အခန်း (၄၅၁)
Vol. 33 Ch. 451
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ပင်းရှီမင်းသားစံအိမ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး အမျက်ဒေါသအပြည့်ဖြင့် အော်ဟစ်သံသည် မိုင်ထောင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားခဲ့သည်။ ညကောင်းကင်ယံရှိ လသည်ပင် တုန်ခါသွားခဲ့သယောင်။
“ဘယ်သူက ငါ့သမီးကို သတ်တာလဲ?!”
ကောင်းကင်နှင့် မြေပြင်သည် သိသိသာသာ မှုန်မှိုင်းသွားခဲ့ပြီး မိုးခြိမ်းသံများ ဆူညံသွားခဲ့သည်။
မီးခိုးလုံးတစ်ခုနှယ် သဏ္ဍာန်ရှိသော ချီရောင်စုံအလင်းတန်းတစ်ခုမှာ ကောင်းကင်သို့ တည့်တည့်ပစ်လွှတ်လိုက်သကဲ့သို့ ရွှီးခနဲမြင့်တက်သွားကာ မိုးထိမတတ်မြင့်မားသောတစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုကို ပုံပေါ်လာခဲ့သည်။
သူမ၏ ခန္ဓာကိုယ်သည် ခပ်ဝဝနှင့် ဖောင်းပွနေပြီး အရပ်မှာ သုံးမီတာနီးပါးရှည်လျားသည်။ ထူထဲပြီး ရေတံခွန်ကဲ့သို့ ပျော့ပျောင်းစွာကျဆင်းနေသည့် ဆံပင်များသည် လေထဲတွင် အရိုင်းဆန်စွာ လွင့်ပျံနေလျက်။ ဖောင်းပြည့်နေသောမျက်နှာကြီးနှင့် နှာခေါင်းနှင့်ပါးစပ်တို့မှာလည်း ပုံပျက်ပန်းပျက် ပွယောင်းပြဲထွက်နေကာ သားရဲကဲ့သို့ တင်းတင်းဖိကြိတ်ထားသော သွားစွယ်များကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
သူမ၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းစွာ နီစွေးနေပြီး သွေးရောင်တောက်ပသော ချီစွမ်းအင်မှာလည်း သတ်ဖြတ်လိုစိတ်အား ပြင်းထန်စွာထုတ်လွှတ်နေသည်။
သူမသည် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးဆိုသူ ဖြစ်၏။ ယန်ကွမ်းရှုသာ သူမ၏ ဘေးတွင် ကပ်ရပ်နေပါက ချစ်စရာပုံစံငယ်အသေးစားလေးပင် ဖြစ်နေပေဦးမည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မိခင်အရင်းကသာ မိစ္ဆာမကြီးဖိုကုန်း ဟု အခေါ်ခံထိုက်သူ ဖြစ်သောကြောင့်ပင်။
အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် အလွန်ဒေါသထွက်နေခဲ့သည်။ သူမသည် လျှို့ဝှက်ခန်းတစ်ခုတွင် ကျင့်စဥ်ကို ငြိမ်းချမ်းစွာအသက်သွင်းကာ ကျင့်ကြံနေခဲ့သော်လည်း ရုတ်တရက် သူမ၏ သမီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်း အာရုံခံမိလိုက်ခြင်းပင်။ တန်ဖိုးအထားရဆုံး အမွေဆက်ခံသူ သမီးတော်မှာ မည်မည်ရရ အကြောင်းရင်းမရှိဘဲ သေဆုံးသွားရခဲ့လေသလော။
ထိုးတက်လာသော ဒေါသမီးဖြင့် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး တွင် သတ်ဖြတ်တိုက်ခိုက်လိုစိတ်မှလွဲ၍ တခြားမရှိတော့။ ဘယ်သူက ဒီလောက်ရဲတင်းရသနည်း?
သွေးနီရောင်မျက်လုံးကို တစ်ပတ်လှည့်လိုက်ချိန်တွင် တုန်ဖန်းမုန့်ယောင်ကို အထင်းသားတွေ့လိုက်ရသည်။
“မင်းသမီးလုပ်တာလား?”
အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူမ၏ ဘေးရှိ အဒေါ်မေကို တစ်ချက်ကြည့်လိုက်သည်။ ပြဿနာအဆင့်ဆင့်ကို ချိတ်ဆက်မိလိုက်ပုံရပြီး အေးစက်သော အသံဖြင့် မုန်းတီးစွာ မေးခွန်းထပ်ထုတ်၏။ “ဒါက ဧကရီရဲ့ အလိုဆန္ဒလား…?”
