← Chapters

ကျိုယိုမိစ္ဆာများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း (၂)...

Vol. 41 Ch. 608

ကျိုယိုမိစ္ဆာများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း (၂)...

Vol. 41 Ch. 608

~တပ်စခန်း၏ အပြင်ဘက်တွင် အလွန်ကျယ်ပြောလှသော မြေလွတ်ကြီးတစ်ခု ရှိ၏။ ထိုမြေပြင်မှာ နေရာအနှံ့ ကွဲအက်ခြောက်သွေ့နေကာ မိုးကုတ်စက်ဝိုင်းအထိတိုင်အောင် သက်တမ်းမဲ့စွာ တည်ရှိနေ၏။ ထို့အပြင် ကောင်းကင်ပြင်၏ မှိုင်းညို့မှုကြောင့် ဤနေရာတွင် မည်သည့်သက်ရှိသတ္တဝါမျှ နေထိုင်နိုင်မည်ဟု စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သလောက်ပင်။

တပ်စခန်း၏ အနီးတစ်ဝိုက်တွင် ကျိုယိုမိစ္ဆာများ ရစ်ဝဲမနေတတ်ကြပေ။

လုရီတို့အဖွဲ့သည် ဦးတည်ရာတစ်ခုကို ဖြစ်သလို ရွေးချယ်လိုက်ပြီး မကြာမီမှာပင် ကျိုယိုစစ်မြေပြင်ထဲသို့ နက်ရှိုင်းစွာဝင်ရောက်သွားကြတော့သည်။

လမ်းတစ်လျှောက်တွင် လုရီသည် အခြားသော အင်မော်တယ်အများအပြားကိုပင် တွေ့မြင်ခဲ့ရသည်။ အများစုမှာ ကောင်းကင်ဘုံအင်မော်တယ်များဖြစ်ကြပြီး၊ အစစ်အမှန်အင်မော်တယ်အဆင့် စွမ်းအားရှင်အချို့လည်း ရှိနေသော်လည်း၊ နက်ရှိုင်းခြင်းအင်မော်တယ်များကိုမူ မတွေ့ရသေးပေ။

အင်မော်တယ်များသည် အစွမ်းထက်သော်လည်း၊ ကောင်းကင်ကြယ်တာရာနယ်မြေမှာ အလွန်ကျယ်ပြောလှပြီး နယ်မြေတစ်ခုလုံးတွင် ကျိုယိုစစ်မြေပြင် ခုနစ်ခုသာရှိရာ၊ တည်ရှိနေသော အင်မော်တယ်အရေအတွက်မှာ မှတ်သားလောက်ဖွယ်ရာပင်။ မဖြစ်မနေ တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခံရသူများပင် များပြားလှရာ၊ ယွီမိသားစု တပည့်များကဲ့သို့ လေ့ကျင့်ရန်လာရောက်သူများကို ထည့်ပြောရန်ပင်မလိုတော့ပေ။

တောနက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ နေရာတိုင်းတွင် တောင်တန်းများနှင့် ချောက်ကမ်းပါးများရှိနေပြီး၊ အချို့နေရာများတွင် အနက်ရောင် ကျိုယိုချီမျှင်များ ယိုစိမ့်ထွက်နေသည်။ ဤသည်မှာ ကျိုယိုချီများ သိပ်သည်းမှုအဆင့်တစ်ခုသို့ ရောက်ရှိသောအခါ ဖြစ်ပေါ်လာသော လက္ခဏာများပင် ဖြစ်သည်။

ထိုသို့သော ကျိုယိုချီများနှင့် ကြုံတွေ့ရသည့်အခါ လင်းလောင်တောင်ထိပ်သခင်မသည် တိုက်စားခြင်းကို ရှောင်ရှားရန် လုရီတို့ကို ပတ်၍ ရှောင်ကွင်းသွားလေ့ရှိသည်။ အမှန်စင်စစ် ကျိုယိုစစ်မြေပြင်တွင် ကျိုယိုမိစ္ဆာများမှာ အကြီးမားဆုံးအန္တရာယ်ဖြစ်သော်လည်း၊ နေရာအနှံ့ပျံ့နှံ့နေသော ကျိုယိုချီနှင့် အမြဲတမ်းတည်ရှိနေသော တိုက်စားခြင်းမှာ ကျိုယိုမိစ္ဆာများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဝူး…”

အဖွဲ့သားများ တောင်ကြားတစ်ခုအပေါ်မှ ပျံသန်းနေစဉ်မှာပင်...

