ဝမ်းနည်း ဒေါသထွက်နေသော ထျန်းဖုန်း...
Vol. 42 Ch. 621
~လုရီသည် ကျင့်ကြံခြင်းအခန်းထဲသို့ ဝင်ရောက်ပြီး အင်မော်တယ်လက်နက်နှင့် ဖန်တီးမှု ဝိညာဉ်ရတနာကို သန့်စင်ရန် စတင်လိုက်သည်။
သို့သော် သူ သန့်စင်နေသည်မှာ အချိန်ကြာမြင့်စွာ မရှိသေးဘဲ၊ နှစ်ရက်အကြာတွင် တံခါးအပြင်ဘက်မှ အသံတစ်သံကြောင့် သူ လန့်နိုးသွားတော့သည်။
"ဟဲ့ ကောင်စုတ်လေး၊ နင့်ကို လူတစ်ယောက် လာရှာနေတယ်။"
လုရီ မှင်တက်သွားပြီး မျက်လုံးဖွင့်ကာ နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်မိ၏။
ဘယ်သူက သူ့ကို လာရှာမှာလဲ။
လုရီသည် ကျင့်ကြံခြင်းအခန်း၏ တံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော လင်းလောင်တောင်ထိပ်သခင်မကို တွေ့လိုက်ရသည်။ သူမသည် သူ့ကို အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
လုရီက သူ့ကိုယ်သူ ပြန်ကြည့်လိုက်ရာ မူမမှန်သည့်အရာ တစ်စုံတစ်ရာ မတွေ့သဖြင့် နားမလည်နိုင်စွာ မေးလိုက်သည်။
"ဆရာ၊ ဘာလို့ တပည့်ကို အဲ့လိုကြီး ကြည့်နေတာလဲ။"
လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အတွင်းစိတ်မှာ အနည်းငယ် မျက်နှာပူနေမိသည်။
လွန်ခဲ့သော နှစ်ရက်ကပင်၊ သူမသည် သုန်းကုန်းမင်ယွဲ့ထံမှ လိုချင်သောအဖြေကို ရသည်အထိ ခြိမ်းခြောက်လိုက် ချော့မော့လိုက် လုပ်ခဲ့ရသော်လည်း… အဲ့ဒါက ဟိုကျင့်ကြံခြင်းနည်းစနစ်ကြောင့်တဲ့လား။
လင်းလောင်တောင်ထိပ်သခင်မကိုယ်တိုင်ပင် အနည်းငယ် ရှက်နေမိတော့၏။
မည်သို့ပင်ဆိုစေ သူမကိုယ်တိုင်က အပျိုစင်တစ်ယောက် ဖြစ်နေသေးသည် မဟုတ်လား။
"ဘာမှမဟုတ်ပါဘူး။"
လင်းလောင်တောင်ထိပ်သခင်မက အိမ်ရှေ့တံခါးကို လက်ညှိုးထိုးပြပြီး "နင့်ကို လူတစ်ယောက် လာရှာနေတယ်။"
"ဘယ်သူလဲ။"
"နင် တွေ့ရင် သိလိမ့်မယ်။"
လင်းလောင်တောင်ထိပ်သခင်မက အနည်းငယ် စိတ်မရှည်တော့ဟန်ဖြင့် ပြောကာ လက်ကိုဝှေ့ယမ်းပြီး အခန်းထဲသို့ လှည့်ဝင်သွားတော့သည်။
သုန်းကုန်းမင်ယွဲ့ ပြောလိုက်သည့်အရာကြောင့် သူမသည် ယခုအခါ ဤကောင်မဆိုးလေးနှင့် မျက်နှာချင်းဆိုင်ရတိုင်း တစ်ကိုယ်လုံး မအီမသာ ဖြစ်နေတော့သည်။
လုရီသည် လင်းလောင်တောင်ထိပ်သခင်မ တံခါးပိတ်သွားသည်ကို ကြည့်ပြီးနောက် စပ်စုစွာဖြင့် တံခါးဆီသို့ သွားလိုက်မှ အပြင်ဘက်တွင် အနည်းငယ် ကျုံ့ကျုံ့လေး ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