သူမ၏ အမြင်တွင် အဒေါ်မေသည် ဧကရီ၏ အတွင်းလူယုံတစ်ယောက်ဖြစ်ပြီး ထိုနေရာတွင် သူမတစ်ဦးတည်းသာ သမီးဖြစ်သူကို သတ်ဖြတ်နိုင်ဖို့ ခွန်အားရှိသည်။ ထို့ကြောင့် ဤကိစ္စသည် ဧကရီနှင့် မလွဲမသွေ ဆက်စပ်နေရမည်။
ပုန်ကန်လိုသော အတွေးများ ကြာမြင့်စွာကတည်းက ရှိနေခဲ့သော အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် အချင်းချင်းကြား ဆက်ဆံရေးတို့ စိမ်းကားစွာပြတ်တောက်သွားမည့် အနာဂတ်တစ်ချိန်အား အမျိုးမျိုး ခန့်မှန်းထားခဲ့သော်လည်း ဤသို့ အဆောတလျင် ရုတ်တရက် ဖြစ်ပေါ်လာပြီး သမီးဖြစ်သူ၏အသက်ကိုပင် မဆိုင်းမတွနှုတ်ယူသွားလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
“ဘာပဲဖြစ်ဖြစ် ငါ့သမီးကို သတ်တဲ့ လူသတ်သမားက သေကိုသေရမယ်!”
ဒေါသထွက်နေသော အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ မျက်လုံးများသည် သွေးနီရောင် အလင်းဖြင့် ပေါက်ကွဲထွက်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိပ်တန်းအဆင့် ကောင်းကင်ဘုံမသေမျိုးအရှင်၏ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်ကာ တုန်ဖန်းမုန့်ယောင်တို့ လူစုဆီသို့ သတ်ဖြတ်လိုစိတ်ဖြင့် ဦးတည်သွားခဲ့သည်။
“မင်းသမီး၊ သတိထား!”
အဒေါ်မေမှာ သိသိသာသာမျက်နှာပျက်သွားခဲ့ပြီး တုန်ဖန်းမုန့်ယောင်ကို ကာကွယ်ရန် ရှေ့သို့အမြန်တက်လိုက်သည်။ တစ်ဖက်ရန်သူမှာ ဧကရီကိုပင် စိန်ခေါ်နိုင်သော အာဏာရှင် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးဖြစ်ပြီး ပြိုင်ဘက်ကင်းခွန်အားကို ပိုင်ဆိုင်ထားသူလည်းဖြစ်၏။
နောက်တစ်စက္ကန့်အကြာတွင်။
အလွန်အေးစက်ပြတ်သားသော အမျိုးသမီးအသံတစ်ခုသည် တော်ဝင်နန်းတော်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ “အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၊ ငါ့သမီးကို ထိရဲလား?”
အုန်း အုန်း အုန်း!!!
တော်ဝင်နန်းတော်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားပြီး ရွှေရောင်သက်တန့်အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ တည့်တည့်ထိုးတက်လာခဲ့ကာ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ တိုက်ခိုက်ရေးလမ်းကြောင်းကို ကြားဖြတ်လိုက်သည်။
တောက်ပသောအလင်းတန်း ပျောက်ကွယ်သွားသောအခါ ပြိုင်ဘက်ကင်းအလှတရားဖြင့် အမျိုးသမီးတစ်ဦးသည် လေထဲတွင် ရပ်နေသည်ကို မြင်တွေ့ရပေမည်။ သူမသည် ခမ်းနားသော ဖီးနစ်ပုံရွှေချည်ထိုးထားသည့် ဧကရီဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော ရွှေချည်ပိုးနှင့် ကျောက်စိမ်းပုလဲများဖြင့် တန်ဆာဆင်ပြုလုပ်ထားသော သရဖူကို ဆောင်းထားသည်။ အသွင်အပြင်နှင့် အမူအရာအရ သူမသည် အသက်အနည်းငယ်ရနေပြီဖြစ်ကြောင်း ခန့်မှန်းမိနိုင်သော်လည်း ဇရာသည် ဆွဲဆောင်မှုကို တားဆီးဖုံးကွယ်ဖို့ရာ မတတ်နိုင်ခဲ့ပါ။
သူမ၏ မျက်ခုံးများကြားတွင် ထက်မြက်စူးရှသော အာဏာအရိပ်အယောင်ကို ထိုးသွင်းဖော်ပြထားသလိုထင်ရပြီး ဓားသွားကဲ့သို့ ထက်ရှသောအကြည့်များကြောင့် အကြည့်ချင်းဆုံဖို့ရာပင် ခက်ခဲစေသည်။
နတ်မိမယ်တိုင်းပြည်၏ ဧကရီ၊ တုန်ဖန်းကျင်း!
