နည်းလမ်းတွေ အမြဲတမ်း အလုပ်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါ
Vol. 56 Ch. 838
လုချန်းနှင့် လိီချင်ရို့တို့ ရေချိုးခန်းမှ ထွက်လာသောအခါ ညဉ့်နက်နေပြီ ဖြစ်သည်။
နှစ်ဦးသား ကျင်လွမ်နန်းတော်သို့ ပြန်လာကြသည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် အဝတ်အစားများ ဝတ်ဆင်ထားကြပြီး နန်းတော်ခန်းမ၏ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သော အဝတ်စုတ်များကိုလည်း ရှင်းလင်းထားခဲ့ပြီဖြစ်သည်။
သို့သော်လည်း လုချန်းက သူမကို လွှတ်မပေးသေးပေ။ သူတို့ အဝတ်အစားများ ဝတ်ပြီးသည့်တိုင်အောင် လုချန်းက လိီချင်ရို့ကို ဆက်လက်ပွေ့ဖက်ထားပြီး သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းထားသည်။
လုချန်း၏ ရက်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ရပြီးနောက် ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်သော လိီချင်ရို့လည်း အခုတော့ အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူမသည် လုချန်း၏ လက်မောင်းများထဲတွင် မှီ၍လဲလျောင်းနေသည်။ သူမ၏ မျက်နှာအမူအရာမှာ အေးစက်နေသော်လည်း ပါးပြင်များ နီရဲနေပြီး သူမ၏ မျက်နှာသည် ဆွဲဆောင်မှုအပြည့်နှင့် ဖြစ်နေသည်။
ဤအချိန်တွင် လုချန်းသည် အပြင်ဘက်ရှိ အမျိုးသမီးကိုယ်ရံတော်များကို ပြောလိုက်သည်။
“ချွမ်နိုင်ငံတော်ရဲ့ အခြေအနေကို အစီရင်ခံပါ။”
လုချန်း၏ အမိန့်ကို ကြားသောအခါ အမျိုးသမီးကိုယ်ရံတော်တစ်ဦးသည် ကျင်လွမ်နန်းဆောင်သို့ ဝင်လာပြီး ချက်ချင်း ပြောလိုက်သည်။
“လက်ရှိ ချွမ်ဧကရာဇ် နတ်ရွာစံသွားပါပြီ။ ချွမ်နိုင်ငံတော်ရဲ့ အိမ်ရှေ့မင်းသားက ငယ်ရွယ်တဲ့အတွက် ချွမ်မိဖုရားခေါင်က ချွမ်နိုင်ငံတော်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားပါတယ်။ ချွမ်နိုင်ငံတော်ရဲ့ အရာအားလုံးက မိဖုရားခေါင်ရဲ့ စကားအတိုင်းပါပဲ။”
အစီရင်ခံစာကို ကြားပြီးနောက် လုချန်း အတွေးထဲ နစ်မြောသွားသည်။
ချွမ် မိဖုရားခေါင် ဟုတ်လား။
ချွမ်ဧကရာဇ် နတ်ရွာစံခြင်းသည် ချွမ်မိဖုရားခေါင်နှင့် ဆက်စပ်နေနိုင်ပါ့မလား။
မည်သို့ပင်ဆိုစေ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသူတစ်ဦးအနေနှင့် အိမ်ရှေ့မင်းသားငယ်ရွယ်နေချိန်တွင် နန်းတွင်းကို ထိန်းချုပ်နိုင်ရန် အခွင့်အရေးယူနိုင်သည်။
သို့သော်လည်း သူမအတွက် နန်းတွင်းကို ထိန်းချုပ်နိုင်ခြင်းက ဘာအကျိုးရှိမည်နည်း။
