← Chapters

သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော

Vol. 135 Ch. 2015

သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော

Vol. 135 Ch. 2015

“ အွန်း … ငါ့အန်တီ နှလုံးမှာ ပြဿနာ နည်းနည်း ရှိနေလို့… ဟိုမှာက ဆေးကောင်းကောင်း ကုလို့ မရတော့ ကျိုးဟိုင်လာပြီး ဆေးပြချင်နေတာ …” ရန်စီ ပြောလိုက်ပြီး “ ဒီနယ်ပယ်ပိုင်းမှာက ငါ့အဆက်အသွယ်တွေ မရှိတော့ နင့်ဆီ ဆက်သွယ်လိုက်တာပဲ …”

“ ငါက ဘာ အရေးကြီး ကိစ္စများလဲလို့ကွာ …” လင်းရီ ပြောလိုက်ပြီး “ ငါနဲ့ လွှဲထားလိုက် … အားလုံး အဆင်ပြေအောင် လုပ်ထားပေးမယ်…”

“ နင့်ကို အားကိုးလို့ရမယ်မှန်း သိသားပဲ…” ရန်စီ အားပါးတရ ပြုံးလိုက်ပြီး “ ဒါပေမယ့် ဆေးကုသဖို့ ကိစ္စက အသေးအမွှားကိစ္စလေးရယ် .. နင့်ဆီ အကူအညီတောင်းချင်တာက တခြားကိစ္စ …”

“ ပြော … ငါ တတ်နိုင်တာဆို အကုန် လုပ်ပေးမယ်…”

“ ငါ သိချင်တာ နင့် ညီမ မင်္ဂလာဆောင်တုန်းက မိသားစု တွေ့ဆုံပွဲတွေ တက်ဖူးလားလို့ …”

“ ဟင် … မိသားစု တွေ့ဆုံပွဲ ဟုတ်လား …”

“ အွန်း … ယောက္ခမနဲ့ တွေ့ရတဲ့ ပွဲလိုမျိုးပေါ့ … နင် တက်ဖူးလားလို့ …..”

“ ငါ့ ညီမ မင်္ဂလာဆောင်တုန်းက အဲ့လိုမျိုးတော့ မရှိဘူး …” လင်းရီ ပြောလိုက်ပြီး “ အဲ့တုန်းက ငါရယ် ၊ ချင်းရန်ရယ် ၊ ငါ့ ယောက်ဖရဲ့ ဝမ်းကွဲရယ် အတူထမင်းစားပြီး ဆွေးနွေးလိုက်ကြတာပဲ … သူတို့ မိဘတွေနဲ့တော့ ကြိုပြီး မတွေ့ဖြစ်ဘူး …”

“ ငါ နားလည်ပြီ…” ရန်စီသည် တစ်စုံတစ်ခုအား စဉ်းစားနေသည့်နှယ် ဖြည်းညင်းစွာ ပြောလိုက်သည်။ ထို့နောက် “ နင် မနက်ဖြန် အားလား …”

“ မအားဘူး …” လင်းရီ တုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် မင်း ဘာလိုအပ်လဲဆိုတာတော့ ငါ သိချင်တယ်…”

“ ငါ့ဝမ်းကွဲနဲ့ သူ့ကောင်လေးက အတူနေတာ ၂ နှစ်ကျော်လောက် ရှိပြီ … နှစ်ယောက်လုံးက အိမ်ထောင်ပြုသင့်တဲ့ အရွယ်တွေ ဆိုတော့ နှစ်ဖက် မိဘ တွေ့ဆုံပွဲ လုပ်မလို့လေ .. ပြီးတော့ ငါက အဖော်လိုက်သွားပေးရမှာ …” ရန်စီ သက်ပြင်းချလိုက်၏။

“ မင်း ဝမ်းကွဲအကြောင်း ငါ့ကို တစ်ခါပြောပြဖူးပါတယ်… မင်းတို့နှစ်ယောက်က အဲ့လောက်ကြီးလည်း မရင်းနှီးဘူးမလား … မင်းက ဘယ်လိုလုပ် ကြားထဲ ဝင်ပါသွားရတာ ..”

