← Chapters

စပွန်ဆာလိုချင်တာ ဘာမှားလို့လဲ?

Vol. 33 Ch. 462

စပွန်ဆာလိုချင်တာ ဘာမှားလို့လဲ?

Vol. 33 Ch. 462

အနောက်ဘက်စွန်းနယ်မြေသည် အဆုံးမဲ့ကျယ်ပြောသော မြောက်ပင်လယ်နယ်မြေကို မျက်နှာမူထားသည်။ ယနေ့တွင် တိမ်တစ်စွန်းတစ်စပင်မရှိဘဲ တောက်ပသော နေရောင်ခြည်နှင့် အလင်းရောင်မှာ လင်းချင်းတောက်ပလျက်ရှိတော့၏။

အရွယ်အစားအမျိုးမျိုးရှိသော လှေများသည် ပင်လယ်ပြင်ထက် ပေါလောပေါ်နေကြပြီး အမျိုးသမီးတံငါသည်များမှာ အားလုံးနီးပါး သန်မာကြံ့ခိုင်ကြသည်။ ကျန်းမာသော ဂျုံရောင်အသားအရေ၊ ကျယ်ပြန့်သော ပခုံးများ၊ ထူထဲကျစ်လျစ်သော ခါးများနှင့် လှပသော ရင်သားများ ရှိကြသည်။

သူတို့အားလုံးသည် ကျင့်ကြံသူများဖြစ်ကြပြီး ငါးဖမ်းရာတွင် ပိုက်ကွန်နှင့် ဆင်တူသော မှော်ရတနာများ၊ အထူးသတ္တုဖြင့် ပြုလုပ်ထားသော သုံးခွမှိန်းများကိုလည်း အသုံးပြုကြ၏။

မြောက်ပင်လယ်နယ်မြေသည် ပင်လယ်မျိုးနွယ်စု၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း သူတို့အားလုံး သိထားကြပြီး ရိုးရိုးရှင်းရှင်းဟုထင်ရသော ငါးရွှေကြီးတစ်ကောင်သည်ပင် အစွမ်းထက်ဝိညာဥ်အဖြစ် သာမန်လူများ၏အသက်ကို ခြိမ်းခြောက်လာနိုင်ဖွယ် ရှိလေသည်။

သို့သော် အခြားရှုထောင့်မှကြည့်လျှင် ဤပင်လယ်စာများသည် ကျင့်ကြံသူများအတွက် အာဟာရဓာတ်စာအဖြစ် အလွန်သင့်တော်သော အစားအစာများဖြစ်ပြီး ကျန်းမာရေးအတွက်ရာ ကျင့်ကြံရေးအတွက်ပါ အကျိုးရှိစေသည်ပင်။

ထို့အပြင် မြောက်ပင်လယ်နယ်မြေတွင် ဖမ်းမိသော ပင်လယ်စာများကို ရောင်းချနိုင်ပြီး စားသောက်ဆိုင်များမှာလည်း အစဥ်အမြဲ အလုအယက် တိုးကြိတ်ဝယ်ယူတတ်ကြသည်သာ။ ထို့ကြောင့် အန္တရာယ်နှင့် ညီမျှသော အကျိုးအမြတ်တစ်ခုကို ပြန်လည်ရရှိသည်ဟု သတ်မှတ်နိုင်၏။ ဤလုပ်ငန်းမှာ ငွေကြေးမပြည့်စုံသော ကျင့်ကြံသူများအတွက် စိတ်ဝင်စားဖွယ်ကောင်းသော ဆွဲဆောင်မှုတစ်ခုလည်းဖြစ်သည်။

ယခုအချိန်တွင်။

ပင်လယ်ပြင်ထက် ငါးဖမ်းနေသော အမျိုးသမီး ကျင့်ကြံသူများသည် ၎င်းတို့၏ ဧရာမ ပိုက်ကွန်ကြီးများကို ဖြန့်ချလိုက်ကြသည်။ ပိုက်ကွန်ကြီးတစ်ခုချင်းစီသည် ငွေရောင်အလင်းကို ထုတ်လွှတ်နေကာ ပင်လယ်ကြမ်းပြင်ဆီသို့ လျင်မြန်စွာ နစ်မြုပ်သွားကြ၏။ ဝိညာဥ်သတ္တဝါများဖြစ်ကြသော ငါး၊ ပုစွန်၊ ကဏန်းနှင့် အခြားပင်လယ်သတ္တဝါများစွာသည် ဝိုင်းရံပိတ်ဆို့ခံရသည်ကို သိလျှင်သိချင်းပင် ပိုက်ကွန်အတွင်းမှလွတ်မြောက်ရန် အသည်းအသန် ရုန်းကန်ထွက်ပြေးကုန်ကြတော့၏။