ဝူမင်းဆက်နှင့် ကျူမင်းဆက်တို့ ပျက်သုန်း သွားပြီဖြစ်သည်။ နောက်တစ်ခုမှာ ချွမ်နိုင်ငံတော်ဖြစ်ပေလိမ့်မည်။ ထိုအမျိုးသမီးသည် ချွမ်နိုင်ငံတော်တွင် အမြင့်ဆုံး အာဏာရှင် ဖြစ်လာခဲ့လျှင်ပင် မကြာမီတွင် ရှနိုင်ငံတော်၏ ဖျက်ဆီးခံရတော့မည် ဖြစ်သည်။ သူမ၏ ရာထူးလည်း မကြာခင် ကျဆင်းသွားပေလိမ့်မည်။
ထိုအချိန်တွင် လုချန်း မေးလိုက်သည်။
“ချွမ်ဧကရာဇ်က ဘယ်လိုသေဆုံးသွားတာလဲ။”
အမျိုးသမီးကိုယ်ရံတော်က
“အထူးကိုယ်ရံတော်တွေရဲ့ စုံစမ်းစစ်ဆေးမှုအရ ချွမ်ဧကရာဇ်ဟာ သူနတ်ရွာစံခင်မှာ ကပ်ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ မကုသနိုင်ပဲ ကပ်ရောဂါကြောင့် သေဆုံးသွားတာ ဖြစ်နိုင်ခြေ အများဆုံးပါပဲ။”
လုချန်း ခဏခန့် ထပ်မံစဉ်းစားလိုက်သည်။ ကပ်ရောဂါကြောင့် ကုသ၍မရပဲ သေဆုံးခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် ထူးဆန်းနေသည်ဟု သူခံစားနေရဆဲ ဖြစ်သည်။
နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိနိုင်သည်။ ချွမ်မိဖုရားခေါင်သည် ကပ်ရောဂါကို အခွင့်ကောင်းယူကာ ချွမ်ဧကရာဇ်ကို သတ်ပြီးနောက် ကပ်ရောဂါကြောင့် သေဆုံးခြင်းသည်ဟု အပြစ်ပုံချခဲ့ခြင်း ဖြစ်နိုင်သည်။
ချွမ်ဧကရာဇ် မည်သို့သေဆုံးသည်ဖြစ်စေ အခုလက်ရှိအကြီးဆုံး ပြဿနာမှာ ချွမ်နိုင်ငံတော်၏ နိုင်ငံရေးဖွဲ့စည်းပုံ မဟုတ်ပေ။ ချွမ်နိုင်ငံတော်တွင် မည်သူ အာဏာရနေသည်ကိုလည်း လုချန်း စိတ်မဝင်စားပေ။ မည်သူပင်ဖြစ်ပါစေ ချွမ်နိုင်ငံတော်သည် မကြာမီတွင် ရှနိုင်ငံတော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်သည်။
အခု လုချန်းအတွက် အကြီးမားဆုံးသော ပြဿနာမှာ ချွမ်နိုင်ငံတော်ရှိ ကပ်ရောဂါဖြစ်သည်။ ချင်ယူရှန်သည် ချွမ်နိုင်ငံတော်သို့ သွားပြီးနောက် ကပ်ရောဂါကို စုံစမ်းစစ်ဆေးခဲ့သည်။
ချင်ယူရှန်၏ စုံစမ်းစစ်ဆေးမှုများအရ လုချန်း သင်ကြားပေးခဲ့သော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား ကာကွယ်ရေးနည်းလမ်းများသည် ကပ်ရောဂါကို ကာကွယ်ရန် ထိရောက်မှုရှိနေသည်။ ယင်းက ကပ်ရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်ခုကြောင့်ဖြစ်ကြောင်း ဖော်ပြနေသည်။
သို့သော် ကြီးမားသော ပြဿနာတစ်ခုက ရှိ နေသည်။ ချင်ယူရှန်သည် ကြယ်ပျံဂိုဏ်း အနေနှင့် ချွမ်နိုင်ငံတော်၏ သာမန်လူအများအပြားကို ကပ်ရောဂါကာကွယ်ရေး နည်းလမ်းများစွာ သင်ကြားပေးခဲ့သသည်။ လူအများက ထိုနည်းလမ်းများကို လိုက်နာခဲ့သော်လည်း ကပ်ရောဂါသည် အကြိမ်ကြိမ်အခါခါ ထပ်မံပေါ်ပေါက်နေဆဲဖြစ်သည်။
