← Chapters

ကျန်းအန်းစစ်မြေပြင်...

Vol. 41 Ch. 603

ကျန်းအန်းစစ်မြေပြင်...

Vol. 41 Ch. 603

~“ဆရာ၊ ဘာဖြစ်နေတာလဲ”

လင်းလောင်တောင်ထိပ်သခင်မ တစ်ယောက် တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်သောအခါ လုရီ သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

“…ဘာမှမဖြစ်ဘူး” လင်းလောင်တောင်ထိပ်သခင်မ၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်သွားပြီး ဆက်လက်စကားမဆိုလိုတော့သည့်ဟန်ကို ပြနေ၏။

“ဪ”

ထိုအခိုက်အတန့်၌ မိုးကြိုးတိမ်တိုက်များက လှိုင်းထန်လာပြီး ကောင်းကင်မိုးကြိုးများ ပေါ်ထွက်လာတော့သည်။

ဆက်လက်၍ ယွီမိသားစုမှ လူအားလုံး၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်ခြင်းများ ထင်ဟပ်လာလေ၏။

“ရွှမ်ပင်းကောင်းကင်မိုးကြိုး၊ ရွှမ်ယင်ကောင်းကင်မိုးကြိုး၊ အမြစ်မဲ့ခရမ်းရောင်မိုးကြိုး… ရှားပါးလှတဲ့ ကောင်းကင်မိုးကြိုးတွေပါလား။”

“ဒီအမျိုးသမီးငယ်လေးနှစ်ယောက်

ကလည်း ပါရမီရှင်တွေများလား။”

လူအုပ်ကြီးမှာ မယုံနိုင်လောက်အောင်ပင် အံ့အားသင့်နေကြတော့သည်။

ယွင်ရှီး ဖြစ်စေ၊ သုန်းကုန်းမင်ယွဲ့ ဖြစ်စေ၊ နှစ်ဦးစလုံးမှာ ရှားပါးကောင်းကင်မိုးကြိုး လေးငါးမျိုးဖြင့် အပစ်ခံခဲ့ရလေသည်။

ဤသည်မှာ အကယ်၍သာ မမျှော်လင့်သည့် အဖြစ်အပျက်များ မဖြစ်ပေါ်ခဲ့ပါက၊ သူတို့နှစ်ဦးစလုံးသည် အနာဂတ်တွင် ရွှေအင်မော်တယ်အဆင့်၊ ထို့ထက်ပင်ကျော်လွန်၍ အင်မော်တယ် ဧကရာဇ် အဆင့်အထိပါ ရောက်ရှိနိုင်သည်ကို ဆိုလိုနေလေသည်။

ဤသို့သော အဖြစ်အပျက်မျိုးမှာ ယွီမိသားစုအတွင်း၌ပင် နှစ်သိန်းပေါင်းများစွာအတွင်း တစ်ကြိမ်သာ ကြုံတွေ့ရခဲသော ပြိုင်ဘက်ကင်းပါရမီရှင်မျိုး ဖြစ်ပေသည်။

ယွီမိသားစုတွင် ရွှေအင်မော်တယ်အများအပြား ရှိနေသော်လည်း၊ ရွှေအင်မော်တယ်တို့၏ သက်တမ်းမှာ အလွန်ရှည်လျားပြီး နှစ်သန်းပေါင်း ဆယ်ဂဏန်းချီ ကြာမြင့်တတ်၏။ ဤမျှ ရှည်လျားသောအချိန်ကာလများ စုပုံလာသောအခါ အရေအတွက် မနည်းလှသည်မှာ သဘာဝကျပါ၏။

သို့သော် လက်တွေ့တွင်မူ ယွီမိသားစုအတွက်ပင် နှစ်တစ်သန်းအတွင်း ရွှေအင်မော်တယ်တစ်ပါး ပေါ်ထွန်းရန်မှာ မလွယ်ကူလှပေ။

ထိုမျှမက၊ ထိုထက်ပိုမိုမြင့်မားသော အင်မော်တယ် ဧကရာဇ် အဆင့်အကြောင်းကိုမူ ဆိုဖွယ်ရာပင်မရှိတော့ချေ။ ယွီမိသားစုအတွက်ပင် အင်မော်တယ်ဧကရာဇ် အရေအတွက်မှာ အလွန်တရာမှပင် ရှားပါးလှသည်။