ကံမကောင်းစွာဖြင့် ဤပိုက်ကွန်ကြီးများသည် ဝိညာဥ်ငါးဖမ်းခြင်းအတွက် အထူးဖန်တီးပြုလုပ်ထားသော မှော်ရတနာများ ဖြစ်သည်။ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးပင်လျှင် အမိအရ ဖမ်းချုပ်ခံလိုက်ရပါက နောက်ဆုံးတွင်တော့ ချီစွမ်းအင်များ ကုန်ခန်းသွားလိမ့်မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့ အားပြင်းပြင်းဖြင့် ရုန်းကန်လေလေ ထိုအင်အားများကို ပိုက်ကွန်က ပို၍မြန်မြန် စုပ်ယူလေလေ ဖြစ်သောကြောင့်ပင်။

ပိုက်ကွန်များဖြင့် အုပ်ယူခံလိုက်ရသော ဤပင်လယ်စာသတ္တဝါများသည် ကူကယ်ရာမဲ့စွာ အဖမ်းခံလိုက်ရဖို့တစ်နည်းသာ ရှိပေတော့မည်။

ဖြန်း!

ပိုက်ကွန်ကို ဆွဲမလိုက်သောအခါ တန်နှင့်ချီသော ဝိညာဉ်ငါးများသည် ရေမျက်နှာပြင်မှလွတ်ထွက်ကာ လှေများပေါ်သို့ ရူးသွပ်စွာ ခုန်ဝင်လာကုန်ကြ၏။ ငါးများ၏ ရုန်းကန်တွန်းထိုးမှုကြောင့် လှေများမှာ အန္တရာယ်ရှိစွာ ယိမ်းထိုးနေပြီး အမျိုးသမီး ကျင့်ကြံသူအချို့မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။

သို့သော် အတွေ့အကြုံရှိသော အမျိုးသမီး ကျင့်ကြံသူအချို့က လက်ထဲမှ သုံးခွမှိန်းများကို မြှောက်လိုက်ကြပြီး ပြင်းထန်သော မှော်စွမ်းအင်များကို ထည့်သွင်းကာ တည့်တည့်ပစ်ချလိုက်ကြသည်။

ဖွတ်၊ ဖွတ်၊ ဖွတ်၊ ဖွတ်~

သုံးခွမှိန်းများသည် လှေပေါ်မှ အဖမ်းဆီးခံ ဝိညာဥ်ငါးအုပ်ကြီးထဲသို့ ဖောက်ဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများကို ထုတ်လွှတ်လိုက်သည်။ ဝိညာဥ်ငါးများသည် စွမ်းအားဒဏ်ကိုမခံနိုင်စွာ တုန်ခါသွားကြပြီး မျက်ဖြူပါလန်လျက် တိုက်ခိုက်နိုင်စွမ်းလည်း ချက်ချင်းလျော့ကျသွားကုန်ကြ၏။ ထို့နောက် ပင်လယ်ထဲသို့ တစ်ဖန်ပြန်ပြုတ်ကျသွားကာ ရေမျက်နှာပြင်ကို လှိုင်းတို့ဘောင်ဘင်ခတ်ကျန်ရစ်စေသည်။

ထိုအခါမှ အမျိုးသမီးကျင့်ကြံသူများက သုံးခွမှိန်းများကို ပြန်လည်သိမ်းဆည်းပြီး တန်နှင့်ချီသော ဝိညာဥ်ငါးများကို လှေပေါ်သို့ တစ်ဖန်ပြန်ဆွဲတင်လိုက်ကြသည်။

