လက်ဆောင်တစ်ခုရဲ့ နောက်မှာ မမြင်ရတဲ့ တန်ကြေး
Vol. 135 Ch. 2024
“ ဒါက … လူကြီးမင်းတို့ မှာထားတဲ့ ဟင်းပွဲတွေ အပြင် အခြား ဟင်းပွဲတွေနဲ့ ဝိုင်နီနှစ်လုံးက ကျုပ်တို့ရဲ့ မမလေးယွင်ဆီက လက်ဆောင်ပါဗျ …” ဆိုင်မန်နေဂျာက အပြုံးလေးဖြင့် ဆိုလိုက်သည်။ “ ပြီးတော့ မမလေးယွင်က ခဏနေကျရင် ကိုယ်တိုင်ရောက်လာပြီး တို့စ်လာလုပ်ဦးမယ်လို့လည်း ပြောခိုင်းလိုက်ပါသေးတယ်…”
“ သူက တို့စ်လာလုပ်မယ် ဟုတ်လား …”
ကျိုးရှင်းယွီ၏ မျက်ဝန်းတို့မှာ မယုံကြည်နိုင်မှုဖြင့် တဖျတ်ဖျတ်ခပ်သွားခဲ့၏။
ဘယ်လောက်တောင် ရိုသေနေလိုက်လဲ …
ချန်ထန်က ဒီလောက်တောင် ဩဇာ လွှမ်းမိုးနိုင်စွမ်း ကြီးနေတယ်ပေါ့ …
ချန်ထန်လည်း တစ်ချိန်တည်းတွင် တူညီသည့် မေးခွန်းကို စိတ်ထဲ မေးမြန်းနေမိသည်။
ငါက ကျိုးဟိုင်မှာ ဒီလောက်တောင် လွှမ်းမိုးမှုကြီးသွားပြီလားဟ ….
“ ဟုတ် … ကျုပ်တို့ရဲ့ မမလေးယွင်က အဲ့လို ပြောခဲ့တာပဲ … ဒါပေမယ့် တခြား ဘယ်လိုစိတ်နဲ့မှ မဟုတ်ပါဘူး … စိတ်မပူကြပါနဲ့ …” ဆိုင်မန်နေဂျာက ယဉ်ကျေးသည့် လက်ဟန်ဖြင့် ပြောဆို၍ “ ကျေးဇူးပြုပြီး အရသာရှိရှိ သုံးဆောင်ကြပါ … တကယ်လို့ အရသာနဲ့ ပတ်သက်ပြီး အဆင်မပြေသာ ရှိရင်လည်း ကျုပ်ကို အသိပေးပါ … ကျုပ် ပြန်ပြင်ခိုင်းလိုက်ပါမယ်…”
“ ကောင်းပြီ … ကျေးဇူးတင်ပါတယ်…”
“ ရပါတယ်ဗျာ …”
ပြောပြီးသည်နှင့် ဆိုင်မန်နေဂျာသည် သီးသန့်ခန်းထဲတွင် ထပ်မနေတော့ဘဲ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
“ အန်တီ..၊ ဝမ်းကွဲ … ဟင်းတွေလည်း ရောက်နေပြီဆိုတော့ မအေးခင် စားလိုက်ကြတာပေါ့ …” ချန်ထန် ပြောဆိုရင်း စိတ်ထဲ သူ့ကိုယ်သူ အလွန်အမင်း ကျေနပ်အားရနေမိသည်။
“ ဒါပေါ့ ဒါပေါ့ …”
စားပွဲ အပြည့် ဟင်းပွဲများနှင့် ယွမ်နှစ်သောင်းခန့် ရှိမည့် ဝိုင်နှစ်လုံးကို ကြည့်ရင်း ရန်စီမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
သူမစိတ်ထဲတွင်တော့ ချန်ထန်သည် ဤမျှ လွှမ်းမိုးနိုင်စွမ်း မရှိနိုင်ဟူ၍ ယုံကြည်နေသည်။
“ မေမေ … ဒီရဲ့ ဝက်သားနှပ်ကို စားကြည့်ကြည့် … သိပ် အရသာရှိတာပဲ …” ကျိုးရှင်းယွီ ပြောလိုက်သည်။