ရုတ်တရက်...။

အမှောင်နှင့်မကောင်းဆိုးဝါးဆန်သော အလင်းတန်းတစ်ခုက သူတို့ထံသို့ ပစ်ခတ်ဝင်ရောက်လာသည်။

အလင်းတန်း၏အရှိန်အဝါက ပြင်းထန်လှ၏။

ကြောက်မက်ဖွယ်စွမ်းအားကြောင့် ပတ်ဝန်းကျင်မှ နေရာလပ်များပင် လှုပ်ခတ်သွားတော့သည်။

အလင်းတန်းသည် အရှိန်အဝါအပြင်းထန်ဆုံးဖြစ်သော လင်းလောင်တောင်ထိပ်သခင်မထံသို့ တည့်တည့်မတ်မတ် ဦးတည်လာ၏။

လင်းလောင်တောင်ထိပ်သခင်မက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူမ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မှိန်ဖျော့သော လက်ဝါးပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး အနက်ရောင်အလင်းတန်းကို တိုက်ရိုက် ကြေမွသွားစေခဲ့သည်။

ထို့နောက်တွင် အရှိန်အဝါများစွာ လျင်မြန်စွာ ထွက်ပေါ်လာပြီး လုရီတို့အဖွဲ့ကို ဝန်းရံလိုက်ကြသည်။

စုစုပေါင်း ကျိုယိုမိစ္ဆာ ခြောက်ကောင်။

ဤကျိုယိုမိစ္ဆာများမှာ အရိပ်များဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်းထားသည့်အလား မည်းနက်နေလေသည်။ လူပုံစံနှင့် သားရဲပုံစံ နှစ်မျိုးစလုံးရှိကာ၊ ထူထဲသောအနက်ရောင်မြူခိုးများ ထုတ်လွှတ်လျက် အလွန်ပင် မကောင်းဆိုးဝါးဆန်သော အငွေ့အသက်များ ပျံ့လွင့်နေ၏။ သူတို့သည် အစောပိုင်းက တွေ့ခဲ့ရသော နက်ရှိုင်းစွာ တိုက်စားခံထားရသည့် လက်လေးဖက် ကျင့်ကြံသူထက်ပင် ပို၍ မကောင်းဆိုးဝါးဆန်လှသည်။

“ဒါတွေက ကျိုယိုမိစ္ဆာတွေလား” လုရီက တစ်ချက်ဝေ့ကြည့်လိုက်သည်။

ဤကျိုယိုမိစ္ဆာများထဲတွင် အစွမ်းအထက်ဆုံးမှာ လူပုံစံတစ်ကောင်ဖြစ်ပြီး၊ အစွမ်းထက်သော အစစ်အမှန်အင်မော်တယ်တစ်ပါးဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ကျန်ကျိုယိုမိစ္ဆာများမှာမူ ကောင်းကင်ဘုံအင်မော်တယ်အဆင့်များသာ ဖြစ်ကြသည်။

သူ့စကားအား လင်းလောင်တောင်ထိပ်သခင်မက မျက်ခုံးအနည်းငယ်ပင့်ကာ ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်၊ ဒါတွေက ကျိုယိုမိစ္ဆာတွေပဲ။ တစ်ကြိမ်တည်းနဲ့ ခြောက်ကောင်ပေါ်လာတာက တကယ်ပဲ အရေအတွက်မနည်းဘူးလို့ ဆိုရမယ်”

ကျိုယိုမိစ္ဆာများက လုရီတို့ကို ကြည့်လိုက်ရာ မကောင်းဆိုးဝါးစွမ်းအင်များ တိုးထွက်လာပြီး လူတိုင်းကို လွှမ်းခြုံသွားတော့သည်။

ချက်ချင်းပင် လုရီ၏နားထဲတွင် ဆူညံကျယ်လောင်ပြီး ကွဲအက်နေသောအသံများ ရောပြွမ်းလျက် ကြားလိုက်ရသည်။

