ကျောက်ကပ်တွေတော့ နည်းနည်းနာတယ်
Vol. 33 Ch. 454
“တာအိုဆွေးနွေးရေးလား?”
တုန်ဖန်းမုန့်ယောင်၏ အမူအရာမှာ သံသယဖြစ်နေဟန်ရှိသည်။ မိခင်ဖြစ်သူ၏ စကားလုံးများတွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခုရှိသည်ဟု သူမ အမြဲခံစားရတတ်ပြီး ယခုအခါတွင်တော့ တစ်ခုခုလွဲမှားနေသလိုခံစားချက်က ပို၍ပင်ထူးဆန်းလာခဲ့သည်။
သူတို့ထဲတွင် ဟုန်ချန်ယဲ့ တစ်ဦးတည်းသာ ထိုစကားလုံးများ၏နောက်ကွယ်မှ ဆိုလိုရင်းအဓိပ္ပာယ်ကို ကြားနိုင်သည်။ သူတို့သည် နှစ်ပေါင်းများစွာ ပေါင်းသင်းဖြစ်သန်းလာသော မိတ်ဆွေဟောင်းများဖြစ်ခဲ့ကြသောကြောင့် သူမ၏စရိုက်ကို နားအလည်ဆုံးဆိုလည်းမမှား။ အပြင်ပန်းတွင် ခံ့ထည်ချောမောပြီး တည်ကြည်ဟန်ရှိသော ဧကရီတွင် စိတ်အားထက်သန်ပြီး အရိုင်းဆန်သောအတွင်းစိတ်ရှိကြောင်း သူသိထား၏။
အလှတရားကြောင့်ပြည်ပျက်သည် ဟူသောဆိုရိုးစကားအတိုင်းပင် ဧကရာဇ်မင်းများဆိုသည်မှာ အလှအပကို လွန်စွာတပ်မက်လေ့ရှိကြ၏။ တုန်ဖန်းကျင်းသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ချောမောခန့်ညားသော ယောက်ျားသားများကို တပ်မက်လိုချင်မိသည်မှာ မဆန်းလှပေ။ သူမ၏ နန်းတော်တွင်းတွင်လည်း ဧကရီ၏ ချစ်ခင်မျက်နှာသာပေးမှုကို မျှော်တလင့်လင့် စောင့်ဆိုင်းနေသော ယောကျ်ားမောင်းမများစွာ ရှိနေသည်ပင်။
ဤသည်မှာ တုန်ဖန်းကျင်း၏ ထိပ်တန်းအဆင့်ယောက်ျားများစုဆောင်းခြင်း ဝါသနာကို သက်သေပြရန် လုံလောက်သည်။
ယဲ့ကျွင်းလင်ကို မြင်ပြီးနောက် တုန်ဖန်းကျင်းတစ်ယောက် ထိုမျှစိတ်လှုပ်ရှားသွားရတာ ဆန်းတော့မဆန်းပါ။
ဟုန်ချန်ယဲ့သည် တစ်ဖက်လူ၏ဆန္ဒကို သူသေသေချာချာနားလည်ပါသော်ငြား ထုတ်မပြောခဲ့။
ထိုအစား စူးစမ်းလိုသော အကြည့်တစ်ခုဖြင့်သာ တုန်ဖန်းကျင်း၊ တုန်ဖန်းမုန့်ယောင်နှင့် ယဲ့ကျွင်းလင်တို့ကြား ဝေ့ဝဲအကဲခတ်နေခဲ့သည်။
လေထုမှာ ရုတ်တရတ် မရေမရာဖြစ်လာဟန်ရှိ၏။
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။ ရှင်းပြမရနိုင်သော စိုးရိမ်စိတ်တစ်ခုက မသိမသာဝင်ရောက်လာ၏။
အထူးဆန်းဆုံးမှာ ပြုံးနေသော တုန်ဖန်းကျင်း၏မျက်နှာနှင့် အကြည့်ချင်းဆုံမိသည့်အခါ အကြောင်းပြချက်မရှိဘဲ သူ၏ ကျောက်ကပ်နှစ်ဖက် အနည်းငယ် ထုံကျဉ်သွားသလို ခံစားရသည်။ ခန္ဓာကိုယ်မှ သဘာဝအသိစိတ်က ကြိုတင်သတိပေးချက် ပေးပို့နေသည့်အလား။
(ဥနှစ်လုံးထုံကျဥ်သွားတဲ့သဘောပါပဲ။ သူက ကျောက်ကပ်လို့ လှည့်သုံးထားတာဆိုတော့ အဲ့လိုပဲရေးလိုက်ပါ့မယ်)
ယဲ့ကျွင်းလင်၏ မျက်ခွံများ နိမိတ်မကောင်းစွာ တွန့်လှုပ်သွားသည်။
ဘာတွေဖြစ်နေတာလဲ?
ဒီအမျိုးသမီးက ငါ့ကျောက်ကပ်တွေကိုများ ဖောက်ထုတ်ပစ်ချင်နေတာလား?!
