အိုးထဲမှ လိပ် ( နွားခြေရာခွက်ထဲကဖား) ~
Vol. 11 Ch. 158
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ် သွားကြသည် ။
လင်းမို့၏ လက်သီးကြောင့် ပျံတက်သွားသော ချီဖုန့်ပိုကို ကြည့်၍ အားလုံးတိတ်ဆိတ်သွားကြ၏ ။
လူတိုင်း ဤမြင်ကွင်းကို မယုံကြည်နိုင်ကြ ။
" ဒါ..ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .."
" လမ်းညွှန်တိုက်ပွဲမှာ ပထမနှစ်က ဒုတိယနှစ်ကို ဘယ်တုန်းက နိုင်ဖူးလို့လဲ.. "
" လမ်းညွှန်တိုက်ပွဲဆိုတာက ပထမနှစ်တွေထက် ဒုတိယနှစ်တွေက အများကြီးပိုသန်မာလို့ ခေါ်တာလေ.. ခုပထမနှစ်က ပိုသန်မာနေတော့ တိုက်ပွဲရဲ့ နာမည်ကို ပြောင်းရတော့မှာလား.."
" ပျံသွားတဲ့သူက ချီဖုန့်ပို အယောင်ဆောင်ထားတာများလား.. "
ကွင်း ၂၀ တွင် ...
ချီဖုန့်ပိုက မြေပြင်ပေါ်တွင် လဲလှောင်းရင်း သူ့ဘဝကို သူပြန်၍ သံသရဝင်သွားသည် ။
' ငါ ဘယ်သူလဲ ..ငါ ဘယ်ရောက်နေတာလဲ.. '
သူမကို သူမပင် ရုတ်တရက် မေ့သွား၏ ။
' ငါ ကွင်း၁ မှာ မဟုတ်ဘူးလား ဘာလို့ ကွင်း ၂၀ ကို ရောက်လာတာလဲ.. '
ခဏအကြာတွင် သူမ သတိပြန်လည် သွားပြီး ပျံသန်းလာခဲ့သည်ကို မှတ်မိသွားသည် ။
' ငါ့ကို တစ်ချက်ထဲ ထိုးလိုက်တာလား..'
သူမ ကွင်း၁ သို့ လှမ်းကြည့်လိုက်မိ၏ ။ ဤမျှ အကွာအဝေးသို့ သူမ မည်သို့ ပျံသန်းလာပါသနည်း ။
" အား..."
သူမ ထရပ်ရန် ကြိုးစားလိုက် သော်လည်းမရ ။ အရိုးများ မကျိုးသော်လည်း တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရလို နာကျင်နေသည် ။
' ကြောက်စရာကောင်းလိုက်တာ.. '
သူမ လင်းမို့၏ လက်သီးချက်ကို ပြန်အမှတ်ရသွားသည် ။ သာမန် လက်သီးချက်ဖြစ်သော်လည်း ခွန်အား ကွာခြားလှသဖြင့် ရှောင်၍ မရလိုက်ပေ ။
' လင်းမို့ရဲ့ လက်သီးပြင်းအားက ကီလို ၁၀၀၀၀ လောက်များ ရောက်နေတာလား..'
တက္ကသိုလ်သို့ ရောက်သည်မှာ ရက်ပိုင်းသာရှိသေးသော ကျောင်းသားတစ်ယောက်၏ လက်သီးပြင်းအားက ကီလို ၁၀၀၀၀ ကျော်နေသည်ဟု ပြောလျှင် မည်သူမှ ယုံမည်မဟုတ် ။ သူမကိုယ်တိုင် အထိုးခံလိုက်ရခြင်းကြောင့် ယုံကြည်ရပေတော့မည် ။
' ငါ့လက်သီးပြင်းအားက ကီလို ၃၀၀၀ ကျော်ပဲ ရှိသေးတာ ငါ့ထက် သုံးဆလောက်များနေပြီ... '
ချီဖုန့်ပို သက်ပြင်းချလိုက်မိ၏ ။
' ငါ တိုက်ခိုက်ရေးစွမ်းရည်က သူ့ထက်သာပင်မယ့် လက်သီးပြင်းအား အရမ်းကွာနေတော့ ငါမယှဥ်နိုင်ဘူး.. '
လင်းမို့၏ အားအနည်းဆုံးမှာ လက်သီးပြင်းအားဖြစ်ကြောင်း သူမ မသိ ။
" အ..."
