← Chapters

သူ ငါ့ကို ရှိန်နေလောက်တယ်

Vol. 135 Ch. 2013

သူ ငါ့ကို ရှိန်နေလောက်တယ်

Vol. 135 Ch. 2013

“ မင်းရဲ့ ဝန်ထမ်း ဟုတ်လား …”

ဝမ်ရှုကွမ်းသည် လျန်ကျင်းမင်ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပြီး အထင်တသေး အမူအရာဖြင့် “ ဆိုတော့ မင်းက သူတို့ သူဌေးပေါ့ …”

“ ဘာလို့လဲ … ငါ့ကို ရှာတာ ဘာကိစ္စ ရှိလို့လဲ …” လျန်ကျင်းမင် မျက်ခုံးပင့်ပြီး မေးမြန်းလိုက်၏။ သူ့စိတ်ထဲ ဝမ်ရှုကွမ်းကို အလေးအနက် ထားမနေချေ။

“ ငါ့ နာမည် ဝမ်ရှုကွမ်း …. ၊ မင်း ငါ့ ကောင်လေး နှစ်ယောက်ကို ဖမ်းထားတယ်ဆိုတာ အမှန်ပဲလား …”

“ ဝမ်ရှုကွမ်း …”

ဤနာမည်ကို ကြားတော့ တီးတိုးဆိုသံတို့က ဘားအတွင်း ဆူညံလာသည်။ ဝမ်ရှုကွမ်း ဤနေရာသို့ ရောက်လာခဲ့လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

“ ဟေ့ .. အဲ့လူက ဘယ်သူလဲတဲ့ … အကောင်ကြီးကြီး တစ်ကောင်ပဲလား …”

“ အင်း … အဲ့လူက တကယ်နာမည်ကြီးတာ … ကျိုးဟိုင် လူမိုက်ဂိုဏ်းကြီးရဲ့ ခေါင်းဆောင်ပဲ … သာမန်လူဆို သူ့ကို အပြစ်မပြုရဲကြဘူး …”

“ ဒါဆို သူတို့က ဒီကို ဘာလာလုပ်တာလဲတဲ့ … ချကြတော့မှာများလား …”

“ ပြောရခက်တယ်… ဘယ်သူကသိနိုင်မှာမို့လို့ …”

ဝမ်ရှုကွမ်း၏ အထောက်အထားကို သိရှိပြီးနောက် လင်းရီ၏ အမူအရာမှာ လေးနက်တည်ကြည်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူရောက်လာမည်ကို သူ့ဘက်က စောင့်ဆိုင်းနေခဲ့သောကြောင့်ပင်။

သို့သော် ချက်ချင်းလက်ငင်းတော့ မလှုပ်ရှားသေးဘဲ အခြေအနေအား တစ်ချက် စူးစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

“ ဒါဆို မင်းရဲ့ လက်အောက်ငယ်သားတွေ ဘယ်လိုဖြစ်နေလဲ ဆိုတာ မင်း သိမှာပေါ့ ….”

လျန်ကျင်းမင်သည် ဆိုဖာနားသို့ မှီ၍ သက်တောင့်သက်သာ ဖြစ်သည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါတို့ အစက သူ့ကို ရဲစခန်းပို့ဖို့ စီစဉ်ထားတာ ဒါပေမယ့် မင်းကောင်လေးတွေက မင်းကို ဘာကြီးညာကြီးနဲ့ မျက်နှာသာပေးဖို့ပဲ ပြောနေကြတယ်… ဒါပေမယ့် ငါတို့က သမာအာဇီဝနဲ့ စီးပွားရှာနေတဲ့လူတွေဆိုတော့ အဲ့လို လုပ်ပေးလို့က မရဘူး …”

“ အဲ့လိုဆို မင်းတို့ ပိုပြီးတောင် မျက်နှာသာပေးသင့်တယ်… မဟုတ်ရင် မင်းတို့ ဆက်ပြီး ပိုက်ဆံရှာလို့ရတော့မှာ မဟုတ်ဘူး ..”

“ ငါ့ကို လာခြိမ်းခြောက်နေတာလား ….”

