← Chapters

အပိုင်း ၆၂၁-၆၂၄

Vol. 32 Ch. 621-624

အပိုင်း ၆၂၁-၆၂၄

Vol. 32 Ch. 621-624

အပိုင်း ( ၆၂၁ )

အရွယ်ရောက်ပြီးသူအနေဖြင့် စည်းကမ်းများကို လိုက်နာပါ

သိပ်မကြာခင်မှာပင် ဇိမ်ခံကားတန်းကြီးသည် ဟွမ်ထင်းဟိုတယ်ရှေ့၌ စီတန်းရပ်တန့်သွားသည်။

Bentley၊ Rolls-Royce၊ Mercedes၊ Lincoln စသည်ဖြင့် စုစုပေါင်း ကားအစီးရေ ၂၀ ကျော် ရောက်ရှိလာပြီး ထိုကားများသည် တစ်စီးချင်းစီပင်လျှင် သန်းကျော် တန်ဖိုးရှိသော ဇိမ်ခံကားများ ဖြစ်ကြလေသည်။

ကားအမြောက်အမြား ဟိုတယ်ရှေ့တွင် ရပ်လိုက်သည့်ပုံရိပ်သည် လူတိုင်းအတွက် တုန်လှုပ်ချောက်ချားစရာ ဖြစ်ခဲ့လေသည်။

ဟိုတယ်ဧည့်ကြိုခန်းရှိ လူတိုင်းသည် ကြီးမားသော ဝင်ပေါက်မှန်များမှတစ်ဆင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။

ဒါက ရုပ်ရှင်ရိုက်နေတာလား။

မကြီးကျယ်လွန်းဘူးလား။

ထို့နောက် ကားတံခါးများ ပွင့်လာပြီး ဝတ်စုံပြည့်ဝတ်ထားသော လူတစ်စုတို့ အမြန်ဝင်လာသည်။

ထိုလူအားလုံးသည် ခေါင်းဆောင်တစ်ယောက်တွင် ရှိသည့်သော ကိုယ်ရောင်ဝါများ ရှိကြသည်။

ရာထူးမြင့်သည့် နေရာတွင် အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့သည့်သူများသာ ဤကဲ့သို့ ဩဇာရှိနိုင်လေသည်။

ရှောင်ဘိုကွန်းသည် လူအုပ်ထဲမှ ဥက္ကဌကျောက်ကို ချက်ချင်း မှတ်မိသွားပြီး သူ့ဆီသို့ အမြန်လျှောက်သွားခဲ့သည်။

" ဥက္ကဌကျောက်၊ နောက်ဆုံးတော့ ဒီကိုရောက်လာပြီလား။ ဒီနေ့ ကျွန်တော့်ဒေါသကို ဖြေဖျောက်ဖို့ ကူညီပေးပါ "

ဥက္ကဌကျောက်သည် အသက်ငါးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။

သူ့ရှေ့မှ ဝက်ခေါင်းကဲ့သို့ စုတ်ပြတ်သတ်အောင် အရိုက်ခံထားရသည့်သူကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ထို့နောက်မှ အင်တာနက်နာမည်ကြီးဖြစ်သော ရှောင်ဘိုကွန်းဖြစ်မှန်း မှတ်မိလိုက်သည်။

" မင်း ...... မင်း ဘယ်လိုဖြစ်လို့ ဒီလောက် အရိုက်ခံထားရတာလဲ "

ရှောင်ဘိုကွန်းသည် ချက်ချင်း ငိုယိုနေသည့် လေသံဖြင့် ပြောလေသည်။

" အဲ့ဒီကောင်က ကျွန်တော့်ကို ရိုက်ဖို့ လူခေါ်လာတာ။ ဥက္ကဌကျောက်၊ သူ့ကို ဒီနေ့လက်စားချေနိုင်ဖို့ ကူညီပေးတာနဲ့ ခင်ဗျားရဲ့ကုမ္ပဏီနဲ့ ချက်ချင်း လက်မှတ်ထိုးပါ့မယ် "

ဥက္ကဌကျောက်က ခေါင်းညိတ်ပြသည်။

" ကောင်းပြီ ငါအရင်ဆုံး ကိစ္စတစ်ခု သွားလုပ်လိုက်ဦးမယ်။ နောက်မှ မင်းရဲ့ ဒေါသကို ဖြေလို့ရအောင် လုပ်ပေးမယ် "

သူက ပြောနေရင်းနှင့် လှည့်လိုက်ပြီး သူ့ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်းရဲ့ အခန်းနံပါတ်ကို သိလား "

ထိုလူက ပြန်မဖြေနိုင်ခင်တွင် သူတို့ရှေ့သို့ တစ်စုံတစ်ယောက်မှ ရုတ်တရက် လာရပ်သည်။

" ခင်ဗျားတို့ ယဲ့ဖန်ကို ရှာဖို့ ဒီကိုရောက်နေတာလား။ ယဲ့လူကြီးမင်းက ဒီမှာ "

စကားလာပြောသောသူသည် ခေါင်းတွင် ပတ်တီးပတ်ထားရပြီး ဆိုးရွားစွာ ရိုက်နှက်ခံထားရသည်ကို လူတိုင်းက မြင်လိုက်ကြသည်။

အနီးကပ်ကြည့်ပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားသည်။

" ဒါက ရှင်းဟိုင်ဖျော်ဖြေရေးက ကျိုးကျောင်ပင်း၊ ကျိုးဥက္ကဌ မဟုတ်ဘူးလား။ ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီလိုအရိုက်ခံရတာလဲ "

" မမေးနဲ့တော့။ ယဲ့လူကြီးမင်းကို အရင်သွားရအောင် "

ဥက္ကဌကျောက်က ဦးဆောင်ရင်း ပြောလိုက်သည်။ အခြားသူများကလည်း အနောက်မှ လိုက်ကြသည်။

လူတစ်စုသည် ယဲ့ဖန်ရှေ့သို့ ရောက်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ငဲ့ညှာပြီး အသက်ချမ်းသာပေးပါ "

ထိုမြင်ကွင်းအား ခန်းမထဲကလူတိုင်း မြင်လိုက်သည့်အခါ သူတို့၏ ဦးနှောက်တွေ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

ဤလူတွေ၏ ကားတွေကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးသည် အဆင့်အတန်းမြင့်လူများဖြစ်ကြသည်ကို မြင်နိုင်လေသည်။

သို့သော် ဤအခိုက်အတန့်တွင်တော့ သူတို့အားလုံးက ဒီလူငယ်လေး၏ရှေ့တွင် ဒူးထောက်ထိုင်ချကြသည်။

တစ်သက်မှာတစ်ခါမှ မမြင်ဖူးသည့် တကယ်ပင် အံ့သြစရာကောင်းသော မြင်ကွင်းဖြစ်လေသည်။

" ဒီလူငယ်က ဘယ်သူလဲ။ ငါ ဘာလို့ ....... ကြောက်စရာကောင်းတယ်လို့ ခံစားနေရတာလဲ "

" ဒီလူတွေက အနည်းဆုံး သန်းရာနဲ့ချီတန်တဲ့ လုပ်ငန်းကြီးတွေပိုင်တဲ့ သူဌေးကြီးတွေ မဟုတ်လား။ ဒီလူငယ်လေးကို သူတို့က တကယ်ပဲ ဒူးထောက်နေကြတာလား။ အမလေး ဘုရားရေ "

" ဟုတ်တယ်။ ဒီလူငယ်လေးရဲ့ သရုပ်မှန်က အရမ်းကြောက်စရာကောင်းတာထင်တယ်။ သူက မိသားစုကြီးတစ်ခုခုရဲ့ အိမ်ရှေ့မင်းသား ဖြစ်နိုင်တယ် "

" ဟိုလူနှစ်ယောက် သူ့ကိုမြင်တာနဲ့ ဘောင်းဘီထဲ ဆီးသွားတာ မဆန်းတော့ပါဘူး "

" ဒီမိန်းမရှာကတော့ အဲ့လိုလူကို စော်ကားခဲ့တာလေ။ သူဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး "

ရှောင်ဘိုကွန်းသည် သေမတတ် ကြောက်ရွံ့နေခဲ့သည်။

ကျိုးကျောင်ပင်းသည် ယဲ့ဖန်အား ကြောက်နေခဲ့ခြင်းမှာ သူရဲဘောကြောင်ခြင်းကြောင့်ဟု သူထင်သည်။

သူ့မှာ အားကောင်းတဲ့ ကျောထောက်နောက်ခံရှိလျှင် ဒီကောင်လေးကို ရှင်းနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။

သူ့အားကိုးလိုက်တဲ့ ကျောထောက်နောက်ခံအသစ်က ပိုလို့တောင် သည်းမခံနိုင်ဘဲ တန်းပြီး ဒူးထောက်နေမယ်လို့ ဘယ်သူထင်မှာလဲ။

