← Chapters

အခန်း (၄၅၇)

Vol. 33 Ch. 457

အခန်း (၄၅၇)

Vol. 33 Ch. 457

“ပင်လယ်မျိုးနွယ်စုဘက်မှာ မကြာသေးမီက အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်ခဲ့တယ်။ အရင်က ဒီမင်းသမီးဟာ အနောက်ဘက်နယ်တကြောမှာ ပင်လယ်မျိုးနွယ်စုကို ခုခံဖို့ အထက်တန်းစား စစ်သည်တော်တွေနဲ့ စစ်သူကြီးတွေကို ဦးဆောင်စည်းလုံးခဲ့ကြပေမဲ့ အချိန်တွေက ပြောင်းလဲသွားခဲ့ပြီ"

“ဒီအတိုင်းသာ ဆက်သွားနေရင် နတ်မိမယ်တိုင်းပြည် ပျက်စီးဖို့က အချိန်တစ်ခုပဲ လိုတော့တယ်။ ဒါကြောင့် ဒီမင်းသမီး အမှောင်ကိုစွန့်ခွာပြီး အလင်းကိုလက်ခံဖို့ ဆုံးဖြတ်ခဲ့တာဟာ ဉာဏ်ပညာကို အသုံးပြုရွေးချယ်ခဲ့တဲ့လမ်းပဲ။"

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်က အနောက်ဘက်နယ်တွင် သူမ တွေ့ဆုံခဲ့သော ပင်လယ်မျိုးနွယ်စု သံတမန်ကို အမှတ်ရလိုက်သည်။

တစ်ဖက်လူသည် ခရုခွံပုံသဏ္ဌာန်ရှိသော တံဆိပ်တစ်ခုကိုသာ ထုတ်ပြခဲ့သည်။ အစပိုင်းတွင် သူမသည် အလေးအနက် မထားခဲ့သော်လည်း ဉာဏ်အလင်းမသေမျိုးအဆင့်ကို ကျော်လွန်သော အရှိန်အဝါတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာသောအခါမှသာ သူမသည် ပင်လယ်မျိုးနွယ်စုမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး၏ သတိပေးချက်နှင့် ဆူပူကြိမ်းမောင်းမှုကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ကြောက်မက်ဖွယ်ကောင်းစွာ သိရှိခဲ့ရ၏။

ထိုအချိန်က အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် မိုးနှင့်မြေလိုကွာဟ‌သော စွမ်းအားကြောင့် ထိတ်လန့်ကြောက်ရွံ့မိခဲ့သော်ငြား ပင်လယ်မျိုးနွယ်စုနှင့် ပူးပေါင်းကြံစည်ပြီး အာဏာကို သိမ်းယူရန် ဆုံးဖြတ်ချက်မှာတော့ ပိုလို့သာ ခိုင်မာလာခဲ့သည်။

ထိုသို့သော အစွမ်းထက်သည့် နောက်ခံဖြင့် အရှုံးကို တွေးကြောက်နေစရာအကြောင်းပင် မရှိလေတော့။

“ဟမ့်၊ ဟုန်ချန်ယဲ့၊ နင် ဉာဏ်အလင်းမသေမျိုး ဖြစ်နေတော့ရော ဘာဖြစ်လဲ? ဒီမင်းသမီးက နင့်သတင်းအချက်အလက်ကို ပင်လယ်မျိုးနွယ်စုဆီ ပေးပို့လိုက်တာနဲ့ သေမဲ့အချိန်ကိုသာ စောင့်နေပေရော့!”

“တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အဲဒီခွေးမ တုန်ဖန်းကျင်းနဲ့ ခင်မင်နေတာကိုပဲ အပြစ်တင်လိုက်။ ပြီးတော့ ငါ့သမီးကိုသတ်ဖို့အထိ အသိစိတ်ပျက်ပြားနေတာကိုလည်း အပြစ်တင်လိုက်!”

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးက ခပ်ပြုံးပြုံးဖြင့် ကြိမ်းဝါးလိုက်သည်။ သူမ၏ မျက်လုံးများက ပြင်းထန်စွာတောက်ပလျက်။

“တစ်ယောက်ယောက် လာဦး!”

