မတည့်တဲ့ ညီအစ်မတွေ
Vol. 135 Ch. 2016
လင်းရီ လက်ဖမိုးသို့ တစ်ချက် ကြည့်လိုက်ပြီး ဆေးချိတ်ထားသည့် အပ်ရာကို မြင်တွေ့သွားခဲ့၏။
“ ဒါလား …. ဆေးချိတ်ခဲ့တာလေ…”
“ ဆေးချိတ်ခဲ့တယ် ဟုတ်လား ….”
ရန်စီ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ နင့် ခန္ဓာကိုယ် အနေအထားနဲ့ဆို ကြီးကြီးမားမားတော့ မဖြစ်နိုင်ဘူးမလား .. ဘာဖြစ်တာလဲ …”
“ ထွေထူး မဟုတ်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ဓားထိမိလို့ နည်းနည်းလောက် ချုပ်ထားတာ အဲ့တာ ဆေးချိတ်ခဲ့တာ …”
“ ဓားထိမိခဲ့တယ် ဟုတ်လား …”
ရန်စီ စိုးရိမ်ကြောင့်ကြသွားခဲ့ပြီး “ ဘယ်နေရာလဲ … ဘာဖြစ်တာလဲ … ပြ .. ငါ ကြည့်ကြည့်မယ်… တစ်ခုခု ဖြစ်တယ်ဆိုလည်း နင် ငါ့ကို ဘာလို့ မပြောတာလဲ … ငါသာ ကြိုသိရင် နင့်ကို ထွက်လာခဲ့ခိုင်းမှာတောင် မဟုတ်ဘူး …”
“ အဆင်ပြေတယ်… သက်သာလုနီးပါး ဖြစ်နေပြီ … မဟုတ်ရင် ငါကရော ဒီကို လာခဲ့ပါ့မလား …” လင်းရီ ပြောလိုက်သည်။ “ မင်း အဝတ်ဝယ်မယ်မလား … ဘယ်သွားချင်လဲ … ငါလိုက်ပို့ပေးမယ်…”
“ နင် အဆင်ပြေတာ သေချာပါတယ်နော်… ငါ့ကို စိတ်ပူရအောင် မလုပ်နဲ့ …” ရန်စီ စိုးရိမ်ကြောင့်ကြသည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ အင်း … အဆင်ပြေတယ်… စိတ်မပူနဲ့ …”
လင်းရီ၏ သက်တောင့်သက်သာ အမူအရာကို မြင်တော့ ရန်စီလည်း ဆက်လက် မေးမြန်းမနေတော့ပေ။ သို့သော် သူမ၏ အမူအရာမှာတော့ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်၏။
“ ငါ မြေပုံဖွင့်ထားတယ်... အဲ့အတိုင်းသာ ဖြည်းဖြည်းမောင်းသွားလိုက် …”
“ ကောင်းပြီလေ… ဒါပေမယ့် မြေပုံနဲ့ ဘာလို့ သွားမှာ … နေရာသာ ပြောလိုက်စမ်းပါ …”
“ မောလ်မှာ ရောင်းတာတွေက ရယ်ဒီမိတ်တွေ … အရည်အသွေးကောင်းတဲ့ ကတ်စတန်မိတ် တစ်ဆိုင် တွေ့ထားတယ်.. အဲ့ကို သွားပြီး ဝယ်မလို့ …”
ရန်စီ သူမ၏ ဆံစအား သပ်၍ “ နင်လည်း အဝတ်နည်းနည်း ဝယ်ချင်တယ် ပြောတယ်မလား … ဘယ်လိုပုံစံ လိုချင်တာလဲ … ငါ ကူရွေးပေးလို့ရတယ်…”
“ အနာဂတ် ယောက္ခမကြီးအတွက် မွေးနေ့လက်ဆောင် ပေးမလို့လေ… မင်း ငါ့ကို ကူရွေးပေးမယ်ဆို အတော်ပဲပေါ့ …”