ဤလူငယ်လေးသည် သူ လုံးဝ မထိသင့်သောသူ ဖြစ်လေသည်။

ရှောင်ဘိုကွန်းသည် အလွန်ကြောက်လန့်နေပြီး ခြေထောက်များပင် အားနည်းသွားကာ မတ်တပ်တောင် မရပ်နိုင်တော့ပေ။

ယဲ့ဖန်အနားတွင် ထိုင်နေသည့် ချန်းရွှမ်ပင် ပါးစပ်ကိုအုပ်မိသည်အထိ ထိတ်လန့်သွားသည်။

ဝေ့ချန်းဖန်း ရောက်လာခဲ့ပြီးသား ဖြစ်သော်လည်း ဤမြင်ကွင်းကို မြင်လိုက်သည့်အခါ သူမ တုန်လှုပ်နေဆဲဖြစ်သည်။

သူတို့ရှေ့မှ လူများအားလုံးသည် ယန်းချန်မြို့ရှိ နာမည်ကြီးသူဌေးကြီးများဖြစ်ကာ လွန်ခဲ့သည့်နှစ်ရက်ကပင် သူတို့ထဲမှ အချို့ဆီကို သူမ သွားရောက်တွေ့ဆုံခဲ့သည်။

ယဲ့ဖန်ဆီမှ ခွင့်လွှတ်မှုကို တောင်းဆိုရန် ဤမျှလူတွေအများကြီး ရောက်လာမည်ဟု သူမ မမျှော်လင့်ထားချေ။

ယဲ့ဖန်သည် ဆိုဖာပေါ်တွင် ခြေချိတ်ကာ ထိုင်နေသည်။

သူသည် ထိုလူများကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

" ခင်ဗျားတို့က ....... "

ဥက္ကဌကျောက်မှ ပထမဦးဆုံး စကားစပြောသူဖြစ်သည်။

" ယဲ့လူကြီးမင်း ကျွန်တော်တို့ ...... မနေ့က ရီချန်းကျယ်လှည့်စားတာကို ခံရပြီး သူ့ရဲ့ မိုက်မဲတဲ့ပွဲကို တက်ခဲ့မိပါတယ်။ သူက ယဲ့လူကြီးမင်းရဲ့ ရန်သူဆိုတာကို ကျွန်တော်တို့သိခဲ့ရင် ဘယ်တော့မှ မသွားပါဘူး "

အခြားသူများကလည်း ဝိုင်းထောက်ခံပြောကြသည်။

" ဟုတ်ပါတယ်၊ ယဲ့လူကြီးမင်း။ အဲ့ဒီကောင် ရီချန်းကျယ်လှည့်စားတာကို ခံခဲ့ရတာပါ။ မကောင်းတဲ့အသားစားမိရင်တောင် ကျွန်တော်တို့က ယဲ့လူကြီးမင်းနဲ့ ရန်သူဖြစ်ရဲမှာ မဟုတ်ပါဘူး "

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့အမှားတွေကို ကျွန်တော်တို့ တကယ်သိပါတယ်။ လူကြီးမင်းကပဲ သဘောထားကြီးမားပြီး ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် "

" ကျွန်တော်တို့ ကျန်းရှင်းကော်ပိုရေးရှင်းက အနာဂတ်မှာ ယဲ့လူကြီးမင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်သွားပါမယ်။ အတိတ်ကို မေ့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

" ကျွန်တော်တို့ ကျီကောင်းကော်ပိုရေးရှင်းကလည်း ယဲ့လူကြီးမင်းရဲ့ အမိန့်ကို နာခံဖို့ ဆန္ဒရှိပါတယ် ...... "

ယဲ့ဖန်အပေါ် သူတို့၏သစ္စာစောင့်သိမှုကို ဖော်ပြရင်း လူတိုင်းက ရီချန်းကျယ်နှင့် ပတ်သက်မှုမရှိစေရန် ကြိုးစားခဲ့ကြသည်။ သူတို့၏ သဘောထားတွေကိုလည်း အလွန်ချိုးနှိမ့်ထားလေသည်။

ထိုမှသာ ယဲ့ဖန် ထိုလူများ၏ ရည်ရွယ်ချက်ကို နားလည်လာခဲ့သည်။

ယဲ့ဖန်က လှောင်ပြောင်သော အပြုံးကို ပြုံးလိုက်သည်။

" ကျွန်တော့်ကို အရူးလို့ ထင်နေကြတာလား။ ပွဲမတက်ခင်တုန်းက ရီချန်းကျယ်နဲ့ ငါကြားက ရန်ငြိုးတွေအကြောင်းကို ခင်ဗျားတို့ မသိဘူးဆိုတာကို ယုံခိုင်းနေတာလား။ သူ့ကြောင့် ချောက်ချခံရတယ်ဆိုတာကို ခင်ဗျားတို့ မသိဘူးတဲ့လား။ ကျွန်တော်သာ ဒီနေ့မှာ လဲကျခဲ့တဲ့သူဆိုရင် ခင်ဗျားတို့ ဒီလိုစကားတွေ ပြောပါ့မလား "

ယဲ့ဖန်သည် ထိုလူများ၏ လိမ်ညှာမှုကို မညှာမတာဖြင့် ထုတ်ဖော်ခဲ့သည်။

ထိုအခါ သူတို့အားလုံး ခေါင်းငုံ့ပြီး အသံမထွက်ရဲကြတော့ပေ။

ယဲ့ဖန်၏ အကြည့်များသည် ထိုလူများပေါ်သို့ ဖြည်းညှင်းစွာ ဖြတ်သွားသည်။

" ခင်ဗျားတို့ဘက်က ရွေးပြီးပြီဆိုမှတော့ ခင်ဗျားတို့ရဲ့ ရွေးချယ်မှုအတွက် ထိုက်တန်တဲ့ ကြေးတစ်ခုခုပေးရမယ်။ ကျွန်တော်တို့အားလုံးက အရွယ်ရောက်ပြီးသားတွေဆိုတော့ လူကြီးတွေရဲ့ စည်းကမ်းကို လိုက်နာကြတာပေါ့။ ခင်ဗျားတို့ ဘယ်လိုထင်လဲ "

အားလုံးက တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

သူတို့ မလာခင်ကတည်းက ဤကိစ္စကို ဆွေးနွေးပြီးသားဖြစ်သည်။

ဒီနေ့တွင် 'သူတို့၏အသားကို ကိုယ်တိုင်မခုတ်လျှင်' ယဲ့လူကြီးမင်း၏ဒေါသကို ဖြေဖျောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူတို့ သိလေသည်။

သေချာပေါက်ပင် သူတို့ မျှော်လင့်ထားသလိုဖြစ်လေသည်။

ဥက္ကဌကျောက်က အံ့ကြိတ်ပြီး ဦးစွာပြောခဲ့သည်။

" UA ဖျော်ဖြေရေးကုမ္ပဏီမှာ ရုပ်ရှင်စတူဒီယိုကြီးတစ်ခု ရှိပါတယ်။ ခန့်မှန်းခြေအားဖြင့် အနည်းဆုံး ယွမ် ၂ ဘီလီယံကျော် တန်ပါတယ်။ ဒါပေမဲ့ ၁ ဘီလီယံတည်းနဲ့ လွှဲပြောင်းပေးရန် ဆန္ဒရှိပါတယ် "

တစ်စုံတစ်ယောက်မှ စတင်ဦးဆောင်ပြီး ကမ်းလှမ်းလိုက်တာကြောင့် အခြားသူများကလည်း သူတို့၏ ကမ်းလှမ်းချက်များကို ထုတ်ပြောကြသည်။

" ကျွန်တော်တို့ရဲ့ ကျန်းရှင်းကော်ပိုရေးရှင်းက အွန်လိုင်းဈေးရောင်းဝယ်ရေးအပိုင်းကို ဈေးကွက်ပေါက်ဈေးထက် ၅၀% နိမ့်စျေးနဲ့ ယဲ့လူကြီးမင်းကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိပါတယ် "

" ကျွန်တော်တို့ရဲ့ ကျီကောင်းကော်ပိုရေးရှင်းမှ လုပ်ငန်းတစ်ခုဖြစ်တဲ့ Evergreen ဟိုတယ်ကို ဈေးကွက်ပေါက်ဈေးထက် ၅၀% လျှော့စျေးနဲ့ ယဲ့လူကြီးမင်းကို လွှဲပြောင်းပေးချင်ပ့တယ် "

" ကျွန်တော်တို့ရဲ့ ရွှေအိုးမီဒီယာကလည်း ....... "

အပိုင်း ( ၆၂၂ )

