အခန်း (၄၅၉)
Vol. 33 Ch. 459
နန်းတော်စင်္ကြံတွင်။
ရွှေရောင်ဆံပင်နှင့် သခင်လေးသည် အပြင်ဘက်ရှိ ကြွရွနေသော အနီရောင်သန္တာကျောက်တန်းများနှင့် ကူးခတ်နေသော ငါးများကို ကြည့်ရင်း ချောမောအေးစက်သောမျက်နှာလေးအား တည်တင်းထားလျက်ရှိ၏။
သူ၏နာမည်မှာ စစ်ထူယန်ဖြစ်ပြီး နိဗ္ဗာန်ကမ္ဘာမှလာသူ ဖြစ်သည်။ အလင်းမျိုးနွယ်စု မျိုးဆက်သစ်ခေါင်းဆောင်၏ ညီငယ်တစ်ဦးလည်းဖြစ်၏။ သူ၏ အဆင့်အတန်းသည် အလွန်ထင်ရှားကျော်ကြားသော အနေအထားတစ်ခုပင်။
သူ၏ ဦးခေါင်းအပေါ်တွင်ရှိသော ရွှေရောင်အလင်းဝိုင်းမှ မြင့်မြတ်သန့်စင်သောမျိုးရိုးအား သိမြင်နိုင်ပေမည်။
အလင်းမျိုးနွယ်စုသည် လူဦးရေ သိပ်မများသော်လည်း နိဗ္ဗာန်ကမ္ဘာအား အများအားဖြင့် လွှမ်းမိုးထားနိုင်သော မျိုးနွယ်ဖြစ်ပြီး စကြဝဠာတစ်ခုလုံးတွင် လူသိများကျော်ကြားသည်။
မွေးဖွားလာသော အလင်းမျိုးနွယ်စု မျိုးနွယ်ဝင်တိုင်းသည် သူတို့၏ ဦးခေါင်းအပေါ်တွင် အလင်းဝိုင်းတစ်ခု ပါရှိလိမ့်မည်။ အလင်းဝိုင်း၏ အရောင်သည် သူတို့၏ အဆင့်အတန်းကို ခွဲခြားသတ်မှတ်ထားပြီးဖြစ်ကာ သူတို့၏ အနာဂတ် အရည်အချင်းတိုးတက်မှုနှင့် တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ကိုယ်စားပြုသည်။
အလင်းဝိုင်းအဆင့်များသည် အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ စီစဥ်ဖော်ပြရလျှင် မီးခိုးရောင်၊ စိမ်းပြာရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ ငွေရောင်၊ နှင့် ရွှေရောင် ဟု ရှိပေမည်။
မီးခိုးရောင်အလင်းဝိုင်းက အနိမ့်ဆုံး သာမန်လူတန်းစားကို ဖော်ပြပြီး စိမ်းပြာရောင်အလင်းဝိုင်းက အရည်အချင်း အနည်းငယ်ရှိခြင်းကို ဆိုလိုသည်။ အပြာရောင်အလင်းဝိုင်းက မျိုးနွယ်စု၏ တိုက်ခိုက်ရေး အဖွဲ့ဝင်ကို ကိုယ်စားပြုပြီး ခရမ်းရောင်အလင်းဝိုင်းက အကြီးအကဲအဆင့်ကို ဆိုလို၏။ ငွေရောင်အလင်းဝိုင်းက အလွန်ဩဇာကြီးသော ပုဂ္ဂိုလ်အဆင့်အတန်းကို ဖော်ပြသည်။
နောက်ဆုံး ရွှေရောင်အလင်းဝိုင်းသည် အလင်းမျိုးနွယ်စု၏ အစစ်အမှန် တော်ဝင်မျိုးနွယ်စု သင်္ကေတဖြစ်သည်။
အလင်းမျိုးနွယ်စုတွင် မွေးဖွားခြင်းသည် အထက်ပါအချက်အလက်အားလုံးကို ကိုယ်စားပြုထားပြီး အဆင့်အတန်းသည် ပိရစ်မစ်အဆင့်များကဲ့သို့ တင်းမာတိကျသည်။
အလင်းမျိုးနွယ်စု မျိုးဆက်သစ်ခေါင်းဆောင်၏ ညီငယ်ဖြစ်သော စစ်ထူယန်သည် အစ်ကိုဖြစ်သူ၏ တောက်ပမှုအောက်တွင် အမြဲကြီးပြင်းလာခဲ့ရသည်။ သူ ဘာလုပ်သည်ဖြစ်စေ၊ သူ၏ အောင်မြင်မှုများ မည်မျှ ထူးခြားသည်ဖြစ်စေ မျိုးနွယ်စုအတွင်း၌ အစ်ကိုဖြစ်သူ စစ်ထူကုံးနှင့် နှိုင်းယှဉ်၍ပင်မရပေ။
ပြင်ပကမ္ဘာသည် အလင်းမျိုးနွယ်စု၏ မျိုးဆက်သစ်ခေါင်းဆောင် စစ်ထူကုံးကိုသာသိပြီး ညီငယ်ဖြစ်သော စစ်ထူယန်ကိုတော့ ကြားပင်ကြားဖူးကြလိမ့်မည်မဟုတ်!