ထိုအချက်အရ တစ်စုံတစ်ဦးက ကပ်ရောဂါကို ပြန့်ပွားအောင် ပြုလုပ်နေသည်ဟု ခံစားရစေသည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက အစီရင်ခံနေသော အမျိုးသမီးကိုယ်ရံတော်ကို ပြောလိုက်သည်။
“ဒီချွမ်မိဖုရားခေါင်ရဲ့ နောက်ခံကို စုံစမ်းပါ။”
ချွမ်ဧကရာဇ်၏ သေဆုံးခြင်းသည် ချွမ်မိဖုရားခေါင်နှင့် အမှန်တကယ် ဆက်စပ်နေပါက ကပ်ရောဂါသည်လည်း သူမနှင့် ဆက်စပ်နေနိုင်သည် သို့မဟုတ် သူမ၏နောက်ကွယ်တွင် အခြားတစ်စုံတစ်ဦး ရှိနေနိုင်သည်ဟု လုချန်း သံသယရှိနေသည်။
ကပ်ရောဂါကို ပြန့်ပွားစေသူအား ကိုင်တွယ်ဖြေရှင်းနိုင်ပါက ချွမ်နိုင်ငံတော်ရှိ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် နည်းလမ်းရှိနိုင်သေးသည်။ ဤသို့သာ ဆက်ဖြစ်နေပါက ချွမ်နိုင်ငံတော်သို့ စစ်တပ်များ စေလွှတ်နိုင်မည်မဟုတ်ပေ။ ထိုအရာက ကမ္ဘာကို ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို များစွာ နှေးကွေးစေလိမ့်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် လုချန်းအတွက် ကောင်းကင်လူသားဖြစ်လာရန် အခြေအနေက လက်တစ်ကမ်းအကွာတွင် ရှိနေသည်။
ထို့ကြောင့် အချိန်ကြာနေမည်ဆိုလျှင် သူ အမြဲစိတ်မသက်မသာ ဖြစ်နေရမည်ဖြစ်သည်။ ကောင်းကင်လူသားတစ်ဦး ဖြစ်လာမှသာလျှင် သူ၏စွမ်းအား ဆက်လက်မြင့်တက်နိုင်မည်ဖြစ်သည်။
ထို့နောက် လုချန်းက ခပ်အေးအေး ပြောလိုက်သည်။
“သွားနိုင်ပြီ။”
“ဟုတ်ကဲ့ မင်းကြီး။”
ထို့နောက် အမျိုးသမီးကိုယ်ရံတော် ကျင်လွမ်နန်းဆောင်မှ ထွက်ခွာသွားသည်။
ကိုယ်ရံတော် ထွက်သွားပြီးနောက် လိီချင်ရို့က
“ဒီလောက်အစွမ်းထက်တဲ့ ဆွမ်ဧကရာဇ်က ချွမ်နိုင်ငံတော်လို အရေးမပါတဲ့ နိုင်ငံတစ်ခုအတွက် မျက်မှောင်ကြုတ်နေရပါလား။”
“ရှင်က အရမ်းအစွမ်းထက်တာ မဟုတ်ဘူးလား။ ဝူနိုင်ငံတော်ကို သိမ်းပိုက်နိုင်ခဲ့ရုံ သာမကဘူး ကျူးနိုင်ငံတော်ကိုလည်း ရယူခဲ့တာပဲ။ ချွမ်နိုင်ငံတော်ကိုကျတော့ ဘာလို့ စစ်တပ်လွှတ်ပြီးနှိမ်နင်းဖို့ မစီစဉ်တော့တာလဲ။”
လိီချင်ရို့၏ လှောင်ပြောင်သည့်စကားများကို ကြားသောအခါ လုချန်း ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ချွမ်နိုင်ငံတော်ကို အနှေးနဲ့အမြန် သိမ်းမှာပါ။”