အမှန်တော့ မသေမျိုးဘုရင်အဆင့်သို့ ရောက်ရှိနေသော သတ္တဝါများသည် ပြင်ပတုံ့ပြန်မှုများအပေါ် အလိုအလျောက် ပိုမိုသိမြင်နိုင်စွမ်းရှိပြီး အန္တရာယ်များကို ကြိုတင်ခံစားကာ ရှောင်ရှားနိုင်စွမ်းရှိသည်။ မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူဖြစ်သော ယဲ့ကျွင်းလင်မှာတော့ တုန်ဖန်းကျင်း၏အပြုံးတစ်ပွင့်ဖြင့် ကျောက်ကပ်နှစ်ဖက်လုံး နာကျင်လာရသည်ဆို၏။
ဤသည်မှာ မသေမျိုးဘုရင်၏ အန္တရာယ်ခံစားမှုစွမ်းအား အလုပ်လုပ်နေခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ ပုံမှန်လုပ်ဆောင်ချက်များကိုပင် ထိခိုက်စေသည့်ပြင်းအားမှာ ထိုအန္တရာယ် ဘယ်လောက်ကြီးမားကြောင်း သက်သေပြနေသကဲ့သို့ရှိသည်။
“အားလုံးပဲ ကျေးဇူးပြုပြီး နန်းတော်ထဲကို ကြွပါ။ ကျွန်မတို့ရဲ့ နတ်မိမယ်တိုင်းပြည်က စိတ်ရင်းမှန်နဲ့ ကြိုဆိုတဲ့အနေနဲ့ အကောင်းဆုံးဧည့်ဝတ်ပြုဖျော်ဖြေပါရစေ။”
တုန်ဖန်းကျင်း ညင်သာစွာ ဖိတ်ကြားလိုက်သည်။
စကားပြောနေစဥ် သူမ၏ အကြည့်သည် ယဲ့ကျွင်းလင် အပေါ်တွင်သာ ရစ်ဝဲတည်ရှိနေပြီး ညင်သာသောအပြုံးက အဓိပ္ပာယ်များစွာ လျှို့ဝှက်ပါဝင်နေဟန်ရှိ၏။
စီးပွားရေးသမားတွေ ဝိုင်အတူသောက်ကြသလိုပေါ့။ ရည်ရွယ်ချက်အစစ်အမှန်က ဝိုင်နဲ့လုံးဝသက်ဆိုင်မနေပါဘူး။
တုန်ဖန်းမုန့်ယောင် ဦးခေါင်းကိုအသာစောင်းပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမ မှတ်မိသလောက် မိခင်ဖြစ်သူမှာ နဂိုကတည်းက ညင်သာနူးညံ့သောမိန်းမမျိုး မဟုတ်ခဲ့။ အထူးဧည့်သည်တွေရောက်လာလို့များ ပုံစံပြောင်းသွားတာလား?
ယဲ့ကျွင်းလင် အနည်းငယ်တွေဝေသွားပြီးမှ လက်ခံလိုက်သည်။ “တာအိုရောင်းရင်းတုန်ဖန်းရဲ့ ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်။”
သူသည် တစ်ဖက်လူ၏ဟန်အမူအရာအား ထူးဆန်းသည်ဟု ခံစားရသော်လည်း အခမဲ့အစားအသောက်ကို နှစ်သက်သော သောက်ပျင်းဖြစ်သူတစ်ဦးအနေဖြင့် နတ်မိမယ်တိုင်းပြည် အုပ်စိုးရှင်၏ စိတ်အားထက်သန်သော ဖိတ်ကြားမှုကို ငြင်းဆန်ဖို့ရာမတတ်နိုင်ခဲ့။
ဒီအထိတောင်ရောက်နေပြီပဲ။ ဆက်သွားလိုက်ကြတာပေါ့။
“အကြီးအကဲယဲ့၊ ဘာလို့ ဒီလို တရိုတသေကြီး ပြောနေရတာလဲ? ကိုယ့်အိမ်ကိုယ့်ရာလိုပဲ သဘောထားပါ။” တုန်ဖန်းကျင်း၏ မျက်လုံးများက အထာမျိုးစုံဖြင့် လှည့်ပတ်လှုပ်ရှားနေပြီး သူမ၏ လေသံတွင် အဓိပ္ပာယ်အပြည့်ပါဝင်သည်။
“အယ်…”
ယဲ့ကျွင်းလင် သူမ၏အကြည့်ကို အမြန်ရှောင်လိုက်ပါမှ ကျောက်ကပ်နှစ်ခုလည်း နည်းနည်းနေရသက်သာလာသလိုခံစားမိသည်။
ထူးဆန်းလိုက်တာ၊ ရှောင်ဟုန်ရဲ့ သူငယ်ချင်းက ကျောက်ကပ်ကို ပစ်မှတ်ထားတဲ့ ပုံမှန်မဟုတ်တဲ့ တာအိုလမ်းစဥ် တစ်ခုခုကို ကျင့်ကြံနေတာများလား?
အကြည့်ချင်းဆုံတာနဲ့ ဘာလို့ ကျောက်ကပ်က နာကျင်လာရတာလဲ?
