အခန်း (၄၅၅)
Vol. 33 Ch. 455
ဤချောမောသန့်ပြန့်ပြီး ခန္ဓာကိုယ်ပြေပြစ်သော အမျိုးသားအကသမားများသည် တစ်မျိုးထူးခြားသော ဆင်တူဝတ်စုံများ ဝတ်ဆင်ထားပြီး ၎င်းတို့၏ ရင်ဘတ်ကြွက်သားများကို ထင်ထင်ရှားရှား မီးမောင်းထိုးပြရန် ကြိုးအနည်းငယ်ဖြင့် ရစ်ပတ်ထုတ်ဖော်ထားလိုက်သေး၏။ ထို့နောက် အမျိုးမျိုးသော ရမ္မက်ဆန်သည့် အကများကို ကပြကြတော့လေသည်။ ဘေးပတ်ဝန်းကျင်ရှိ အမျိုးသမီးအရာရှိများမှာတော့ အတော်လေးစိတ်လှုပ်ရှားနေဟန်ရှိကာ ကျေနပ်အားရစွာ ပြုံးရွှင်နေကြသည်။
“ဘုရားကယ်ပါ၊ သူတို့ ဘယ်လိုတွေ ကနေတာလဲ?!” ယောက်ျားဘသား အရင့်အထော် ဓားသမားကြီးတစ်ဦးဖြစ်သူ လီဝူကျယ်မှာ ဤမြင်ကွင်းကို ဆက်ကြည့်နိုင်စွမ်းမရှိတော့ပေ။ မျက်နှာအမူအရာမှာ အတော်လေး နှိပ်စက်ကလူပြုခံနေရသကဲ့သို့ ရှိလေတော့၏။
“ဘာတွေ စိုးရိမ်နေတာလဲ? ဒေသခံဓလေ့ရိုးရာတွေကို လိုက်လျောညီထွေဖြစ်အောင် နေရမယ်ဆိုတာ မင်း မသိဘူးလား?” ဟုန်ချန်ယဲ့က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်သည်။
“ဟုတ်ပါပြီ၊ ကျွန်တော် မျက်လုံးပိတ်ပြီး မမြင်ချင်ယောင်ဆောင်ပေးမယ်!” လီဝူကျယ် ဒေါသတကြီး မျက်လုံးပိတ်လိုက်ပြီး မိမိ၏အသိဉာဏ်ကို တစ်စတစ်စဖျက်ဆီးနေသည် ထိုမြင်ကွင်းအား ပိတ်ပင်တားဆီးလိုက်တော့၏။
ယဲ့ကျွင်းလင်လည်း နားထင်နှစ်ဖက်ကို လက်ချောင်းများဖြင့်ဖိနှိပ်နေရင်း အလွန်အဆင်မပြေဖြစ်နေပုံရသည်။ အကယ်၍ ထိုနေရာဝယ် လှလှပပ အမျိုးသမီးလေးများသာ ဖြစ်ပါက အတော်လေး မျက်စိပသာဒဖြစ်လိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် ဤနေရာမှာ နတ်မိမယ်တိုင်းပြည်ဖြစ်ပြီး သာမန်ယောက်ျားတစ်ဦးအတွက် လိုက်လျောညီထွေရှိနိုင်မည့်နေရာမဟုတ်ခဲ့။
တုန်ဖန်းကျင်း၏ မျက်လုံးများ တစ်ချက်လက်သွားသည်။ သူမသည် ဧည့်သည်တော်တို့၏ အဆင်မပြေမှုကို သတိပြုမိပုံရပြီး အိမ်ရှင်တစ်ဦးအနေဖြင့် ရှက်ရွံ့အားနာမိရ၏။
ထို့ကြောင့် တော်ဝင်အမျိုးသားအကအဖွဲ့ အားလုံးကို ထွက်ခွာရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။
“အကြီးအကဲယဲ့၊ ခုနက ကျွန်မရဲ့ မသိတတ်မှုကြောင့် အတော်စိတ်ပင်ပန်းသွားရမှာပဲ။ ကျွန်မ တောင်းပန်တဲ့အနေနဲ့ တစ်ပွဲလောက် ဖျော်ဖြေပေးပါရစေ!”
