← Chapters

အမျိုးသမီး ဘော့စ်

Vol. 135 Ch. 2022

အမျိုးသမီး ဘော့စ်

Vol. 135 Ch. 2022

ဝိတ်တာမလေး၏ ဦးဆောင်မှုနောက် လိုက်ပါလာရင်း အုပ်စုမှာ ပထမအလွှာရှိ အတွင်းဘက်အကျဆုံး စားပွဲသို့ ရောက်ရှိလာသည်။

နေရာက မကြီးမားသော်လည်းပဲ လူငါးယောက် ပြည့်ညှက်ကြပ်ခြင်းကို မခံစားရပါဘဲနှင့် သက်တောင့်သက်သာ နေထိုင်ဖို့ လုံလောက်၏။

လူတိုင်း နေရာသို့ ထိုင်ချပြီးသည်နှင့် ချန်ထန်သည် မီနူးစာအုပ်ကို ထန်လိထံသို့ တွန်းပို့ပေးလိုက်၏။

“ အန်တီ .. စိတ်ကြိုက်မှာနော်… ဒီက အစားအသောက်တွေ အကုန်လုံးက အရသာရှိတယ်…”

“ အန်တီက ဘာပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်ကွယ် … နင်တို့ လူငယ်တွေ ကြိုက်သာတာ မှာလိုက်ပါ …”

ကျိုးရှင်းယွီကတော့ အားတောင့်အားနာ ပြုနေခြင်း မရှိဘဲ မီနူးစာအုပ်ကို ယူ၍ “ မေမေ ကြိုက်တဲ့ အစားအသောက်တွေကို ငါသိတယ်… ငါ သူ့အစား မှာလိုက်မယ်…”

ကျိုးရှင်းယွီသည် မီနူးစာအုပ်ထဲက ဟင်းလေးမျိုးကို လျင်မြန်စွာ ရွေးချယ်လိုက်ပြီး ထို့နောက် စာအုပ်ကို ချန်ထန်ထံသို့ ပြန်ပို့ပေးလိုက်သည်။

“ ငါ မှာပြီးပြီ … ကျန်တာ နင်မှာလိုက်တော့ …”

ချန်ထန်မှာ သဘောထားကြီးမားလှပြီး သူနှစ်သက်သည်ကို ချက်ချင်း မမှာဘဲ မီနူးစာအုပ်ကို ရန်စီထံသို့ ကမ်းပေးလိုက်သည်။

“ ဝမ်းကွဲ … မင်း စားချင်တာရှိရင် မှာလေ … “ ချန်ထန် ယဉ်ကျေးစွာ ပြောဆိုလိုက်၏။

“ ငါက အစားမရွေးဘူး … ပြီးတော့ သိပ်အများကြီးလည်း စားလို့ မရဘူး … ဝိတ်ချနေတာ … ဟင်းလေးပွဲနဲ့တင် လောက်ပါပြီ… ထပ်မှာနေရင် အပိုပဲ ဖြစ်လိမ့်မယ်….”

ရန်စီ၏ စကားလုံးကို ကြားတော့ ချန်ထန်မှာ တစ်နည်းမဟုတ်တစ်နည်းဖြင့် အထင်ကြီးမိသွားခဲ့သည်။

လူငါးယောက်စားဖို့ ဟင်းလေးပွဲ … ရှင်းယွီရဲ့ ဝမ်းကွဲက တကယ့်ကို အိမ်ထောင်ရှင်မ ဖြစ်သင့်တယ်…

“ အဲ့လိုတော့ ဘယ်ဖြစ်မှာ … လူငါးယောက်ရှိတာကို ဟင်းလေးပွဲနဲ့က ဘယ်လိုလုပ် လောက်ငှနိုင်မှာလဲ …” ချန်ထန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကျုပ် နည်းနည်းလောက် ထပ်မှာလိုက်မယ်….’

