မိစ္ဆာမကြီး
Vol. 33 Ch. 449
သူ့မျက်လုံးထဲသို့ ဝင်လာသည်မှာ ဈေးကြီးပုံရသော ဖိတ်ဖိတ်တောက်ဆံထိုး၊ ဝက်ခြံထူလပျစ်ပေါက်နေသော မျက်နှာအသားအရည်၊ ကောက်ကွေးနေသော နှာခေါင်း၊ တြိဂံပုံ မျက်လုံးကျဥ်းကျဥ်းလေးများနှင့် ခပ်ဝဝ ခန္ဓာကိုယ်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ လိမ်းကျံထားသော မိတ်ကပ်မှာ အလွန်အမင်းထူထဲပြီး မျက်လုံးအိမ်သည် အလွန်ရှည်လျားကာ ဝက်အူချောင်းကဲ့သို့ နီရဲနေသော နှုတ်ခမ်းများမှာလည်း အာရုံမစိုက်မိဘဲနေမရအောင် ထင်းလင်းထွက်လျက်ရှိ၏။
ယဲ့ကျွင်းလင် သူမကို မြင်သောအခါ ညနက်ကြီးမှ ကံဆိုးမိုးမှောင်ကျရလေပြီဟု တွေးလိုက်မိသည်။ သို့သော် ထိုခပ်ဝဝ အမျိုးသမီး၏ အဝတ်အစားများမှာ ခမ်းနားထည်ဝါပြီး တန်ဖိုးရှိပစ္စည်းများဖြင့် ဆင်ယင်စီခြယ်ထားကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အိမ်တော်၏အဆင့်အတန်းမှာ တော်ရုံတော့မဟုတ်မှန်း ခန့်မှန်းမိနိုင်ပေမည်။
သူမ၏ တြိဂံပုံ မျက်လုံးများဝယ် ယောက်ျားများအပေါ် တပ်မက်လောဘစိတ်များဖြင့် ပြည့်နှက်နေသယောင် ထင်ရသည်။ ယဲ့ကျွင်းလင်ကို စူးစိုက်ကြည့်နေပုံမှ နှုတ်ခမ်းထောင့်မှ သွားရည်ကျလုနီးပါးပင်။ ကောင်းကွက်ရှာပြောရလျှင် သူမ၏ ကျင့်ကြံဆင့်မှာ အံ့အားသင့်ဖွယ်ရာ ထိပ်တန်းအဆင့် စစ်မှန်သောမသေမျိုးအရှင်တစ်ပါး ဖြစ်သည်။ အသွင်အပြင်ကို ကြည့်ရုံမျှဖြင့် အကဲခတ်မရနိုင်လောက်သော စွမ်းရည်မျိုးပါပေ။
ပြိုင်ဘက်၏ ချီစွမ်းအင်သုံး ခြိမ်းခြောက်မှုအောက်တွင် ရွှေနီရောင်ချီလင်မြင်း ကိုးကောင်သည် မတတ်သာဘဲ ရပ်တန့်ပေးလိုက်ရကာ ဒေါသတကြီး အသံထွက်ဟီလာကြ၏။
“ဒီ ဘဲဥပုံအမျိုးသမီး၊ ဘာများအလိုရှိလို့ ကျွန်တော့်လမ်းကို ပိတ်ဆို့ထားရတာပါလဲ?” ယဲ့ကျွင်းလင် က မျက်ခုံးပင့်ကာ ယဉ်ကျေးသောလေသံဖြင့် မေးလိုက်သည်။
“ဘဲဥပုံ?!”
ခပ်ဝဝအမျိုးသမီး အံ့ဩသွားပြီး သူမ၏ နဖူးပေါ်မှ သွေးကြောများ ဖောင်းကြွလာကာ လေသံတင်းတင်းဖြင့်မေးသည်။ “မင်း ဒီသခင်မလေးကို ဝလို့ဆိုပြီး လှောင်ပြောင်ချင်တာလား?”
