အပိုင်း ၆၂၅-၆၂၈
Vol. 32 Ch. 625-628
အပိုင်း ( ၆၂၅ )
ဘီလီယံနာလား။ ကြွားလုံးထုတ်ချင်ရင်လည်း ဇာတ်ညွှန်းတော့ ရေးတတ်ရမယ်။
ယဲ့ဖန်သည် သူ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို မြင်ပြီး ဆက်သတိပေးလိုက်သည်။
" မေ့သွားပြီလား။ အဲ့ဒီအချိန်တုန်းက ဆရာများနေ့ဆိုရင် လက်ဆောင်ပေးဖို့ ကျွန်တော်တို့ကို ပြောတယ်လေ။ ကျွန်တော်တို့ တစ်တန်းလုံး ဆရာ့ကို လက်ဆောင် ပေးကြပေမဲ့ ကျွန်တော်က မပေးတဲ့ တစ်ယောက်တည်းသောသူပဲ။ နောက်ကျ မနက်လေ့ကျင့်ခန်းလုပ်ရင်း စင်ပေါ်ကိုဆွဲတင်ပြီး ကျောင်းတစ်ကျောင်းလုံးရှေ့မှာ ဆဲဆိုကြိမ်းမောင်းခဲ့တာ ...... "
လီကောင်းဖုသည် ယဲ့ဖန်သတိပေးတာကို နားထောင်ပြီးနောက် ချက်ချင်း သတိရသွားသည်။
ထိုအဖြစ်အပျက်ကို သူ သေသေချာချာမှတ်မိလေသည်။ ကျောင်းမှ ကျောင်းသားအများထဲမှ ဒီတစ်ယောက်ထဲက သူ့ကို လက်ဆောင်မပေးခဲ့တာဖြစ်သည်။
လွန်ခဲ့တဲ့ သုံးနှစ်လုံး ဒီကလေးဆီက ဘာမှ မရခဲ့ချေ။
သို့သော်လည်း ယဲ့ဖန်သည် လွန်ခဲ့သည့်နှစ်အတွင်း အလွန်ပြောင်းလဲလာခဲ့သည်။
ယခင်က အာဟာရချို့တဲ့မှုကြောင့် အသားအရေညစ်ပြီး ပိန်လှီနေခဲ့ကာ အဝတ်အစားများမှာလည်း အလွန်ညစ်ပတ်နေခဲ့သည်။
ကြည့်ရသည်မှာ အလွန်စိတ်ပျက်ခြောက်ခြားစရာကောင်းလေသည်။
သို့သော် သူ့ရှေ့မှ လူငယ်လေးသည် အရပ်ရှည်ပြီး ချောမောကာ ထူးခြားသည့် ပုံစံရှိသည်။ ထို့အပြင် သူ၏ လှုပ်ရှားမှုတိုင်းသည် မြင့်မြတ်သော ကိုယ်ရောင်ဝါရှိလေသည်။
ထို့ကြောင့် ယဲ့ဖန်ကို မမှတ်မိလိုက်တာဖြစ်သည်။
ယဲ့ဖန်၏ သတိပေးသည်ကို နားထောင်ပြီးနောက် ရုပ်ပုံနှစ်ခုကို တဖြည်းဖြည်းချင်း ခေါင်းထဲတွင် ပုံဖော်ကြည့်လိုက်သည်။
" အိုး၊ အဲ့တာ မင်းပဲ။ မင်း အခု ချမ်းသာလာပြီလား "
လီကောင်းဖုသည် စကားပြောနေစဉ် ယဲ့ဖန်ဘေးမှ ကျူးရှောင်ကျောင်းကို မော့ကြည့်လိုက်သည်။
သူ့မျက်လုံးများသည် သူမမျက်နှာကို စိုက်မတတ် ကြည့်နေသည်။
ဒီကောင်မလေးက သူ့ရည်းစားလား။
အတော်လှတဲ့ကောင်မလေးပဲ မဟုတ်လား။
ယဲ့ဖန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" ကျောင်းအုပ်လီ၊ မနောက်ပါနဲ့။ ကျွန်တော်က ဒီနှစ်မှ ပထမနှစ်ပဲရှိသေးတာပါ။ ဘယ်လိုလုပ် ချမ်းသာနိုင်ဦးမှာလဲ "
လီကောင်းဖုသည် ယဲ့ဖန် ဝတ်စားဆင်ယင်ထားပြီး စကားပြောကောင်းသည်ကို မြင်သောအခါ ရုတ်တရက် ချမ်းသာသွားသည်ဟု ထင်ခဲ့သည်။
ယဲ့ဖန်ကို ပိုပြီး အလေးပေးလာသော်လည်း ထိုစကားကို ကြားပြီးနောက် သူ့မျက်နှာက ပြန်မည်းမှောင်သွားသည်။
ဟုတ်တယ်၊ ပထမနှစ်ကျောင်းသားက ဘယ်လိုလုပ် ချမ်းသာနိုင်ဦးမှာလဲ။
ဒီဆင်းရဲသားကောင်လေးက ရုပ်လေးချောတာနဲ့ ဟိုကောင်မလေးက ချမ်းသာလို့ ကပ်နေတာ ဖြစ်နိုင်တယ်မလား။
ထိုအချက်ကို တွေးကြည့်ပြီး ထိုဆရာက ပိုလို့ပင် အထင်သေးသွားသည်။
" ကျောင်းသား ယဲ့ဖန်၊ ဟိုတုန်းက မင်းကို ငါ ဘာသင်ပေးခဲ့လဲ။ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ မင်းမှာ ကျောရိုးမရှိသလိုနဲ့ မိန်းမတစ်ယောက်ဆီက ပိုက်ဆံကို ကပ်ပြီးဖြုန်းနေရင် မင်းက ငါ့ကျောင်းသားလို့ မပြောနဲ့ "
သူသည် ဖြောင့်မတ်သော အမူအရာဖြင့် ယဲ့ဖန်အား သင်ခန်းစာပေးတော့သည်။
ထိုအသံသည် တမင်တကာ အတော်လေးကျယ်ထားသောကြောင့် လမ်းပေါ်ရှိလူများ၏ အာရုံက သူတို့ဆီ ရောက်လာသည်။
အားလုံးက အခြေအနေကို နားမလည်ဘဲ စပ်စုပြီး ကြည့်နေကြသည်။
" ဘာတွေဖြစ်နေတာလဲ။ မိန်းမနားကပ်ပြီးစားတယ်ဆိုတာ ဘာကို ပြောနေတာလဲ "
" မင်း နားမလည်ဘူးလား။ ဆရာတစ်ယောက်က လမ်းပေါ်မှာ မိန်းကလေးတစ်ယောက်ကို ကပ်ပြီးစားသောက်နေတဲ့ တပည့်တစ်ယောက်ကို မြင်ပြီး သင်ခန်းစာပေးနေတာ "
" ဒီလူငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုလုပ်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက တကယ် ရွံစရာပဲ "
" ဒီဆရာက အတော်လေး တော်တယ်။ ဒီလို မကောင်းတဲ့စိတ်ရှိနေတဲ့ ကျောင်းသားကို တည့်သင်ခန်းစာပေးသင့်တယ် "
" အခုခေတ်မှာ ဒီလို ဆရာကောင်းက ရှားနေပြီ။ ဒီလို တာဝန်ယူမှုရှိပြီး ဖြောင့်မတ်တဲ့ဆရာရဲ့ လမ်းပြမှုကို လိုက်နိုင်တဲ့ကျောင်းသားတွေက တကယ်ကံကောင်းမှာပဲ "
" ဒီဆရာက ဘယ်ကျောင်းကလဲ သိလား။ ငါ့သားကို လိုက်ပို့ပေးချင်တယ် ........ "
ယဲ့ဖန်သည် သူ့ကို လူတိုင်းက အပြစ်တင် လက်ညှိုးထိုး ပြောနေသည်ကို ကြားလိုက်ရသည်။ ထိုအခါ သူ့မျက်လုံးအကြည့်တွေ ချက်ချင်း စူးရှသွားသည်။
ဒီအဘိုးကြီးက တော်တော် စက်ဆုပ်စရာကောင်းတာပဲ။
အဲ့ဒီတုန်းက သူ့ကို လက်ဆောင်မပေးလို့ အခုထိ လူသိရှင်ကြား အရှက်ခွဲနေတာလား။
သူ့'ရည်းစား'ရှေ့မှာ ခေါင်းမထောင်နိုင်အောင် လုပ်နေသေးတယ်။
ဘေးမှာရပ်နေသည့် ကျူးရှောင်ကျောင်းသည် နောက်ဆုံးတွင် မျက်လုံးပြူးသွားရသည်။
ယဲ့ဖန်သည် ဤလူကို မည်မျှ ရွံရှာဖွယ်ကောင်းကြောင်း ပြောတုန်းက သူမ အနည်းငယ် သံသယဖြစ်မိခဲ့သည်။
