← Chapters

အပြင်းအထန် ဒဏ်ရာရနေတဲ့ ကြယ်တာရာ နယ်မြေ တပ်မတော်...

Vol. 41 Ch. 611

အပြင်းအထန် ဒဏ်ရာရနေတဲ့ ကြယ်တာရာ နယ်မြေ တပ်မတော်...

Vol. 41 Ch. 611

~ “ဒီလိုသာဆိုရင် ကျွန်မတို့ ပြန်စရာမလိုတော့ဘူးပေါ့။ အခု လုရီက ကျိုယိုချီကို ထုတ်သုံးလိုက်ပြီဆိုတော့ သူ့ရဲ့အစွမ်းအာနိသင်ကိုလည်း မိတ်ဆက်ပြီးသွားပြီပဲ။ ကျွန်မတို့ ကျိုယိုစစ်မြေပြင်မှာ နောက်ထပ် ခဏလောက် နေလို့ရသေးတာပေါ့”

ယွင်ရှီးက ဝင်ရောက် ပြောဆိုလိုက်ခြင်းပါ။

“ဟုတ်တယ်၊ ဟုတ်တယ်။ တို့တွေ ရည်မှန်းချက်ပြီးမြောက်ဖို့ နည်းနည်းပဲ လိုတော့တာကို။ ဘာလို့ အပြီးထိမလုပ်သွားဘဲနဲ့ ထွက်သွားရမှာလဲ”

လုရီက ကျိုယိုချီ၏ လွှမ်းမိုးမှုကို ဖြေဖျောက်လိုက်ပြီဖြစ်သောကြောင့် သုန်းကုန်းမင်ယွဲ့မှာ သူမကိုယ်သူမ လက်စွမ်းပြန်ပြနိုင်ပြီဟု ခံစားနေရလေသည်။

လင်းလောင်တောင်ထိပ်သခင်မက သုန်းကုန်းမင်ယွဲ့ကို စကားမပြောနိုင်တော့ဟန်ဖြင့် ကြည့်လိုက်ပြီး “အရင်ဆုံး ကျိုယိုမုန်တိုင်း ပြေပျောက်သွားတဲ့အထိ စောင့်ကြဦးစို့။ အခုချိန်ထိ အဲ့ဒါက တို့တွေနောက်မှာ ရှိနေတုန်းပဲ” ဟု သတိပေးလိုက်သည်။

ထိုစဉ်

ကျန်းရူယွီက ပြုံး၍ ဆို၏။

“ကျွန်မတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ဂျူနီယာမောင်လေးက နေရာလပ်နိယာမကို သုံးထားတဲ့အရှိန်နဲ့ဆိုရင်တော့ အမီလိုက်မခံရလောက်ပါဘူးနော်”

လုရီ၏ ဘေးတွင်ရှိနေလျှင် သူမတို့အားလုံး လုံခြုံသည်ဟု ခံစားကြရလေသည်။

လင်းလောင်တောင်ထိပ်သခင်မပင်လျှင် ဤစကားကို မငြင်းဆန်ခဲ့ပေ။

လုရီ၏ ကျင့်ကြံခြင်းအခြေခံမှာ ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့ မြင့်တက်လာသည်နှင့်အမျှ သူ၏ နေရာလပ်နိယာမကို အသုံးပြုသော အမြန်နှုန်းသည် အလင်း၏အလျင်ကိုပင် ကျော်လွန်သွားခဲ့သည်။

ထိုကဲ့သို့သောအမြန်နှုန်းမျိုးသည် နက်ရှိုင်းခြင်းအင်မော်တယ်အချို့ပင် မမီနိုင်သောအရှိန်ဖြစ်ပြီး ရွှေအင်မော်တယ်များကြားတွင်ပင် မနိမ့်ကျချေ။

ဤအမြန်နှုန်းသည် မည်မျှ ချဲ့ကားပြောဆိုခြင်းဖြစ်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဤသည်ကား နေရာလပ်နိယာမ၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ပင်တည်း။

ထိုကဲ့သို့သော အမြန်နှုန်းသည် ကျိုယိုမုန်တိုင်းပင် အမီလိုက်နိုင်ရန် ခက်ခဲလွန်းလှသည်။