“ ဝက်သားနှပ်က ဆီပေါတယ်… ဒေါက်တာ ပြောတာ ဆီပေါတဲ့ဟာတွေ မစားရဘူးတဲ့ … နင်ပဲ စားတော့ … အမေ တခြားဟာ စားလိုက်မယ်…”
“ အိုး … ဒေါက်တာ အကြောင်းပြောခါမှ ကျုပ် မေ့နေတာ …” ချန်ထန် သူ့ ထမင်းစားတူကို ချရင်း “ ဆေးရုံကိစ္စကို ကျုပ် အားလုံး စီစဉ်ပေးပြီးပြီ … ဟွာရှန်းဆေးရုံက ဒေါက်တာပဲ … တန်းစီပြီး စောင့်စရာ မလိုဘူး … ရောက်တာနဲ့ တန်းတွေ့လိုက်ရုံပဲ … အတော်လေး အဆင်ပြေတယ်…”
ဟွာရှန်ဆေးရုံလား …
လင်းရီ သူ့ကိုယ်သူ ရေရွတ်လိုက်၏။ ချန်ထန်သည် ဟွာရှန်းဆေးရုံတွင် အဆက်အသွယ်များ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားပါချေ။
ရန်စီ၏ အဒေါ်က နှလုံး ပြဿနာ အနည်းငယ် ရှိနေသဖြင့် ချန်ထန် ချိတ်ပေးမည့် ဆရာဝန်ကလည်း နှလုံးခွဲစိတ်ဌာနမှ ဖြစ်မည် ဖြစ်ကာ တစ်နည်းဆိုရသော် သူ့ပိုင်နက်ထဲကပင်။
ချန်ထန် မည်သို့သော ဆရာဝန်နှင့် စီစဉ်ပေးမည်လဲဆိုတာကို လင်းရီ အတော်လေး သိချင်မိသွာခဲ့၏။
“ ငါ ဟွာရှန်းဆေးရုံကို သိတယ်…” ထန်လိ ပြောဆိုလိုက်ပြီး “ အတော်လေး နာမည်ကြီးတဲ့ ဆေးရုံပဲ .. TV မှာ အမြဲပါတယ်… ဒါပေမယ့် ကြားမိတာတော့ ဆေးရုံစားရိတ်က အတော်ကြီးတယ်ဆိုပဲနော်… ငါတို့ တခြား ဆေးရုံမှာ ပြတာက ပိုကောင်းမယ် ထင်တယ်…”
ထန်လိက ပိုက်ဆံ အကြောင်း ပြောလာသည်ကို ကြားတော့ ချန်ထန် ရယ်မောသွားခဲ့သည်။
“ အန်တီ … ဘာမှ စိတ်မပူနဲ့ … ကျုပ် အားလုံး တာဝန်ယူပေးနိုင်တယ် … ဘယ်လောက်မှ မကုန်ပါဘူး …”
“ ဘယ်လောက်မှ မကုန်ဘူး ဟုတ်လား …” ထန်လိ ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး “ ဆေးရုံတွေမှာ ဈေးစစ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးမလား … ငါ့မှာက ဆေးအာမခံလည်း မရှိဘူး … ဆိုတော့ ဆေးရုံကောင်းကောင်းမှာ ဆေးခန်းပြရင် အနည်းဆုံးတော့ ယွမ် သောင်းနဲ့ချီ ကုန်မှာပဲလေ…”
“ အန်တီက အတွေးလွန်နေပါပြီ..” ချန်ထန်သည် ထိုင်ခုံနောက်သို့ မှီ၍ ပြောလိုက်ပြီး ယုံကြည်မှု ရှိသည့် အော်ရာတို့ ထုတ်လွှတ်လာကာ “ ပုံမှန်ဆို ဟွာရှန်းဆေးရုံမှဦ ဆေးသွားပြရင် အများကြီး ကုန်ကျမှာ ဟုတ်တယ်.. ဒါပေမယ့် ကိုယ်က ဒေါက်တာနဲ့ ရင်းနှီးနေရင်တော့ အဲ့လောက် မပေးရတော့ဘူး … စစ်ဆေးက နည်းနည်းပါးပါးလောက်ပဲ … ဒါပေမယ့် အဲ့တာကလည်း သာမန်လူတွေ တတ်နိုင်တဲ့ ဝန်းကျင်မှာပဲ ရှိပါတယ်… ဆိုတော့ စိတ်ချလက်ချသာနေ … ယွမ်တစ်ထောင်တောင် မကုန်စေရဘူး …”