သူမ၏ အသံတွင် ဒေါသနှင့်အတူ သတ်ဖြတ်တိုက်ခိုက်လိုစိတ်ပါ ပါဝင်နေသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေတင်းမာမှုကြောင့် အောက်ရှိ အမျိုးသမီးများစွာ၏ မျက်နှာများ ဖြူဖျော့သွားပြီး ထို ခပ်ဝဝအမျိုးသမီးကို ကြောက်လန့်တကြား ငြိမ်ကြည့်နေကြ၏။
“ဒါ၊ ဒါက ပင်းရှီမင်းသားစံအိမ်ရဲ့ အကြီးဆုံးသခင်မလေးမဟုတ်လား!”
“သွားပြီ၊ သခင်လေးက မိစ္ဆာမရဲ့ ပစ်မှတ်ဖြစ်သွားပြီ!”
“ကျွန်မတို့ ဘာလုပ်သင့်လဲ? ဘယ်သူက သူ့ကို ဝင်ကယ်နိုင်မလဲ?!”
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အုတ်အော်သောင်းနင်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထို ခပ်ဝဝအမျိုးသမီးမှာ ယန်ကွမ်းရှုဖြစ်ပြီး ပင်းရှီမင်းသားစံအိမ်၏ သမီးတော်ဖြစ်သလို အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ တရားဝင်သမီးတော်လည်း ဖြစ်သည်။ မိဘများ၏ ဂုဏ်ပုဒ်အမွေအနှစ်ဖြင့်သူမတွင် အလွန်မြင့်မြတ်သော အဆင့်အတန်းတစ်ခု ရှိထား၏။
နတ်မိမယ်တိုင်းပြည်တွင် အထူးသဖြင့် တော်ဝင်မြို့တော်တွင် ပင်းရှီမင်းသားစံအိမ်၏ အဆင့်အတန်း မည်မျှမြင့်မားသည်၊ ၎င်း၏ အင်အား မည်မျှကြီးမားသည်ကို လူအများ ရှင်းရှင်းလင်းလင်း သိနားလည်ထားပြီသားပင်။
ပင်းရှီမင်းသားစံအိမ်၏ မူလအစကို ပြန်ပြောင်းပြောရလျှင် လွန်ခဲ့သောနှစ်များစွာက ယန်ကွမ်းရှု၏ မိခင်သည် တိုင်းပြည်အရှင်ဘုရင်မအတွက် ကြီးမားသော တာဝန်များစွာကို ထမ်းဆောင်ပေးခဲ့သူဖြစ်၏။ အနောက်ဘက်နယ်တကြောရှိ ပင်လယ်ပျော်မျိုးနွယ်စုတို့၏ ရှုပ်ထွေးမှုများကို အကြိမ်ကြိမ် နှိမ်နင်းပေးခဲ့ပြီး အောင်မြင်မှုများစွာကို ရွပ်ရွပ်ချွံချွံ ရယူပေးနိုင်ခဲ့သောကြောင့် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးဆိုသော ဘွဲ့ထူးအား ချီးမြှင့်ခံထားရခြင်းဖြစ်သည်။
အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ ကျင့်ကြံဆင့်သည် ခန့်မှန်းဖွင့်ဆိုမရလောက်အောင် နက်နဲပြီး သူမ၏ တိုက်ရည်ခိုက်ရည်ခွန်အားမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်သည်ကို လူတိုင်းသိကြသည်။ သူမသည် တော်ဝင်နန်းတော်၌ အတော်လေးသြဇာညောင်း၏။ တစ်ခါတစ်ရံတွင် သူမ၏တင်ပြလျှောက်လဲချက်တို့က ပြည့်ရှင်ဘုရင်မ၏ ဆုံးဖြတ်ချက်များကိုပင် လွှမ်းမိုးသက်ရောက်နိုင်ပြီး တော်ဝင်နန်းတော်၏ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဟု ဆိုပါကလည်း မှားနိုင်ဖွယ်ရာမရှိ။