ယနေ့ ရရှိသော အမြတ်အစွန်းမှာ အတော်လေးတွက်ချေကိုက်ကြောင်း မြင်သောအခါ ငါးဖမ်းထွက်လာသော အမျိုးသမီး ကျင့်ကြံသူများ အားလုံး စိတ်သက်သာရာရလျက် အပြုံးပန်းတို့ ဝေဆာပွင့်လန်းလာကြ၏။

ထို့နောက် အားလပ်ချိန်များတွင် လူအုပ်ထဲမှ အမျိုးသားတစ်ဦးကို အာရုံစိုက်ပြီး စကားစမြည် ပြောဆိုကြမည်။ ယောက်ျားမိန်းမ ဆက်ဆံရေးကြား အသေးစိတ်ကျသော အကြောင်းအရာများကိုပါ လုံးဝ လျှို့ဝှက်မထားဘဲ စိတ်ဝင်စားစရာ အညှီအဟောက်မှန်သမျှကို ဆွေးနွေးတိုင်ပင်ကြမည့် အမျိုးသမီးစကားဝိုင်းတစ်ခုသာ ဖြစ်၏။

တစ်ခါတစ်ရံတွင် ခိုးခိုးခစ်ခစ် ရယ်မောသံများ ထွက်ပေါ်လာပြီး လေထုမှာ ပျော်ရွှင်တက်ကြွသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သူတို့၏စကားဝိုင်းမှ ဇာတ်လိုက်ဖြစ်သော ထိုအမျိုးသားသည် ကြေးနီရောင်အသားအရေရှိပြီး အရပ်ရှည်ကာ သန်မာထွားကြိုင်းသည်။ ထိုသူ၏ ကြွက်သားများသည် သံမဏိကို အပူပေးသွန်းလောင်းထားသကဲ့သို့ မာကျောပြီး မျက်နှာသွင်ပြင်မှာ ချောမွေ့သန့်ပြန့်ကာ ဂုဏ်သိက္ခာရှိသောအသွင်အပြင် ရှိသည်။ မျက်နှာထက်မှအပြုံးကား မနက်ခင်နေရောင်ခြည်ကဲ့သို့ နုပျိုလန်းဆန်းလျက်။

သူသည် ငါးဖမ်းပွဲတွင် ပါဝင်သည့် တစ်ဦးတည်းသော အမျိုးသားပင်!

အမျိုးသမီးများသာရှိသော ဤငါးဖမ်းအုပ်စုတွင် သူသည် အာရုံအစိုက်ခံရဆုံးနှင့် အရေးပေးခံရဆုံး အမောပြေရှုမျှော်ခင်းလေးတစ်ခုသာ ဖြစ်ပေတော့သည်။

သူ၏နာမည်မှာ လီတာ့ကမ်ဖြစ်သည်။

လီတာ့ကမ်သည် နတ်မိမယ်တိုင်းပြည်တွင် အလွန်လူကြိုက်များပြီး ကျော်ကြားလေ၏။

အမှန်တော့ ထိုသူ၏ဇာစ်မြစ်မှာ ပြင်ပလောကမှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။ မိသားစုစီးပွားပျက်ကာ မွဲတေသွားချိန်ဝယ် သူသည်လည်း အလယ်အလတ်ထက်မပိုသော ကျင့်ကြံမှု အရည်အချင်းကြောင့် တစ်သက်လုံး ကျင့်ကြံရေးကမ္ဘာ၏ အောက်ခြေတွင်သာ ရှိနေရမည့် ကံတရားအား လက်ခံခဲ့ရ၏။ အဆိုးဆုံးမှာ သူသည် ဂိုဏ်းချုပ်တစ်ဦးကို ရန်စမိသောကြောင့် မကောင်းသောကံတွင် ရန်သူတစ်အုပ်ပါ အလိုအလျောက်တိုးလာခြင်းပင်။

သွားစရာနေရာမရှိသည့်အခါ လီတာ့ကမ်သည် နတ်မိမယ်တိုင်းပြည်သို့ တရားဝင် ဝင်ရောက်ရန် စဉ်းစားခဲ့သည်။ အမျိုးသမီးများအပေါ် မှီခိုနေထိုင်လိုပြီး ရည်မှန်းချက် မည်မည်ရရမရှိသော အမျိုးသားများအတွက် အသင့်တော်ဆုံးဖြစ်သော ဤထူးခြားသည့်တိုင်းပြည်အကြောင်းကို သူကြားဖူးထားသည်။