“ တကယ် … ယွမ်တစ်ထောင်တောင် မကုန်ဘဲ ဆေးကုနိုင်မယ်ပေါ့ ..” ထန်လိ အံ့ဩဘနန်း ဖြစ်သွားခဲ့ရတော့သည်။
အဆိုပါ ငွေပမာဏလေးနှင့် သူမတို့ မြို့လေး၌ပင် ဆေးခန်းပြဖို့ မလောက်ငှပေ။
“ ချန်ထန်က မေမေ့ရဲ့ အနာဂတ် သားမက်လောင်းလေ… သူက ဒီလို ကိစ္စမျိုးကို ညာပါ့မလားလို့ …” ကျိုးရှင်းယွီ ဂုဏ်ယူစွာ ပြောလိုက်ပြီး “ မေမေသူ့ကို ယုံသင့်တယ်…”
“ အေးပါကွယ် အေးပါ … ငါ ယုံလိုက်ပါမယ်…” ထန်လိ အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။
ပိုက်ဆံ ချွေတာနိုင်သည်က ကောင်းသည့် ကိစ္စဖြစ်၏။
စကားပြောဆိုနေစဉ် တစ်လျှောက်လုံး၌ လင်းရီသည် တိတ်ဆိတ်လျက်သာ ရှိနေသည်။
ရန်စီက ဤအပိုင်းတွင် တာဝန်ယူထားသူ ဖြစ်သည့် အတွက်ကြောင့် သူ့ဘက်က များများစားစား ဝင်စွက်ဖက်ခြင်း မပြုဘဲ သူမ ဦးဆောင်သည့် အတိုင်း လိုက်ပါဖို့ စီစဉ်ထားသည်။
“ ဒီတော့ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး .. စိတ်ချလက်ချနဲ့ ဆေးကုသမှု ခံယူရုံပဲ …” ကျိုးရှင်းယွီ ပြောဆိုလိုက်သည်။ “ ပြီးတော့ မေမေလည်း မြင်တဲ့အတိုင်းပဲ … ချန်ထန် ဒီကို ထမင်းလာစားတာ ဆိုင်ရှင်ကို သူက သိတောင်မသိဘူး .. ဒါတောင် ဆိုင်ရှင်က ဟင်းတွေ အများကြီး လက်ဆောင်ပို့လာတယ်… ဆေးရုံသွားရင်လည်း သူ့အဆက်အသွယ်တွေနဲ့ ဘာစိတ်ပူစရာ လိုနေဦးမှာ … ယွမ်တစ်ထောင်တောင် မကုန်ဘူးဆိုတော့ အဲ့ထက် ပိုကောင်းတာ ရှိဦးမှာလား …”
“ အင်း … သိပ်အံ့ဩဖို့ ကောင်းတာပဲ …”
ထိုအချိန်တွင် ချန်ထန်သည် သူ့ကိုယ်သူ အလွန်အမင်း အားရကျေနေမိလျက် ရှိသည်။
သူ ဤနေရာသို့ ထမင်းလာစားသည်ကို ဆိုင်ပိုင်ရှင်က ဤသို့ ကြီးကြီးမားမား အသိမှတ်ပြုလာလိမ့်မည်ဟု မျှော်လင့်မထားပါချေ။ သူမဘက်က လာပြီး တို့စ်လုပ်သည့် အချိန်၌ သူ့ဘက်က သင့်လျော်သည့် သဘောထား အပြုအမူကို ပြန်ပြီး ပြပေးသင့်သည်။
နောင်တွင်လည်း သူမကို အထူးမျက်နှာသာ ပေးရပေမည်။
ဒေါက် ဒေါက် ဒေါက် ….