ထိုအခိုက်တွင် လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့နှစ်ဦးလုံး ရုတ်တရက် ခြေစုံရပ်လိုက်ကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ဦးတည်ရာတစ်ခုသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။

“ဘာဖြစ်လို့လဲ”

သူတို့၏ တုံ့ပြန်ပုံကို သတိပြုမိသွားသော လျိုနင်ရွှမ်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဟိုဘက်မှာ လူတွေရှိနေတယ်”

လုရီက မျက်မှောင်အနည်းငယ်ကြုတ်လျက် ဆိုသည်။

“သွားကြည့်ရအောင်”

လင်းလောင်တောင်ထိပ်သခင်မက သူတို့နောက်ရှိ ကျိုယိုမုန်တိုင်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။

“ကျိုယိုမုန်တိုင်းက အနည်းငယ် အလှမ်းဝေးသေးတယ်။ တို့တွေ သွားလို့ရတယ်”

ထိုအခါ လုရီသည် နေရာလပ်ကို ဖြတ်သန်းကာ အရှိန်အဝါထွက်ပေါ်ရာ ဦးတည်ရာသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။

ထိုနေရာတွင် စစ်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော ကြယ်တာရာနယ်မြေတပ်မတော်မှ အဖွဲ့ဝင်နှစ်ဦးအား ကျိုယိုမိစ္ဆာအုပ်ကြီးက ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။

ထိုကျိုယိုမိစ္ဆာများထဲတွင် အစစ်အမှန်အင်မော်တယ်အဆင့် ၁၂ ကောင်အပြည့်ရှိပြီး ကျန်မိစ္ဆာများမှာလည်း ကောင်းကင်ဘုံအင်မော်တယ်အဆင့်များ ဖြစ်ကြသည်။

ထိုအချိန်တွင် ကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦး၏ ချပ်ဝတ်တန်ဆာများမှာ သွေးများဖြင့် မြင်မကောင်းရှုမကောင်း ဖုံးလွှမ်းနေပြီး ဒဏ်ရာဒဏ်ချက်များမှာ နေရာအနှံ့တွင် ရှိနေကာ သူတို့၏ အရှိန်အဝါများက အလွန်ပင် အားနည်းနေလေပြီ။

ဤမျှအားကောင်းသော ကျိုယိုမိစ္ဆာများစွာ၏ ဝန်းရံခြင်းကို ခံထားရသဖြင့် သူတို့နှစ်ဦးမှာ အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေကြသည်။

“ကြယ်တာရာနယ်မြေတပ်မတော်ပါလား။ သူတို့ ဘယ်လိုဖြစ်ပြီး ဝိုင်းရံခံလိုက်ရတာလဲ”

လုရီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ဤကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦးကို လုရီ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူတို့သည် တပ်ရင်း ၆၊ တပ်ခွဲ ၁၂ မှ ဖြစ်ဟန်တူသည်။

လင်းလောင်တောင်ထိပ်သခင်မက ပို၍ပင် မျက်မှောင်ကြုတ်ကာ ဆိုသည်။

“ကြယ်တာရာနယ်မြေတပ်မတော်က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး ကျိုယိုစစ်မြေပြင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ကာ အားကောင်းတဲ့ ကျိုယိုမိစ္ဆာတွေကို ရှင်းလင်းလေ့ရှိတယ်။ ဒါမှ သူတို့တွေ အများကြီးစုဖွဲ့ပြီး အန္တရာယ်ဖြစ်လာမှာကို တားဆီးနိုင်မှာ… အခု နှစ်ယောက်ပဲ ကျန်တော့တယ်ဆိုတော့ ကျန်တဲ့သူတွေတော့ သေကုန်လောက်ပြီထင်တယ်”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ အဖွဲ့တစ်ဖွဲ့သာ တိုက်ခိုက်ရေးအခင်းအကျင်းဖွဲ့လိုက်ရင် နက်ရှိုင်းခြင်းအင်မော်တယ်ကို ရင်ဆိုင်ရရင်တောင် ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးရှိသင့်တာ မဟုတ်ဘူးလား”