“ ငါကရော ဆန္ဒရှိတယ်လို့ နင်ထင်လား …” ရန်စီ ပြောဆိုလိုက်ပြီး “ ငါ့ အန်တီကြောင့်မို့တာပေါ့ … ငါ ငယ်ငယ်တုန်းက မိဘတွေ မအားတာနဲ့ အန်တီနဲ့ပဲ ကြီးပြင်းလာတာလေ… ငါ့ရဲ့ ဒုတိယအမေလို့ ပြောလည်း ရတယ်… ပြီးတော့ အန်ကယ်ကလည်း အစောကြီး ထွက်သွားခဲ့တော့ သူတစ်ယောက်တည်း မိသားစုကို ပံ့ပိုးပေးလာခဲ့တာ အခု သူက ငါ့အကူအညီ လိုအပ်လာပြီ ဆိုမှတော့ ငါက ဘယ်လိုလုပ် ဘေးက ရပ်ကြည့်နေနိုင်မှာလဲ …”

“ အား …. သဘောပေါက်ပြီ သဘောပေါက်ပြီ …” လင်းရီ ပြောလိုက်ပြီး “ ဒီတော့ မင်းက ကျဉ်းထဲကျပ်ထဲ ရောက်နေတယ် ဆိုပါတော့ …”

“ အတိအကျပဲ … ဒီလိုပွဲမျိုး ငါ့မှာတက်ဖူးတဲ့ အတွေ့အကြုံလည်း မရှိတော့ နင် အချိန်ရတယ်ဆို ငါနဲ့ အတူ လိုက်ခဲ့ပေးပါလားလို့ …”

“ မင်းနဲ့ လိုက်ခဲ့ပေးရမယ် ဟုတ်လား …” လင်းရီ အံ့အားသင့်သွားခဲ့သည်။ “ အဲ့ဒါက မင်းမိသားစု အရေးလေ .. ငါ လိုက်လာလို့ သင့်ပါ့မလားဟ …”

“ ပြဿနာက ငါ့အန်တီက ငါ့ကောင်လေးနဲ့ တွေ့ပြီး ငါနဲ့ လိုက်မလိုက် ကြည့်ချင်နေတာ .." ရန်စီ ပြောလိုက်ပြီး “ နင်က ငါနဲ့ တစ်အိပ်ရာတည်း အတူအိပ်ပြီး အများကြီး ပျော်ဖူးခဲ့တဲ့လူဆိုတော့ အခု နင့်ဘက်က ရှေ့ထွက်လာရမယ့် အချိန်ပဲနော်… ငါ့ကို စိတ်မပျက်စေနဲ့ …”

“ ဒီတိုင်း တွေ့ပေးဖို့ပဲ မလား … အသေးမွှား ကိစ္စလေးပါ … မင်းအတွက် အဆင်ပြေချောမွေ့အောင် ငါလုပ်ပေးမယ်…”

“ ဟွန့် .. နင် သိရင် ပြီးရော …” ရန်စီ ပြောလိုက်ပြီ “ ရထားက ကျိုးဟိုင်ကို မွန်းလွဲညနေလောက် ရောက်မှာ … ငါနဲ့အတူလိုက်ပြီး ကြိုပေး … တကယ်လို့ နင် ညနေပိုင်း အားတယ်ဆိုရင် ငါတို့ အတူ လမ်းလျှောက်လို့ရတယ်…”

“ ဈေးလည်ချင်နေတာမလား ….”

