ဆုပ်ကိုင်ထားရမည့် အခွင့်အရေး ~
Vol. 11 Ch. 152
လင်းမို့က ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်သည် ။
ရန်စခဲ့သည့် ဟောက်ရန်နှင့် သူ၏ စိန်ခေါ်မှုကို ပေါင်းလျှင် ဒုတိယနှစ်ကျောင်းသားများ ငြိမ်ခံနေမည်ဟု သူ မထင် ။ မည်သူမှ ဂုဏ်သိက္ခာကို အထိပါးခံနိုင်မည် မဟုတ် ။
လင်းမို့ မျှော်လင့်ထားသလိုပင် နဂါးနီ၏ ဒေါသက ပေါက်ကွဲထွက်လာသည် ။
" မင်းလောင်းချင်ရင် ငါနဲ့ချမယ်.. "
နဂါးနီက စင်ပေါ်ခုန်တက်လာပြီး...
" ဒါပင်မဲ့ တစ်ပွဲကို ဆယ်ကတ်ဆိုတော့ မင်းမှာ ကတ်အလုံအလောက် ရှိရဲ့လား.. "
လင်းမို့တို့ လက်ရွေးစင်အတန်းသည် တစ်ပတ်လျှင် အချိန်ကတ် ငါးကတ် ရရှိကြောင်း နဂါးနီက သိထား၏ ။ ထို့ကြောင့် တစ်ပွဲလျှင် ငါးကတ်နှုန်းဖြင့် သူစိန်ခေါ်ခဲ့ခြင်းဖြစ်သည် ။ ယဲ့ရီထံမှ သူ ကတ်ငါးဆယ်ခန့် ရရှိခဲ့သည် ။
" ငါ့မှာ ကတ်အများကြီးမရှိပင်မဲ့ အတန်းဖော်တွေအများကြီးရှိတယ်.. "
လင်းမို့က ပြုံးကာ နောက်တွင် ရှိသော အတန်းဖော်များကို လှည့်ကြည့်လိုက်ပြီး...
" ဘယ်သူ ငါ့ဘက်က လောင်းချင်လည်း... "
လင်းမို့က သူ့အတန်းဖော်များအတွက် အကျိုးအမြတ်ရရှိရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည် ။ သူ၏ လက်ရှိခွန်အားဖြင့် နဂါးနီတို့ အုပ်စုအား တစ်ယောက်ထဲ ချရမည်ဆိုလျှင်ပင် အေးဆေးနိုင်သည် ။ တစ်ယောက်ချင်းဆိုပါက ဒုတိယနှစ်၏ အဆင့် ၁ ပါရမီရှင်ပင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ ။
ယခု တိုက်ပွဲက လင်းမို့အတွက် တိုက်ပွဲဟုပင် ပြော၍ ရမည်မဟုတ် ။ ကလေးနှင့် လူကြီး တိုက်ခိုက်နေသလိုပင် ။ သူ ဓားမြတိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည် ။
သို့သော်လည်း လင်းမို့ ဆွံ့အသွား၏ ။ သူ၏ ဖိတ်ခေါ်မှုအား ပြန်ဖြေသူ မရှိ ။ ကျောင်းသားများက တစ်ယောက်နှင့် တစ်ယောက် အရိပ်အကဲ ကြည့်နေကြသော်လည်း မည်သူမှ အချိန်ကတ် ထုတ်မပေး ။
ဟောက်ရန်က စောင့်မနေတော့ဘဲ သူ့အချိန်ကတ်များကို ထုတ်၍...
" အကိုမို့.. ငါလောင်းမယ်.. "
" ငါရောပဲ.."
ယီမိုက ရှေ့သို့လျောက်လာပြီး ပြောလိုက်သည် ။
သူတို့နှစ်ယောက်အပြင် တခြားကျောင်းသားများ မရှိသဖြင့် လင်းမို့ အံ့သြသွားသည် ။
' ဒီကောင်တွေ ရှားနိုင်ငံရဲ့ ထိပ်တန်းပါရမီရှင်တွေဖြစ်ပြီး ကြောက်နေကြပါလား.. '
လင်းမို့ သိပ်မကျေနပ် ။ သို့သော်လည်း သူနားလည်လိုက်သည် ။ ယဲ့ရီပင် ခွေးရိုက်နွားရိုက် အရိုက်ခံထားရပေရာ သူ့အား မယုံကြည်ကြသည်မှာ မဆန်း ။ ယဲ့ရီကြောင့် အချိန်ကတ် ဆုံးရှုံးခဲ့ရသူ ကိုးယောက်ပင် ရှိသည် ။
' ငါက အခွင့်အရေးပေးတာတောင် သူတို့ လက်မခံရဲကြဘူး..'