ဒီစကြဝဠာကြီးထဲမှာ ထူးဆန်းတာတွေ မကုန်နိုင်တော့ပါလား..
ထို့နောက်။
တုန်ဖန်းကျင်း၏ လမ်းညွှန်ခေါ်ဆောင်မှုအောက်တွင် ယဲ့ကျွင်းလင်တို့ ဆရာတပည့်တစ်သိုက် တော်ဝင်နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
နတ်မိမယ်တိုင်းပြည်၏ တော်ဝင်နန်းတော်သည် ခမ်းနားထည်ဝါပြီး အရှေ့ပိုင်းဒေသရှိ မသေမျိုး တော်ဝင်မင်းဆက်များထက် အများကြီး ပိုမိုခန့်ညားသည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် ဇိမ်ခံအိမ်ကြီးနှင့် သက်ကယ်မိုးအိမ်ကြား ကွာခြားချက်ဟုပင် ဆိုရပေမည်။
ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ တော်ဝင်နန်းတော်တစ်ခုလုံးမှာ ရွှေရောင်ဝင်းဝင်း တောက်ပနေပြီး အုတ်တစ်ချပ်ချင်းစီ၏ အရည်အသွေးမှာ အဆင့်မြင့်မှော်ရတနာအဖြစ် ပြောင်းလဲဖန်တီးနိုင်လောက်သည်အထိ ပြည့်ဝကောင်းမွန်သည်။ နန်းတော်ပရဝုဏ်မှာလည်း အလွန်ကြီးမားကျယ်ပြန့်၏။ အနီရောင်နန်းတော်မြို့ရိုးများသည် ဧရာမနဂါးကြီးကဲ့သို့ အဆုံးမဲ့ ရှည်လျားပြီး ပြိုင်ဘက်ကင်းသော ခမ်းနားထည်ဝါမှုကို ပြသနေသည်။
တော်ဝင်နန်းတော်၏ ထိပ်တည့်တည့် အမြင့်တစ်နေရာတွင် အင်အားကြီးမားသော တိုင်းပြည်ကံကြမ္မာစွမ်းအားသည် အရောင်အဝါတလက်လက်ဖြင့် စုဝေးနေပြီး အုပ်စိုးရှင်၏ အာဏာစက် ပြည်သူလူထုအပေါ် မည်မျှသက်ရောက်လွှမ်းမိုးနိုင်သည်အား ဖော်ပြနေခဲ့သည်။
ဤအားသာချက်ကြောင့် တုန်ဖန်းကျင်းသည် ကောင်းကင်ဘုံမသေမျိုးအရှင်တစ်ဦးဖြစ်သော အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးကို ဖိနှိပ်နိုင်ရန် ယုံကြည်မှုအပြည့်ရှိခြင်းပင်။ သို့သော် တစ်ဖက်လူက ဇွဲမလျှော့စွာ သေသည်အထိတိုက်ခိုက်ပြီး မရသည့်အဆုံး မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးပစ်ပါက သူမကိုယ်တိုင် အံ့ဩဖွယ်ရာ အသက်ရှင်နိုင်လျှင်ပင် တော်ဝင်မြို့တော် တစ်ခုလုံးမှာတော့ လွတ်မြောက်ဖို့ရာ လမ်းမရှိတော့ပေ။
ထို့ကြောင့် မဖြစ်မနေ မလိုအပ်သေးသရွေ့ ရန်မီးကိုမမွှေးချင်ခဲ့ပေ။ ထိုသို့ဖြစ်လာပါက နတ်မိမယ်တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုသာ ဖြစ်လိမ့်မည်။ ထို့အပြင် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် ပင်လယ်မျိုးနွယ်စု၏ ကျူးကျော်မှုကို ခုခံကာကွယ်ရာတွင် နိုင်ငံအတွက် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး အကျိုးကျေးဇူးများစွာကိုလည်း ဆောင်ကျဥ်းနိုင်ခဲ့သူ တိုင်းပြည်ဂုဏ်ဆောင် စစ်သည်တော်တစ်ဦးဖြစ်၏။ လက်ရှိနန်းတွင်းတွင် ဤသို့ အမာခံပုဂ္ဂိုလ်ကို လိုအပ်နေသေးသည်။
မကြာမီ တုန်ဖန်းကျင်း၏ အမိန့်အောက်တွင် ကြီးကျယ်ခမ်းနားသော နန်းတော်စားပွဲတစ်ခု စတင်ခဲ့သည်။
အပြင်ဘက်တွင် ထိုင်နေသော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးသည် အမျိုးသမီးများဖြစ်ကြလေသည်။ ထိုအချက်ကို ယဲ့ကျွင်းလင်နားလည်နိုင်ပါသေး၏။ သို့သော် သူ့ကို အဆင်မပြေဆုံး ဖြစ်စေသည့်အချက်မှာ ကပြဖျော်ဖြေရန် ဝင်လာသော ဖျော်ဖြေရေးအဖွဲ့သည် တစ်ယောက်မကျန် အမျိုးသားများသာ ဖြစ်နေခြင်းပင်။