တန်ပြန် စိတ်ဆွခြင်း ~
Vol. 11 Ch. 151
ဟောက်ရန်တွင် သိုင်းပညာပါရမီ အားနည်းသော်လည်း မောက်မာဝင့်ကြွားပြရာတွင် ပြိုင်ဘက်ကင်းသည် ။
" ဝှစ်.."
ဟောက်ရန်က ရုတ်တရပ် စင်ပေါ်သို့ ခုန်တက်လိုက်သည် ။
" ဘာလဲ.. "
" ဟောက်ရန်က ဘာလုပ်မလို့လဲ.. "
လက်ရွေးစင်အတန်းမှ ကျောင်းသားများ ရှုပ်ထွေးသွားကြသည် ။
ဒုတိယနှစ်ကျောင်းသားများလည်း အံ့သြ သွား၏ ။
" ဖက်တီးလေးက ဘာတက်လုပ်တာလဲ.. "
ဟောက်ရန်က အရာအားလုံးကို လျစ်လျူရှု၍ ကျွမ်းကျင်သူ တစ်ယောက်၏ ဟန်ပန်အပြည့်ဖြင့် ဒုတိယနှစ်ကျောင်းသားများကို လက်ညိုးဖြင့်ထိုးပြီး...
" မင်းတို့ အမှိုက်တစ်အုပ်က ငါတို့ လက်ရွေးစင်အတန်းကို ပြသနာ လာရှာရဲတယ်လား.. "
ဟောက်ရန်၏ မျက်နာက မောက်မာဟန်အပြည့်ဖြင့် လှောင်ပြောင်လိုက်သည် ။ သူ၏ ပုံစံမှာ သေချာပေါက် အရိုက်ခံချင်နေပုံပေါ်၏ ။
" ဘာလဲ.. "
လူတိုင်း ထိတ်လန့်သွားသည် ။ ဟောက်ရန်အား လူထူးလူဆန်းတစ်ယောက်သဖွယ် ဝိုင်းကြည့်နေကြ၏ ။
" ဖက်တီးလေးက အရိုက်ခံချင်နေတာလား.."
" အသားယားလို့ အရိုက်ခံချင်နေတာလား.."
" ချီး.. သူ့ဟာသူ အရိုက်ခံချင်တာ ငါတို့ အတန်းကိုပါ ဆွဲမထည့်နဲ့လေ.. နှစ်ကြီးသမားတွေက နေ့တိုင်းရန်လာစနေရင် ဘယ်လိုလုပ်မလဲ.. "
" ကလေး.."
ဒုတိယနှစ်များကို ဦးဆောင်လာသူ ဆံပင်နီကြောင်ကြောင်ဖြင့် နဂါးနီ ဟု ခေါ်သူက မျက်လုံးမှေးကြည့်လိုက်ပြီး...
" မင်း ကျန်းနန်တက္ကသိုလ်မှာ ဆက်အသက်မရှင်ချင်တော့ဘူးလား.."
" မင်းကိုမင်း ဘာကောင်ထင်နေလို့လဲ.. "
ဟောက်ရန်က ပြန်ရန်တွေ့သည် ။ လင်းမို့နောက်ကွယ်တွင် ရှိသဖြင့် သူ၏ ယုံကြည်မှုက ပြည့်ဝနေ၏ ။
" ခုန အကိုမို့ မရှိလို့ မင်းတို့ကောင်တွေ သောက်ကြီးသောက်ကျယ် ပြောလို့ရနေတာ.. ခုအကိုမို့ ရောက်လာပြီ မင်းတို့ကို မင်းတို့ ဘာကောင်ထင်နေတာလဲ .. မင်းနာမည်က နဂါးနီ လား.. အကိုမို့နဲ့ တွေ့ရင် ခွေးပေါက်နီ ဖြစ်သွားမယ်.. "
ဟောက်ရန်၏ အမုန်းတရားဆွဲဆောင်မှုကို ကြည့်၍ ကျောင်းသားများ ဆွံ့အသွားကြသည် ။
" ဟောက်ရန်က သတ္တိကောင်းလိုက်တာ.."