အပြီးတိုင် ပိတ်ပင်ခံရခြင်း

စီးပွားရေးလောကရှိ ဤအထက်တန်းစားလူများ၏ လုပ်ဆောင်ချက်များသည် လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို အံ့အားသင့်စေခဲ့သည်။

ယဲ့လူကြီးမင်း၏ ဒေါသအား ဖြေဖျောက်ရန်အတွက် ထိုလူများသည် 'ပိုင်ဆိုင်မှုများကို ပေးအပ်ပြီး လျော်ကြေးပေးရန်' ကြိုးပမ်းနေကြကာ သူတို့၏ အရည်အသွေးမြင့် စက်မှုလုပ်ငန်းများကိုပင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့သည်။

" အမလေး ဘုရားရေ၊ ဘီလီယံချီတန်တဲ့ လုပ်ငန်းတွေကို တစ်ဝက်ဈေးနဲ့ ရောင်းနေတာလား။ ဒီလူတွေ ဘာတွေတွေးနေတာလဲ "

" ဒီလူငယ်က အရမ်းကြောက်ဖို့ကောင်းတာလား။ သူက တကယ်ပဲ စီးပွားရေးလောကရဲ့ သူဌေးကြီးတွေကိုတောင် ဒီလိုအခြေအနေထိ ရောက်စေတဲ့အထိလေ "

" ဒီလူတွေအားလုံးက အနည်းဆုံး အသားတင်အမြတ်ငွေ ၁ ဘီလီယံမကတဲ့ သူဌေးကြီးတွေပဲ။ သူတို့ ပူးပေါင်းပြီး ဒီလူငယ်လေးတစ်ယောက်လောက်ကို မဖြေရှင်းနိုင်ဘူးလား။ ဘာကို ကြောက်နေကြတာလဲ "

" ဒါက တကယ့် ယောက်ျားတစ်ယောက် ဖြစ်သင့်တဲ့အနေအထားပဲ။ သူကတော့ စကားပြောပြီး ရယ်နေတဲ့အချိန်မှာ သူရဲကောင်းတွေအားလုံးက သူ့ကို ဦးညွှတ်ရတယ်လေ "

အားလုံးက ယဲ့ဖန်ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် မိန်းကလေးများစွာသည် ပြေးလာပြီး သူနှင့် စကားစမြည်ပြောလိုကြသည်။

ဒီလိုလူက ဘာမှမလုပ်နေလျှင်ပင် ဆွဲဆောင်မှုအားပြင်းလွန်းလေသည်။

ယဲ့ဖန်သည် ထိုလူများ၏ 'စိတ်ရင်းဖြင့်ကမ်းလှမ်းမှုများ'ကို ကြားပြီးနောက် ချက်ချင်းပင် ရှေ့သို့ စိတ်အားထက်သန်စွာ လျှောက်သွားပြီး သူတို့အား ထရန် ကူညီပေးလိုက်သည်။

" အိုက်ယား၊ အားလုံးပဲ မြန်မြန်ထကြပါ။ ဘာလုပ်နေကြတာလဲ။ ခင်ဗျားတို့အားလုံးက ကျွန်တော့်ထက်အသက်ကြီးကြပါတယ်။ ကျွန်တော့်ကို ငရဲကြီးအောင်တော့ လုပ်နေကြတာ မဟုတ်ဘူးမလား "

ထိုအခါမှသာ သူဌေးကြီးများက မြေကြီးပေါ်မှ မတ်တတ်ထရပ်ပြီး သူတို့၏ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။

ငါတို့ဒူးထောက်နေတာကို အခုမြင်တာလား။

သူက တကယ်ကို သိုးယောင်ဆောင်တတ်တဲ့ ဝံပုလွေဖြစ်လေသည်။

သို့သော် လူတိုင်းသည် ယဲ့ဖန်၏ စိတ်အားထက်သန်မှုကို မြင်သောအခါ နောက်ဆုံးတွင် စိတ်အေးလက်အေး ဖြစ်သွားကြသည်။

သူတို့သည် ဤတစ်ကြိမ်တွင် 'ဆုံးရှုံးမှု'များစွာ ရှိခဲ့သော်လည်း အနည်းဆုံးအနေဖြင့် သူတို့အသက် ချမ်းသာခွင့်ရခဲ့ပြီး ပြန်စရန် အခွင့်အရေးရှိခဲ့သည်။

အားလုံးသည် ယဲ့ဖန်နဲ့ သဘောတူညီချက်များအား ဆွေးနွေးပြီးနောက် ထွက်သွားတော့မည့်အချိန်တွင် ယဲ့ဖန်၏ နောက်တွင် ရပ်နေသော ကျိုးကျောင်ပင်းက ပြောလိုက်သည်။

" ဥက္ကဌကျောက်၊ ခင်ဗျားရဲ့ ကုမ္ပဏီက ရှောင်ဘိုကွန်းနဲ့ လက်မှတ်ထိုးချင်တယ်လို့ ကြားထားတယ် "

ဥက္ကဌကျောက်သည် သူ့မေးခွန်းကို ကြားသောအခါ ထွက်သွားတော့မည့်လမ်းကနေ ရပ်လိုက်သည်။

" ဟုတ်တယ်၊ ဥက္ကဌကျိုး။ မင်း အဲ့တာကို စိတ်ထဲမထားဘူး မဟုတ်လား။ စိတ်မပူပါနဲ့၊ သူရဲ့စာချုပ်ကို ချိုးဖောက်မှုအတွက် ငါ့ဘက်က ပေးသင့်တာ ပေးမှာပါ "

ကျိုးကျောင်ပင်းသည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ခင်ဗျား နားလည်မှုလွဲနေပြီ။ ကျွန်တော် ပြောချင်တာက စာချုပ်ကို ဖောက်ဖျက်တဲ့အတွက် ဒဏ်ကြေးရဲ့ ၁ ရာခိုင်နှုန်းကိုမှ မလိုချင်ဘူး။ သူ့ကို အမြန်ခေါ်သွား။ သူ့ကို အခုခေါ်သွားပြီးရင်တော့ ထပ်မတွေ့ရတာ အကောင်းဆုံးပဲ။ သူ့ကို ထပ်မတွေ့ပါရစေနဲ့ "

ဥက္ကဌကျောက်က အံ့အားသင့်သွားသည်။

သူ ဘာကို ဆိုလိုနေတာလဲ။

ဤ ရှောင်ဘိုကွန်းသည် ရှင်းဟိုင်ဖျော်ဖြေရေးကုမ္ပဏီ၏ ငွေရှာနွားကြီးဖြစ်သည်။

တခြားသူတွေက ရှောင်ဘိုကွန်းလို ငွေရှာနိုင်တဲ့ကို သူတို့ရဲ့ ဘိုးဘေးလို ဆက်ဆံကြပေမယ့် ကျိုးကျောင်ပင်းက ဘာလို့ ပလိပ်ရောဂါလို ရှောင်ချင်နေရတာလဲ။

ကျိုးကျောင်ပင်းနှင့် အကြိမ်အနည်းငယ် ပြောဆက်ဆံခဲ့ဖူးပြီး သူဟာ အလွန်ဉာဏ်ကောင်းသည်ဆိုတာကို ဥက္ကဌကျောက်သိလေသည်။

သူက ဘယ်တော့မှ ရှုံးတဲ့လုပ်ငန်းကို လုပ်မှာမဟုတ်ဘူး။

ယခု ရှောင်ဘိုကွန်းကို လွှဲပြောင်းပေးရန် ကျိုးကျောင်ပင်း စိတ်လောနေပုံအရ တစ်စုံတစ်ခုက လွဲမှားနေပြီဖြစ်လိမ့်မည်။

" ကျိုးလူကြီးမင်း၊ ဘိုကွန်းက မင်းကို စိတ်ဆိုးအောင် တစ်ခုခုလုပ်ခဲ့တာလား "

ဥက္ကဌကျောက်က စမ်းသပ်မေးလေသည်။

" ဟားဟားဟား၊ မဟုတ်ပါဘူး။ ဥက္ကဌကျောက် အတွေးလွန်နေပါပြီ။ မြန်မြန်သာ လက်မှတ်ထိုးလိုက်ပါ "

ကျိုးကျောင်ပင်းက ရယ်ပြီး တိုက်တွန်းလေသည်။

ဤကဲ့သို့ ပြုမူလေလေ၊ ဥက္ကဌကျောက်က ပို၍ စိတ်မသက်မသာ ခံစားလာရလေသည်။

" ဥက္ကဌကျိုး၊ ဘာဖြစ်တာလဲ ငါ့ကိုပြောပါ "

သို့သော် ကျိုးကျောင်ပင်းက ဘာမှ မပြောခဲ့ချေ။

" အဲ့ဒီ ရှောင်ဘိုကွန်းက ယဲ့လူကြီးမင်းကို ပြဿနာရှာခဲ့တာ "

