ကျန်းအန်းစစ်မြေပြင် (၂)...
Vol. 41 Ch. 604
~ ယွီလင်းလောင်မှာ စကားပင် မဆိုနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် အိမ်က အဘိုးကြီးက တစ်နေ့တခြား ဖိအားပေးလာသောကြောင့် ဖြစ်သည်။ သူမသည် တစ်ကိုယ်တည်း တံခါးပိတ်ကျင့်ကြံမည်ဟူသော အကြောင်းပြချက်ဖြင့် သူ့ကို အကြိမ်တိုင်း ရှောင်တိမ်းနေခဲ့ရလေ၏။
လုရီ၏ အပြစ်ကင်းစင်သော မျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် ပို၍ပင် မကျေမနပ်ဖြစ်ကာ နာကျင်လာရတော့သည်။
ဒီကောင်လေးမှာ ဘာများ ကောင်းနေလို့လဲ။
…အင်း… ဟုတ်ပါပြီလေ၊ သူက တကယ်ကို ထူးချွန်တာတော့ မှန်ပါသည်။ သို့သော်ငြားလည်း သူမက ဒီကောင်လေးရဲ့ ဆရာ မဟုတ်ပါလား။
အဘိုးကြီး ဘာတွေစဉ်းစားနေတာလဲ။
အရှက်မရှိတဲ့ အဘိုးကြီး။
ထိုအခိုက်မှာ လင်းလောင်
တောင်ထိပ်သခင်မ၏ စကားကို ကြားသောအခါ လုရီကမူ ထွေထွေထူးထူး မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် သွားကြတာပေါ့”
သူတို့နှစ်ဦးသည် ခြံဝန်းတစ်ခုသို့ ရောက်ရှိလာပြီး ရေကန်ဘေးတွင် ရပ်နေသော ယွီရှင်းကို တွေ့လိုက်ရ၏။
“ဖေဖေ၊ ဒီကောင်လေးကို ဘာကိစ္စရှိလို့လဲ”
ယွီရှင်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်ကာ လုရီကို ကြည့်၍ ခပ်ဟဟရယ်မောလိုက်သည်။
“ ရှောင်ရီက ကျောက်စိမ်းကြယ်တာရာဂြိုဟ်မှာ နေထိုင်တာ အချိန်အတော်ကြာခဲ့ပြီ။ အရင်က မင်းပြောခဲ့သလိုပဲ ယွင်ရှီးနဲ့ မင်ယွဲ့တို့ အင်မော်တယ်အဖြစ် တက်လှမ်းပြီးရင် ကျိုယိုစစ်မြေပြင်ကို အတူတူသွားမယ်လို့ ဆိုခဲ့တယ် မဟုတ်လား။ အခု သူတို့နှစ်ယောက်လုံး တက်လှမ်းပြီးသွားပြီ။ မင်းရဲ့တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ကျရောက်လာပြီ ဖြစ်တယ်”
ဤစကားကို ကြားသောအခါ လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့ နှစ်ဦးစလုံး ချက်ချင်းပင် သဘောပေါက်သွားကြတော့သည်။
ယခင်က ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့သည် အင်မော်တယ်အဖြစ် မတက်လှမ်းနိုင်သေးသောကြောင့် လုရီအနေဖြင့် သူတို့ကို ကျောက်စိမ်းကြယ်တာရာဂြိုဟ်တွင် ထားခဲ့ပြီး ကျိုယိုစစ်မြေပြင်သို့ တစ်ယောက်တည်း သွားရန် မဖြစ်နိုင်ခဲ့ပေ။ အကြောင်းမှာ ကျိုယိုစစ်မြေပြင်သို့ သွားရောက်လျှင် လုံလောက်သော ကုသိုလ်ကံ မရရှိပါက နှစ်တစ်ရာတိုင်တိုင် နေထိုင်ရမည် ဖြစ်သောကြောင့်တည်း။
လုရီသည် ထိုနေရာတွင် အချိန်မည်မျှကြာအောင် နေရမည်ကို မသိနိုင်ခဲ့ပါ။
