အဲ့ဒီမျက်နှာက ရင်းနှီးသလိုပဲ...
Vol. 3 Ch. 44
"သူဌေး သူတို့ပဲ"
လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် လယ်ကြွက်က ကင်းမြီးကောက်နှင့် အခြားသူများကို လီဖူချန်၏အဖွဲ့နားနေသော နေရာသို့ ဦးဆောင်ခေါ်သွားသည်။
'အင်း... လူခြောက်ယောက် အားလုံးကောက်ရိုးဦးထုပ်တွေနဲ့ ဖိနပ်တွေဆောင်းထားတယ်'
'မိန်းကလေးတွေကလည်း ကိုယ်လုံးကိုယ်ပေါက်လှတယ်။ ပြီးတော့ သူတို့က ရှင်းလင်းစွာပဲ အပြင်လူတွေပဲ'
'တတိယအစ်ကိုရဲ့ အဲ့ဒီအဝတ်နဲ့ ငတုံးတွေအကြောင်း ဖော်ပြချက်နဲ့ တိတိကျကျကိုက်ညီတာပဲ'
သူ့ဘာသာသူ ခေါင်းညိတ်ရင်း ကင်းမြီးကောက်က နွားတုံးဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
"မင်းနဲ့ နွားပြား ဒီမှာစောင့်ကြည့်နေ။ ငါတတိယအစ်ကိုဆီ သွားအစီရင်ခံလိုက်ဦးမယ်"
"သိပြီ ငါတို့ယုံထားလိုက်"
နွားတုံးက အာမခံချက်ဖြင့် သူ၏ရင်ဘတ်ကို ထုလိုက်သည်။
နောက်တစ်ကြိမ်ခေါင်းညိတ်ရင်း ကင်းမြီးကောက်က လှည့်ကာ လူအုပ်ထဲသို့ ပျောက်ကွယ်သွားသည်။
လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ခန့်အကြာတွင် မြို့အပြင်ဘက်ရှိ ခြံဝင်းကြီးတစ်ခု၌ ကင်းမြီးကောက်က လျှို့ဝှက်စကားဝှက်ကိုပေးပြီး သက်တံ့ရောင်ဖလံပြာမှုန့်ကို ရှူရှိုက်နေသော ချန်ယွမ်ကျိုးနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
"တတိယအစ်ကို ကျွန်တော်တို့ ဟိုအဝတ်နဲ့လူတွေကို တွေ့ပြီ"
"အိုး"
ချန်ယွမ်ကျိုးက စိမ်းဖန့်ဖန့်ချီငွေ့တစ်ငွေ့ကို မှုတ်ထုတ်လိုက်ရာ သူ၏မျက်နှာမှာ အနည်းငယ်နီရဲနေသည်။
"မင်းသေချာလား"
"စုစုပေါင်းခြောက်ယောက်ပါ အားလုံးကောက်ရိုးဦးထုပ်တွေနဲ့ ဖိနပ်တွေ စီးထားတယ်၊ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ"
"ကောင်းပြီ"
ချန်ယွမ်ကျိုးက မတ်တပ်ထရပ်ပြီး သူ၏အနည်းငယ်ရှုပ်ပွနေသော ဆံပင်ကို သပ်ရပ်အောင်လုပ်ရင်း မီးခိုးရောင်ဖျော့ဖျော့အမှုန့်အိတ်တစ်လုံးကို သူ၏ဝတ်ရုံထဲသို့ ထည့်လိုက်သည်။
"သူတို့ကိုသွားကြည့်ဖို့ ငါ့ကိုခေါ်သွား"
"ဒီဘက်ကိုပါ သခင်"
အထူးဆက်သွယ်ရေးအချက်ပြများစွာကို အသုံးပြုရင်း ကင်းမြီးကောက်က ချန်ယွမ်ကျိုးကို မြို့ဈေးသို့ ဦးဆောင်ခေါ်သွားသည်။ ထိုနေရာတွင် သူတို့က စောင့်ကြည့်နေဆဲဖြစ်သော နွားတုံးနှင့် နွားပြားကို အလွယ်တကူ ရှာတွေ့ခဲ့သည်။
"တတိယအစ်ကို"
