← Chapters

သတင်းကောင်းနဲ့ သတင်းဆိုး

Vol. 33 Ch. 450

သတင်းကောင်းနဲ့ သတင်းဆိုး

Vol. 33 Ch. 450

နားလည်သဘောပေါက်နိုင်စွမ်းကတော့ အမှတ်ပြည့်ပဲဟေ့။

“ဟားဟားဟား၊ ဒီလိုမြင်ရရှားတဲ့ ရတနာတစ်ပါး တော်ဝင်မြို့တော်မှာ ဘယ်လိုပေါ်လာတာလဲလို့ အံ့ဩနေတာ၊ ဒါက မင်းသမီး ကိုယ်တိုင် ရှာတွေ့တာကိုး! ဒီနှစ်နှစ်အတွင်း အပြင်မှာ ပတ်ကစားရတာ အတော်မှပျော်ခဲ့ရဲ့လား?”

တုန်ဖန်းမုန့်ယောင်တစ်ယောက် ယဲ့ကျွင်းလင်ကို နက်နက်နဲနဲ စိုးရိမ်နေသည်ကို မြင်သောအခါ ယန်ကွမ်းရှုသည် နှစ်ဦးကြားက ဆက်ဆံရေးကို ချက်ချင်း နားလည်သွားသည်။ မနာလိုစိတ်က လူကိုမျက်စိမျက်နှာပျက်စေကာ ချဥ်စူးနေသောစကားသံတွင် လှောင်ပြောင်ရိပ်တို့ အပြည့်ပါဝင်လေ၏။

“ယန်ဝတုတ်မ၊ နင့်အပြုအမူတွေကို သတိထား။ ငါက နတ်မိမယ်တိုင်းပြည်ရဲ့ တော်ဝင်မင်းသမီးပဲ၊ ငါ ဘာလုပ်လုပ် နင့်ကို တင်ပြနေစရာ မလိုဘူး!” တုန်ဖန်းမုန့်ယောင်က သူမကို စူးစူးဝါးဝါးကြည့်ပြီး ဒေါသတကြီး အော်လိုက်သည်။

“ဟမ့်၊ လျှာတွေသွက်လှချည်လား!”

ယန်ကွမ်းရှုက ပြုံးပြီး ခြိမ်းခြောက်သည်။ “အဲ့လောက်သွက်နေတဲ့ပါးစပ်ကို တစ်နေ့နေ့ကျ ဆုတ်ဖြဲပစ်ဦးမယ်!”

“မင်း ဘယ်လိုတောင်ပြောရဲတာလဲ၊ မင်းသမီးကို မရိုမသေလုပ်တာလား!” အဒေါ်မေ ဒေါသထွက်သွားသည်။ ထို့နောက် သူမ၏ ကျောက်စိမ်းလို ပိန်သွယ်ဖြူဝင်းသောလက်ကို မြှောက်လိုက်သောအခါ တောက်ပသော မသေမျိုးအရှင်အလင်းသည် ဇီးပန်းရောင်နှင့်အတူ လွင့်ပျံလာပြီး ဖူးပွင့်ဝေဆာနေသော ဇီးပန်းခက်က သူမ၏လက်ဖဝါးထက်တွင် ပုံပေါ်လာခဲ့၏။ ၎င်းကို ကိုင်မြှောက်ကာ ယန်ကွမ်းရှုကို အသင့်ချိန်ရွယ်လိုက်သည်။

အဆုံးမဲ့ ဇီးပန်းဓားစိတ်ဆန္ဒသည် အကိုင်းအခက်၏ အဖျားတွင် စုဝေးပြီး နှင်းကဲ့သို့ အဖြူရောင်ဓားအလင်းကို ထုတ်လွှတ်နေသည်။ ၎င်းသည် လေဟာနယ်ကို ချက်ချင်းဖြတ်သန်းတိုးထွက်ကာ ပစ်မှတ်အား အပိုင်းပိုင်းဖြတ်ပစ်တော့မည့်ဟန်ဖြင့် မာန်သွေးကြွလျက်ရှိ၏။

“ဟဲဟဲ၊ နာမည်ကျော် ဇီးပန်းကောင်းကင်ဘုံမသေမျိုးအရှင်၊ မင်း အခု ငါနဲ့တိုက်ဖို့ ဟန်ပြင်နေပြီပေါ့လေ?”

