← Chapters

လျှပ်စစ်ငါးရှဥ့်ဘုရင်

Vol. 33 Ch. 456

လျှပ်စစ်ငါးရှဥ့်ဘုရင်

Vol. 33 Ch. 456

တော်ဝင်မြို့တော်သည် ယခုညတွင်တော့ အေးအေးဆေးဆေးအိပ်စက်ရဖို့ ကံမပါလာခဲ့ဟန်ပင်။ မျှောလှေပွဲတော်သည် ရုတ်တရက် အနှောင့်အယှက်တစ်ခုကြောင့် ပျက်စီးသွားသော်လည်း ၎င်းသည် သမိုင်းတွင် စိတ်အလှုပ်ရှားရဆုံး ပွဲတော်ဆိုလျှင်လည်း မမှား။

အမျိုးသမီးကျင့်ကြံသူ များစွာသည် ယန်ကွမ်းရှု၏ သေဆုံးမှုကို ကျေနပ်သဘောကျကြပြီး သွေးနီဂိုဏ်းချုပ်မှ ကောင်းကင်ဘုံ၏ကိုယ်စား အရေးယူအပြစ်ပေးခဲ့ခြင်းဟုလည်း ယုံကြည်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ပင်းရှီမင်းသားစံအိမ်အကြောင်းကို များစွာဆွေးနွေးပြောဆိုခဲ့ကြရင်း အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးလည်း ဤကိစ္စအပြီးတွင် ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားလောက်မည်ဟု တညီတည်း ထင်မှတ်ထားမိကြ၏။

ပင်းရှီမင်းသားစံအိမ်။

လေးလံပြီး ဖိအားပြင်းသော ဒေါသလေထုက ပတ်ဝန်းကျင်ကို လွှမ်းမိုးနေသည်။

ယုတ္တိရှိရှိပြောရလျှင် ထိုသို့သော တော်ဝင်စံအိမ်တော်တစ်ခုတွင် အစောင့်အရှောက်များ၊ အိမ်တော်ထိန်းများနှင့် အစေခံများစွာ ရှိသင့်သည်။

သို့သော် ယခုမူ နေရာတိုင်းမှာ လစ်ဟာလပ်ဟနေခဲ့ပြီး အေးစက်သောလေများ တဝှေ့ဝှေ့တိုက်ခတ်နေကာ သွေးနံ့များလည်း ရောနှောပါဝင်လာလျက်။

စံအိမ်အနောက်ဘက် တောင်ကုန်းထက်တွင်။

မိစ္ဆာမကြီးဖိုကုန်းနှင့် နှိုင်းယှဉ်နိုင်လောက်သော ဧရာမပုံရိပ်ကြီးတစ်ခု ငုတ်တုတ်ထိုင်နေပြီး သူမ၏ မျက်လုံးများမှာ သွေးပင်လယ်ကဲ့သို့ နီရဲစူးတောက်နေကာ ပုံပျက်ပန်းပျက်မျက်နှာဝယ် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမ၏ နဖူးထက်မှ အစိမ်းရောင်မီးခိုးများပင် တလူလူပျံ့လွင့်နေလျက်။

သူမ၏ ပတ်ပတ်လည်တွင် ပျက်စီးကျိုးကျေနေသော ရုပ်အလောင်းများစွာကို နေရာမလပ်တွေ့မြင်ရမည်ဖြစ်ကာ ဒေါသပေါက်ကွဲပြီးခါစ မြင်ကွင်းတစ်ခုဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေမည်။

မြင်ကွင်းသည် ငရဲခန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

စိတ်နှလုံးနုနယ်သူ သူမည်သူမဆို မြင်လိုက်သည်နှင့် ချက်ချင်းအန်ချလျှင်ချ သို့မဟုတ် ကြောက်လန့်တကြား မူးမေ့သွားရလိမ့်မည်။

အချစ်ဆုံးသမီးကို အသေဆိုးနှင့် ဆုံးရှုံးခဲ့ရသော အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် လက်စားချေခြင်းကို မအောင်မြင်ခဲ့သည့်အပြင် လူအများရှေ့တွင် သိမ်ငယ်ချိနဲ့စွာ ဖိနှိပ်ခံခဲ့ရကာ စံအိမ်သို့ အရှက်တကွဲ ပြန်လာခဲ့ရသည်။

ဤသည်မှာ မာန်မာနထောင်လွှားသော စိတ်ဓာတ်ပိုင်ရှင်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်၏။

ထို့ကြောင့် သူမသည် မျိုသိပ်စုအောင်းလာသော ‌ဒေါသမီးတောင်ကို စံအိမ်မှဝန်ထမ်းများအပေါ်သို့သာ ပုံချခဲ့လိုက်သည်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ အမြင်တွင် သမီးဖြစ်သူကိုယ်တိုင် ကူကယ်ရာမဲ့ အသတ်ခံခဲ့ရပြီး သူမသည်လည်း အတင်းအကျပ် အနိုင်ကျင့်ခံခဲ့ရသေး၏။ သို့တိုင် စံအိမ်တွင် ခိုကပ်စားသောက်နေသော ဤပုရွက်ဆိတ်များမှာ လုံးဝ အကူအညီမပေးနိုင်သောကြောင့် သူတို့အားလုံးကို သတ်ပစ်လိုက်ခြင်းက ပိုကောင်းသည်။ အနည်းဆုံးတော့ သူမ၏ ဒေါသကို ယာယီထွက်ပေါက်ပေးနိုင်မည်။

