← Chapters

အခန်း (၄၅၃)

Vol. 33 Ch. 453

အခန်း (၄၅၃)

Vol. 33 Ch. 453

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ရုတ်တရက် တုန်ယင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးများ ထောင်ထသွားကာ သေလောက်အောင် အန္တရာယ်ရှိနေသော သတိပေးချက်တစ်ခုက သူမရင်ထဲတွင် တစ်စထက်တစ်စကြီးထွားလာတော့၏။

ဘေးကျပ်နံကျပ်အချိန်တွင် သူမသည် အသက်မပါ အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သော်ငြား ငိုချတော့မည့်အသွင်ပင် ပေါက်နေရှာလေပြီ။

“သွေးနီဂိုဏ်းချုပ်ရဲ့ ဆိုဆုံးမမှုက မှန်ကန်ပါတယ်။ ဒါဟာ ကျွန်မရဲ့ သားသမီးပျိုးထောင်မှု စည်းကမ်းညံ့ဖျင်းတာပါ။ ပျက်စီးနေတဲ့သမီးဟာ သေထိုက်ပါတယ်။ အရှင်က ကောင်းကင်ရဲ့ကိုယ်စား အပြစ်ပေးစီရင်ခဲ့တာပါ!”

ကြားလိုက်ရသောလူအပေါင်းမှာ သူမကို ထူးထူးဆန်းဆန်းဝိုင်းကြည့်လာကြသည်။ အပြောင်းအလဲမြန်လှချည်လား။

ဟုန်ချန်ယဲ့က ခပ်လှောင်လှောင်လေသံဖြင့် တုံ့ပြန်သည်။ “မင်းဒီလိုတွေးနိုင်တာကို ဒီအရှင်အလွန်ကျေနပ်ပေတယ်။ စိတ်မပူပါနဲ့၊ တရားခံကို အပြစ်လည်းပေးပြီးပြီဆိုတော့ ခွင့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။”

တုန်ဖန်းကျင်း ချောင်းအနည်းငယ်ဟန့်လိုက်ပြီး လေသံတင်းတင်းဖြင့်ဆိုသည်။ “အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၊ ဘာလို့ သွေးနီဂိုဏ်းချုပ်ကို မြန်မြန်ကျေးဇူးမတင်တာလဲ?”

အမှန်တော့ ကျောင်းတော်ကရန်စဟောင်းကြီး၏ သမီးဖြစ်သူသေဆုံးခြင်းနှင့် လူအများရှေ့ အနိုင်ကျင့်ခံနေရခြင်းကို စောင့်ကြည့်ရသည်မှာ အလွန်အရသာရှိ၏။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ မျက်နှာသည် ခရမ်းပုပ်ရောင်ပြောင်းကာ သွေးအန်ချတော့မတတ် ဖြစ်သွားရသည်။

ငါ့သမီးက ပြာပုံဖြစ်သွားပြီ၊ အခုမှလာပြီး ဘာကိုခွင့်လွှတ်တာလဲ?!

သူမသည် ရင်တွင်းစကားများကိုပင် ကျယ်ကျယ်လောင်လောင် ထုတ်မပြောနိုင်ဘဲ နာကျင်စွာဖြင့် ပြန်လည်မျိုချလိုက်ရသည်။ အဆိုးဆုံးအချက်မှာ ရန်သူကိုပင် ကျေးဇူးတင်ရပေဦးမည်။ ၎င်းသည် ဟန်ဆောင်မှုသက်သက်သာဖြစ်သည်ကို သူမသိသော်လည်း နာကျင်မှုသည် ဓားတစ်လက်ကဲ့သို့ နှလုံးသားကို နေရာလပ်မကျန် အရိုင်းဆန်စွာ မွှေနှောက်ထိုးဆွနေခဲ့လေသည်။

နောက်တစ်စက္ကန့်တွင်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် သွေးအန်ချင်စိတ်ကို ဇွတ်အတင်းဖိနှိပ်လိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ အသားတုံပြည့်ပြည့်ကြီးများပင် တဆတ်ဆတ် တုန်ယင်နေပြီး ခပ်တောင့်တောင့်ဦးညွှတ်ကာ အံကြိတ်သံဖြင့်ဆို၏။ “သွေးနီဂိုဏ်းချုပ်၊ အရှင်ရဲ့ ကြီးမားလှတဲ့ ကြင်နာမှုအတွက် ကျွန်မ ထာဝရ ကျေးဇူးတင်မိပါတယ်…”

