လွှမ်းမိုးနိုင်စွမ်းရှိသော နင်ဟွာ
Vol. 144 Ch. 2053
ဆေးအင်ပါယာ ထွက်သွားပြီးနောက် တုန်းဟွာနန်းတော်အတွင်း တိတ်ဆိတ်သွားသည်။ ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများတွင် မတူကွဲပြားသော အမူအရာတို့ ရှိနေကြသော်လည်း သူတို့က မည်သည့်စကားမှ မဆိုကြပေ။
လင်းယွင်ကျီနှင့် အင်ပါယာယန်တို့က ဖြူဖျော့သော အမူအရာနှင့် ရှိနေဆဲ ဖြစ်၏။ အေးစက်သော အရှိန်အဝါက သူတို့ခန္ဓာကိုယ်များမှ ထွက်ပေါ်လာခဲ့သည်။ သူတို့တွင် မျိုးဆက်များစွာ ရှိသော်လည်း လင်းဟယ်နှင့် ယန်တုန်းရန်တို့က သူတို့၏ ဆက်ခံသူမျိုးဆက်များတွင် အထူးချွန်ဆုံးဖြစ်ကြသည်။ အထူးသဖြင့် လင်းဟယ်ပင် ဖြစ်၏။ သူက လင်းယွင်ကျီမှ ရွေးချယ်ထားသော ဆက်ခံသူဖြစ်ပြီး အနာဂတ် လင်းရှောင်နန်းတော်သခင် ဖြစ်သည်။
သို့သော်လည်း သူက လျှို့ဝှက်နယ်မြေအတွင်း သုတ်သင်ခံလိုက်ရ၏။
သို့သော် လင်းယွင်ကျီ မည်မျှ ကြိုးစားသည်ဖြစ်စေ သူက လင်းဟယ် မည်သို့ သေဆုံးသွားရသည်ကို နားမလည်နိုင်ပေ။
မည်သို့ပင် ကြည့်ပါစေ ဆေးအင်ပါယာ ပြောသည့်အတိုင်း အင်အားစုနှစ်ခုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ထက် အရေးသာသော အင်အားကို ပိုင်ဆိုင်ထားသည်။ သူတို့၏ အဓိကအဖွဲ့ဝင်များက မည်သို့ အသတ်ခံရသည်နှင့် အဆုံးသတ်သွားရသနည်း။
ထိုသည်မှာ အခြားသော ရန်ဟောင်များသည်လည်း သုတ်သင်ခံလိုက်ရသည်ဟု ဆိုလိုနေသည်လား။
လင်းယွင်ကျီက ပြောလိုက်၏။ "နယ်မြေသခင်၊ ကျုပ်တို့ လင်းရှောင်နန်းတော်၊ ရှေးဟောင်းတော်ဝင် ယန်မိသားစုနဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တို့က အချင်းချင်း အမြင်မကြည်ကြဘူး။ သူတို့က လျှို့ဝှက်နယ်မြေအတွင်း ပဋိပက္ခ ဖြစ်ခဲ့တာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် တုန်းဟွာနယ်မြေရဲ့ တန်ခိုးရှင်တွေက ဒီကို လာကျင့်ကြံကြတာမို့ အချင်းချင်း မသတ်သင့်ဘူးလို့ နယ်မြေသခင်က စည်းမျဥ်းချမှတ်ခဲ့တယ်။ သူတို့ထွက်လာတဲ့အခါ လင်းဟယ်နဲ့ ယန်တုန်းရန်က တခြားလူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတယ်ဆိုရင် နယ်မြေသခင်အနေနဲ့ တရားခံကို ကျုပ်တို့ ကိုင်တွယ်နိုင်အောင် လက် လွှဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" သူက သတ်ဖြတ်လိုစိတ်နှင့် ဒေါသကို ဖိနှိပ်ထားလိုက်ကာ အသံကို တည်ငြိမ်အောင် ကြိုးစားနေရ၏။
ထိပ်သီးအဆင့် ပုဂ္ဂိုလ်များအနေနှင့် သူတို့၏ နှလုံးသားကို လှုပ်ရှားစေနိုင်သော ကိစ္စက အနည်းငယ်သာ ရှိသည်။ သို့သော် ယခုက ထိုသို့ဖြစ်နေရမည့်အချိန်မဟုတ်ပေ။ သူတို့၏ မျိုးဆက်များက အသတ်ခံလိုက်ရသည်။