“ ဝင်ခဲ့ …”
ချန်ထန် သူ့အတွေးနှင့်သူ နှစ်သက်ကျေနပ်နေစဉ်မှာပဲ သီးသန့်ခန်း တံခါးသို့ တံခါးခေါက်သံ ထွက်ပေါ်လာပြီး နှုတ်က အလိုအလျောက် တုံ့ပြန်လိုက်၏။
တံခါး ပွင့်ဟ လာခဲ့ပြီး ယွင်ရှုသည် သူမ၏ ဆိုင်မန်နေဂျာနှင့် အတူ အထဲသို့ ဝင်ရောက်လာသည်။
ယွင်ရှင်၏ သွင်ပြင်က ချန်ထန်ကို မျက်စိကျိန်းစပ်သွားစေသည်။ သူ့ရှေ့ရှိ အမျိုးသမီးက ရန်စီနှင့် ဆိုဒ်တူနီးပါး ရှိပြီး မင်သက်အံ့ဩရလောက်သည်အထိကို လှပလွန်းလှ၏။
အကယ်၍ သူသာ သူမကို ပိုင်ဆိုင်နိုင်မည်ဆိုပါက ရရှိမည့် အတွေ့အကြုံမှာ တစ်သက်မေ့လျော့နိုင်မှာ မဟုတ်ချေ။
“ လူတိုင်းပဲ … ကျွန်မက ဖူရုံရှန်းရဲ့ ပိုင်ရှင် ယွင်ရှုပါ …”
အုပ်စုလည်း အလျင်အမြန် မတ်တပ်ရပ်၍ သူတို့ရှေ့ရှိ ကျော့ရှင်းသည့် ဤအမျိုးသမီးက ယခုစားသောက်ဆိုင် ပိုင်ရှင်ဖြစ်သည်ကို သိရှိသွားခဲ့ကြသည်။
“ မိန်းကလေးယွင် .. တွေ့ရသာ ဝမ်းသာပါတယ်… မင်းက သိပ်ကြင်နာတတ်တာပဲ …”
ချန်ထန် ရှေ့သို့တက်လာပြီး ဖန်ခွက်ထဲသို့ ဝိုင်ငှဲ့ပေးလိုက်၏။
“ စိတ်ချလက်ချသာ နေပါ … ငါက တည့်တိုးသမားပဲ … နောင်ကျ မိန်းကလေးရဲ့ စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အကုန်လုံးကို ကျုပ် မီးစိမ်းပြပေးမယ်… ဘာမှ မပူနဲ့ …”
ယွင်ရှု ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ ကျေးဇူးအများကြီး တင်ပါတယ် လူကြီးမင်းချန် …”
ထို့နောက် သူမကိုယ်သူမ ဝိုင်တစ်ခွက် ငှဲ့လိုက်ပြီး လင်းရီထံသို့ ကမ်းပေးလိုကသ်ည်။
“ လူကြီးမင်းလင်း … ဖူရုံရှန်းကို ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဒီက ဝန်ထမ်းတွေကိုယ်စား ခွက်ချင်းတိုက်ပြီး ပျော်ရွှင်ဖို့ ကောင်းတဲ့ ညနေချမ်းတစ်ည ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်…”
ဟင် …
ချန်ထန်နှင့် ကျိုးရှင်းယွီတို့ နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြသည်။ ဤနေရာရှိ လူများအားလုံးအနက် လင်းရီမှာ မထင်ပေါ်ဆုံးနှင့် သိုသိပ်နေဆုံးဖြစ်၏။ အဘယ်ကြောင့် ဖူရုံရှန်း၏ ပိုင်ရှင်က ရန်စီ၏ ကောင်လေးကို တို့စ်လာလုပ်နေရသနည်း။
လင်းရီနှင့် ရန်စီတို့သည်လည်း အံ့အားသင့်သွားခဲ့ကြသည်။
လင်းရီသည် ယွင်ရှုကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။ သူမနှင့် မရင်းနှီးသည်ကိုတော့ သူ့ကိုယ်သူ သေချာသည်။
အဲ့တာကို အဘယ်ကြောင့် တို့စ်လာလုပ်နေသနည်း။ အဓိပ္ပာယ် မရှိပေ.