အစ်ကိုဟူက ဝင်ဖြေလိုက်သည်။

" သူ့ဒေါသကို ဖြေဖျောက်ဖို့ ကျွန်တော်တို့ကို ကူညီခိုင်းတာ။ ကျွန်တော်တို့က သဘောမတူဘူးဆိုတာကိုမြင်ပြီး ဥက္ကဌကျောက်ကို ဖုန်းဆက်လိုက်တာပါပဲ။ သူ့ဒေါသကို ဖြေဖျောက်ဖို့ ခင်ဗျားကို ကူညီစေချင်တာ ....... "

သူ့စကားမပြီးခင်တွင် ဥက္ကဌကျောက်သည် ကျောရိုးတစ်လျှောက် အေးစက်သွားပြီး မြေကြီးပေါ် လဲကျမတတ်ဖြစ်သွားရသည်။

" ယဲ့လူကြီးမင်း၊ အဲ့တာ လုံးဝကို နားလည်မှုလွဲနေတာပါ။ ကျွန်တော် ...… ဒီကောင်နဲ့ ...… ကျွန်တော် သူ့ကို လုံး၀ မသိသလို သူ့အတွက် ရပ်တည်ပေးဖို့က ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ ရှင်းအောင်ပြောပါရစေ ...... "

သူသည် ယဲ့ဖန်အား စိတ်အားထက်သန်စွာ ရှင်းပြနေပြီး တစ်ချိန်တည်းမှာပင် ကျိုးကျောင်ပင်း၏ ဘိုးဘေးများကို စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။

ဒီကောင်က သူ့ကို ချောက်ချချင်နေခဲ့တာပဲ။

သူက ဘာလို့ ဒီလောက်များတဲ့ငွေကို ငြင်းချင်တာလဲဆိုတာ တွေးနေခဲ့ပြီး အမှန်တကယ်မှာ ရက်စက်လွန်းသည့်အတွေး ရှိနေသောကြောင့်ဖြစ်သည်။

ရှောင်ဘိုကွန်းသည် ယဲ့ဖန်ကို စော်ကားခဲ့လေသည်။

ဤကိစ္စမှာ ချိန်ကိုက်ဗုံး ဖြစ်သောကြောင့် ကိုင်မိတဲ့သူတိုင်း ကံမကောင်းနိုင်ချေ။

အစ်ကိုဟူ၏ အချိန်မီသတိပေးချက်ကြောင့်သာ မဟုတ်ပါက သူသည် ငရဲကြီးရှစ်ထပ်၏ အောက်ဆုံးအထပ်ကို ထပ်ပြီးရောက်သွားပေပေလိမ့်မည်။

ယဲ့ဖန်၏ နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားသည်။

" ဘာဖြစ်လို့လဲ။ ဥက္ကဌကျောက်က သူနဲ့ စာချုပ်ချုပ်ဖို့ စိတ်ကူးရှိတာလား။ ဒီလူက ပရိတ်သတ်တွေ သန်းပေါင်းများစွာရှိတဲ့ အင်တာနက်နာမည်ကြီးတစ်ယောက်ပဲလေ။ အဲ့လိုလုပ်ဖို့ ဆန္ဒရှိတာလား "

" ပရိသတ်သန်းပေါင်းများစွာရှိတဲ့ အင်တာနက်နာမည်ကြီးဆိုရင်ရော ဘာလုပ်ရမှာလဲ "

ဥက္ကဌကျောက်က ရိုးသားဖြောင့်မတ်စွာ ပြောလေသည်။

" ယဲ့လူကြီးမင်းနဲ့ ယှဉ်ရင် ဘာမှ အရေးမပါပါဘူး။ သူက ယဲ့လူကြီးမင်းကို ပြဿနာရှာတာဆိုရင် သူအရင်ဆုံးရှင်းရမယ့်သူက ကျွန်တော်ဖြစ်ပါလိမ့်မယ်။ UA ဖျော်ဖြေရေးကုမ္ပဏီရဲ့ကိုယ်စား ရှောင်ဘိုကွန်း ကို အခုကစပြီး ရှေ့လျှောက် ပိတ်ပင်သွားမယ်ဆိုတာကို ကြေငြာချင်ပါတယ် "

ကျိုးကျောင်ပင်းကလည်း ပါဝင်လာသည်။

" ရှင်းဟိုင်ဖျော်ဖြေရေးကုမ္ပဏီကနေလည်း ရှောင်ဘိုကွန်းကို အပြီးတိုင် တားမြစ်မယ်လို့ ကြေညာပါတယ် "

သူတို့ထဲမှာ အခြားသော ဖျော်ဖြေရေး ကုမ္ပဏီများကလည်း တူညီသော ရပ်တည်ချက်ကို အပြိုင်အဆိုင် ဖော်ပြကြသည်။

" ရွှေအိုးမီဒီယာကလည်း ရှောင်ဘိုကွန်းကို ဘယ်တော့မှ သုံးမှာမဟုတ်ကြောင်းကို အသိပေးချင်ပါတယ် "

" ကျွန်တော်တို့ ချင်းကောင်းတေးသံသွင်းကလည်း ရှောင်ဘိုကွန်းကို အပြီးပိုင်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကြေငြာပါရစေ "

" ယူသွမ်းဗီဒီယိုကလည်း ကြေညာချင်ပါတယ် .......... "

တခဏချင်းမှာပင် ရှောင်ဘိုကွန်းသည် အများသူငှာ ဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး ကုမ္ပဏီတွေအားလုံးမှ တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရသည်။

ရှောင်ဘိုကွန်းသည် သေမတတ် ကြောက်လန့်နေပြီဖြစ်သည်။

ထိုကုမ္ပဏီများ၏ ထုတ်ပြန်ချက်များကို ကြားသိပြီးနောက်တွင် သူ လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။

ဤကုမ္ပဏီများအားလုံးသည် ယန်းချန်မြို့၏ ဖျော်ဖြေရေးနယ်ပယ်တွင် သြဇာကြီးသူများဖြစ်သည်။

အခြားကုမ္ပဏီအသေးလေးတွင် မပြောနှင့် ထိုကုမ္ပဏီကြီးများကပင် ယဲ့ဖန်ကို ကြောက်လန့်နေကြရသည်။

ထိုအချိန်မှာပဲ သူ့လို အင်တာနက်တွင် နာမည်ကြီးရုံသာအဆင့်ရှိသော လူတစ်ယောက်အနေဖြင့် ဤကဲ့သို့ သူဌေးကြီးများအား စော်ကားရဲတဲ့အထိ အင်အားမရှိသည်ဆိုသည်ကို သိလိုက်ရသည်။

သူ့ဘဝ အဆုံးသတ်သွားပြီဆိုတာကို သူသိလေသည်။

သူ ဒီတစ်သက်တွင် ဤအရာတွေအား ပြောင်းလဲရန် ဘယ်တော့မျှ အခွင့်ရှိတော့မည် မဟုတ်ပေ။

ပရိသတ်သန်းပေါင်းများစွာရှိသည့် အင်တာနက်နာမည်ကြီးသူသည် တကယ့်သူဌေးကြီးများရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အနေအထားမရှိပေ။

ယဲ့ဖန်ကိုယ်တိုင်မှ သူ့အား ဖြေရှင်းဖို့ပင် မလိုအပ်ချေ။

ယဲ့ဖန်ဆီမှ မျက်နှာသာလိုချင်သူများစွာက သူ့ကို လာစာရင်းရှင်းကြပေလိမ့်မည်။

နေရာတွင်ရှိနေကြသည့်သူများတွင် ဘယ်သူကမှ သူ့ကို မစာနာနိုင်ကြပေ။

မျက်စိကန်းပြီး မထိသင့်သူကို သွားထိမိတဲ့ စူ့ကိုယ်သူသာ အပြစ်တင်ရမည်ဖြစ်သည်။

ထို့နောက် ယဲ့ဖန်သည် ကျိုးကျောင်ပင်း ကို ကြည့်လိုက်သည်။

" ခင်ဗျား ....... "

ကျိုးကျောင်ပင်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူသည် ယဲ့ဖန်အား ဖြူဖပ်ဖြူရော်ဖြစ်နေသောမျက်နှာဖြင့် ကြည့်လိုက်သည်။

" လူကြီးမင်း၊ ဘာညွှန်ကြားချင်တာများ ရှိလို့ပါလဲ "

ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

" အရင်က ခင်ဗျားကို ခွင့်လွတ်ခဲ့ပြီးပြီ။ ဒါပေမယ့် နောက်တစ်ခါ လာထိတော့ ခင်ဗျားကို ဘယ်လိုဖြေရှင်းရမလဲ "