ယခုမူ သူတို့မျက်စိရှေ့မှ အမျိုးသမီးငယ်နှစ်ဦးစလုံးတွင် အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာများ ရှိနေသောကြောင့် ယွီမိသားစုမှ ကျင့်ကြံသူများမှာ အလွန်တရာ တုန်လှုပ်သွားကြသည်မှာ သဘာဝပင်ဖြစ်တော့သည်။

ယွီယွမ်ဝူမှာတော့ လုံးဝ မှင်တက်မိနေလေ၏။

“အစ်ကိုရီ… အစ်ကိုရီ… အစ်ကို့ရဲ့ဇနီးလောင်းတွေက အရမ်းစွမ်းလွန်းနေတာပဲ မဟုတ်လား။ ဒါဟာ အင်မော်တယ် ဧကရာဇ် တစ်ပါးရဲ့ အရှိန်အဝါမျိုးပဲ”

လုရီက အံ့အားသင့်နေသော ယွီယွမ်ဝူကို တစ်ချက်ကြည့်လိုက်ပြီး

“ဘာတွေ အဲ့လောက် စိတ်လှုပ်ရှားနေစရာလိုလို့လဲ။ အင်မော်တယ် ဧကရာဇ် တစ်ပါးရဲ့ အရှိန်အဝါလောက်နဲ့များ” ဟု ပြောလိုက်၏။

“…” ယွီယွမ်ဝူမှာတော့ ပြောစရာစကားပင် မရှိတော့ချေ။

“…လောက်နဲ့များတဲ့လား။”

အလိုလေး… သူ့အတွက်မူ အင်မော်တယ် ဧကရာဇ်ဆိုသည်မှာ လက်လှမ်းမမီနိုင်သော အဆင့်တစ်ခုပင် ဖြစ်ပါ၏။ သူ၏ပန်းတိုင်မှာ ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရန်ဖြစ်ပြီး၊ ထိုပန်းတိုင်မှာပင် အလွန်ခက်ခဲလှသည်။

လူငယ်မျိုးဆက်ထဲတွင် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရန် မျှော်လင့်ချက် အရိပ်အယောင်ရှိသူမှာ ယွီဟန်ကွမ်း တစ်ဦးတည်းသာရှိပြီး၊ သူ့ထက်ပင် ပါရမီထူးချွန်သော ယွီလင်းလောင်ပင်လျှင် အနာဂတ်တွင် ရွှေအင်မော်တယ်အဆင့်သို့သာ ရောက်နိုင်ဖွယ်ရှိလေသည်။

သို့ဖြစ်သော်ငြားလည်း အစ်ကိုရီ၏ အမြင်တွင်တော့ ဤသည်မှာ သာမန်မျှသာ ဖြစ်နေပါတကား။

ယွီယွမ်ဝူ အတော်ပင် စကားမဆိုနိုင်တော့ပေ။

ကောင်းပြီလေ၊ ပါရမီရှင်များ၏ အတွေးအခေါ်မှာ ဤသို့ပင် ထူးခြားဆန်းကြယ်တတ်ကြတာပဲ မဟုတ်ပါလား။

လင်းလောင်တောင်ထိပ် သခင်မမှာမူ အတော်ပင် တည်ငြိမ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရင်တစ်ခေါက် လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့ အဆင့်တက်စဉ်ကလည်း ဤအတိုင်းပင်ဖြစ်ခဲ့ရာ သူမအတွက် အထူးအဆန်း မဟုတ်တော့ပေ။

လူအုပ်ကြီး၏ အံ့ဩမှင်သက်နေမှုကြားတွင် အချိန်အတော်ကြာပြီးနောက်၊ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့၏ ကောင်းကင်ကပ်ဘေးမှာ ပြီးဆုံးသွားလေသည်။ သူမတို့နှစ်ဦးသည် လုရီ

မဟုတ်သောကြောင့် ရှားပါးကောင်းကင်မိုးကြိုးအနည်းငယ်မျှသာ ဖြစ်လင့်ကစား၊ သူမတို့အတွက်မူ ကပ်ဘေး၏စွမ်းအားမှာ အလွန်ပြင်းထန်လှ၏။

လုရီ ပေးထားသော အင်မော်တယ် လက်နက်များနှင့် အစွမ်းကုန်ခုခံသော်ငြားလည်း နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြသည်။

သို့သော် သူမတို့၏ အခြေခံအုတ်မြစ်မှာ လုရီက များပြားလှသော ကျင့်ကြံခြင်းအရင်းအမြစ်များဖြင့် တည်ဆောက်ပေးထားသည့်အတွက် အလွန်ခိုင်မာလှပေသည်။ ထို့ကြောင့် ဤမျှပြင်းထန်သော ကပ်ဘေးကိုပင် သက်သာသောဒဏ်ရာများဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြလေ၏။

