မင်းကောင်လေး အပူရှပ်ပြီး သတိလစ်နေတယ်
Vol. 135 Ch. 2018
လင်းရီ အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်၏။ “ သံသယရှိတာ အမှန်ပဲ…”
“ ချီးပဲ … မင်းကိုက လက်သီးတောင်းနေတာပဲ …”
လျိုကျန်းယန် အော်ဟစ်၍ လင်းရီထံသို့ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။
လင်းရီသည် ခေါင်းအနည်းငယ် တိမ်းစောင်း၍ လျိုကျန်းယန်၏ လက်သီးအား လွယ်လင့်တကူ ရှောင်တိမ်းပြလိုက်သည်။
သူ၏ ထိုးနှက်ချက်က လွဲချော်သွားသည်ကို မြင်တော့ လျိုကျန်းယန်မှာ တခဏမျှ ကြက်သေသေသွားခဲ့၏။ လင်းရီသည် သူ၏ တိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
ဘာလို့ ဒီလို ဖြစ်သွားခဲ့တာလဲ … အမှန်ဆို ငါ့လက်သီးစာမိပြီး အနောက်ကို လဲသွားရမှာ မဟုတ်ဘူးလား …
“ ဟက် … ကောင်လေး … မင်းက လျင်သားပဲ …” လျိုကျန်းရန် ထေ့ပြုံးလျက် “ နောက်လက်သီးတစ်လုံးကိုလည်း မင်းရှောင်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့ …”
“ မင်းမှာ အခွင့်အရေး မရှိတော့ဘူး …” လင်းရီ ပြောဆိုလိုက်သည်။
“ မင်း ဘာပြောချင်တာ...”
လင်းရီ လေကုန်ခံမနေဘဲ ထိုအစား လုပ်ရပ်ဖြင့် သက်သေပြလိုက်၏။
သာမန်လျှံကာ လက်သီးထိုးချက်ဖြင့် လျိုကျန်းယန်၏ နှာခေါင်းကို ထိုးနှက်လိုက်လေသည်။
လျိုကျန်းယန် နာကျင်မှုကြောင့် အသံမမြည်နိုင်သေးခင်မှာပဲ လင်းရီသည် အဝတ်စတစ်ခုအား သူ့ ပါးစပ်ထဲ သွပ်ထည့်ပေးလိုက်၏။ ထို့နောက် လက်သီးနှင့် ခြေကန်ချက်တို့က လျိုကျန်းယန်၏ ကိုယ်ပေါ်သို့ စိတ်တိုင်းကျ ကျရောက်သွားတော့သည်။
တစ်မိနစ်အတွင်းမှာပဲ လျိုကျန်းယန်၏ မျက်နှာတစ်ပြင်လုံး ဖူးယောင်ကိုင်းသွားခဲ့ကာ မွေးမိခင်ပင် မမှတ်မိတော့သည်အထိ ဖြစ်သွားခဲ့တော့၏။
ပြီးနောက် လင်းရီသည် အင်္ကျီ အဝတ်စပေါ်ရှိ ဖုန်မှုန့်များအား ခါခပ်ရင်း ဘာမျှ ဖြစ်ပျက်ထားခြင်း မရှိသည့်ဟန်ဖြင့် အဝတ်လဲခန်းထဲက အေးဆေးသက်သာ အမူအရာဖြင့် ထွက်လာခဲ့လိုက်သည်။
……….