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးတစ်‌ယောက် အတင်းအကျပ်ဖိအားပေးခံရပြီး ဦးချိုးညွှတ်ကိုင်းရသည်အား မြင်သောအခါ တော်ဝင်မြို့တော်ရှိ များစွာသော အမျိုးသမီး ကျင့်ကြံသူများမှာ ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရပြီး နာကျည်းမုန်းတီးမှုများလည်း ပြေလျော့သွားသလို ခံစားလိုက်ရသည်။

ဤသို့ဖြင့် ဟုန်ချန်ယဲ့ကို လေးစားအားကိုးမှုမှာ ပို၍ပင်မြင့်တက်လာလေသည်။

“ရပြီ သွားတော့!”

ဟုန်ချန်ယဲ့သည် ကျေးဇူးစကားကို ဂရုစိုက်ဟန်ပင်မတူဘဲ ယင်ကောင်တစ်ကောင်ကို မောင်းထုတ်သကဲ့သို့ သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။ လေသံတွင်ပင် စက်ဆုပ်မှုများပြည့်နှက်လျက်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် အလွန်အမင်း အရှက်ရသွားပြီး လာရာလမ်းအတိုင်း တိတ်ဆိတ်စွာ ပြန်လှည့်သွားခဲ့သည်။

“ဟဲဟဲ၊ အဲ့မိန်းမကြီးတော့ ရင်ထဲမှာ မီးတွေ တောက်နေမှာပဲ!” တုန်ဖန်းမုန့်ယောင် ပြုံးရွှင်မြူးထူးနေပြီး လက်ခုပ်ပင် ထတီးချင်နေခဲ့သည်။

သူမသည် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ကြားစေရန် တမင်ရည်ရွယ်ပြီး အကျယ်ကြီးအော်ချလိုက်ခြင်းပင်။ ထိုအမျိုးသမီး၏ ကျောပြင်မှာ တစ်ချက်တုန်ယင်သွားခဲ့ကာ နောက်ပြန်လှည့်မကြည့်ဘဲ သူမ၏ ခြံဝင်းအတွင်းသို့ အမြန်ပြေးဝင်သွားပြီး လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

“ယန်အာ!” တုန်ဖန်းကျင်းက ဆူပူမာန်မဲဟန်ဖြင့် တစ်ချက်အော်လိုက်သော်ငြား မျက်နှာတွင်တော့ မကျေနပ်ချက်မရှိ ပြုံးယောင်ပင်သမ်းနေခဲ့သည်။

“အမေ၊ သမီး အမေ့ကို လွမ်းနေတာ။” တုန်ဖန်းမုန့်ယောင် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။

အချစ်ဆုံးသမီးလေးကို ကြည့်ရင်း တုန်ဖန်းကျင်းက လက်လှမ်းပြီး သူမ၏ နူးညံ့သောပါးပြင်ကို ဆွဲညှစ်လိုက်သည်။ “နင် ပြန်လာဖို့ကို သတိရသေးတာကိုး။ ငါရှိနေတာကို မေ့သွားပြီလို့တောင် ထင်ခဲ့တာ။”

“မေ့စရာလား! သမီးအမေက အကောင်းဆုံးပဲ!”

“နင်၊ နင် လျှာတွေအတော်သွက်လာပါလား။”

“အိုး၊ အိုး၊ အိုး၊ အမေ့ သမီးပါးတွေကြေမွကုန်တော့မယ်။”

“အရူးမ၊ အမေ နည်းနည်းလေးပဲ အားသုံးတာပါ။”

“ဟဲဟဲ~”

“ဟဲ့၊ ဒါနဲ့ ဒီ တာအိုရောင်းရင်းက ဘယ်သူလဲ?” တုန်ဖန်းကျင်း၏ အမူအရာ ပြောင်းလဲသွားပြီး သူမ၏အကြည့်သည် ယဲ့ကျွင်းလင်ဆီသို့ လျှောခနဲရွေ့လျားသွားသည်။ သူမ၏ လှပသော မျက်လုံးများတွင် ထူးဆန်းသောအလင်းတစ်ခု ဖျတ်ခနဲလက်သွား၏။