ယန်ကွမ်းရှု၏ မျက်နှာတွင် ဆိုးသွမ်းယုတ်မာသော အပြုံးတစ်ခု ရှိနေသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် လေဟာနယ်ကို ဆွဲမွှေ့လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအပြည့်နှင့် လတ်ဆတ်သော သွေးများ စွန်းထင်းကျန်ရစ်သည့် နီရဲသော ဧရာမတူနှစ်ချောင်း ပေါ်ထွက်လာသည်။ ထိုလက်နက်နှစ်ခု သူမ၏လက်ထဲ နေရာတကျရောက်ရှိသွားချိန်၌ ပတ်ဝန်းကျင်ဝယ် လေသံပြင်းပြင်းနှင့် မိုးခြိမ်းသံတို့ သဲ့သဲ့အော်မြည်လာတော့၏။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ ချစ်မြတ်နိုးရဆုံး တရားဝင်သမီးတော်တစ်ပါးအနေဖြင့် သူမသည် အကြီးအကဲများ၏နောက်တွင် တပ်ကြပ်မကွာ ပညာသင်ယူရင်း စစ်ပွဲကြီးငယ်များစွာကို တိုက်ခိုက်ဖူးခဲ့သည်။ အနောက်ဘက်နယ်အစွန်းမှ ပင်လယ်မျိုးနွယ်စုနှင့် အဆုံးမရှိသော စစ်ပွဲများစွာတွင် ပါဝင်ခဲ့သောကြောင့် တိုက်ပွဲအတွေ့အကြုံ အလွန်ကြွယ်ဝသည်ဟု ဆိုရပေမည်၊

ထို့ကြောင့် နတ်မိမယ်တိုင်းပြည် တစ်ခုလုံးတွင် နာမည်ကျော်ကြားသော ဇီးပန်းနတ်သမီးကို ရင်ဆိုင်ရချိန်တွင်ပင် ယန်ကွမ်းရှုသည် ပူပန်ကြောက်ရွံ့ခြင်းကင်းစွာဖြင့် တစ်ဖက်လူ၏အစွမ်းအစအား စမ်းသပ်လိုစိတ်ထက်သန်နေခဲ့၏။

“မင်းတို့ရဲ့ ပင်းရှီမင်းသားစံအိမ်က တော်ဝင်မိသားစုကို မျက်စိထဲမှ ထည့်သေးရဲ့လား?” အဒေါ်မေက ရေခဲရိုက်ထားသကဲ့သို့ အေးစက်ခဲသက်နေသောမျက်နှာထားဖြင့် ကြိမ်းမောင်းသည်။

နှစ်နှစ်ကြာ ကွဲကွာပြီးနောက် ဤမိစ္ဆာမသည် ပို၍ပင် မိုက်မဲရိုင်းစိုင်းလာပြီး မင်းသမီးကိုပင် ခြိမ်းခြောက်ဝံ့လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဤသည်မှာ တိုင်းပြည်ဧကရီကို မျက်နှာတည့်တည့်ဖြတ်ရိုက်ခြင်းနှင့် မခြား။

“ဇီးပန်း ကောင်းကင်မသေမျိုးအရှင်၊ အဲ့ဒီကိစ္စကို ငါ့အပေါ်အပစ်လွှဲချဖို့မကြိုးစားနဲ့။ ပင်းရှီမင်းသားစံအိမ်ဟာ တော်ဝင်မိသားစုအပေါ် အမြဲတမ်း သစ္စာရှိပြီး ဧကရီအပေါ်ကိုလည်း အကြွင်းမဲ့သစ္စာတရားနဲ့ တာဝန်ထမ်းဆောင်ပေးနေတာ၊ ဒါပေမဲ့ ဆက်ခံသူမင်းသမီးက အလွန်ငယ်ရွယ်သေးပြီး တော်ဝင်နန်းတော်ကလည်း သူမကိုဂရုတစိုက်ပျိုးထောင်ပေးခြင်း မရှိဘူးလေ။ ဒါကြောင့် ဧကရီနေရာကို အစားယူပြီး သူမကို သေချာသင်ကြားပေးရမလား စဥ်းစားမိတာပေါ့!”

ယန်ကွမ်းရှုသည် မလျော့သောယုံကြည်မှုဖြင့် ပြန်လည်လှောင်ပြောင်လိုက်သေး၏။

“ပုန်ကန်တဲ့ အပြစ်သားတိရိစ္ဆာန်တွေ!” အဒေါ်မေက ကျိန်ဆဲသည်။

“ယန်ဝတုတ်မ၊ နင် ရဲတင်းလှချည်လား!” တုန်ဖန်းမုန့်ယောင်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်ယင်နေခဲ့လေပြီ။ ပင်းရှီမင်းသားစံအိမ်သည် တော်ဝင်မိသားစုအပေါ် ဤမျှအထိ အထင်သေးနေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမ မရှိသည့် နှစ်နှစ်တာအတွင်း တော်ဝင်နန်းတော် မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ?

