လူငယ်တွေက စိတ်မြန်လွန်းတယ် ~
Vol. 11 Ch. 155
နှစ်ခြိုက်စွာ အိပ်ပျော်နေသော လင်းမို့က တံခါးခေါက်သံကြောင့် နိုးလာခဲ့သည် ။ သူ တံခါး ဖွင့်ကြည့်လိုက်ရာ ...
" ဆရာဝေ့.. "
ပင်ပန်းနွမ်းနယ်နေသော ဆရာဝေ့ကို သူမြင်လိုက်ရသည် ။ သူအနည်းငယ် အံ့သြသွား၏ ။ ဆရာဝေ့က မနက်အစောကြီး မည်သည့်အတွက်ကြောင့် လာရှာပါသနည်း ။
" ဆရာ.. အရေးကြီးကိစ္စရှိလို့လား .. "
လင်းမို့ မေးသည် ။
" မင်းပြောရဲသေးလား .. မင်းလုပ်ထားတဲ့ အမှားကြောင့်ပေါ့ကွ.. "
ဆရာဝေ့ မျက်ဖြူလှန်မတက် ဖြစ်သွားသည် ။
' ငါဘာမှားလို့လဲ.. '
လင်းမို့ ရှုပ်ထွေးသွား၏ ။ သူမေးကြည့်လိုက်သည် ။
" ဆရာဝေ့ ..ကျွန်တော် ဘာအမှားလုပ်မိလို့လဲ.. "
" အမှားလား.. ဟမ့်.."
ဆရာဝေ့က ဆူတော့သည် ။
" မနေ့ညကမှ ဒုတိယနှစ်တွေနဲ့ လောင်းကြေးစာချုပ် ချုပ်ထားတာကို မေ့သွားပြီလား.. "
' လောင်းကြေးစာချုပ်လား..'
လင်းမို့ နားလည်သွား၏ ။
" အော် ဆရာဝေ့က အဲ့ကိစ္စကို ပြောတာလား.."
သို့သော်လည်း ဆရာဝေ့ပြောသည့် အမှားကို သူနားမလည် ။ အချိန်ကတ် ရရှိရန် အခွင့်အရေး တစ်ခု မဟုတ်သည်လော ။ သူ၏ အနာဂတ်က အချိန်ကတ်များပေါ်တွင် မူတည်နေသည် ။
" တခြား ဘယ်ကိစ္စ ဖြစ်နိုင်လို့လဲကွ.. "
ဆရာဝေ့က ဒေါသထွက်လာပြီး ...
" မင်းကြောင့် ငါတစ်ညလုံး မအိပ်ရသေးဘူး.. "
" တစ်ညလုံး မအိပ်ရသေးဘူးလား.. "
လင်းမို့က အလွန်အံ့အားသင့်သွားပြီး...
" ဘာလို့လဲ.. "
" လောင်းကြေးစာချုပ်တွေ လိုက်ဖျက်နေရလို့ပေါ့ကွ.. "
ဆရာဝေ့က ပင်ပန်းနေသည့် အသံဖြင့် ပြောလိုက်သည် ။
' မင်းက ကောင်းကောင်းအိပ်နေတာ.. မင်းလုပ်တဲ့ ကိစ္စငါလိုက်ရှင်းနေရတယ်.. '
" ဘာ....."
လင်းမို့ မျက်လုံးပြူးသွားသည် ။
" ဆ.ဆ.ဆရာဝေ့ ဘာပြောလိုက်တာလဲ.. စာချုပ်ကို ဖျက်လိုက်တာလား.."
သူကြိုးစားအားထုတ်ရခဲ့သည်များကို အတန်းပိုင်ဆရာက နောက်ကျောကို ဓားဖြင့် ထိုးမည်ဟု သူထင်မထားခဲ့ ။ ဓားဖြင့် ထိုးနိုင်ရန် တစ်ညလုံး ပြေးလွှားခဲ့ပါသည်လော ။
" လောင်းကြေးစာချုပ်က တစ်ဖက်သက် ဖျက်သိမ်းလို့ ရလား.. "
လင်းမို့ မေးလိုက်မိ၏ ။ သူကြားဖူးထားသည်မှာ လောင်းကြေးစာချုပ်ကို ဖျက်သိမ်းရန် နှစ်ဘက်လုံး သဘောတူမှ ဖြစ်ပေမည် ။
" မင်းဘာတွေ တွေးနေတာလဲ.. စာချုပ်ကို ငါ ကြားထဲကနေ ဖျက်လို့ မရဘူးဟ.."