သူသည် ကျောင်းဆရာတစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့စိတ်ဓာတ် မရှိလောက်ဘူးဟု သူမ ခံစားမိခဲ့သည်။
သို့သော် အခု ထိုလူမှ ယဲ့ဖန်အား လူတိုင်းရှေ့တွင် အရှက်ခွဲနေသည်ကို သူမ မြင်လိုက်သည့်အခါ နောက်ဆုံးတွင် ဆရာတစ်ယောက်အနေဖြင့် ဤကဲ့သို့ စာရိတ္တပျက်ပြားနိုင်သည်ဆိုတာကို သူမ သိလိုက်ရသည်။
" ရှင် ဘာတွေ လာပြောနေတာလဲ။ ယဲ့ဖန်က ဘယ်ကောင်မလေးနားမှ ကပ်မသားဘဲ လက်ရှိအောင်မြင်မှုတွေရဖို့ သူ့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုကိုပဲ အားကိုးခဲ့တာ။ ရှင်က ဘာသိလို့ သူ့ကို ဆဲဆိုနေရတာလဲ "
သူမသည် ယဲ့ဖန်အတွက် မကျေမနပ်ဖြင့် ရပ်တည်ပြောလိုက်သည်။
လီကောင်းဖုက ရယ်မောလိုက်သည်။
" မင်း သူ့အတွက် ကံစမ်းစရာ မလိုပါဘူး။ သူ့ဆရာတစ်ယောက်အနေနဲ့ သူ ဘာတတ်နိုင်လဲဆိုတာ မသိဘူးလို့ ထင်နေလား။ သူ့လိုကောင်က ဘာအောင်မြင်မှုတွေ ရှိနိုင်မှာမလို့လဲ "
ကျူးရှောင်ကျောင်းက ချက်ချင်းပြန်ပြောသည်။
" ယဲ့ဖန်က အောက်ခြေကနေစပြီး အခုဆို ပိုင်ဆိုင်မှု ၁၀ ဘီလီယံကျော်ရှိနေပြီ။ ဒါကရော အောင်မြင်မှုပဲ မဟုတ်လား "
ထိုစကားကို ယဲ့ဖန် ကြားသောအခါ ချက်ချင်း သူမကို လှည့်ကြည့်လိုက်သည်။
သူသည် သူ့သရုပ်မှန်နှင့် ပိုင်ဆိုင်မှုများအကြောင်းကို အရင်က သူမအား မပြောပြခဲ့ဖူးပေ။
သူမက သူ့ကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့တာ ဖြစ်နိုင်သည်။
ကျူးရှောင်ကျောင်းသည်လည်း ယဲ့ဖန်မပြောပြဘဲ သူမ သိထားသည့်ကိစ္စကို ထုတ်ပြောမိလိုက်ကြောင်း သိလိုက်ရပြီး မျက်နှာနီမြန်းသွားသည်။
သူတို့နှစ်ဦးသည် ပင်းဟိုင်မြို့တွင် နှုတ်ဆက်ပြီးနောက် ယဲ့ဖန်၏ နောက်ခံအကြောင်းကို စုံစမ်းရန် တစ်စုံတစ်ဦးကို သူမ တောင်းဆိုခဲ့သည်။
ယဲ့ဖန်သည် အောက်ခြေမှ စတင်ကာ အသားတင်အမြတ်ငွေ ၁၀ ဘီလီယံကျော်အား တစ်နှစ်မပြည့်ခင်မှာပင် ပိုင်ဆိုင်ခဲ့သည်ကို သူမ သိလိုက်ရသောအခါ အတော်လေး ထိတ်လန့်သွားခဲ့ရသည်။
ထိုသို့သော စီးပွားရေး အံ့ဖွယ်ကိစ္စမျိုးသည် ကြားဖူးနားဝရှိသောကိစ္စမျိုး မဟုတ်ချေ။
ထို့ကြောင့် သူမ ယဲ့ဖန်ကို ပို၍ပင် သိချင်လာသည်။
စိတ်အားထက်သန်နေခဲ့သည့် အချိန်ဖြစ်၍ သူမ လျှို့ဝှက်စုံစမ်းခဲ့သည့်ကိစ္စကို မေ့ပြီး အားလုံးကို ပြောမိလိုက်သည်။
လီကောင်းဖုကတော့ သူတို့နှစ်ယောက် ဘာတွေတွေးနေလဲဆိုတာ မသိချေ။
ကျူးရှောင်ကျောင်း၏ စကားကို ပထမဆုံးကြားလိုက်ရသောအခါ အံ့အားသင့်သွားသည်။
သို့သော် ချက်ချင်း နီရဲလာသော သူမ၏ မျက်နှာကို မြင်လိုက်ရသောအခါ စိတ်တစ်မျိုးပြောင်းသွားခဲ့သည်။
" ဟားဟား၊ သူမ လိမ်နေတာ သိသာပါတယ်။ မျက်နှာက နီရဲနေပြီ။ အောက်ခြေကနေ စပြီး ဘီလီယံနဲ့ချီ ချမ်းသာတာတဲ့လား။ ဘယ်လို ကြွားရလဲဆိုတာရော သိလား။ ၁၀ ဘီလီယံမကဘူးဆိုတာ ဘယ်လောက်ပမာဏမှတ်နေလို့လဲ "
ပွဲကြည့်နေသူအကုန်လုံးကလည် ရယ်မောကြသည်။
" ဒီကောင်မလေးက တကယ်ကို ချစ်စရာကောင်းလွန်းတယ်။ လိမ်နေတဲ့အချိန်တောင် ဘယ်လိုရှက်ရမလဲဆိုတာကို သိတယ်လား "
" ဘီလီယံချီတဲ့ငွေတွေ တကယ်သာရှိရင် ဘာလို့ ဒီနေရာကို လာနေမှာလဲ "
" ဘယ်သူ့ကို လာလိမ်နေတာလဲ။ ဒီလောက် ငယ်ငယ်လေးနဲ့ အောက်ခြေကစပြီး ၁၀ ဘီလီယံမက ချမ်းသာနေပြီတဲ့လား "
" ဒါက ငါတို့အတွေ့အကြုံကို စော်ကားနေတာပဲ။ သူ့မှာ တစ်သန်းရှိရင်ကို ငါ ချက်ချင်းမစင်စားပြလိုက်မယ် "
ကျူးရှောင်ကျောင်းသည် လူတိုင်း၏ သံသယစကားများကို ကြားသောအခါ ထိတ်လန့်သွားသည်။
" ကျွန်မ အမှန်အတိုင်းပြောနေတာ။ ဘာလို့ မယုံတာလဲ "
လီကောင်းဖုသည် ချက်ချင်း ခေါင်းယမ်းကာ ပြုံးလိုက်သည်။
" ဒီကလေးက မင်းကို ဒါတွေအကုန် ပြောပြတာ ဟုတ်တယ်မလား။ မိန်းကလေး၊ မင်း လှည့်စားခံရပြီ "
ကျူးရှောင်ကျောင်းအနည်းငယ် အံ့အားသင့်သွားသည်။
" အလိမ်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ "
လီကောင်းဖုသည် ယဲ့ဖန်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
" ငါက သူ့ဆရာပဲ။ ငါ သူ့ကို မသိဘူးလို့ မင်းထင်နေတာလား။ သူ့မိသားစုက အရမ်းဆင်းရဲတယ်။ သူ့အသက် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်အထိ ဖာထေးထားတဲ့ အဝတ်အစားတွေကိုပဲ ၀တ်ရတာ။ သူ့ရဲ့ အတွင်းကိစ္စတွေကို မင်း ရှင်းရှင်းလင်းလင်း မြင်ရမယ်။ သူ့စကားတွေကြောင့်နဲ့ လှည့်စားမခံပါနဲ့ "
အပိုင်း ( ၆၂၆ )
အဲ့လို မရိုးသားတဲ့ နည်းနဲ့ ငါ့ကို အသရေမဖျက်နဲ့
ကျူးရှောင်ကျောင်းသည် လီကောင်းဖုမှ ယဲ့ဖန်အား ရိုင်းစိုင်းစွာ သမုတ်ပြောဆိုသောစကားကို ကြားသောအခါ သူမ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" ဆင်းရဲသားတွေကို အနိုင်ကျင့်မနေပါနဲ့။ သူ့မိသားစုနောက်ခံက အရင်တုန်းက မကောင်းပေမယ့် အခုချိန်မှာ ပိုက်ဆံတွေ အများကြီးရနေပြီ။ စီးပွားရေးလောကမှာရှိတဲ့ သူဌေးတော်တော်များများကတောင် သူ့ကို အရမ်းလေးစားကြရတယ် ....... "