သူ၏ ရုပ်ရည်သန့်ပြန့်မှုနှင့် သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ကို အားကိုး၍ လီတာ့ကမ်သည် နတ်မိမယ်တိုင်းပြည်တွင် အိမ်ထောင်စုမှတ်ပုံတင်ကို အောင်မြင်စွာ ရရှိခဲ့သည်။

ဤနေရာတွင် အမျိုးသားတစ်ဦး၏ ကျင့်ကြံမှုသည် အသုံးမဝင်ပေ။ ကြာကြာ ရှင်သန်နေထိုင်နိုင်ခြင်းမှလွဲ၍ တိုက်ခိုက်ရေးစွမ်းရည်မှာ အရေးမပါလောက်အောင် အားနည်းသောကြောင့် အားသာချက်တစ်ခုအဖြစ် မသတ်မှတ်နိုင်ပေ။ ဤနေရာတွင် အားသာချက်မှာ အမျိုးသားတစ်ဦး၏ အသွင်အပြင်နှင့် စွမ်းရည်ဖြစ်သည်။

ဘာစွမ်းရည်လဲဆိုတာတော့ မပြောလည်း သဘောပေါက်ကြမှာပါ။

အပြင်လောကတွင် လီတာ့ကမ်သည် ကျင့်ကြံရေးကမ္ဘာ၏ အောက်ခြေတွင် နေထိုင်ခဲ့ရသောကြောင့် ကြောက်ရွံ့ပြီး နာခံတတ်သည်။ ထိုအချိန်က အမျိုးသမီး ကျင့်ကြံသူများ၏ နှစ်သက်တွယ်ငြိမှုကို ရရှိရန်မှာ စိတ်ပင်မကူးဝံ့စရာ။ သူ၏ မိသားစုပိုင်ဆိုင်မှုအားလုံးကို ပုံအောသုံးစွဲလျှင်တောင် ဆွဲဆောင်မှုရှိသော အမျိုးသမီး ကျင့်ကြံသူများက သူလိုလူကို မျက်စိထဲထည့်လိမ့်မည်မဟုတ်။

သို့သော် နတ်မိမယ်တိုင်းပြည်တွင် လီတာ့ကမ်မှာ နိဗ္ဗာန်ဘုံသို့ ရောက်လာသကဲ့သို့ ခံစားရသည်။ ဤနေရာရှိ ဒေသခံအမျိုးသမီးများမှာ သူ့ကို အထူးတလည် နှစ်သက်ချစ်ခင်ကြသည်။ သူ ဘယ်နေရာကိုပဲ သွားသွား တရင်းတနှီးဆက်ဆံခံရကာ အရေးပေးခံရမည်မလွဲ။ အမျိုးသမီးများစွာသည် ကာမဂုဏ်ခံစားမှုကို ဦးစားပေးထားသောကြောင့် သူ့ဆီကမျက်နှာရဖို့ အစွမ်းကုန်ကြိုးစားကြမည်သာ။

လီတာ့ကမ်သည် မိမိပိုင်ဆိုင်သော ရုပ်ရည်နှင့် အမျိုးသားစွမ်းရည်ကိုအသုံးပြုကာ တစ်ချိန်က အားနည်းချက်များ ပပျောက်မှိန်ဖျော့အောင် ကြိုးစားခဲ့သည်။ ထိုအချိန်မှစ၍ ပြည့်စုံသော ဘဝသစ်တစ်ခုကို ရရှိခဲ့ပြီး သေးငယ်သိမ်နုပ်သော အမျိုးသားလေးဟာ နတ်မိမယ်တိုင်းပြည်အား စတင်လွှမ်းမိုးလာနိုင်ခဲ့၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ လီတာ့ကမ်သည် သက်တောင့်သက်သာရှိလှသောဘဝတွင် ပျင်းရိရိုးအီလာခဲ့သည်။ အမျိုးသမီးများ ပတ်ပတ်လည်ဝန်းရံနေသောကြောင့် အစားအသောက်အတွက်တော့ ပူပန်စရာမလိုလှပေသည့် စိတ်ပိုင်းဆိုင်ရာ မလိုမပြည့်သောခံစားချက်အား သူသည်းမခံနိုင်။