ရွေးချယ်သည့် ဧရိယာ၌ ရန်စီသည် သူမ နှစ်သက်သည့် အဝတ်အစားအား ရှာတွေ့ထားပြီး လင်းရီ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။ သို့မှသာ သူမဘက်က ဝတ်ပြနိုင်မှာ ဖြစ်၏။
ထိုအချိန်မှာပဲ ချန်ယာသည် သာမန်လျှံကာ ပုံစံဖြင့် ချဉ်းကပ်လာ၍ လက်ဝတ်ရတနာများအား ကြည့်ရှုဟန်ပြုလျက် တစ်ဖက်တစ်ချက်ကနေ မေးမြန်းလာသည်။ “ ဒါရိုက်တာရန် … နင့် ကောင်ချောလေး အဝတ်လဲတာကလည်း ကြာလိုက်တာနော်… သူ တစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော… “
အစပိုင်း၌ ရန်စီသည် ချန်ယာအား အဖက်လုပ်၍ စကားပြောချင်စိတ်ပင် မရှိပေ။ သို့သော် တစ်ဖက်က ပြောလာသည့် စကားကို ကြားတော့ သူမရင်ထဲ အနည်းငယ် ယောက်ယက်ခပ်သွားခဲ့ရ၏။
“ နင် ဘာစကားပြောလိုက်တာလဲ …”
“ ဘာသဘောမှ မဟုတ်ပါဘူး .. ဒီတိုင်း အချင်းချင်း စိတ်ပူလို့ သတိပေးရုံတင်ပါပဲ …” ချန်ယာ အမှုမထားသည့်ဟန်ဖြင့် ပြောဆိုလိုက်၏။
“ ဒီနေ့နေက အတော်လေးပူတော့ နင့်ကောင်ချောလေး အပူရှပ်ပြီး အဝတ်လဲခန်းထဲ သတိလစ်နေမှာ စိုးလို့လေ…”
ရန်စီ မျက်မှောင်ကြုတ်သွားခဲ့မိ၏။ တစ်ခုခုတော့ လွဲမှားနေပြီဟု မသိစိတ်ကလည်း ပြောပြနေသည်။
အစောပိုင်း သူမ လက်ဝတ်ရတနာ ရွေးချယ်နေစဉ် ချန်ယာ၏ ကောင်လေးကလည်း အဝတ်လဲခန်းထဲသို့ ဝင်သွားခဲ့သည်။
ဧကန္တ … သူ လင်းရီကို တစ်ခုခု လုပ်ဖို့ ဝင်သွားတာများလား …
ထိုအကြောင်း တွေးတောမိတော့ ယင်းက အတော်လေး ဖြစ်နိုင်ချေများသည်ကို ရန်စီ သတိပြုမိလိုက်သည်။ မဟုတ်ပါက ချန်ယာလို လူစားမျိုးမှာ သူမထံသို့ရောက်လာပြီး ယခုလိုစကားမျိုး လာပြောနေမည် မဟုတ်သည်မှာ သေချာသည်။
“ သူ အပူရှပ်ပြီး သတိလစ်နေရင်တောင် နင့်ကိစ္စ မဟုတ်ဘူး … အဲ့အစား နင့် အပျော်လင်လေးကိုသာ စိတ်ပူစမ်းပါ …”
“ သူ အဆင်ပြေမှာပါ …” ချန်ယာ ပြောလိုက်ပြီး “ သူက fitness coach လေ … သူ့ကို စိတ်ပူစရာ မလိုဘူး … ဒါပေမယ့် နင်ကတော့ .. . . . . .”
“ ငါ ဝတ်ပြီးသွားပြီ … ဘယ်လိုနေလဲ …”
ထိုအချိန်မှာပဲ လင်းရီသည် အဝတ်လဲခန်းပြင်ပသို့ ထွက်လာခဲ့၏။
ရန်စီ၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် ချန်ယာ၏ မျက်နှာအမူအရာမှာတော့ သိသိသာသာကြီး ပြောင်းလဲသွားခဲ့၏။
“ နင် …. နင် ဘယ်လို ….”