လီကောင်းဖုသည် သူမစကားကို ပြီးအောင် မစောင့်ဘဲ သူက ယဲ့ဖန်ကို ခက်ထန်စွာ ကြည့်နေပြန်သည်။
" ယဲ့ဖန်၊ မင်းအရင်တုန်းက ဒီမိန်းကလေးကို ကပ်ပြီးစားနေတယ်လို့ ငါထင်ခဲ့တာ။ မင်းကို ဒီလောက် ရွံစရာကောင်းနေမယ်လို့ ငါ မထင်ထားဘူး။ မင်း တကယ်ပဲ ဒီကောင်မလေးကို လိမ်ခဲ့တာလား။ မင်းမှာ အသိတရားရှိသေးရင် ဒီကောင်မလေးကို ရှင်းပြလိုက်။ မဟုတ်ရင် မင်းကို ဖမ်းဖို့ ရဲခေါ်လိုက်မယ် "
ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများလည်း ဒေါသဖြစ်စပြုလာသည်။
" ဟုတ်တယ်။ ဒီလိုလူက ယုတ်မာလွန်းတယ်။ ဒီကောင်မလေးကို သေချာ ရှင်းပြရမယ်။ သူမကို ဆက်ပြီး လှည့်စားခွင့် မပေးနိုင်ဘူး "
" တရားမျှတမှုရှိပြီး သူ့ရဲ့ ညစ်ပတ်တဲ့ကိစ္စတွေကို ထုတ်ဖော်ပေးတဲ့ ဒီဆရာမျိုးက ရှိနေတုန်းပဲ "
" ဆင်းရဲတာ ရှက်စရာမဟုတ်ဘူး။ ရှက်စရာကောင်းတာက ချမ်းသာချင်ယောင်ဆောင်ပြီး မသိနားမလည်တဲ့ မိန်းကလေးငယ်တွေကို လှည့်စားနေတာပဲ။ သူလိမ်တာကို မခံပါနဲ့ "
" ရဲကိုခေါ်လိုက်။ ဒီလိုလူကို တန်ကြေးရှိအောင် သင်ခန်းစာပေးရမှာပေါ့ ...... "
ကျူးရှောင်ကျောင်းသည် အလွန်ဖြောင့်မတ်စွာ ပြုမူနေကြသော လူတစ်စုကို ကြည့်ကာ သူမ၏ စိတ်ထဲတွင် ကျိန်ဆဲချင်နေခဲ့သည်။
ဒီလူတွေက သူတို့ ယုံချင်တာကိုပဲ ယုံတာ။ ဘယ်လောက်ပြောပြော နားဝင်မှာ မဟုတ်ဘူး။
ယဲ့ဖန်က သူမကို စိတ်တည်ငြိမ်စေရန် မျက်လုံးမှိတ်ပြလိုက်ပြီး လီကောင်းဖုကို လှည့်ကြည့်လိုက်သည်။
" ဆရာလီ၊ ကျောင်းတက်တုန်းက အိမ်က ဈေးမတတ်နိုင်လို့ သင့်တော်တဲ့ လက်ဆောင်တွေ မပေးနိုင်ခဲ့ဘူး။ ဒီနေ့ တွေ့မှတော့ ပန်းချီလက်ဆောင် ဝယ်ပေးရမလား "
ယဲ့ဖန်သည် ပြောနေရင်း လှည့်ပြီး ပန်းချီရွေးရန် ဆိုင်ခန်းထဲသို့ ဝင်ထိုင်လိုက်သည်။
လီကောင်းဖုသည် သူ့စကားကို ကြားလိုက်သောအခါ အကြီးအကျယ် စော်ကားခံလိုက်ရသလိုဖြစ်သွားသည်။
" ယဲ့ဖန်၊ မင်း ငါ့ကို ဘယ်သူလို့ထင်နေလဲ။ ငါက နှစ်ပေါင်းများစွာ ဒုကျောင်းအုပ်ဖြစ်ခဲ့ပြီးတော့ အမြဲတမ်း ဖြောင့်ဖြောင့်မတ်မတ်နေခဲ့တာ။ ကျောင်းသားတွေဆီက လက်ဆောင်တွေကို ဘယ်တုန်းက လက်ခံဖူးလို့လဲ။ ငါ့ကို သရေဖျက်ဖို့ ဒီလို နည်းလမ်းမျိုး လာမသုံးနဲ့။ ငါ ဒါကို လုံး၀ ငြိမ်ခံနေမှာမဟုတ်ဘူး "
အမှန်ပင် သူသည် ကျောင်းဆရာတစ်ယောက်အနေဖြင့် စာရိတ္တပျက်ပြားသည့်ကိစ္စများကို လက်မရှောင်ဖူးသော်လည်း စိတ်ထဲတွင်သာ ထားလိုက်သည်။
ပထမအနေဖြင့် ယဲ့ဖန်သည် ဆင်းရဲသောကြောင့် သူ့ကို လက်ဆောင် ပေးလျှင်ပင် အဖိုးတန်မည့်အရာ မဖြစ်နိုင်ချေ။
ထို့အပြင် ဤဆိုင်ထဲရှိ ပန်းချီကားများသည် အားလုံးနီးပါး အတုဖြစ်သည်က နောက်တစ်ချက်ဖြစ်ပြီး တစ်ခုကမှ တန်ဖိုးမရှိချေ။
ဤကဲ့သို့ တန်ဖိုးမရှိသောလက်ဆောင်ကို လက်ခံမည့်အစား ဖြောင့်မတ်စွာ ငြင်းပယ်ပြီး လက်ခုပ်သံအချို့ကို ရယူခြင်းက ပိုကောင်းလေသည်။
သူ့စကားများ အစွမ်းထက်လွန်းလို့၍ သူ့ပတ်ဝန်းကျင်မှ လူတွေ၏ လက်ခုပ်သံကို ချက်ချင်း ကြားလိုက်ရသည်။
" ဒီလို ဖြောင့်မတ်ပြီး ရိုးသားတဲ့ ဆရာဆိုတာ ဒီဘက်ခေတ်မှာ တကယ်ကို ရှားနေပြီ "
" ဟူး၊ သနားစရာကောင်းလိုက်တာ။ ဒီလိုဆရာကောင်းတစ်ယောက်ကတောင် ဒီကလေးလိုလူတွေကို လမ်းမပြနိုင်ဘူး။ သူက မကောင်းတဲ့ကိစ္စတွေကိုပဲ လုပ်နေတယ် "
" ဟုတ်တယ်။ သူက ဆရာကို လူမြင်ကွင်းမှာ လက်ဆောင်ပေးပြီး လာဘ်ထိုးချင်နေသေးတယ်။ ဒီလိုလူတွေကြောင့် လူမှုအသိုက်အဝန်းက ယိုယွင်းနေတာ "
" သူသာ ငါ့သားဆိုရင် ငါ သူ့ကို လည်ပင်းညှစ်သတ်မိလောက်တယ် "
ယဲ့ဖန်သည် ထိုလူများ၏ ဆွေးနွေးမှုများကြောင့် မတုန်လှုပ်သွားပေ။
ဆိုင်ထဲမှ ရှုခင်းပန်းချီကားတစ်ချပ်ကို ကောက်ကိုင်လိုက်သည်။
" သူဌေး၊ ဒီပန်းချီကားက ဘယ်လောက်လဲ "
သူဌေးက သူ့ကို မျက်လုံးထောင့်ကနေသာ ကြည့်လိုက်သည်။
" နှစ်သောင်း။ အလျှော့အတင်းမရှိဘူး "
ယဲ့ဖန်သည် ဘာမှမပြောဘဲ သူ့ကတ်ဖြင့် တန်းငွေချေပေးလိုက်သည်။
လီကောင်းဖုသည် ယဲ့ဖန်၏ လုပ်ရပ်ကို မြင်သောအခါ ချက်ချင်း ရယ်မောလိုက်သည်။
" တကယ်ကို ကျူးပါကျဲက မျက်မှန်တပ်ပြီး တက္ကသိုလ်ကျောင်းသားလို ဟန်ဆောင်နေတာပဲ။ လက်ရေးလှဆိုတာ ဘာလဲရော သိလား။ ပြီးတော့ ဒီပန်းချီကားက အတုမှန်း သိသာတယ်။ ယွမ် ၂သောင်းမပြောနဲ့ ယွမ် ၂၀၀နဲ့တောင် မတန်ဘူး "
ပတ်ဝန်းကျင်မှ လူတွေကလည်း ရယ်မောကြသည်။
ယဲ့ဖန်သည် ဝယ်ယူနေစဉ် သေသေချာချာပင် မကြည့်ခဲ့ချေ။
သူသည် ပန်းချီကားတစ်ချပ်ကို ဆိုင်ခန်းထဲမှ တစ်ခါတည်း တန်းကောက်ကိုင်ရွေးချယ်ခဲ့ပြီး ပိုင်ရှင်ပြောသည့် စျေးနှုန်းအတိုင်း ဈေးမဆစ်ဘဲ ဝယ်ယူခဲ့သည်။
ယဲ့ဖန်၏ လုပ်ရပ်များအားလုံးသည် အပျော်တန်းသမားပုံစံ အလွန်ပေါက်လေသည်။
ထို့ကြောင့် သူတို့၏အမြင်တွင် ဤကလေးသည် ငွေအမြောက်အမြားရှိသော အရူးအဖြစ် ရှိနေသည်။