ကျိုးကျောင်ပင်းသည် အလွန်ထိတ်လန့်သွားပြီး ကောင်းမွန်စွာပင် မရပ်နိုင်တော့ပေ။

မြေပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်လိုက်သည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ငဲ့ညှာချမ်းသာပေးပါ။ ကျွန်တော့်အမှားကို သိပါပြီ "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" လူတစ်ယောက်ကို ဒုတိယအခွင့်အရေး ပေးမှာမဟုတ်ဘူး။ မသေချင်ရင် တိုင်းပြည်ကနေထွက်သွား။ ငါ့ရှေ့မှာ ဘယ်တော့မှ ပေါ်မလာနဲ့ "

ကျိုးကျောင်ပင်းက မလိုလားစွာဖြင့် ခေါင်းကို မော့လိုက်သည်။

" ယဲ့လူကြီးမင်း ....... "

ယဲ့ဖန်က သူစကားပြောနေတာကို ဟန့်တားဖို့ သူ့လက်ကို ဆန့်လိုက်သည်။

" စျေးမစစ်နဲ့၊ ခင်ဗျားက အရည်အချင်းမပြည့်မီဘူး။ မထွက်သွားချင်ဘူးဆိုရင် သေတာကို စောင့်နေရုံပဲ "

ကျိုးကျောင်ပင်းသည် တခြားဘာပြောပြော အသုံးမဝင်ဘူးဆိုတာကို သိလိုက်ပြီး စိတ်လွတ်နေသည့် အမူအရာဖြင့် ထွက်သွားသည်။

လူတိုင်းက သူ့နောက်ကျောကိုကြည့်ကာ သက်ပြင်းချကြသည်။

ဖျော်ဖြေရေးနယ်ပယ်မှ အဆင့်အတန်းမြင့်သူဌေးကြီးတစ်ယောက်က ချက်ချင်း ခွေးလေခွေးလွင့်တစ်ကောင်လို ဖြစ်သွားခဲ့ရသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ့အကြည့်ကို အစ်ကိုဟူဆီသို့ ပြန်ပြောင်းလိုက်သည်။

အစ်ကိုဟူသည် ချက်ချင်းပင် တုန်တုန်ယင်ယင်နှင့် အမြန်ပြုံးလိုက်သည်။

" လူကြီးမင်း .... ယဲ့လူကြီးမင်း ..... "

အပိုင်း ( ၆၂၃ )

ထိန်းချုပ်ချင်ပေမဲ့ မထိန်းနိုင်ဘူး။

ယဲ့ဖန်သည် သူ့ခြေထောက်တွေကို ချိတ်လိုက်ပြီး ညအစ်ကိုဟူကို ကြည့်လိုက်သည်။

" ဒါက ခင်ဗျား ကျုပ်ကို ဒုတိယအကြိမ် လာထိတာပဲ။ ကျိုးကျောင်ပင်းက နိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီ။ ခင်ဗျားကရော ဘယ်လိုဖြေရှင်းမှာလဲ "

အစ်ကိုဟူသည် ချက်ချင်းပင် ပြုံးပြလိုက်သည်။

" ယဲ့လူကြီးမင်း၊ ကောင်းလူကြီးမင်းမျက်နှာကိုထောက်ပြီး သက်ညှာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ထပ်မလုပ်တော့ပါဘူး ..... "

သူစကားမဆုံးခင်တွင် ယဲ့ဖန်က ဖြတ်ပြောသည်။

" ကောင်းကျူမင်းကြောင့် ခင်ဗျားကို တစ်ခါလွှတ်ထားပေးပြီးပြီ။ ခင်ဗျားကို ဒီတစ်ခါ ထပ်လွှတ်ပေးလိုက်ရင် ကောင်းကျူမင်းကို ကြောက်နေတယ်လို့ တခြားသူတွေက ထင်လိမ့်မယ် "

အစ်ကိုဟူ၏မျက်နှာ တင်းမာသွားသည်။

" ယဲ့လူကြီးမင်း…”

" ဒီနေ့ ကျေနပ်လောက်တဲ့ ရှင်းပြချက်ကို မပေးနိုင်ဘူးဆိုရင် ကောင်းကျူမင်းကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြဖို့ တောင်းဆိုရမယ်။ ခင်ဗျားလူတွေက ငါ့ကို ဒုက္ခပေးဖို့ အကြိမ်ကြိမ် လာရှာတယ်။ ယဲ့ဖန်ဆိုတဲ့ ကျုပ်ကို သူ့မျက်လုံးထဲ ထည့်မထားဘူးလားဆိုတာ မေးရယ် "

ယဲ့ဖန်၏အမူအရာက အေးစက်နေပြီး ညှိနှိုင်းရန် အရိပ်အယောင် တစ်စက်မှ မရှိပေ။

အစ်ကိုဟူသည် ဒီနေ့ ယဲ့ဖန်၏ ဒေါသကို ကျေနပ်အောင် ရှင်းပြနိုင်မည်မဟုတ်ကြောင်းကို သိလေသည်။

ထို့ကြောင့် အံကြိတ်ရင်း လက်အောက်ငယ်သားတစ်ဦးထံမှ ဓားတစ်ချောင်းကို လုယူကာ လက်နှစ်ချောင်းကို ဖြတ်ပစ်ခဲ့သည်။

ချန်းရွှမ်နှင့် အခြားအမျိုးသမီးများသည် အော်ဟစ်ကာ တခြားနေရာသို့ အမြန်လှည့်သွားကြသည်။

အခြားသူများလည်း ထိတ်လန့်သွားကြသည်။

အစ်ကိုဟူသည် ဤမျှ ပြတ်ပြတ်သားသား လုပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

အစ်ကိုဟူ၏ မျက်နှာသည် ဖြူဖျော့နေပြီး နဖူးမှ ချွေးပေါက်ကြီးများ လိမ့်ကျလာသည်။

သူသည် နာကျင်မှုကို အံကြိတ်ခံပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီရှင်းပြချက်ကို ..... ကျေနပ်ပါရဲ့လား။ မကျေနပ်သေးရင် ကျွန်တော် နောက်ထပ်နှစ်ချောင်း ဖြတ်လိုက်ပါ့မယ် "

ထိုမှသာ ယဲ့ဖန် က ပြုံးပြလိုက်သည်။

" မဆိုးပါဘူး၊ ချောင်ရှင်းဂိုဏ်းက လူတွေက တကယ်ကို ရက်စက်ကြမ်းကြုတ်တာပဲ။ အခု သွားလို့ရပြီ။ ပြန်သွားပြီး ကောင်းကျူမင်းက မကျေနပ်ရင် သူကိုယ်တိုင် လာရှာလို့ရတယ်လို့ပြောလိုက်။ ငါ သူ့ကို အချိန်မရွေး စောင့်နေမယ် "

အစ်ကိုဟူသည် အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ၏ လက်အောက်ငယ်သားများနှင့်အတူ အမြန်ထွက်ခွာသွားခဲ့သည်။

ဆောင်းရာသီတွင် ပုစဉ်းရင်ကွဲများ ငြိမ်သက်သကဲ့သို့ ရှိနေသူအားလုံးသည် ယဲ့ဖန်ကို ကြည့်လျက် တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ယဲ့လူကြီးမင်းဆိုသူသည် ချောင်ရှင်းဂိုဏ်း၏ ကောင်းကျူမင်းကိုပင် အလေးအနက်မထားသည်မှာ သူတို့ မမျှော်လင့်ထားသောအရာဖြစ်ပေသည်။

သူက သေရတာကို ကြိုက်နေတာလား။ ဒါမှမဟုတ် မကြောက်တတ်တာလား။

ထိုအချိန်တွင် ဟွမ်ထင်းဟိုတယ်၏ သူဌေးက အချိန်မီရောက်လာပြီး အစ်ကိုဟူ သူ့လက်ချောင်းသူ လှီးဖြတ်လိုက်သည်ကို မြင်လိုက်သောအခါ သူ မူးမေ့လုမတတ် ဖြစ်သွားခဲ့ရသည်။

ဦးစွာ သူက ယဲ့ဖန်ကို တောင်းပန်ပြီး အခန်းခအားလုံးကို ပြန်ပေးလိုက်သည်။

ဟိုတယ်မန်နေဂျာနှင့် ဧည့်ကြိုကောင်မလေးတို့သည် ကြောက်လန့်နေကြသည်။

ဤလူငယ်လေးကို သူတို့၏ သူဌေးပင် ကြောက်လန့်ရိုသေနေရ၍ သူတို့ ကြောက်သည်ဆိုတာ မထူးဆန်းပေ။

သူတို့မှာ ဒီလိုရည်းစားလေးသာ ရှိမည်ဆိုလျှင် .....… သို့သော် ချန်းရွှမ်ကို ကြည့်လိုက်မိသည့်အခါ ထိုလက်တွေ့မကျသည့် စိတ်ကူးယဉ်မှုကို ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်ရသည်။

မထိုက်တန်ဘူးဆိုတာ သူတို့သိလေသည်။

" ကောင်းပြီ၊ သွားကြစို့။ နည်းနည်း အိပ်ငိုက်နေပြီ "

ယဲ့ဖန်သည် ထိုလူများနှင့် ရိုင်းစိုင်းစွာ ဆက်ပြောဆိုရန် စိတ်မ၀င်စားနိုင်ပေ။ သူ့လက်ကို ဝှေ့ယမ်းပြီး ချန်းရွှမ် ကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။

ထိုမှသာ လူတိုင်း သက်ပြင်းချနိုင်ကြသည်။

သူတို့သည် အလွန်ရှုပ်ထွေးသော အကြည့်များဖြင့် ထိုလူငယ်၏ ကျောကို ကြည့်နေကြသည်။

ဤလူငယ်လေးသည် သူတို့၏သား၊မြေးများနှင့် အသက်အရွယ်တူဖြစ်လေသည်။

ပြောရလျှင် အမှန်တကယ်ကို အံ့ဩစရာကောင်းလှသည်။

........................