“ နင်က ဉာဏ်ကောင်းသားပဲ …” ရန်စီ တခစ်ခစ် ရယ်မောလိုက်၏။

“ ကောင်းပြီလေ … ငါလည်း ဝယ်စရာ တချို့ ရှိတာနဲ့ အတော်ပဲ …” လင်းရီ ပြောလိုက်ပြီး “ ဘယ်မှာ ဆုံကြမလဲ …”

“ ငါ ကုမ္ပဏီမှာ … နင် လာကြိုလိုက် …”

“ ကောင်းပြီလေ… အဲ့မှာတွေ့ကြတာပေါ့ …”

ပြောဆိုပြီးနောက် လင်းရီသည် ဖုန်းချ၍ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ကွင်းရှိ ကျိုးဟိုင်ထောင်ထံ ဖုန်းဆက်၍ သူ၏ တိုရိုတာ အဲဖာ့ဒ်ကို ယူလာခဲ့ပေးရန် ညွှန်ကြားလိုက်သည်။

တစ်စုံတစ်ယောက်ကို ကြိုဆိုရမည် ဖြစ်သဖြင့် သက်တောင့်သက်သာရှိရှိလေး ဖြစ်စေချင်သည်။

ကားစီစဉ်ပြီးနောက်တွင် လင်းရီသည် အိပ်ရာပေါ်သို့ လဲလျောင်း၍ အနားယူလိုက်ပြီး ညနေပိုင်းတွင် ရန်စီနှင့် တွေ့ဆုံရန်အတွက် အားမွေးလိုက်၏။

ထိုအချိန်မှာပဲ နာ့စ်အငယ်လေး တစ်ဦးက လူနာခန်းထဲသို့ ဝင်ရောက်လာသည်။ မျက်နှာက အနည်းငယ် မရင်းနှီးသည်ကို လင်းရီ သတိထားမိလိုက်သည်။

သူမ၏ နာမည်ကတ်ပြားကို တစ်ချက်ကြည့်လိုက်တော့ ကျိုးဟိုင် ကျန်းမာရေး အကယ်ဒမီက ကျောင်းသူ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။ အလုပ်သင် နာ့စ် ဖြစ်သည်ကို လင်းရီချက်ချင်းပဲ နားလည်သဘောပေါက်သွားခဲ့သည်။

“ အဒေါ် … ဆေးသွင်းဖို့ အချိန်ရောက်ပြီ … ကျွန်မ အပ်ထည့်တော့မယ်… နည်းနည်းတော့ နာမယ်နော်…”

“ အပ်ထည့်မယ်ဆိုတာ ဘာပြောတာလဲ ..” အသက်ကြီးပိုင်း အမျိုးသမီးက မသိနားမလည်စွာ မေးမြန်းလိုက်သည်။

“ IV drip လိုမျိုးပဲ … သွေးပြန်ကြောထဲ သွင်းမှာ … ဒါပေမယ့် အပ်ထည့်ပြီးတာနဲ့ နေ့တိုင်း ဆေးချိတ်စရာ မလိုတော့ဘူး …”

“ ဪ … အဲ့လိုလား …” အမျိုးသမီးကြီးက ပြုံးပြီး နာ့စ်အငယ်လေးနှင့် ပူးပေါင်းပေးလိုက်သည်။

“ ဆရာမ … ကျုပ် အမေရဲ့ အခြေအနေက ပြင်းထန်လား … အခုလို လုပ်တာက အစွမ်းပြတာ ပိုပြီး မြန်လောက်လားဗျ…”

အမျိုးသမီးကြီး၏ ဘေးတွင် ထိုင်နေသည့် သားဖြစ်ဟန်တူသည့် လူငယ်လေးမှ ရုတ်တရက် မေးမြန်းလာခဲ့၏။

“ ပိုမြန်မှာလားဆိုတော့ … လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး … ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ အတူတူပါပဲ …”

“ မဟုတ်ဘူး … မဟုတ်ဘူး … ကျုပ်ပြောချင်တာက သွေးလွှတ်ကြောထဲ ထည့်ရင်ကောလို့ …”