သို့နှင့် ချန်ထန်သည် နောက်ထပ် ဟင်းလေးပွဲကို ထပ်မံ မှာလိုက်ပြီး စုစုပေါင်း ဟင်းရှစ်ပွဲနှင့် အတော်လေးကို အမယ်စုံသည့် ညစာစားပွဲ တစ်ခု ဖြစ်သွားခဲ့၏။

“ ဟုတ်ကဲ့ရှင့် … ခဏလေး‌ စောင့်ပေးပါနော်…”

အော်ဒါ လက်ခံပြီးနောက် ဝိတ်တာကောင်မလေးက အပြုံးလေးဖြင့် ထွက်ခွာသွားခဲ့သည်။

တစ်ချိန်တည်းတွင် အရပ်ရှည်ရှည် ၊ ဒေါင်ကောင်းကောင်းနှင့် ကျော့ရှင်းသည့် အမျိုးသမီးက ဆိုင်ထဲသို့ ဝင်ရောက်လာသည်။

ထိုအမျိုးသမီး၏ သွင်ပြင်က အသက် ၃၀ အရွယ်ဟု ထင်ရပြီး မီးလျှံကဲ့သို့ နီတောက်သည့် ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်စည်းနှောင်ထားပြီး ပရော်ဖက်ရှင်နယ် ရုံးဝန်ထမ်း အမျိုးသမီး၏ ကိုယ်ရောင်ကိုယ်ဝါတို့အား သင်းပျံ့နေစေသည်။

သို့သော် ပိုပြီး အထင်ကြီးဖွယ်ကောင်းနေသည်မှာတော့ သူမ၏ မက်မောလောက်စရာ ကိုယ်လုံးကိုယ်ပေါက်ပင်။ သေချာစွာ ထိန်းသိမ်းထားသည့် အနှီခန္ဓာက ကိုယ်ကြပ်ဝတ်စုံနှင့် အတော်လေး ဆွဲဆောင်မှု ရှိနေခဲ့၏။

အမျိုးသမီး၏ နာမည်က ယွင်ရှု ဖြစ်ပြီး ဖူရုံရှန်း စားသောက်ဆိုင် ပိုင်ရှင်ပင်။

ကျိုးဟိုင် လူမှု အသိုင်းအဝိုင်း လှေကားထစ် အပိုင်းတွင် အတော်လေး နာမည်ကြီးလှပြီး အစိုးရ အထက်ပိုင်း အရာရှိများနှင့်လည်း နက်ရှိုင်းသည့် ရင်းနှီး ပတ်သက်မှုတို့ ရှိထားကာ ကြွယ်ဝသည့် လူကုံထံ တစ်ဦးဖြစ်၏။

“ အစ်မယွင် ..”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီး အထဲသို့ ဝင်လာသည်ကို မြင်တော့ ဝိတ်တာကောင်မလေးက ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်၍ နှုတ်ဆက်၏။

“ ဒီည စီးပွားရေး ဘယ်လိုရှိလဲ …”

ယွင်ရှု သာမန်လျှံကာ မေးမြန်းလိုက်သည်။

“ အားလုံး အဆင်ပြေပြေပါပဲရှင့် … ကြိုပြီး ဘွတ်ကင်လုပ်ထားတဲ့ ဧည့်သည်တော်တွေ အကုန်လုံးလည်း ရောက်နေကြပြီ … “ ဝိတ်တာကောင်မလေးက အပြုံးလေးဖြင့် ဆိုလိုက်သည်။

“ ကောင်းပြီ … အလုပ်ကြိုးစားပေးလို့ ကျေးဇူးပဲ …”

“ ရှင်က သိပ်ကြင်နာလွန်းနေပါပြီ အစ်မယွင်…”

ယွင်ရှု ခေါင်းညိတ်လိုက်ပြီး ပထမထပ်တွင် ဆက်ရှိမနေဘဲ ထိုအစား အပေါ်ထပ်သို့ ဦးတည်လိုက်၏။

သို့သော် သူမ ဒုတိယထပ်ရှိ လူသွားစင်္ကြံလမ်းသို့ ရောက်သည့် အချိန်မှာပဲ ထင်မှတ်မထားစွာဖြင့် ခြေလှမ်းများအား ရပ်တန့်မိသွားခဲ့သည်။

သူမ၏ မျက်ဝန်းထဲမှ ထက်ရှသည့် အကြည့်တစ်ချက် ထွက်ပေါ်လာခဲ့ပြီး မနေနိုင်ပါဘဲ အတွင်း စားပွဲဝိုင်းတွင် ထိုင်နေသည့် အမျိုးသား တစ်ယောက်ထံ စူးစိုက်ကြည့်မိသွားခဲ့သည်။

အဆိုပါ ထောင့်တွင် ထိုင်ပြီး ဖုန်းကြည့်နေသည့် အမျိုးသားက လင်းယွင် အုပ်စု၏ ဥက္ကဌ ၊ လင်းရီ ဖြစ်သည်ကို သူမ စိတ်ထဲ သေချာနေသည်။