သူမသည် အပြင်ထွက်လာကတည်းက ဤထူးခြားသော ဆံဖြူလူငယ်ကို သတိပြုမိခဲ့သော်လည်း တင်းမာနေသော အခြေအနေကြောင့် မမေးမြန်းဖြစ်ခဲ့ပေ။ ထို့အကြောင့် အချိန်အခါသင့်သည်နှင့် မိတ်ဆွေဖွဲ့ဖို့ စတင်လာခြင်းဖြစ်၏။

“အမေ၊ သူက သခင်လေးယဲ့တဲ့။ သမီးရဲ့… သူငယ်ချင်းပါ။” တုန်ဖန်းမုန့်ယောင်၏ အမူအရာမှာ အနည်းငယ် မရေမရာဖြစ်နေသည်။ လက်ရှိအချိန်ထိ အကဲခတ်ကြည့်ခဲ့ရသလောက် ဤလူငယ်တွင် အလွန်ထူးခြားသော နောက်ခံတစ်ခုရှိနိုင်သည်ကို သူမ သဘောပေါက်သွားပြီး သူမ၏ မျှော်လင့်ချက်များမှာလည်း ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိခဲ့ပေ။

“ကျွန်တော်က အရှေ့ပိုင်းဒေသ ရွှယ်ထျန်းဂိုဏ်းက ယဲ့ကျွင်းလင်ပါ။” ယဲ့ကျွင်းလင်က အပြုံးဖြင့်မိတ်ဆက်သည်။

“အရှေ့ပိုင်းဒေသက ရွှယ်ထျန်းဂိုဏ်းလား?”

တုန်ဖန်းကျင်း အနည်းငယ် မှင်တက်သွားပြီးနောက် ဟုန်ချန်ယဲ့ကို ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်သည်။ ယခုအခါ အလယ်ပိုင်းဒေသတွင် ရွှယ်ထျန်းဂိုဏ်းသည် မီးလျှံနတ်ဆိုးဂိုဏ်း၏ ဟန်ဆောင်မျက်နှာဖုံးတစ်ခုသာဖြစ်သည်ဟု ကောလာဟလများ ပျံ့နှံ့နေသည်။

ဒါဆို ဒီပုဂ္ဂိုလ်က သွေးနီဂိုဏ်းချုပ်ရဲ့ လက်အောက်ခံဖြစ်ရမယ်၊ ဟုတ်တယ်မလား?

တုန်ဖန်းကျင်း အထင်မှားမှာကို စိုးရိမ်နေသကဲ့သို့ ဟုန်ချန်ယဲ့က အလျင်အမြန် ရှင်းပြလာသည်။ “သူက ငါ့ဆရာသခင်ပါ! ငါကိုယ်တိုင် တပည့်ခံခဲ့တာကြာပြီ!”

“ဘာ?!”

တုန်ဖန်းကျင်း ကြက်သေသေသွားပြီး မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

အလယ်ပိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်စေသော မီးလျှံနတ်ဆိုးဂိုဏ်း၏ နာမည်ကျော် နတ်ဆိုးဂိုဏ်းချုပ်သည် အခြားတစ်ဦး၏ တပည့်ဖြစ်လာသည်တဲ့လား?

ဤသတင်းသာ ပေါက်ကြားသွားပါက ပြင်ပကမ္ဘာတွင် နောက်ထပ်ဆူပူမှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်မှာ ကျိန်းသေသည်။

အဒေါ်မေသည်လည်း ပါးစပ်အဟောင်းသားဖြင့် ယဲ့ကျွင်းလင်ကို အကြောက်ကြောက်အလန့်လန့် မော့ကြည့်လိုက်သည်။

တစ်ဖက်လူ၏ ကျင့်ကြံဆင့်နှင့် နောက်ခံကို မည်သို့မျှမခန့်မှန်းနိုင် ဖြစ်နေခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့။

“သခင်လေးယဲ့…” တုန်ဖန်းမုန့်ယောင်၏ ခေါင်းထဲတွင် တဝီဝီမြည်နေသည်၊ အဘယ်ကြောင့်ဆိုသော် မမျှော်လင့်ထားဆုံး မဖြစ်နိုင်ဆုံး နောက်ခံကိုမှ သခင်လေးယဲ့က ပိုင်ဆိုင်ထားခဲ့သည်လေ။