ထိုသို့ ကျန်းရူယွီက တအံ့တဩ ပြောဆိုလိုက်သည်။

လျိုနင်ရွှမ်းနှင့် အခြားသူများကလည်း မယုံကြည်နိုင်သော အမူအရာများ ပြသလာကြသည်။

လင်းလောင်တောင်ထိပ်သခင်မက မျက်ခုံးကျုံ့လျက်…

“ငါထင်တာတော့ တစ်ခုခု မူမမှန်ဘူးထင်တယ်”

လုရီက မျက်ခုံးပင့်လိုက်ပြီး “အရင်ဆုံး သူတို့ကို ကယ်ကြတာပေါ့” ဟု တိုက်တွန်းလိုက်သည်။

လင်းလောင်တောင်ထိပ်သခင်မက အဝေးတွင် ဝိုင်းရံနေသော ကျိုယိုမိစ္ဆာများကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလာ၏။

“အစစ်အမှန်အင်မော်တယ် ဆယ့်နှစ်ကောင်၊ အဲ့ထဲမှာ အထွတ်အထိပ်အဆင့်က သုံးကောင်တောင်ပါတယ်၊ ပြီးတော့ ကောင်းကင်ဘုံအင်မော်တယ် ဒါဇင်နဲ့ချီသေးတယ်—ဒီမှာရှိတဲ့ ကျိုယိုမိစ္ဆာအရေအတွက်က အရမ်းများလွန်းတာ။ သူတို့ကို ကယ်ဖို့ ခက်လိမ့်မယ်”

လုရီက အဝေးမှ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် လေးနက်စွာ ပြောသည်။

“ကျွန်တော် အစွမ်းကုန်သုံးပြီး နေရာလပ် အင်မော်တယ်သိုင်းကို သုံးကြည့်မယ်။ ကြိုးစားကြည့်လို့ ရပါတယ်”

လင်းလောင်တောင်ထိပ်သခင်မက လုရီကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။

“ငါ နင့်ကို ကာကွယ်ပေးမယ်”

“ဟုတ်ကဲ့”

လုရီသည် ချက်ချင်းပင် အင်မော်တယ်တက်လှမ်းခြင်းသိုင်းနည်းစနစ်ကို အသုံးပြုလိုက်ရာ သူ၏အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ကောင်းကင်ဘုံအင်မော်တယ်၏ အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်မြင့်တက်သွားတော့သည်။

ထို့နောက် သူသည် ကောင်းကင်ဥမင်သိုင်းနည်းစနစ်ကို အသုံးပြုလိုက်လေသည်။

…

ကျိုယိုမိစ္ဆာများ၏ ဝိုင်းရံခြင်းကို ခံနေရသော ကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦးမှာ ယခုအခါ မျက်နှာများ ဖြူဖျော့ကာ အာအင် ချည့်နဲ့နေကြပြီဖြစ်သည်။

သူတို့၏ အင်မော်တယ်ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်နေသည်ကို ခံစားနေရပြီး မကြာမီတွင် ခုခံရန် အင်အားတစ်စုံတစ်ရာမျှ ကျန်တော့မည် မဟုတ်ပေ။

“ညီလေး။ ငါ့သက်တမ်းအားလုံးကို မီးရှို့ လောင်ကျွမ်းပြီး မင်းအတွက် သွေးလမ်းတစ်ခု ဖွင့်ပေးမယ်။ မင်း ထိုးဖောက်ထွက်ပါ”

မျက်လုံးသုံးလုံးမျိုးနွယ်မှ အရပ်မြင့်သော ကြယ်တာရာနယ်မြေတပ်မတော်သား

တစ်ဦးက သူ့ဘေးရှိ ရဲဘော်အား ပြင်းထန်သောအသံဖြင့် ကြုံးဝါးလိုက်သည်။

သူ၏ရဲဘော်မှာ လူသားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဘယ်ဘက်လက်မှာ ပြတ်တောက်နေကာ ညာဘက်လက်က ဓားရှည်တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး သူ၏ကိုယ်ကို မည်းနက်သော ဒိုင်းကာတစ်ခုက ဝန်းရံထားသည်။