“ မင်း ထင်ချင်သလို ထင်လို့ရတယ်… ငါ ဘယ်သူလဲ မသိရင် မင်း အပြင်ထွက်ပြီး စုံစမ်းလိုက် …”

“ ဟက် …” လျန်ကျင်းမင် နှာခေါင်းရှုံ့လိုက်ပြီး “ မင်း ဘယ်သူလဲ သိပ်သိတာပေါ့ … ဒီတိုင်း လူရမ်းကား တစ်ယောက်ကများ ငါ့ကို ခြိမ်းခြောက်နိုင်မယ် ထင်မနေနဲ့ …”

ဝမ်ရှုကွမ်း ထူးမခြားနား အမူအရာဖြင့် ပခုံးတွန့်ပြလိုက်ပြီး “ ငါတို့လို လူမိုက်တွေက မင်းတို့ သူဌေးသားတွေရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးဆိုတာ ငါသိတယ်… ပြီးတော့ ငါတို့ကို အထင်သေးတယ်… ဒါပေမယ့် ကိစ္စ မရှိဘူး … မင်းရဲ့ အကြီးအကဲတွေကို ပိုင်ရုံရှို ဘယ်သူလဲ ဆိုတာ သွားမေးလိုက် …”

“ ပိုင်ရုံရှို …”

ဤနာမည်ကိုကြားတော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

လတ်တလော၌ ကျိုးဟိုင်တွင် ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါး လုပ်ငန်းများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပြီး ပိုင်ရုံရှိုက သူတို့၏ အဓိက ပစ်မှတ်ဖြစ်လေသည်။

ယခု … အတော်လေး စိတ်ဝင်စားစရာ ကောင်းလာချေပြီ။ သူ့ဘက်က မလှုပ်ရှားရသော်လည်းပဲ တစ်ဖက်လူ၏ လက်အောက်ငယ်သားက သူ့မျက်မှောက်ရှေ့တွင် ထွက်ပေါ်လာနေသည်တဲ့လော။

“ ပိုင်ရုံရှိုတွေ ဘာတွေ လာပြောမနေနဲ့ … ငါ့အပေါ် အလုပ်မဖြစ်ဘူး … မင်းမကျေနပ်ဘူးဆိုရင် မင်းလူတွေကို အခုခေါ်လိုက် … ဘယ်သူ့လက်သီးက ပိုမာလဲ ကြည့်ကြတာပေါ့ …”

စိတ်မရှည်ဖြစ်နေသည့် လျန်ကျင်းမင်မှာ ပိုင်ရုံရှို သို့မဟုတ် ဝမ်ရှုကွမ်း နှစ်ဦးလုံးကို အလေးအနက်ထားခြင်း မရှိချေ။

“ လျန်ကြီး … သူတို့ကို လွှတ်ပေးလိုက် …”

“ ဟင် …”

လျန်ကျင်းမင်နှင့် ကျန်သူများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။ “ လင်းကော … မင်း ဘာပြောလိုက်တယ်… လွှတ်ပေးလိုက် ဟုတ်လား ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သူတို့ကို ပေးသွားလိုက် …”

ဤဆုံးဖြတ်အတွက် လင်းရီတွင် သူ့ကိုယ်ပိုင် အကြောင်းပြချက်နှင့်သူ ရှိသည်။

အကယ်၍ သူသာ ဝမ်ရှုကွမ်းကို ယနေ့ည ကိုင်တွယ်ဖြေရှင်းလိုက်မည်ဆိုပါက ပိုင်ရုံရှိုသည် ဘေးက ရပ်ကြည့်နေမှာမဟုတ်ဘဲ သူ့လူများနှင့် ရောက်လာ၍ ကြီးမားသည့် ရန်ပွဲတစ်ခုသို့ ဦးတည်သွားနိုင်သည်။

ထိုသို့ ဖြစ်လာမည်ဆိုပါက ပိုင်ရုံရှို၏ ကံကြမ္မာက မှန်းဆကြည့်နေရန်ပင် မလိုပေ။

သို့သော် ပြဿနာက ရှင်းရှန်းခရိုင်နှင့် စုန့်ကျန်းရဲစခန်းတို့က အတူပူးပေါင်း၍ ဤလူများအား ဖမ်းဆီးရန် ကြံရွယ်ထားခြင်းပင်။

လီရှန်းဟွေ့ ပြောသည့်အတိုင်း အကယ်၍ လင်းရီသာ ဦးစွာ လှုပ်ရှားလိုက်မည်ဆိုပါက သဘောတူညီထားသည့် စည်းမျဉ်းကို ချိုးဖောက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ယခုလောလောဆယ်၌ သူ့ဘက်က လှုပ်ရှား၍ အဆင်မပြေသေးချေ။ ဤသည်က အတော်လေး ဒေါသထွက်ချင်စရာ ကောင်းလွန်းသည်ဟု လင်းရီ ခံစားနေရ၏။

“ ဒီညီလေးကမှ စဉ်းစားတတ်သေးတယ်…”

ဝမ်ရှုကွမ်းသည် လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက ဖြစ်ပေါ်လာသည်။ စိတ်အတွင်း၌ လူလေးစားခံရသည်ဟု ခံစားနေရကာ ကြိတ်ပြီး ကျေနပ်နေလျက် ရှိသည်။

သူတို့ အလုပ်နယ်ပယ်၌ ဂုဏ်သတင်းသည်ကား အရာရာပင်။

လင်းရီ၏ လုပ်ရပ်က သူ့အား အင်မတန် အားရကျေနပ်သွားစေခဲ့၏။

လင်းရီ စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်ပြီး “ မင်းလူတွေကို ခေါ်ပြီး ထွက်သွားတော့… ငါတို့ဒီမှာ စီးပွားရေး ဆက်လုပ်ရဦးမယ်….”