ထို့အပြင် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ တရားဝင်သမီး ယန်ကွမ်းရှုမှာလည်း ကျားရဲလိုမိခင်၏ ထိန်းကျောင်းမှုအောက် အားနည်းချက်ဟူ၍ ထောက်ဆိုဖွယ်မရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ မွေးဖွားချိန်မှစ၍ ယနေ့ချိန်ခါအထိ သူမသည် နှစ်ပေါင်း ငါးထောင်ကြာ ကျင့်ကြံခဲ့ပြီးလေပြီ။ ဤကာလအတွင်း သူမသည် ကမ္ဘာကြီး၏ ကြီးမားသော အပြောင်းအလဲများကို အခွင့်ကောင်းယူ၍ ထိပ်တန်းအဆင့် စစ်မှန်သောမသေမျိုးအရှင် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့၏။
ယန်ကွမ်းရှုသည် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး မြတ်နိုးတန်ဖိုးအထားရဆုံး အမွေခံသမီးတော်ဖြစ်ကာ တစ်အိမ်လုံး၏ အလိုလိုက်ခံ သခင်မလေးလည်း ဖြစ်သည်။
အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ အလွန်အမင်း အလိုလိုက်မှုကြောင့် ယန်ကွမ်းရှုသည် မွေးရာပါ မာနကြီးပြီး အနိုင်ကျင့်တတ်သော အကျင့်ရှိကာ သူလုပ်ချင်ရာလုပ်ဖို့အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထည့်တွက်နေမည်မဟုတ်။ ဤနှစ်များတစ်လျှောက် သူမသည် နတ်မိမယ်တိုင်းပြည်၏ ဥပဒေများကို ချိုးဖောက်ကာ ပြဿနာများစွာကို ဖြစ်ပွားစေခဲ့သည်။ သို့သော် အကြိမ်တိုင်းတွင် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ အရှိန်အဝါကြောင့် သက်ဆိုင်ရာအရာရှိများမှာ အမှန်အမှားကို မျက်ကွယ်ပြုထားရုံသာတတ်နိုင်ခဲ့ပြီး အလျင်အမြန်သာ ကိုင်တွယ်ဖြေရှင်းပေးခဲ့ရ၏။
ဘယ်လိုပဲဖြစ်ဖြစ် ထိုအမျိုးသမီး၏မိခင်မှာ အနောက်ဘက်နယ်ငြိမ်းချမ်းရေးမင်းသမီး ဖြစ်သည်။ သွားစရဲစရာကိစ္စမဟုတ်။
ဤအကြောင်းကြောင့် တော်ဝင်မြို့တော်သားများသည် ယန်ကွမ်းရှုကို အလွန်ကြောက်ရွံ့ကြပြီး လျှို့ဝှက်နာမည်ပြောင်မှာ မိစ္ဆာမဟုခေါ်တွင်၏။
အသွင်အပြင်ကို တန်ဖိုးထားသော ဤနိုင်ငံတွင် ယန်ကွမ်းရှု၏ ခန္ဓာကိုယ်သည် လေထိုးထားသလို ဖောင်းပွပြီး မျက်နှာအသွင်အပြင်ပါမကျန် ရုပ်ဆိုးလှသော်လည်း သူမ၏ ခွန်အားနှင့် နောက်ခံကြောင့် တော်ဝင်မြို့တော်တွင် နေရာတကာ အထက်စီးဆန်နိုင်ပြီး မည်သူမှ သူမကို ခွဲခြားဆက်ဆံဝံ့ခြင်း မရှိပေ။
ကြောက်စရာအကောင်းဆုံးအရာမှာ ယန်ကွမ်းရှုသည် ယောက်ျားများကို အထူးနှစ်သက်ခြင်းဖြစ်၏။ သူမ၏ လက်ထဲသို့ ကျရောက်သွားရှာသော ယောက်ျားများသည် အလွန်ဆိုးဆိုးဝါးဝါး ဆော့ကစားခံရတတ်ပြီး နောက်ဆုံးတွင် စိတ်လွတ်ရူးသွပ်သွားရခြင်း သို့မဟုတ် စိတ်ပျက်အားငယ်စွာဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားရခြင်း နှစ်ခုထဲမှတစ်ခုသာ ဖြစ်တတ်ကြသည်။
ထိုအမျိုးသမီးမှ ယောက်ျားတစ်ယောက်ကို အာရုံကျသွားပြီ ဆိုလျှင်ဖြင့် ထိုယောက်ျားမှာ လွတ်လမ်းမရှိ မိစ္ဆာမ၏လက်ထဲ ကျရောက်ရပေတော့မည်။