ထိုအခါ လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့သည် ရှေ့သို့ တိုးသွားကြသည်။

လုရီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် “ အလုံးစုံပြန်လည်ရှင်သန်ခြင်းသိုင်း” ကို အသုံးပြုလိုက်တော့၏။

ချက်ချင်းဆိုသလိုပင် အဆုံးမဲ့သော စိမ်းလဲ့ရောင်အလင်းတန်းများက အမျိုးသမီးငယ်နှစ်ဦးကို လွှမ်းခြုံသွားသည်။ နောက်တစ်ခဏ၌ သူတို့၏ ဒဏ်ရာများမှာ လုံးဝပျောက်ကင်းသွားပြီး မျက်နှာလေးများမှာ သွေးရောင်လွှမ်းကာ ကြည်လင်တောက်ပလာတော့၏။

သို့ရာတွင် လုရီ၏ ဤလုပ်ရပ်ကြောင့် အဝေးမှကြည့်နေသော ယွီမိသားစု၏ အကြီးအကဲများမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။

“တကယ်ကို အစွမ်းထက်တဲ့ သဘာဝနိယာမပဲ” ယွီရှင်းမှာ အလွန်တရာ ထိတ်လန့်သွား၏။

“အရင်က စွမ်းအားနိယာမနဲ့ယှဉ်ရင် အနည်းငယ် အားနည်းပေမယ့် ၅၀ ရာခိုင်နှုန်းတော့ ကျော်လွန်လောက်တယ်။ ဒီကောင်လေးက ဘယ်လို သတ္တဝါကြီးလဲ။ နေရာလပ်နိယာမ၊ သဘာဝနိယာမ၊ စွမ်းအားနိယာမ၊ တစ်ခုချင်းစီတိုင်းကို ဒီလောက်အထိ နက်နက်နဲနဲ ကျွမ်းကျင်နေပါလား” ခန့်ညားသောပုံစံရှိသည့် လူလတ်ပိုင်းအမျိုးသားက မထိန်းချုပ်နိုင်ဘဲ ပြုံးလိုက်လေသည်။

“ဒါဟာ တာအိုရဲ့ သားတော် တစ်ပါးရဲ့ ကြောက်မက်ဖွယ်ကောင်းမှုပဲ။ သူ့မျက်စိထဲမှာတော့ နိယာမတရားတွေမှာ လျှို့ဝှက်ချက်

များများစားစား ရှိပုံမရဘဲ အလွယ်တကူပဲ နားလည်နိုင်စွမ်း ရှိပုံပဲ” ဟု ယွီမိသားစုမှ အကြီးအကဲ တစ်ဦးက မှတ်ချက်ပြုလိုက်သည်။

“ဟုတ်တယ် အစ်ကိုကြီး၊ လင်းလောင်က လက်ဆက်မယ့် ကိစ္စကို ဘယ်လိုပြောလဲ။ လုရီရဲ့တာအို လက်တွဲဖော် နှစ်ယောက်စလုံးက ဒီလောက်ပါရမီထူးချွန်နေတာ၊ တစ်ယောက်ရ နှစ်ယောက်ပါ ဖြစ်သွားတာပဲ၊ တကယ့်ကို အမြတ်ကြီးပဲ” အလွန်လှပသော ယွီမိသားစုအမျိုးသမီးကလည်း ရယ်မောရင်း ပြောဆိုလိုက်သည်။

ယွီရှင်းက ခေါင်းညိတ်လိုက်သည်။

“ငါ သူနဲ့ ဆွေးနွေးနေတုန်းပဲ။ ပြန်သွားရင် သူ့ကို ထပ်ပြီး ဖျောင်းဖျကြည့်ကြတာပေါ့”

ထိုအခိုက်အတန့်တွင် ယွီလင်းလောင်သည် တစ်စုံတစ်ခု မကောင်းသောနိမိတ်ကို ကြိုတင်ခံစားမိသည့်အလား ကျောထဲမှ စိမ့်ကနဲ ဖြစ်သွားသည်။

သူမသည် နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ထွေထွေထူးထူး မစဉ်းစားမိတော့ပေ။

“မင်ယွဲ့၊ ယွင်ရှီး၊ ဂုဏ်ယူပါတယ်၊ မင်းတို့နှစ်ယောက် အခု အင်မော်တယ်တွေ ဖြစ်သွားကြပြီ” လုရီက ပြုံးလျက် ပြောလိုက်သည်။