သူ မရှိခိုက်တွင် ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ အဆင့်တက်ပြီး အခြားသော ကျိုယိုစစ်မြေပြင်သို့ သွားရောက်မိပါက အလွန်ပင် ရှုပ်ထွေးသွားပေလိမ့်မည်။ သူမတို့၏ အစွမ်းအစကို လုရီ အလွန်ယုံကြည်သော်လည်း ရင်ဆိုင်ရမည်မှာ ကျိုယိုမိစ္ဆာများဖြစ်သောကြောင့် သတိထားရမည်သာ ဖြစ်သည်။
ထို့ကြောင့် လုရီသည် ယွီရှင်းနှင့် ဤအကြောင်းကို ကြိုတင်ဆွေးနွေးထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ အခြားသူတစ်ဦးက ဤသို့သော အခွင့်အရေးကို တောင်းဆိုခဲ့ပါက ယွီရှင်းအနေဖြင့် သဘောတူမည်မဟုတ်သည်မှာ သေချာပါသည်။
သို့သော် လုရီမှာ လင်းလောင်တောင်ထိပ်သခင်မ၏ တပည့်ရင်းဖြစ်သည့်အပြင် ရှေးဘိုးဘေးများကပင် အလေးထားခြင်းခံရသူဖြစ်ရာ အထူးအခွင့်အရေးအချို့ကို ရရှိနိုင်သည်မှာ သဘာဝကျလေသည်။
ပုံမှန်အားဖြင့် လူတိုင်းသည် အင်မော်တယ်အဖြစ် တက်လှမ်းပြီးနောက် ခြောက်လအတွင်း ကျိုယိုစစ်မြေပြင်သို့ ဝင်ရောက်ရမည်ဖြစ်သော်လည်း လုရီမှာ အပြင်ဘက်တွင် တစ်နှစ်ကျော်တိုင်အောင် နေထိုင်ပြီး ဖြစ်နေလေ၏။ အကယ်၍သာ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ အဆင့်မတက်သေးပါက သူသည် ကျောက်စိမ်းကြယ်တာရာဂြိုဟ်တွင် ဆက်လက်နေထိုင်နိုင်ဦးမည် ဖြစ်သည်။
“ဆရာ့အဘိုး ပြောတာမှန်ပါတယ်။ လုရီ ကျိုယိုစစ်မြေပြင်ကို သွားဖို့ အသင့်ပါပဲ” ဟု လုရီက ဆိုလိုက်သည်။
“အင်း” ယွီရှင်းက ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီးနောက် ဆက်ပြောသည်။
“ထျန်းလောင် ကြယ်တာရာနယ်မြေမှာ ကျိုယိုစစ်မြေပြင် ခုနစ်ခုရှိတယ်။ အဲ့ဒီထဲမှာ ကျန်းအန်းစစ်မြေပြင်က အန္တရာယ်အနည်းဆုံးပဲ။ အဲ့ဒီက ကျိုယိုဥမင်က သေးငယ်တော့ နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာတွေပဲ စကြဝဠာထဲကို ဝင်လာနိုင်တယ်။ မင်း အဲ့ဒီကို သွားသင့်တယ်။ ရှောင်ရီ၊ မင်းရဲ့ပါရမီက မြင့်မားပြီး တိုက်ခိုက်ရေးစွမ်းရည်က အံ့မခန်းဖြစ်ပေမယ့် မင်းရဲ့ကျင့်ကြံမှုအဆင့်က ကောင်းကင်ဘုံ အင်မော်တယ်ပဲ ရှိသေးတယ်။ အဲ့ဒီစစ်မြေပြင်က မင်းအတွက် အသင့်တော်ဆုံးပဲ”
လုရီမှာမူ ကန့်ကွက်စရာ အကြောင်းမရှိခဲ့ပါ။
အမှန်အတိုင်းဆိုရလျှင် အကယ်၍သာ သူ့ကို ပိုမိုအန္တရာယ်များသော ကျိုယိုစစ်မြေပြင်သို့ သွားခိုင်းခဲ့ပါက သူသည် ထိုနေရာတွင် နှစ်တစ်ရာတိုင်တိုင် ခေါင်းမဖော်ဝံ့ဘဲ ပုန်းအောင်းနေရဖွယ်ရှိသည်ဟု သူထင်မိသည်။
သို့သော် ကျန်းအန်းစစ်မြေပြင်… နာမည်က အနည်းငယ် ရင်းနှီးနေသလိုပင်။
လုရီသည် ခဏမျှစဉ်းစားလိုက်ပြီးနောက် ထိုနာမည်ကို အဘယ်မှာ ကြားဖူးသည်ကို သတိရသွားသည်။ သူ ထျန်းမင်မှ မထွက်ခွာမီက ပုယွင်ကျန့်က နတ်ဓားဂိုဏ်းမှ အင်မော်တယ်တစ်ပါးသည် ကျန်းအန် စစ်မြေပြင်သို့ သွားရောက်ခဲ့သည်ဟု ပြောခဲ့ဖူးပါသည်။