ချန်ယွမ်ကျိုးကို မြင်သောအခါ နှစ်ယောက်သား ချက်ချင်းဦးညွှတ်လိုက်ကြသည်။
"သူတို့ဘယ်မှာလဲ"
ချန်ယွမ်ကျိုးက မေးလိုက်သည်။
နွားပြားက ချက်ချင်းပြန်ဖြေသည်။
"သူတို့ သနပ်ချဉ်ဆိုင်ထဲ ဝင်သွားတယ်။ လယ်ကြွက်က အထဲမှာ သူတို့ကို စောင့်ကြည့်နေတယ်"
ခေါင်းညိတ်ရင်း ချန်ယွမ်ကျိုးက သနပ်ချဉ်ဆိုင်ထဲသို့ တည့်တည့်လျှောက်ဝင်သွားပြီး လီဖူချန်၏ အဖွဲ့ဝင်ခြောက်ဦးကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး ဒီသနပ်ချဉ်တွေက တော်တော်လတ်ဆတ်ပုံပဲ။ နည်းနည်းလောက်ဝယ်ပြီး စားကြည့်ကြရအောင်"
"ငါ့အတွက်တော့ အဆင်ပြေတယ် ကြည့်ရတာတော့ ကောင်းသားပဲ"
သနပ်ချဉ်တစ်အိုးကို ရွေးချယ်ပြီးနောက် လီဖူချန်၏အဖွဲ့မှာ ဆိုင်ထဲမှ ထွက်ခွာသွားသည်။
ဆိုင်ရှင်က ပိုက်ဆံကို သူ၏ငွေသေတ္တာထဲသို့ ထည့်တော့မည်အပြု အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။
"စောင့်ဦး"
လန့်သွားသော ဆိုင်ရှင်က မကျေမနပ်ဖြင့် မော့ကြည့်လိုက်သည်။ သို့သော် ထိုသူမှာဘယ်သူလဲဆိုတာ မြင်သောအခါ သူ၏မျက်နှာအမူအရာမှာ ဖားယားလေးစားသော အမူအရာသို့ ချက်ချင်း ပြောင်းလဲသွားသည်။
"အား သခင်ကြီးချန် ကြွရောက်လာပါလား။ ကျွန်တော်မျိုး သေချာမကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်"
"အဓိပ္ပာယ်မရှိတာတွေ တော်တော့။ ဟိုလူတွေ ခုနကပေးသွားတဲ့ ကြေးပြားတွေကို ငါ့ကိုပေး"
ဆိုင်ရှင်၏ နှလုံးသားမှာ နစ်မြုပ်သွားသော်လည်း သူတစ်စက္ကန့်မျှပင် တွေဝေမနေဘဲ ဒင်္ဂါးပြားများကို လက်နှစ်ဖက်ဖြင့် ချက်ချင်းဆက်သလိုက်သည်။
"ဒီမှာပါ သခင်ကြီးချန်။ ယူပါခင်ဗျာ"
ဆိုင်ရှင်၏လက်ဖဝါးမှ ဒင်္ဂါးပြားတစ်ပြားကို ပေါ့ပေါ့ပါးပါးကောက်ယူရင်း ချန်ယွမ်ကျိုး၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
'ငါထင်တဲ့အတိုင်းပဲ၊ ဟွိုင်နန်ဒေသက ရတနာ သုံးပါးဒင်္ဂါးတွေ'
သူ၏သံသယကို အတည်ပြုပြီးနောက် ချန်ယွမ်ကျိုးက ဒင်္ဂါးပြားကို ပြန်ပစ်ပေးပြီး ဆိုင်ရှင်ကို စိုက်ကြည့်လိုက်သည်။
"မင်းငါ့ကိုတွေ့တယ်လို့ ဘယ်သူ့ကိုမှ မပြောနဲ့။ မဟုတ်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်"
ထိုသို့ပြောပြီး သူက လှည့်ထွက်သွားသည်။
သူ့နောက်မှလိုက်ဝင်လာသော လယ်ကြွက်က ကောင်တာကို ရိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"မင်းကြားတယ်မဟုတ်လား အဘိုးကြီး။ မင်းသာ တစ်စုံတစ်ရာပြောလိုက်ရင်..."