သွေးကြောတို့ဖြင့် ဖွဲ့စည်းထားသော ကြေးမုံကိုကြည့်လိုက်ရာ သူမ၏ ကြောက်မက်ဖွယ် ရွံရှာဖွယ် မျက်နှာကို ရောင်ပြန်ဟပ်တွေ့မြင်ရ၏။ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ရုတ်တရက် အေးစက်သော ရယ်မောသံကို ပြုလိုက်သည်။ ၎င်းသည် မိမိကိုယ်ကို လှောင်ပြောင်သရော်သော ရယ်သံတစ်ခုသာ။

အမှန်တော့ ဤပုံရိပ်မှာ သူမ၏ မူရင်းအသွင်အပြင် မဟုတ်ပေ။ လွန်ခဲ့သော အချိန်ကာလများက သူမသည် ကျက်သရေရှိပြီး လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသေး၏။

ထိုအချိန်က သူမသည် ထူးခြားသော ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံဆင့်မှာလည်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူမသည် နတ်မိမယ်ပညာကို ကျင့်ကြံနိုင်ခဲ့သော ရှားပါးထူးချွန်သူတစ်ဦးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ မည်မျှပင် ကြိုးစားအားထုတ်ပါစေ အဆင့်တစ်ခုအား ချိုးဖျက်လုနီးအခြေအနေတွင် ကန့်သတ်ခံလိုက်ရရာ မည်သည့်တိုးတက်မှုမှ ထပ်မံ့မရရှိနိုင်တော့ကြောင်း သိခဲ့ရ၏။

ဤသို့ဖြင့် သူမ ကျင့်ကြံခဲ့သော နတ်မိမယ်ပညာသည် တော်ဝင်မိသားစု ကျင့်ကြံရသော နတ်မိမယ်ပညာနှင့် ကွဲပြားကြောင်း သတိပြုမိလာသည်။ တော်ဝင်မိသားစု ကျင့်ကြံသော နတ်မိမယ်ပညာသည်သာ အစစ်အမှန် ရိုးရာအမွေအနှစ်ဖြစ်ပြီး ကျင့်ကြံမှု စွမ်းရည်နှင့် ခွန်အားတိုးတက်မှုအတွက် အမြန်ဆုံးလမ်းစဥ်ဖြစ်သည်။ တစ်စုံတစ်ဦး၏ ပါရမီအရည်အချင်း မည်မျှ ပြည့်ဝမြင့်မားသည်ဖြစ်စေ၊ မည်မျှကြိုးစားသည်ဖြစ်စေ တော်ဝင်အဆင့်၏အောက်တွင်ရှိသော သာမန်အဆင့် သို့မဟုတ် မြင့်မြတ်ခြင်းအဆင့်တွင်သာ ထာဝရကန့်သတ်ခံလိုက်ရပေမည်။

သူမကတော့ ထိုနေရာတွင် ရပ်တန့်ရန် ဆန္ဒမရှိသောကြောင့် မရေမတွက်နိုင်သော လေ့လာမှုများအပြီးတွင် နောက်ဆုံးတွင် အနှစ်ချုပ်ဖြေရှင်းချက်တစ်ခုအား ရရှိခဲ့သည်။ သူမသည် တော်ဝင်မျိုးနွယ်ထက်ပင် ပို၍အစွမ်းထက်သော ခွန်အားကိုရရှိရန် နတ်မိမယ်ပညာအား ပြောင်းပြန်လေ့ကျင့်ဖို့ စတင်ကြိုးစားခဲ့၏။ ကျင့်စဥ်ပြောင်းပြန်လှန်ခြင်း၏ အဖိုးအခမှာ အလွယ်တကူ ကိုယ်အလေးချိန်တက်လာပြီး ပုံပျက်ပန်းပျက်အသွင်အပြင်ကိုသာ လက်ခံရရှိပေမည်။

သို့သော် ပိုမိုကြီးမားသော ရည်မှန်းချက်ကို ဆွတ်ခူးရရှိရန် သူမသည် နောက်ဆက်တွဲဆိုးကျိုးများကို တစ်စက်ဂရုမစိုက်ဘဲ ရှေ့သို့ဆက်ခဲ့သည်။ မကြာမီပင် သူမ၏ ကျင့်ကြံရေးစွမ်းအင်သည် ပို၍သန့်စင်မြင့်မြတ်လာပြီး ခွန်အားသည် ကြောက်မက်ဖွယ်ကြီးမားလာကာ ဧကရီ၏ရာထူးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိလာခဲ့၏။