ဒီနေရာများလား။
ထိုအင်မော်တယ်၏ အမည်မှာ ဝေ့ခန်း မဟုတ်ပါလား။
ဤသို့ အမှတ်မထင် တိုက်ဆိုင်နေမှတော့ ကျန်းအန်းစစ်မြေပြင်သို့ ရောက်သောအခါ အခြေအနေကို စုံစမ်းကြည့်ရမည်ဟု သူတွေးလိုက်သည်။
ထိုအခိုက်တွင် လင်းလောင်တောင်ထိပ်သခင်မက ဝင်ပြောလာ၏။
“ ဖေဖေ၊ ကျွန်မလည်း လုရီတို့နဲ့အတူ လိုက်သွားဖို့ စီစဉ်ထားပါတယ်။ သူတို့က ကျွန်မရဲ့တပည့်တွေဖြစ်တော့ ကျွန်မကပဲ ဂရုစိုက်သင့်တာပေါ့။ ပြီးတော့ ကျွန်မက နက်ရှိုင်းခြင်းအင်မော်တယ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာမို့ အဆင့်တက်နိုင်ဖို့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု လိုအပ်နေတယ်”
ယွီရှင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လင်းလောင်တောင်ထိပ်သခင်မကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ၊ ဒီလိုဆိုရင်တော့ သွားသင့်တာပေါ့။ ဂရုစိုက်သွား”
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းညိတ်ပြလိုက်သည်။
“သွားကြတော့”
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့သည် လှည့်ထွက်သွားကြသည်။
လမ်းတွင် လုရီက လင်းလောင်တောင်ထိပ်သခင်မကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
“ဆရာ၊ ကျိုယိုစစ်မြေပြင်က အရမ်းအန္တရာယ်များတယ်လို့ ကျွန်တော်ကြားဖူးတယ်။ ဆရာ တကယ်ပဲ ကျွန်တော်တို့နဲ့ လိုက်မလို့လား”
လင်းလောင်တောင်ထိပ်သခင်မက လုရီကို တစ်ချက်စိုက်ကြည့်လိုက်သည်။
“ဘာလဲ၊ ငါလိုက်လို့မရဘူးလား”
“မဟုတ်ပါဘူး၊ ဆရာလိုက်စရာမလိုလောက်ဘူးလို့ ကျွန်တော်ထင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့” သူသည် ပုယွင်ကျန့်တို့၏ စကားကို ရည်ညွှန်း၍ ဆက်ပြောသည်။
“မဖြစ်မနေ လိုအပ်တာမျိုးမှ မဟုတ်ရင် ဘယ်သူမှ ကျိုယိုစစ်မြေပြင်ကို မသွားချင်ကြဘူးလေ”
လင်းလောင်တောင်ထိပ်သခင်မက မျက်စောင်းထိုးလိုက်၏။
“အဲ့ဒါကြောင့် သူတို့က အားနည်းနေတာပေါ့။ ယွီမိသားစုရဲ့ တပည့်တွေအတွက်တော့ ကျိုယိုစစ်မြေပြင်ဆိုတာ လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲ။ ဒါ့အပြင် ကျိုယိုစစ်မြေပြင်မှာ ကျိုယိုမိစ္ဆာတွေ အများကြီးရှိနေပေမယ့် သူ့ရဲ့ထူးခြားတဲ့ပတ်ဝန်းကျင်ကြောင့် တန်ဖိုးရှိတဲ့ အင်မော်တယ်ဆေးပင်တွေနဲ့ အင်မော်တယ် ဝိဉာဉ်ကျောက်တွေလည်းထွက်ရှိတယ်။ အဲ့ဒါတွေက အင်မော်တယ်တွေအတွက် အရမ်း အကျိုးရှိတာ”