“ သွေးလွှတ်ကြောထဲကို ဟုတ်လား …”

နာ့စ်အငယ်လေးမှာ နားဝေတိမ်တောင် ဖြစ်သွားခဲ့ပြီး လင်းရီသည်လည်း ရှုပ်ထွေးသွားခဲ့၏။

“ မင်းက နာ့စ်ပဲဟာ … ဒါကို သေချာပေါက် သိမှာပေါ့ … သွေးပြန်ကြောထဲ ထည့်တာက နှေးတယ်… ဒါပေမယ့် သွေးလွှတ်ကြောထဲ စီးဆင်းတာက ပိုမြန်တယ်ဆိုတော့ ဆေးလည်း ပိုပြီး မြန်မြန် အလုပ်လုပ်နိုင်မယ် မဟုတ်ဘူးလား …”

လင်းရီ “ …. “

နာ့စ်အငယ်လေး “ ….”

နာ့စ်အငယ်လေးမှာ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ရ၏။

“ ညီကို … မင်း ထင်တာ လွဲနေပြီ …” လင်းရီ ဝင်ပြောလိုက်၏။

“ ဘယ်လို လွဲတာ …”

“ သွေးလွှတ်ကြောထဲ ဆေးဖိုးဆိုတာက အန္တရာယ်များတယ်... ပြီးတော့ သူ့ရဲ့ သွေးကြော‌နံရံ‌ေတွကလည်း ထူတယ်.... သွေးပြန်ကြောထဲပဲ ဆေးထိုးလို့ရတာ ..”

“ ဪ …အဲ့လိုကိုး … ဒါဆိုရင် ဆရာမ .. ကျုပ် အမေကို သွေးပြန်ကြောထဲပဲ လုပ်ပေးလိုက်တော့ …”

နာရီဝက်အတွင်းမှာပဲ လင်းရီလည်း ဆေးချိတ်ပြီးသွားခဲ့ပြီး လီချူးဟန်နှင့်အတူ နေ့လည်စာစားလိုက်သည်။ ထို့နောက် ဆေးရုံထဲက ထွက်လာသည်။

ကလင် ကလင် ကလင် …

လင်းရီ ဆေးရုံထဲက ထွက်လာပြီးနောက် မကြာခင်မှာပဲ ဖုန်းသံက မြည်လာခဲ့ပြီး ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ မရင်းနှီးသည့် နံပါတ်စိမ်းတစ်ခု ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဟယ်လို ….”

“ လူကြီးမင်းလင်း … ငါပါ … ဝမ်ရှုကွမ်း …”

လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

စိတ်ဝင်စားစရာပင်။ သူ့ဘက်က ၎င်းတို့ကို မကိုင်တွယ်ရသေးသော်လည်း တစ်ဖက်က ဦးစွာ လှုပ်ရှားလာခဲ့၏။

“ အင်း … ဘာပြောစရာရှိလို့လဲ …”

“ လူကြီးမင်းလင်း … ဒီလိုပါ … မင်းငါ့ကို မနေ့ညက မျက်နှာသာပေးပြီး ကူညီပေးခဲ့တယ်… ဒါကြောင့်မို့ ငါ့ဘော့စ်က မင်းကို ထမင်းစားဖိတ်ပြီး မင်းနဲ့ မိတ်ဆွေဖြစ်ချင်နေတယ်…’

လင်းရီ ထေ့ပြုံး တစ်ချက် ပြုံးလိုက်သည်။ အခြေအနေက အတော်လေး ရယ်ရွှင်ဖွယ်ရာပင်။

“ စိတ်မကောင်းစရာပဲ … ငါနောက်သုံးလေးရက်လောက်အထိ အားဦးမှာ မဟုတ်တော့ အဆင်မပြေဘူး…”