ဆရာဝေ့က ပြောသည် ။
" ဟူးးးးး.... "
လင်းမို့ ယခုမှ သက်ပြင်းချနိုင်တော့သည် ။ စာချုပ်များသာ ဖျက်သိမ်းလိုက်မိပါက သူသွေးအန်ပေလိမ့်မည် ။
" ဒါပင်မဲ့ စိတ်မပျက်ပါနဲ့.. "
လင်းမို့ သက်ပြင်းချသည်ကို စိတ်ပျက်သွားသည်ဟု ဆရာဝေ့က ထင်သွားပြီး...
" စာချုပ်ကို ငါဖျက်သိမ်းမပေးနိုင်ပင်မဲ့ ကျန်းနန်တက္ကသိုလ်မှာ ငါ့ကို လေးစားတဲ့ သူတွေ အများကြီးပဲ.. ငါပြောပေးထားလို့ ကျောင်းသား ၉၀ % လောက်က စာချုပ်ဖျက်သိမ်းပေးဖို့ သဘောတူလိုက်တယ်.. မင်းတောင်းပန် ဖို့ပဲလိုတယ်.. "
" ဘာလို့လဲ.. "
လင်းမို့ အံ့သြသွားပြန်သည် ။
" ဆရာဝေ့ ကျွန်တော် စာချုပ် မဖျက်ချင်ဘူး.. "
" ဘာလဲ တောင်းပန်ရမှာ ရှက်လို့လား.. "
ဆရာဝေ့က လင်းမို့ကို စေ့စေ့ကြည့်ကာ...
" အခု မတောင်းပန်ရင် စာချုပ် ၂၀၀ ကျော်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းမသိဘူးလား.. အချိန်ကတ်တွေ အဲ့လောက် ဆုံးရှုံးသွားရင် မင်းရဲ့ အနာဂတ်က ဘာဖြစ်သွားမလဲ မင်းမစဥ်းစားဖူးဘူးလား.. မင်းရဲ့ အနာဂတ်အောင်မြင်မှုလမ်းကို ကိုယ့်ဘာသာ ဖျက်ဆီးမလို့လား.."
ဆရာဝေ့က လင်းမို့အတွက် စိတ်ရင်းဖြင့် ပြောနေသည်မှာ ထင်ရှား၏ ။
သို့သော် လင်းမို့ မလိုအပ် ။
" ဆရာဝေ့.. "
လင်းမို့က ဆွံ့အသွားပြီး...
" ကျွန်တော် အနိုင်ရနိုင်တာပဲလေ .."
" မဖြစ်နိုင်ဘူး.. "
ဆရာဝေ့က ပြတ်ပြတ်သားသား ငြင်းလိုက်ပြီး...
" ပထမနှစ်နဲ့ ဒုတိယနှစ်ကြား ကွာခြားချက်ကို မင်းသိရင် ဒီလို ကလေးဆန်တဲ့ စကားမျိုး ပြောမှာ မဟုတ်ဘူး.. "
" ကျ......"
လင်းမို့က ရှင်းပြရန် ပြင်လိုက်သော်လည်း ဆရာဝေ့က တားလိုက်ပြီး...
" မင်း ရှင်းပြနေစရာမလိုဘူး.. ငါ့စကားကိုသာ နားထောင်.. ငါမင်းကို ဒုက္ခမပေးဘူး.. "
ဆရာဝေ့က ဆရာတစ်ယောက်ဟန်ဖြင့် ...
" မင်းမြန်မြန် တောင်းပန်တဲ့ စာတင်လိုက်.. နောက်ကျသွားလို့ သူတို့ ကတိကို ပြန်ရုတ်သိမ်းလိုက်ရင် ဒီည ငါပင်ပန်းတာ အလကားဖြစ်သွားလိမ့်မယ် .."
" ပြီးတော့.."
ဆရာဝေ့က ဆုံးမရန် မမေ့ ။
" တောင်းပန်တဲ့အခါ မင်းမျက်နှာပျက်မှာကို ကြောက်မနေနဲ့.. အနာဂတ်မှာ မင်းပိုသန်မာလာတဲ့အခါ မင်းခေါင်းငုံ့ခဲ့ရတာကို ဘယ်သူမှ လှောင်ရဲမှာ မဟုတ်ဘူး.."