" သူဒီလောက် သတ္တိကောင်းတာကို ငါဘာလို့ အရင်က သတိမထားမိတာလဲ.. "
" ဟိုကောင်တွေ ဒေါသအထွက်လွန်ပြီး သေတော့မယ်.. "
" ဟောက်ရန် သတ္တိကောင်းနေတာ လင်းမို့ကြောင့်ဟ.. "
" ဟုတ်တယ် လင်းမို့ ကျောင်းကိုရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတာကို ဟိုဒုတိယနှစ်ကောင်တွေက တစ်နှစ်ကျော်ပြီ.. "
" ယဲ့ရီတောင် ခွေးရိုက်နွားရိုက် အရိုက်ခံလိုက်ရတာကို လင်းမို့က မကြောက်ဘူးလား.."
လက်ကျိုးနေသော ယဲ့ရီက ထောင့်တစ်ခုတွင် မှီရင်း ခေါင်းယမ်းလိုက်သည် ။ မည်သည့်အတွက်ကြောင့် ရန်စနေရပါသနည်း ။ လွယ်လွယ်နှင့် ပြီးတော့မည်မဟုတ် ။
သူ လင်းမို့၏ ခွန်အားကို အထင်ကြီးသော်လည်း ဒုတိယ နှစ်များကို ယှဥ်နိုင်မည်ဟု မထင် ။
' လင်းမို့က မောက်မာလွန်းတယ်.. '
ယဲ့ရီ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည် ။
ယီမိုလည်း ဆွံ့အနေ၏ ။ သူမ လင်းမို့၏ နောက်ကျောကို ကြည့်လိုက်မိသည် ။ မည်သည့်အတွက်ကြောင့် ဤမျှအထိ ရန်စနေပါသနည်း ။
" လင်းမို့.."
သူမ လင်းမို့ဆီသို့ လျောက်သွားကာ ပုခုံးပုတ်၍ ခေါ်လိုက်ပြီး အသံတိုးတိုးဖြင့်...
" နင်ပြောတော့ နင်လုပ်တာကို နင်သိတယ်ဆို.. "
" ဟုတ်တယ်လေ.. "
လင်းမို့က ဝန်ခံလိုက်သည် ။
" ပြသနာ ရှိလို့လား.."
" အဲ့တာဆို ဟောက်ရန်ကို ဘာလို့ ရန်စခိုင်းတာလဲ .."
ယီမို ဘာဆက်ပြောရမည် မသိတော့ ။
" ရန်မစရင် သူတို့ အချိန်ကတ်တွေ အကုန်ထုတ် လောင်းမှာ မဟုတ်ဘူးလေ.. "
လင်းမို့ ပြုံးလိုက်သည် ။
ယီမို ထိတ်လန့်သွားပြီး...
" နင်ပြောတာက.. "
လက်ရွေးစင်အတန်းရှိ လူများအားလုံးတွင် ဟောက်ရန် ပြီးလျှင် ယီမိုတစ်ယောက်သာ လင်းမို့အား နားလည်သူရှိသည် ။ သူ မပိုင်လျှင် ခြင်တောင် ရိုက်မည့်သူမျိုးမဟုတ် ။
' လင်းမို့က ဒုတိယနှစ်တွေထက် သန်မာနေပြီလား.. "
သူမ မယုံကြည်နိုင်သော်လည်း ယုံကြည်ရန် ရွေးချယ်လိုက်သည် ။ စာမေးပွဲတွင် မည်သူမှ မရနိုင်သည့် အမှတ်ပြည့်ကိုပင် ရနိုင်သူမို့ ယုံကြည်ရန် ထိုက်တန်သည် ။
သူမ မျှော်လင့်နေမိ၏ ။
' နင်နိုင်မှာကိုပဲ ငါမြင်ချင်တယ်နော်..'