သို့သော်လည်းပဲ ပြုံးပြလာသူကို မျက်နှာသွားဖြတ်ရိုက်၍ မသင့်လေရာ သူမဘက်က တို့စ်လုပ်ရန် ကမ်းလှမ်းလာမှတော့ လျစ်လျူရှုလိုက်မည်ဆိုပါက လူကြီးလူကောင်း မဆန်ရာ ကျသွားလိမ့်မည်။
အခြေအနေကို သဘောပေါက်သည့် ရန်စီကတော့ လင်းရီအတွက် ဝိုင်ငှဲ့ပေးလိုက်ပြီး ထို့နောက် သုံးဦးမှာ ညင်သာစွာဖြင့် ဖန်ခွက်ချင်း တိုက်လိုက်ကြ၏။
“ မင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးပါ မိန်းကလေးယွင် …”
“ ရှင်က ကြင်နာလွန်းနေပါပြီ လူကြီးမင်းလင်း … ကျွန်မတို့ရဲ့ ဖူရုံရှန်းကို ရောက်လာတယ်ဆိုတာ ကျွန်မတို့ ဂုဏ်ယူစရာပါပဲ …” ယွင်ရှုက အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ပြီးတော့ ကျွန်မရဲ့ ဝန်ထမ်းတွေကိုလည်း မှာထားတယ်… လူကြီးမင်းလင်း နောင်ကျ ဒီကို လာစားချင်တယ်ဆိုရင် ဘွတ်ကင်ပေးစရာ မလိုဘူး … သီးသန့်ခန်း တစ်ခန်းကို ရှင့်အတွက် အမြဲတမ်း ချန်ထားပေးမယ်… ပြီးတော့ ကုန်ကျစရိတ်တွေအကုန်လုံးလည်း ကျွန်မကပဲ ပေးသွားမယ်…”
“ အာ….”
ဤသည်ကို ကြားတော့ ချန်ထန်နှင့် ကျိုးရှင်းယွီတို့ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြာကာ ပါးစပ်အဟောင်းသားများ ဖြစ်သွားခဲ့ကြသည်။
သီးသန့်ခန်းနှင့် ဤမျှများပြားသည့် ဟင်းပွဲတို့ ချပေးလာရခြင်း အကြောင်းပြချက်မှာ သူတို့ကြောင့် မဟုတ်ဘဲ ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ပါချေ။
ထိုအရာများအားလုံးက ဤလူကြောင့် ဖြစ်နေသည်တဲ့လော။
“ ဒါကတော့ တအား ရက်ရောလွန်းသွားပြီ …” လင်းရီ ယဉ်ကျေးစွာ ဆိုလိုက်၏။ သို့သော် သူ့စိတ်ထဲတွင်တော့ ဤနေရာသို့ နောက်တစ်ကြိမ်ထပ်လာစားမည် မဟုတ်သည်မှာ သေချာနေသည်။
လောကကြီးတွင် ရရှိလာသည့် လက်ဆောင်တိုင်း၏ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် ၎င်း၏ တန်ကြေးတို့ ရှိနေသည်။
ယွင်ရှု၏ လုပ်ရပ်က သူ့တွင် ရည်ရွယ်ချက် တချို့ ရှိနေသည်မှာ သေချာပြီး လင်းရီကလည်း ထိုအချက်ကို ကောင်းမွန်စွာ နားလည်ထား၏။