လင်းရီ၏ အထောက်အထားက အတော်လေး လျှို့ဝှက်လှ၏။ စီးပွားရေးလောကရှိ ထိပ်ပိုင်း ဒိတ်ဒိတ်ကျဲကြီးများကလွဲ၍ အခြားသူများ အားလုံးနီးပါးက လင်းယွင်အုပ်စု၏ ဥက္ကဌ ဖြစ်သည်ကို သိရှိခြင်း မရှိကြချေ။ အများစုက စီအီးအို ဖြစ်သည့် ချီရှန်းကျောက်ကိုသာလျှင် တကယ့် သူဌေးအစစ်ဟု ထင်မှတ်နေခဲ့ကြ၏။

သို့သော် အမှန်စင်စစ်တွင်တော့ အနှီ ထူးချွန်သည့် လူငယ်လေးကသာလျှင် လင်းယွင်အုပ်စုကို နောက်ကွယ်မှ ကြိုးကိုင် ထိန်းချုပ်နေသူ ဖြစ်လေသည်။ သူ၏ တည်ရှိမှုက လင်းယွင် အုပ်စုကို ထိပ်ဆုံးသို့ မြင့်တက်သွားစေခဲ့၏။

လင်းရီကဲ့သို့သော အဆင့်အတန်း ရှိသည့် တစ်စုံတစ်ဦးက အဘယ်ကြောင့် သူမ၏ ဆိုင်လေးသို့ ရောက်လာခဲ့လဲ ဆိုတာကို ယွင်ရှု အမှန်တကယ် နားမလည်နိုင်ဘဲ ဖြစ်နေသည်။ သူမ၏ နေရာက ထိုမျှ အဆင့်အတန်း မြင့်နေသည်လည်း မဟုတ်ပေ။ ဤသည်က ဘီလီယမ်နာ သူဌေး ၊ လူကြီးမင်းမာ သူ၏ ကိုယ်ပိုင်အားလပ်ချိန်၌ ခေါက်ဆွဲဆိုင် အသေးလေး တစ်ဆိုင်သို့ လာရောက်သုံးဆောင်သည်နှင့် ဆင်တူနေသည်။

ထိုအကြောင်း တွေးတောမိသည်နှင့် ယွင်ရှုသည် လင်းရီစားပွဲရှိ အခြားသူများကို ကြည့်ရှုလိုက်မိသည်။

၎င်းတို့၏ ဝတ်စားဆင်ယင်ပုံကို အကဲခတ်ကြည့်ရသလောက် သာမန်လူများ ဖြစ်ပုံရပြီး လင်းရီထံသို့ မည်သည့် ရိုသေပျူငှာမှုကိုမျှ ပြသနေခြင်းကိုလည်း မမြင်တွေ့ရချေ။ တစ်ဖက်သူမှာ သူမည်သည်မည်ဝါဖြစ်သည်ကို မသိကြဟန်ပင်။

မဟုတ်ပါက ကျိုးဟိုင်ရှိ လူများကို မဆိုထားနှင့် ၊ ဟွာရှရှိ မည်သူကမျှ ဤသို့ သက်တောင့်သက်သာ ထိုင်နေနိုင်မည် မဟုတ်ချေ။

အပြုံးတစ်ခုက နှုတ်ခမ်းပါးလေးထက်တွင် ပေါ်ပေါက်လာပြီး ဉာဏ်နီဉာဏ်နက်များသည့် အကြည့်တို့က မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့၏။

“ အစ်မယွင် … ခင်များ ရောက်လာပြီလား …”

ယွင်ရှု လင်းရီကို အကဲခတ်နေစဉ်မှာပဲ အနီးနားရှိ တစ်စုံတစ်ယောက်က သူမအား လာနှုတ်ဆက်သည့် အသံကို ကြားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တော့ မန်နေဂျာ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဟဲ့ … မသွားသေးနဲ့ဦး .. ငါ နင့်ကို မေးစရာ ရှိတယ်…”

“ ဘာများလဲ အစ်မယွင် …” မန်နေဂျာက အနားသို့ ရောက်လာခဲ့၏။

ယွင်ရှု လင်းရီ၏ စားပွဲထံ လက်ညှိုးထိုးပြလိုက်ပြီး “ အဲ့ စားပွဲ A17 ကို ဘယ်သူလဲ ဘွတ်ကင်လုပ်တာ …”

စားသောက်ဆိုင်တွင် ကြိုတင်ဘွတ်ကင်ယူရသည့် စနစ်ရှိသဖြင့် တစ်ချက်စစ်ကြည့်လိုက်သည်နှင့် အဆိုပါ စားပွဲဝိုင်းအား မည်သူ ဘွတ်ကင်ယူထားလဲဆိုတာကို သိနိုင်သည်။