ဤစကားကို ကြားသောအခါ လုရီ၏ မျက်ခုံးများ ပင့်တက်သွားပြီး စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ပုယွင်ကျန့်တို့က ကျိုယိုစစ်မြေပြင်ကို ဘေးဆိုးတစ်ခုကဲ့သို့ ရှောင်ရှားနေကြသော်လည်း ယွီမိသားစုတပည့်များအတွက်မူ လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်နေပါတကား။
လင်းလောင်တောင်ထိပ်သခင်မ ပြောသော အရင်းအမြစ်များကိုမူ လုရီ အလေးမထားခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ အလုပ်များမှ ရရှိသော အရင်းအမြစ်များမှာလည်း မနည်းလှသောကြောင့် ဖြစ်သည်။ ယခု သူ၏ လက်ထဲတွင် ကြယ်တာရာခြင်ဆီ အစက်ပေါင်း တစ်သိန်းကျော်ရှိနေပြီး၊ ကောင်းကင်ဘုံအင်မော်တယ်တစ်ပါးကို နက်ရှိုင်းခြင်းအင်မော်တယ်အဆင့်သို့ ရောက်သည်အထိ ကျင့်ကြံရန် လုံလောက်လေသတည်း။
သို့သော် လုရီသည် ကျိုယိုမိစ္ဆာများကို သတ်ဖြတ်ခြင်းဖြင့် အလုပ် ဆုလာဘ်များ ရနိုင်မလားဟူ၍ အနည်းငယ် စပ်စုချင်စိတ် ဖြစ်မိသည်။ အချိန်တန်သောအခါ သူ သိရမည်သာ ဖြစ်သည်။
လုရီနှင့် လင်းလောင်
တောင်ထိပ်သခင်မတို့သည် ခြံဝန်းငယ်လေးသို့ ပြန်လာပြီး လျိုနင်ရွှမ်းတို့အား သတင်းစကားကို ပြောပြလိုက်သည်။
မိန်းကလေး လေးဦးစလုံးမှာ ကန့်ကွက်စရာ မရှိသည့်အပြင် သုန်းကုန်းမင်ယွဲ့နှင့် ကျန်းရူယွီတို့မှာ စမ်းသပ်ချင်စိတ်များပင် ဖြစ်ပေါ်နေဟန်တူ၏။
“ဟီးဟီး၊ ကျိုယို မိစ္ဆာတွေက တကယ်တမ်း ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါ အမြဲတွေ့ချင်နေတာ” ဟု သုန်းကုန်းမင်ယွဲ့က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
ကျန်းရူယွီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အရှေ့ပင်လယ်က ကျိုယိုကျွန်းပေါ်မှာ တွေ့ခဲ့ရတဲ့ ကျိုယိုမိစ္ဆာတွေကို အခုထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းပဲ”
လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့သည်လည်း သူတို့အရင်က တွေ့ကြုံခဲ့ရသော ကျိုယိုမိစ္ဆာများကို ပြန်လည်စဉ်းစားမိကြသည်။
“ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ငါတို့အားလုံး အင်မော်တယ်အဖြစ် တက်လှမ်းပြီးသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး”
လျိုနင်ရွှမ်းက အံ့ဩစွာ ရေရွတ်လိုက်ခြင်း ဖြစ်ပါ၏။
ထို့နောက် အဖွဲ့သားများသည် အာကာသယာဉ်တစ်စီးပေါ်သို့ တက်ကာ ကျောက်စိမ်းကြယ်တာရာဂြိုဟ်မှ ထွက်ခွာခဲ့ကြသည်။ သယ်ယူပို့ဆောင်ရေးတံခါးပေါက်မှတစ်ဆင့် သူတို့သည် ကျန်းအန်းစစ်မြေပြင်သို့ ဦးတည်ခဲ့တော့၏။