သူက ခြိမ်းခြောက်သော လက်သီးအမူအရာတစ်ခု ပြုလုပ်လိုက်သည်။
ဘာအကြောင်းပြချက်မှမရှိဘဲ လုံးဝခြိမ်းခြောက်ခံလိုက်ရသော ဆိုင်ရှင်မှာ ဒုက္ခပေးသူနှစ်ယောက် ထွက်ခွာသွားသည်အထိ ဦးညွှတ်သဘောတူနေခဲ့သည်။ ထိုအခါမှ သူနောက်ဆုံးတွင် စိတ်သက်သာရာရစွာ အသက်ရှူထုတ်လိုက်ပြီး သူ၏ကျောမှာ ချွေးများဖြင့် စိုစွတ်နေသည်။
"ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ ကိစ္စမျိုးလဲ..."
အပြင်ဘက်သို့ ပြန်ရောက်သောအခါ ချန်ယွမ်ကျိုးက ကင်းမြီးကောက်၏အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းပြီး အမိန့်ပေးလိုက်သည်။
"သူတို့အနားမှာ ပြဿနာနည်းနည်းရှာဖို့ လူနှစ်ယောက်လောက်ရှာလိုက်"
"ဟုတ်ကဲ့"
ကင်းမြီးကောက်က ပါးနပ်စွာ ခေါင်းညိတ်ပြီး အလျင်စလိုထွက်ခွာသွားသည်။
ချန်ယွမ်ကျိုးမှာ ယခုအခါ ဒီအဖွဲ့မှာ အစောပိုင်းက ကူလုံချင်းကြုံတွေ့ခဲ့ရသော အဖွဲ့နှင့်တူညီသည်ဟု ခုနစ်ဆယ်ရာခိုင်နှုန်း သေချာနေသော်လည်း သူလုံးဝသေချာချင်သည်။
ကူလုံချင်းပြောခဲ့သည်မှာ အဖွဲ့ထဲတွင် "ညငိုဘွားတော်" လိမ်လည်မှုကိုပင် ယုံကြည်လောက်အောင် ရိုးအသော အမျိုးသမီးငယ်တစ်ဦးရှိသည်တဲ့၊ အားလုံးမှာ မဆင်မခြင်လူမိုက်များ ဖြစ်နိုင်ခြေများသည်။
အမွှေးတိုင်တစ်တိုင်ကုန်စာ အချိန်ခန့်အကြာတွင် ဈေးတစ်ခုလုံးကို လျှောက်ပတ်ကြည့်ရှု ပြီးခါနီးဖြစ်သော လီဖူချန်၏အဖွဲ့မှာ တည်းခိုခန်းတစ်ခုရှာဖွေနေစဉ် သူတို့ရှေ့တွင် ကျယ်လောင်သော ငြင်းခုံသံများ ထွက်ပေါ်လာသည်။
"ခွမ်း" "ချလွမ်း" "ဒုန်း"
စားပွဲများနှင့် ကုလားထိုင်များမှောက်လှန်သံနှင့် ပန်းကန်များကွဲကြေသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
"သခင်ကြီးဝူ ကျေးဇူးပြုပြီး ပစ္စည်းတွေမရိုက်ခွဲပါနဲ့တော့။ ဒီအောက်တန်းကျတဲ့ ကျွန်တော်မျိုး ခင်ဗျားကို ဦးခိုက်တောင်းပန်ပါတယ်။ ကျွန်တော့်ကို သနားပါ"
"သေစမ်း။ ဒီလောက်ဆိုးရွားတဲ့ နှမ်းဆီကို ကျွေးပြီး ဆိုင်ဖွင့်ရဲသေးတယ်ဟုတ်လား။ ငါဒီနေရာကို ဖျက်ဆီးပစ်တာက နေဝင်ချိန်မြို့က လူတွေအတွက် မျက်နှာသာပေးတာပဲ တောက် လူလိမ်ကောင်"
