← Chapters

အမေက အကြီးအကဲယဲ့နဲ့ နှစ်ကိုယ်ကြားဆွေးနွေးစရာလေးတွေ ရှိနေလို့ပါ

Vol. 33 Ch. 452

အမေက အကြီးအကဲယဲ့နဲ့ နှစ်ကိုယ်ကြားဆွေးနွေးစရာလေးတွေ ရှိနေလို့ပါ

Vol. 33 Ch. 452

သွေးနီဂိုဏ်းချုပ် ဟုန်ချန်ယဲ့က သူ၏ မျက်နှာဖုံးကို ဖယ်လိုက်သည်နှင့် တော်ဝင်မြို့တော်တစ်ခုလုံးသည် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် မြေကြီးတုန်လှုပ်လောက်သော အော်ဟစ်သံများဖြင့် ပေါက်ကွဲထွက်လာတော့သည်။

“ကြည့်ပါဦး၊ ဒါသွေးနီဂိုဏ်းချုပ်ပဲ!”

“သွေးနီဂိုဏ်းချုပ်ရဲ့ မသေမျိုး စွမ်းအားကတော့ အဆုံးမဲ့ပါပဲ! ကောင်းကင်နှင့် မြေကြီးကဲ့သို့ သက်တော်ရာကျော်ရှည်ပါစေ!”

“အား၊ ငါတော့သူ့ကို တကယ်သေအောင် ချစ်တာပဲ! ဘာလို့ အရင်ကထက် ပိုကြည့်ကောင်းလာတယ်လို့ ခံစားရတာလဲ?!”

“ကျွန်မကတော့ သူ့ရဲ့ ချောမောလွန်းတဲ့ မျက်နှာလေးကိုပဲ ချစ်တာ၊ သူက ယောကျ်ားလေးဖြစ်နေပေမဲ့ နတ်ဘုရားမတစ်ယောက်လိုပဲမြင်မိတယ်!”

…

အနီရောင်ဝတ်ရုံ ဝတ်ထားသော ထိုပုံရိပ်ကို ကြည့်ရင်း များစွာသော အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးများ တောက်ပလာပြီး သူတို့၏ မျက်နှာများသည် စိတ်အားထက်သန်မှုဖြင့် ရဲရဲနီစွေးလာကြတော့၏။ စိတ်လွတ်လက်လွတ် လက်ကိုဝှေ့ယမ်းပြီး အားပေးနှုတ်ဆက်ကြရာ မြေပြင်တစ်ခုလုံးစာ မြင်ကွင်းသည် ထိန်းချုပ်လို့မရအောင် အုတ်အော်သောင်းနင်းဖြစ်လျက် နာမည်ကြီးအနုပညာရှင်တစ်ဦး၏ ဖန်မီတင်နှင့်မခြား။

ဟုန်ချန်ယဲ့တစ်ယောက် မည်မျှ လူကြိုက်များကြောင်းကို မြင်သောအခါ လီဝူကျယ်၏ မေးရိုးမှာ မြေပြင်သို့တိုင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ "ဘုရားဘုရား အရင်ကကြွားပြောခဲ့တာမဟုတ်မှန်း ယုံလိုက်ပါပြီ"

ယဲ့ကျွင်းလင်လည်း အနည်းငယ် အံ့ဩသွားခဲ့သည်။ ဤရှေးရိုးစွဲနိုင်ငံသည် ရုပ်ရည်သွင်ပြင်ပိုင်းကို အလွန်အကျွံ အလေးထားပုံရ၏။

အမျိုးသမီးတစ်ဦးသည် ပို၍လှပလေလေ၊ နေရာတကာတွင် နှစ်လိုကြည်ဖြူစွာ ဆက်ဆံခံရလေလေဖြစ်သည်။