ဤသို့ဖြင့် သူသည် ငါးဖမ်းခြင်းကို ဝါသနာတစ်ခုလို စွဲလမ်းလာသည်။ ငါးဖမ်းခြင်းသည် အထူး မှော်ရတနာများကို အားကိုးနိုင်ပြီး ကိုယ်ပိုင်အင်အားရှိနေဖို့ မလိုအပ်ပေ။ ထို့အပြင် ပင်လယ်စာများများ ဖမ်းဆီးရရှိသည့်နေ့တွင် ငွေ‌ကြေးထက် အောင်မြင်မှုခံစားချက်က ပြောမပြနိုင်အောင် အဖိုးတန်သည်။

ထို့ကြောင့် လီတာ့ကမ်သည် တစ်ခါတစ်ရံ ကမ်းခြေသို့လာရောက်ပြီး ငါးဖမ်းပွဲတွင် တက်တက်ကြွကြွပါဝင်သည်။ ဒေသခံ အမျိုးသမီး ကျင့်ကြံသူများ အားလုံးမှာ သူ့ကိုကောင်းကောင်းသိကျွမ်းကြသောကြောင့် အားတက်သရော ကြိုဆိုလက်ခံလာကြသည်ပင်။

ဈေးကြီးသော ငါးဖမ်းလှေတစ်ခုပေါ်တွင် မတ်တပ်ရပ်ရင်း လီတာ့ကမ်သည် ပိုက်ကွန်ကြီးတစ်ခုကို ကျွမ်းကျင်စွာ ဆွဲတင်လိုက်သည်။ ပိုက်ကွန်တွင် ပင်လယ်သတ္တဝါများ ပြည့်နေသည်ကို မြင်သောအခါ လီတာ့ကမ် ကျေနပ်စွာပြုံးလိုက်သည်၊

“အစ်ကိုတာ့ကမ်ကတော့ တကယ် အံ့မခန်းပဲ~”

အနီးအနားရှိ အမျိုးသမီးကျင့်ကြံသူ အချို့က ချိုမြိန်သောအသံဖြင့် ချီးကျူးပြောဆိုလာကြကာ သူ့ဆီမှအာရုံစိုက်မှုကိုရရှိရန် ကြိုးပမ်းနေကြ၏။

လီတာ့ကမ်သည် ဒေသခံများကြားတွင် အလွန်ရေပန်းစားသူဖြစ်သည်။ သူနှင့် ရင်းနှီးသောဆက်ဆံရေးရှိဖူးသည့် အမျိုးသမီးများအားလုံးက သုံးသပ်ချက်ကောင်းကောင်းပေးတတ်ကြလေရာ ကျန်အမျိုးသမီးများမှာလည်း ဤနာမည်ကျော်ယောက်ျားကို တစ်ကြိမ်လောက်မြည်းစမ်းကြည့်ဖို့အရေး အလွန်စိတ်လိုလက်ရရှိကုန်ကြ၏။

ထိုအမျိုးသားဆီမှ မျက်နှာရပြီး တစ်ညတာခန့် ရွေးချယ်ခံရပါလျှင် ကြီးမားသောကောင်းချီးတစ်ခုဖြစ်ပေမည်။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

လီတာ့ကမ်သည် သူ၏အားသာချက်တစ်ခုဖြစ်သည့် နွေးထွေးသော အပြုံးလေးအား ပြသလိုက်စဥ် အမျိုးသမီးများအားလုံး မထိန်းချုပ်နိုင်စွာ ရင်တဒိတ်ဒိတ်ခုန်လာကြ‌တော့သည်။

ယခင်က ပြင်ပလောကတွင် အမျိုးသမီးများအပေါ် မှီခိုနေထိုင်သော အမျိုးသားများဆိုလျှင် သူအထင်အမြင်သေးခဲ့သည်သာ။ သို့သော် ယခုတော့ တစ်ခွန်းသာပြောချင်သည်။

“အိုးမိုင်ဂေါ့ သာယာလိုက်တဲ့ဘဝကြီး~”