ထိုသို့ပြောပြီး သခင်ကြီးဝူက နောက်ထပ်စားပွဲတစ်လုံးကို ကန်လှဲလိုက်သည်။
ဆိုင်ပိုင်ရှင်မှာ ဦးခိုက်တောင်းပန်ရုံမှတစ်ပါး အခြားဘာမှလုပ်နိုင်စွမ်းမရှိပေ။
သူတို့ချဉ်းကပ်လာစဉ် ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်ကြည့်ရင်း လီဖူချန်က သူ့နောက်မှ ထန်ထင်ရွှမ်းမှာ ဒေါသဖြင့် မျက်နှာတင်းမာနေသည်ကို တွေ့လိုက်ရသည်။
သခင်လေး၏ သိုသိုသိပ်သိပ်နေရန် အမိန့်သာမရှိခဲ့လျှင် သူမမှာ ဝင်ရောက်တိုက်ခိုက်နှင့်လောက်ပြီ။
သူတို့၏ခရီးလမ်းမှ အခက်အခဲများနှင့် ထန်ထင်ရွှမ်း၏ မကျက်သေးသော ဒဏ်ရာကို ပြန်တွေးရင်း လီဖူချန်က "သွားစို့" ဟု ပြောတော့မည်အပြု သူရုတ်တရက် ညီအစ်ကိုဝမ်ပြောခဲ့သော စကားတစ်ခွန်းကို သတိရသွားသည်။
'မင်းက ဟွိုင်နန်ကနေ မြောက်ပိုင်းမြစ်ဒေသကို မင်းရဲ့အရည်အချင်းသက်သက်နဲ့ ဘေးကင်းစွာ ရောက်လာခဲ့တယ်လို့ တကယ်ပဲထင်နေတာလား'
ဒီအမှတ်ရစရာကြောင့် လီဖူချန်က ရုတ်တရက်ပြောလိုက်သည်။
"ထင်ရွှမ်း ရှောင်နီ၊ သွားပြီး သူတို့ကိုကူညီလိုက်"
ထန်ထင်ရွှမ်းက အံ့ဩတကြီး မျက်တောင်ခတ်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာလင်းလက်သွားသည်။
"ဟုတ်ကဲ့"
လီဖူချန် ဒီဆုံးဖြတ်ချက်ကို ချခဲ့ခြင်းမှာ ဦးလေးသုံး တကယ်ပဲ အနီးအနားမှာ ရှိမရှိကို အတည်ပြုချင်သောကြောင့် ဖြစ်သည်။
သူသာရှိခဲ့လျှင် လီဖူချန်က သူ့ကို အလွန်တွေ့ချင်ပြီး သူတို့၏ခရီးတစ်လျှောက်မှ အခက်အခဲအားလုံးကို ရင်ဖွင့်ချင်သည်။
တကယ်ပဲ ခက်ခဲခဲ့သည်။
"လူမိုက် ချက်ချင်းရပ်လိုက်"
ထန်ထင်ရွှမ်းက ရှေ့သို့ပြေးထွက်ရင်း အော်ဟစ်လိုက်သည်။
မလှမ်းမကမ်းတွင် ထန်ထင်ရွှမ်းပြေးဝင်သွားသည်ကို မြင်သောအခါ ချန်ယွမ်ကျိုးမှာ ဒီအဖွဲ့မှာ အစောပိုင်းက ကူလုံချင်းကြုံတွေ့ခဲ့ရသော အဖွဲ့နှင့်တူညီသည်ဟု လုံးဝသေချာသွားသည်။
ဆက်မကြည့်တော့ဘဲ သူက ကင်းမြီးကောက်၏လူများကို ပြောလိုက်သည်။
"သူတို့ကို ဆက်စောင့်ကြည့်ထား"
ထို့နောက် သူက လှည့်ထွက်သွားသည်။
...