တဖြည်းဖြည်းနှင့် စိတ်ပညာပိုင်းဆိုင်ရာ ပါးနပ်လည်ပတ်လာသော အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် ရူးသွပ်သော အကြံတစ်ခု စတင်ကြံစည်မိလေတော့သည်။ တုန်ဖန်းမျိုးနွယ် တော်ဝင်မိသားစု၏ အုပ်ချုပ်မှုကို ဖြုတ်ချရန်၊ ယန်မျိုးနွယ် တော်ဝင်မိသားစုအသစ်ကို တည်ထောင်ရန်၊ နတ်မိမယ်တိုင်းပြည်ကို ထိန်းချုပ်ရန်၊ ထို့နောက် နတ်မိမယ်ပညာ ပြောင်းပြန်ကျင့်စဥ်ကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ရန်။

ကမ္ဘာပေါ်ရှိ လှပသော အမျိုးသမီးအားလုံးကို သူမကဲ့သို့ ဝပြီး ရုပ်ဆိုးအောင် ပြုလုပ်ရန်။

ထိုအကြံအစည်အတွက် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် ပင်လယ်မျိုးနွယ်စုနှင့် လျှို့ဝှက်စွာ ပူးပေါင်းစပြုလာခဲ့သည်။ တုန်ဖန်းမျိုးနွယ် တော်ဝင်မိသားစုကို သွေးချောင်းစီးစေရန်နှင့် ဘုရင်မအဖြစ် ရာဇပလ္လင်တက်ရန် အတွင်းလူအပြင်လူ ပူပေါင်းစီစဥ်ကာ ပိုမိုထိရောက်စေဖို့ ရည်ရွယ်ခဲ့သည်။

နောက်ပြီး သူမ၏ အလေးထားရဆုံး အမြတ်နိုးရဆုံး သမီးလေးကိုလည်း အနာဂတ်တော်ဝင်မင်းသမီးအဖြစ် မြှောက်တင်ရန်။

သူမသည် အရာအားလုံး အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ဖြစ်လာလိမ့်မည်ဟု တွေးခဲ့သော်လည်း လက်တွေ့ဖြစ်ရပ်က သူမ၏စိတ်ဝိညာဥ်ကို တစ်ချက်ပြင်းပြင်း ထိုးနှက်သွားခဲ့သည်။

သူမ၏ အချစ်ဆုံးသမီး ပျောက်ဆုံးသွားခဲ့ပြီ။

သူမသည် ထိုလူသတ်သမားကို ယခုအချိန် ရန်စစိန်ခေါ်နိုင်ခြင်းမရှိ။ ဘာပဲဖြစ်ဖြစ် ထိုသူသည် ဉာဏ်အလင်းမသေမျိုး အဆင့်တစ်ဦးဖြစ်သည်။ သူမသည် လက်စားချေလိုစိတ် အနည်းငယ်ဖော်ပြမိပါက နေရာတွင်ပင် ချက်ချင်း ပျက်စီးသွားလိမ့်မည်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် သူမရင်ထဲတွင် တဟုန်းဟုန်းတောက်လောင်နေသော မကျေနပ်မှုနှင့် ဒေါသများကို ခံစားမိနေသည်။

အကယ်၍ သူမသာ လက်စားချေလိုပါက ပြင်ပအင်အားစုများကို မလွဲမသွေ မှီခိုအားကိုးရတော့မည်ဖြစ်၏။

“ငါ့အချစ်ဆုံးသမီးကို ဆုံးရှုံးခဲ့ရပေမယ့် အစီအစဉ်က မပြောင်းလဲဘူး။ ဒီမင်းသမီးဟာ ပင်လယ်မျိုးနွယ်စုနဲ့ သဘောတူညီချက်ရရှိပြီးပြီ။ တုန်ဖန်းမျိုးနွယ်ကို ဖယ်ရှားပြီး နတ်မိမယ်တိုင်းပြည်ကို ထိန်းချုပ်လိုက်တာနဲ့ လူဦးရေရဲ့ တစ်ဝက်ကို ပင်လယ်မျိုးနွယ်စုဆီ လက်ဆောင်အဖြစ် ပေးအပ်မယ်!”

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ အကြည့်သည် စူးရှပြီး အဆိပ်ပြင်းသည်။

သူမ၏ မျက်လုံးထဲတွင် အရာအားလုံးကို အပေးအယူအဖြစ် မြင်နိုင်သည်။ နတ်မိမယ်ပညာကို ပြောင်းပြန်လှန်ခြင်းက သူမကို ပုံပန်းသွင်ပြင်ပျက်စီးစေနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိခဲ့သော်လည်း ရည်မှန်းချက်အတွက် ဆက်လက်ကျင့်ကြံခဲ့သူ တစ်ဦးပင်။ နောက်ပိုင်းတွင် သူမ၏ အသွင်အပြင်မှာ ဆိုးသည်ထက်သာဆိုးလာသော မကျေနပ်မှုများဖြင့် ပြည့်နှက်လာပြီး လှပသော အမျိုးသမီးများကိုပင် မုန်းတီးလာခဲ့မိသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ အမျိုးသမီးအားလုံးကို သူမခံစားခဲ့ရသော နာကျင်မှုမျိုး ခံစားစေချင်မိ၏။

All Chapters