အကြီးဆုံးတပည့်မှာ မိန်းမချောချောသော ရုပ်ရည်ရှိသောကြောင့် ဤတိုင်းပြည်တွင်မူ အပြတ်အသတ်အားသာချက်တစ်ခုကို လက်စွဲကိုင်ထားသလိုပါပင်။ ရေတွက်မရနိုင်သော အမျိုးသမီးပရိသတ်များ၏ ချစ်ခင်လေးစားမှုမှာ မြင်သာထင်ရှားလျက်ရှိ၏။

ဤသည်မှာ အသွင်အပြင်ကိုသာ ဗဟိုပြုလည်ပတ်သော လောကတစ်ခုဖြစ်ချေသည်။

“သူ့ကို ပထမဆုံးအကြိမ် တွေ့တုန်းက အရမ်းရင်းနှီးနေသလို ခံစားခဲ့ရတာ၊ အံ့သြစရာမဟုတ်တော့ပါဘူ။” တုန်ဖန်းမုန့်ယောင်သည် ကြောင်တောင်တောင်မျက်နှာလေးဖြင့် တအံ့တသြရေရွတ်ရင်း ကလေးဘဝတုန်းက သူမ၏ မိခင်နှင့်အတူ နန်းတော်တွင် တွေ့ဆုံခဲ့ရဖူးသော ထိုပုံရိပ်ကို ပြန်တွေးလိုက်မိသည်။

ထိုအချိန်က သူမသည် ကလေးအတွေးဖြင့်ပင် ဒီ‘အစ်မကြီး’ အတော်လှပါလား ဟုသာ တွေးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် တစ်ဖက်လူမှာ အမျိုးသားတစ်‌ဦးဖြစ်နေကြောင်း သိလိုက်ရသော်အခါ သူမသည် ချက်ချင်းပင် မှင်တက်သွားခဲ့ပြီး အမျိုးသားတစ်ဦးလောက်ပင် မလှနိုင်သော မိမိကိုယ်ကိုလည်း ရှက်ရွံ့သိမ်ငယ်ခဲ့ရဖူး၏။

ထိုလှပသော မျက်နှာသွင်ပြင်ကား ကောင်းကင်ဘုံထက်မှ နတ်မိမယ်များကိုပင် ရှက်ရွံ့သိမ်ငယ်စေမည် အမှန်ပါပေ။

“ဒီတော့ သွေးနီဂိုဏ်းချုပ်ကိုယ်တိုင် ဒီအထိ ရောက်လာတာကိုး။ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားမျိုး ပိုင်ဆိုင်ထားတာ မထူးဆန်းတော့ပါဘူး။” အဒေါ်မေ၏ အမူအရာသည် လေးစားမှုများဖြင့် ပြည့်နေပြီး ဘုမသိဘမသိ ရှင်းထုတ်ခံလိုက်ရသော ယန်ကွမ်းရှုအပေါ် အနည်းငယ် စာနာစိတ်ဝင်မိသွား၏။

တော်ဝင်မြို့တော်တွင် ယန်ကွမ်းရှု၏ ဆိုးသွမ်းရိုင်းစိုင်းသော အကျင့်စရိုက်ကြောင့် မိစ္ဆာမဟု လူသိများခဲ့သော်လည်း တစ်နေ့နေ့တွင် ကြီးမြတ်သော နတ်ဆိုးဂိုဏ်းချုပ်၏လက်ထဲ ကူကယ်ရာမဲ့စွာ အဆုံးသတ်ရလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ခဲ့ပါချေ။