အဆိုပါ သတင်းအချက်အလက်က ယွင်ရှု အတွက် အတော်လေး အရေးကြီး၏။ အကယ်၍ လင်းရီကိုယ်တိုင် ဘွတ်ကင်ယူထားသည်ဆိုပါက သူမကိုယ်တိုင် ရှေ့ထွက်၍ အသိအမှတ်ပြုမှု တချို့ ပြုလုပ်ပေးရမည်။

“ ခဏလေး … ကျုပ် တစ်ချက် စစ်ကြည့်ဦးမယ်…”

မန်နေဂျာက မိုဘိုင်းဖုန်းကို ထုတ်၍ စစ်ကြည့်လိုက်ပြီး “ အာ …. ချန်ထန်ဆိုတဲ့ တစ်ယောက်က ဘွတ်ကင်ယူခဲ့တာပဲ …”

“ နင်က သူ့နာမည်ကို သိတယ်ပေါ့ …”

“ အင်း … သူက အစိုးရအရာရှိ တစ်ယောက်လေ … တစ်နေ့ အသုံးလိုလာနိုင်လို့ ဘွတ်ကင်လုပ်တဲ့အချိန် ဦးစားပေးထားလိုက်တာ … ဒါကြောင့်မို့ သူ့နာမည်ကို မှတ်မိနေတာပေါ့ …”

“ ဆိုတော့ ဒီတိုင်း အစိုးရ အရာရှိ အသေးစားလေးပေါ့ …”

“ အစ်မယွင် … ကျုပ်တို့ အဲ့စားပွဲဝိုင်းကို သေချာ ဂရုစိုက်ထားပေးရမလား … နှုတ်ခွန်းဆက်တဲ့ ဟင်းပွဲပို့တာ … ဒါမှမဟုတ် ဝိုင်တစ်မျိုးမျိုးပေါ့ …”

“ ငါ ကြည့်လုပ်လိုက်မယ်… နင်က ငါခိုင်းတာပဲလုပ် …”

“ နားလည်ပါပြီ…”

ထိုစဉ် ဟင်းပွဲ အော်ဒါမှာပြီးနောက် ချန်ထန်က စကားစပြောတော့သည်။

“ မြို့ကြီးက ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုက တကယ်ကောင်းတာပဲနော်…” ထန်လိ တိုးတိုးလေး ပြောလိုက်ပြီး “ ငါတို့မြို့မှာဆို ဒီလို အော်ဒါအရှည်ကြီး မှာကြည့်ပါလား … ဝိတ်တာက မျက်စောင်းပေးလောက်တယ်…”

“ အဲ့လိုအရာမျိုးတွေက တခြား မြို့တွေမှာတော့ ဖြစ်လေ့ ဖြစ်ထ ရှိတယ်… ဒါပေမယ့် ကျိုးဟိုင်မှာတော့ ရှားတယ်…” ချန်ထန် မှတ်ချက်ပေးလိုက်သည်။

“ တကယ်တော့ တခြားလူတွေကို နိမ့်ချပြီး ကြည့်တတ်တဲ့လူတွေက နေရာတိုင်းမှာပါပဲ … ဒီနေ့ ဝိတ်တာကောင်မလေးက ဒီလောက်ထိ ယဉ်ကျေးပြနေတယ်ဆုတာ ချန်ထန်က အစိုးရ အရာရှိမှန်း သူသိလို့ … မဟုတ်ရင် ဒီလောက်ထိ ပျူငှာနေမှာ မဟုတ်ဘူး …”

ပြောရင်းဖြင့် ကျိုးရှင်းယွီ၏ နှာခေါင်းမှာ လေထု အထက်သို့ အလိုအလျောက် ရောက်ရှိသွားခဲ့တော့သည်။

“ အမှန်ပဲ … အစိုးရ ဝန်ထမ်းအလုပ်က တည်ငြိမ်တယ်… ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဝင်ငွေက အာမခံချက် ရှိိတယ်… တခြား အလုပ်အကိုင်တွေထက် နည်းနည်းလေး ပိုကောင်းတာ အမှန်ပဲ …”