ဖန်ကို လက်သည်းဖြင့် ခြစ်ဆွဲနေသံကဲ့သို့...။

ခြင်များ တဝီဝီမြည်ဟည်းနေသံကဲ့သို့...။

ထူးဆန်းသော တီးတိုးရေရွတ်သံများကဲ့သို့...။

ထိုအသံအားလုံး ပေါင်းစပ်သွားရာ နားထောင်ရန် အလွန်ပင် မသက်မသာဖြစ်လှသည်။

သို့သော် လုရီသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရုံမှလွဲ၍ အခြားမည်သည့်မသက်မသာမှုကိုမျှ မခံစားရသည်ကို ထူးဆန်းစွာ တွေ့ရှိလိုက်ရသည်။ သူ့နှင့်ဆန့်ကျင်စွာပင် လျိုနင်ရွှမ်းတို့အားလုံးမှာ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားကြပြီး၊ လင်းလောင်တောင်ထိပ်သခင်မပင်လျှင် ထိုအထဲတွင် အပါအဝင်ဖြစ်လေသည်။

သူတို့ မျက်မှောင်ကြုတ်နေစဉ်မှာပင် ကျိုယိုမိစ္ဆာအုပ်စုသည် ရုတ်တရက် အမှောင်ရောင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ ပြေးဝင်လာကြသည်။

“ဟွန်း” လင်းလောင်တောင်ထိပ်သခင်မက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ အစစ်အမှန်အင်မော်တယ် ကျိုယိုမိစ္ဆာအား ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ကျန်တဲ့ အကောင်တွေက မင်းတို့တာဝန်ပဲ”

လုရီက ပခုံးတွန့်လိုက်သည်။ သူကတော့ ကန့်ကွက်စရာ အကြောင်းမရှိပေ။

လျိုနင်ရွှမ်းတို့မှာ ထူးဆန်းသော အသံများ၏ လွှမ်းမိုးမှုအောက်တွင် မျက်နှာများ အနည်းငယ် သွေးရောင်ဖြူဖျော့နေသည်။

“ဆူညံလိုက်တာ” ကျန်းရူယွီက အေးစက်စွာ နှာမှုတ်လိုက်သည်။

သူမ၏ဓားရှည်မှ မြည်သံတစ်ချက် ထွက်ပေါ်လာသည်။

တဆက်တည်း၌ ပြင်းထန်သော ဓားတာအိုနိယာမများက ကျိုယိုမိစ္ဆာတစ်ကောင်ထံသို့ တရစပ် ပစ်လွှတ်သွားတော့သည်။

ယွင်ရှီး၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည်လည်း သူတို့၏နိယာမများကို ထုတ်ဖော်အသုံးပြုကာ ကျိုယိုမိစ္ဆာတစ်ကောင်စီထံသို့ ပြေးဝင်တိုက်ခိုက်ကြ၏။

ထို့နောက် လုရီသည် ကျန်ရှိနေသော ကောင်းကင်ဘုံ အင်မော်တယ်

အထွတ်အထိပ်အဆင့် ကျိုယိုမိစ္ဆာထံသို့ လှမ်းကြည့်လိုက်သည်။

သူသည် ဦးစွာ သူ၏စိတ်ထဲတွင်

တီးတိုး ရေရွတ်လိုက်၏။

“ဒီကျိုယိုမိစ္ဆာတွေကို သတ်ပစ်ဖို့ လိုတယ်”

[ အလုပ် ]

ကျိုယိုမိစ္ဆာများကို သတ်ဖြတ်ပါ

ဆုလာဘ်: ကြယ်တာရာခြင်ဆီ အးက် *၁၀၀၀၊ သတ်မှတ်ထားသော အင်မော်တယ်သိုင်းစွမ်းရည်အဆင့်+၂

*၃ခု၊ သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အဆင့်+၂*၁ခု။

အလုပ်အား လက်ခံပါ - လက်ခံမည်လား/ ငြင်းမည်လား။

အင်း...။ ဆုလာဘ်တွေက တော်တော်ကောင်းသားပဲ ကွား။

အစစ်အမှန်အင်မော်တယ်တစ်ကောင်နှင့် ကောင်းကင်ဘုံအင်မော်တယ်ငါးကောင်ကို သတ်ဖြတ်ခြင်းဖြင့် ကြယ်တာရာခြင်ဆီ အစက်တစ်ထောင်ရရှိမည်ဆိုလျှင် ဤသည်မှာ တော်တော်လေး များပြားသော ဆုလာဘ်ပင်ဖြစ်သည်။