ယခုအခါ ယဲ့ကျွင်းလင်သည် ချီလင်ပန်းရထားကို မောင်းနှင်၍ တော်ဝင်မြို့တော်ကို လှည့်လည်ကြည့်ရှုနေပြီး အရပ်ရပ်မှ အာရုံစိုက်မှုကို ရရှိနေသည်။ အသွင်အပြင်၏အားသာချက်ဖြင့် လူတိုင်း၏စိတ်နှင့်နှလုံးသားကို လွှမ်းမိုးဖမ်းစားနိုင်နေချိန်ဖြစ်၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာမ ယန်ကွမ်းရှု၏ အာရုံကိုလည်း ဆွဲဆောင်မိခဲ့လေသည်။
ယန်ကွမ်းရှုသည် သူမ၏ဘဝတစ်လျှောက်တွင် ယောက်ျားရာကျော်နှင့် ပေါင်းသင်းခဲ့ဖူး၏။ သို့သော် ဤကဲ့သို့ ရှားပါးသန့်စင်လှသည့် နတ်ဘုရားရုပ်ရည်လေးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ထို့ကြောင့် မြင်လျှင်မြင်ချင်းပင် အလွန်စိတ်လှုပ်ရှားသွားပြီး တစ်ဖက်လူကို အမြန်ဆုံးတားဆီးကာ ပင်းရှီမင်းသားစံအိမ်တော်သို့ ပြန်ပေးဆွဲပြီး ပျော်ပါးချင်စိတ်သာ ခေါင်းထဲရှိတော့လေသည်။
အမှန်တော့ ယန်ကွမ်းရှုသည် ချီလင်ပန်းရထားကို စီးနင်းနိုင်သော ယောက်ျားတစ်ဦးတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ နောက်ခံထောက်ပံ့မှု ရှိကိုရှိမည့်အကြောင်းကို ထည့်သွင်းစဉ်းစားခဲ့ပါသည်။ သို့သော် နဂါးပလ္လင်ပေါ်တွင် လက်ရှိစိုးစံနေသည့် အုပ်စိုးသူပြီးလျှင် ပင်းရှီမင်းသားစံအိမ် သည် အင်အားအကြီးဆုံးဖြစ်သောကြောင့် မိမိ၏လုပ်ရပ်မှ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင်ပင် ပင်းရှီမင်းသားစံအိမ်က ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မည်ဟု အပိုင်တွက်ထားလိုက်သည်။
အဆိုးဆုံးဖြစ်နိုင်ချေမှာ မိခင်ထံမှ ဆူပူကြိမ်းမောင်းခံရခြင်းသာဖြစ်ပေမည်။
ဘာတွေပဲ ဖြစ်လာဖြစ်လာ သူမရှေ့မှ ဤယောက်ျားကို ဒီညတော့ အိပ်ရာထဲအပါခေါ်ရမည်ဟု ယန်ကွမ်းရှုဆုံးဖြတ်ထားသည်။ သို့သော် ယခုအခါ တစ်ဖက်လူက ရဲတင်းစွာပင် သူမအား ဘဲဥပုံအမျိုးသမီးဟု ခေါ်ဆိုနေခဲ့လေပြီ။
ယန်ကွမ်းရှု၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ယဲ့ကျွင်းလင် ခပ်တည်တည်ပင်ပြန်ဖြေလိုက်သည်။ “ခင်ဗျားဘက်က ဒီလိုထင်မယ်ဆိုလည်း ကျွန်တော် ဘာမှဖြေရှင်းပေးစရာမရှိဘူး၊ ဒါပေမယ့် ခင်ဗျား ဘဲဥလိုအချိုးအစားဖြစ်နေတာတော့ အမှန်တရားပဲ။”
“ဪ၊ ဟုတ်သား၊ နောက်ပြီး သောက်ရုပ်ကလည်း အရမ်းဆိုးနေသေးတယ် အော့!”
ထိုစကားအဆုံးတွင် တော်ဝင်မြို့တော်ရှိ အမျိုးသမီး ကျင့်ကြံသူများ အားလုံး ကြောက်လန့်တုန်လှုပ်သွားကြပြီး အမှန်တရားကို ပြောထွက်ဝံ့သော ထိုသခင်လေးအတွက် ဝမ်းနည်းကြေကွဲပေးရုံအပြင် ဘာမှမတတ်နိုင်တော့ဟု အတွေးဝင်မိကြသည်။
သူမ၏မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ်အချိုးအစားကို လှောင်ပြောင်ထိပါးသော စကားလုံးများအား ယန်ကွမ်းရှု လုံးဝသည်းမခံနိုင်ကြောင်း လူတိုင်းသိကြသည်။ လူအများရှေ့တွင် အမှန်ကိုတည့်တိုးဆိုကာ သူမအားလှောင်ပြောင်ရဲသူတိုင်းမှာ သေသည်အထိနှိပ်စက်ခံရမည်မလွဲ။
“မင်း၊ မင်း!”