ဤခန့်ညားပြီး သိက္ခာရှိသော ပုံရိပ်ကို မြင်သောအခါ တုန်ဖန်းမုန့်ယောင်သည် တအံ့တသြအော်လိုက်မိ၏။ “အမေ၊ အမေ ရောက်လာပြီ!”
တုန်ဖန်းကျင်း၏ အရှိန်အဝါတွင် စုစည်းပါဝင်နေသော တိုင်းပြည်ကံကြမ္မာကို ခံစားမိသောအခါ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ မျက်လုံးများသည် စိုးရိမ်ပူပန်လာဟန်ရှိသော်ငြား မုန်းတီးနာကျည်းမှုက အလျင်အမြန် အစားထိုးနေရာယူသွားခဲ့သည်။ သူမ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“တုန်ဖန်းကျင်း၊ ငါ၊ ဒီမင်းသမီး၊ ငါ့ဘဝတစ်ခုလုံး နိုင်ငံတော်အတွက် အမှုထမ်းခဲ့ပြီး စစ်ပွဲအလီလီ ဆင်နွှဲခဲ့ရတယ်။ အခုတော့ မင်းက ငါ့ရဲ့အချစ်ဆုံးသမီးကို သတ်ဖို့အထိ အမိန့်ပေးခဲ့တယ်လား! ဒါ ဘာအဓိပ္ပာယ်လဲ?!”
အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ စိတ်ခံစားမှုများသည် ထိန်းချုပ်မရတော့ပေ။ တစ်ဖက်မှ စကားတစ်ခွန်းမှားထွက်ပါက သေသည်အထိတိုက်ခိုက်ဖို့ကို သူမအသင့်ပြင်ထားပြီးလေပြီ။
တုန်ဖန်းကျင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ ယခုအထိသည်းခံခဲ့ရသည့် အကြောင်းရင်းမှာ အခြေအနေများက ပြင်ဆင်မရသည်အထိ ဆိုးရွားသွားခဲ့ပါက တိုင်းပြည်နှစ်ခြမ်းကွဲကာ တစ်ဖက်နှင့်တစ်ဖက် သေသည်အထိတိုက်ခိုက်ဖို့မှလွဲ တခြားလမ်းမကျန်တော့သောကြောင့်ပေ။
ထိပ်တန်းအဆင့် ကောင်းကင်မသေမျိုးအရှင် ကျင့်ကြံဆင့်ရှိသော တစ်ဖက်လူသည် နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးဖို့ ရွေးချယ်လိုက်ပါက တော်ဝင်မြို့တော် တစ်ခုလုံး လုံးဝပျက်စီးသွားလိမ့်မည်မှာ သေချာပြီး သူမကိုယ်တိုင်ပင် အသက်ရှင်နိုင်ချေမရှိ။
ထို့ကြောင့် တုန်ဖန်းကျင်းသည် ပင်းရှီမင်းသားစံအိမ်တော်နှင့် ပက်သက်သမျှကို ကိုင်တွယ်ရာ၌ အမြဲတမ်း အလွန်အမင်း သတိထားခဲ့ရသည်။ သူမ အစိုးရိမ်ဆုံးဖြစ်သော တိုင်းပြည်ကပ်ဆိုးမှာ မထင်မှတ်ထားသောအချိန်တွင် ပေါက်ကွဲထွက်လာလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့။
“ယန်ကွမ်းရှုက ငါ့လူတွေလက်ထဲမှာ သေသွားတာလား?”