သူမ ခက်ခက်ခဲခဲ မတ်တပ် ထရပ်လိုက်သည် ။
ကုတ်အဖြူရောင် ဝတ်ထားသော ကုသခန်း တာဝန်ရှိသူများက သူမကို ကူညီရန် ပြေးလာ၏ ။
" ရတယ် ရတယ် ကျွန်မ အဆင်ပြေတယ်.. "
ချီဖုန့်ပိုက အားတင်းထား၏ ။
" ဒီဒဏ်ရာလောက်တော့ ခဏ အနားယူလိုက်ရင် ပျောက်သွားမှာ ကုသခန်း မသွားတော့ဘူး.. "
" ပြီးရင် တတိယနှစ်တွေနဲ့ တိုက်ရအုံးမှာလေ.. "
ဆရာဝန်က ကြင်နာစွာဖြင့်...
" ခုမကုရင် နောက်ထပ် ဘယ်လို တိုက်ခိုက်မှာလဲ.. "
ထိုမှသာ သူမ ဖုန်ကျစ်ဝေနှင့် တိုက်ခိုက်ရအုံးမည်ကို သတိရသွား၏ ။ ယနေ့တွင် နောက်ထပ် အရိုက်ခံရပေအုံးမည် ။ သူမ မျက်ရည်များ စီးကျလာသည် ။ လင်းမို့ကို အနိုင်ယူ၍ နာမည်ကြီးချင်ခဲ့သော်လည်း အရှက်ကွဲသော နေ့တစ်နေ့ပင် ။
ကွင်း ၁ ၏ ဘေးတွင် ဆရာဝေ့က လင်းမို့ကိုကြည့်ရင်း ခံစားချက်များ ရှုပ်ထွေးနေ၏ ။
' လောင်းကြေးတိုက်ပွဲ အရှုံးပေးဖို့ ငြင်းတာ ဒါကြောင့်ကိုး.. '
ဆရာဝေ့ ထိတ်လန့်သွားသည်မှ ပြန်သက်သာလာပြီး လောင်းကြေးတိုက်ပွဲကို တွေးလိုက်မိသည် ။
' ငါက စေတနာနဲ့ လုပ်လိုက်ပင်မဲ့ လင်းမို့ကို နှောက်ယှက်သလို ဖြစ်သွားတာပဲ.. '
ဆရာဝေ့ အနည်းငယ်ရှက်သွား၏ ။ သို့သော် သူစိတ်မဆိုး ။ သူ၏ ကျောင်းသား သန်မာနေလျှင် သူပျော်သည် ။
' လင်းမို့ရဲ့ ပါရမီက ကြောက်စရာကောင်းလိုက်တာ ခု လက်သီးပြင်းအားက ကီလို ၁၀၀၀၀ ကျော်လောက်တယ်.. '
ဆရာဝေ့ မယုံကြည်နိုင် ဖြစ်သွား၏ ။
' သူ ကျောင်းကိုရောက်တုန်းက ၃၀၀၀ ကျော်လေးပဲ ရှိတာ တစ်ရက်ကို ကီလို ၁၀၀၀ နှုန်းလောက် တိုးလာတာပဲ.. '
ဤသည်က သိပ္ပံနည်းမကျပေ ။
' ဖြစ်နိုင်တာက.. '
ဆရာဝေ့ တွေးသည် ။
' လင်းမို့က မြေဆွဲအားခန်းထဲ ဝင်လိုက်မှ သူ့ ခန္ဓာကိုယ်ပါရမီက အပြည့်အဝ ပေါ်ထွက်လာတာလား..အဲ့တာကြောင့် လက်သီးပြင်းအား တဟုန်ထိုး တိုးလာတာဖြစ်မယ်.. '
' လင်းမို့လို ပါရမီရှင်ရဲ့ တိုးတက်နှုန်းက သာမန်ပေတံ နဲ့ တိုင်းလို့မှ မရတာ အဲ့တာကြောင့် လောင်းကြေးတိုက်ပွဲကို လင်းမို့က ယုံကြည်မှု အပြည့်ရှိနေတာပဲ.. '
လင်းမို့က ဒုတိယနှစ်များ၏ အချိန်ကတ်ကို လိုချင်၍ တမင်မျှားခေါ်လိုက်ခြင်းပင် ။
ဆရာဝေ့ ပို၍ ကြောက်စရာ ကောင်းသည်ကို သတိထားမိသွား၏ ။
' လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ထင်သလောက်နိမ့်ပုံမရဘူး .. သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က နိမ့်နေရင် ဒီလို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး.. သူ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၃ အထွတ်အထိပ်လောက် ရှိမယ် ထင်တယ်.. '
ရှားနိုင်ငံ၏ ထိပ်တန်းပါရမီရှင် အများစုမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ အထွတ်အထိပ်သာ ရှိကြသေးသည် ။ ထို့ကြောင့် လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုနိမ့်သည်ဟု ပြောမရပေ ။
' ငါက အသုံးမကျတဲ့ ဆရာပဲ.. '
ဆရာဝေ့ အနည်းငယ် စိတ်ဓာတ်ကျသွားသည် ။ သူလင်းမို့အား သင်ပေးရန် ကြိုးစားနေသော်လည်း လင်းမို့က မလိုအပ် ။ ယခု လောင်းကြေးတိုက်ပွဲကို ဖျက်သိမ်းရန် ကြိုးစားလိုက်သော်လည်း လင်းမို့က မလိုအပ် ။
ဆရာဝေ့သည် သူဆရာလုပ်ခဲ့သော သက်တန်းတစ်လျောက် အသုံးမဝင်ဟု ယခုအကြိမ်တွင် ပထမဆုံး ခံစားမိလိုက်သည် ။
ကံကောင်းသည်က ဆရာဝေ့သည် လင်းမို့၏ အစစ်အမှန်ခွန်အားကို မသိခြင်းပင် ။ လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်က သူ့ထက်သာနေသည်ကိုသိလျှင် သတ်သေသွားနိုင်သည် ။
ဖုန်ကျစ်ဝေလည်း အံ့သြသွားသည် ။
' လင်းမို့ ငါ့အိမ်ကို ပစ်မှတ်ထားရဲတာ ဒါကြောင့်ကိုး.. နောက်လအစကြရင် သူစိန်ခေါ်လောက်တယ်..'
သို့သော်လည်း ဖုန်ကျစ်ဝေသည် မကြောက် ။ သူ၏ လက်သီးပြင်းအားရော တိုက်ခိုက်ရေးစွမ်းရည်ပါ လင်းမို့ထက်သာသည် ။
' ငါ့လာ စိန်ခေါ်လို့ကတော့ သင်ခန်းစာကောင်းကောင်း သင်ပေးလိုက်မယ်.. '
ဖုန်ကျစ်ဝေက ပြန်ရန် လှည့်ထွက်လိုက်၏ ။ သူတိုက်ခိုက်ရန် အချိန်လိုသေးသဖြင့် ရပ်မစောင့်နိုင်ပေ ။
တခြားလူများ ထက် ပို၍ ကြောက်လန့်နေကြသူ တစ်စုရှိသည် ။
လောင်းကြေးစာချုပ် လက်မှတ်ထိုးထားသော ဒုတိယနှစ် နှစ်ရာကျော်ပင် ။
သူတို့က လင်းမို့အား ဆူဖြိုးသော သိုးဟု ထင်မှတ်ခဲ့သော်လည်း လင်းမို့က ကိုးတောင်ပြည့် ကျားကြီး ဖြစ်နေလေသည် ။ သူတို့က အိုးထဲမှ လိပ်များ ဟု ကိုယ့်ကိုကိုယ် ထင်မှတ်မိလိုက်ကြသည် ။ သူတို့၏ အချိန်ကတ်များကို လင်းမို့အား ပေးရပေတော့မည် ။
Chapter 159