မာန်မာနကြီးသော စစ်ထူယန်သည် အရိပ်မိုးသော ဘဝပေးအခြေအနေကို ငြီးငွေ့နေလေပြီ။ ခွင်းလွင်ကမ္ဘာ ပြန်လည်နိုးထလာသော အဆင့်သို့ ရောက်ရှိလာချိန်တွင် ကြယ်တာရာကောင်းကင်ရှိ မျိုးနွယ်စုများအားလုံးသည် ဤအဆီတုံးကြီးကို မျက်စိကျနေခဲ့ကြရာ အလင်းမျိုးနွယ်စုကလည်း အမိအရ ကြိုတင်စီစဉ်လိုခဲ့သည်။ ဤသို့ဖြင့် သူပါဝင်လှုပ်ရှားရန် အခွင့်အရေးရလာခဲ့ခြင်းပင်။
သူ၏ အဆင့်အတန်းကြောင့် အန္တရာယ်ရှိသော တာဝန်တစ်ခုတွင် ပါဝင်လှုပ်ရှားလိုခြင်းကို မျိုးနွယ်ဝင်အများစုက ဆန့်ကျင်ခဲ့သော်လည်း သူ၏ ခိုင်မာသော တောင်းဆိုမှုကြောင့် နောက်ဆုံးတွင် မိသားစု ဝင်များက သဘောတူပေးခဲ့ရသည်။
ထို့ကြောင့် စစ်ထူယန်သည် ကိုယ်ပိုင်အစောင့်အရှောက်နှစ်ဦးနှင့်အတူ အလင်းမျိုးနွယ်စုအတွက် ကြီးမားသော အဖိုးအခတစ်ခု ပေးဆပ်စတေးကာ ခွင်းလွင်ကမ္ဘာ၏ အလယ်ပိုင်းဒေသသို့ ဝင်ရောက်နိုင်ခဲ့သည်။
အလယ်ပိုင်းဒေသသို့ ဝင်ရောက်ပြီးနောက် စစ်ထူယန်သည် ပြန်လည်နိုးထလာသော ဒဏ္ဍာရီလာသတ္တဝါများ၏ တည်ရှိနေခြင်းကို သိရှိခဲ့ရသောကြောင့် မြောက်ပင်လယ်နယ်မြေ၏ ပင်လယ်မျိုးနွယ်စုနှင့် ပူးပေါင်း၍ ပထမအဆင့်အနေဖြင့် ထိပ်တန်း လူသားမျိုးနွယ်စု ကျွမ်းကျင်သူများကို ဖယ်ရှားရန်၊ ထို့နောက် ကြယ်တာရာဂိတ်ကို ဖြည်းဖြည်းချင်း ရှာဖွေပြီး အလင်းမျိုးနွယ်စုမှ ဤကမ္ဘာကို တရားဝင် သိမ်းပိုက်ဖို့ရာ လမ်းတစ်ခု ဖွင့်ရန် အတွေးရလိုက်သည်။
စစ်ထူယန် ဤလမ်းကို ရွေးချယ်ကတည်းက အောင်မြင်မည်ဆိုတာ ယုံကြည်ထားခဲ့သည်။ သူ၏ ဂုဏ်သတင်းကို နိဗ္ဗာန်ကမ္ဘာတစ်ခွင်လုံး ပျံ့နှံ့စေရန်နှင့် အစ်ကိုဖြစ်သူ စစ်ထူကုံး၏ တောက်ပမှုအောက်တွင် မရှိစေတော့ရန် ခြေလှမ်းကျယ်ကျယ်တစ်ခု စတင်ခြင်းဖြစ်လေရာ ကျရှုံးလို့တော့မဖြစ်။
“သခင်လေး၊ အဲဒီ ဝေလငါးစုတ်က ကျွန်တော်တို့ဆီကနေ တမင်တကာ ပုန်းရှောင်နေတယ်လို့ ထင်လား? သူကိုယ်တိုင်မလာရဲတာနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရည်အချင်းနိမ့်တဲ့ လျှပ်စစ်ငါးရှဥ့်တစ်ကောင်ကိုပဲ စေလွှတ်လိုက်တာလား!” သူ့နောက်မှ အစောင့်အရှောက်နှစ်ဦးက ဒေါသတကြီး ပြောဆိုကြသည်။
သူတို့သည် ပင်လယ်ဝေလငါးဘိုးဘေးကြီး၏ ရှောင်လွှဲထွက်ပြေးမှုကြောင့် အတော်လေး မကျေနပ်မိကြပေ။