ဟောက်ရန်က စကားပြောပြီးသည်နှင့် ဇောချွေးပြန်လာသည် ။ ဒုတိယနှစ်များက သူ့အား ဝါးစားတော့မတက် စိုက်ကြည့်နေကြ၏ ။ တစ်ယောက်ယောက် တက်လာပြီး သူ့အား ရိုက်နှက်လျှင် ငိုရန်ပင် မျက်ရည်ကျန်မည်မဟုတ် ။
ဟောက်ရန်က နောက်တွင် ရှိသော လင်းမို့ကို တစ်ချက် ခိုးကြည့်ပြီး နောက်သို့ ခြေလှမ်းနဲနဲ ဆုတ်လိုက်သည် ။
" အကိုမို့ ..."
ဟောက်ရန်က အသံတိုးတိုးဖြင့်...
" ဒီလောက်ဆို လုံလောက်ပြီလား.. ပြန်ဆင်းခဲ့ရတော့မလား.. "
ဝင့်ကြွားပြရသည်က အရသာရှိသော်လည်း သူ့နှလုံးသားက ရထားဖြတ်မောင်းသွားသလို ခုန်နေပေသည် ။
" ဆင်းခဲ့တော့.."
လင်းမို့က တည်ငြိမ်စွာပြောလိုက်သည် ။ သူ၏ အလှည့်သို့ ရောက်လာလေပြီ ။
" လာပြီ.. "
ဟောက်ရန်က အလျင်အမြန် ခုန်ဆင်းလိုက်၏ ။
လင်းမို့က စင်ပေါ်သို့ ဖြည်းဖြည်းချင်း လမ်းလျောက်တက်သွားသည် ။
" လင်းမို့... "
နဂါးနီက လင်းမို့ကို စိုက်ကြည့်၍...
" မင်း ဟိုဝက်စုတ် ပြောသွားတာကို ပြန်ဖြေရှင်းမှာလား.."
" ရှင်းရမှာလား..."
လင်းမို့က ရယ်လိုက်ပြီး...
" သူ့ကို ငါပြောခိုင်းလိုက်တာလေ.."
" မင်း... "
နဂါးနီ ဒေါသထွက်သွား၏ ။ ပထမနှစ်များ၏ ဆဲဆိုခံရသည့် ဒုတိယနှစ်ကျောင်းသား ကျန်းနန်တက္ကသိုလ်၏ သမိုင်းတွင် မရှိချေ ။
" ဘာလဲ မကျေနပ်ဘူးလား.. မကျေနပ်ရင် တက်ခဲ့ လေ လောင်းကြေးတိုက်ပွဲ စမယ်.. လက်သီးနဲ့ပဲ စကားပြောကြတာပေါ့.. "
လင်းမို့ စိန်ခေါ်လိုက်ပြီး ...
" မင်းတို့ ကြိုက်သလောက် တက်လာခဲ့... မင်းတို့ စိန်ခေါ်သမျှကို ငါလက်ခံတယ်.. "
" အကုန်လက်ခံတယ်လား .."
အားလုံး လင်းမို့၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားကြသည် ။ ယဲ့ရီက စိန်ခေါ်မှုကို လက်ခံခဲ့ခြင်းမှာ ကြောက်သည်ဟု ထင်ခံရ၍ အရှက်ကွဲမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည် ။
ယခုကဲ့သို့ လင်းမို့က စိန်ခေါ်လာသဖြင့် နဂါးနီ တွေဝေသွားသည် ။
" တက္ကသိုလ်က စည်းကမ်းအတိုင်းဆိုရင် တစ်ပွဲကို ဆယ်ကတ်ပဲ အများဆုံးလောင်းလို့ရတယ်.. "
လင်းမို့က...
" အမြင့်ဆုံးကြေးနဲ့ မင်းတို့ ကတ်တွေစုပြီး ကြိုက်သလောက် ပွဲစီစဥ်လိုက် ငါလက်ခံမယ်.. "
လင်းမို့က ဆက်လက် စိတ်ဆွပေးရန် မမေ့ ။
" မင်းတို့ ငါနဲ့ ချရမှာ ကြောက်နေတယ်လို့တော့ မပြောနဲ့နော်.. "
Chapter 152
~