နောက်တစ်နေ့မနက်တွင် ယဲ့ဖန် နိုးလာသောအခါ ချန်းရွှမ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရသည်။

ပြတင်းပေါက်မှတဆင့် နေရောင်က သူမအပေါ် ဖြာကျနေလျက် တောက်ပစေပြီး သူမ၏ နဂိုကတည်းမှ ဖြူစင်သော ခန္ဓာကိုယ်က ပို၍ ကြည်လင်မြင်သာစေသည်။

မနေ့ညမှ လုပ်ခဲ့သည့် ရူးသွပ်မှုများကို တွေးပြီး နောက်တစ်ကြိမ် ထပ်လုပ်ရန် စိတ်အားထက်သန်နေခဲ့သည်။

လုရှောင်ရ၊ ရှချူးနှင့် အခြားသူများ၏ ခြိမ်းခြောက်မှုကို သူမ ခံစားခဲ့ရသောကြောင့် မနေ့ညက အလွန်တက်ကြွနေတာဖြစ်နိုင်သည်။

ယခင်က သူမကို ခိုင်းစေခဲ့သော လှည့်ကွက်မျိုးစုံကို ကစားရန် သူမဘက်ကပင် အစပြုခဲ့သော်လည်း သူမဘက်မှ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခဲ့ပေ။

သို့သော် ယဲ့ဖန်အား ပျော်ရွှင်စေသည်။

သူတို့ တိုက်ပွဲအင်အားမှာလည်း အနည်းငယ်တိုးလာသည်။

သူတို့နှစ်ဦးသည် မနက်သုံးနာရီ၊ လေးနာရီအထိ တိုက်ပွဲဆင်နွှဲခဲ့ကြပြီးမှ အိပ်ပျော်သွားကြသည်။

သူ့ခါးပင် အနည်းငယ် နာကျင်ကိုက်ခဲမှုကို ခံစားရဆဲဖြစ်သည်။

ချန်းရွှမ်၏ ပြီးပြည့်စုံသော မျက်နှာလေးကို သနားစိတ်ဖြင့် ကြည့်ရင်း သူမမျက်နှာတွင် ကပ်နေသော ဆံပင်အနည်းငယ်ကို ဖယ်ပေးရန် သူ့လက်ကို ဆန့်လိုက်သည်။

ထိုအခါ ချန်းရွှမ်က နှုတ်ခမ်းစူလိုက်သည်။

" မရှုပ်နဲ့ "

အပြင်လူတွေရှေ့တွင် အမြဲအေးစက်စက်၊ ခပ်ခွာခွာဖြင့် နေတတ်သည့် အလှတရားလေးမှ ရုတ်တရတ် ဤကဲ့သို့ ညုတုတုစကားမျိုး ပြောလိုက်ခြင်းသည် သူ့ကို ချက်ချင်း ပြန်လည်နိုးထလာစေပြီး နတ်ဆိုး၏ ခြေစွယ်လက်စွယ်တွေကို ချက်ချင်း ဆန့်ထုတ်ချင်လာမိသည်။

ချန်းရွှမ် ချက်ချင်း လန့်နိုးလာသည်။ သူမသည် ယဲ့ဖန်၏ နတ်ဆိုးလက်များကို အမြန်ဆွဲယူလိုက်သည်။

" နင် ဘာလုပ်နေတာလဲ။ မနေ့ညက ငါ့ကို သေမတတ် နှိပ်စက်ပြီးပြီကို အခု လာထိရဲသေးတာလား "

ယဲ့ဖန်က သူမအပေါ်ကို မှီလိုက်သည်။

" အစ်မကို အရမ်းချစ်စရာကောင်းနေဖို့ ဘယ်သူက ပြောထားလို့လဲ။ ကျွန်တော်လည်း တကယ်ထိန်းချုပ်ချင်ပေမယ့် မလုပ်နိုင်ဘူး "

ချန်းရွှမ်သည် ကုတင်ပေါ်မှ အမြန်ခုန်ဆင်းကာ သူမ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ရန် စောင်ကို ဆွဲထုတ်လိုက်သည်။

" နင် မထိန်းနိုင်ရင်လည်း ကိုယ့်ဟာကိုယ် ဖြေရှင်းမှရမယ် "

ယဲ့ဖန်က စောင်ကို အမြန်ပြန်ဆွဲလိုက်သည်။

" အစ်မက မရက်စက်လို့ မရဘူးလား "

ချန်းရွှမ်သည် သူ့လက်ကို တွန်းဖယ်လိုက်သည်။

" ဝေ့ချန်းဖန်းဆီကမြေကို သိမ်းယူဖို့ ဆွေးနွေးရဦးမယ်။ နင်နဲ့ ကစားဖို့ အချိန်မရှိဘူး "

သူမက ပြောသည့်အတိုင်း ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ မဝင်ခင်မှာ လှည့်ကြည့်ဖို့ မမေ့ပေ။

" လူဆိုးကြီး၊ ဝင်လာမနေနဲ့ဦး "

ခဏကြာပြီးနောက် ရေချိုးခန်းထဲမှ ရေကျသံကို ကြားလိုက်ရသည်။

ယဲ့ဖန်က ချက်ချင်း ခေါင်းမော့လိုက်သည်။

လူဆိုးလို့ အပြောခံရပြီးမှ မဝင်ရင် နာမည်နဲ့ မထိုက်တန်ဘူး မဟုတ်လား။

အဲ့တာကိုတွေးပြီး ရေချိုးခန်းတံခါးကို ချက်ချင်းဖွင့်ကာ ဝင်လာခဲ့သည်။

" အား၊ နင့်ကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ။ မြန်မြန်ထွက်သွား ........ "

နာရီဝက်အကြာတွင် ချန်းရွှမ်သည် ရေချိုးခန်းထဲမှ အရင်ထွက်လာပြီး ရုံးအဝတ်အစား ပြင်ဆင်၀တ်လျက် ထွက်ခွာသွားခဲ့သည်။

ယဲ့ဖန်သည် စိတ်ဓာတ်ကျသော အမူအရာဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင် အနီရောင် ကုတ်ခြစ်ရာများ ရှိနေသည်။

ဤတိုက်ပွဲတွင် သူသည် ကြီးလေးသော အဖိုးအခကို ပေးဆောင်ခဲ့ရသည်။

ဥက္ကဌချန်းသည် မနေ့ညကလို ပူးပေါင်းဆောင်ရွက်သည့် သဘောထား မရှိတော့ဘဲ သူမ၏ နဂိုရှေးရိုးဆန်သော အသွင်အပြင်ဖြင့်သာ ဆက်ဆံခဲ့သည်။

အဲ့တာက သူ့ကို အနည်းငယ် မပျော်မရွှင်ဖြစ်စေသည်။

ယဲ့ဖန် ကုတင်ပေါ်တွင် လဲလျောင်းပြီး ခဏတာ အနားယူနေသည်။

သူ ဒီနေ့ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေသည်။

ထိုအချိန်တွင် ကျူးရှောင်ကျောင်းဆီမှ ရုတ်တရက် ဖုန်းဝင်လာသည်။

" ယဲ့ဖန်၊ နင့်အင်အားက ကြီးလှချည်လား။ ရီချန်းကျယ်ကို တကယ်ကြီး ထောင်ထဲပို့လိုက်တာလား "

" မင်းက အင်တာနက်ကို အခုမှ သုံးတတ်တဲ့ အဘိုးကြီးလား။ အခုမှ သတင်းရတာလား "

" မနေ့က ငါ့ကို အိမ်က ပိတ်လှောင်ထားတာ။ အခု သူတို့ ဂရုမစိုက်နေတုန်း ဒုတိယထပ်ကနေ ခုန်ချခဲ့တာ။ အဲ့တာကြောင့် အခုမှ နင့်အကြောင်းကြားတာ "