မြောက်ပင်လယ်နယ်မြေ တစ်ခုလုံးတွင် အာရုံစိုက်ထိုက်သော တစ်ဦးတည်းသောသူမှာ ထို မသေမျိုးဘုရင်အဆင့် ပင်လယ်ဝေလငါးဖြစ်သည်။ တစ်ဖက်လူက သူတို့ကို တမင်တကာ ရှောင်ရှားရန် ရွေးချယ်ပါက သူတို့လည်း ဆက်နေရန် မလိုအပ်တော့ပေ။
စစ်ထူယန်က ဂရုမစိုက်စွာ ပြောလိုက်သည်။ “အဲဒီအဖိုးကြီးမှာလည်း သူ့အကြောင်းနဲ့သူ ရှိဦးမှာပေါ့။ ငါတို့ဘက်က စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ပဲ လိုတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ကအပြင်လူလေ"
သူ၏ လေသံသည် တည်ငြိမ်ပြီး မတုန်မလှုပ်ပေ။ အခြေအနေတစ်ခုလုံးကို လက်ခုပ်ထဲတွင် အပီထိန်းချုပ်ထားသကဲ့သို့ ပေါ့ပေါ့ပါးပါးရှိလှ၏။
အစောင့်အရှောက်နှစ်ဦးက သူ့ကို လျှို့ဝှက်စွာ ချီးကျူးမိကြသည်။ မျိုးဆက်သစ်ခေါင်းဆောင်၏ ညီဖြစ်သူကို ပြင်ပကမ္ဘာမှ အလွန်အထင်အမြင်သေးခဲ့ပုံပေါ်သည်ဟု ခံစားမိရ။ သူတို့သည် ထိုကဲ့သို့ အလားအလာရှိသော စွမ်းအားရှင်၏ အမိန့်စကားအား လိုက်နာနိုင်ခြင်းနှင့် ထိုသူ၏ ခမ်းနားသော အောင်မြင်လွှမ်းမိုးမှုကို မြင်တွေ့နိုင်ခြင်းသည် ဂုဏ်ယူစရာတစ်ခုသာဖြစ်သည်။
“ခွင်းလွင်ကမ္ဘာဆိုတာ ကောင်းကင်ဘုံအစည်းအရုံးမှာ တစ်ချိန်က ဒုတိယအဆင့်လို့ သတ်မှတ်ခံရတဲ့ ကမ္ဘာကြီး။ အဲဒီအချိန်က အင်မတန် အစွမ်းထက်လို့ ငါတို့ နိဗ္ဗာန်ကမ္ဘာကိုတောင် ဖိနှိပ်ထားနိုင်ခဲ့တယ်။ အခုလို ဆိုးရွားလှတဲ့အခြေအနေကို ကျရောက်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။”
စစ်ထူယန် တစ်ခုခုကို အမှတ်ရလိုက်ပုံရပြီး လှောင်သံဖြင့်ဆိုသည်။
“အခုများတော့ အင်မတန် နောက်ကျကျန်နေခဲ့ပြီ၊ သူ့ရဲ့ အရင်အထွတ်အထိပ်အနေအထားကို ပြန်ရောက်နိုင်ရင်တောင် ကျွန်တော်တို့ရဲ့ လက်ရှိ နိဗ္ဗာန်ကမ္ဘာနဲ့ ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူး!” အရပ်ရှည်ရှည်ငယ်သားက ပေါ့ပေါ့ပါးပါး ဖြည့်စွက်လိုက်သည်။
ဘေးမှကျန်တစ်ယောက်ကလည်း အထင်အမြင်သေးစွာ မှတ်ချက်ချ၏။
“ဟုတ်ပါ့။ အဲဒီ မသေမျိုးဧကရာဇ်ထက်ပိုသာတဲ့ သတ္တဝါတွေသာ အဲ့ဒီအချိန်က စိတ်မထိန်းနိုင်ဘဲ ဝင်ပါခဲ့ရင် ခွင်းလွင်ကမ္ဘာဟာ ကောင်းကင်တာအိုက ကာကွယ်ထားရင်တောင် ဘယ်စည်းမျဥ်းဥပဒေသမှာ နိုင်နင်းတော့မှာမဟုတ်ဘဲ ကြယ်တာရာကောင်းကင်ရဲ့ မျိုးနွယ်စုများစွာဆီက ကျူးကျော်ခံရမှာ အသေအချာပဲ!”