ထိုစကားများ ပြောပြီးသည်နှင့် ဆရာဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏ ။ သူ၏ စကားကို ဒသနဆန်ဆန် ခံစားမိလိုက်သည် ။
" ဒါပဲ မြန်မြန် ကျောင်းဖိုရမ်မှာ အရှုံးပေးတဲ့ ပိုစ့်တင်လိုက်.. "
ဆရာဝေ့က...
" လမ်းညွှန်တိုက်ပွဲပြီးရင် စာချုပ်ဖျက်သိမ်းတဲ့ ကိစ္စ ငါကူညီပေးမယ်.. "
ဆရာဝေ့က ပြောပြီးသည်နှင့် လင်းမို့ ပြောရန် အချိန်မပေးဘဲ အိပ်ရန် ပြန်ပြေးတော့သည် ။
" ဒီဆရာဝေ့တော့.. "
လင်းမို့ အခန်းတံခါးဝတွင်ရပ်ရင်း ခါးသီးစွာ ပြုံးလိုက်မိ၏ ။ ဆရာဝေ့၏ ကြင်နာမှုကို သူခံစားမိပေသည် ။
ဆရာတစ်ယောက်အနေဖြင့် ကျောင်းတွင် တစ်ညလုံးပြေး၍ ကျောင်းသားများကို တောင်းပန်ရသည်က မလွယ်ကူပေ ။ ဤသို့သော အနစ်နာခံမှုမျိုးက သာမန်ဆရာများ တက်နိုင်မည်မဟုတ် ။
' ချီး...'
လင်းမို့ ရုတ်တရက် တွေးလိုက်မိသည် ။
' ဒုတိယနှစ်ခွေးတွေက ဆရာဝေ့ လိုက်တောင်းပန်တာက ငါပြောခိုင်းတာလို့ ထင်သွားလောက်တယ်.. ဒီလိုဆိုရင် ငါမျက်နှာ ဘယ်နားချွတ်ထားရမလဲ .. "
လင်းမို့ ငိုချင်သော်လည်း မျက်ရည်မကျ ။ ဆရာဝေ့က သူအတွက် စဥ်းစား၍ လုပ်ပေးခဲ့သည်ဖြစ်ရာ မျက်နှာလွဲခဲပစ် လုပ်၍မဖြစ် ။
' ငါ ကျောင်းဖိုရမ်ထဲ ဝင်ကြည့်ရမယ်.. "
ကျောင်းဖိုရမ်တစ်ခုလုံး ကျိန်ဆဲသည့် စကားများဖြင့် ပြည့်နေ၏ ။
" လင်းမို့က တကယ်ရယ်ရတယ်.. သူပဲ သောက်ကြီးသောက်ကျယ်ပြောပြီး သူပဲ ဆရာကို လိုက်ပြီး တောင်းပန်ခိုင်းတယ်.. "
" လင်းမို့အတွက် ဆရာကတောင် ထွက်တောင်းပန်ပေးတယ်.. ငါတော့လင်းမို့ကို အားကျသွားပြီဟေ့.."
" ခွန်အားမရှိဘဲ သောက်ကြီးသောက်ကျယ် ပြောတဲ့ကောင် .. ဒီလိုပြန်တောင်းပန်ရမယ်မှန်း သိရင် အဲ့ကောင် ကြွားရဲမှာ မဟုတ်ဘူး.. "
" လောင်းကြေးစာချုပ်က ငါ့လက်ထဲမှာပဲ .. လင်းမို့သာ ပြန်တောင်းပန်ရင် စာချုပ်ဖျက်သိမ်း ပေးလိုက်ပါ့မယ်.. "
' တက်ကြွနေလိုက်ကြတာ..'