ယန်ကွမ်းရှု၏ ဒေါသသည် အမြင့်ဆုံးသို့ ရောက်ရှိသွားတော့၏။ နီရဲနေသော မျက်လုံးများမှာ သွေးများ ယိုစီးကျလာတော့မလိုပင်ထင်ရသည်။ ဒီလို သာမန်ယောက်ျားတစ်ဦးက သူမကို ဒီလိုစကားမျိုး ပြောဝံ့တာလား?
ယခင်ကဆိုလျှင် ယန်ကွမ်းရှုသည် နေရာတွင်ပင် ချက်ချင်းတိုက်ခိုက်ပေတော့မည်။ သို့သော် ဤအချိန်တွင် သူမသည် ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုက နှုတ်ခမ်းများထက် ကျယ်ပြန့်စွာဖြစ်တည်လာတော့၏။
“ကောင်းတယ်၊ အရမ်းကောင်းတယ်။ အခုတော့ ငါ မင်းကို မသတ်သေးဘူး။ လူလေးကဒီလောက်ချောနေတာကို၊ အရင်ဖမ်းပြီး ဖြည်းဖြည်းချင်း ပျော်ရသေးတာပေါ့။ ကစားရတာ ပျင်းလာတဲ့အခါ မင်းကို လူသားမီးကင်အဖြစ် ပြောင်းလဲပြီး တစ်ကိုက်ချင်း ကိုက်စားပစ်မယ်!”
ထိုစကားများထဲရှိ ကြောက်မက်ဖွယ်အဓိပ္ပာယ်ကို လူတိုင်းနားလည်နိုင်သည်။
သို့သော် မထင်ထားစွာပင်...
ယဲ့ကျွင်းလင်က မေးစေ့ကို ပွတ်သပ်ပြီး အံ့ဩနေဟန်လေသံဖြင့် ပြောလာသည်။ “ဟိုတစ်ယောက်နဲ့ အရမ်းဆင်တူနေတာပဲ။ ခင်ဗျားကို သူနဲ့တူတယ်လို့ ဘယ်သူကမှ မပြောဖူးဘူးလား…”
“မိစ္ဆာမကြီးဖိုခုန်းနဲ့လေ!”
(Jackie Chan Adventures ဆိုတဲ့ ကာတွန်းစီးရီးတွဲထဲက ဖိုခုန်း(Pokong) ဆိုတဲ့ မိစ္ဆာမကြီးပါ။ ဝဝလုံးလုံး ရုပ်ဆိုးဆိုးကြီးဖြစ်ပါတယ်။)
ယန်ကွမ်းရှု: “?”
မိစ္ဆာမကြီးဖိုခုန်းက ဘယ်သူလဲ? ငါလည်းတစ်ခါမှမကြားဖူးပါဘူး!
သို့သော် ‘မိစ္ဆာမကြီး' ဟူသောခေါင်းစဥ်ဖြင့်ပင် သူမကိုစော်ကားကဲ့ရဲ့နေခြင်းဖြစ်မှန်း ရှင်းလင်းစွာသိနိုင်ပေသည်။
“တော်ဝင်မြို့တော်မှာ ငါကိုခေါ်ကြတဲ့ လျှို့ဝှက်နာမည်ပြောင်ကတော့ မိစ္ဆာမကြီးတဲ့လေ"
ယန်ကွမ်းရှု ပြုံးလိုက်သည်။ သူမ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော စိတ်ကူးအရိပ်အယောင်များ လင်းလက်နေသည်။ “အခု ငါ မင်းကို ပင်းရှီမင်းသားစံအိမ်ကို ပြန်ခေါ်သွားပြီး ကျကျနနကို ပျော်ပါးဦးမယ်။ မင်း အော်ချင်သလောက် အော်လို့ရတယ်။ အော်ရင်း အသံဝင်သွားရင်တောင် ဘယ်သူမှလာပြီး ကူညီနိုင်မှာမဟုတ်ဘူး၊ ဟီးဟီးဟီးဟီး…”
ထိုသို့ပြောပြီး ရုတ်တရတ် သူ့ကိုလှမ်းဆွဲဖို့ ကြိုးစားလာတော့၏။
ထိုအချိန်တွင် ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာသည်။ “ယန်ဝတုတ်မ! ဒီမင်းသမီး နင့်ကို ရပ်ဖို့ အမိန့်ပေးတယ်!”