ရန်စီမှာ သူ၏ အခြေအနေကို ကောင်းစွာ နားလည်ထားသောကြောင့် နာမည်ကို ထည့်မပြောသော်လည်းပဲ သူဆိုလိုချင်သည့် အချက်ကို သူမ ဆုပ်ဖမ်းမိမည်ဟု ယုံကြည်သည်။
“ အနာဂတ် ယောက္ခမလောင်းဆိုတော့ … ဥက္ကဌကျီရဲ့ အမေအတွက်လား …”
လင်းရီ ခေါင်းညိတ်ပြလိုက်၏။
“ အဲ့တာဆို ကျောက်စိမ်းပစ္စည်း တစ်ခုခု လက်ဆောင်ပေးတာက ပိုပြီး သင့်လျော်မယ်လို့ မထင်ဘူးလား ….” ရန်စီ ပြောလိုက်ပြီး “ ငါခုနက ပြောတဲ့ ဆိုင်မှာ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေ အများကြီး ရှိတယ်… တစ်ချက်ကြည့်တာပေါ့ … ဒါပေမယ့် နင်နဲ့ ကျီချင်းရန်ရဲ့ ပြဿနာက ဖြေရှင်းပြီးတာ သေချာလို့လား … အချိန်ဆွဲထားတာက မကောင်းဘူးနော်….”
“ မမေးနဲ့ … ခုရက်ပိုင်း ဖြစ်သွားတဲ့ ကိစ္စတွေက အတော်များတော့ စဉ်းစားဖို့တောင် အချိန်မရဘူး …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မကြာခင် ရှင်းရှင်းလင်းလင်း ဖြစ်တော့မှာပါ … အချိန်ဆွဲထားတာက မကောင်းမှန်း ငါလည်း သိတယ်…”
“ အွန်း … ပြီးတာပဲ … အဲ့ကိစ္စတော့ ငါလည်း မကူညီပေးတတ်ဘူး …” ရန်စီ အားရဝမ်းသာဖြစ်စွာနဲ့ ပြောဆိုလိုက်ပြီး “ ဒီကြားထဲ ငါနဲ့ အတူ အချိန်ဖြုန်းလို့ ရတာပေါ့ … ဟုတ်တယ်မလား …”
“ မင်းနဲ့လား … မဖြစ်နိုင်တာ …”လင်းရီ ကျီစယ်သည့် အမူအရာဖြင့် ဆိုလိုက်၏။
မကြာမီ လမ်းညွှန်သည့်အတိုင်း LC custorm ဟု အမည်ရသည့် ဆိုင်တစ်ခုသို့ ရောက်ရှိလာခဲ့၏။
လင်းရီ အပြင်မှ တစ်ချက်ကြည့်လိုက်၏။ စတိုးဆိုင်၏ အပြင်အဆင်က ကျော့ရှင်းပြီး အရည်အသွေးကောင်းသည့် ဖန်သားတို့ဖြင့် ဝန်းရံထားလျက် ခေတ်မီဆန်းပြားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ ဤသည်က လင်းရီ၏ စတိုးဆိုင်အပေါ် ပထမဆုံး အမြင်ပင်။
ထို့ပြင် ‘ Custom ‘ ဆိုင်းဘုတ် စာသား၏ အောက်တွင် စာလုံး အသေးဖြင့် ဖက်ရှင်နှင့် လက်ဝတ်ရတနာ ဟူ၍ ရေးထိုးထားသေးသည်။
ကိုယ်တိုင် စိတ်တိုင်းကျ လက်ဖြင့် ချုပ်လုပ်သည့် အထည်များသာမက လက်ဝတ်ရတနာများလည်း ရွေးချယ်ဝယ်ယူနိုင်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေလျက် ရှိသည်။