သူသာ ကြိုးစားအားထုတ်လျှင် အောင်မြင်နိုင်သောအစွမ်းအစရှိမှန်း သူသိသည်။ သို့သော် စပွန်ဆာရှာခြင်းက အပုံကြီးပိုသက်သာလိမ့်မည်။

အမျိုးသမီးတွေကို မှီခိုနေထိုင်တယ်ဆိုတာလည်း စွမ်းရည်တစ်မျိုးပဲကွ။

ထိုအချိန်တွင်။

ကောင်းကင်တွင် တိမ်တိုက်များ ဖုံးလွှမ်းသွားပြီး လေပြင်းများ ရုတ်ချည်းတိုက်ခတ်ကာ ပင်လယ်သည် လှိုင်းများတစ်လုံးပြီးတစ်လုံးထလျက် လှိုင်းလုံးများက မြင့်သည်ထက်မြင့်တက်လာတော့သည်။

ရုတ်တရတ်ဖြစ်ပေါ်လာသော သိသာထင်ရှားသည့် ရာသီဥတုပြောင်းလဲမှုများသည် ငါးဖမ်းရန် ထွက်လာသူတိုင်းကို သတိချပ်သွားစေ၏။

“ညီအစ်မတို့၊ တစ်ခုခုတော့ မှားနေပြီနော်။”

“အစွမ်းထက်တဲ့ ပင်လယ်မျိုးနွယ်စု တစ်ခုခုများ ပေါ်လာပြန်တာလား? ဒီလိုဆိုရင် ငါတို့ အနောက်ဘက်နယ် တပ်မတော်ကို သတင်းပို့ရမယ်!”

“အရင်ဆုံး ဘေးကင်းဖို့အတွက် အမြန်ပြန်ဆုတ်ကြရအောင်!”

ဆွေးနွေးစကားသံများ ထွက်ပေါ်လာသည်။

လူတိုင်းက အခြေအနေကို စိုးရိမ်ပူပန်လာကြသည်။

မြောက်ပင်လယ်နယ်မြေသည် ငါးဖမ်းရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခုဖြစ်သော်လည်း ၎င်းသည် သေစေနိုင်သော ရေဝဲတစ်ခုဆိုလည်း မမှား။ ဤနေရာတဝိုက်ရှိ ပင်လယ်မျိုးနွယ်စုများကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။ ၎င်းတို့သည် လူသားမျိုးနွယ်စု၏ အသွေးအသားကို ကိုက်ခဲစုပ်ယူရန် အမြဲချောင်းမြောင်းနေတတ်ကြသူများ ဖြစ်၏။

“အစ်ကိုတာ့ကမ်၊ မြန်မြန်ပြန်ဆုတ်ပါ! ရှင် အဲဒီမှာ ဘာလုပ်နေသေးတာလဲ?” အမျိုးသမီးများက လီတာ့ကမ်၏ ငါးဖမ်းလှေ ပင်လယ်ပေါ်တွင် လွင့်မျောနေဆဲဖြစ်သည်ကို မြင်သောအခါ စိုးရိမ်တကြီး အော်ဟစ်သတိပေးလိုက်ကြသည်။

“ဟဲဟဲ၊ မင်းတို့ မိန်းမတွေ ဘာသိလို့လဲ။”

ထူးဆန်းစွာဖြင့် ပြင်းထန်လာသော လှိုင်းလုံးများကို မြင်သောအခါ လီတာ့ကမ်သည် ကြောက်ရွံ့ခြင်းအလျဥ်းမရှိဘဲ အနိုင်ရလိုစိတ်ဖြင့် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ သူသည် လှေ၏ ဦးထိပ်ဖျားပေါ်သို့ ခုန်တက်လိုက်ပြီး သုံးခွမှိန်းကို မြင့်မြင့်မြှောက်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

“မုန်တိုင်း ပိုကြီးလေလေ၊ ငါးတွေ ပိုဈေးကြီးလေလေပဲ!!!”