“လာပါပြီရှင်။”

အမှောင်ရိပ်များထဲမှ စစ်မှန်သောမသေမျိုးအဆင့် အရှိန်အဝါရှိသော ခပ်ဝဝ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ နောက်ကျောမှ မကောင်းဆိုးဝါးစွမ်းအားများ ဖြာထွက်နေသည်အား ခံစားလိုက်မိသောအခါ သူမ၏ ခပ်ဝဝမျက်နှာမှာ တုန်ယင်သွားခဲ့ပြီး ကြောက်ရွံ့စိုးထိတ်လာဟန်ရှိ၏။

ထိုအမျိုးသမီးမှာ အနာဂတ်ပုန်ကန်ရေးအတွက် ပင်းရှီမင်းသားစံအိမ်မှ လျှို့ဝှက် မွေးမြူထားသော ဗျူဟာမှူးတစ်ဦးဖြစ်သည်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးကဲ့သို့ပင် ဗျူဟာမှူးအားလုံးသည် နတ်မိမယ်ပညာ ပြောင်းပြန်ကျင့်စဥ်ကို ကျင့်ကြံခဲ့ကြပြီး အရုပ်ဆိုးဆိုး ဝဝဖောင်းဖောင်း လက္ခဏာများကို တူညီစွာပိုင်ဆိုင်ထားကြသည်။

“အနောက်ဘက်နယ်စွန်းကိုသွားပြီး ပင်လယ်မျိုးနွယ်စု သံတမန်ဆီကို ဒီစာပေးပို့လိုက်! အစီအစဉ်က သတ်မှတ်ထားတဲ့အတိုင်း ဆက်လက်အလုပ်လုပ်နေကြောင်း သူတို့ကို သေချာပြောလိုက်!”

“ဟုတ်ကဲ့!”

ဖုန့်မင်ပြည်နယ်။

နေရာအများစုသည် ကမ်းရိုးတန်းများသာဖြစ်၏။

ဤနေရာရှိ ပင်လယ်ဧရိယာကို မြောက်ပင်လယ်နယ်မြေ ဟုခေါ်ပြီး များစွာသော ပင်လယ်မျိုးနွယ်စု များ အခြေချနေထိုင်ရာ ဒေသဖြစ်၏။

ပင်လယ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုသည် အချိန်အတော်ကြာအောင် ရန်သူများဖြစ်ခဲ့သည်ပင်။ သမိုင်းတစ်လျှောက်တွင် ပင်လယ်မျိုးနွယ်စုသည် ဖုန့်မင်ပြည်နယ်ကို ထပ်ခါတလဲလဲ ကျူးကျော်ခဲ့ပြီး ဖုန့်မင်ပြည်နယ်၏ ဒေသခံတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ခိုက်ခဲ့ကြရသည်။ နှစ်ဖက်ကြား ရန်ငြိုးရန်စမှာ အတော်လေးရှည်ကြာခဲ့လေပြီ။

အဆုံးမရှိသော ပင်လယ်အောက်ခြေတွင်။

သမုဒ္ဒရာကမ္ဘာသစ်တစ်ခုကို မြင်တွေ့နိုင်ပြီး အမျိုးမျိုးသော ပင်လယ်မျိုးနွယ်စုများ နေထိုင်ကြသည်။

တော်ဝင်နန်းတော်အတွင်းတွင်။

အရာရာတိုင်းမှာ ခမ်းနားထည်ဝါပြီး အဆင်အယင်က ကြီးကျယ်သည်။

ဂုံးမအများအပြားသည် လှပ‌ကျော့ရှင်းစွာ ကခုန်နေကြပြီး အလျင်စလိုမရှိသော အေးဆေးငြိမ့်ညောင်းသည့် အမူအရာဖြင့် ဆွဲဆောင်မှုတစ်မျိုးအား လှစ်ဟထုတ်ဖော်လျက်ရှိကြ၏။

အပေါ်ဆုံးတစ်နေရာတွင် ပုံရိပ်အများအပြားသည် တစ်ဦးနှင့်တစ်ဦး ခေါင်းချင်းဆိုင်ကာ တစ်ခုခုကို ဆွေးနွေးနေပုံရသည်။

ညာဘက်တွင် ထိုင်နေသူမှာ လျှပ်စစ်ငါးရှဥ့်မှ ပြောင်းလဲထားသော အပြာရောင်ဆံပင်ဖြင့် လူတစ်ဦးဖြစ်သည်။ ထိုသူမှာ ငွေရောင်အသားအရေရှိပြီး မျက်လုံးများတွင် လျှပ်စီးကြောင်းများ တောက်ပနေသည်။ အရှိန်အဝါမှာ ခြိမ်းခြောက်ဟန်အပြည့်ပင်။

ထိုသူ၏ မူရင်းဇာစ်မြစ်မှာ မြောက်ပင်လယ်နယ်မြေရှိ ကနေဒါမျိုးနွယ်ဝင်တစ်ဦးဖြစ်သည်။ သွေးနှောကင်းစင်သော မူလရင်းမြစ် ကနေဒါလျှပ်စစ်ငါးရှဥ့် တစ်ကောင်။