“ ကောင်းပြီလေ… ဒီနေ့တော့ ဒီလောက်ပဲပေါ့ …‌ နောက်နေ့တွေကျရင် မင်းတို့ စီးပွားရေးကို အားပေးဖို့ ထပ်လာခဲ့ဦးမယ်… အခုကစပြီး ငါတို့က မိတ်ဆွေတွေပဲ …”

လင်းရီ သာမန်လျှံကာမျှ ခေါင်းညိတ်၍ စကားများများမပြောဘဲ ကော့တေး တစ်ကျိုက် သောက်လိုက်၏။ စိတ်ထဲတွင်တော့ အတော်လေး အနှောင့်အယှက်ဖြစ်နေသည်။

မကြာမီ ဝမ်ရှုကွမ်း သူ့လူများနှင့် ထွက်ခွာသွားခဲ့ပြီး လျန်ကျင်းမင် သူ့ခုံထံသို့ ပြန်ရောက်လာခဲ့၏။

“ လင်းကော … ဒါ မင်းပုံစံ မဟုတ်သလိုပဲနော်….” လျန်ကျင်းမင် ပြောလိုက်ပြီး “ သူတို့က ဒီကို ရမ်းကားဖို့ရောက်လာခဲ့တာ … ပြီးတော့ ဆေးလည်းရောင်းနေသေးတယ်… ဒါတောင် မင်းက လွှတ်ပေးလိုက်တယ်ပေါ့ …”

“ စခန်းနှစ်ခုက အတူပူးပေါင်းပြီး ဒီလူတွေကို ဖမ်းဖို့ ရည်ရွယ်ထားတာ .. ဒါကြောင့်မို့ ငါတစ်ယောက်တည်း လုပ်လို့ဖြစ်ဘူး … မဟုတ်ရင် ဒီလောက် ငါးကြီးကြီးကို လွှတ်ပေးလိုက်စရာလား …”

“ ဆိုတော့ အဲ့လိုကိုး …”

သုံးယောက်လုံး နားလည်သဘောပေါက်သွားခဲ့ကြသည်။ “ အဲ့အကြောင်း မပြောနဲ့စို့ကွာ … ဆက်ပြီးသောက်ကြမယ်…”

“ ချီးယား ….”

……

မိနစ် လေးဆယ်ခန့် ကြာပြီးသည့်နောက် ဝမ်ရှုကွမ်းသည် ချန်ကျန်း ရေချိုးစင်တာသို့ ရောက်ရှိလာခဲ့၏။

ဤနေရာက ပိုင်ရုံရှို မကြာခဏ လည်ပတ်လေ့ ရှိသည့် နေရာတစ်ခု ဖြစ်ပြီး အိမ်ပြန်လိုစိတ် မရှိသည့်အခါတိုင်း ဤနေရာ၌သာ အချိန်ဖြုန်းလေ့ရှိ၏။

“ ဘော့စ် …. အားလုံး ရှင်းပြီးသွားပြီ …”

ပိုင်ရုံရှို၏ ရှေ့တွင် မတ်တပ်ရပ်နေရင်း ဝမ်ရှုကွမ်းသည် အပြုံးလေးဖြင့် ပြောဆိုလိုက်၏။

“ ဆိုတော့ … အဲ့ သူဌေးသားလေးတွေက မင်းရှေ့မှာ အမောက်ထောင်ပြသေးလား …” ပိုင်ရုံရှိုသည် ပါးစပ်တွင် စီးကရက်အား ခဲထားရင်း မေးမြန်းလိုက်သည်။

“ သူတို့ထဲ တစ်ယောက်ကတော့ သွေးကြီးပြနေတာ … ကျုပ် အဲ့ကို ရောက်တော့ သူက ကျုပ်ကိုတောင် အော်လားငေါက်လားနဲ့ မိုက်ကြေးခွဲချင်နေလိုက်သေးတယ်…” ဝမ်ရှုကွမ်း ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့ထဲ တစ်ယောက်ကတော့ စဉ်းစားတတ်တဲ့ပုံပဲ … ကျုပ် ဘော့စ်နာမည်ကို ပြောလိုက်တာနဲ့ ချက်ချင်းပဲ လူတွေလွှတ်ပေးပြီး စကားတောင် များများစားစား မပြောတော့ဘူး …”

ပိုင်ရုံရှို ခေါင်းတညိတ်ညိတ်ဖြစ်သွားခဲ့ပြီး ဤသည်က အတော်လေး သာမန်ဆန်သည့် ကိစ္စဟုသာ ထင်နေသည်။