" မင်း ....... "

ယဲ့ဖန် အခု ဘာပြောရမည်မှန်းပင် မသိတော့ချေ။

ဒီမိန်းကလေး ရူးသွားတဲ့အခါ အရူးထောင်ကလူတွေပင် သူမကို ရှောင်ကြလိမ့်မည်။

" နင် ဘယ်လိုလုပ်လိုက်တာလဲ။ ငါ့ကို မြန်မြန်ပြော "

ကျူးရှောင်ကျောင်း စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

အပိုင်း ( ၆၂၄ )

ရှေးဟောင်းပစ္စည်းပြပွဲ

ယဲ့ဖန်သည် ဘာမှမတတ်နိုင်တော့ဘဲ မနေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောရတော့သည်။

ကျူးရှောင်ကျောင်းသည် ထိုစကားများကို ကြားပြီးနောက် သူမသည် ချက်ချင်းပင် ရင်ဘတ်ကိုဖိကာ ခြေထောက်ကိုလည်း ဆောင့်လိုက်သည်။

" ငါ တကယ်ကြီး ဒီလောက်ပျော်စရာကောင်းတာကို လွဲသွားခဲ့တာပဲ။ ငါ အရမ်းဒေါသထွက်နေတယ် "

ယဲ့ဖန် ထိုခံစားချက်ကို နားလည်နိုင်သည်။

သူမကဲ့သို့ အပျော်မက်တတ်သည့် တစ်စုံတစ်ယောက်အတွက် ဒီလို အမိုက်စား ပွဲမျိုးကို လက်မလွတ်ချင်မှာ သေချာလေသည်။

အချိန်အတော်ကြာပြီးနောက် မမလေးကျူးမှ အနည်းငယ်ငြိမ်သက်သွားသည်။

" မေ့လိုက်တော့၊ ငါစိတ်မဆိုးတော့ဘူး။ မြန်မြန်ပြော၊ ဒီနေ့ရော ဘာပျော်စရာရှိသေးလဲ "

ယဲ့ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်

" မမလေး၊ ကိုယ်က ရွေ့လျားနေတဲ့ ကစားကွင်းလို အပန်းဖြေဥယျာဉ် မဟုတ်ဘူး။ ဘယ်လိုလုပ် ပျော်စရာကောင်းတဲ့ ကိစ္စတွေကို အမြဲတမ်း လုပ်နေရမှာလဲ "

ကျူးရှောင်ကျောင်းက ဟွန်းခနဲ အသံပြုလိုက်သည်။

" ငါ ဂရုမစိုက်ဘူး။ နင် ငါ့ကို ပျော်စရာတစ်ခုခုရှာပေးရမယ်။ မဟုတ်ရင် ငါ နင့်ကို ခွင့်မလွှတ်ဘူး "

ယဲ့ဖန်သည် သူမအား လုံးဝ ရှုံးနိမ့်သွားခဲ့ရသည်။

ထို့နောက် ခေါင်းငုံ့ပြီး တွေးလိုက်ရာ မျက်လုံးများ တောက်ပလာလေသည်။

" ရုတ်တရက် တစ်ခုခုကို တွေးမိပေမယ့် မင်းစိတ်ဝင်စားပါ့မလား မသိဘူး "

" ဘာလဲ၊ မြန်မြန်ပြော "

" ဒီနေ့ ရှေးဟောင်းလမ်းမှာ ရှေးဟောင်းပစ္စည်း ပြပွဲကျင်းပနေတယ်လို့ ကြားတယ်။ ကိုယ်နဲ့ သွားကြည့်ဖို့ လာချင်လား "

" ရှေးဟောင်းပြပွဲလား။ ရှေးဟောင်းပစ္စည်းတွေအကြောင်းလည်း နင်က သိတာလား။ ဒါပေမယ့် ဘာကိစ္စရှိလို့လဲ "

" ထားလိုက်တော့။ ကိုယ့်ဘာသာ သွားလိုက်တော့မယ် "

" မဟုတ်ဘူး၊ ငါသွားတော့မယ်။ ငါ့ကို အခုပဲ လာခေါ်။ ငါက ....... "

ယဲ့ဖန် ဖုန်းကို ချလိုက်ပြီးနောက် သပ်သပ်ရပ်ရပ် အဝတ်အစားလဲကာ ထွက်သွားခဲ့သည်။

သူတို့ ချိန်းဆိုထားသည့်နေရာ၌ ကျူးရှောင်ကျောင်းကို သွားခေါ်ပြီးနောက် ရှေးဟောင်းလမ်းသို့ အတူတူသွားခဲ့သည်။

ကျူးရှောင်ကျောင်းသည် ရှေးဟောင်းပစ္စည်းများကို အစကတည်းမှ စိတ်မဝင်စားသောကြောင့် သွားသည့်တစ်လမ်းလုံး စိတ်အားထက်သန်မနေခဲ့ပေ။

သို့သော် ရှေးဟောင်းလမ်းပေါ်တွင် လူထူထပ်သော လူအုပ်ကြီးနှင့် ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ရှေးဟောင်းပန်းချီကားများကို သူမ မြင်လိုက်ရသောအခါ ချက်ချင်းပင် တက်ကြွလာသည်။

သူမသည် စူးစမ်းလိုစိတ်ရှိသော ကလေးတစ်ယောက်ကဲ့သို့ အရာရာတိုင်းကို စိတ်ဝင်တစား ကြည့်နေသည်။

" ဝိုး၊ ယဲ့ဖန် ဒီပန်းချီကားကိုကြည့်။ အရမ်းလှတယ် ...... "

" ဒီပုလင်းကိုလည်း ကြည့်ဦး။ အရမ်းလှတယ် မဟုတ်လား။ သူတို့ ဘယ်လိုလုပ်လိုက်တာလဲ ...... "

" အို ဘုရားရေ၊ ဒါက တကယ် အနှစ်တစ်ထောင်ရှိပြီလား။ အဘိုးရဲ့အဘိုးရဲ့အဖိုးက မမွေးသေးဘူးထင်တယ်…”

လမ်းသွားလမ်းလာများ၏ ထူးဆန်းတဲ့အကြည့်တွေကြောင့် ယဲ့ဖန် သူမအား ခေါ်လာရသည်ကို ရှက်လာမိသည်။

သူမပုံစံက အတော်ကို ရှက်စရာကောင်းလွန်းလှသည်။

သို့သော် ထိုအကြည့်များက အထင်အမြင်သေးမှုအပြည့်မဟုတ်ဘဲ အံ့သြမှင်သက်နေကြခြင်းဖြစ်သည်။

ကျူးရှောင်ကျောင်းကဲ့သို့ ငယ်ရွယ်ပြီး လှပသော မိန်းကလေးများသည် ရှေးဟောင်းပစ္စည်းများကို စိတ်မဝင်စားကြချေ။

ထိုအရာများသည် ခေတ်နောက်ကျလွန်းသည်ဟု ခံစားမိကြသောကြောင့် လူငယ်အများစုက ခေတ်ဆန်သော အရာများကိုသာ နှစ်သက်ကြသည်။

ရှေးဟောင်းလမ်းပေါ်တွင် ဤကဲ့သို့ လှပသောမိန်းကလေးကို မြင်ရသည်မှာ မြို့လယ်ခေါင်တွင် ပန်ဒါကြီးတစ်ကောင်ကို မြင်ရသလိုဖြစ်ပြီး အလွန်ရှားပါးလေသည်။

သူမနှင့် ရင်းနှီးလိုသော မကောင်းစိတ်ရှိနေသည့် ယောက်ျားများစွာလည်း ရှိနေခဲ့သည်။

သို့သော် ယဲ့ဖန်မှ သူတို့ကို စိုက်ကြည့်လိုက်သည့်အခါ ကြောက်လန့်သွားပြီး အဝေးကို ရှောင်ထွက်သွားကြသည်။

ရှေးဟောင်းလမ်းတွင် ယဲ့ဖန်၏ အစွမ်းကို မြင်ခဲ့သည့် လူအနည်းငယ်လည်းရှိသောကြောင့် သူ့ကိုမြင်သည့်အခါ ခြေထောက်တွေ အားနည်းသွားပြီး ကြောက်လန့်တကြား လှည့်ပြေးကြသည်။

သူတို့နှစ်ယောက် ဟိုဟိုဒီဒီ လမ်းလျှောက်နေကြစဉ် ယဲ့ဖန်သည် လူအုပ်ထဲမှာ ရင်းနှီးသည့် အသွင်အပြင်ကို ရုတ်တရက် တွေ့လိုက်ရပြီး ထူးဆန်းတဲ့ အပြုံးတစ်ခု သူ့မျက်နှာတွင် ချက်ချင်း ပေါ်လာသည်။

