို လင်းရီ ဦးချိုးပြီးနောက် ဝေရိဟွာ ထွက်ပေါ်လာသည်။
ယခု ဝေရိဟွာ အနားယူတော့မည်ဆိုတော့ ပိုင်ရုံရှိုက ပေါ်ပေါက်လာခဲ့သည်။
မျိုးဆက်တို့ တစ်ဆက်ပြီးတစ်ဆက် … တစ်စုံတစ်ယောက်ကတော့ အမြဲတမ်း သူတို့ကိုယ်သူတို့ သက်သေပြနေကြဦးမှာပင်။
“ လောင်ပိုင် … ဒီနေ့ မင်းငါနဲ့ ဆွေးနွေးချင်တာ ရှိလို့လား …”
ဝေရိဟွာသည် စားသောက်နေရင်း တစ်ဝက်၌ စီးကရက်အား မီးညှိ၍ သူ၏ ဩဇာညောင်းသည့် အသံဖြင့် မေးမြန်းလာခဲ့သည်။
“ မာစတာဝေ … ကုန် သုံးသုတ်ပို့လာခဲ့တယ်... ဘယ်တစ်သုတ်မှာမှ ခင်များ မပါဘူး … ခင်များ တကယ်ကြီး အနားယူဖို့ စီစဉ်နေတာလား …” ပိုင်ရုံရှို မေးမြန်းလိုက်သည်။
“ ငါလည်း အသက်ကြီးလာပြီ … အသက်ကြီးလာတာနဲ့ လိုချင်စိတ်တွေလည်း နည်းလာပြီ …” ဝေရိဟွာ တည်ငြိမ်စွာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“ ဒါပေမယ့် ခင်များအရှေ့မှာ ရှိနေတာက ကျိုးဟိုင် တစ်ခုလုံးကြီးနော်.. ခင်များသာ ထိုင်ခုံမှာ ထိုင်နေသရွေ့ ကျိုးဟိုင် လူမိုက်လောကကြီးက ခင်များရဲ့ စကားတစ်ခွန်းမှာ မုန်တိုင်းဖြစ်အောင် ဖန်တီးလို့ရတယ်… အဲ့လို အာဏာက ခင်များအတွက် သဘောကျစရာ မကောင်းလို့လား …”
“ အဲ့လို ပြင်းထန်တဲ့ ကိစ္စတွေအတွက် ငါ့မှာ တကယ်ကြီး အားအင် မရှိတော့တာ … မင်း တစ်နေ့ ငါ့နေရာရောက်ရင် နားလည်လာလိမ့်မယ်…”
ပိုင်ရုံရှိုမှာ ခေတ္တ နှုတ်ဆိတ်သွားခဲ့၏။ ထို့နောက် သူ့ကိုယ်သူ စကားပြောဆိုနေဟန်ဖြင့် “ မာစတာဝေ … တကယ်လို့ ခင်များ အနားယူမယ် စဉ်းစားထားရင် ကျုပ် ကျိုးဟိုင်ရဲ့ စီးပွားရေး လုပ်ငန်းတချို့ကို လုယူဖို့ စဉ်းစားထားတယ်…”
သူတို့ စားသောက်နေကြသည်မှာ တစ်နာရီကျော်မျှ ကြာညောင်းနေပြီး ဖြစ်သော်လည်း အရှေ့ဘက်ခြမ်းတွင် ပြောဆိုခဲ့သည့် စကားဝိုင်းတို့က အပေါ်ယံ ရှေ့ပြေးတို့မျှ ဖြစ်သည်။ ယခုအချိန်တွင်မှ ပိုင်ရုံရှိုသည် သူ၏ စစ်မှန်သည့် ရည်ရွယ်ချက်အား ဖော်ထုတ်ပြသလာသည်။
ဝေရိဟွာ အနားယူရန် စီစဉ်နေသည်ကို သူ သိထားသည်။ ထို့ကြောင့် ယခုလို ညစာစားပွဲတစ်ခုကို စီစဉ်၍ သူ့ သဘောထား အပြုအမူအား စမ်းသပ်ရန် စီစဉ်လိုက်ခြင်းပင်။
အကယ်၍ သူသာ အမှန်တကယ် အနားယူရန် စီစဉ်နေသည်ဆိုပါက ကျိုးဟိုင်၏ အရှင်သခင်အသစ်မှာ ပိုင်ရှုံရှို၏ စိတ်သဘောဆန္ဒအတိုင်းသာ ဖြစ်ရမည်။ ပိုင်ရှုံရှို ညွှန်းဆိုသည့် စီးပွားရေးတချို့ ဆိုသည်ကား အာဏာလွှဲပြောင်းရယူခြင်းကို ဆိုလိုသည်။
မင်းက အောက်ဆင်းတော့မယ်ဆိုမှတော့ ငါကရော ဘာလို့ မင်းနေရာကို မယူရမှာလဲ …
ဝေရိဟွာသည် ထိုင်ခုံနောက်ကျောသို့ မှီ၍ စက္ကန့်အနည်းငယ်မျှ ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ “ လောင်ပိုင် … မင်းလည်း ဒီလောကထဲမှာ ကျင်လည်လာတာ အနှစ် ၂၀ ကျော်ရောပေါ့ ဟုတ်တယ်မလား …”
“ ကျုပ် အသက် ၁၄ ထဲက ဒီလောကထဲ စဝင်ခဲ့တယ်… အခု ကျုပ် အသက် ၃၉ ….”