"ဒါက ငါတို့အဝါရောင်ဂိုဏ်းကို ပေါ်တင်စော်ကားတာပဲ"
ခန့်ညားထည်ဝါသော ခန်းမတစ်ခုတွင် အရပ်ရှည်ပြီး ပိန်သော အမျိုးသားတစ်ဦးက ချန်ယွမ်ကျိုး၏ အစီရင်ခံစာကို ကြားပြီးနောက် ဟိန်းဟောက်လိုက်သည်။
သူ့ဘေးတွင် ကူလုံချင်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။
"အကျိုးဆက်တွေကို ခံစားပြီးသွားတာတောင် သူတို့က ဒီလိုကိစ္စတွေမှာ ဝင်စွက်ဖက်နေတုန်းပဲ။ သူတို့က သူတို့အရည်အချင်းအပေါ် အလွန်အမင်းယုံကြည်မှုရှိရမယ်"
"ဟား။ ငါတို့ခန်းမသခင်ကူကို အနိုင်ယူပြီးတဲ့နောက် သူတို့က ငါတို့အဝါရောင်ဂိုဏ်းမှာ အရည်အချင်းရှိတဲ့လူတွေ မကျန်တော့ဘူးလို့ ထင်နေပုံပဲ ဒါကြောင့် သူတို့က ဒီလောက်မာနကြီးနေတာ"
ဒီလှောင်ပြောင်သော လေသံကိုကြားသောအခါ ကူလုံချင်းက သူ၏ခါးမှ ခရမ်းရောင်ကြေးနီ ဓားမြှောင်ကို ချက်ချင်းဆွဲထုတ်ပြီး သူ့မျက်နှာချင်းဆိုင်မှ ယပ်တောင်ကိုင်လူကို ဟောက်လိုက်သည်။
" မင်းမှာသတ္တိရှိရင် အပြင်မှာ ငါနဲ့တစ်ယောက်ချင်းတိုက်။ ဒီမှာ မင်းရဲ့ရွံစရာကောင်းတဲ့ မှတ်ချက်တွေပေးမနေနဲ့"
"မင်းနဲ့တိုက်မယ် ဘယ်သူက မင်းကိုကြောက်လို့လဲ"
ထိုလူက သူ၏ယပ်တောင်ကို ပိတ်ပြီး ရုတ်တရက်မတ်တပ်ထရပ်လိုက်သည်။
"ဘာတွေ ဆူညံနေကြတာလဲ"
တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်နေစဉ် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ခန်းမထဲသို့ တည်ငြိမ်စွာ ဝင်လာသည်။
သူပေါ်လာသည်နှင့် တိုက်ခိုက်လုနီးပါးဖြစ်နေသော နှစ်ယောက်မှာ ချက်ချင်းလှည့်ပြီး ဦးညွှတ်လိုက်ကြသည်။
"ဒုဂိုဏ်းခေါင်းဆောင်ကို နှုတ်ခွန်းဆက်ပါတယ်"
"မင်းတို့သူတို့ကို တွေ့ပြီလို့ ငါကြားတယ်"
ချန်ချင်းဟန်က ချန်ယွမ်ကျိုးကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"ဒုဂိုဏ်းခေါင်းဆောင်ကို အစီရင်ခံပါတယ် ခြောက်ယောက်အဖွဲ့တစ်ဖွဲ့ပါ ဟွိုင်နန်က ဖြစ်နိုင်ခြေများပါတယ်။ သူတို့ရဲ့နောက်ခံကို စုံစမ်းဖို့ ကျွန်တော်လူတွေ လွှတ်ထားပြီးပါပြီ"
"သူတို့အသက် ဘယ်လောက်လောက်ရှိလဲ"
"ခေါင်းဆောင်က တစ်ဆယ့်ခြောက် ဒါမှမဟုတ် တစ်ဆယ့်ခုနစ်လောက် ရှိပုံရပါတယ်။ တခြားသူတွေလည်း အလားတူပါပဲ"
ချန်ချင်းဟန်က ခဏစဉ်းစားလိုက်သည်။
"တစ်ဆယ့်ခြောက် ဒါမှမဟုတ် တစ်ဆယ့်ခုနစ်နဲ့တောင် အဘိုးကြီးခြောက်ကို နိုင်တယ်ဟုတ်လား။ ဒါက အခု ဘယ်ဂိုဏ်းက ပါရမီရှင်တပည့်ဖြစ်ပြန်တာလဲ..."