သုန်းကုန်းမင်ယွဲ့က ခါးထောက်လျက် မာန်ပါပါနှင့် “ဟွန်း… အဲ့ဒီ မကောင်းတဲ့ စီနီယာအစ်မက ငါ့ထက် နည်းနည်းလေးပဲ မြန်သွားတာ။ ငါ့ကို နောက်နှစ်နှစ်လောက်ပဲ အချိန်ပေးလိုက်၊ သူ့ကို ကျော်တက်ပစ်မှာ။ ဘယ်သူက တကယ်တော်လဲဆိုတာ ပြရသေးတာပေါ့” ဟု ကြွေးကြော်လိုက်သည်။

ယွင်ရှီးကမူ သူမ၏ဆံနွယ်ရှည်များကို သပ်တင်ရင်း ရယ်မောလိုက်ပြီး “ကျေးဇူးတင်ပါတယ် လုရီ” ဟု ပြောလာ၏။

ယွင်ရှီးသည် သုန်းကုန်းမင်ယွဲ့ကဲ့သို့ ရိုးစင်းစွာ ကြွားဝါခြင်းမရှိပေ။ လုရီသာမရှိခဲ့ပါက သူမအနေဖြင့် ဤအချိန်တွင် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ကြောင်း သူမ ကောင်းစွာနားလည်ထားသည်။

လွန်ခဲ့သော နှစ်ရာဂဏန်းမျှက သူမ၏ မူလပါရမီအရဆိုလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရန်ပင် ခက်ခဲလှရာ၊ အင်မော်တယ်အဖြစ် တက်လှမ်းရန်မှာ အိပ်မက်ပင် မမက်နိုင်ခဲ့ပေ။

လုရီက ပြုံးရင်း ယွင်ရှီး၏ ပါးလေးကို ဆွဲညှစ်လိုက်ပြီး

“ငါတို့နှစ်ယောက်ကြားမှာ ဒီလိုစကားတွေ ပြောဖို့လိုသေးလို့လား”

ယွင်ရှီး၏ နတ်သမီးတမျှ လှပသောမျက်နှာလေးထက်တွင် အပြုံးပန်းတစ်ပွင့် ဖူးပွင့်သွားပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။

တစ်ချိန်တည်းမှာပင် လင်းလောင်တောင်ထိပ်သခင်မကမူ မျက်စောင်းတခဲခဲ ထိုးနေတော့သည်။

“ငါက မင်းတို့နှစ်ယောက် သာယာနေတာကို ထိုင်ကြည့်ဖို့ ဒီကို ရောက်လာတာလား”

လုရီမှာမူ မျက်နှာ အရေထူသူပီပီ ဂရုစိုက်သည့်ဟန်မ ပြသော်လည်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့မှာမူ အနည်းငယ် မျက်နှာပူသွားကြသည်။ အကြောင်းမူကား လင်းလောင်တောင်ထိပ်သခင်မသည် သူတို့၏ ဆရာဖြစ်သောကြောင့် အကြီးအကဲတစ်ဦးပင် ဖြစ်လေသည်။

လုရီက ပြုံးလျက် “သွားကြစို့၊ ငါတို့ ပြန်သင့်ပြီ” ဟု ပြောလိုက်တော့၏။

---

…

သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့ အဆင့် ချိုးဖြတ်ပြီးနောက် သူမတို့၏ နယ်ပယ်ကို ခိုင်မာအောင် စတင်ကျင့်ကြံကြတော့သည်။

တစ်လကျော်ကြာပြီးနောက် တစ်နေ့တွင်တော့ လင်းလောင်တောင်ထိပ်သခင်မသည် မျက်နှာမကောင်းသော အမူအရာဖြင့် လုရီထံသို့ ရောက်ရှိလာခဲ့လေသည်။

“ငါ့အဖေက နင့်ကို တွေ့ချင်နေတယ်”

လုရီက ခေါင်းညိတ်လိုက်ပြီးနောက် လင်းလောင်တောင်ထိပ်သခင်မကို အနည်းငယ် နားမလည်သလို ကြည့်လိုက်ကာ “ဆရာ၊ နေမကောင်းဘူးလား။ မျက်နှာက တစ်မျိုးကြီးပဲ” ဟု မေးလိုက်သည်။

လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားပြီး

“…ငါ ဘာမှမဖြစ်ဘူး” ဟုသာ တုံ့ပြန်လိုက်တော့သည်။

All Chapters