တော်ဝင်မြို့တော်၏ ဂုဏ်သရေရှိ အမျိုးသမီးနှစ်ဦး အချင်းချင်းရင်ဆိုင်နေကြသော မြင်ကွင်းသည် တော်ဝင်မြို့တော်ရှိ များစွာသော အမျိုးသမီးကျင့်ကြံသူများကို ထိတ်လန့်သွားစေသည်။ ပါးနပ်သူများကတော့ အခြေအနေကိုသုံးသပ်ရာမှ တုန်ဖန်းမုန့်ယောင်၏နောက်ခံအား ချက်ချင်းသိရှိလိုက်ကြ၏။

မကြာသေးမီက အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ အင်အားမှာ အလွန်သန်မာအားကောင်းလာရာမှ တော်ဝင်နန်းတော်ရှိ ဧကရီ၏ အာဏာကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့ပြီး ပုန်ကန်မှုများကို ကျူးလွန်ခဲ့သည်ဟု ကြားသိခဲ့ရသည်။ ပြည်သူများမှာ မူလက ကောလာဟလတစ်ခုသာဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း ယခု ယန်ကွမ်းရှု၏ လုပ်ရပ်များကို ကိုယ့်တွေ့မြင်ရသောအခါ ဤသတင်းမှာ မှန်ကန်နိုင်သည်ဟု ရုတ်တရက် ခံစားမိလိုက်ကြ၏။

ပင်းရှီမင်းသားစံအိမ်၏ လက်ရှိအာဏာမှာ တော်ဝင်နန်းတော်ကို အမှန်တကယ်စိန်ခေါ်နေခဲ့သည်ပင်။

ညကောင်းကင်ယံအထက်တွင် ရန်သူနှစ်ဖက်ကြားက သတ်ဖြတ်လိုစိတ်မှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။

တိုက်ခိုက်မှုမစမီ ယန်ကွမ်းရှုသည် ယဲ့ကျွင်းလင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ထူးဆန်းရူးသွပ်သော အပြုံးတစ်မျိုးဖြင့် ဆို၏။ “လူငယ်လေး၊ ငါ သူတို့ကို ကိုင်တွယ်ပြီးတာနဲ့ မင်းကို ပင်းရှီမင်းသားစံအိမ်ဆီ ပြန်ပေးဆွဲပြီး ဖြည်းဖြည်းချင်း ပျော်ပါးမယ်။”

“ဟူး!”

ယဲ့ကျွင်းလင် သက်ပြင်းချလိုက်သည်။ “တစ်ခုတော့မှတ်ထား၊ နောက်ဖြစ်လာမယ့်ကိစ္စတွေရဲ့ အဓိကတရားခံက မင်းပဲ။”

“ရှောင်ဟုန်။”

“လာပါပြီ!”

ဟုန်ချန်ယဲ့သည် ဘေးတစ်ဖက်တွင် ရုတ်တရတ်ပေါ်လာပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။

“ဒီတစ်ယောက်ကို ရှင်းလိုက်။”

ယဲ့ကျွင်းလင်၏ လေသံသည် ပေါ့ပေါ့ပါးပါးပင်၊ အမှိုက်ပုံတစ်ပုံ မျက်စိရှေ့ကန့်လန့်ရောက်နေသဖြင့် ရှင်းလင်းဖို့စေခိုင်းနေဟန်ရသည်။ မိစ္ဆာမကြီးဖိုကုန်းနှင့်တူသောသူတစ်ဦးကို ကိုယ်တိုင် ကိုင်တွယ်ရန် သူ စက်ဆုပ်သည်။ လက်များညစ်ပတ်ကုန်တော့မည်ဟု ခံစားရ၏။

“ဟုတ်ကဲ့!”