လုရီ အနည်းငယ် မှင်တက်သွား၏၊
အကြောင်းမှာ သူ ဒီလူကို မမှတ်မိသောကြောင့် ဖြစ်သည်။
သူက ဘယ်သူလဲ။
သို့သော် သူနှင့် ရင်းနှီးနေသလို ခံစားရပြီး တစ်နေရာရာမှာ မြင်ဖူးသလိုလိုတော့ ထင်မိသည်။
ထိုလူလတ်ပိုင်းအမျိုးသားသည် လုရီကို မြင်သောအခါ သူ၏ မျက်လုံးများ အရောင်တောက်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"သခင်လေးလုရီ၊ မင်္ဂလာပါ၊ လွန်ခဲ့တဲ့ရက်က ကျိုယိုနတ်ဆိုးရဲ့ အခင်းအကျင်းထဲကနေ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဤသို့ကြားသောအခါ လုရီ ရုတ်တရက် သဘောပေါက်သွားတော့သည်။ ရင်းနှီးနေသလို ခံစားရတာ အံ့ဩစရာမရှိ၊ သူသည် ယခင်က သူကယ်တင်ခဲ့သော လူပင်ဖြစ်နေသည်တကား။
သို့သော် ထိုအချိန်က လူပေါင်းများစွာကို ကယ်တင်ခဲ့ရပြီး တစ်ယောက်ချင်းစီမှာလည်း အသက်သွေးတွေ အများကြီး စုပ်ယူခံထားရ၍ ပိန်လှီခြောက်ကပ်နေခဲ့ရာ ယခုနှင့် အတော်လေး ကွဲပြားနေသည်။
လုရီက ပြုံးလိုက်ပြီး "တာအိုရောင်းရင်း၊ မြှောက်ပြောနေပါပြီ၊ ဒါက ကြိုးစားစရာမလိုတဲ့ ကိစ္စလေးတစ်ခုပါပဲ။ ဒီကို ဘာကိစ္စရှိလို့လဲ။"
ထိုလူလတ်ပိုင်းအမျိုးသား အံ့အားသင့်သွားပြီးနောက် "ဟုတ်သားပဲ၊ ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့နေတာ၊ ကျွန်တော့်နာမည် ဝေ့ခန်း ပါ။ ခင်ဗျား ကျွန်တော့်ကို ရှာနေတယ်လို့ ပြောခဲ့တယ်ဆို။"
"ခင်ဗျားက ဝေ့ခန်းလား။"
လုရီ မှင်တက်သွားပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် "ခင်ဗျားရဲ့ ရဲဘော်က ခင်ဗျား သေပြီလို့ ပြောခဲ့တာ မဟုတ်လား။"
ဝေ့ခန်းက မျက်နှာမဲ့ပြုံးပြုံးလိုက်ပြီး
"ဒါက ကံကောင်းတာလား ကံဆိုးတာလားတော့ ကျွန်တော်မသိပါဘူး၊ ဒါပေမဲ့ ကျွန်တော့် ရဲဘော်တွေနဲ့ လမ်းခွဲပြီးနောက်မှာ ကျိုယိုနတ်ဆိုးတွေက ကျွန်တော့်ကို အရှင်ဖမ်းမိသွားခဲ့တယ်။ ဒါပေမဲ့ နတ်ဆိုးတွေက သူတို့ရဲ့ အခင်းအကျင်းအတွက် ကျွန်တော့်ကို လိုအပ်နေလို့ မသေဘဲ အသက်သွေး ထောက်ပံ့ဖို့အတွက် ခေါ်သွားခြင်းခံခဲ့ရတာပါ။"
လုရီက ပြုံးလိုက်သည်။ "ဒါဆိုရင်တော့ တော်တော်လေး ကံကောင်းတာပေါ့။"
ဝေ့ခန်း တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာ ဆိုလိုက်သည်။ "ဖြစ်နိုင်ပါတယ်လေ။ ကံဆိုးတာကတော့ အဖမ်းခံရတဲ့ ကျွန်တော်တို့သုံးယောက်ထဲမှာ ကျွန်တော်တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာပါပဲ။"