ဆိုင်ပိုင်ရှင်သည်ပင် ယဲ့ဖန်ကို စိတ်ထဲမှ လှောင်ရယ်မောလိုက်သည်။
သူသည် ဤလက်ရေးလှနှင့် ပန်းချီကားများအားလုံးကို စွန့်ပစ်ဆိုင်မှ တစ်ချပ်လျှင် ယွမ် (၂)ယွမ်နှုန်းဖြင့် ဝယ်ယူခဲ့သည်။ 'ယွမ်၂သောင်း'ဟူသည့်ဈေးသည် အခုပင် စိတ်ထဲရှိသလို အော်လိုက်သည့်ဈေး ဖြစ်လေသည်။
သူသည် တစ်ဖက်လူမှ ဈေးဆစ်လာမည်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ ယွမ် ၂၀၀ ဆိုလျှင်တောင် ရောင်းမည်ဖြစ်သည်။
ဈေးမစစ်ဘဲ ယွမ် ၂သောင်းဖြင့်ဝယ်မည့် အရူးနှင့် တိုးမည်ဟု ဆိုင်ရှင်လည်း မထင်ထားပေ။
အရူးတစ်ယောက်ဆီက ပိုက်ဆံရှာရသည်မှာ အင်မတန်လွယ်ကူလှလေသည်။
ယဲ့ဖန်၏ 'မိုက်မဲသော'အပြုအမူကို လူတိုင်းမှ ရယ်မောနေကြစဉ် ကျူးရှောင်ကျောင်းမှ ရုတ်တရက် အံ့အားသင့်စွာ အော်ပြောလိုက်သည်။ သူမသည် ရှေ့ကို အမြန်လျှောက်လာပြီး ရှုခင်းပန်းချီကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
" ဒီပန်းချီကား ....... ဒါက ချန်းရီနန်ရဲ့ လက်ရာအစစ်ဖြစ်မယ် ထင်တယ် "
ထိုသို့ပြောရင်း ယဲ့ဖန်အား ထိတ်လန့်စွာ ကြည့်လိုက်သည်။
သူမမိသားစုဆီမှ ဗဟုသုတတွေ အများကြီးရခဲ့ဖူးသည့်အတွက် ဒီပန်းချီကားများအကြောင်းကို တတ်ကျွမ်းခဲ့လေသည်။
ယဲ့ဖန်သည် ချန်းရီနန်၏ လက်ရာအစစ်ကို တကယ် ရွေးချယ်နိုင်ခဲ့ခြင်းက သူမကို အံ့အားသင့်စေခဲ့သည်။
ချန်းရီနန်သည် အလွန်နှိမ့်ချတတ်ပြီး သူ၏ဂုဏ်သတင်းကို မသိရပေ။
ရှေးဟောင်းပစ္စည်းများအကြောင်းအား အချိန်အတော်ကြာအောင် မလေ့လာခဲ့ဘူးဆိုလျှင် သူ့အကြောင်းကို ကြားဖူးရန် မဖြစ်နိုင်ချေ။
ယဲ့ဖန်က ခန့်မှန်းနေတာလား။ ဒါမှမဟုတ် သူက ရှေးဟောင်းပစ္စည်းအကြောင်းတွေကို တကယ်သိတာလား။
လီကောင်းဖုသည် ယခင်က ချန်းရီနန်၏နာမည်ကို မကြားခဲ့ဖူးသောကြောင့် ချက်ချင်း လှောင်ပြောင်လိုက်သည်။
" ဒီမှာ ကလေးမလေး မင်း သူ့ကို လူမြင်ကောင်းအောင် ကူပြောပေးနေတာလား။ မင်းက တကယ်ခေါင်းမာတာပဲ။ ချန်းရီနန်က ဘယ်သူလဲ။ ငါ လက်ရေးလှ၊ ပန်းချီလောကမှာ ရှိလာတာ ဆယ်နှစ်ကျော်ပြီ။ ဒီနာမည်ကို ဘာလို့ မကြားဖူးတာလဲ။ မင်း လုပ်ကြံပြောနေတာလား "
ကျူးရှောင်ကျောင်းက သူ့ကို စိုက်ကြည့်နေသည်။
" ရှင် သူ့အကြောင်း မကြားဖူးလို့သာ ရှင်က မသိတာ။ ချန်းရီနန်က အနုပညာရှင်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပေမဲ့ သူက အမြဲတမ်း သရုပ်မှန်ကို ကြွားဝါမနေဘဲ ထိန်းထိန်းသိမ်းသိမ်းနေတတ်တော့ သူ့မျက်နှာကို လူသိရှင်ကြားမပြဘူး။ ရှင်က လက်ရေးလှရေးနဲ့ ပန်းချီတွေကို ဆယ်နှစ်ကျော် လေ့လာခဲ့တယ်ဆိုပေမဲ့ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူးလို့ ရှင် ပြောတယ်မလား။ ကြည့်ရတာ ရှင်က ခွေးလောက်တောင် မလေ့လာတတ်ဘူးထင်တယ် "
ပတ်ဝန်းကျင်မှ လူတွေကလည်း ရယ်ကြသည်။
ဒီကလေးမလေးရဲ့ ပါးစပ်က နည်းနည်းတော့ ကြမ်းတာပဲ။
လီကောင်းဖုသည် အရှက်ကွဲမှုကြောင့် ဒေါသတကြီး ဖြစ်သွားသည် ။
" ဘယ်အနုပညာရှင်အသင်းလဲ။ တောကြက်အသင်းတစ်ခုပဲ မဟုတ်လား။ အဲ့လိုလူ ရှိခဲ့ရင်တောင် သူက တတိယအဆင့် ပန်းချီဆရာတစ်ယောက်ပဲ ဖြစ်နိုင်တယ်။ သူ့လက်ရာတွေက ဘယ်လိုလုပ် တန်ဖိုးရှိနိုင်မှာလဲ "
သူစကားပြောပြီးသည်နှင့် ရုတ်တရက် လူအုပ်ကြီးထံမှ အသံတစ်ခုကို ကြားလိုက်ရသည်။
" ချန်းရီနန်က တတိယအဆင့် ပန်းချီဆရာလို့ ဘယ်သူပြောတာလဲ။ မင်း လျှာကို အဖြတ်ခံရမှာ မကြောက်ဘူးလား "
အားလုံးက လှည့်ကြည့်လိုက်သည့်အခါ စိတ်အားထက်သန်စွာဖြင့် လမ်းလျှောက်လာသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။
သူ၏ လှုပ်ရှားမှုတိုင်းသည် သန့်စင်သော ကိုယ်ရောင်ဝါများဖြင့် လွှမ်းခြုံထားသည်။
လီကောင်းဖုသည် သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။
ဒီကောင် ယဲ့ဖန်က သူနဲ့ အတူတူ လိုက်ပြီးသရုပ်ဆောင်ဖို့ ငှားလိုက်တာ ဖြစ်နေမလား။
အဘိုးအိုက မုတ်ဆိတ်ဖြူဖြူကို ပွတ်သပ်လိုက်သည်။
" ဒီအဘိုးကြီးက လင်းကန်အိမ်ရာပိုင်ရှင် ရွှယ်ပု မဟုတ်လား "
လီကောင်းဖုသည် ချက်ချင်း လှောင်ပြောင်လိုက်သည်။
" ဘယ် လင်းကန်အိမ်ရာလဲ တစ်ခါမှ မကြားဖူးဘူး "
ထိုစကားကို ပြောပြီးတာနဲ့ ချက်ချင်း အထင်သေးသည့်အမူအရာကို ထုတ်ပြလိုက်သည်။
ထိုအခါ အားလုံးက သူ့ကို ထူးဆန်းစွာ ကြည့်နေကြသည်။
အပိုင်း ( ၆၂၇ )
နှလုံးနာလွန်းလို့ အသက်မရှုနိုင်ဘူး
" မဖြစ်နိုင်ဘူး။ ခင်ဗျား လင်းကန်အိမ်ရာအကြောင်းတောင် မကြားဖူးဘူးလား။ အဲ့တာကိုများ ဆယ်နှစ်ကျော် ရှေးဟောင်းပစ္စည်းတွေ လေ့လာဖူးတယ်လို့ ပြောရဲသေးတယ် "
" လင်းကန်အိမ်ရာက ဒီရှေးဟောင်းလမ်းမှာ အကျော်ကြားဆုံး ရှေးဟောင်းပစ္စည်းဆိုင်ပဲ။ မကြားဘူးတဲ့သူ ဘယ်သူမှ မရှိဘူး "
" ဟူး၊ ဒီဆရာလီက လူကောင်းတစ်ယောက်လို့ ထင်ခဲ့တာ။ သူ့ကို ဒီလောက်တောင် ဥာဏ်မမီဘူးလို့ ငါ မထင်ထားဘူး "