ဤစကားများတွင် နက်နဲစွာ စဉ်းစားခန်းဝင်ရမည့် သတင်းအချက်အလက်များစွာ ပါဝင်နေသည်။
ခွင်းလွင်ကမ္ဘာ ယခုအချိန်အထိ ဆက်လက်တည်မြဲနိုင်ခြင်းနှင့် မသေမျိုးဘုံမှ ကြားဝင်ဖြန်ဖြေနိုင်ခြင်းသည် မသေမျိုးဧကရာဇ်ထက်ကျော်လွန်သော ဒဏ္ဍာရီလာသတ္တဝါတို့ ဝင်ရောက်စွက်ဖက်ခြင်းမရှိသေးသောကြောင့်သာ ဖြစ်၏။
ဤအကြောင်းအရာတို့မှာ မရဏချောက်နက်နှင့် ကောင်းကင်ဘုံအစည်းအရုံးကြားရှိ ရှုပ်ထွေးသော ဆက်ဆံရေးနှင့် သက်ဆိုင်သည်။ သို့သော် ခွင်းလွင်ကမ္ဘာသည် သွားရည်ယိုစရာ ကိတ်မုန့်ကြီးတစ်လုံးနှင့် မခြားနားပါပေ။ ထိုကမ္ဘာ၏ အစိတ်အပိုင်းကို အရင်ဆုံးခွဲထုတ်ယူနိုင်သူက အရင်ဆုံးအပိုင်ရပေမည်။
ဤစကြဝဠာတွင် အာဏာကသာ အရာရာကိုဆုံးဖြတ်သည်။
ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော လက်တွေ့ဘဝသာဖြစ်၏။
စစ်ထူယန်သည် ရေအောက်ကမ္ဘာကို ငေးမောနေရင်း ခံစားချက်တို့မပါဝင်သော သံနေသံထားဖြင့် ပြောလိုက်သည်။ “ခွင်းလွင်ကမ္ဘာ ဒီနေ့ဒီချိန် ဒီလိုဖြစ်နေရတာ မုန်တိုင်းလို့ခေါ်တဲ့ အဲဒီအရူးကြောင့်ပဲ။ သူက ကြယ်အမြုတေကို ညစ်ညမ်းအောင် လုပ်ခဲ့တာကြောင့် ခွင်းလွင်ကမ္ဘာ ယိုယွင်းလာခဲ့တာ။ မူလဇာတိကမ္ဘာကိုတောင် သစ္စာဖောက်ရအောင် မရဏမျိုးနွယ်က ဘာတွေများမက်လုံးပေးခဲ့လဲ ငါတကယ်စဥ်းစားမရဘူး"
ထိုသစ္စာဖောက်မှုသည် စကြဝဠာ တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ကမ္ဘာအများအပြားသည် သမိုင်းတကြော့ပြန်မည့်အရေးအား ကြောက်ရွံ့လှ၍ သူတို့၏ ကြယ်အမြုတေများကို တင်းကျပ်စွာ ကာကွယ်ခဲ့ပိတ်ဆည်းခဲ့ကြသည်အား သူမှတ်မိနေသေး၏။
“ငါ ဒီကို ရောက်လာကတည်းက အန္တရာယ်အားလုံးကို ဖယ်ရှားပြီး အလင်းမျိုးနွယ်စု ဒီနေရာကို အပြည့်အဝ သိမ်းပိုက်ရစေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာပဲ” စစ်ထူယန်က အေးစက်နေသောမျက်လုံးများဖြင့် အလေးအနက်ဆိုသည်။
“ငါ့စကားကိုနာခံရင် အောင်မြင်မှာဖြစ်ပြီး ဆန့်ကျင်ရင်တော့ ပျက်စီးလိမ့်မယ်"
အမှန်မှာတော့ သူ၏အဓိကရည်ရွယ်ချက်မှာ အစ်ကိုဖြစ်သူ၏ တောက်ပမှုကို ကျော်လွန်ထိုးဖောက်ရန်သာ ဖြစ်ချေတော့၏။