“ လက်ဇရီ ဘရန်း မဟုတ်ဘူးဆိုပေမယ့် ဒီက ပစ္စည်းတွေကလည်း အဆင့်မြင့် မောလ်တွေအောက် လုံးဝ ဈေးမနည်းဘူး …”
“ အင်း … လက်နဲ့လုပ်တဲ့ ပစ္စည်းတွေ ဈေးကြီးတာက ပုံမှန်ပါပဲ … အနုစိတ်တာကိုး ….” လင်းရီ ထောက်ခံလိုက်၏။
“ ဒါပေမယ့် နင့်အတွက်တော့ အဲ့ဒီ ကိန်းဂဏန်းတွေက ကိစ္စမရှိဘူးမလား … ပြီးတော့ ငါသာ ဈေးပေါတဲ့ ပစ္စည်းတွေ ဝတ်မယ်ဆို နင့်ကို အရှက်ခွဲသလို ဖြစ်သွားမှာပေါ့ …” ရန်စီမှ ချစ်စဖွယ် လေသံအမူအရာဖြင့် ပြောဆိုလာခဲ့၏။
“ အမှန်အတိုင်း ပြောရရင် မင်း ဘွဲ့ရပြီး အလုပ်အကိုင် ကောင်းကောင်း ရှာတွေ့သွားတာ တော်သေးတယ် ပြောရမယ်… မဟုတ်ရင်တော့ တကယ့် သိုက်တူးမ အကြီးစား ဖြစ်လာမှာ သေချာတယ်….”
“ ခစ်ခစ် .. အဲ့တာတော့ ဘယ်သေချာမှာ ….”
ရန်စီသည် လင်းရီ၏ လက်မောင်းကို ကြောင်လေးသဖွယ် မျက်နှာဖြင့် ပွတ်သပ်ရင်း “ ငါက နင့်အရှေ့မှာပဲ ဒီလိုတွေ ပြုမူတာ… တခြားလူတွေနဲ့ဆို ဒီလို မဟုတ်ပါဘူး …”
“ ငါသိတယ်… အထဲဝင်ကြတာပေါ့ … ခဏနေ တခြား လုပ်စရာတွေ ရှိသေးတယ်မလား …”
“ အိုကေ …”
ရန်စီသည် သူမ၏ ဟန်းဘတ်အိတ်ကို လွယ်ရင်း ကျော့ရှင်းစွာဖြင့် ကားတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ထို့နောက် လင်းရီ၏ လက်မောင်းကို ချိတ်ရင်း ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်။
အထဲသို့ရောက်သည်တွင် လင်းရီသည် သပ်ရပ်ကျနစွာ စီမံထားသည့် အထားအသို အပြင်အဆင်ကို မြင်တွေ့လိုက်ရပြီး လက်ဇရီဘရန်းများ ရောင်းချသည့်ဆိုင်ပင် ဤမျှ ခမ်းနားခြင်း မရှိလောက်ဟု စိတ်က ခံစားလိုက်ရ၏။
“ ဘယ်လိုနေလဲ … မဆိုးဘူးဟုတ် …”
“ ငါ အစက ဒီနေရာကို အမျိုးသမီး သီးသန့်ပဲ ရောင်းတယ်ထင်နေတာ … အမျိုးသားဝတ်တွေပါ ရမယ်လို့ ထင်မထားဘူး …”
“ ဒီက အမျိုးသားအထည်တွေလည်း တကယ်မဆိုးဘူး … နင့်အခု ဒီဝတ်စုံက ဟောင်းနေပြီ … ငါ နင့်ကို အသစ်လေးတွေ ဝယ်ပေးမယ်…”
“ ဒါ ငါ မနေ့ကမှ လျော်ပြီး မီးပူတိုက်ထားတဲ့ဟာနော်…”
“ ဖက်ရှင်ကို ပြောနေတာ ငတုံးရဲ့ ….”
“ အိုး … ပြီးရော ….”