ဒီလူကို ဒီနေရာမှာတွေ့ဖို့ ယဲ့ဖန် မမျှော်လင့်ထားပေ။

တကယ့်ကို ကံကြမ္မာဖြစ်လေသည်။

ကျူးရှောင်ကျောင်းက သူ့အမူအရာကို သတိပြုမိပြီး ချက်ချင်း ယဲ့ဖန်အကြည့်သွားရာကို လိုက်ကြည့်လိုက်သည်။

အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဆိုင်တစ်ခုတွင် ထိုင်ကာ ပန်းချီကားတစ်ချပ်အား ငုံ့ကြည့်နေသည်ကို သူမတွေ့လိုက်ရသည်။

" ဘာလို့လဲ။ သူ့ကိုသိလို့လား "

" သူက အထက်တန်းကျောင်းတုန်းက ဒုကျောင်းအုပ် လီကောင်းဖု "

" အထက်တန်းကျောင်းအုပ်လား။ အဲ့တာဆို နင့်ရဲ့ဆရာ မဟုတ်ဘူးလား။ နင် သူ့ကို သွားနှုတ်ဆက်ချင်လို့လား "

" ဟားဟား ဆရာတဲ့လား။ ဒီစကားက သူနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ ဒီအဘိုးကြီးက ကျောင်းမှာ ရွံစရာတွေ အများကြီး လုပ်ခဲ့တာ။ လက်ဆောင်ပေးတဲ့ ကျောင်းသားတွေဆို အလေးပေးတယ်။ လက်ဆောင်ပေးဖို့ ပိုက်ဆံမရှိခဲ့တဲ့ ကိုယ့်လိုလူတွေကို လူမြင်ကွင်းထဲမှာ တစ်ကြိမ်၊ နှစ်ကြိမ်ထက်မကဘူး အရှက်ကွဲအောင် လုပ်ခဲ့တာ "

ကျူးရှောင်ကျောင်း အံ့သြသွားသည်။

" ဒီလို ဆရာမျိုး ရှိသေးတာလား "

သူမ၏အမြင်တွင် ဆရာများသည် အလင်းရောင်နှင့် တရားမျှတမှု၏ သင်္ကေတဖြစ်သည်။

ဤကဲ့သို့ ရွံ့ရှာစရာကောင်းသည့်အကျင့်နှင့် ဆရာအကြောင်း သူမ တစ်ခါမှ မကြားဖူးပေ။

ယဲ့ဖန်က သူမကို မော့ကြည့်လိုက်သည်။

" ဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ဆရာမျိုးနဲ့ မင်း တွေ့ဖူးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းချမ်းသာနေသမျှ မင်းကို သူ့လိုဆရာမျိုးက ရိုသေလေးစားပြီး အကာအကွယ်ပေးမယ့် 'လူကောင်း'တွေ ဝိုင်းရံနေလိမ့်မယ် "

ကျူးရှောင်ကျောင်းက သူ့ကို ပြန်စိုက်ကြည့်သည်။

" ချမ်းသာတဲ့သူတွေကို နင်က ဘာလို့ စိတ်ဆိုးနေတာလဲ။ နင်ကရော အခု မချမ်းသာလို့လား။ ပြီးတော့ နင်က ငါ့ထက်တောင် အများကြီး ပိုချမ်းသာသေးတယ်။ နင်ကမှ ယုတ်မာတဲ့ အရင်းရှင်ပဲ "

ယဲ့ဖန်သည် သူမကို မီးလောင်ရာလေပင့် မလုပ်ချင်သောကြောင့် စကားဆက်မပြောတော့ပေ။

ကျူးရှောင်ကျောင်းသည် သူမကို အရှုံးပေးသွားသည်ကို မြင်သောအခါ ကြည်နူးသွားသည်။

" အခု ငါတို့ ဘာလုပ်ကြမှာလဲ။ ငါတို့က သူ့ကို မသိသလိုဟန်ဆောင်ပြီး သူ့ကို ရှောင်ကြမှာလား "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာရှိနေသည်။

" ကိုယ်တို့ တွေ့ပြီးနေပြီဆိုမှတော့ ယဉ်ကျေးတဲ့သူအနေနဲ့ နှုတ်ဆက်သင့်တာပေါ့ "

ထိုသို့ပြောပြီးနောက် သူက ဦးဆောင်ကာ လီကောင်းဖုဆီသို့ လျှောက်သွားခဲ့သည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ အမူအရာမှ အခြေအနေမကောင်းသည်ကို သိလိုက်ရသည်။

သို့သော် သူမအနေဖြင့် ယဲ့ဖန် ဤကဲ့သို့ဖြစ်နေပုံကို သဘောကျလေသည်။

သူမ ချက်ချင်း ပြုံးလျက်ဖြင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။

ယဲ့ဖန်သည် ဟန်ဆောင် လမ်းလျှောက်သွားပြီး ပန်းချီကားတစ်ချပ်အား ကောက်ယူကြည့်ပြီးနောက် လီကောင်းဖု၏ ခြေထောကိကို 'မတော်တဆ' နင်းမိသွားသည်။

ယဲ့ဖန် ခပ်ကြမ်းကြမ်း နင်းချလိုက်သည်။

" အိုက်ယိုး ....... "

လီကောင်းဖုသည် ချက်ချင်း ထအော်လိုက်ပြီး သူ၏ အိုမင်းနေသောမျက်နှာထားက ပြောင်းလဲသွားသည်။

" မင်း မျက်လုံးကန်းနေတာလား ...... "

လီကောင်းဖုသည် ချက်ချင်းပင် ဒေါသထွက်ကာ ဆက်ပြီး ကျိန်ဆဲတော့မည့်အချိန်တွင် ယဲ့ဖန်က သူ့ခေါင်းကို လှည့်လိုက်သည်။

ယဲ့ဖန်သည် ခဏလောက် ထိတ်လန့်သွားပြီး မယုံကြည်နိုင်သည့် ပုံစံသရုပ်ဆောင်ကာ ကြည့်လိုက်သည်။

" ဒုကျောင်းအုပ်လီလား။ တကယ်ပဲ ဆရာလား "

လီကောင်းဖု၏ဒေါသသည် ချက်ချင်းရပ်တန့်သွားသည်။

သူက ယဲ့ဖန်ကို စိုက်ကြည့်နေလေသည်။

" မင်းက ...... "

ယဲ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

" ဒုကျောင်းအုပ်လီ၊ တကယ်ပဲ ဆရာလား။ ဆရာ့ကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး။ ကျွန်တော် အရမ်းဝမ်းသာမိပါတယ် "

သူ့၏ ဆုပ်ကိုင်မှုက အလွန်ပြင်းထန်သောကြောင့် လီကောင်းဖုသည် ချက်ချင်း လက်ကိုတောင့်ထားလိုက်ရသည်။

ကျူးရှောင်ကျောင်း ရယ်မိမတတ်ဖြစ်သွားသည်။

ဒီတစ်ယောက်က အရမ်းဆိုးလွန်းတာပဲ။

ဒုကျောင်းအုပ်ကြီးလီ၏လက်သည် သူ့ကြောင့် ကြေသွားနိုင်ချေရှိသည်။

" အတန်းဖော်လေး၊ မင်း ..... စိတ်မရှိပါနဲ့။ မင်းက ဘယ်သူလဲ "

လီကောင်းဖုသည် သူ့လက်ကို အမြန်ဆွဲလိုက်ပြီး ပွတ်လိုက်သည်။

ယဲ့ဖန်သည် သူ၏ 'ဟန်ဆောင်စိတ်လှုပ်ရှားနေသည့်' ပုံစံကို ငြိမ်သက်စေလိုက်သည်။

" တောင်းပန်ပါတယ် ဒုကျောင်းအုပ်လီ။ ခင်ဗျားကို ရုတ်တရက် တွေ့လိုက်ရတော့ နည်းနည်း စိတ်လှုပ်ရှားသွားတာ။ ကျွန်တော်က ဖန်းမြို့ အမှတ်(၂) အထက်တန်းကျောင်းက ကျောင်းသားပါ။ ကျွန်တော့်ကို မမှတ်မိဘူးလား။ ကျွန်တော့်နာမည်က ယဲ့ဖန် ပါ "

လီကောင်းဖုသည် အံ့ဩသွားသော အမူအရာ ပေါ်လာသည်။

" ယဲ့ဖန်လား "

Fan City အမှတ် (၂) အထက်တန်းကျောင်းမှ ကျောင်းပြီးသွားသော ကျောင်းသား အများအပြား နှစ်စဉ် ရှိလေသည်။

သူတို့ထဲက တစ်ယောက်ချင်းစီကို သူက ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ။

All Chapters