ထိုသို့ဆိုရင်း လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် တုန်ဖန်းကျင်းသည် လှပစွာ ထရပ်လိုက်ကာ ခန်းမဆောင်ကျယ်၏ အလယ်သို့ ပေါ့ပါးသွက်လက်စွာဖြင့် ရွေ့လျားသွားသည်။
“ဒါ…”
အရာရှိများ၏ မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် ပြောင်းလဲသွားသည်။ သူတို့အားလုံး ပြိုင်တူခေါင်းငုံ့လိုက်ကြပြီး ပန်းထိုးထားသော ဖီးနစ်ဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးကို တိုက်ရိုက်ကြည့်ဝံ့ခြင်း မရှိခဲ့ပေ။
သူတို့၏ စွဲမြဲနေသောအမြင်တွင် အုပ်စိုးရှင်သည် မည်မျှ အေးစက်ခန့်ညားပြီး အရှိန်အဝါကြီးကြောင်း ဖော်ပြလို့ပင်မရနိုင်။ သို့သော် ယခုမူ ထိုအုပ်စိုးရှင်သည် အပြင်လူတစ်ဦးအတွက် အကမယ်တစ်ဦးနှယ် ကပြဖျော်ဖြေဖို့ ပြင်ဆင်နေခဲ့လေပြီ။
အုပ်စိုးရှင် ကိုယ်တိုင် အက ကပြရဲလျှင်ပင် ပွဲတော်တွင်ရှိသော အရာရှိများမှာ တိုက်ရိုက်ဖြစ်စေ လျှို့ဝှက်၍ဖြစ်စေ ကြည့်ဝံ့ခြင်းမရှိပေ။ ဤအချိန်တွင် သူတို့အားလုံးသည် အသိဉာဏ်ကိုမြဲမြဲကပ်လျက် ခေါင်းငုံ့ထားကြရုံသာတတ်နိုင်လေသည်။ တစ်ချက်မျှအကြည့်ဝဲမိပါက ပြစ်ဒဏ်ကျခံရမည်ကို စိုးကြောက်ရသေးသဖြင့် လက်အောက်ခံတစ်ဦး လိုက်နာသင့်သောစည်းမျဥ်းများကိုသာ အထပ်ထပ်အခါခါ ရွတ်ဆိုကျက်မှတ်နေလိုက်တော့၏။
လီဝူကျယ်တော့ ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ မျက်လုံးအစုံမှာ တဖျတ်ဖျတ်တောက်ပပြီး စိတ်အားထက်သန် လန်းဆန်းတက်ကြွလျက်။
“ဟော၊ ဘာလို့ မျက်လုံးပြန်ဖွင့်တာလဲ? မမြင်ချင်ယောင်ဆောင်မယ်ဆို?” ဟုန်ချန်ယဲ့က လှောင်ပြောင်လိုက်သည်။
“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ?”
လီဝူကျယ်က လေးလေးနက်နက်ဖြင့် ပြောသည်။ “အနုပညာကို သင့်လျော်သလို စီးမျောခံစားပေးခြင်းက အနုပညာသမားတိုင်းအပေါ်ထားရမယ့် လေးစားမှုတစ်ခုပဲ!”
ညင်သာငြိမ့်ညောင်းသော တေးဂီတသံစဥ် စတင်လာသည်နှင့်အမျှ တုန်ဖန်းကျင်းသည် လှပစွာ စတင်ကခုန်လေတော့၏။ သူမ၏ ပြည့်ဖြိုးသော ကိုယ်ခန္ဓာသည် စည်းချက်နှင့်အညီ ယိမ်းနွဲ့နေလျက် ထင်ရှားသက်ဝင်သော မျက်နှာအစိတ်အပိုင်တို့မှာ မျက်ခုံးပင့်လိုက်တိုင်း၊ မခို့တရို့ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိသည်။ သူမ၏ မျက်လုံးများမှာ စကားပြောနေသကဲ့သို့ တလက်လက်တောက်ပနေပြီး ယဲ့ကျွင်းလင်ဆီမှ လုံးဝမခွာဘဲ ထိုသူ၏စိတ်ဝိညာဥ်အား ဆွဲဆောင်သိမ်းပိုက်ရန် ကြိုးစားနေသကဲ့သို့ရှိ၏။
နတ်မိမယ်တိုင်းပြည်၏ အုပ်စိုးရှင်ကိုယ်တိုင် ကခုန်လေသောအခါ ဤမျှ ဆွဲဆောင်မှုရှိနိုင်မည်မှန်း မည်သူမျှမတွေးခဲ့မိပါချေ။ မြင့်မြတ်သောနောက်ခံအဆင့်အတန်းဖြင့် ပေါင်းစပ်လေသောအခါ သာမန်အကသမားများနှင့် ကွဲပြားခြားနားသော ခံစားချက်တစ်ခု ပေးစွမ်းနိုင်သည်။
တုန်ဖန်းကျင်းသည် တည်တံ့တင်းမာသော ဧကရီတစ်ဦးမှ ဆွဲဆောင်မှုရှိပြီး ချစ်မြတ်နိုးဖွယ်ကောင်းလှသော မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ယဲ့ကျွင်းလင်ကို အချက်ပြအကြည့်များ မကြာခဏ ပစ်ပေးနေသည်။ ကြင်ဖော်ရှာရန် အမွေးများကို ဖြန့်ခင်းပြသနေသော ဥဒေါင်းတစ်ကောင်ကဲ့သို့ဖြစ်ပြီး တပ်မက်မှုကို ဖုံးကွယ်တားဆီးဖို့ပင် မကြိုးစားခဲ့။
ယဲ့ကျွင်းလင် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ကျောက်ကပ်တွေ အရမ်းကိုအဆင်မပြေဖြစ်လာပြီနော်။
တစ်ဖက်လူတွင် တစ်ပါးသူ၏ကျောက်ကပ်များကို ထိခိုက်ပျက်စီးစေနိုင်သော စွမ်းအားများပင် ရှိနေလေသလား?