လင်းရီ ထိခိုက်ပွန်းပဲခြင်း မရှိပါဘဲ အဝတ်လဲခန်းထဲက ထွက်လာသည်ကို မြင်တော့ ချန်ယာသည် သူမ ပြောလိုသည့် စကားလုံးများက နှုတ်ဖျားဝမှ ထွက်မလာခဲ့တော့ချေ။
လျိုကျန်းယန်က သူ့ကို သင်ခန်းစာပေးမယ်ဆိုပြီး ထွက်သွားခဲ့တာ မဟုတ်ဘူးလား … သူက ဘာလို့ နဂို အကောင်းအတိုင်း ပြန်ထွက်လာခဲ့တာလဲ …
“ ကျုပ် ဘယ်လို ထွက်လာခဲ့လဲ ခင်များ သိချင်နေတာမလား …” လင်းရီ အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။ “ ဒါပေမယ့် အဲ့တာက ပြဿနာ မဟုတ်သေးဘူး … ခင်များကောင်လေးက အခု အပူရှပ်ပြီး အဝတ်လဲခန်းထဲမှာ သတိလစ်နေတယ်… ခင်များ တစ်ချက် သွားကြည့်သင့်တယ်…”
“ သူ သတိလစ်သွားခဲ့တယ် ဟုတ်လား …”
ချန်ယာ မယုံကြည်ချေ။ သို့ပေမယ့် လင်းရီ ပြောသည့် အတိုင်း ယခု အချိန်က စကားပြောနေရမည့် အချိန် မဟုတ်သေးချေ။ သူမ သွားပြီး လျိုကျန်းယန်ကို တစ်ချက် ကြည့်သင့်၏။
ချန်ယာ အထဲသို့ ဝင်သွားတော့မည့် အချိန်မှာပဲ လျိုကျန်းယန်သည် နံရံကို အားပြု၍ အတွင်းမှ ဒယီးဒယိုင် လမ်းလျှောက်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူ့မျက်နှာ တစ်ပြင်လုံးလည်း အညိုမည်းစွဲနေကာ မည်သူမည်ဝါ ဖြစ်သည်ကိုပင် မှတ်မိဖို့ အတော်လေး ခဲယဉ်းနေတော့၏။
“ နင် ဘာတွေ ဖြစ်ခဲ့တာလဲ …”
လျိုကျန်းယန်၏ မျက်ဝန်းတို့ ပေကလပ် ပေကလပ် ဖြစ်သွားခဲ့၏။ ချန်ယာ၏ မေးခွန်းထုတ်သည့် အကြည့်ကို မည်သို့ မျက်နှာချင်းဆိုင်ရမှန်း မသိ ဖြစ်နေသည်။
“ ဒီကနေ ချက်ချင်း ထွက်သွားစမ်း … နင့်ငါ့ကို အရှက်ခွဲတာ တော်တော်လေး များနေပြီ …”
ချန်ယာ၏ ဆူငေါက်ခြင်းကို ခံလိုက်ရပြီးနောက် လျိုကျန်းယန်သည် အရှက်တကွဲကြီးစွာဖြင့် စတိုးဆိုင်ထဲက ထွက်သွားခဲ့ကာ တစ်မိနစ်လေးပင် ပိုနေဝံ့ခြင်း မရှိခဲ့ချေ။
“ ချန်ယာ … နင့်ကောင်လေးက အတော်လေး အားနည်းတဲ့ပုံပဲ … အပူရှပ် သတိလစ်သွားတာတောင် သူ့ကိုယ်သူ ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်မိသွားတယ်… ငါဖြင့် မြင်တွေ့ရတာ စိတ်တောင် မကောင်းဘူး …” ရန်စီ အနာပေါ် ဆားထပ်ဖြူးပေးလိုက်၏။
“ ဟက် …”
တဒင်္ဂမျှ ဒေါသထွက်ပြီးနောက်တွင် ချန်ယာသည် သူမ၏ နဂို ကိုယ်ဟန် အနေအထားသို့ ပြန်ရောက်သွားခဲ့၏။
“ ဒါရိုက်တာရန် … နင် အထင်လွဲနေပါပြီ … ငါတို့က ဒီတိုင်း ရိုးရိုးသားသား သူငယ်ချင်းတွေပါပဲ … ကိုယ့်ရဲ့ လူနေမှုဘဝက ရှုပ်ထွေးတိုင်း သူများတွေကိုလည်း ကိုယ့်စိတ်နဲ့ လိုက်နှိုင်းပြီး မယှဉ်ပါနဲ့ …”