အမိန့်ကို လက်ခံရရှိပြီးနောက် ဟုန်ချန်ယဲ့သည် ခေါင်းလှည့်ပြီး ယန်ကွမ်းရှုကို အေးစက်စွာ ကြည့်လိုက်သည်။ “မင်းမိဘတွေအတွက် နောက်ဆုံးအမှာစကား ပြောကြားဖို့ သုံးစက္ကန့် အချိန်ပေးမယ်။”

လူတိုင်း၏ အမြင်တွင် ဤ အနီရောင်ဝတ်ရုံနှင့် ငွေရောင်မျက်နှာဖုံးတစ်ခြမ်းကို ဝတ်ဆင်ထားသော အမျိုးသမီးသည် တမူထူးခြားသောအအေးဓာတ်နှင့် ခန့်မှန်းမရသော အင်အားကြီးမားမှုကို ဖော်ဆောင်နေပြီး လေသံမှာလည်း ပြန်လည်တုပဖို့ မရဲဝံ့စရာ။

ယန်ကွမ်းရှု ရုတ်တရက် ကြက်သေသေသွားပြီး သူမ၏ ရင်ထဲတွင် ရှင်းပြ၍မရသော အန္တရာယ်အာရုံခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။

ဒီအနီရောင်ဝတ်ရုံဝတ် အမျိုးသမီးကို ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ? ပြီးတော့ သူမ ထုတ်လွှတ်လိုက်တဲ့ ဖိအားက သူမရဲ့ အမေထက်တောင် ပိုကြောက်စရာကောင်းနေသလိုလို…

သို့သော် လက်ရှိအခြေအနေအရ ယန်ကွမ်းရှုသည် မာန်တင်း၍ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး ပြန်လည်လှောင်ပြောင်လိုက်သည်။ “ကောင်မ၊ ဘယ်သူ့ကိုလာပြီး ခြိမ်းခြောက်နေတာလဲ? အဲ့ဒီနောက်ဆုံးစကားက နင်ပြောရမှာ!”

ထိုသို့ပြောပြီးနောက် သူမသည် နီရဲရဲ ဧရာမတူနှစ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ အရှိန်အဝါတစ်ခုလုံးကို ဖြန့်ချလိုက်သကဲ့သို့ ဖိအားက ချက်ချင်း မြင့်တက်လာပြီး ဟုန်ချန်ယဲ့ဆီသို့ တည့်တည့်ပျံသန်း၍ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ နီရဲဖောင်းပြည့်နေသော မျက်နှာတစ်ပြင်လုံးမှာ မကောင်းဆိုးဝါးအလား ထင်မှတ်ရ၏။

“အချိန်ကျပြီ။”

ဟုန်ချန်ယဲ့ တစ်ချက်ပင်ဖြုံမသွားဘဲ အင်္ကျီလက်ဖျားစကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ ထိုစဥ် မမြင်နိုင်သော အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအဟုန်တစ်ခု ထွက်ပေါ်လာပြီး ထိုဘဲဥပုံခန္ဓာကိုယ်အား ဖုံးအုပ်သိုင်းရစ်လိုက်တော့၏။

“ဘာ?!”

ယန်ကွမ်းရှုသည် သူတို့နှစ်ဦးကြားက ခွန်အားကွာခြားမှုကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူမ၏ မျက်စိသူငယ်အိမ်များ ကြောက်လန့်တကြား ကျုံ့သွားပြီး ထူထဲသော မိတ်ကပ်မျက်နှာထက် ကြောက်ရွံ့မှုများ ပေါ်ထွက်လာသည်။ ထို့နောက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။

“အား!!!”

ဤမိုက်မဲသော အမျိုးသမီးမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ရုတ်တရက် မီးလောင်ကျွမ်းသွားပြီး အမြ န်ဆုံးနှုန်းဖြင့် ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။ သူမ၏ ဝိညာဥ်အမြစ်မှာ လုံးဝပျက်စီးသွားခဲ့ရလေပြီ။

တိတ်ဆိတ်သွားခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံမျှပင် မကြားရနိုင်။

ကျယ်ပြောလှသော တော်ဝင်မြို့တော်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့သည်။ များစွာသော အမျိုးသမီး ကျင့်ကြံသူများ တအံ့ဩဖြစ်သွားကြပြီး အမြင်များလှည့်စားခံရလေသလားဟု ထင်မှတ်သွားခဲ့ရ၏။ သို့သော် ထိုအဖြစ်အပျက်မှာ လက်တွေ့အမှန်တရားဖြစ်သည်ဟု အတည်ပြုပြီးနောက် သူတို့အားလုံးစိတ်နှင့်လူမကပ်နိုင်ဖြစ်ကြကာ ဦးရေပြားများ ပေါက်ကွဲလုနီးပါး လန့်ဖျပ်သွားရသည်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ အချစ်ဆုံး တရားဝင်သမီး ယန်ကွမ်းရှုသည် ဤမျှလွယ်လွယ်လေး သေဆုံးသွားသည်လား?