ကူလုံချင်း၏ မျက်နှာမှာ ထိုစကားများကြောင့် စိမ်းလိုက် ခရမ်းလိုက်ဖြစ်သွားသော်လည်း သူက ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။
"တတိယအစ်ကို"
ဒုခေါင်းဆောင်က သူ့ကိုခေါ်သည်ကို ကြားသောအခါ ချန်ယွမ်ကျိုးက ချက်ချင်းတုံ့ပြန်လိုက်သည်။
"ရှိပါတယ်"
"ငါ့ကို သူတို့ကိုသွားကြည့်ဖို့ ခေါ်သွား။ ဒီလိုလူငယ်ပါရမီရှင်တွေက ရှားပါးတယ်၊ ငါကိုယ်တိုင် အတည်ပြုသင့်တယ်"
"ဟုတ်ကဲ့"
ချန်ချင်းဟန်က ပြတ်သားစွာ ပြုမူသည်။ သူက ချက်ချင်းပင် ချန်ယွမ်ကျိုးကို သူ့ကိုမြို့ထဲသို့ ဦးဆောင်ခေါ်သွားစေသည်။
ဈေးသို့ရောက်သောအခါ ချန်ယွမ်ကျိုးက လီဖူချန်၏အဖွဲ့မှာ ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ယခုအခါ သူတို့နှင့်အတူ ပူးပေါင်းလာသော အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးနှင့် တက်ကြွစွာ စကားပြောနေကြသည်။
"ဒုဂိုဏ်းခေါင်းဆောင် ကောက်ရိုးဦးထုပ်ဆောင်းထားတဲ့သူတွေက ငါတို့ပစ်မှတ်တွေပါ"
ချန်ချင်းဟန်က ခေါင်းညိတ်ပြီး လီဖူချန်ဘက်သို့ ကြည့်လိုက်သည်။
ထိုအချိန်တွင် လီဖူချန်က သူ့ကောက်ရိုးဦးထုပ်ကို ချွတ်ပြီး အဖြူရောင်ဝတ်ရုံနှင့် လူငယ်ဘက်သို့ လက်အုပ်ချီလိုက်သည်။
"ကျွန်တော်က မိုးပြာတိမ်တိုက်ဂိုဏ်းက ကူချင်းယွဲ့ပါ။ အစောက ခင်ဗျားရဲ့ ဖြောင့်မတ်တဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
"ဒုက္ခမရှိပါဘူး။ ကျွန်တော်က အရင်ဝင်မလို့ပဲ ဒါပေမဲ့ ခင်ဗျားတို့လူတွေက ကျွန်တော့်ထက် လက်ဦးသွားတယ်။ ဒါပေမဲ့ ညီအစ်ကိုကူလိုလူမျိုးနဲ့ တွေ့ရတာ တန်ပါတယ်။ ဟားဟား။ ကျွန်တော်က တောနက်အံ့ဩဖွယ်ဂိုဏ်းက ကျိုးကွေ့ချန်ပါ။ အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ်"
'တိမ်ထူဓား ကျိုးကွေ့ချန်။ သူဒီမှာ ဘာလုပ်နေတာလဲ'
ချန်ယွမ်ကျိုး ကြက်သေသေသွားသည်။
ဒီတောနက်အံ့ဩဖွယ်ဂိုဏ်းက တပည့်က မကြာသေးခင်က လှိုင်းလုံးတွေထနေပြီး ရှန်းကျင်းဒေသက ဂိုဏ်းပေါင်းများစွာကို စိန်ခေါ်နေခဲ့သည်။
အခု သူက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ။
ချန်ချင်းဟန်ကလည်း ကျိုးကွေ့ချန်၏ နာမည်ကြောင့် အံ့ဩနေစဉ် သူ့ကို ပိုအံ့ဩစေသောအရာမှာ လီဖူချန်၏ မျက်နှာပင်။
'အဲ့ဒီမျက်နှာက ရင်းနှီးသလိုပဲ... ငါဘယ်မှာမြင်ဖူးတာလဲ'