"ကောင်းပြီ။" နယ်မြေသခင်နင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "တုန်းဟွာအခမ်းအနားအတွင်း လူတိုင်း လျှို့ဝှက်နယ်မြေကို မဝင်ခင် လူမသတ်ရဘူးဆိုတဲ့ အမိန့်ကို ချမှတ်ခဲ့တယ်။ လင်းဟယ်နှင့် ယန်တုန်းရန်က လျှို့ဝှက်နယ်မြေထဲက အန္တရာယ်တွေကြောင့်မဟုတ်ဘဲ တုန်းဟွာနယ်မြေက ရန်ဟောင်တွေကြောင့် တကယ်ပဲ လျှို့ဝှက်နယ်မြေအတွင်း အသတ်ခံလိုက်ရတာဆိုရင် ကျုပ်က တရားမျှတမှုကို ဆောင်ကျဥ်းပေးပါ့မယ်။"
"ကျေးဇူးအများကြီးတင်ပါတယ် နယ်မြေသခင်။" လင်းယွင်ကျီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူတို့သည် မည်သို့ဖြစ်ခဲ့သည်အား ရှင်းလင်းစွာ နားလည်ထားသည်။ ဤစကားများမှာ နောက်ပိုင်းဖြစ်လာမည့်ကိစ္စအတွက် လမ်းကြောင်းထားရုံမျှ ဖြစ်လေသည်။ သူတို့၏ ဆက်ခံသူများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တပည့်များကြောင့် အသတ်ခံရသည်မှန်လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများသည်လည်း မကြာခင်၌ အတူလိုက်ပါသေဆုံးရပေလိမ့်မည်။
ဆေးအင်ပါယာအတွက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တပည့်အားလုံး ဤနေရာ၌ ရှိနေသည်ဖြစ်ရာက ကိုယ်လွတ်ရုန်းကာ ထွက်ပြေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူတို့က ဆေးအင်ပါယာမှ သူ့တပည့်များကို စွန့်ပစ်နိုင်လိမ့်မည်ဟု မယုံကြည်ချေ။
"အဲဒီအစား တစ်စုံတစ်ယောက်က အရင်လှုပ်ရှားခဲ့တာဆိုရင်ရော..." မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထက်ရှသော အကြည့်နှစ်ခုက သူ့ထံ ချက်ချင်း လှည့်ကြည့်လာ၏။ သူတို့က အင်ပါယာယန်နှင့် လင်းယွင်ကျီကို ကြည့်လိုက်ကြသည်။ ထိုမြင်ကွင်းက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို ရပ်တန့်သွားစေသည်။ ထို့နောက် သူက ခေါင်းခါရင်း ခါးသက်စွာ ပြုံးကာ ပြောလိုက်၏။ "ကျုပ်က ဘာသဘောနဲ့မှ ပြောလိုက်တာ မဟုတ်ပါဘူး။ ရန်ဟောင်အားလုံးက လျှို့ဝှက်နယ်မြေထဲ ဝင်သွားခဲ့တယ်။ သူတို့က အခြေအနေမျိုးစုံ ကြုံတွေ့ရနိုင်တာတော့ မလွဲမသွေပဲ။ အင်အားစုတွေ အချင်းချင်း ပဋိပက္ခဖြစ်ပြီး တိုက်ခိုက်မိကြရင် အရာအားလုံးကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က သူတို့ကို အရင်တိုက်ခိုက်လာခဲ့ရင် တစ်ဖက်လူက ပြန်မတိုက်ခိုက်သင့်ဘူးလား။ အကယ်၍ တစ်စုံတစ်ယောက်က တစ်ဖက်လူကို သတ်ဖို့ အရင် ကြိုးစားခဲ့ရင် ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်သင့်လဲ။"
အင်ပါယာယန်နှင့် လင်းယွင်ကျီတို့က အေးစက်သော အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်ကြသည်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က မည်သည့်သဘောမှမပါဟု ပြောခဲ့သော်လည်း သူက သူတို့အား တိုက်ရိုက် ရှုံ့ချနေသည်မှာ ရှင်းလင်းပေသည်။