ကျန်းအန်းစစ်မြေပြင်သည် ထျန်းလောင်ကြယ်တာရာနယ်မြေ၏ အနောက်မြောက်ဘက်အရပ်တွင် တည်ရှိ၏။ ထျန်းမင်တည်ရှိရာ ကြယ်တာရာစနစ်မှာမူ ထျန်းလောင်ကြယ်တာရာနယ်မြေ၏ အနောက်တောင်ဘက်အရပ်တွင် ရှိပြီး အလွန်တရာ ကွာဝေးလှသည်။ လင်းလောင်တောင်ထိပ်သခင်မ၏ အဆိုအရ အလင်းနှစ် ခြောက်သောင်းကျော် ကွာဝေးသည်ဟု ဆိုလေသည်။
ဤမျှကျယ်ပြောသော အကွာအဝေးကို ကြယ်တာရာတံခါးပေါက်များ တည်ဆောက်ထားသော်ငြားလည်း အကြိမ်ပေါင်းများစွာ ကူးပြောင်းရပေဦးမည်။ ကံကောင်းစွာဖြင့် သူတို့သည် လမ်းခရီးတွင် အလွန်အမင်း အလျင်မလိုခဲ့ကြပါ။
ကြယ်တာရာတံခါးပေါက်တစ်ခုပြီးတစ်ခုကို ဖြတ်သန်းရင်း၊ စည်ကားလှသော ကြယ်တာရာစနစ်များကို ကျော်ဖြတ်ကာ၊ အာကာသအခင်းအကျင်းများကြားတွင် လွန်းပျံသွားလာခဲ့ကြသည်။
တစ်လတိတိ အချိန်ကုန်ဆုံးပြီးနောက်တွင်မှ သူတို့သည် ကျန်းအန်းစစ်မြေပြင်နှင့် နီးကပ်သော ကျန်းအန်းကြယ်တာရာစနစ်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြလေသည်။
---
…
ကြယ်တာရာတံခါးပေါက်များမှ အလင်းရောင်များ လက်ကနဲ ဖြစ်သွားပြီး အာကာသယာဉ်များ ထွက်ပေါ်လာသည်။
လုရီနှင့် သူ့အဖော်များသည် ပြတင်းပေါက်နားတွင် ရပ်လျက် ပတ်ဝန်းကျင်ကို အံ့ဩတကြီး ကြည့်ရှုနေကြ၏။
ကြယ်တာရာတံခါးပေါက်၏ ပတ်ဝန်းကျင်တွင် သတ္တုဂြိုဟ်များ ထူထပ်စွာ တည်ရှိနေပြီး၊ ယာဉ်များ အတက်အဆင်းလုပ်နေကြရာ အလွန်ပင် စည်ကားနေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ ဤဒေသတွင် သတ္တုဂြိုဟ် ဒါဇင်ပေါင်းများစွာရှိပြီး ကီလိုမီတာ သန်းပေါင်းများစွာတိုင်းတွင် တစ်လုံးစီ တည်ရှိကာ နယ်မြေတစ်ခုကို ဖွဲ့စည်းထားလေသည်။
လင်းလောင်တောင်ထိပ်သခင်မက ရှင်းပြလိုက်သည်။
“ဒါက ကျန်းအန်းမြို့တော်ပဲ။ ကျန်းအန်းစစ်မြေပြင်ရဲ့ဝင်ပေါက်က ဟိုးအဝေးက ဗဟိုဂြိုဟ်ပေါ်မှာ ရှိတယ်။ ဒီစကြဝဠာအာကာသအပိုင်းအစကို ငါတို့ရဲ့ဘိုးဘေးက အဲ့ဒီနေရာထဲကို ချုံ့ထည့်ထားခဲ့တာ။ ကျိုယိုဥမင်ထဲကနေ ကျိုယိုမိစ္ဆာတွေ ထွက်မလာအောင်လို့ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ တပ်ရင်းငါးရင်းက ဒီမှာ အမြဲတမ်းတပ်စွဲထားတယ်။ ဒါ့အပြင် ကြယ်တာရာတံခါးပေါက်က ဒီနေရာမှာရှိပြီး အနီးအနားမှာ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ အခြေစိုက်စခန်းတွေ အများကြီးရှိတော့ အကူအညီတွေက မြန်ဆန်တယ်”
လုရီတို့အားလုံး ခေါင်းညိတ်လိုက်ပြီး ထိုသတ္တုဂြိုဟ်များ၏ ဗဟိုနေရာကို ကြည့်လိုက်ကြသည်။ ထိုနေရာရှိ ဂြိုဟ်တစ်လုံးမှာ အခြားဂြိုဟ်များနှင့် သိသိသာသာ ကွဲပြားနေပြီး ထူးဆန်း၍ မကောင်းဆိုးဝါးဆန်သော အနက်ရောင်မြူခိုးများ ထုတ်လွှတ်နေ၏။ ဤမျှအဝေးမှပင် သူတို့သည် မကောင်းသော အငွေ့အသက်အချို့ကို ခံစားနေရသည်။