" သူဌေးရွှယ်က ပြောမှတော့ အဲ့ဒီပန်းချီဆရာက တကယ်ရှိတာ ဖြစ်ရမယ် "
" ဒါဆို ဒီကလေးက တကယ်ပဲ ရတနာတစ်ခုကို ကောက်ယူခဲ့တာ ဖြစ်နေမလား "
လီကောင်းဖုကို လွန်စွာသဘောကျခဲ့သော လူများပင် အခုအခါ သူ့ကို ဝေဖန်လာကြသည်။
ဤလင်းကန်အိမ်ရာသည် လူတိုင်းအတွက် မည်မျှအရေးကြီးသည်ကို မြင်တွေ့နိုင်သည်။
လီကောင်းဖုသည် လူတိုင်း၏ လှောင်ပြောင်သံကိုကြားသောအခါ သူ့မျက်နှာက ချက်ချင်းပင် နီရဲလာသည်။
သူက ရွှယ်ပုကို အလျင်အမြန် လက်သီးဆုပ်အရိုအသေပေးလိုက်သည်။
" တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော်က တခြားမြို့ကဆိုတော့ ယန်းချန်မြို့ရဲ့ ရှေးဟောင်းပစ္စည်းလောကနဲ့ သိပ်မရင်းနှီးလို့ပါ။ စိတ်ထဲမထားဘဲ၊ ခွင့်လွှတ်ပေးပါ "
ရွှယ်ပုက သူ့လက်ကို မျက်နှာထားတည်ငြိမ်စွာနှင့် ဝှေ့ယမ်းလိုက်သည်။
" ငါ့ရဲ့ လင်းကန်အိမ်ရာက သာမန်ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုပါပဲ။ အဲ့ဒါကို မင်း တစ်ခါမှ မကြားဖူးတာ သာမန်ပဲ။ ဒါပေမယ့် ဒီလူကြီးမင်းချန်းရီနန်က တကယ့် ရှုခင်းပန်းချီပညာရှင်အစစ်ပါ။ လက်ရေးလှရေးနဲ့ ပန်းချီအကြောင်းတွေကို ဆယ်နှစ်ကျော်ကြာ လေ့လာခဲ့ဖူးမယ်ဆိုရင် သူ့အကြောင်းကို ကြားဖူးသင့်ပါတယ် "
လီကောင်းဖု၏ မျက်နှာသည် နီရဲလာပြန်သည်။
အမှန်တကယ်တွင် သူသည် လက်ရေးလှနှင့် ပန်းချီအကြောင်းကို ပေါ်ကြော့ဖြစ်အောင် လေ့လာခဲ့ခြင်းဖြစ်သည်။ သူက လေးလေးနက်နက် လေ့လာသင်ယူခဲ့ခြင်း မရှိပေ။
တုံးအသောသများနှင့် ကြုံရတဲ့အခါ သူသည် အမြဲကြွားဝါနိုင်လေသည်။
သို့သော် ဤကဲ့သို့ အမှန်တကယ် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသောအခါ သူသည် များများပြောလေလေ အမှားများလေလေဖြစ်သောကြောင့် ဘာမှ ထပ်မပြောရဲတော့ပေ။
လူအုပ်ထဲမှ တစ်ယောက်ယောက်က ချက်ချင်း မေးလိုက်သည်။
" သူဌေးရွှယ်၊ ဒီချန်းလူကြီးမင်းရဲ့ ပန်းချီကားက အဖိုးတန်လား "
ထိုစကားကို ရွှယ်ပုကြားပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
" ချန်းလူကြီးမင်းက ကျော်ကြားမှုကို မမက်မောခဲ့တော့ သူ့အလုပ်တွေကို တိုင်းတာဖို့ ပိုက်ဆံသုံးပြီး ဆုံးဖြတ်တာက စော်ကားလိုက်တာပဲ။ ဒါပေမဲ့ မနှစ်က လေလံပွဲတစ်ခုမှာ သူ့လက်ရာကို လေလံတင်ခဲ့ဖူးတယ်။ ဒီပစ္စည်းနဲ့ အရွယ်အစားတူလောက်တဲ့ ပန်းချီကားကို ယွမ် ၄သိန်းကျော်နဲ့ ရောင်းချခဲ့တယ် "
" ဟာ ........ "
ထိုစကားကို ပြောပြီးသည်နှင့် နေရာတွင် ရှိနေသူအားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
" ပန်းချီကားတစ်ချပ်ကို ယွမ် ၄သိန်းကျော်နဲ့ ရောင်းခဲ့တာလား။ ဒါဆို တကယ်ကို ဆရာကြီးလို့ ပြောလို့ရတာပဲ "
" ဒါဆိုရင် ဒီပန်းချီကားက အနည်းဆုံး သိန်းဂဏန်းလောက် တန်တယ် မဟုတ်လား "
" မဖြစ်နိုင်ဘူး မဟုတ်လား။ ဒီကလေးက တွေ့ကရာ ပေါ့ပေါ့ပါးပါး ကောက်ရွေးလိုက်တာနဲ့ သိန်းနဲ့ချီပြီး ရောင်းလို့ရပါ့လား။ ဒါဆိုရင် ငွေရှာရတာက လွယ်လွန်းနေတယ်မဟုတ်လား "
" ယွမ် ၂သောင်းနဲ့ဝယ်ပြီး ပြန်ရောင်းလိုက်ရုံနဲ့ သိန်းနဲ့ချီပြီး ဝင်ငွေရနိုင်ပါ့မလား။ ဒါကြီးက နည်းနည်း ရယ်စရာကောင်းမနေဘူးလား "
" ဒါပေမယ့် ရွှယ်သူဌေးပြောတာဆိုတော့ အတုမဖြစ်နိုင်ဘူး "
" ရွှယ်သူဌေးက ပါးစပ်ပြောပဲရှိတာလေ။ သူ့ကို သန်းချီပေးပြီး ဝယ်ခိုင်းကြည့်ပါလား။ သူက ကျေကျေနပ်နပ်နဲ့ ဝယ်မယ် ထင်လား "
လူတိုင်း၏သံသယများကို တုံ့ပြန်ရန်အတွက် ရွှယ်ပုသည် ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
" ဒီက ညီလေး၊ ချန်းလူကြီးမင်းရဲ့ ဒီရှုခင်းပန်းချီကို ငါ အရမ်းကြိုက်တော့ ၅သိန်းနဲ့ ဝယ်ချင်ပါတယ် "
ထိုစကားကို လူတိုင်းကြားသောအခါ ထိတ်လန့်သွားကြသည်။
အခုပဲ သံသယတွေ ရှိခဲ့သော်လည်း အခုပင် သံသယတွေ ပျောက်သွားရသည်။
ရွှယ်သူဌေးကပင် ဈေးကြီးဝယ်နေသည်ဖြစ်၍ ဤပန်းချီကားဟာ တန်ဖိုးကြီးသည်ဆိုတာကို သက်သေပြနေသည်။
ဆိုင်ပိုင်ရှင်သည် သူ့ဆုံးဖြတ်ချက်ကို ချက်ချင်း နောင်တရသွားရသည်။
ပန်းချီကားကို ယွမ် ၂သောင်းနှင့် ရောင်းလိုက်နိုင်သည့်အတွက် တစ်ဖက်သူဆီမှ အမြတ်များစွာ ရခဲ့သည်ဟု ထင်ခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းတွင် တစ်ဖက်သူမှ ယွမ် ၄၈၀,၀၀၀ အမြတ်ပြန်ရသွားမည်ဟု သူ မမျှော်လင့်ထားပေ။
ထိုမြင်ကွင်းက သူ့ကို သွေးအန်ချင်သလို ဖြစ်လာစေသည်။
ယဲ့ဖန်သည် သူ့ဘေးနားရှိ လီကောင်းဖုကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
" ဒီပန်းချီကားကို ကျွန်တော့်ဆရာကို ပေးချင်ပေမယ့် သူက မကြိုက်လို့ သူဌေးရွှယ်ကို ပေးလိုက်ပါ့မယ် "
လီကောင်းဖုသည် ထိုစကားကိုကြားသောအခါ သူ့နှလုံးသားကို တစ်စုံတစ်ယောက်မှ ထိုးနှက်လိုက်သလို ခံစားလိုက်ရသည်။
နှလုံးနာကျင်လွန်းလို့ အသက်ရှူပင် မဝတော့ချေ။
