အိပ်ဆောင် အသစ် ~
Vol. 11 Ch. 164
နေ့ခင်းအချိန်..
လင်းမို့က အချိန်ကတ် ၇၀၀ ကို ကိုင်ဆောင်၍ ယီမိုထံသို့ရောက်လာခဲ့သည် ။
ယီမိုက ရင်းနှီးမြုပ်နှံခဲ့သူဖြစ်သဖြင့် ခွဲပေးရပေမည် ။
" များကြီးပဲ.. "
ယီမို အံ့သြသွား၏ ။ သူမ ထိုမျှထိ ရမည်ဟု မထင်ထားချေ ။
" ဒီလောက်အများကြီးကို ငါဘာလုပ်ရမှာလဲ.. "
ယီမို ပြောလိုက်၏ ။ အမှန်တရားကို ပြောလိုက်ခြင်းဖြစ်သည် ။
ပထမနှစ်သည် အခြေခံခိုင်အောင် ပြုလုပ်ရသောနှစ်ဖြစ်သည် ။ ဤနှစ်တွင် အရေးကြီးဆုံးမှာ ဘက်ပေါင်းစုံကို အခြေခံခိုင်မာအောင် လုပ်ပြီးမှ ဒုတိယနှစ်တွင် ခွန်အားများ ပေါက်ကွဲထွက်လာပေမည် ။ ပထမနှစ်အများစုမှာ လက်သီးပြင်းအား ကီလို ၃၀၀၀ ဝန်းကျင်ခန့်သာရှိပြီး လက်သီးပြင်းအားတစ်ခုထဲကို ကွက်၍ လေ့ကျင့်ခြင်းကို တားမြစ်ထားသည် ။ မျှချေကို ထိန်းသိမ်းထားမှ အခြေခံခိုင်မာပေမည် ။
ထို့ကြောင့် သူမ အချိန်ကတ်များစွာ သုံးရန်မလိုအပ်ပေ ။ တစ်နှစ်လုံး အတွက် ကတ်၃၀ လောက်သာ သူမ သုံးနိုင်မည်ဖြစ်သည် ။
" ဒါနင့်ဝေစုပဲလေ.. "
လင်းမို့ ပြောလိုက်သည် ။ သူ၏ အရည်အချင်းကြောင့် အနိုင်ရခဲ့သည် ဖြစ်သော်လည်း သူရှုံးနိမ့်ခဲ့ပါက ယီမို ၏ အချိန်ကတ် နှစ်နှစ်စာ ဆုံးရှုံးသွားမည်ဖြစ်သည် ။
" ငါမှ သုံးလို့မရတာ ငါ့ဆီထားရင် အလကားဖြစ်သွားမှာပေါ့.. "
ယီမိုက ငြင်းလိုက်ပြီး...
" နင်က အသုံးလိုနေတာပဲ နင်ယူထားလိုက်ပါလား..ငါ့ကို နည်းနည်းပဲ ပေးလေ.."
" အေးပါ..ငါနည်းနည်း ယူထားလိုက်မယ်.. "
လင်းမို့က လိုအပ်နေသဖြင့် မငြင်းလိုက် ။ သို့သော်လည်း အချိန်အတော်ကြာအောင် ငြင်းခုံပြီးမှ ယီမိုက ကတ် ၅၀ ကို လက်ခံလိုက်သည် ။
" နင်အချိန်ကတ်လိုရင် ငါ့ကို အချိန်မရွေးပြောနော်.."
လင်းမို့က မပြန်မီ ပြောလိုက်သည် ။ ကတ် ၂၀၀၀ ကျော်ဖြစ်သဖြင့် အချိန်တိုအတွင်း ကုန်မည်မဟုတ်ပေ ။
သူတနေ့ ဆယ်နာရီကြာအောင် မြေဆွဲအားအခန်းသို့ သွား၍ အိပ်လျှင်ပင် နှစ်ဝက်ခန့် အသုံးခံလေသည် ။ သူ ချမ်းသာလာခဲ့လေပြီ ။
ထိုအခိုက် ဟောက်ရန်က လီကျားရွှမ်ထံသို့ ရောက်နေ၏ ။
" အကိုလီ.. ဘာလုပ်နေတာလဲ ..သွားမယ် ထထ.. မနေ့က ကောင်မလေးတွေဆီ ပြန်သွားရအောင်.. မြန်မြန်သွားပျော်ရအောင်.. "
ဟောက်ရန်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည် ။
" ချီးကိုသွား.. ချီးကိုပျော်.. "
လီကျားရွှမ်က မျက်နှာမည်းမှောင်နေပြီး ဆဲလိုက်၏ ။
" ဟောက်ရန်.. ငါမင်းကို ဘာအမှားလုပ်မိဖူးလို့လဲ.. မင်းစရောက်တဲ့နေ့တည်းက စပြီး ငါ မင်းကို ကျန်းနန်မှာ ရှိတဲ့ ကလပ်တွေအကုန်လုံးကို မိတ်ဆက်ပေးထားတာပဲလေ.. ဒါတောင် မင်းက ငါ့ကို မျက်နှာသာ မပေးချင်ဘူး.. မင်းစာချုပ် ဖျက်မပေးချင်လို့ ငါ့ အချိန်ကတ် ဆယ်ကတ် ကုန်ရတာ.."