သူ၏ ကြွေးကြော်သံသည် နားကွဲမတတ် ကျယ်လောင်ပြီး ကောင်းကင်ကို ထိုးဖောက်သွားသည်။

လီတာ့ကမ်၏ မတ်မတ်ရပ်နေသော ကြေးနီရောင်ကျောပြင်က မှီနွဲ့အားကိုးပစ်ချင်စရာ။

အမျိုးသမီးများစွာသည် သူ၏ ဆွဲဆောင်မှုဖြင့် ဖမ်းစားခံလိုက်ရပြီး အချို့က စိတ်အားထက်သန်စွာဖြင့် အရှေ့သို့ အလျင်အမြန် ပြေးထွက်လာကြသည်။ “တာ့ကမ်ပြောတာ မှန်တယ်၊ မုန်တိုင်း ပိုကြီးလေလေ၊ ငါးတွေ ပိုဈေးကြီးလေလေပဲ! ငါတို့ ဆက်ဖမ်းမယ်!”

သို့သော် ထိုအချိန်တွင် ရေပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များစွာ ပေါ်ပေါက်လာပြီး ကြီးမားသော ပင်လယ်မျိုးနွယ်စု စစ်တပ်တစ်ခုက ရေပြင်မှ ခုန်ထွက်လာသည်။ ပုစွန်စစ်သားများနှင့် ကဏန်းစစ်ဗိုလ်များသည် ပြင်းထန်သော လှိုင်းလုံးများကို စီးနင်းလိုက်ပါလာကြပြီး သူတို့၏ မျက်နှာများသည် သတ်ဖြတ်လိုစိတ်များဖြင့် ရက်စက်ကြမ်းကြုတ်လျက်။

သူတို့ကို ဦးဆောင်နေသော ကျားငါးမန်းစစ်သူကြီးက အဝေးမှ လီတာ့ကမ်ကို စူးစိုက်ကြည့်ပြီး အေးစက်စက်ပြုံးလိုက်သည်။

“အစောက အော်ဟစ်ကြွေးကြော်နေတဲ့လူသားက မင်းလား?”

ကျားငါးမန်းစစ်သူကြီးသည် ပင်လယ်မျိုးနွယ်စုမှ ထိပ်တန်းစစ်သားပေါင်း ရှစ်သောင်းကို ဦးဆောင်နေပြီး စစ်ချီထွက်ရန် ပြင်ဆင်နေချိန်တွင် မုန်တိုင်းကြီးလေလေ ငါးပိုဈေးကြီးလေလေဟု တစ်စုံတစ်ဦးက အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။ နဂိုကတည်းက သွေးကြွနေပြီးသားဖြစ်သော ကျားငါးမန်းစစ်သူကြီးကို မလွဲမသွေ ဒေါသထွက်သွားစေသည်ပင်။

ဘယ်သူက ဒီလောက် အတင့်ရဲနေတာလဲ?

“သောက်ကျိုးနည်း!”

လီတာ့ကမ်၏ ဦးရေပြားသည် ကြောက်ရွံ့မှုဖြင့် ကျဥ်တက်သွားသည်။ ပေါ့ပေါ့ဆဆ မှားထွက်သွားသော စကားတစ်ခွန်းကြောင့်နှင့် ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်မိသလို ဖြစ်သွားရလေပြီ။

“မင်း၊ အနားကပ်မလာစမ်းနဲ့! ဒီ့ထက်ပိုကပ်လာရင် ငါ ဒီငါးနဲ့ပုစွန်တွေကို အားလုံးကို သတ်ပစ်လိုက်မယ်!” အခြေအနေက အရေးပေါ်ဖြစ်နေကြောင်း သတိထားမိလိုက်သောအခါ လီတာ့ကမ်သည် အကြောက်ကြောက်အလန့်လန်ဖြင့်ပင် လှေဝမ်းထဲမှငါးပုစွန်များဖြင့် ပြန်လည်ခြိမ်းခြောက်ဖို့တွေးလိုက်သည်။

လီတာ့ကမ်၏စိတ်ထဲတွင် ပင်လယ်သတ္တဝါတိုင်းမှာ ပင်လယ်မျိုးနွယ်ဝင်များဖြစ်သည်။ ထို့ကြောင့် သူတို့၏ မျိုးနွယ်စုဝင်များစွာ သေဆုံးပါက တစ်ဖက်ရန်သူ ရင်ထုမနာ ဖြစ်လိမ့်မည်မှာ သေချာသည်။

စာစဉ်ပြီး၏

All Chapters