ယွမ် ၅သိန်းတန်သည့် ရှုခင်းပန်းချီကားကို သူ တကယ်ပင် ငြင်းမိခဲ့လိုက်သည်။
ယွမ် ၅သိန်းဖြစ်လေသည်။
သူသည် ကျောင်းသားများဆီမှ လာဘ်ယူလျှင်ပင် တစ်နှစ်တွင် ၅သိန်းမှ ၆ သိန်းအထိသာ ဝင်ငွေရှိလေသည်။
ယခုအခါ သူ့ကို ယွမ် ၅သိန်းတန် ပန်းချီကားတစ်ချပ် ပေးခဲ့သော်လည်း သူက ငြင်းပယ်ခဲ့မိသည်။
သို့သော် အခုမှ သူ့စကားကို ပြန်ပြင်လို့ မရတော့ပေ။
ထို့ကြောင့် သူသည် နာကျင်မှုကိုသာ ကြိတ်ခံစားခဲ့ရသည်။
အရင်က လီကောင်းဖုကို ချီးကျူးခဲ့ကြသော လူများသည် အခုအခါ သူ့ကို စိတ်ပျက်ရွံရှာသည့်အမူအရာဖြင့် ကြည့်နေကြသည်။
" ဟားဟားဟား၊ အဲ့ဒီဆရာလီရဲ့ အမူအရာကို ကြည့်လိုက်ကြစမ်း။ စိတ်ဝင်စားဖို့ကောင်းလွန်းတယ် "
" ဒါက ယွမ် ၅သိန်းတောင်လေ။ ဒီလိုမျိုး ပေးလိုက်ရတာ ဘယ်သူက ပျော်မှာလဲ "
" သူ့ရဲ့ ဖြောင့်မတ်တဲ့ပုံစံနဲ့ ငါတို့ကို တကယ်လှည့်စားခဲ့တာ။ တကယ်ကို ဖြောင့်မတ်ပြီး ကောင်းတဲ့ဆရာတွေ ရှိသေးတယ်လို့ ငါ ထင်ခဲ့တာ "
" သူက ဈေးကြီးတဲ့လက်ဆောင် မရလောက်ဘူးလို့ ထင်နေတော့ အဲ့လိုပြောလိုက်တာဖြစ်မယ်။ ယွမ် ၅သိန်းတန်တဲ့ ပန်းချီကားပေးမယ်လို့ သူ မထင်ထားလောက်ဘူး။ အူပုတ်အောင်ထိ သူ နောင်တရနေပြီ "
" ဒီလူငယ်လေးက ဒီလောက်အမြင်ရှိနေမယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး။ တစ်ခါတည်းနဲ့ ၅သိန်းတန်တဲ့ ပန်းချီကားကို သူက ရွေးနိုင်ခဲ့တယ် "
" ကြည့်ရတာ မိန်းမနားကပ်စားတဲ့သူနဲ့ မတူပါဘူး။ သူ့မှာ တကယ့်အရည်အချင်းတွေရှိတယ် ထင်တယ် "
" ဟုတ်တယ်။ မဟုတ်ရင် ဒီအလှလေးက သူ့ကို ဘာလို့ စွဲလမ်းနေရမှာလဲ၊ ဟုတ်တယ်မလား "
လူတိုင်း၏ လှောင်ပြောင်မှုကြောင့် လီကောင်းဖု သွေးတက်လာသည်။
ယဲ့ဖန်ကို စိုက်ကြည့်ရင်း သူ မြေပြင်ပေါ်လဲကျမတတ်ဖြစ်သွားသည်။
ဒီကောင်က သူ လက်ခံမှာ မဟုတ်ဘူးဆိုတာ သိထားလို့ လူမြင်ကွင်းမှာ သူ့ကိုယ်သူ အရှက်ရအောင် လက်ဆောင်ပေးမယ်လို့ တမင်တကာ ပြောခဲ့တာပဲ။
ယုတ်မာလိုက်တဲ့ကောင်။
ကျူးရှောင်ကျောင်းကတော့ ယဲ့ဖန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
ယဲ့ဖန်က တကယ်ပင် ရှေးဟောင်းပစ္စည်းများနှင့် ပတ်သက်ပြီး တတ်ကျွမ်းတဲ့ပုံစံပေါက်လေသည်။
ထို့အပြင် ယွမ်သိန်းချီတန်သည့် ရှုခင်းပန်းချီကားတစ်ချပ်ကို သူက ရွေးချယ်နိုင်ခဲ့သည်။
ဒီတစ်ယောက်၏ သရုပ်မှန်အစစ်က ဘာလဲဆိုတာကို သူမ မသိတော့ပေ။
ယဲ့ဖန်သည် လူတိုင်း၏ ထူးဆန်းသောအကြည့်များကို ရင်ဆိုင်ခဲ့ရသော်လည်း သူ့ပုံစံက တည်ငြိမ်နေဆဲဖြစ်သည်။
ယွမ်၅သိန်းတန်သည့် ပန်းချီကားတစ်ချပ်သည် သူ၏ယခင်က အောင်မြင်မှုများနှင့် ယှဉ်လျှင် ဘာမှ မပြောပလောက်ပေ။
ဒီလူတွေက ဘာမဟုတ်တာကို ကြီးကြီးကျယ်ကျယ်လုပ်နေတာပဲ။
ယဲ့ဖန်သည် ၅သိန်းလောက်ကို ဂရုမစိုက်ကြောင်း ရွှယ်ပုက မြင်သည့်အခါ သူ မထိန်းနိုင်ဘဲ တုန်လှုပ်သွားမိသည်။
ဤလူငယ်၏ မိသားစုနောက်ခံသည် ထူးထူးခြားခြား ဖြစ်လောက်သည်။
ထိုအချက်ကိုတွေးမိပြီး သူက ထပ်ပြောလိုက်သည်။
" ငါတို့ရဲ့ လင်းကန်အိမ်ရာမှာ ရှေးဟောင်းပစ္စည်းပွဲတစ်ခု ကျင်းပနေပါတယ်။ ဝင်ကြေးက ယွမ် ၅သိန်းအတိပါ။ ဒီညီလေးစိတ်ဝင်စားရင် ဒီပန်းချီကားကို ဝင်ကြေးအနေနဲ့ ပေးပြီး လာချင်သလား "
ယဲ့ဖန် သဘောတူတာကိုပင် စောင့်မနေဘဲ ကျူးရှောင်ကျောင်းက စိတ်ဝင်စားသွားသည်။
" ရှေးဟောင်းပစ္စည်းတွေ စမ်းရတာလား။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ယဲ့ဖန်၊ ခဏလောက်သွားကစားရအောင် အဆင်ပြေလား "
ယဲ့ဖန်က ခါးသက်သက် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
" မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့ "
ကျူးရှောင်ကျောင်းသည် ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။
သူဌေးရွှယ်သည် သူတို့နှစ်ယောက်ကို သူ့ဆိုင်သို့ ချက်ချင်း ခေါ်သွားသည်။
ဘေးမှကြည့်နေသူများကလည်း လိုက်လာကြသည်။
လီကောင်းဖုသည် ယဲ့ဖန်၏ ကျောကို ကြည့်ကာ မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။
'မင်း နောက်ထပ် ဘာလုပ်နိုင်လဲ ကြည့်ကြသေးတာပေါ့'
အဲ့တာကိုတွေးပြီး ချက်ချင်း အနောက်မှ လိုက်သွားသည်။
အပိုင်း ( ၆၂၈ )
ဒါဆို သူက ဓားစာခံတစ်ယောက်လား။
လင်းကန်အိမ်ရာရှေ့သို့ လူတိုင်းရောက်လာသောအခါ ဆိုင်ရှေ့ရှိနေရာလွတ်တွင် အရွယ်အစားအမျိုးမျိုးရှိသော သေတ္တာများပြည့်နေသည်ကို တွေ့လိုက်ရသည်။
အပြင်မှ အတွင်းထဲတွင် ရှိနေသည့်အရာကို မြင်ဖို့ မဖြစ်နိုင်ချေ။
ကံတရားကိုသာ အားကိုးရမည်ဖြစ်သည်။
ရွှယ်ပုသည် ရပ်လိုက်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ညီလေး၊ စိတ်မပူပါနဲ့။ ငါတို့ လင်းကန်အိမ်ရာက ကစားနေတာမဟုတ်ဘူး။ ဒီသေတ္တာတွေရဲ့ ငါးပုံတစ်ပုံကျော်မှာ ၅သိန်းကျော်နဲ့ ၁သန်းကျော်တန်တဲ့ ပုံးတွေရှိတယ်။ မင်း ကံကောင်းရင် အရင်းပြန်ရနိုင်တယ်။ ဒါမှမဟုတ် ဆယ်ဆမကတောင် တိုးလာနိုင်သေးတယ် ..... "