ထိုသူသည် မြောက်ပင်လယ်နယ်မြေ၏ ပင်လယ်ဘုရင်လည်းဖြစ်၏။

ဤလျှပ်စစ်ငါးရှဥ့်ဘုရင်၏ နောက်တွင် ကောင်းကင်မသေမျိုးအရှင်များ ဖြစ်သော အရည်အချင်းရှိ လက်အောက်ခံများစွာရှိသော်လည်း ခေါင်းဆောင်တစ်ဦးအနေဖြင့် အေးဆေးထိုင်မနေနိုင်။ လက်ရှိအချိန်တွင်လည်း အတော်စိတ်လှုပ်ရှားနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ထိုင်နေသော ရွှေရောင်ဆံပင်ရှိ လူငယ်သည် အလွန်ထူးခြားသော နောက်ခံတစ်ခု ရှိသောကြောင့်ပင်။

ရွှေရောင်ဆံပင် လူငယ်တွင် ချောမောသော မျက်နှာသွင်ပြင်ရှိပြီး သူ၏ ဦးခေါင်းအပေါ်တွင် ရွှေရောင်အလင်းဝိုင်းတစ်ခု တည်ရှိသည်။ သူ၏ နောက်ကျောတွင် နှင်းကဲ့သို့ဖြူသော နတ်သားအတောင်ပံတစ်စုံရှိပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှ သန့်စင်သော အရှိန်အဝါကို ခံစားသိရှိနိုင်၏။

ထိုသူ၏ နောက်တွင် လက်အောက်ငယ်သားနှစ်ဦးရှိပြီး တစ်ဦးက ထွားကြိုင်း၍အရပ်ရှည်ကာ ကျန်တစ်ဦးက ပိန်ပါးကျုံလှီသည်။ သူတို့နှစ်ဦးစလုံးသည်လည်း ဦးခေါင်းများအပေါ်တွင် ငွေရောင်အလင်းဝိုင်းများရှိပြီး နှင်းကဲ့သို့ဖြူသော အတောင်ပံများကို ပိုင်ဆိုင်ထားကြ၏။

“မင်းက ငါနဲ့စကားပြောဖို့ အရည်အချင်းရှိလို့လား? မင်းအထက်ကလူရော ဘယ်မှာလဲ? သူ့ကို ထွက်လာပြီး လာတွေ့ခိုင်းလိုက်။” ရွှေရောင်ဆံပင်ရှိ လူငယ်က အေးဆေးစွာ ပြောလိုက်သည်။ ထုတ်လွှတ်နေသောဖိအားက လျှပ်စစ်ငါးရှဥ့်ဘုရင်အား ခြေစခေါင်းဆုံး အေးစက်သွားစေ၏။

“ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါခင်ဗျာ။ ပင်လယ်ဝေလငါးဘိုးဘေးကြီးက အထူးအကြောင်းပြချက်များ ရှိနေတာကြောင့် ကိုယ်တိုင်လာတွေ့လို့မရပါဘူး။ အရှင်က ဒီဘုရင်နဲ့ ဘာမဆို ဆွေးနွေးနိုင်ပါတယ်။” လျှပ်စစ်ငါးရှည်ဘုရင်က စိတ်လှုပ်ရှားစွာ တဟဲဟဲရယ်မောလိုက်သည်။

အထင်သေးခံရသော်လည်း သူသည် ဒေါသမထွက်ရဲပေ။ ဤဧည့်သည်တော်သုံးဦးသည် အလင်းမျိုးနွယ်စုမှဖြစ်ကြကာ ကောင်းကင်ဘုံအစည်းအရုံးနှင့်လည်း သက်ဆိုင်နေသည်ဟု ဆိုထားကြသည်မဟုတ်လော။

အထူးသဖြင့် ဤရွှေရောင်ဆံပင်ရှိ လူငယ်သည်၏ အရှိန်အဝါသည် သူ့လိုဘုရင်တစ်ပါးအတွက်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သီးသန့်အနားယူနေသော ပင်လယ်ဝေလငါးဘိုးဘေးကြီးထက်ပင် အစွမ်းထက်နေခဲ့သည်။

ပင်လယ်ဝေလငါးဘိုးဘေးကြီးမှာ မကြာသေးမီကမှ နိုးထလာသော အသက်သွင်းစွမ်းအားရှင်တစ်ဦးဖြစ်၏။ မြောက်ပင်လယ်နယ်မြေ၏ ပင်လယ်ဘုရင်အနေဖြင့် ထိုအဖိုးအို၏ လမ်းညွှန်သင်ပြမှုကို ရရှိခဲ့ပြီး ကံကောင်းစွာဖြင့် ဉာဏ်အလင်းမသေမျိုး ဖြစ်လာခဲ့သည်။ သို့သော် ရွှေရောင်ဆံပင်ရှိ လူငယ်၏ ရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နှိမ့်ချနေမှ တော်ကာကျမည့် ခံစားချက်မျိုးပင်။

All Chapters