လိီချင်ရို့၏ စိတ်ထဲတွင် နာကြည်းနေဆဲဖြစ်သည်ကို လုချန်း သိသည်။ သူသည် သူမ၏နိုင်ငံကို သာမက သူမ၏ခန္ဓာကိုယ်ကိုပါ သိမ်းပိုက်ခဲ့သည်။ သူမ နည်းနည်းမှ ဒေါသထွက်ခြင်းမရှိပါက ယွဲ့ဧကရာဇ် ဖြစ်နေမည်မဟုတ်ပေ။
ထိုအချိန်တွင် လုချန်း တစ်ခုခုကို သတိရလိုက်ပြီး မေးလိုက်သည်။
“ကျူးနိုင်ငံတော်ရဲ့ ဧကရီတစ်ဦးအနေနဲ့ ချွမ်နိုင်ငံတော်အကြောင်း၊ အထူးသဖြင့် ကပ်ရောဂါနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို ရခဲ့မှာသေချာတယ်။ အဲဒီအစီရင်ခံစာတွေကနေ တစ်ခုခုကို သိထားတာရှိလား။”
ကပ်ရောဂါသည် ချွမ်နိုင်ငံတော်တွင် အတော်အတန်ကြာအောင် ဖြစ်ပွားနေခဲ့သည်။ ၎င်းနှင့်ပတ်သက်သော သတင်းအချက်အလက်များစွာ လိီချင်ရို့ ရရှိခဲ့သည်မှာ သေချာသည်။ မည်သည့်နိုင်ငံတွင်မဆို ကိုယ်ပိုင် ထောက်လှမ်းရေးတပ်များ ရှိသည်။ ကျူးနိုင်ငံတော်သည်လည်း ချွင်းချက်မဟုတ်ပေ။
လုချန်း၏မေးခွန်းကို ကြားသောအခါ လိီချင်ရို့က လှောင်ပြောင်ရန် ရည်ရွယ်လိုက်သော်လည်း လုချန်းက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ဒီလောက်ပါပဲ။ ရက်နည်းနည်းကြာရင် ကိုယ်တို့ ရန်ခရိုင်ကို ပြန်ကြမယ်။ ကိုယ်တို့ရဲ့အချိန်ကို အကျိုးအရှိဆုံး အသုံးချပြီး ဒီကျင်လွမ်နန်းဆောင်မှာထက် ပိုပြီး လှပတဲ့အမှတ်တရတွေကို ဖန်တီးကြရအောင်။”
ထိုသို့ပြောနေစဉ်တွင် လုချန်း၏ပါးစပ်က လိီချင်ရို့၏နားသို့ နီးကပ်လာပြီးနောက် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ဒီနေရာက မင်း တစ်ချိန်က နန်းတက်ခဲ့တဲ့ နေရာပဲလေ။”
ဤအရာကို ကြားသောအခါ လိီချင်ရို့ တုန်လှုပ်သွားသည်။
လုချန်း၏ဆိုလိုရင်းကို သူမ ချက်ချင်းနားလည်သွားသည်။ ဤလူသည် မကျေနပ်သေးပဲ သူမ၏ခန္ဓာကိုယ်နှင့် ဆက်လက်ကစားလိုသည်။
လိီချင်ရို့က ချက်ချင်း ပြောလိုက်သည်။
“ချွမ်နိုင်ငံတော်မှာ တခြားကမ္ဘာက ကျင့်စဉ်ကျင့်သူတွေ ရှိနေနိုင်ခြေ တော်တော်များတယ်။”
ထိုစကားများကို ကြားသောအခါ လုချန်းက လိီချင်ရို့၏ ပေါင်ပေါ်တွင် တင်ထားသော သူ၏လက်ကို ရွေ့လျားခြင်းအား ရပ်တန့်လိုက်သည်။
“တခြားကမ္ဘာက ကျင့်စဉ်ကျင့်သူတွေ ဟုတ်လား။”
“မင်းမှာ သက်သေအထောက်အထား ရှိလား။ ဒါမှမဟုတ် ဒီလိုကောက်ချက်ကို ဘယ်လိုရခဲ့တာလဲ။”
လိီချင်ရို့က
“ရှင် တစ်ယောက်ယောက်ကို ကျွန်မရဲ့ စာကြည့်ခန်းမှာ ရှာခိုင်းလိုက်လို့ရတယ်။ ချွမ်နိုင်ငံတော်ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေ အများကြီး အဲဒီမှာ ရှိသေးတယ်။”