လင်းမို့ တိတ်တဆိတ် ခေါင်းယမ်းလိုက်မိ၏ ။
' ငါ ပါးစပ်နားအထိ ခွံ့ကျွေးတာတောင် မစားချင်ရင် ပြီးမှ အပြစ်လာမပြောကြနဲ့.. '
နဂါးနီတို့ အုပ်စုက လင်းမို့၏ အဖြစ်ကိုမြင်လျှင် ဝိုင်းရယ်ကြသည် ။
" ဟားဟားဟား.. သုံးယောက်ထဲလား.. ဆယ့်ငါးကတ်ပဲရှိတယ်ဟ... "
နဂါးနီက အထင်သေးစွာဖြင့်...
" မင်းပြောတော့ ကြိုက်သလောက် စိန်ခေါ်ဆို နှစ်ပွဲစာတောင် မရှိပါလား.."
" မင်း သတ္တိရှိရင် လောင်းလေ.. "
လင်းမို့က တည်တည်ငြိမ်ငြိမ်ဖြင့်...
" လောင်းကြေးစာချုပ်ကို တရားဝင် လက်မှတ်ထိုးထားရင် ငါ ချက်ချင်းမပေးနိုင်ရင်တောင် ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ရတယ်လေ.. ငါတို့ သုံးယောက် တစ်လစာဆိုရင်တောင် ကတ် ၆၀ ဖြစ်နေပြီ.. "
နဂါးနီ၏ မျက်လုံးများ တောက်ပလာပြီး...
" လင်းမို့ .. မင်းဒီလို လောင်းရဲတာ သေချာလို့လား.."
နဂါးနီက အံ့သြသွား၏ ။ လင်းမို့၏ ယုံကြည်မှုက မည်သည့်နေရာမှ လာပါသနည်း ။ သူ ဒုတိယနှစ်များအား အနိုင်ယူနိုင်မည်ဟု ယုံကြည်နေပါသလော ။
သို့သော် နဂါးနီက နောက်ထပ် အချိန်ကတ်များ ရနိုင်မည့် အခွင့်အရေးကို မဖြုန်းတီးလို ။ မြေဆွဲအားခန်း အချိန်ကတ်က အဖိုးတန်လှသည် ။
နဂါးနီလို သာမန်ကျောင်းသားမျိုး ပထမနှစ်တုန်းက ရခဲ့သည့် အချိန်ကတ်က လုံလောက်ခဲ့သော်လည်း ဒုတိယနှစ်တွင် မလုံလောက်တော့ပေ ။ ယခု သူတို့ ဓားမြတိုက်ရန် ကြိုးပမ်းနေရခြင်းမှာ ဆင်းရဲသောကြောင့်ပင် ။
" လင်းမို့.. "
နဂါးနီက...
" မင်းတို့သုံးယောက် လောင်းမှာ သေချာရင် လောင်းကြေးစာချုပ် ချုပ်ရမယ်.. ပွဲတိုင်း ဆယ်ကတ်ပဲ.. "
ကျောင်းဖိုရမ်တွင် လောင်းကြေးစာချုပ်နမူနာပုံစံ ရှိသည် ။ စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ပါက ကျောင်းက တရားဝင် အသိအမှတ် ပြုမည်ဖြစ်သည် ။ ရှုံးကာမှ လောင်းကြေးမပေး၍ မရတော့ ။
" သေချာတာပေါ့.. လက်မှတ်ထိုးမှရမယ်.. "
လင်းမို့လည်း တဖက်လူက ရှုံးနိမ့်လျှင် လောင်းကြေးမပေးမည်ကို စိုးရိမ်ပေသည် ။
" အဲ့တာဆို စာချုပ်တွေ သွားယူခိုင်းလိုက်မယ်.. "
နဂါးနီက လင်းမို့ စိတ်ပြောင်းသွားမည်ကို ကြောက်၍ လောနေ၏ ။ သူက လင်းမို့အား အရူးတစ်ယောက်ကို မြင်ရသလို စိုက်ကြည့်လိုက်သည် ။
' လင်းမို့က တကယ်လက်မှတ်ထိုးရဲတာပဲ..ဟီးဟီးဟီး.. ဒီကောင် မာနကြီးနေတာ ပြီးမှ ငိုတောင်းလည်း ပြန်မပေးဘူး.. '
သိပ်မကြာမီပင် စာချုပ်ရောက်လာ၍ လက်မှတ်ထိုးလိုက်ကြသည် ။ နဂါးနီနှင့် ဒုတိယနှစ်ကျောင်းသား ဆယ်ယောက်ကျော်က လက်မှတ်ထိုးကြပြီး နှစ်ဘက်လုံး စာချုပ်တစ်စောင်စီ ကိုင်ထားကြသည် ။ လက်မှတ် ထိုးပြီးမှ နှစ်ဘက်လုံး စိတ်သက်သာရာ ရသွား၏ ။ စာချုပ်ချုပ်ပြီး၍ နောက်ပြန်လှည့်၍ မရတော့ ။
" အခု စတော့မလား.. "
နဂါးနီက စာချုပ်ကို သိမ်းရင်း ပြောလိုက်သည် ။
" ခုမစသေးဘူး.."