သို့သော် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူတို့၏ အကြည့်များအား အရေးစိုက်မနေပေ။ သူတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိသူများသည် စိတ်ကျေနပ်ရာကိုသာ လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ သူက ရီဖူရှင်းအပေါ်၌ အမြင်ကောင်းများ ရှိထားသည်။ ယခင်က လိပ်နတ်ဘုရားကျွန်းစုနယ်မြေတွင် အင်အားစုနှစ်ခုက ပူးပေါင်းကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဆန့်ကျင်ခဲ့သည်။ အကယ်၍ လင်းဟယ်နှင့် ယန်တုန်းရန်ကသာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလျှင် ၎င်းမှာ လင်းဟယ်တို့ဘက်မှ တိုက်ခိုက်ရန် စတင်လှုပ်ရှားခဲ့သောကြောင့် ဖြစ်နိုင်သည်။ သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများကိုသာ အပြစ်တင်နေမည်ဆိုပါက မျှတလိမ့်မည်မဟုတ်ပေ။
တစ်ဖက်လူက သူတို့ နောက်ပိုင်းအငြင်းပွားမှုအတွက် အစပျိုးထားခဲ့သည့်အတွက် သူကလည်း နယ်မြေသခင်က အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို သိစေရန် ပြောခဲ့ခြင်း ဖြစ်သည်။
နယ်မြေသခင်သည်လည်း မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၏ စကားကို ကြားသောအခါ ခေတ္တမျှ တွေဝေသွား၏။ သူ၏ အကြည့်များက လေးနက်သွားခဲ့၏။ ထိုသို့သော မေးခွန်းက ဖြေရန် မလွယ်ကူပေ။
"အခု ခန့်မှန်းနေတာ အဓိပ္ပါယ်မရှိဘူး။" နယ်မြေသခင်က ပြောလိုက်သည်။ "နင်ဟွာကလည်း လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတယ်။ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျမသိသေးဘူး။ အကုန်ပြီးဆုံးသွားတဲ့အခါ သူတို့က လျှို့ဝှက်နယ်မြေကနေ ထွက်လာကြလိမ့်မယ်။ အဲဒီအခါကျရင် အရာအားလုံးက ရှင်းလင်းသွားလိမ့်မယ်။ အဲဒီနောက်မှ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်။"
နယ်မြေသခင်က ထိုသို့ပြောလိုက်သည်ဖြစ်ရာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်အတွက် ထပ်ပြောရန်အခွင့်မသာတော့ပေ။ သူက ပြုံးလိုက်ပြီး တိတ်ဆိတ်သွားသည်။ သူသည်လည်း လျှို့ဝှက်နယ်မြေအတွင်း မည်သည်တို့ ဖြစ်လာသည်ကို သိချင်နေသည်။
အခြားထိပ်သီးပုဂ္ဂိုလ်ကြီးများ၌ အတွေးကိုယ်စီရှိသော်လည်း သူတို့၏ ကိုယ်ပိုင်အတွေးများကို ထုတ်ဖော်မပြပေ။ နောက်ပိုင်းမှ မည်သို့ဖြစ်မည်ကို စောင့်ကြည့်သည်က ပိုကောင်းပေလိမ့်မည်။
…
ထိုအခိုက်အတန့်တွင် လျှို့ဝှက်နယ်မြေအတွင်း၌ တန်ခိုးရှင်အုပ်စုနှစ်ခုက မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များအပြင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များနှင့် နယ်မြေသခင်အိမ်တော်မှ လူများလည်း ရှိနေသည်။
နင်ဟွာက အလွန်ထက်ရှစွာဖြင့် ရီဖူရှင်းအား စိုက်ကြည့်နေ၏။