“တကယ်ပဲ ကျိုယိုဥမင်ပဲ” လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ မြူခိုးကျွန်းပေါ်တွင် ကျိုယိုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူ တစ်ယောက်
အနေဖြင့် လျိုနင်ရွှမ်းသည် ကျိုယို၏ အငွေ့အသက်ကို ကောင်းစွာ မှတ်မိနေသည်။
လင်းလောင်တောင်ထိပ်သခင်မက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
“ဒါက အပြင်ဘက်ပဲ ရှိသေးတယ်။ ကျိုယိုစစ်မြေပြင်ထဲကို ဝင်သွားရင် ကျိုယိုရဲ့တီးတိုးသံတွေကို အချိန်မရွေး ကြားနေရလိမ့်မယ်။ အတွင်းကို ပိုနက်လေလေ၊ အသံတွေက ပိုများလာပြီး ပိုရှုပ်ထွေးလာလေပဲ။ ကောင်းကင်ဘုံအင်မော်တယ်အဆင့် စစ်သည်တော်တွေတောင် ကျိုယိုစစ်မြေပြင်ထဲကို ဝင်ပြီးရင် အများဆုံး တစ်နှစ်ပဲ နေနိုင်တယ်။ အဲ့ဒီနောက်မှာ အနားယူဖို့ လိုအပ်တယ်။ မဟုတ်ရင်တော့ သူတို့တွေက ကျိုယိုမိစ္ဆာတွေရဲ့ လွှမ်းမိုးဖျက်ဆီးတာကို ခံရပြီး နောက်ဆုံးမှာ မိစ္ဆာအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
ဤစကားကို ကြားသောအခါ လုရီနှင့် အမျိုးသမီးလေးဦးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဦးရေပြားများပင် အနည်းငယ် ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ကောင်းကင်ဘုံအင်မော်တယ်အဆင့် စစ်သည်တော်များပင်လျှင် အတွင်း၌ တစ်နှစ်သာ နေနိုင်သည်ဟူသော အချက်က ထိုနေရာ၏ အန္တရာယ်ကြီးမားပုံကို ထင်ရှားစွာ သက်သေပြနေလေတော့သည်။
သူမက ဆက်ပြောသည်။
“ကောင်းကင်ဘုံအင်မော်တယ်
တစ်ယောက်အနေနဲ့ ကျိုယိုစစ်မြေပြင်ကို လာရင် အရင်ဆုံး စာရင်းသွင်းရတယ်။ သွားကြစို့”
အာကာသယာဉ်သည် လေဟာနယ်ကို ဖြတ်သန်းကာ ကြီးမားသော သတ္တုဂြိုဟ်ကြီးတစ်ခုဆီသို့ ဦးတည်သွားတော့သည်။
စာရင်းသွင်းခြင်းမှာ ရိုးရှင်းလှပြီး ထိုနေရာတွင် တပ်စွဲထားသော ယွီမိသားစုတပ်မတော်ထံ သူတို့၏ အချက်အလက်များကို တင်ပြရုံသာ ဖြစ်သည်။
ရောက်ရှိလာသူများမှာ ယွီမိသားစု၏ ဒုတိယသခင်မလေးနှင့် သူမ၏အဖော်များဖြစ်ကြောင်း သိလိုက်ရသောအခါ ယွီမိသားစုတပ်မတော်သည် အစပိုင်းတွင် မှင်တက်သွားသော်လည်း လျင်မြန်စွာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး စာရင်းသွင်းခြင်းကို ဆက်လက်လုပ်ဆောင်ပေးခဲ့သည်။
အကြောင်းမှာ လင်းလောင်တောင်ထိပ်သခင်မ ပြောခဲ့သကဲ့သို့ပင် ယွီမိသားစုတပည့်များသည် ကျိုယိုစစ်မြေပြင်ကို လေ့ကျင့်ရေးကွင်းတစ်ခုအဖြစ် သဘောထားသောကြောင့် ဖြစ်သည်။
စာရင်းသွင်းပြီးနောက် မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်သည် တရားဝင် စတင်သွားလေတော့သည်။