“ နင်ပြောတော့လည်း နင့်စကားပဲပေါ့ … ဒါပေမယ့် နင့်ကောင်လေးပဲ ဖြစ်ဖြစ် ၊ ရိုးရိုးသားသား သူငယ်ချင်းပဲ ဖြစ်ဖြစ် … ငါ့ကောင်လေးနဲ့ယှဉ်ရင် အားနည်းနေတာတော့ အမှန်ပဲ …”
“ နင့်ဘာနင် ပြောချင်တာပြော… ငါက ဂရုကို မစိုက်တာ …”
ပြောပြီးနောက် ချန်ယာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပဲ နောက်ထပ် အတွေးတစ်ခုက ခေါင်းထဲ ဝင်လာသည်။ အကယ်၍ သူမ ယခု အချိန် ထွက်သွားလိုက်မည်ဆိုပါက ရန်စီကို အသာစီးပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
အကယ်၍ နောင်တစ်ချိန် ပြန်ဆုံတွေ့ဖြစ်ခဲ့မည်ဆိုပါက ယနေ့ ဖြစ်ရပ်ကို အက်ကြောင်းထပ်အောင် ပြောရင်း နိုင်ကွက်နင်းနေမည်မှာ ကျိန်းသေသည်။ ထို့ကြောင့် သူမ ဆက်ပြီး နေရစ်ဖို့ ဆုံးဖြတ်လိုက်၏။
စစ်ပွဲကို ရှုံးနိမ့်ရသည်ထက် တိုက်ပွဲရှုံးနိမ့်ရသည်က သာ၍ ကောင်း၏။ သူမ၏ အရှိန်အဝါကိုတော့ လုံးဝ ဆုံးရှုံး၍ မဖြစ်ပေ။
“ နင် လုပ်ချင်သလိုတာလုပ် …” ရန်စီ ပခုံးတွန့်ပြလိုက်၏။ သူမ၏ ဘဝင်လေဟပ်နေသည့် မျက်နှာသွင်ပြင်မှာ လင်းရီအတွက် အတော်လေး ချစ်စရာကောင်းနေသည်။
“ ဟမ့် …” ချန်ယာ နှာမှုတ်၍ အခြားတစ်နေရာသို့ သွားပြီး အဝတ်အထည်နှင့် လက်ဝတ်လက်စားများအား ရွေးချယ်လိုက်၏။
“ သူ့ကို မေ့ထားလိုက် …” လင်းရီ ပြောလိုက်ပြီး “ ဒီအဝတ်တွေ ဘယ်လိုနေလဲ … အဆင်ပြေတယ်ဆိုရင် ဒါပဲ ယူလိုက်တော့မယ်….”
လင်းရီသည် ဈေးဝယ်ထွက်ခြင်း သို့မဟုတ် အဝတ်များ စမ်းဝတ်ကြည့်ရသည်ကို မနှစ်သက်လှပေ။ လိုက်ဖက်သည့် အရာကို ရွေးချယ်ဆုံးဖြတ်ရသည်က သူ့စိတ်ဝိဉာဏ်ကို ညှင်းဆဲနေသလိုပင်။ ထို့ကြောင့် ရန်စီ၏ အမြင်၌ ဤဝတ်စုံက အဆင်ပြေသည်ဆိုပါက အတွန့်တက်မနေဘဲ ချက်ချင်း ယူဖို့ ဆုံးဖြတ်ထားသည်။
“ အင်း …. ငါတော့ အဆင်ပြေတယ် ထင်တာပဲ …” ရန်စီ သေချာ ကြည့်ရင်း အကဲဖြတ်ပေးလိုက်သည်။
“ နင်နဲ့က ဘာဝတ်ဝတ် ကြည့်လို့ကောင်းတယ်ဆိုတော့ ခေါင်းစားနေစရာ မလိုဘူး … ဒီဟာပဲ ယူလိုက်တော့ …”
“ မင်း ဝတ်ချင်တာတွေရော ရွေးပြီးပြီလား …” လင်းရီ မေးမြန်းလိုက်သည်။
“ အကုန် ပြီးပြီ …”
ရန်စီသည် သူမ ကြိုတင် ရွေးချယ်ထားသည့် စိန်စီခြယ်သထားသည့် ကျောက်စိမ်းလက်ကောက်ကို ထုတ်လာခဲ့ပြီး “ ဒါ ငါ အစောပိုင်းတုန်းက နင့်အတွက် ဆိုပြီး ရွေးထားပေးတာ .. ကြည့်လို့ကောင်းတယ် မလား … မကောင်းဘူးဆို ငါ တခြားဟာ ရွေးပေးမယ်လေ…”