“ ရတယ်… အရေးမကြီးပါဘူး … မင်း ကိစ္စ လုပ်စရာရှိတာ အရင်လုပ်လိုက် … ပြီးတော့ ငါတို့ဘက်က လူကြီးမင်းလင်း အဆင်ပြေမယ့် အချိန်ကို စောင့်နေမယ်…” ဝမ်ရှုကွမ်းမှ အားတက်သရော ပြောကြားလာခဲ့သည်။ “ လူကြီးမင်လင်း အားပြီဆိုတာနဲ့ ဖုန်းခေါ်လိုက် … အကုန်လုံးက ကျိုးဟိုင်သားတွေချည်းပဲ ဟုတ်တယ်မလား … နောင်လည်း မိတ်ဆွေဖြစ်လာမယ့် လူတွေကိုပဲ …”

“ ဟုတ်ပြီလေ…”

လိုရင်းတိုရှင်း အသိမှတ်ပြုပြီးနောက် လင်းရီဖုန်းချကာ ရန်စီ၏ ကုမ္ပဏီထံသို့ မောင်းနှင်သွားလိုက်သည်။

မိနစ်ပိုင်းအတွင်းမှာပဲ ရန်စီက အဆောက်အဦးထဲမှ ထွက်လာသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။ သူမက အညိုရောင် အိတ်ကိုလွယ်လျက် အဖြူရောင်သိုင်းကြိုး ဒေါက်မြင့်ဖိနပ်ကို စီးနင်းထားသည်။ အင်္ကျီကိုတော့ ဖိနပ်နှင့် လိုက်ဖက်မည့် အဖြူရောင် ဘလောက်စ်အင်္ကျီကို ဝတ်ဆင်ထားပြီး အပြာရောင် fishtale pencil skirt ကို ဝတ်ဆင်ထားကာ ဖြူသွယ်သည့် ခြေတံတို့အား အထင်းသား မြင်တွေ့နေရ၏။ သူမ၏ အဆိုပါ ဝတ်စုံနှင့် လမ်းလျှောက်လာသည့် ပုံရိပ်မှာ အင်မတန် ကျော့ရှင်းနေသည်။

(fishtail pencil skirt - အပြာရောင် စကပ်ချော။ သူက ဟိုလို ပြည်ကြီးငါးပုံစံပဲ။ (八) ၀တ်လိုက်ရင် ပုံစံက အဲ့လိုလေး။ ကျနော်လည်း အမျိုးသမီး ဖက်ရှင်ကို သိပ်မသိတော့ အဆင်ပြေအောင်တော့ ရေးထားပေးပါတယ်။)

လင်းရီ၏ ကားကို မြင်တော့ ရန်စီ ကျော့မော့စွာဖြင့် အထဲသို့ ဝင်ရောက်လာပြီး သင်းပျံသည့် သူမ၏ ကိုယ်သင်းရနံ့မှာ လင်းရီ၏ နှာသီးဖျားဝသို့ ချက်ချင်း တိုးဝှေ့လာကာ ကားတစ်ခုလုံး၏ လေထုမှာ လန်းဆန်းသွားခဲ့၏။ ခရီးသည်ထိုင်ခုံတွင် ထိုင်ရင်း ဟော်မုန်းအား လှုံ့ဆော်စေသည့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ လင်းရီကို အတော်လေး ဆွဲဆောင်နေသည်။

“ ဘာလို့ ဒီလောက်လှနိုင်ရတာ... မင်းဝမ်းကွဲတော့ မျက်နှာညှိုးငယ်သွားတော့မှာပဲ …”

“ ဥက္ကလင်းနဲ့ အပြင် အတူ ထွက်မယ်ဆိုမှတော့ အရှက်မရအောင် ဒီလောက်တော့ ပြင်ဆင်ရမှာပေါ့ … ဟုတ်တယ်ဟုတ် .. ဟင် … နင့်လက်က အဲ့တာ ဘာဖြစ်တာ …”

All Chapters