ချန်ထန်၏ အလုပ်အကိုင်နှင့် ပတ်သက်၍ ထန်လိ နှစ်သက်အားရမှု ရှိနေသည်မှာ သိသာလှ၏။

“ ဒါတင်ပဲလား ဆိုတော့ ဘယ်ကမှာ … အလုပ်က တည်ငြိမ်ရုံတင် မကသေးဘူး .. အကျိုးအမြတ်တွေလည်း အများကြီးပဲ … တကယ်လို့ ဆေးသွားပြမယ်ဆိုလည်း စာရင်းသွင်းခနဲ့ စစ်ဆေးခတွေ အကုန်လုံးကို ပြန်အမ်းပေးသေးတယ်… ဒီတော့ ဘယ်လောက်မှ မကုန်တော့ဘူး …” ကျိုးရှင်းယွီက ထပ်ပေါင်းထည့်ပေးလိုက်၏။

“ အပြင်မှာ တခြားအလုပ်လုပ်တဲ့ လူတွေနဲ့ တကယ် တူကိုမတူတာ … သူတို့ အလုပ်တွေက ဝင်ငွေကောင်းပြီး အထင်ကြီးဖို့ ကောင်းတယ် ထင်ရပေမယ့် တည်ငြိမ်မှုက လုံးဝ မရှိဘူး … သမီးရဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်… သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ကိုယ်ပိုင် start up ကုမ္ပဏီတစ်ခု တည်ထောင်လိုက်တာ … စစချင်း နှစ်တွေမှာတော့ တကယ်မဆိုးဘူး .. တစ်နှစ် တစ်နှစ် မီလီယမ်နဲ့ချီပြီး ပိုက်ဆံဝင်တယ်… ဒါပေမယ့် မနှစ်မှာ သူ့ပိုက်ဆံတွေ အကုန်ဆုံးသွားတာပဲ … နောက်ဆုံး သူ့ ရှာထားသမျှ ပိုက်ဆံတွေ အကုန်ရှုံးသွားရုံတင် မကဘူး … အရင်း ၂ သန်းပါ ပြောင်သွားတယ်… အခု တစ်နေရာသွားရင် ဘက်စ်ကား ပြန်စီးနေရပြီ … အလှည့်အပြောင်းတွေက တကယ်ပါပဲ …”

အနီးအနားတွင် ထိုင်နေသည့် လင်းရီကတော့ ဖုန်းကစားနေရင်း ကျိုးရှင်းယွီ၏ သိမ်မွေ့သည့် လက်သီးပုန်း ထိုးနှက်ချက်များကို အမိအရ ဆုပ်ဖမ်းလိုက်နိုင်သည်။ သူမက ရန်စီ၏ အလုပ်အကိုင်ကို လှောင်ပြောင်နေခြင်းပင်။ သူမ၏ ရယ်ချင်စရာ ကောင်းသည့် နည်းလမ်းက အတော်လေးတော့ ရိုင်း၏။

မသိစိတ်အလျောက် လင်းရီသည် ရန်စီထံသို့ အကြည့်ပို့မိလိုက်ပြီး သူမ၏ မျက်နှာက ပြုံးလျက်သာ ရှိနေဆဲ ဖြစ်ကြောင်းကို သတိထားမိလိုက်သည်။ မည်သို့သော မှတ်ချက်ကြောင့်နှင့်မျှ သူမ၏ အမူအရာမှာ ပျက်ယွင်းသွားခဲ့ခြင်း မရှိပေ။

“ အလုပ်အကိုင်တိုင်းက သူ့အားသာချက်နဲ့သူ ရှိကြပါတယ်လေ… ပြီးတော့ သူတို့ကို ခြုံငုံပြီး ကောက်ချက်ချလို့မှ မရတာ …” ထန်လိ ပြောလိုက်သည်။

“ ဘာလို့ ခြုံငုံပြီး ကောက်ချက် မချနိုင်ရမှာ …” ကျိုးရှင်းယွီ ပြန်လည် ချေပလိုက်၏။

“ သမီး စောနက ပြောသွားခဲ့တာက အစိတ်အပိုင်း သေးသေးလေးပဲ ရှိသေးတယ်… အစိုးရ အရာရှိ အလုပ်အကိုင်ရဲ့ အကြီးမားဆုံး အားသာချက်က လူမှုရေး အဆင့်အတန်း ရှိတာပဲ … အခုလို စားပွဲဘွတ်ကင်လုပ်တာကို ဥပမာပေးရရင် တခြားလူတွေဆို တစ်ပတ်လောက် ကြိုတင်စာရင်းပေးရတယ်… ဒါပေမယ့် ထန်ထန်ကတော့ ဖုန်းကောလေး တစ်ချက် ဆက်လိုက်ရုံပဲ …. လူတိုင်း သူ့လို အခွင့်အရေး ရနိုင်တာ မဟုတ်ဘူး …”

All Chapters