လုရီသည် ဝေ့ခန်း၏ လေးနက်သော စိတ်အခြေအနေကို အာရုံခံမိပြီး ခဏတာ တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်သည်။ "အသက်ရှင်ကျန်တာက ကောင်းတဲ့အရာပါ တာအိုရောင်းရင်း ဝေ့ခန်း။ အနာဂတ်က ရှည်လျားနေပါသေးတယ်။"
ဝေ့ခန်း သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်။ "ခင်ဗျား ပြောတာမှန်ပါတယ် သခင်လေးလုရီ။ ဒါနဲ့၊ သခင်လေးလုရီက ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲ။"
လုရီက ပြုံးလိုက်ပြီး "အတိအကျပြောရရင် ကျွန်တော် ခင်ဗျားကို ရှာနေတာမဟုတ်ပါဘူး၊ ပုယွင်ကျန့်က ခင်ဗျား ကျန်းအန်းစစ်မြေပြင်မှာ ရှိနေတယ်လို့ ကြားလို့ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ ပြောထားလို့ပါ။"
"အင်မော်တယ်ဘိုးဘေးက ခင်ဗျားကို ကျွန်တော့်ကို စောင့်ရှောက်ဖို့ တောင်းဆိုခဲ့တယ် ဟုတ်လား။"
ဝေ့ခန်း ထိတ်လန့်သွားပြီး လုရီကို မယုံနိုင်သော မျက်နှာအပြည့်ဖြင့် ကြည့်လိုက်သည်။
လုရီက ဘယ်သူလဲ။
သူ့စခန်းသို့ ပြန်ရောက်ပြီးနောက် ဝေ့ခန်းသည် သူ၏အကြောင်းကို ကြားသိခဲ့ရသည်။ ဤသူကား ယွီမိသားစု၏ ဒုတိယသခင်မလေး၏ တိုက်ရိုက်တပည့်ဖြစ်သည်တဲ့။ ထို့အပြင် သူ၏ အရည်အချင်းမှာ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းလှရာ၊ သူသည် တိုက်ရိုက်တပည့်တစ်ဦး၏ အဆင့်တွင်ပင် မရှိတော့ပေ။
ပုယွင်ကျန့်ကရော။ ဝေ့ခန်းထက် အနည်းငယ် သာလွန်သော်လည်း ကွာခြားမှုမှာ အကန့်အသတ်ရှိပြီး သူနှင့် လုရီကြားက ကွာဟမှုမှာ ကောင်းကင်နှင့်မြေကြီးလိုပင်။
ထိုသို့သော လူနှစ်ဦးက ဘယ်လိုများ ဆက်စပ်မှု ရှိနိုင်မှာလဲ။
ဝေ့ခန်းသည် သူ အိပ်မက်မက်နေသလိုပင် ခံစားနေရတော့သည်။
လုရီက ပြုံးလိုက်ပြီး "ကျွန်တော်လည်း ထျန်းမင်က လာတဲ့ ကျင့်ကြံသူတစ်ယောက်ပါပဲ၊ ပြီးတော့ နတ်ဓားဂိုဏ်းနဲ့လည်း အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။"
"ခင်ဗျာ၊ သခင်လေးလုရီကလည်း ထျန်းမင်က ကျင့်ကြံသူ ဟုတ်လား။"
ဝေ့ခန်း အာမေဋိတ်သံဖြင့် အော်လိုက်၏။ ဤအကြောင်းကို သူ အမှန်တကယ် မသိခဲ့ပေ။
သို့ဖြစ်လျှင် သူတို့က နိုင်ငံသူ၊ နိုင်ငံသားတွေ မဟုတ်ဘူးလား။
"ဟုတ်ပါတယ်။"
"ထျန်းမင်ကနေ သခင်လေးလုရီလို ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာတာကတော့ တကယ်ကိုပဲ..."