လင်းမို့ ဒေါသအနည်းငယ် ထွက်သွား၏ ။
သို့သော်လည်း ထိုဆဲနေကြသူများမှာ ဆရာဝေ့၏ မျက်နှာကြောင့်သာ စာချုပ်ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း သူသိပေသည် ။
' ဆရာဝေ့ ငါ့ကြောင့် ပင်ပန်းသွားပြီ.. '
လင်းမို့ တွေးသည် ။
' သူတို့ ဆရာဝေ့မျက်နှာထောက်နေရင် ငါလည်း ဆရာဝေ့ကို အရှက်ကွဲအောင် လုပ်လို့မဖြစ်ဘူး.. '
ဆရာဝေ့ အရှက်ကွဲ၍ မဖြစ်သလို သူလည်း အရှက်ကွဲခံ၍ မဖြစ်ပေ ။
ထိုသို့ စဥ်းစားပြီး လင်းမို့သည် ကျောင်းဖိုရမ်တွင် ပိုစ့်အသစ်တင်လိုက်သည် ။
" ဆရာဝေ့က ငါ့ကို စာချုပ်ဖျက်သိမ်းဖို့ ပြောထားတယ်.. ဒီလိုဆိုရင်ရော.. စာချုပ်ဖျက်ချင်တဲ့ သူတွေက ဒီပိုစ့်အောက်မှာ မနက်ကိုးနာရီ နောက်ဆုံးထားပြီး စာချုပ်ဖျက်သိမ်းချင်ပါတယ်လို့ မန့်သွားပေး.. ငါ အခွင့်အရေး ပေးနေတာနော်.. မနက်ကိုးနာရီ နောက်ပိုင်း မန့်တွေကို ထည့်မတွက်ဘူး.. "
ဆရာဝေ့သည် သူ၏ အခန်းသို့ ပြန်ရောက်သည်နှင့် အိပ်ရာပေါ်တွင် လဲလှောင်းရင်း ကျောင်းဖိုရမ်ရှိ သတင်းများကို လျောက်ကြည့်နေသည် ။
' ဒီဒုတိယနှစ်တွေတော့.. '
သူ ကျောင်းဖိုရမ်အတွင်းရှိ ကျိန်ဆဲထားသော ပိုစ့်များကိုမြင်လျှင် ခေါင်းယမ်းလိုက်မိသည် ။
' လင်းမို့ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်ရမယ့် အချိန်ပဲ.. '
ဆရာဝေ့ တွေးသည် ။
' လင်းမို့သာ ခုချိန်သည်းခံနိုင်မယ်ဆိုရင် သူ့အနာဂတ်က အကန့်အသတ်မရှိတော့ဘူး ..'
' လင်းမို့ သည်းခံနိုင်ပါ့မလား..'
သူ မသိ ။ သူစောင့်ကြည့်ရန်သာ တက်နိုင်တော့သည် ။
သိပ်မကြာမီပင် လင်းမို့တင်လိုက်သော ပိုစ့်ကို သူမြင်လိုက်ရသည် ။
" ဒါ.. "
ဆရာဝေ့ သက်ပြင်းရှည်ကြီး ချလိုက်မိ၏ ။ ထိုကလေးက ခေါင်းမာလှပေသည် ။ တောင်းပန်ရမည့်အစား ရန်ထပ်စနေ၏ ။
' ဟူး.. လူငယ်တွေက စိတ်မြန်လွန်းတယ်.. '
လင်းမို့၏ တုံ့ပြန်မှုကြောင့် ဆရာဝေ့ အနည်းငယ်စိတ်ပျက်သွားသည် ။
လင်းမို့က မတောင်းပန်လျှင်ပင် ဘာသိဘာသာ နေမည်ဟု သူထင်ခဲ့သော်လည်း ရန်ထပ်စလိမ့်မည်ဟု သူထင်မထားခဲ့ ။
' ခုငါ ဘာမှ မတက်နိုင်တော့ဘူး..'
လင်းမို့က မာနကြီးပြနေလျှင် တစ်ဘက်လူများကို စာချုပ်ဖျက်သိမ်းရန် သူမည်သို့ ဆွဲဆောင်ရမည်နည်း ။
' ထားလိုက်တော့.. ထားလိုက်တော့ ..ငါအကောင်းဆုံးကြိုးစားထားပြီးပြီပဲ.. လင်းမို့ လမ်းညွှန်တိုက်ပွဲမှာ ရှုံးပြီးရင် သူနဲ့ ဒုတိယနှစ်တွေကြား ဘယ်လောက်ကွာခြားလဲဆိုတာ သိသွားလိမ့်မယ်.. ဒါပင်မဲ့ အဲ့ချိန်ကြရင် စာချုပ်ဖျက်သိမ်းဖို့ မဖြစ်နိုင်တော့ဘူး.. '
ဆရာဝေ့၏ အမြင်တွင် လင်းမို့က သေချာပေါက်ရှုံးမည်ဖြစ်သည် ။
' ငါ့မှာ ရွေးစရာမှ မရှိတာ.. ကျောင်းအုပ်ကြီးကိုပဲ လင်းမို့ကို သေချာဂရုစိုက်ပေးဖို့ ပြောရတော့မယ် ..'
ဆရာဝေ့က ဆရာကောင်းတစ်ယောက်ပင် ။ ဤအခြေအနေမျိုးတွင်ပင် လင်းမို့အတွက် လွတ်လမ်း ရှာပေးနေသေးသည် ။
Chapter 156
~