နင်ဟွာ၏ နောက်ဘက် မနီးမဝေးတွင် ရှိနေသည့် ယန်ဟန်ရှင်း အကြည့်များက ပို၍ပင် အေးစက်နေသည်။ သူ၏ သတ်ဖြတ်လိုစိတ်များက ကြောက်မက်ဖွယ်ရာ ဖြစ်သည်။
"ဒုနယ်မြေသခင်၊ လင်းရှောင်နန်းတော်နဲ့ ယန်ပြည်ထောင်က လူတွေက ကျုပ်တို့က အရင်တိုက်ခိုက်လာတာပါ။ ဂျူနီယာညီလေးရီက သူ့ကိုယ်သူ ကာကွယ်ဖို့ ဖိအားပေးခံခဲ့ရတာ။" လီချန်ရှန်းက နင်ဟွာကို ပြောလိုက်သည်။ သူက ဆေးအင်ပါယာအား လျှို့ဝှက်စွာ သတင်းပို့ပြီး ဖြစ်သည်။ သို့သော် သူသည် ဤကိစ္စကို နင်ဟွာနှင့် ဆွေးနွေးငြင်းခုန်ရန် လိုနေသေး၏။ ထို့ကြောင့် သူက ခံစားချက်များကို ထိန်းချုပ်ကာ နင်ဟွာအား စကားပြောရန် ကြိုးစားလိုက်သည်။
ယခု သူက မည်မျှဒေါသထွက်နေပါစေ ဤကိစ္စအား ကောင်းမွန်စွာ ဖြေရှင်းရန် လိုနေသေးသည်။ သူက ပထမဆုံး ထိုပြဿနာကို နင်ဟွာနှင့် ဖြေရှင်းရပေလိမ့်မည်။
အနည်းဆုံး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာသွားနိုင်ပြီး အသက်ရှင်ရန် မျှော်လင့်ချက်တစ်ခုခု ရှိစေချင်သည်။
"ဒုနယ်မြေသခင်၊ ရီလျှို့နျန်က နယ်မြေသခင် ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ယန်ပြည်ထောင်က လူတွေကို သတ်ခဲ့တယ်။ သူ့ကို သေဒဏ်ပေးသင့်တယ်။" ယန်ဟန်ရှင်းက ရှေ့သို့ တက်လာကာ အေးစက်သော အသံနှင့် ပြောလိုက်သည်။ နဂါးအော်သံများ ထွက်ပေါ်လာကာ လေဟာနယ်အား တုန်ခါသွားစေသည်။ နတ်နဂါးများက အော်မြည်နေပြီး ရှေ့သို့ တိုးဝင်လာကြသည်။
လီချန်ရှန်းသည်လည်း ရှေ့သို့ ခြေလှမ်းလိုက်သည်။ မဟာလမ်းစဥ်၏ အစွမ်းထက် အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေကာ ယန်ဟန်ရှင်း၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးထားသည်။
လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များသည်လည်း တိုက်ခိုက်ရန် ရှေ့သို့ ခြေလှမ်းလာခဲ့၏။ သို့သော် သူတို့က နတ်မိမယ်တုံ့လိုင်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ရီလျှို့နျန်က လျှို့ဝှက်နယ်မြေအတွင်း ကျင့်ကြံဖို့ ဝင်လာတဲ့ သူတွေကို သတ်ခဲ့တယ်။ သူ ဘာကြောင့်ပဲ လုပ်ခဲ့လုပ်ခဲ့ ကျုပ်တို့က သူ့ကို အရင်ဖမ်းထားရလိမ့်မယ်။ ဘယ်သူမှ တားခွင့်မရှိဘူး။" နင်ဟွာက ပြောလိုက်သည်။ သူ့လေသံက လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ ချက်ချင်းပင် နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များက သူ့အား ဘယ်ညာဝိုင်းထားလိုက်သည်။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက ထိတ်လန့်ဖွယ် ဖိအားနှင့် လေဟာနယ်ကို လွှမ်းခြုံထားသည်။ ထိုဖိအားက ချက်ချင်းပင် ရီဖူရှင်းထံ ကျရောက်လာ၏။