မသေမျိုး မဟာမိတ်စစ်တပ်တစ်တပ်ပင် မကြာသေးမီက အလယ်ပိုင်းဒေသထွက်ခွာသွားခဲ့ပြီး ထိုသူ၏လက်ချက်ဖြင့် အစမကျန် မှုန့်မှုန့်ညက်ညက်ကျေအောင် ပျက်စီးသွားခဲ့လေသည်။ ထိုကဲ့သို့သော ကမ္ဘာကို တုန်လှုပ်စေသည့် အောင်မြင်မှုက သွေးနီနတ်ဆိုးဟုန်ချန်ယဲ့၏ ဂုဏ်သတင်းကို အရင်ကထက် ပိုမိုကြီးကျယ်စေခဲ့သည်။ များစွာသော သူတော်ကောင်းလမ်းစဥ် ကျင့်ကြံသူများ နေစရာမရှိအောင် ကြောက်ရွံ့တုန်လှုပ်နေကြပြီး နတ်ဆိုးလမ်းကျင့်ကြံသူများကတော့ လမ်းစဥ်ခေါင်းဆောင်ကြီးအဖြစ် သတ်မှတ်ကိုးကွယ်ကာ စံနမူနာပြုလာကြ၏။

ထိုသို့သောပုဂ္ဂိုလ်တစ်ဦးက မိမိ၏နာမည်ကို အလံထက်တင်လွှင့်ကာ အလယ်ပိုင်းဒေသအား တန်ပြန်တိုက်ခိုက်လာပါက နောက်ထပ် သွေးထွက်သံယိုမုန်တိုင်းကြီးတစ်ခု ထပ်မံတိုက်ခတ်ဦးတော့မည်ပင်။

ထို့ကြောင့် အဒေါ်မေ့ရင်ထဲ ယန်ကွမ်းရှု၏သေဆုံးမှုမှာ အလွန်အမင်းနစ်နာသည်ဟုပင် ခံစားခဲ့ရသည်။ ထိုမိန်းကလေးသာ တစ်ဖက်လူ၏နောက်ခံကို ကြိုတင်သိရှိခဲ့ပါက အနည်းငယ်မျှပင် ငြူစူခြင်းမရှိဘဲ ဒူးထောက်ခစားလိမ့်မည်။ ဤသို့ဖြင့် အသက်ရှင်ကျန်ရစ်နိုင်ချေလည်း ရှိလာလောက်ဦးမည်ပင်။

“သွေးနီဂိုဏ်းချုပ်၊ ရှင် မလာခင် ကျွန်မတို့ကို ကြိုတင်အကြောင်းမကြားခဲ့တာ ဘာကြောင့်လဲ? ကျွန်မတို့ ပြည်သူလူထုတစ်ရပ်လုံးကို စုရုံဦးဆောင်ပြီး အကြီးကျယ်ဆုံးကြိုဆိုပွဲကြီး လုပ်ပေးလိုက်ရမှာကို!” တုန်ဖန်းကျင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အလယ်ပိုင်းဒေသတစ်ခုလုံးတွင် ဖိန့်ဖိန့်တုန်အောင် ကျော်ကြားသော စွမ်းအားရှင်ကို ရင်ဆိုင်ရသောအခါ ဧကရီကိုယ်တိုင်သည်ပင် ထီးသုံးနန်းသုံးစကားတို့ကိုစွန့်ပယ်လျက် ရိုရိုကျိုးကျိုးရှိရလေသည်။

“ကိစ္စမရှိပါဘူး၊ ဒီအရှင်က အရင်က နေရာဟောင်းတွေကို အလည်အပတ်အနေနဲ့ ပြန်လာကြည့်တာပါ။” ဟုန်ချန်ယဲ့က ဘာမှမဖြစ်သလို လက်ကို ဝှေ့ယမ်းလိုက်သည်။ မိတ်ဆွေဟောင်းကို ပြန်လည်မြင်တွေ့ရသောကြောင့်ထင့်၊ မျက်နှာထားမှာ အတန်ငယ်ပျော့‌ပျောင်းလျက် အတိတ်ဟောင်းများကို မှန်းဆတမ်းတနေဟန်ရ၏။