သံသယစိတ်ကို အသာထိန်းထားရင်း ဟုန်ချန်ယဲ့အား လျှို့ဝှက်စကားတစ်ခွန်းပို့လိုက်သည်။ “ရှောင်ဟုန်၊ မင်း ကျောက်ကပ်တွေ အဆင်ပြေရဲ့လား?”
ဟုန်ချန်ယဲ့:“?”
ဘာလို့ ဒီလိုထူးဆန်းတဲ့မေးခွန်းမျိုး ရုတ်တရက် ထမေးတာလဲ?
ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အမြဲတမ်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားနိုင်တဲ့ အမျိုးကောင်းသားတစ်ဦးပါနော်၊ ဟုတ်ပြီလား!
“ဆရာသခင်၊ ဒီတပည့်ရဲ့ ကျောက်ကပ်တွေက လုံးဝအဆင်ပြေပါတယ်။”
“ဒါဆို မင်းရဲ့ဒီမိတ်ဆွေက လူတွေရဲ့ ကျောက်ကပ်ကို အဝေးကနေ လှမ်းကလိနိုင်တဲ့ ကျောက်ကပ်ဖျက်ဆီးခြင်း မဟာတာအိုလမ်းစဥ် တစ်ခုခုများ ကျင့်ကြံနေတာလား?”
“…”
ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်၏ ထူးဆန်းသော မေးခွန်းကို မည်သို့ပြန်ဖြေသင့်မှန်းပင် မသိတော့ပေ။
အကပြီးဆုံးသောအခါ တုန်ဖန်းကျင်းသည် လှပစွာ ဦးညွှတ်ပြီး ညင်သာစွာ အမေးရှိ၏။ “အကြီးအကဲယဲ့၊ ကျေနပ်ပါရဲ့လား?”
ယဲ့ကျွင်းလင် နဖူးပေါ်မှ ချွေးများကို သပ်ချလိုက်သည်။ “ကျေ-ကျေနပ်ပါတယ်။ ကျောက်ကပ်တွေတော့ နည်းနည်းပင်ပန်းသွားသလိုပဲ။”
“အကြီးအကဲယဲ့၊ ရှင်က တကယ်ဟာသပြောတတ်တာပဲ…” တုန်ဖန်းကျင်း၏ ပါးများမှာ တက်ကြွသက်ဝင်ကာ နီစွေးလာပြီး ယဲ့ကျွင်းလင်မှ သူမနှင့် အီစီကလီလုပ်နေသည်ဟုသာ မှတ်ယူလိုက်တော့၏။
သူမမိခင်၏ သာမန်မဟုတ်သော အပြုအမူကို ကြည့်ရင်း တုန်ဖန်းမုန့်ယောင်သည် ခေါင်းထဲတွင် မေးခွန်းအနည်းငယ်ထွက်ပေါ်လာလျက် မှင်တက်စွာ ထိုင်နေမိသည်။
ငါ ဘယ်သူလဲ?
ငါ ဘယ်ရောက်နေတာလဲ?
ငါ ဘာလုပ်သင့်လဲ?
နောက်တစ်စက္ကန့်တွင် တုန်ဖန်းမုန့်ယောင် တစ်ခုခုကို ရုတ်တရက်သတိရသွားပြီး မယုံကြည်နိုင်သော အတွေးတစ်ခု သူမ၏ ရင်ထဲတွင် ပေါ်ထွက်လာသည်။
“မဟုတ်မှလွဲရော၊ အမေ၊ အမေလည်း…”
“အမေ သမီးလူကို စနိုက်ကြော်မလို့ ကြံနေတာလား”