လီကျားရွှမ်သည် အချိန်ကတ် ၁၀ ကတ် ပေးလိုက်ရဖြင့် နှလုံးသွေးများပင် ယိုစီးနေလေပြီ ။ ဟောက်ရန်သာ သူ့ကို ကူညီခဲ့ပါက မနေ့ကထက် ဆယ်ဆပင် ဓားကြီးကစားရန် ခေါ်သွားမည်ဖြစ်သည် ။
" ဟောက်ရန်.. မင်းနဲ့ငါ ဓားကြီးလောက မိတ်ဆွေ မဟုတ်တော့ဘူး.. "
လီကျားရွှမ်က ဟောက်ရန်၏ နှာခေါင်းတည့်တည့်သို့ လက်ညိုးဖြင့်ထိုး၍...
" ငါ မင်းနဲ့ ကလပ်မှာ တွေ့ရင်တောင် မသိချင်ယောင်ပဲ ဆောင်တော့မှာ.. "
အချိန်ကတ် ၁၀ ကတ် ဆုံးရှုံးလိုက်ရသဖြင့် လီကျားရွှမ်က ဟောက်ရန်အား ဓားကြီးလောကမိတ်ဆွေမှ သာမန်သူငယ်ချင်းအဖြစ်သို့ လျော့ချလိုက်လေပြီ ။
" အဲ့တော့ဘာဖြစ်လဲ .."
ဟောက်ရန်က ခပ်တည်တည်ဖြင့်...
" ငါလည်း လမ်းမသိတာ ကြနေတာပဲ.. "
နောက်တနေ့ မနက်စောစော...
လင်းမို့က လေ့ကျင့်ကွင်းရှိ မြေဆွဲအားခန်း ထိန်းချုပ်သည့် မန်နေဂျာ၏ ရှေ့သို့ ရောက်နေ၏ ။
ကျန်းနန်တက္ကသိုလ်တွင် မြေဆွဲအားခန်း ၁၀၀၀ ကျော်ရှိသဖြင့် အခန်းလွတ်များ အချိန်မရွေး ရနိုင်ပေသည် ။
" လင်းမို့ အစောကြီး ရှိသေးတယ် လေ့ကျင့်တော့ မလို့လား.. "
မန်နေဂျာက လင်းမို့အား သိပေသည် ။ ကျန်းနန် တက္ကသိုလ်၏ တောက်ပနေသော ပါရမီရှင်ဖြစ်သဖြင့် အလေးထားမေးလိုက်၏ ။
" တစ်နာရီကို တစ်ကတ်ပဲ.. ဘယ်နှစ်ကတ်စာ ဝင်မှာလဲ.. ဘာပဲဖြစ်ဖြစ် ခုမှ ပထမဆုံး ဝင်မှာဆိုတော့ အကြာကြီးတေ့မနေနဲ့.. "
" ဆယ့်နှစ်နာရီပါ.. "
လင်းမို့က ဆယ့်နှစ်ကတ် ထိုးပေးလိုက်၏ ။
" ဆယ့်နှစ်နာရီလား... "
မန်နေဂျာကလန့်သွားပြီး သတိပေးလိုက်၏ ။
" မြေဆွဲအားခန်းထဲ လေ့ကျင့်တာက ခန္ဓာကိုယ်ကို ထိခိုက်တယ်နော်.. ပထမဆုံးအကြိမ် အထဲဝင်တာက နှစ်နာရီဆို လုံလောက်ပြီ.. "
မြေဆွဲအားခန်းတွင် လေ့ကျင့်ခြင်းက ခန္ဓာကိုယ်ကို ဖိအားဖြစ်စေသော်လည်း လင်းမို့က လေကျင့်ရန် ဝင်ခြင်းမဟုတ် ။ အိပ်ရန် နေရာရှာခြင်းဖြစ်သည် ။ နေ့ခင်းဘက်တွင် လေ့ကျင့်ကွင်းက အညွှန်းကိန်းအများဆုံးဖြစ်သည့်အပြင် မြေဆွဲအားအခန်းထဲတွင် အိပ်ပါက ငါးဆအထိ ရရှိနိုင်ပေသည် ။ သူညအချိန်တွင် ပုဇွန်မျှားရအုံးမည်ဖြစ်သဖြင့် အိပ်မငိုက်စေရန် လုံလုံလောက်လောက် အိပ်စက်ရပေမည် ။
Chapter 165
~