တုန်ဖန်းကျင်း တစ်ခုခုကို ပြန်တွေးမိပုံရပြီး ရှုပ်ထွေးသောအမူအရာဖြင့် ဆိုလာသည်။ “သွေးနီဂိုဏ်းချုပ်၊ အရင်တုန်းက မသေမျိုး စစ်ပွဲဖြစ်ပွားတုန်းက ကျွန်မရဲ့ ရာထူးအဆင့်အတန်းကြောင့် တိုက်ရိုက်ဝင်ရောက်ကူညီနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျွန်မဟာ နတ်မိမယ်တိုင်းပြည်ကို ကိုယ်စားပြုတဲ့အတွက် ပြည်သူပြည်သားတွေကိုကာကွယ်ဖို့ တာဝန်ရှိနေပါတယ်။ ရှင် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မီးလျှံနတ်ဆိုးဂိုဏ်းသည် ဘေးပတ်ပတ်လည်တွင် ရန်သူသိန်းချီဖြင့် ဝိုင်းရံခံထားရပြီး ကမ္ဘာတစ်ခုလုံး၏ ပစ်မှတ်အဖြစ်သို့ ရောက်ရှိခဲ့ရ၏။ ထိုအထဲတွင် ထိုက်ချူသူတော်စင်နယ်မြေသခင်ပင် ကိုယ်တိုင် ပါဝင်ခဲ့သည်။ အခြေအနေသည် ပြန်လည်ပြင်ဆင်၍မရနိုင်လောက်အောင် ယိုယွင်းသွားခဲ့ခြင်းပင်။ ဤအချိန်တွင် ပြည့်ရှင်ဘုရင်မကိုယ်တိုင် အရှုပ်အထွေးထဲ ဝင်ပါမိပါက ပြည်သူ့အမျက်ဒေါသကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်ပြီး အလယ်ပိုင်းဒေသတွင်လည်း မဟာမိတ်ပျက်ရမည်ဖြစ်ကာ နောက်ဆုံးသောရလဒ်မှာ နိုင်ငံတော်ပျက်စီးခြင်းသို့သာ ဦးတည်ပေလိမ့်မည်။

တုန်ဖန်းကျင်းသည် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ခြင်းအတွက် နှစ်ပေါင်းများစွာကြာအောင် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ မကြာသေးမီကမှ ဟုန်ချန်ယဲ့၏ ရှင်သန်တန်ခိုးထွားနေသောသတင်း ပျံ့နှံ့လာသောအခါမှသာ သူမစိတ်အေးမိရ၏။

ဤစကားကို ကြားသောအခါ ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ “တာအိုရောင်းရင်း၊ အတိတ်ကဖြစ်ရပ်တွေကို ပြန်တူးဖော်နေဖို့ မလိုအပ်ပါဘူး။ ဒီအရှင်က မင်းကို တစ်ကြိမ်တစ်ခါမှ အပြစ်မတင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက အခြေအနေအရရော ကောင်းကင်ရဲ့ ဆန္ဒအရပါ ဖြစ်ခဲ့တာတွေပါပဲ။”

တုန်ဖန်းကျင်း မှင်တက်သွားပြီး သူ့ကို ခေါင်းအဆုံး ခြေအဆုံး ဂရုတစိုက် စူးစမ်းကြည့်ရှုပြီးမှ သက်ပြင်းအသာချသည်။ “သွေးနီဂိုဏ်းချုပ်၊ ရှင် ပြောင်းလဲသွားပြီပဲ။”

ဘာကြောင့်မှန်းမသိ၊ နှစ်ပေါင်းများစွာကြာပြီး ပြန်လည်ဆုံတွေ့ရချိန်တွင် တုန်ဖန်းကျင်းသည် တစ်ဖက်လူ၏ အသွင်အပြင်နှင့် အမူအရာဝယ် ဖော်ပြ၍မရသော ပြောင်းလဲမှုတစ်ခုခု ရှိနေသည်ဟု ခံစားမိရသည်။ ထိုသူသည် အရင်ကကဲ့သို့ ရက်စက်ပြီး သွေးဆူလွယ်သော ခံစားချက်မျိုး မရှိတော့ပါဘဲ၊ ရှင်းပြ၍မရနိုင်စွာ ပိုမိုလွတ်လပ်ပေါ့ပါးပြီး ချဉ်းကပ်ရလွယ်လာသည်။