“ ၂၅ နှစ် …. “
ဝေရိဟွာ ခံစားချက်တို့ ရောပြွမ်းနေသည့် ဟန်အမူအရာဖြင့် ဖြည်းညင်းစွာ ပြောဆိုလာခဲ့သည်။
“ မင်းက ရက်စက်သလို ဉာဏ်လည်း ကောင်းတယ်… လေးဆယ်တောင် မရောက်သေးဘူး ဒီလို အောင်မြင်မှုမျိုး ရအောင် ဖန်တီးနိုင်နေပြီ … အနာဂတ်မှာ မင်းလိုလူ များများစားစား မရှိနိုင်ဘူး …”
ပိုင်ရုံရှို မည်သည်ကိုမျှ မဆိုချေ။ ဝေရိဟွာ ဆက်လက် ပြောဆိုမည့် စကားကိုသာ အာရုံစိုက် နားထောင်နေခဲ့၏။
“ ဒါပေမယ့် ငါပြောတာ နားထောင် … ကျိုးဟိုင်က ကောင်းတဲ့နေရာ မဟုတ်ဘူး … ဒီမှာ ဘုရင်ဖြစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ …”
“ မဖြစ်နိုင်တဲ့ ကိစ္စ ဟုတ်လား …”
ပိုင်ရုံရှို၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ဤသည်က သူ လက်မခံနိုင်သည့် အရာဖြစ်၏။
သူ့ ငယ်ရွယ်သည့် သက်တမ်း၏ အနှစ် ၂၀ ကျော်ကို ဤလောကအတွင်း ကုန်ဆုံးခဲ့ပြီး မတန်သည့် ပေးဆပ်မှုတချို့ကိုလည်း သူ့ဘက်က သည်းခံခဲ့ရသည်။ သို့တိုင် အဆုံး၌ သူရရှိလိုက်သည်က ကျိုးဟိုင်ကို အုပ်စိုးဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ စကားလော။
ဤသို့သော ရလဒ်က မည်သို့မျှ လက်သင့်ခံနိုင်စရာ အကြောင်း မရှိပေ။
“ ငါ ရိုးရိုးသားသား ပြောပြမယ်…” ဝေရိဟွာသည် အူလုံ လက်ဖက်ရည်ကြမ်းကို ဖြည်းညင်းစွာ အရသာခံ၍ “ မင်းတို့ ပြောနေကြတဲ့ ငါက ကျိုးဟိုင် မြေအောက်လောကရဲ့ ဘော့စ်ဆိုတာ ဒီတိုင်း အပေါ်ယံပဲ…. ငါက ကျိုးဟိုင် တစ်ခုလုံးကို ထိန်းချုပ်နိုင်တယ် ပြောရင် အရမ်း ချဲ့ကားလွန်းတယ်…”
သူ ရပ်တန့်၍ ဆက်ပြီး ပြောသည်။
“ သခင်လေးလင်း ရှိနေသ၍ လူတိုင်းက သူ့စကားနားထောင်ရမှာပဲ .. ငါအပါဝင် ၊ ပြီးတော့ အနာဂတ်မှာ ငါ့နေရာရောက်လာမယ့် မင်းရောပဲ …”
“ သခင်လေးလင်း …”
ပိုင်ရုံရှို ရေရွတ်လိုက်ပြီး “ ကျိုးဟိုင်ရဲ့ တစ်ဝက်လောက်ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သခင်လေးလင်းကို ပြောနေတာလား …”
“ ဟုတ်တယ်… အဲ့ဒီ သခင်လေးလင်းပဲ …” ဝေရိဟွာ ပြောဆိုလိုက်ပြီး “ ငါတို့ချင်း အတူ အလုပ်လုပ်လာခဲ့တာ နှစ်တွေ အတော်ကြာနေပြီ … ပြီးတော့ ပြဿနာ မရှိဘဲ အကြိမ်တွေ အများကြီးလည်း ပူးပေါင်းနိုင်ခဲ့တယ်… မင်းက ငါ့လူရင်းတွေထဲက တစ်ယောက်လို့ သတ်မှတ်လို့ရတယ်… ဒါကြောင့်မို့ ငါမင်းကို ဒီစကားတွေ လေကုန်ခံပြီး ပြောပြနေတာ … မင်း ရှိတဲ့နေရာမှာပဲနေ .. ကျိုးဟိုင်က ဘယ်တော့မှ ငါတို့ရဲ့ အပိုင် ဖြစ်လာမှာ မဟုတ်ဘူး … အမြဲတမ်း သခင်လေးလင်းရဲ့ အပိုင်ပဲ ဖြစ်နေမှာ…”
ပိုင်ရုံရှို၏ အမူအရာမှာ နက်မှောင်သွားခဲ့၏။