ကျိုးဟိုင်ရှိ သူ၏ ဂုဏ်သတင်းဖြင့် သူ့အား သိသည့် မည်သူကမဆို လေးစားမှုတချို့ ပြသမည်က သဘာဝပင်။ ခေါင်းမာသည့် သောက်ရူးတချို့ကလွဲ၍ မည်သူကမျှ သူ့အား ဖီဆန်ဝံ့ကြမှာ မဟုတ်ချေ။

“ ကောင်းပြီ … မင်းလူတွေ အဆင်ပြေရင် ပြီးတာပဲ … ငါတို့ တခြား ကိစ္စ ပြောကြမယ်…”

ပိုင်ရုံရှိုသည် သူ့ဖုန်းအား အနည်းငယ် လှန်လော၍ ထို့နောက် ဝမ်ရှုကွမ်းအား လင်းရီ၏ ဓာတ်ပုံကို ပြသလိုက်သည်။

“ သူ့နာမည်က လင်းရီ … ဝေရိဟွာ ပြောခဲ့ဖူးတဲ့ လင်းရီပဲ … အဲ့မှာ သူနဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေ ရှိတယ်.. ဆက်သွယ်ပြီး ထမင်းစားဖို့ ဖိတ်လိုက် … သူ ဘယ်လို လူစားမျိုးလဲ ကြည့်ကြတာပေါ့ …”

“ ဟင် … အဲ့တာသူပဲ….”

လင်းရီ၏ ဓာတ်ပုံကို မြင်တော့ ဝမ်ရှုကွမ်း ကြက်သေသေသွားခဲ့သည်။

ဘားတွင် သူ တွေ့ဆုံခဲ့သည့် လူငယ်လေးက ဝေရိဟွာ ညွှန်းဆိုနေသည့် သခင်လေးလင်း ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။ မည်မျှ တိုက်ဆိုင်လိုက်သနည်း။

“ မင်း သူ့ကို သိနေတယ်…”

ဝမ်ရှုကွမ်း ခေါင်းခါရမ်း၍ “ မသိဘူး … ဒါပေမယ့် ဘားမှာတုန်းက ဘော့စ်ကို မျက်နှာသာပေးပြီး လူတွေ လွှတ်ပေးဖို့ ပြောလိုက်တဲ့လူပဲ .. မဟုတ်ရင် ကျုပ် အဲ့ကောင်တွေကို သင်ခန်းစာ ပေးခဲ့ပြီးရောပေါ့ …."

“ သူက မျက်နှာသာပေးဖို့ ပြောတယ်ဟုတ်လား …”

ပိုင်ရုံရှို အတော်လေး အံ့အားသင့်သွားခဲ့သည်။ ဤသည်က သူစိတ်ကူးယဉ်ထားသည်နှင့် အနည်းငယ် ကွဲလွဲနေသည်။

ဝမ်ရှုကွမ်း ခေါင်းညိတ်လိုက်၏။ “ စစချင်းတုန်းက သူ ဘာမှ ဝင်မပြောဘူး ..ဘေးကနေ ဒီတိုင်း ကြည့်နေတာ … ကျုပ် ဘယ်သူလဲ မသိသေးတာ ပါမှာပေါ့ … ဒါကြောင့်မို့ ကျုပ်ကို မျက်နှာသာမပေးဘူး … ဒါပေမယ့် ဘော့စ်ရဲ့ နာမည်ကို ကျုပ် ပြောလိုက်တာနဲ့ သူ ချက်ချင်းပဲ ဝင်ပြောလာပြီး လေးစားမှုတချို့ ပြလာတာပဲ…”

ပိုင်ရုံရှိုသည် သူ၏ လက်ချောင်းများအား ပွတ်သပ်လိုက်ရင်း ပြုံးလိုက်သည်။

“ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ …”

“ အမှန်ပဲ … အတော်လေး စိတ်ဝင်စားဖို့‌ ကောင်းတယ်… ကျုပ် အထင်တော့ သူ ဘော့စ်ရဲ့ ဂုဏ်သတင်းကို ကြားဖူးနားဝရှိပြီး စကားများများစားစား မပြောဘဲ မျက်နှာသာပေးလိုက်သာလို့ ထင်တယ်…”

ပိုင်ရုံရှို ခေါင်းညိတ်လိုက်၏။ “ ငါလည်း အဲ့လို ထင်တယ်… ဒီလောက်ဆို သူငါ့ကို ရှိန်နေတာ သေချာပြီ … မဟုတ်ရင် ငါ့နာမည် ပြောလိုက်တာနဲ့ ချက်ချင်း အချိုးပြောင်းသွားမှာ မဟုတ်ဘူး…”

All Chapters