ထိုဒိုင်းကာပေါ်တွင်လည်း အက်ကြောင်းများ စတင်ပေါ်ထွက်နေလေပြီ။

တိုက်ပွဲသည် မည်မျှပြင်းထန်ခဲ့သည်ကို မှန်းဆကြည့်နိုင်ပါသည်။

သူက မျက်လုံးသုံးလုံးမျိုးနွယ် ရဲဘော်ကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် စိတ်ပိုင်းဖြတ်ထားသည့်အသွင်တစ်ခု လက်ခနဲ ဖြစ်ပေါ်သွားကာ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ။ ငါ သတင်းစကားကို သေချာပေါက် ပြန်ယူဆောင်သွားမယ်။ ဆယ့်နှစ်တပ်မတော်အတွက်”

မျက်လုံးသုံးလုံးမျိုးနွယ် ကျင့်ကြံသူက အားရပါးရ ရယ်မောလိုက်သည်။

“ကောင်းတယ်။ ငါတို့တွေအတွက် လက်စားပြန်ချေပေး”

သူ့သက်တမ်းကို စတေးတော့မည့်ဆဲဆဲတွင် နေရာလပ်သည် ရုတ်တရက် လိမ်ကောက်သွားပြီး လုရီနှင့်အဖွဲ့ သူတို့ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာမှာ တင်းမာနေလျက် သူမက ကြွေးကြော်လိုက်သည်။ “မဟာထင်ယောင်ထင်မှားသိုင်းနည်းစနစ်။ လောကပေါင်းထောင်သောင်း”

လောကကမ္ဘာများ အထပ်ထပ်ပေါ်ထွက်လာပြီး ကျိုယိုမိစ္ဆာအားလုံးကို ထင်ယောင်ထင်မှားနယ်ပယ်တစ်ခုအတွင်းသို့ လွှမ်းခြုံသွားစေသည်။

လင်းလောင်တောင်ထိပ်သခင်မက “ကောင်လေး၊ မြန်မြန်လုပ်” ဟု အော်ဟစ်လိုက်သည်။

လုရီက ကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦးကို သတိပေးလိုက်သည်။

“မလှုပ်နဲ့။ ခင်ဗျားတို့ကို ခေါ်သွားမယ်”

သူသည် ချက်ချင်းပင် ကောင်းကင်ဥမင်သိုင်းနည်းစနစ်ကို ထုတ်ဖော်လိုက်၏။

အထွတ်အထိပ်အဆင့် ရွှေအင်မော်တယ်သိုင်းစွမ်းရည်နှင့် အင်မော်တယ်တက်လှမ်းခြင်းသိုင်းနည်းစနစ်က ပေးအပ်သော ကြီးမားသည့်ခွန်အားတို့ ပေါင်းစပ်လိုက်သောအခါ လုရီသည် အစစ်အမှန်အင်မော်တယ်အဆင့် စွမ်းအားရှင်သုံးဦးနှင့် ကောင်းကင်ဘုံအင်မော်တယ်အဆင့် နောက်ထပ်လေးဦးကို သယ်ဆောင်ထားသော်ငြားလည်း နေရာလပ်ကို ဖြတ်သန်းကာ ထိုနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

နောက်တစ်ခဏတွင် လုရီနှင့် သူ၏အဖော်များသည် ကီလိုမီတာပေါင်း သောင်းနှင့်ချီသော အကွာအဝေးသို့ ရောက်ရှိသွားကြသည်။

တစ်ကြိမ်တည်း ဖြတ်သန်းပြီးနောက် လုရီက မရပ်တန့်ဘဲ ကောင်းကင်ဥမင်သိုင်းနည်းစနစ်ကို ဆက်လက်အသုံးပြုကာ သူရှိနေသော နေရာမှ ပျောက်ကွယ်သွားပြန်သည်။

ထိုအချိန်တွင် အဆုံးမဲ့သော လောကကမ္ဘာများ ကျိုးပဲ့သွားပြီး ကျိုယိုမိစ္ဆာတစ်အုပ်က သူတို့၏ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သောအခါ ကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦး ပျောက်ကွယ်သွားသည်ကိုသာ တွေ့ရှိရတော့သည်။

“ဘာလဲ။ဘယ်သူလဲ။ ဘယ်သူ အဲ့နှစ်ယောက်ကို ကယ်သွားတာလဲ”

အစစ်အမှန်အင်မော်တယ်အထွတ်အထိပ်အဆင့် ကျိုယိုမိစ္ဆာခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