“ မလိုဘူး … အဆင်ပြေတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း ဂါရဝတရားကို ပြဖို့ပါပဲ …”
“ အွန်း .. ပိုက်ဆံရှင်းကြစို့ …”
သူတို့ ယူထားသည့် ပစ္စည်းများကို ငွေရှင်းသည့် ကောင်တာသို့ သယ်ဆောင်လာသည်။
တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် ချန်ယာသည်လည်း ထိုနေရာတွင် ရောက်ရှိနေခဲ့၏။ သို့သော် သူမ၏ မျက်နှာထားမှာတော့ မောက်မာထောင်လွှားခြင်း မရှိတော့ဘဲ မျက်နှာကြောကို တင်းထား၏။
“ ငါယူထားတာ တစ်ချက် တွက်ပေးဦး …”
“ လျှော့ဈေးနဲ့ စုစုပေါင်း ၃၉,၆၀၀ ယွမ် ကျပါတယ်ရှင့် …”
“ ကတ်ဖြတ်လိုက် …” ချန်ယာ အေးတိအေးစက် လေသံဖြင့် ဆိုလိုက်သည်။
သူမ ယူထားသည့် ပစ္စည်းတို့က သိပ်မများလှသဖြင့် ငွေရှင်းသည့် လုပ်ငန်းစဉ်မှာ လျင်မြန်စွာ ပြီးမြောက်သွားခဲ့ပြီး လင်းရီနှင့် ရန်စီတို့ အလှည့်သို့ ကျရောက်လာသည်။
ကောင်တာရှိ မိန်းကလေးမှ လင်းရီကို မသိစိတ်အလျောက် တစ်ချက်ကြည့်လိုက်မိပြီး စိတ်ထဲတွင် ကြိတ်၍သာ ခေါင်းခါယမ်းနေမိတော့သည်။
ရုပ်လေးလည်း ချောပါရဲ့ … ကိုယ်လုံးကိုယ်ပေါက်ကလည်း မဆိုးဘူး … ဒါတောင် လူချမ်းသာမနား ကပ်ပြီး အပျော်လင် လုပ်နေတယ်… နှမြောစရာပဲ … နှမြောဖို့ ကောင်းလွန်းတယ်…
ရန်စီကတော့ ထိုကောင်မလေး၏ အတွင်းစိတ် အတွေးများအား သတိမူမိခြင်း မရှိပါဘဲ သူမ၏ ပစ္စည်းများကို ကောင်တာပေါ်သို့ တင်လိုက်၏။
“ ဒါတွေ တစ်ချက် တွက်ပေးဦး …”
“ ဟုတ်ကဲ့ … လျှော့ဈေးနဲ့ ၉၆၈,၀၀၀ ယွမ် ကျပါတယ်ရှင့် …”
ရန်စီတို့ ရွေးချယ်ထားသည့် အထည်များက ဈေးကြီးနေခြင်း မဟုတ်ပေ။ ကျောက်စိမ်းလက်ကောက်လည်း ပါသည့်အတွက်ကြောင့်သာ ဤမျှ ဈေးမြှောက်သွားရခြင်း ဖြစ်၏။
“ ဟက် … ဒါရိုက်တာရန်က တကယ် လက်ဖွာတာပဲ … ယွမ် ဆယ်သိန်းနီးပါးကို ဒီလိုပဲ ဖြုန်းလိုက်တယ်ပေါ့ …” ချန်ယာ မနေနိုင်ဘဲ ကဲ့ရဲ့ပြစ်တင်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
“ ဘာလဲ … ငါရှာထားတဲ့ငွေတွေ ငါ့ဘာငါ သုံးချင်သလို သုံးလို့ မရဘူးလား …”
“ မဟုတ်ပါဘူး … ဒီတိုင်း နင့်ကို သနားမိလို့ …” ချန်ယာ ပြောဆိုလိုက်ပြီး “ နင့် အနေအထားကြီးနဲ့ ချမ်းသာတဲ့ မိသားစုထဲ ဝင်ပြီး လက်ထပ်လို့ ရနေတာကို အဲ့အစား ဘေးမှာ ကောင်ချောချောလေး ထားပြီး သူ့အတွက် အဝတ်တွေနဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာတွေတောင် အမ်းပေးနေလိုက်သေးတယ်… ဒါရိုက်တာရန် .. နင်က တကယ်ကို မြက်နုကြိုက်တာပဲ …”