သူ၏ မိတ်ဆက်ချက်ကို ကြားပြီးနောက် ပရိတ်သတ်များက ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
လင်းကန်အိမ်ရာသည် ဤမျှ ရက်ရောလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ချေ။
ကံစမ်းတဲ့သေတ္တာတွေထဲမှာ ၁သန်းကျော် တန်ဖိုးရှိတဲ့ ရတနာတွေရှိတယ်ဆိုမှတော့ ဘယ်သူက သွေးဆောင်မခံရဘဲနေမှာလဲ။
သို့သော် ဝင်ကြေး ယွမ် ၅သိန်းကို တွေးကြည့်ပြီးနောက် အများစုက နောက်ဆုတ်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
၅သိန်းဆိုသည်က သူတို့အတွက် သေးငယ်သော ပမာဏမဟုတ်သည်မှာ သေချာလေသည်။
သူတို့ ကံကောင်းချင်မှ ကောင်းနိုင်မည်။ သို့သော် သူတို့ကံမကောင်းလျှင် ယွမ်၅သိန်းက ရေစုန်မြောသွားပေလိမ့်မည်။
အချိန်တန်လျှင် ငိုစရာနေရာရှိမည် မဟုတ်ချေ။
ကျူးရှောင်ကျောင်းသည် ကံစမ်းသော သေတ္တာများကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
" သူဌေး၊ ယွမ်၅သိန်းနဲ့ သေတ္တာဘယ်နှစ်ပုံး ရွေးလို့ရလဲ "
သူဌေးက လက်ဖဝါးကို ဆန့်လိုက်သည်။
" ၅ ပုံး "
ကျူးရှောင်ကျောင်းသည် လက်ဖြင့် တွက်ချက်မှုအချို့ လုပ်လိုက်သည်။
" တန်သားပဲ။ ကျွန်မတို့မှာ အခွင့်အရေးငါးခုတောင် ရှိတာပဲ။ ငါးခါလုံး ကံဆိုးမှာတော့ မဟုတ်လောက်ပါဘူး။ အဲ့တာဆို အတော်လေး ကံမကောင်းတာဖြစ်ရမယ် "
သူမသည် စကားပြောနေရင်း ကွင်းထဲသို့ ဝင်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်၏ မျက်လုံးများက သူမဘက်ကို လှည့်လာပြီး သူမကို အမြန်တားလိုက်ကာ လီကောင်းဖုရှိရာဘက်ကို လှမ်းအော်လိုက်သည်။
" သူဌေး၊ ဒီလောက်ဆို အနိုင်ရဖို့က ဖြစ်နိုင်ခြေ အရမ်းများနေတာ မဟုတ်ဘူးလား။ ၅သိန်းတည်းနဲ့ အခွင့်အရေးက ၅ခါရဦးမယ်။ ပြီးတော့ ၅သိန်းတန်သေတ္တာကို နိုင်ခြေက ငါးပုံတစ်ပုံဆိုတော့ လူတွေကို ပိုက်ဆံပေးနေတာပဲ မဟုတ်ဘူးလား "
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်နှင့် ရက်ပေါင်းများစွာ အတူရှိနေခဲ့ပြီးနောက် အရိပ်အကဲကြည့်တတ်လာခဲ့သည်။
တစ်ခုခုဖြစ်နေပြီဆိုတာ သူမ သိလိုက်ပြီး ချက်ချင်းပူးပေါင်းကာ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်။ ငါးပုံတစ်ပုံတောင် အခွင့်အရေးရှိတာလေ။ ကံဘယ်လောက်ဆိုးနေပါစေ တစ်ကြိမ်လောက်တော့ ရအောင်ယူနိုင်လောက်တယ် မဟုတ်လား။ ဒါက သေချာပေါက် အမြတ်အစွန်းရမယ့် လုပ်ငန်းတစ်ခုပဲ "
သူတို့နှစ်ဦး၏ အပြန်အလှန် ပြောနေသည့် ပဲ့တင်သံများကြောင့် လီကောင်းဖု ချက်ချင်း သွေးဆောင်ခံခဲ့ရသည်။
ကံစမ်းသော သေတ္တာများထဲမှ ငါးပုံတစ်ပုံသည် ၅သိန်းကျော် တန်ဖိုးရှိလေသည်။
တစ်လုံးကိုပင် ချက်ချင်း ခန့်မှန်းနိုင်ခဲ့လျှင် ကျန်သည့် သေတ္တာများမှ မည်မျှတန်ဖိုးရှိသည့်ပစ္စည်းကို ရစေကာမူ အမြတ်ကျန်နေပေလိမ့်မည်။
သို့သော် ဝင်ကြေးမှာ ယွမ်၅သိန်းဖြစ်သောကြောင့် အလွန်စျေးကြီးလေသည်။
ငါးကြိမ်လုံးသာ ရတနာကို မရရှိခဲ့ပါက ကြီးမားသော ဆုံးရှုံးမှုကြုံရပေမည်။
သူ စိတ်နှစ်ခွဖြစ်နေချိန်တွင် ယဲ့ဖန် နှင့် သူဌေးရွှယ်တို့က တစ်စုံတစ်ခုကို လျှို့ဝှက်ဆက်သွယ်နေသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် မျက်စိမှိတ်ပြနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူ့နှလုံးခုန်သံ စည်းချက်ကျော်သွားသည်။
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား။
ဒါတွေအားလုံးက ပြပွဲတစ်ခုပဲလား။
ရည်ရွယ်ချက်မှာ ကံစမ်းသော သေတ္တာနှိုက်ပွဲတွင် ပါဝင်ရန် ဤနေရာမှလူများကို ဆွဲဆောင်ရန်ဖြစ်သည်။
လီကောင်းဖု ဤအကြောင်းကို တွေးလေလေ ဖြစ်နိုင်သည်ဟု ပိုခံစားရလာလေလေဖြစ်သည်။
ယဲ့ဖန် ရှေးဟောင်းပစ္စည်းများအကြောင်းကို ဘယ်တုန်းက သိလာခဲ့တာလဲဟု သူ တွေးနေခဲ့မိသေးသည်။
ဒါဆို သူ ဓားစာခံ ဖြစ်ခဲ့တာလား။
ဤလှည့်ကွက်မျိုးကို သူအကြိမ်ကြိမ်တွေ့ဖူးသည်။
ယဲ့ဖန်သည် ကံစမ်းသော သေတ္တာများထဲမှ ဘယ်သေတ္တာထဲတွင် ရတနာများပါသည်ကို သိကောင်းသိနိုင်ပြီး လူတိုင်းကို ဆွဲဆောင်ရန် အဖိုးတန်သော အရာအချို့ကို သူက သေချာပေါက် ရွေးထုတ်ပြမည်ဖြစ်သည်။
သို့သော် သူ ရွေးလိုက်သည့် ပုံးများမှလွဲ၍ တခြားသေတ္တာအားလုံးသည် တန်ဖိုးမရှိသော အမှိုက်တွေဖြစ်နေလိမ့်မည်။
ထိုလှည့်စားကွက်များအကြောင်း တွေးပြီးသည့်အခါ လီကောင်းဖုသည် ချက်ချင်း သူ့ကိုယ်သူ ဂုဏ်ယူလာခဲ့သည်။
မင်း ဘယ်လောက်ပဲ ဉာဏ်များနေပါစေ ငါ့ခြေဆေးရေကို သောက်နေရတုန်းပဲ။
ယဲ့ဖန်၏ လှည့်ကွက်များကို မြင်လိုက်ပြီးသည့်နောက်တွင် သူသည် အခွင့်အရေးများစွာရှိနေပြီဟု ချက်ချင်းခံစားလိုက်ရသည်။
သူသည် ဒီနေ့တွင် ကြီးမားသောအမြတ်အစွန်းကို ရနိုင်ပေလိမ့်မည်။
ထို့ကြောင့် ချက်ချင်း ထရပ်လိုက်ပြီး ပြတ်သားသည့်အသံဖြင့် ပြောလိုက်သည်။