ဤနေရာတွင်တော့ လီချူးဟန်နှင့် အခြားအမျိုးသမီးတို့မှာ မတူညီပေ။ လီချူးဟန်က သူ့အင်္ကျီများကို လက်ဖြင့် လျော်ဖွပ်ပေးပြီး ကျန်သည့် အမျိုးသမီးများကတော့ အင်္ကျီအသစ်တို့သာ ဝယ်ပေးလေ့ရှိကာ ဘယ်တော့မှ လျော်ပေးခြင်း မရှိပေ။
ထိုအချိန်မှာပဲ အမျိုးသမီး အရောင်းဝန်ထမ်းတစ်ဦးက သူတို့အနားသို့ ရောက်လာ၍ ညင်သာသည့် လေသံဖြင့် နှုတ်ခွန်းဆက်လာသည်။
“ လူကြီးမင်းတို့နှစ်ယောက်က ချုပ်ပြီးသား အထည်တွေ ကြည့်ချင်တာလား .. ဒါမှမဟုတ် ကိုယ်တိုင်မှာချင်တာလားရှင့် ….”
“ ချုပ်ပြီးသားတွေ အရင်ကြည့်တာပေါ့ … ငါတို့ဘာသာ တစ်ချက် ကြည့်လိုက်ဦးမယ်…”
“ ဟုတ်ကဲ့ … ဒါဆိုရင် ဧရိယာ အေမှာက အမျိုးသားဝတ်တွေ ရှိပါတယ်… အမျိုးသမီး အဝတ်တွေကတော့ ဧရိယာဘီမှာပါ … လူကြီးမင်းတို့ စိတ်တိုင်းကျ ကြည့်ကြပါရှင့် …”
“ ဟုတ်ပြီ ကျေးဇူးပဲနော် ….”
ရန်စီသည် လင်းရီကို အဝတ်ရွေးပေးရန်အတွက် ဧရိယာအေသို့ ခေါ်သွား၏။
“ မင်းရွေးမှာ သွားရွေးလေ… ငါ့ကို စိတ်ပူမနေနဲ့ … အပြင်လူမှ မဟုတ်တာ….”
“ ဝတ်မယ့်ဟာတွေကို သူတို့ရဲ့ ဝီချက်အကောင့်ကနေ ရွေးထားပြီးပြီ … ခဏနေ စမ်းဝတ်ကြည့်ရုံပဲ ကျန်တော့တာ … အလျင်မလိုပါဘူး …”
“ ကောင်းပြီလေ…”
လင်းရီ တုံ့ပြန်လိုက်၏။ ထို့နောက် နှစ်ယောက်အတူ အမျိုးသားအထည်များ ပြသထားသည့် ဧရိယာသို့ အတူရောက်ရှိလာသည်။
အမျိုးသား အထည်များ ချိတ်တန်းပြသထားသည့် နေရာသို့ ရောက်သည်တွင် မထင်မှတ်ဘဲ အနောက်မှ ထေ့ငေါ့သံစွက်သည့် အသံတစ်သံအား ကြားလိုက်ရ၏။
“ အိုးမို … ဒါက ဒါရိုက်တာရန် မဟုတ်လား … နင်လည်း ဒီလာဝယ်မယ်လို့ ထင်တောင်မထင်ထားဘူး …”
နှစ်ဦးသား လှည့်ကြည့်လိုက်တော့ ငယ်ရွယ်သည့် စုံတွဲတစ်တွဲက သူတို့အနောက်တွင် ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
အမျိုးသမီးက ကျော့ရှင်းသည့် ဘာဂန်ဒီဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် ဆံနွယ်တို့က အစွန်းတွင် အနည်းငယ် တွန့်ကောက်နေသည်။ လှပပြီး ကျက်သရေ ရှိသော်လည်းပဲ ရန်စီနှင့် အတူယှဉ်တွဲကြည့်လိုက်မည်ဆိုပါက ထူးခြားသည့် အရှိန်အဝါတစ်မျိုးတော့ လစ်လှပ်နေဆဲဖြစ်၏။