ဤသည်က သူ ရေရှည် စီစဉ်လာခဲ့သည့် အစီအစဉ်တစ်ခု ဖြစ်သော်ငြားလည်း ယခု နှောင့်ယှက်ခံနေရသည်။ သူ မည်သို့ ကျေနပ်နိုင်ပါ့နည်း။
ငါးနှစ်အရွယ် ကလေးလေး တစ်ယောက် သူ အင်မတန် နှစ်နှစ်ကာကာ လိုချင်တပ်မက်နေသည့် အရုပ်လေး တစ်ရုပ်ကို ဆယ်စုနှစ်မက မုန့်ဖိုးတို့ ခြစ်ကုပ်စုလာခဲ့ပြီး နောက်ဆုံး ထိုအရုပ်လေးအား ဝယ်ယူရန် ပိုက်ဆံပြည့်သွားသည့် အခါတွင်မှ အရုပ်ဆိုင်ပိုင်ရှင်သည် ထိုအရုပ်လေး၌ ပိုင်ဆိုင်သူ ရှိထားနှင့်ပြီဟု ပြောလာနေသကဲ့သို့ပင်။
ပိုင်ရုံရှို၏ စိတ်ထဲ အတော်လေး မခံချိ မခံသာ ဖြစ်သွားခဲ့ရ၏။
“ မာစတာဝေ … ကျုပ် မယူရင်တောင် လူတွေ အများကြီး နောက်မှာ တန်းစီနေတယ်ဆိုတာကို ခင်များသိလား … တစ်စုံတစ်ယောက်ကတော့ ရှေ့ထွက်လာမှာပဲ … တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး သူ့ကို ဆန့်ကျင်မယ်လို့လည်း ကျုပ် ယုံကြည်တယ်…”
“ အင်း … ငါ သိတယ်…”
“ အဲ့ဒီ တစ်ယောက်က ကျုပ် ဖြစ်လို့ရော မရဘူးလား …”
ဝေရိဟွာ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် သူ၏ အမူအရာမှာ သိမ်မွေ့လာခဲ့သည်။
“ မင်းက တကယ်ကို လက်မလျှော့ချင်သေးဘူးပဲ ကောင်လေးပိုင် …”
“ ကျုပ် ဒီနေ့လိုနေ့မျိုးကို အကြာကြီး စောင့်ဆိုင်းလာခဲ့တာ ခင်များစကားတစ်ခွန်းလောက်နဲ့ လက်လျှော့ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …” ပိုင်ရုံရှို ပြောလိုက်ပြီး သူ့မျက်ဝန်းထဲတွင်တော့ သွေးဆာမှု အပြည့် ဖြစ်နေခဲ့သည်။
“ သခင်လေးလင်းလည်း ဂရုမစိုက်ဘူး … သခင်လေးလီဆိုလည်း ဂရုမစိုက်ဘူး … ကျုပ်ကို ဆန့်ကျင်ဝံ့ရင် ဆန့်ကျင်တဲ့လူ မှန်သမျှကို ချေမှုန်းသွားမှာပဲ …”
“ မင်းမှာ မင်း အစီအစဉ်နဲ့ မင်းရဲ့ လမ်းကြောင်း ရှိထားပြီးပြီပဲ … မင်းက စိတ်ပိုင်းဖြတ်ပြီးသားဆိုမှတော့ ငါ ထွေထူး မပြောတော့ပါဘူး …”
ဝေရိဟွာသည် စီးကရက်တိုကို ချေမွလိုက်ပြီး နှုတ်ခမ်းသုတ်၍ မတ်တပ်ရပ်လိုက်၏။
“ ငါ တခြား ကိစ္စတွေ ရှိသေးတယ်… အခု သွားတော့မယ်…”
“ မာစတာဝေ … ကျုပ် လိုက်ပို့ပေးပါရစေ …”
“ မလိုဘူး … မင်း လုပ်စရာရှိသာလုပ် …”
လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီးဟူသော အရှိန်အဝါပင် မရှိဘဲ တည်ငြိမ်သည့် လူအိုကြီး တစ်ယောက်သဖွယ် ဝေရိဟွာသည် သီးသန့်ခန်းထဲမှ သူ့လူများနှင့် အတူ ထွက်လာခဲ့ပြီး သူ၏ Rolls Royce ကားထဲသို့ ပြန်ရောက်လာသည်။
“ မာစတာဝေ … ခင်များကြည့်ရတာ ဝမ်းနည်းနေသလိုပဲ…” သူ့ လက်ထောက်က ပြောလာသည်။
“ ငါ အနားယူဖို့ စီစဉ်နေတာ ဒါပေမယ့် အဲ့ စောက်ရူး ပိုင်ရုံရှိုက သူ့ အသစ်ရထားတဲ့ ကျော်ကြားမှုနဲ့ သခင်လေးလင်းကို စိန်ခေါ်ချင်နေလေရဲ့တဲ့ကွာ … ငါ့အထင် သူလည်း မကြာလောက်တော့ဘူး …”