တုန်ဖန်းကျင်း မျက်ခုံးပင့်လိုက်ပြီး အလွန်အံ့ဩသွားခဲ့သည်။ သူမသည် အဒေါ်မေကို ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ 'မင်းတကယ်ပဲ သူ့ကိုသတ်နိုင်ခဲ့တာလား' ဟူသည့်အဓိပ္ပာယ်။
အဒေါ်မေမှာ မတတ်သာစွာ ပြန်ဖြေလိုက်ရ၏။ “အရှင်ဧကရီ၊ ကျွန်တော်မျိုးမ မသတ်ရပါဘူး။”
“မင်းမဟုတ်ရင် ဘယ်သူသတ်တာလဲ?!” အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ဒေါသထွက်နေခဲ့သည်။
“ငါ သတ်လိုက်တာပဲ၊ ဘာဖြစ်ချင်လဲ?"
ပြောလိုက်သူမှာ ဟုန်ချန်ယဲ့ ဖြစ်သည်။ အေးစက်စက်အပြုံးဖြင့် လက်ပိုက်ရပ်နေသော ဘယ်သူဘယ်ဝါမှန်းမသိရနိုင်သည့် အမျိုးသမီးတစ်ဦး။
“ဟင်?” အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ကြက်သေသေသွားသည်။ အမှန်တော့ သူမသည်လည်း ယန်ကွမ်းရှုသည် ဇီးပန်းနတ်သမီး၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ အနည်းဆုံးတော့ သရေကျလောက်အောင်အထိ တိုက်ခိုက်နိုင်ခဲ့လိမ့်မည်။ သို့သော် သမီးဖြစ်သူမှာ သေလွန်ပြီးဖြစ်သောကြောင့် သူမစိတ်ထဲ ဖြစ်နိုင်ချေအရှိဆုံးသူကိုသာ ဆွဲသွင်းထည့်တွက်မိခဲ့သည်။
အမှန်တော့ လူသတ်သမားမှာ အခြားတစ်ယောက်ဖြစ်နေခဲ့ခြင်းပင်။
“အဲ့ဒီဘက်က ဘယ်သူများလဲ? နည်းနည်းရင်းနှီးသလိုပဲ။” တုန်ဖန်းကျင်းသည် အနီရောင်ဝတ်ရုံ ပုဂ္ဂိုလ်ကို စိုက်ကြည့်နေပြီး သူမ၏ မျက်ခုံးများက သိသိသာသာ တွန့်ချိုးနေသည်။ သူမ၏ စိတ်ထဲတွင် အရိပ်အမြွက်တစ်ခု ပေါ်လာသလိုလို။
“တာအိုရောင်းရင်း တုန်ဖန်း၊ မတွေ့ရတာ ကြာပြီ။”
ထိုသို့ပြောရင်း ဟုန်ချန်ယဲ့သည် လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး မျက်နှာကို ဖုံးအုပ်ထားသော မျက်နှာဖုံးတစ်ဝက်အား ဖယ်ရှားလိုက်သည်။ ထို့နောက် သတ္တဝါအားလုံးကို ဖမ်းစားနိုင်သော အံ့မခန်းလှပသည့် မျက်နှာသွင်ပြင်အား ထုတ်ဖော်ပြသခဲ့လိုက်၏။ ထိုသူ၏ မျက်ခုံးများကြားတွင် အနီစွေးစွေး မီးလျှံအမှတ်အသားတစ်ခုရှိပြီး လှပသော ဖီးနစ် မျက်လုံးများတွင် စိတ်ဝိညာဉ်ကို လှုပ်ခတ်ယိမ်းယိုင်စေသည့် ဆွဲဆောင်မှုအား မြင်တွေ့နိုင်ပေသည်။
“သွေးနီဂိုဏ်းချုပ်!” တုန်ဖန်းကျင်းသည် ပထမအနေဖြင့် အံ့ဩသွားပြီးနောက် ဝမ်းသာအားရထအော်လိုက်မိသည်။
“ရှင်လား?!”
ဟုန်ချန်ယဲ့၏ မျက်နှာကို မြင်လိုက်ရသောအခါ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် မိုးကြိးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ခေါင်းတစ်ခုလုံး ချာချာလည်မူးနောက်သွားခဲ့သည်။
သတင်းကောင်း- ထိုစဉ်က အလှတရားဖြင့် နိုင်ငံတစ်ခုလုံးကို ဖမ်းစားခဲ့သော မီးလျှံနတ်ဆိုးဂိုဏ်း ၏ နတ်ဆိုးဂိုဏ်းချုပ်သည် နှစ်ပေါင်းများစွာအကြာတွင် ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။
သတင်းဆိုး- သူမ၏ အချစ်ဆုံးသမီးသည် ထိုသူ၏ လက်ထဲတွင် သေဆုံးခဲ့လေသတည်း။