သို့သော် ထိုအခိုက်အတန့်တွင် မဟာလမ်းစဥ် ကောင်းကင်စွမ်းအားက ကျယ်ပြောသော လေဟာနယ်အတွင်း ပေါ်ပေါက်လာသည်။ မရေတွက်နိုင်သော ကျောက်စာချပ်များက သူတို့ ဝန်းကျင်တွင် ပေါ်ပေါက်လာပြီး လေဟာနယ်ကို လွှမ်းခြုံထားသည်။ ယင်းက ရီဖူရှင်းအား အပြည့်အဝ လွှမ်းခြုံကာကွယ်လိုက်၏။ နတ်ကျောက်စာချပ်များက အနီးဝန်းကျင်တွင် ရစ်ဝဲနေကာ ပြင်းထန်သော ဖိအားတို့ကို ထုတ်လွှတ်လာသည်။ ယင်းတို့က မဟာလမ်းစဥ်ကောင်းကင်စွမ်းအားများကဲ့သို့ ပေါက်ကွဲထွက်လာ၏။ ကျယ်လောင်သော တုန်ခါသံကြီးတစ်ခု မြည်ဟီးလာပြီး မဟာလမ်းစဥ်က အက်ကွဲပျက်စီးသွားသည်။ ကျုံးချန်၏ ပုံရိပ်က ထိုနေရာ၌ ရပ်နေခဲ့ပြီး နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များအား တားဆီးလိုက်သည်။
"ဒုနယ်မြေသခင်၊ ခင်ဗျားက အမှန်တရားကို မစုံစမ်းဘဲ အရင်ဆုံးကောက်ချက်ချလိုက်ဖို့ စောလွန်းနေတယ်မဟုတ်ဘူးလား။" ကျုံးချန်က မေးလိုက်သည်။ လူတိုင်းက ညွှန်ကြားနေသူမှာ မည်သူဖြစ်ကြောင်း သိထားသော်လည်း အပြင်ဘက်၌ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ နယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင်အနေနှင့် နင်ဟွာတွင် စောင့်ထိန်းရန် အခြေအနေရှိနေဆဲ ဖြစ်သည်။
သို့သော် လင်းဟယ်နှင့် အခြားသူများ၏ သေဆုံးမှုက တိုက်ဆိုင်စွာဖြင့် နင်ဟွာအား လှုပ်ရှားနိုင်ရန် ဆင်ခြေရှာပေးလိုက်သကဲ့သို့ပင်။
"သူ့ကို အချုပ်ထဲ ပို့ပြီးရင် ဒီကိစ္စကို သေချာစုံစမ်း ဖြေရှင်းပေးမယ်။" နင်ဟွာက ကျုံးချန်အား ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်ပြောနေတယ်။ ဘယ်သူမှ ကျုပ်တို့ လမ်းမှာ ဝင်ရှုပ်လို့မရဘူး။"
နင်ဟွာက ကျုံးချန် ထုတ်လွှတ်ထားသည့် မရေတွက်နိုင်သော နတ်ကျောက်စာချပ်များကို ကြည့်လိုက်မိပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကျုံးချန်မှာ တုန်းဟွာနယ်မြေအတွင်း အထူးချွန်ဆုံး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် အဆင့်မြင့်ရန်ဟောင် တစ်ယောက် ဖြစ်၏။ နင်ဟွာက ကျုံးချန် သူ့အား မည်မျှ ဆန့်ကျင်တိုက်ခိုက်နိုင်မည်ကို ကြည့်ချင်မိသည်။
နင်ဟွာက ကိုယ်တိုင် ရှေ့တက်လာ၏။ မဟာလမ်းစဥ်နတ်အလင်းများက သူ့အား ရစ်ပတ်နေသည်။ သူက သည်းမခံနိုင်လောက်အောင် မောက်မာလှသည်။ ချက်ချင်းပင် မရေတွက်နိုင်သော မဟာလမ်းစဥ် ရှေးဟောင်းသင်္ကေတများက အော်မြည်လာကာ ကောင်းကင်ကို လွှမ်းခြုံလိုက်သည်။ ထိုရှေးဟောင်းအက္ခရာများအားလုံးက 'ချိပ်ပိတ်ခြင်း' ဟူသည့် အက္ခရာများ ဖြစ်သည်။ ၎င်းတို့က ချက်ချင်းပင် ကျယ်ပြောသော နေရာအနှံ့ ထွက်ပေါ်လာကာ ရုတ်တရက် အကြွင်းမဲ့နယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။ သူက လေဟာနယ်ကို ချိပ်ပိတ်လိုက်၏။ နတ်ကျောက်စာချပ်များ၏ စွမ်းအားသည်ပင် ချိပ်ပိတ်ခံထားလိုက်ရပုံ ရှိလေသည်။
***