သတ်မှတ်ထားသော အင်မော်တယ်သိုင်းစွမ်းရည်အဆင့်နှင့် ကျင့်ကြံခြင်းနည်းစနစ်အဆင့်အတွက် ဆုလာဘ်များကို ထည့်မပြောသေးပေ။ အလုပ်က အလွန်ပင် ရက်ရောသော ဆုလာဘ်များကို ပေးအပ်နေသည်။

အကယ်၍သာ ကျိုယိုမိစ္ဆာတိုင်းကို သတ်ဖြတ်ခြင်းဖြင့် ဤသို့ရက်ရောသော ဆုလာဘ်များ ရရှိမည်ဆိုပါက လုရီသည် ဤနေရာတွင် အနည်းငယ် ပိုကြာကြာနေရန် လိုအပ်မည်ဟု ခံစားလိုက်ရသည်။

သူသည် အလုပ်ကို တိတ်တဆိတ်လက်ခံလိုက်သည်။

ဤအချိန်တွင် ကျန်ရှိနေသော ကျိုယိုမိစ္ဆာသည် လုရီ၏မျက်နှာရှေ့သို့ ပြေးဝင်လာခဲ့ပြီ ဖြစ်၏။

၎င်းသည် လူတစ်ပိုင်းသားတစ်ပိုင်း ကျိုယိုမိစ္ဆာတစ်ကောင်ဖြစ်ပြီး၊ အပေါ်ပိုင်းမှာ လူနှင့်တူကာ အောက်ပိုင်းမှာမူ ကင်းမြီးကောက်နှင့်တူ လေသည်။ သူ၏ခန္ဓာကိုယ်မှ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မြူခိုးများ ထုတ်လွှတ်နေသည်။

ကျိုယိုမိစ္ဆာက ကြောက်မက်ဖွယ်အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။ သူ၏မျက်လုံးများမှာ သာမန်သက်ရှိများတွင်ရှိသော

ဝိညာဉ်အရှိန်အဝါနှင့် ခံစားချက်များကင်းမဲ့ကာ မကောင်းဆိုးဝါးအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သူ၏ ညာလက်ကို ဆန့်တန်းလိုက်၏။

လက်ပေါ်တွင် ပြင်းထန်သော ကျိုယိုစွမ်းအားများ ပေါ်ထွက်လာသည်။

အနက်ရောင် ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအရာက အနက်ရောင်တွင်းနက်ကြီး တစ်ခုနှင့်ပင် တူနေပြီး ပတ်ဝန်းကျင်မှ အလင်းရောင်ကိုပင် ဝါးမျိုနေတော့သည်။

ကျိုယိုမိစ္ဆာသည် အစွမ်းထက်သော ကျိုယိုစွမ်းအားများကို စုစည်းလိုက်သည်နှင့် ပတ်ဝန်းကျင်မှ ဆူညံသံများမှာ ပိုမိုကျယ်လောင်လာပြီး ပို၍ ဖရိုဖရဲဖြစ်လာသည်။

“သေပေတော့”

ကျိုယိုမိစ္ဆာ၏ ဝိညာဉ်လှိုင်းက သူ၏ရည်ရွယ်ချက်ကို ဖော်ပြလိုက်သည်။ သူ၏လက်ထဲမှ အနက်ရောင်တွင်းနက်ကြီးသည် လုရီထံသို့ ရွေ့လျားလာသည်။

လမ်းတွင် ပိုမိုကြီးမားလာပြီး နောက်ဆုံးတွင် လုရီ၏ခန္ဓာကိုယ်အရွယ်အစားထက်ပင် ကျော်လွန်သွားကာ လုရီကို ဝါးမျိုရန် ရည်ရွယ်နေတော့သည်။

All Chapters