သူမဘေးရှိ အမျိုးသားကတော့ အနောက်တိုင်းဝတ်စုံနှင့် နက်ခ်တိုင်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်သို့ ဖြီးသပ်ထား၏။ သို့သော် အရပ်အမောင်းကတော့ လင်းရီနှင့် နှိုင်းယှဉ်မည်ဆိုပါက ခေါင်းတစ်လုံးစာခန့်မျှ နိမ့်ကျနေသည်။
ခေတ္တ အကြည့်ချင်း ဖလှယ်နေစဉ်အတွင်း တစ်ဖက် အမျိုးသမီးကလည်း လင်းရီကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ် လေ့လာ အကဲခတ်နေကာ ထင်သာမြင်သာရှိသည့် အပြုံးတစ်ခုက နှုတ်ခမ်းပါးထက်၌ ပေါ်ထွက်လာခဲ့၏။
“ နင်တောင် ဒီကို ဈေးဝယ်လာခဲ့သေးတာ ငါကရော လာလို့ မရဘူးလား …” ရန်စီ အေးစက်စွာ တုံ့ပြန်လိုက်၏။ သူမ၏ လေသံထဲတွင် ရန်လိုမှုတို့ ပြည့်နှက်နေသည်။
“ ငါက အဲ့သဘောမျိုး ပြောချင်တာ မဟုတ်ပါဘူးဟယ် … မထင်မှတ်ဘဲ မြင်လိုက်ရလို့ အံ့ဩသွားရုံပါပဲ … ကျော်ကြားတဲ့ ဒါရိုက်တာရန်က လူငယ်အချောလေး တစ်ယောက်နဲ့ အတူ ဈေးဝယ်ထွက်လာတယ်ဆိုတော့ ကောလဟာလတွေကို မစိုးရိမ်ဘူးလား …”
အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက လင်းရီကို ကြည့်လိုက်ပြီး “ သူ့ပုံစံကြည့်ရတာ အတော်လေး ငယ်သေးတာပဲ … အခုမှ ကျောင်းတက်နေတုန်းပဲ ရှိဦးမယ်… မှန်တယ်မလား …”
ရန်စီနှင့် လင်းရီတို့နှစ်ဦးမှာ ရုပ်ရည်သွင်ပြင်အရ လိုက်ဖက်ညီသော်လည်းပဲ သူတို့နှစ်ဦး၏ ဝတ်စားဆင်ယင်ထားပုံမှာ မတူကွဲပြားနေသည်။
လင်းရီ၏ အဝတ်အစားတို့က ဆိုးရွားနေသည်မဟုတ်သော်လည်းပဲ ရန်စီ၏ သားနားလှပစွာ ဆင်ယင်ထားမှုကြောင့် နှစ်ဦးအတူ ယှဉ်တွဲသွားလာသည့်အခါ၌ လင်းရီအား သာမန်ဆန်သည့် အသွင်သို့ ရောက်ရှိသွားစေခဲ့၏။ ထို့ကြောင့်ပဲ တစ်ဖက်အမျိုးသမီးက လင်းရီကို ကျောင်းတက်နေဆဲဖြစ်သည့် ကျောင်းသားတစ်ဦးဟု အထင်မှားသွားခဲ့ခြင်းပင်။
“ အဲ့တာ နင့်ကိစ္စမဟုတ်ဘူး …” ရန်စီ ပြောဆိုလိုက်ပြီး “ ငါ့ ကိစ္စ နင်ဝင်ပါစရာမလိုဘူး …”
“ ငါလည်း နင့်ကို စိတ်မပူပါဘူး … ငါစိတ်ပူတာက ဟော့ဒီက ကောင်ငယ်လေးကိုပဲ …”
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက လင်းရီကို ကျီစယ်စွာ ပြုံးလျက် “ ကောင်လေး … နင် ဂရုစိုက်နော်… ဒါရိုက်တာရန်က နွားသိုးကိုတောင် တစ်ညတည်းနဲ့ အမောဖောက်ပြီး သေစေတယ်လို့ နာမည်ကြီးတာ နင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့နဲ့ … မဟုတ်ရင် အလျင်အမြန်ပဲ ခြောက်ခမ်းသွားလိမ့်မယ်…”