တုန်ဖန်းမုန့်ယောင်သည် အံ့ဩပြီး ဒေါသလည်းထွက်နေသည်။ ဤအမျိုးသမီးက သခင်လေးယဲ့ကို ပစ်မှတ်ထားရဲသည်လား?
ငယ်စဉ်ကလေးဘဝကတည်းက သူမသည် ပင်းရှီမင်းသားစံအိမ်ကို အမြဲတမ်း မုန်းတီးခဲ့သည်ပင်။ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်ပြီး သူမ၏မိခင်ကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့ရုံသာမက တရားဝင်သမီး ယန်ကွမ်းရှု၏ ရက်စက်မှုနှင့် မာန်မာနထောင်လွှားမှုတို့ကလည်း သူမကို အလွန်စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ဤရင်းနှီးသော နာမည်ပြောင်ကို ကြားသောအခါ ယန်ကွမ်းရှု ပထမဆုံး ဒေါသထွက်သွားသည်။ ထို့နောက် သူမသည် ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး မကောင်းဆိုးဝါးတစ်ကောင်လို လှည့်ပြုံးပြလိုက်၏။
“ဘယ်သူပါလိမ့်လို့၊ ကျွန်မတို့တော်ဝင်မင်းသမီး ဖြစ်နေတာကိုး။ နှစ်နှစ်ကြာတောင် မတွေ့ရတဲ့အတွက် မင်းသမီး တစ်နေရာရာမှာ ကံဆိုးမိုးမှောင်ကျနေလောက်ပြီထင်တာ"
နတ်မိမယ်တိုင်းပြည် တစ်ခုလုံးတွင် ဤ ပန်းရောင်ဂါဝန်နှင့် ဆံထုံးတွဲလွဲထုံးထားသော မိန်းကလေးတစ်ဦးတည်းသာ သူမကို ယန်ဝတုတ်မဟု ပွင့်ပွင့်လင်းလင်း ခေါ်ဝံ့သည်လေ။
“ဟမ့်!” အဒေါ်မေ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်သွားပြီး တုန်ဖန်းမုန့်ယောင်အားကာရပ်ပေးရင်း ယန်ကွမ်းရှုနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“နင်ပေါ်လာရင် နိမိတ်ကိုမကောင်းနေတာ!" တုန်ဖန်းမုန့်ယောင်က မုန်းတီးစက်ဆုပ်မှုကို ဖုံးကွယ်မထားဘဲ စိတ်လွတ်လက်လွတ်အော်လိုက်သည်။
ထို့နောက် သူမသည် ယဲ့ကျွင်းလင်ကို လှည့်ကြည့်လိုက်ပြီး စိုးရိမ်စိတ်ဖြင့်ဆို၏။ “သခင်လေးယဲ့၊ ထိခိုက်ထားတာရှိသေးလား? မကြောက်ပါနဲ့နော်၊ ကျွန်မ ကာကွယ်ပေးပါ့မယ်။”
“ဒါ့အပြင် ကျွန်မသိသွားခဲ့ပြီ။ ရှင်ခုနက ပြောခဲ့တဲ့စကားက ကျွန်မကို အရိပ်အမြွက်ပေးခဲ့တာပဲမဟုတ်လား၊ ကျွန်မအဖြေပေးချင်တာကတော့…”
“ကျွန်မ ရှင်နဲ့ အတူရှိချင်ပါတယ်!”
တုန်ဖန်းမုန့်ယောင်က အလွန်လေးနက်သောအသံဖြင့် ရဲဝံ့စွာ အဖြေပေးလိုက်တော့သည်။
ယဲ့ကျွင်းလင်က သူမကို ကြောင်တောင်တောင်ပြန်ကြည့်နေသည်။
ဘာတွေလဲ?
ဟိုက်ရှားလပတ်