လင်းမို့က ခေါင်းခါလိုက်ပြီး...
" မနက်ဖြန် မဟုတ်ရင် သဘက်ခါမှ စမယ်.. "
" ဘာလို့လဲ.. မင်းကြောက်နေပြီလား.."
နဂါးနီက လှောင်ပြောင်လိုက်သည် ။
" စာချုပ်လက်မှတ် ထိုးပြီးပြီပဲ သုံးရက်အတွင်း တိုက်ပွဲမစရင် စာချုပ်ချိုးဖောက်တဲ့ သူဘက်က သုံးဆရော်ရမှာလေ.. မင်းက ဘာတွေ စိတ်ပူနေတာလဲ .."
လင်းမို့က အေးအေးဆေးဆေး ပြောလိုက်ပြီး...
" မနက်ဖြန် လမ်းညွှန်တိုက်ပွဲ စတော့မှာလေ.. ခုငါ ဒဏ်ရာရရင် မနက်ကြ ကောင်းကောင်း မတိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ.. လမ်းညွှန်တိုက်ပွဲပြီးမှ စကြတာပေါ့.. "
လင်းမို့က ဆင်ခြေပေးလိုက်ခြင်းဖြစ်သည် ။ နောက်ထပ် လက်မှတ်ထိုးမည့် ဒုတိယနှစ်များကို ရှာဖွေရပေအုံးမည် ။ သူ၏ ခွန်အားကို စောစောစီးစီး ဖော်ထုတ်၍ မဖြစ် ။ သူ အချိန်ကတ် ရာဂဏန်းဖြင့် မကျေနပ် ။ ဟောက်ရန်နှင့် ယီမိုတို့အား ခွဲပေးလိုက်လျှင် သူ့တွင် သိပ်ကျန်တော့မည်မဟုတ်ပေ ။ အချီကြီး ကြံမှရပေမည် ။
' မနက်ဖြန် လမ်းညွှန်တိုက်ပွဲမစခင် စာချုပ်တွေ ထပ်ရှာမှဖြစ်မယ်.. '
လင်းမို့တွေးသည် ။ သူ၏ ခွန်အားကို ထုတ်ဖော်ပြီးသည်နှင့် နောက်ထပ် စိန်ခေါ်မည့်သူ ရှိမည်မဟုတ်တော့ ။ သူနေ့တိုင်း မြေဆွဲအားခန်းသို့ဝင်၍ အိပ်ချင်ပေသည် ။
ဒုတိယနှစ်များ ထွက်သွားသည်နှင့် လင်းမို့က...
" ဟောက်ရန် .. မိတ္တူဆိုင်သွားပြီး စာချုပ် ထပ်ဝယ်လာခဲ့.. "
" အကိုမို့ နောက်ထပ် စာချုပ် ထပ်ချုပ်အုံး မလို့လား.. "
ဟောက်ရန်က...
" ဘယ်နှစောင်လဲ ဆယ်စောင်လောက် ဝယ်ခဲ့ရမလား.. "
" မလောက်ဘူး.. "
လင်းမို့က အထင်သေးဟန်ဖြင့်...
" အနည်းဆုံး အစောင်တစ်ထောင်လောက် ဝယ်လာခဲ့.. "
Chapter 153