သူမ၏ ယခင်လုပ်ရပ်များကို ပြန်တွေးမိသောအခါ တုန်ဖန်းမုန့်ယောင်သည် တွင်းတူးပြီး ပုန်းချင်လောက်အောင် ရှက်ရွံ့သွားခဲ့သည်။ တိုင်းပြည်ငယ်လေးတစ်ခု၏ မင်းသမီးတစ်ပါးသာဖြစ်သော သူမ၏နောက်ခံမှာ ယှဥ်လောက်စရာပင် ရှိမနေခဲ့။

“နတ်မိမယ်တိုင်းပြည်ရဲ့ ဧကရီက အကြီးအကဲယဲ့ကို အရိုအသေပေးပါတယ်။” ဤအဖြစ်မှန်ကို မတတ်သာစွာ လက်ခံလိုက်ရပြီးနောက် တုန်ဖန်းကျင်း၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်လှုပ်နေပြီး တစ်ဖက်လူကို လေးစားစွာ ဦးညွှတ်လိုက်သည်။

မိတ်ဆွေဟောင်းဖြစ်သူ ဟုန်ချန်ယဲ့အား ပြောင်းလဲစေခဲ့သည့် အဓိကအကြောင်းရင်းမှာလည်း ဤကိုလူချောသာ ဖြစ်ရမည်။

“ဒီလောက်ထိ ယဥ်ကျေးနေဖို့ မလိုအပ်ပါဘူး။ သူတို့အားလုံးကလည်း ကျွန်တော့် တပည့်ရင်းတွေပါပဲ။” ယဲ့ကျွင်းလင်က လီဝူကျယ်နှင့် အခြားသူများကို မိတ်ဆက်ပေးလိုက်သည်။

တုန်ဖန်းကျင်း၏ အကြည့်သည် သူတို့အားလုံးအပေါ် တစ်ဦးချင်း လှည့်ပတ်သွားပြီး သူမ ရင်ထဲတွင် လေးစားမှုများ ပြည့်နေသည်။ တပည့်များကို ဤမျှအစွမ်းထက်အောင် ပျိုးထောင်နိုင်သော ယဲ့ကျွင်းလင်အပေါ် သူမ၏ လေးစားမှုသည် ပို၍ပင် အားကောင်းလာခဲ့၏။

မှန်ပါတယ်၊ အရေးအကြီးဆုံးကတော့ အကြီးအကဲယဲ့ဟာ အရမ်းကို ချောမောနေတာပါပဲ!

သူမ၏ နန်းတော်တွင်ရှိသော အချောဆုံးအသန့်ဆုံး ယောကျ်ားမောင်းမ ခုနစ်ဦးကို ပေါင်းစပ်လိုက်လျှင်ပင် ထိုသူ၏အနေအထားကို သွားယှဥ်လို့မရနိုင်။ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဖြစ်သည်။

တုန်ဖန်းကျင်းသည် ထိုပုံရိပ်ကို မှင်တက်စွာ ကြည့်နေပြီး ခဏတာ ငေးငိုင်နေခဲ့မိသည်။ ပိုကြည့်မိလေလေ၊ ပို၍ စွဲမက်လာလေလေ ဖြစ်ပြီး အတွေးများက ဟိုရောက်သည်ရောက် ပေါက်တတ်ကရဆန်လာသည်။

“အမေ၊ ဘာဖြစ်လို့လဲ?” တုန်ဖန်းမုန့်ယောင်က မိခင်ဖြစ်သူ၏ ထူးခြားသောအပြုအမူကို သတိပြုမိပြီး လက်မောင်းကို အမြန်လှုပ်လိုက်သည်။

တုန်ဖန်းကျင်း သတိပြန်ဝင်လာပြီး သမီးငယ်ကို ကျေနပ်သော အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။ “အမေဘာမှ မဖြစ်ပါဘူး။ ဒီရက်ပိုင်း အမေက အကြီးအကဲယဲ့ကို တာအိုကျင့်ကြံရေးနဲ့ပတ်သက်ပြီး လမ်းညွှန်မှုတောင်းခံချင်လို့ပါ။ သူ့ဆီကနေ သင်ယူချင်မိတယ်လေ။”

ဧကရီက နှုတ်ခမ်းကိုက်လျက်ပြောလိုက်သည်။

All Chapters