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” အဒေါ်မေသည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး သူမ၏ ဆံပင်များ ထောင်ထသွားခဲ့သည်။ သူမသည် ဟုန်ချန်ယဲ့ကို မိစ္ဆာကောင်တစ်ကောင်ကို ကြည့်သကဲ့သို့ အလန့်တကြားကြည့်လိုက်မိသည်။

ယန်ကွမ်းရှုသည် အင်အားကြီးသော ထိပ်တန်းအဆင့် စစ်မှန်သောမသေမျိုးအရှင်တစ်ဦးဖြစ်သောကြောင့် အဒေါ်မေပင် သူမကို နှိမ်နင်းနိုင်ရန် မသေချာခဲ့ပေ။ အထူးသဖြင့် သတ်ဖို့ရန်မှာ ပို၍ပင် မသေချာခဲ့။ သို့သော် ယခုအခါ နောက်ခံရင်းမြစ်မသိရသော ဤ အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် သူမ၏ အင်္ကျီလက်ဖျားစကို အနည်းငယ်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် တစ်ဖက်လူအား ဤလောကမှ ထာဝရဖယ်ရှားပစ်နိုင်ခဲ့လေသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် ခြေရာလက်ရာမျှပင် မချန်လှပ်ထားခဲ့ပေ။ ဤကဲ့သို့သော လုပ်ရပ်ကို လုပ်ဆောင်ရန် ထိုအမျိုးသမီးမှာ မည်မျှအထိ အင်အားကြီးမားလောက်မည်နည်း?

အဒေါ်မေ ထိုအကြောင်းကို တွေးမိလိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားပြီး သူမ၏ နဖူးပေါ်တွင် ပဲစေ့အရွယ် ချွေးစက်များ စီးကျလာခဲ့သည်။ ဤလူတစ်စု၏ နောက်ခံအား အလွန်အမင်း အထင်အမြင်သေးခဲ့မိကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

တုန်ဖန်းမုန့်ယောင်လည်း မှင်တက်သွားသည်။

သူမသည် ဟုန်ချန်ယဲ့ကို အကြာကြီး ကြောင်တောင်တောင်ကြည့်နေပြီး ခေါင်းထဲတွင် ရှုပ်ထွေးနေသောအတွေးများဖြင့် တဝီဝီမြည်နေခဲ့သည်။

တော်ဝင်မြို့တော်၏ အပြင်ဘက်တွင် ထိုသို့သော ပြိုင်ဘက်ကင်း အင်အားကြီးသူများ ရှိနေသည်လား?

အဆိုးဆုံးအချက်မှာ အခြားတစ်ဖက်သည် သခင်လေးယဲ့၏ အမိန့်ကို တသွေမတိမ်းနာခံခဲ့ခြင်းပင်။ အကယ်၍ အဆင့်အတန်းက ထိုသို့အထက်အောက်ကွာဟနေလျှင် သခင်လေးယဲ့ကပို၍ပင်…

သူမ၏ အတွေးများ ရှုပ်ထွေးသွားပြီး တုန်ဖန်းမုန့်ယောင်သည် ခေါင်းကိုချာခနဲနေအောင် လှည့်ကြည့်မိလိုက်၏။ မိမိနှင့် ရင်းနှီးသယောင်ရှိသော်ငြား အချက်အလက်တစ်ခုမှာ ဖော်ထုတ်အသိပေးထားခြင်းမရှိသော ဤလူငယ်ကို မယုံနိုင်စွာစိုက်ကြည့်ရင်း သူမ၏ နှလုံးသားမှာ ကြည်နူးခြင်းကင်းစွာ တဒိန်းဒိန်း ခုန်လှုပ်နေခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေသည် သူမ သိနားလည်ထားပြီးသား အရာအားလုံးကို ကျော်လွန်ဖောက်ဖျက်လိုက်ခြင်းပင်။

ဒုန်း ဒုန်း ဒုန်း~!!!

ယန်ကွမ်းရှု သေဆုံးပြီးနောက် တော်ဝင်မြို့တော်တွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ပေါက်ကွဲထွက်လာသည်။ လူအများမှာ နားစည်ထိမြင့်တက်လာသော အသံကြောင့် ခေါင်းမူးသွားရပြီး ကြောက်ရွံ့မှုကိုလည်း သိသိသာသာခံစားမိရ၏။ ထို့နောက် အသံ၏ ရင်းမြစ်ဖြစ်သော ပင်းရှီမင်းသားစံအိမ်ဆီသို့ တပြိုင်တည်း အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။

All Chapters