လုချန်းသည် တံခါးဝရှိ ကိုယ်ရံတော်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။
“နန်းတွင်းစာကြည့်ခန်းထဲက ထောက်လှမ်းရေးသတင်းအချက်အလက်တွေနဲ့ အမိန့်ပြန်တမ်းအားလုံးကို ကျင်လွမ်နန်းဆောင်ကို ယူလာခဲ့။ ကျွန်တော် ဖြည်းဖြည်းချင်း ပြန်သုံးသပ်ချင်တယ်။”
ကိုယ်ရံတော်ကို အမိန့်ပေးပြီးနောက် လုချန်းသည် သူ၏ရင်ခွင်ထဲမှ လှပသောအမျိုးသမီးကို ဆက်လက်ဖက်ထားပြီး ပြောလိုက်သည်။
“ကိုယ့်မှာလည်း အဲ့ဒီလို သံသယတွေ ရှိပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိခဲ့ဘူး။”
ကပ်ရောဂါသည် ပင်လယ်မှ စတင်လာနိုင်သည်ဟု ပထမဆုံးကြားစဉ် ကတည်းက ထိုရောဂါ အခြားကမ္ဘာမှ လာသည်ဟု သူ သံသယရှိခဲ့သည်။ သို့သော် ချွမ်နိုင်ငံတော်တွင် အထူးကိုယ်ရံတော်များ လှုပ်ရှားရသည်က မယုံနိုင်လောက်အောင် ခက်ခဲနေသည်။
ချင်ယူရှန်ကို ချွမ်နိုင်ငံတော်သို့ စေလွှတ်ပြီးနောက်မှသာ အထူးကိုယ်ရံတော်တပ်က သတင်းအချက်အလက်များ ပိုမိုစုဆောင်းလာခဲ့သည်။ သို့သော် လုချန်း၏ ချွမ်နိုင်ငံတော်အကြောင်း နားလည်မှုသည် အကန့်အသတ်ရှိနေဆဲပင်။
အနောက်မြောက်ဒေသမှ ဧကရီဖြစ်သော လိီချင်ရို့ ချွမ်နိုင်ငံတော်အကြောင်း မည်မျှသိသည်ကို လုချန်း စိတ်ဝင်စားနေသည်။
လိီချင်ရို့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်မသာ မပြောပြဘူးဆိုရင် ရှင်အဲ့ဒီလို ထင်မှာ မဟုတ်ပါဘူး။”
လုချန်းက ရယ်မောလိုက်ပြီး
“မင်းပြောတဲ့ပုံစံက ကိုယ်က မင်းထက် အဆင့်နိမ့်နေသလိုပဲ။ ကိုယ်က မင်းထက်သာလွန်မနေဘူးဆိုရင် ကျူးနိုင်ငံတော်ကို ဘယ်လိုအောင်နိုင်ပြီး မင်းရဲ့ခန္ဓာကိုယ်ကို ဘယ်လိုသိမ်းယူနိုင်မှာလဲ။ ပြီးတော့ မင်းကို လုံးဝနာခံလာအောင် ဘယ်လိုလုပ်နိုင်မှာလဲ။”
လုချန်း၏ အရှက်ခွဲသော စကားများကို ကြားသော်လည်း လိီချင်ရို့ ဒေါသမထွက်ခဲ့ပေ။ မျက်နှာအမူအရာမဲ့စွာဖြင့် သူမက
“ရှင့်ရဲ့နည်းလမ်းတွေ အမြဲတမ်းအလုပ်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါ။ မဟုတ်ရင် တစ်နေ့နေ့မှာ ကျွန်မလက်ချက်နဲ့ ရှင် အဆုံးသတ်သွားရဦးမယ်။”
လုချန်း လိီချင်ရို့၏ ခြိမ်းခြောက်မှုကို လုံးဝ အလေးထား မထားပေ။
သူ၏ ခေါင်းမာသောဇနီးသည် နေမကောင်းဖြစ်နေခြင်းသာ ဖြစ်သည်။ သူ့လို နတ် ဆေးဆရာတစ်ဦး ရှိနေသောကြောင့် ဆေးဝါးမလိုအပ်ပေ။ ဆေးတစ်ချက်ထိုးရုံနှင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည် ဖြစ်သည်။
……………..