ဝေ့ခန်း စကားအနည်းငယ် ထစ်အသွားသည်။
လုရီက ပြုံးလိုက်ပြီး "ကျွန်တော် ဒီမှာ ခဏလောက် တာဝန်ကျနေမှာမို့၊ အခက်အခဲ တစ်ခုခုရှိရင် ကျွန်တော့်ဆီ အချိန်မရွေး လာခဲ့ပါ။ ကူညီနိုင်ရင် ကူညီပါ့မယ်။"
ဝေ့ခန်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ သခင်လေး လုရီ။"
နှစ်ဦးသား ခဏတာ စကားစမြည်ပြောပြီးနောက် လုရီက သူ ကျင့်ကြံရန် လိုအပ်ကြောင်း ပြောလိုက်ရာ ဝေ့ခန်းလည်း ထွက်ခွာသွားတော့သည်။
---
ဝေ့ခန်းသည် သူ၏ နေအိမ်သို့ ပြန်လာရာ အဖော်အပေါင်းများစွာက စောင့်နေကြသည်။
ဝေ့ခန်း ပြန်လာသည်ကို မြင်သောအခါ၊ သူတို့အားလုံး ဝိုင်းအုံလာကြတော့၏။
"ဝေ့ခန်း၊ သခင်လေးလုရီက မင်းကို ဘာကိစ္စနဲ့ခေါ်တာလဲ။"
"ဟုတ်တယ်၊ မင်းက သခင်လေးလုရီလို လူမျိုးနဲ့ ဘယ်တုန်းက သိသွားတာလဲ။"
သူတို့၏ မျက်နှာများမှာ စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေ၏။
မားမားမတ်မတ် ရင်ကော့ကာ ရပ်လိုက်သော ဝေ့ခန်း၏ မျက်နှာတွင် ဂုဏ်ယူဟန် အနည်းငယ် ပေါ်လာသည်။
"သခင်လေးလုရီနဲ့ ငါက ထျန်းမင်က လာတဲ့ နိုင်ငံသူနိုင်ငံသားတွေပဲလေ၊ ဆိုတော့ နိုင်ငံသားအချင်းချင်း ခံစားချက်တွေ ဖလှယ်ကြတာပေါ့။"
"ရှူး..."
ဤသို့ကြားသောအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထို့နောက် သူတို့အားလုံး အံ့ဩတကြီး အော်လိုက်ကြသည်။
"တကယ်လား။ မင်းတို့က ဂြိုဟ်တစ်ခုတည်းကလား။"
"မဖြစ်နိုင်တာ၊ ဝေ့ခန်း၊ မင်းရဲ့ ဟိုစုတ်ပြတ်ပြတ်ဂြိုဟ်က သခင်လေးလုရီလို အဖိုးတန် အရည်အချင်းရှိတဲ့သူကို တကယ်မွေးထုတ်ပေးနိုင်လို့လား။ ငါတော့ မယုံဘူး။"
သူ၏ အဖော်အပေါင်းများ တစ်ယောက်တစ်ပေါက် မယုံနိုင်သော အမူအရာများ ပြကြသည်။
ဝေ့ခန်းက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။ "ငါက မင်းတို့ကို ဘာလို့ လိမ်ရမှာလဲ။ သခင်လေးလုရီက ထျန်းမင်က ငါ့ဂိုဏ်းနဲ့တောင် ဆက်စပ်မှုရှိသေးတယ်၊ ဒါကြောင့် မဟုတ်ရင် သူက ငါ့ကို ဘာလို့ တွေ့ချင်ရမှာလဲ။ ငါတို့ကြားမှာ ဆက်သွယ်မှုတချို့တော့ ရှိတာပေါ့။"
ဤသို့ ကြားသောအခါ၊ ဝေ့ခန်း၏ အဖော်အပေါင်းများအားလုံး၏ မျက်နှာများတွင် မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်သွားတော့သည်။
ဝေ့ခန်းက ဘယ်သူလဲ။
ထျန်းမင်မှ လာသူဖြစ်ပြီး၊ သူ၏ အရည်အချင်းများမှာ မထူးချွန်လှ၊
ကောင်းကင်ဘုံအင်မော်တယ် အဆင့်သို့ ရောက်ရှိခြင်းမှာပင် သူ၏ အမြင့်ဆုံး ဖြစ်နေပြီ။
အနာဂတ်တွင် သူ၏ တိုးတက်နိုင်စွမ်းမှာ နည်းပါးပြီး၊ သူ၏ တစ်ဘဝတာအတွက် ဤမျှသာ ဖြစ်နိုင်တော့၏။