ဥပမာပေးရလျှင် ထိုသူသည် အရင်က ဆူးများဝန်းရံသိုင်းခတ်ထားသော နှင်းဆီနီကဲ့သို့ဖြစ်ပြီး အဝေးကနေကြည့်လျှင် မျက်စိပသာဒဖြစ်သော်လည်း တစ်ချက်ထိမိလိုက်ပါက သွေးထွက်သံယိုဖြစ်ရလိမ့်မည်။ ယခုမူ သူသည် အိမ်တော်အတွင်း၌ အမွေအနှစ်အဖြစ် သိမ်းဝှက်ထားသော ပြိုင်ဘက်ကင်း ရတနာဓားတစ်လက်နှင့်တူပြီး ဓားအိမ်ထဲမှ ဆွဲထုတ်မိမှသာ ၎င်း၏ ထက်ရှသောအစွမ်းသတ္တိကို မြင်တွေ့ကြုံဆုံရပေမည်။

တုန်ဖန်းကျင်းသည် တစ်ချိန်က ရက်စက်ပြီး နှလုံးသားကင်းမဲ့ကာ မာန်မာနကြီးသော နတ်ဆိုးဂိုဏ်းချုပ် တွင် ဤသို့သော ပြောင်းလဲမှုမျိုး ဘယ်ကဘယ်လို ဖြစ်ပေါ်ခဲ့သနည်း ဆိုသည်အား အလွန်စိတ်ဝင်စားမိ၏။

မိမိတို့ ပုံမှန်သိမှတ်ထားသမျှအရ ထိုသို့သောစွမ်းအားရှင်တို့၏ စိတ်ဓာတ်သည် ခွန်အားပိုကြီးလာသည်နှင့်အမျှ မာန်မာနပိုကြီးလာတတ်သော သဘာဝရှိသည်မဟုတ်လော။

ဟုန်ချန်ယဲ့၏ မျက်လုံးများ ဖျတ်ခနဲလင်းလက်သွားပြီး ညင်သာစွာဆိုသည်။ "မင်းပြောတာဟုတ်ပါတယ်၊ ငါပြောင်းလဲသွားတယ်"

သူသည် ထိုမှတ်ချက်ကို မငြင်းဆိုခဲ့ပေ!

စုဝေးနေကြသော ထိုသူများအနက်တွင် စိတ်မသက်မသာအဖြစ်ရဆုံးမှာ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ဖြစ်သည်။ သူမသည် ‌ဘေးဘီဘယ်ညာ လှည့်ပတ်ကြည့်နေရင်း နဖူးပေါ်တွင် ချွေးစေးများစီးကျလာကာ စိုးရိမ်စိတ်ကဲနေသော နှလုံးသားမှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်လျက်ရှိ၏။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် လှပသောအမျိုးသမီးမှန်သမျှကို အမြဲတမ်းမုန်းတီးခဲ့ပြီး ဟုန်ချန်ယဲ့မှာလည်း အမျိုးသမီးမဟုတ်ပေသည့် သူတို့တိုင်းပြည်တစ်ခွင်ရှိ အမျိုးသမီးတို့ လိုက်မမီနိုင်သော အလှတရားကို ပိုင်ဆိုင်ထားသည်ပင်။ ထို့ကြောင့် သူမသည် မနာလိုဝန်တိုစိတ်ဖြင့် ထိုအမျိုးသားလှလှအား နောက်ကွယ်တွင် တစ်ချိန်လုံးကဲ့ရဲ့ဆဲဆိုနေခဲ့ခြင်းဖြစ်၏။

ရလဒ်အနေဖြင့် ကံတရားက ချက်ချင်းပြန်လည်သက်ရောက်ခဲ့သည်။ သမီးဖြစ်သူယန်ကွမ်းရှုမှာ သူမနှစ်လိုသောလူ၏လက်ထဲ သေလွန်ခဲ့ရလေပြီ။