အခြားသော ကျိုယိုမိစ္ဆာများကလည်း ဒေါသဖြင့် အော်မြည်ကာ ထိုဧရိယာတစ်ဝိုက်ကို ပိုက်စိပ်တိုက် ရှာဖွေကြတော့သည်။

…

လုရီသည် လူတစ်အုပ်ကို သယ်ဆောင်ကာ ကီလိုမီတာပေါင်း သန်းနှင့်ချီ၍ ဖြတ်သန်းပြီးမှ ရပ်တန့်လိုက်သည်။

သူသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။

အင်မော်တယ်တက်လှမ်းခြင်းသိုင်းနည်းစနစ်နှင့် ရွှေအင်မော်တယ်အဆင့် အင်မော်တယ်သိုင်းနည်းစနစ်ကို အသုံးပြုပြီး ဤမျှများသောလူတို့ကို သယ်ဆောင်လာခဲ့ပြီးနောက် လုရီသည် ယခုအခါကောင်းကင်ဘုံ

အင်မော်တယ် တစ်ပါး ဖြစ်နေသော်လည်း အနည်းငယ် မောဟိုက်နေဆဲဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦးမှာ အံ့အားသင့်မှင်တက်နေကြသည်။

အကြိမ်အနည်းငယ် နေရာရွှေ့ပြောင်းပြီးနောက် သူတို့သည် ထိုကျိုယိုမိစ္ဆာများကို ခြေရာမကျန်အောင် ချန်ထားနိုင်ခဲ့သည်ကို သူတို့မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ။

ဒါက ဘယ်လိုအမြန်နှုန်းမျိုးလဲ။

သူတို့မပြောနှင့်၊ သူတို့၏ တပ်မှူးပင်လျှင် ဤမျှမြန်နိုင်မည်မဟုတ်ပေ။

ပြီးတော့ သူတို့ကို ခေါ်ဆောင်လာသူက ကောင်းကင်ဘုံအင်မော်တယ်

တစ်ယောက်တဲ့လား။

ထိုအခိုက်တွင် ကြယ်တာရာနယ်မြေတပ်မတော်သား

နှစ်ဦးက လုရီကို အံ့အားသင့်မှုနှင့် မသေချာမှုများ ရောယှက်နေသော အကြည့်ဖြင့် ကြည့်နေကြသည်။

“ခင်ဗျားက… သခင်လေးလုရီလား။ ပြီးတော့ ဒုတိယသခင်မရောပဲ” လူသားမျိုးနွယ် ကြယ်တာရာနယ်မြေတပ်မတော်သား

တစ်ဦးက မေးမြန်းလိုက်သည်။

လုရီက ညင်သာစွာ ခေါင်းညိတ်ပြကာ ပြုံးလိုက်၏။

“ဟုတ်ပါတယ်၊ ကျွန်တော် လုရီပါ”

နှစ်ဦးသား သက်ပြင်းတစ်ချက်

ချလိုက်ကြသည်။ စိတ်အေးသွားသည်နှင့် သူတို့သည် သွေးများအန်ကျလာပြီး အရှိန်အဝါများက အားနည်းသွားလေသည်။

လုရီက မျက်ခုံးပင့်ကာ လက်ဝေ့ယမ်းလိုက်သည်။ သဘာဝစွမ်းအား စီးကြောင်းများ ထွက်ပေါ်လာပြီး ထိုနှစ်ဦးအပေါ်သို့ ကျရောက်သွား၏။

ချက်ချင်းပင် ထိုသူတို့၏ဒဏ်ရာများမှာ မျက်မြင်အတိုင်း လျင်မြန်စွာ ပျောက်ကင်းလာသည်။ မကြာမီတွင် ပြင်းထန်သော ဒဏ်ရာများမှာ ပျောက်ကွယ်လုနီးပါးဖြစ်ကာ အသေးအဖွဲဒဏ်ရာများသာ ကျန် လေတော့သည်။

လုရီ၏ လက်ရှိအစွမ်းဖြင့်ပင် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ ပြင်းထန်သောဒဏ်ရာများကို တစ်ကြိမ်တည်းဖြင့် လုံးဝပျောက်ကင်းအောင် ကုသရန် ခက်ခဲလှသည်။

ဟုတ်ပေသည်၊ ဤနှစ်ဦးမှာ အလွန်အမင်း ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သည်။

ဤကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ဒဏ်ရာများဖြင့် အသက်ရှင်နိုင်ခဲ့ခြင်းက လုရီကိုပင် အနည်းငယ် အံ့အားသင့်စေခဲ့သည်။

ဤသည်မှာ ခွန်အားနှင့်မဆိုင်တော့ဘဲ သူတို့၏ မယုံနိုင်လောက်စရာ စိတ်စွမ်းအားကြောင့်သာ ဖြစ်ပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ

လင်းလောင်တောင်ထိပ်သခင်မက နောက်သို့ လှည့်ကြည့်လိုက်ပြီး

“ကျိုယိုမုန်တိုင်းက မြန်မြန်ရောက်လာနေပြီ။ အရင်ဆုံး ပြန်ကြရအောင်” ဟု တိုက်တွန်းလိုက်သည်။

လုရီလည်း ခေါင်းညိတ်လိုက်ပြီး အင်မော်တယ်တက်လှမ်းခြင်းသိုင်းနည်းစနစ်ကို မသုံးတော့ဘဲ သာမန်အမြန်နှုန်းဖြင့် ကောင်းကင်ဥမင်သိုင်းနည်းစနစ်ကို အသုံးပြုကာ အဖွဲ့ကို သူတို့၏အခြေစိုက်စခန်းသို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။

လမ်းတွင် လင်းလောင်တောင်ထိပ်သခင်မက ကြယ်တာရာနယ်မြေတပ်မတော်သားနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

“နင်တို့ ဘယ်လိုဖြစ်ပြီး ဒီလောက်စုတ်ပြတ်သတ်နေရတာလဲ”

ထိုအခါ ကြယ်တာရာနယ်မြေတပ်မတော်သား

နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြပြီး သူတို့၏မျက်ဝန်းထဲတွင် လေးနက်သောအရိပ်အယောင်များ ပေါ်လာသည်။

“ကျွန်တော်တို့ ဧရိယာရှင်းလင်းရေးလုပ်နေတုန်း ဒေသတစ်ခုမှာ တစ်ခုခုမှားနေတာကို သတိထားမိလိုက်တယ်။ အဲ့မှာ ကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေ အများကြီးက ကျိုယိုမိစ္ဆာတွေနဲ့ ရောထွေးနေခဲ့တယ်။ ကျွန်တော်တို့ စုံစမ်းဖို့သွားရင်း မယုံနိုင်လောက်အောင် အားကောင်းတဲ့ နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် ကျိုယိုမိစ္ဆာတစ်ကောင်နဲ့ ကြုံခဲ့ရတယ်။ တိုက်ခိုက်ရေးအခင်းအကျင်းကို သုံးခဲ့ပေမယ့်လည်း ကျွန်တော်တို့ သူ့ကိုမယှဉ်နိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ တပ်မှူးက ညီအစ်ကိုနှစ်ယောက်နဲ့အတူ သူတို့ကို ဟန့်တားထားဖို့ နောက်ချန်နေရစ်ခဲ့ပြီး ကျွန်တော်တို့ကို သတင်းပြန်ပို့ဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ဆုံးတော့ အမီလိုက်ခံခဲ့ရတာပါပဲ” ဟု လူသားမျိုးနွယ် ကြယ်တာရာနယ်မြေတပ်မတော်သားက ရှင်းပြသည်။

“ဟုတ်ပါတယ်။ သခင်လေးလုရီနဲ့ ဒုတိယသခင်မလေးတို့သာ မရှိခဲ့ရင် ကျွန်တော်တို့ ဒီတစ်ခါ အသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းလေးပဲ ရှိမှာပါ”

အခြား မျက်လုံးသုံးလုံးမျိုးနွယ် ကြယ်တာရာနယ်မြေတပ်မတော်သားကလည်း ထောက်ခံပြောဆိုသည်။

“ကျိုယိုမိစ္ဆာတွေက နောက်တစ်ခါ စုဖွဲ့နေကြပြန်ပြီလား။ ပြီးတော့ ကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေလည်း အများကြီးရှိနေတယ် ဟုတ်လား”

လင်းလောင်တောင်ထိပ်သခင်မမှာ မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်မကြည်လင်စွာဖြင့် တိုးဖွဖွရေရွတ်လိုက်သည်။

All Chapters