" ကျွန်တော်လည်း ကစားချင်ပါတယ် "
လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
လင်းကန်အိမ်ရာ၏ ကံစမ်းသည့်သေတ္တာ ပြပွဲသည် ပါဝင်ရန် ယွမ်၅သိန်း ပေးရသည်။
ဒီလူက ဆရာတစ်ယောက် မဟုတ်ဘူးလား။ ဆရာတွေရဲ့ လစာက ဒီလောက်တောင် များနေပြီလား။
လီကောင်းဖုသည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုကာ ဝင်ကြေးပေးဆောင်ရန် သူ၏ဘဏ်ကတ်ကို ထုတ်လိုက်သည်။
ဆိုင်အကူမှ ယွမ်၅သိန်းကို သူ့ကတ်ထဲမှ ဖြတ်ယူသွားသည်ကို မြင်သောအခါ သူ့နှလုံးသား နာကျင်လာပြန်သည်။
ဝင်ကြေးဟာ ယွမ် ၅သိန်း ဖြစ်လေသည်။ ပြန်မရနိုင်လျှင် သေဖို့သာ ရှိတော့သည်။
ယဲ့ဖန်၏ မျက်နှာတွင် မမြင်နိုင်သော အပြုံးတစ်ခု တောက်ပလာသည်။
" ဒုကျောင်းအုပ်လီ၊ ခင်ဗျား အရင်ကစားလို့ရတယ်။ ကျွန်တော် ဒီမှာနေပြီး လေ့လာလိုက်ဦးမယ် "
လီကောင်းဖုသည် နှိမ့်ချစွာဖြင့် သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။
" မင်းက အရင်လာရွေးသင့်တယ်။ မင်းက ပထမဆုံး ပါဝင်ခွင့်ရတဲ့အတွက် အရင်ဆုံးရွေးချယ်သင့်တယ်။ ငါ့မှာ အခြေခံကျင့်ဝတ်ရှိပါတယ် "
သို့သော် သူ့စိတ်ထဲတွင်တော့ စူးစူးဝါးဝါး တုန်ယင်နေလေသည်။
'မင်းမရွေးရင် ဘယ်မှာ ရတနာရှိတယ်ဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ'
ယဲ့ဖန်က တခြားဘာမှ မပြောတော့ပေ။
သူသည် လှည့်ပတ်ကြည့်ရင်း နောက်ဆုံးတွင် ကံစမ်းသည့်သေတ္တာတစ်လုံးကို ယူဖို့ ငုံ့ကြည့်တော့မည့်အချိန်တွင် လီကောင်းဖုသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သေတ္တာကို သူ့လက်ထဲသို့ ယူကိုင်လိုက်သည်။
" တိုက်ဆိုင်လိုက်တာ။ ဒါကိုလည်း ငါလည်း ယူဖို့ လုပ်နေတာ။ ယဲ့တပည့်၊ မင်း ဆရာ့ဆီကတော့ လုမယူဘူး မဟုတ်လား "
ယဲ့ဖန်၏ မျက်နှာတွင် 'ဒေါသထွက်နေပေမဲ့ ဘာမှ မပြောရဲတော့ဘူး'ဟူသော အမူအရာမျိုး ပေါ်လာသည်။
" မယူရဲပါဘူး၊ မယူရဲပါဘူး။ ဆရာကြိုက်တယ်ဆိုတော့ ဆရာပဲ ယူလိုက်ပါ။ တခြားတစ်ခုခုကို ကြည့်လိုက်မယ် "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် လှည့်ပတ်ကြည့်ရှုပြီး နောက်ထပ် ကံစမ်းသောသေတ္တာတစ်လုံးကို ယူဖို့ပြင်လိုက်သည်။
ထိုတစ်ကြိမ်တွင်လည်း လီကောင်းဖုသည် ရှေ့ကို တိုးလာပြီး သေတ္တာကို ပွေ့ဖက်ထားလိုက်သည်။
" အိုက်ယား ကျောင်းသားယဲ့။ ငါတို့မှာ ဒီလို တိုက်ဆိုင်တဲ့ ရွေးချယ်မှုတွေရှိနေတာပဲ။ အချိန်တိုင်း တူတဲ့သေတ္တာကို ရွေးနေမိတယ် "
ယဲ့ဖန်မှ 'ဒေါသထွက်သည့်'အမူအရာကို ပြလိုက်သည်။
" ဆရာလီ၊ ခင်ဗျား ကိုယ်တိုင်ရွေးလို့ရမလား။ ဘာလို့ ကျွန်တော်ကြိုက်တဲ့ သေတ္တာတွေကို အမြဲ လိုက်လုနေတာလဲ "
လီကောင်းဖုသည် မကြားချင်ယောင်ဆောင်ကာ အခြားသေတ္တာများကို ကြည့်သလို ဟန်ဆောင်နေသော်လည်း သူ့စိတ်ထဲတွင် အလွန်ဂုဏ်ယူနေသည်။
တစ်ဖက်မှ စိတ်ဆိုးလေလေ၊ သူ မှန်းဆချက်မှန်လေဖြစ်ကြောင်း သက်သေပြနေသည်။
သူ ယူထားသော သေတ္တာများတွင် ရတနာများ ရှိလိမ့်မည်။
ခန့်မှန်းချက်အရ သေတ္တာတစ်လုံးတွင် ယွမ် ၅သိန်းတန်လောက်သည်။ အခုအခါ နှစ်ပုံးရထား၍ ယွမ် ၁ သန်းအထိ ရပေလိမ့်မည်။
ထိုအခါ သူအရင်းကျေပြီး အမြတ်ပြန်ရလေမည်ဖြစ်သည်။
ယဲ့ဖန်သည် သက်ပြင်းချကာ 'ကူကယ်ရာမဲ့'သည့် မျက်နှာထားနှင့် အခြားသေတ္တာများကို ဆက်လက်ရှာဖွေခဲ့သည်။
နောက်အကြိမ်အနည်းငယ်တွင်လည်း ယဲ့ဖန်သည် သေတ္တာကို ကောက်ယူရန်လုပ်တိုင်း လီကောင်းဖုမှ ဦးစွာ လုယူသွားသည်။
ခဏအကြာတွင် သေတ္တာငါးလုံးကို ရွေးယူပြီးဖြစ်သည်။
လီကောင်းဖုရှေ့သို့ လျှောက်လာစဉ်တွင် ယဲ့ဖန်၏ အမူအရာမှာ အလွန် 'ကြည့်မကောင်း'သည့် မျက်နှာထားဖြစ်နေသည်။
" ဆရာလီ၊ ညှိနှိုင်းကြည့်ရအောင်။ ခင်ဗျား လက်ထဲက ဒီသေတ္တာတွေကို ၂ သန်းနဲ့ ဝယ်မယ် "
လီကောင်းဖုသည် ယဲ့ဖန်မှ ဤကဲ့သို့ဖြစ်နေသည်ကို မြင်သောအခါ သူသည် အဖိုးမဖြတ်နိုင်သော ရတနာကို ကောက်ယူခဲ့ကြောင်း ပို၍ပင် သေချာသွားခဲ့သည်။
ယဲ့ဖန်က ဆက်ပြီး ပြောသည်။
" ၂.၅ သန်း၊ ဘယ်လိုလဲ "
လီကောင်းဖုက ခေါင်းခါနေသေးသည်။
" မရောင်းဘူး "
ယဲ့ဖန် ခေါင်းငုံ့ပြီး ခဏလောက် ငြိမ်နေလိုက်ကာ အံကြိတ်ရင်း ဆက်ပြောသည်။
" တစ်လုံးကို ၃ သန်းပေးမယ်။ သဘောတူရင် ချက်ချင်း ငွေလွှဲပေးမယ် "
လီကောင်းဖုက ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ကျောင်းသား ယဲ့ဖန်၊ မင်း ဘာလုပ်နေတာလဲ "
သူက ပြောပြီးသည့်အခါ ခေါင်းငုံ့ပြီး ယဲ့ဖန်နားထဲသို့ တိုးတိုးလေး ကပ်ပြောသည်။
" ကောင်လေး၊ မင်းရဲ့ ဒီလိုအကြံအစည်တွေကို ငါမြင်ဖူးတယ်။ မင်းမှာရှိတဲ့အရာအားလုံးကို ဆုံးရှုံးဖို့ စောင့်နေလိုက် "
ယဲ့ဖန်မှ စကားပြန်မပြောခင်တွင် သူက သူဌေးရွှယ်ဆီသို့ မောက်မာစွာ လျှောက်လှမ်းသွားသည်။
" ကျွန်တော် ရွေးပြီးပြီ။ ကျေးဇူးပြုပြီး ဖွင့်ပေးပါ "