သို့သော် တာအိုဂိုဏ်းကြီးခုနှစ်ခုကို လက်တစ်ဖက်ဖြင့်ဖျက်ဆီးနိုင်သော ထိုပုဂ္ဂိုလ်ကို သူမ ဘယ်လိုသတ္တိနှင့်မှ သွားမစရဲပါ။

ထိုသူ၏ကျင့်ကြံဆင့်မှာ ဉာဏ်အလင်းမသေမျိုးအဆင့်ထိ ရောက်ရှိနေပြီး ဖြစ်နိုင်သည်။

အကယ်၍ သူမသာ ယခုအချိန် လက်စားချေရန် အတင်းအကျပ်ကြိုးစားပါက အသက်ကိုရင်းပြီး မိမိကိုယ်ကို ‌ဖောက်ခွဲတိုက်ခိုက်လျှင်ပင် ထိုသူ၏အသက်ကို ထိခိုက်စေပါ့မလား မသေချာလောက်အောင်ရှိနေ၏။

“သွေးနီဂိုဏ်းချုပ်၊ ကျွန်မရဲ့ ယန်အာဟာ အရှင်ကို မရည်ရွယ်ဘဲ စော်ကားမိခဲ့တာပါ။ အရှင်က သူ့ကို ကျေနပ်လောက်တဲ့အထိ အပြစ်ပေးလိုက်လို့လည်း ရနေတာပဲလေ။ ဘာလို့ တိုက်ရိုက်ကြီး သတ်ပစ်လိုက်ရတာလဲ?”

“ဒီလို တက်ကြွပြီး ချစ်စရာကောင်းတဲ့ ကလေးမလေးအပေါ် ဘာလို့ ဒီလောက်တောင် နှလုံးသားမရှိတာလဲ? သူမက ကလေးလေးပဲ ရှိသေးတယ်ရှင့်!!!”

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ မျက်လုံးများ နီရဲနေပြီး ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။

လူတိုင်းနီးပါး အော့ခနဲဖြစ်သွားကြသည်။ ဒီလောက်ဆိုးသွမ်းကြမ်းကြုတ်တဲ့ ဘဲဥပုံမိန်းမကြီးကို ကလေးမလေးလို့ ခေါ်လို့ရသေးတယ်လား? အဓိပ္ပာယ်ဖွင့်ဆိုချက်က တော်တော်ထူးခြားတာပဲ!

ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများ နည်းနည်းတွန့်တက်သွားသည်။ ယဲ့ကျွင်းလင်လက်ထဲ သေဆုံးခဲ့ဖူးသော ဖုန့်ချင်းယန်ဟူသည့်ဂိုဏ်းချုပ်ကိုပင် သတိရမိ၏။ အဲ့လူလည်း သူ့သားကို ကလေးလေးလို့ ခေါ်ခဲ့သေးတာလေ။

စကားမစပ်ပြောရလျှင် အဲ့ယောက်ျားနဲ့ ဒီမိန်းမ အတော်တော့လိုက်ဖက်သားပဲ။ တာအိုကျင့်ကြံဖော်လုပ်သင့်တယ်။

“ဒီအရှင် လူသတ်ချင်ရင် အကြောင်းပြချက်မလိုဘူး။ ဒါက မင်းကိုယ်တိုင် ကိုယ့်သမီးကိုယ် ကောင်းကောင်းမပျိုးထောင်နိုင်လို့ ဖြစ်ပွားလာတဲ့ ကံဆိုးမှုတစ်ခုပဲ။ အခုမင်းက သေဆုံးသွားတဲ့သမီးအတွက် လက်စားချေဖို့ရောက်လာတာများလား?” ဟုန်ချန်ယဲ့ မျက်ခုံးပင့်ပြီး မေးလိုက်သည်။

ပတ်ဝန်းကျင်ရှိ လေထုသည် ချက်ချင်း တောင့်တင်းသွားခဲ့သည်။

All Chapters