အပိုင်း ၆၄၁-၆၄၄
Vol. 33 Ch. 641-644
အပိုင်း ( ၆၄၁ )
ငယ်ရွယ်မှုကို မနာလိုခြင်း
ထိုအမျိုးသမီးသည် ဖုန်းခေါ်ပြီးနောက် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းကို မုန်းတီးစွာ ကြည့်နေခဲ့သည်။
" နင်တို့နှစ်ယောက်က သတ္တိရှိရင် ဒီမှာစောင့်နေလိုက်။ ခဏနေ နင်တို့ကို ရှင်းဖို့ လူတစ်ယောက် လာလိမ့်မယ် "
ဘယ်ဘက်တွင်လည်း 'ဟိုကောင်' ညာဘက်တွင်လည်း 'ဟိုကောင်စုတ်' စသည်ဖြင့် တသွင်သွင်ပြောနေသော ထိုအမျိုးသမီးကြောင့် ယဲ့ဖန်၏စိတ်ထဲတွင် ဒေါသများ လှိုက်ကာလောင်ကျွမ်းနေသည်။
" ခင်ဗျားကို နောက်ဆုံးအကြိမ် သတိပေးမယ်။ ပါးစပ်ကို သန့်ရှင်းအောင်ထား။ ပါးစပ်ဆိုတာ ချီးတွင်းမဟုတ်ဘူး။ ပါးစပ်ကို ဖွင့်လိုက်တာနဲ့ မစင်တွေ ဆက်တိုက် ထွက်မလာစေနဲ့ "
သူခြိမ်းခြောက်တာကို ထိုအမျိုးသမီးက လုံးဝ မကြောက်ချေ။
ထိုအစား သူမက မျက်နှာကို ပို၍ပင် အရှေ့တိုးလာသည်။
" ငါ နင့်ကို အကောင်လို့ခေါ်တယ်။ ဘာဖြစ်လဲ။ နင့်မှာ သတ္တိရှိရင် ငါ့ကိုထိစမ်း "
ယဲ့ဖန် ဘာမှ မလုပ်နိုင်ခင်တွင် ထိုအမျိုးသမီးနှင့် ပါလာသည့် အမျိုးသမီးများက စပြီး စကားပြောလာကြသည်။
" ဒီမှာ ကောင်လေး၊ ငါတို့ နင့်ကို သေချာစဉ်းစားဖို့ အကြံပေးတယ်။ နင့်ရှေ့မှာ ဘယ်သူရပ်နေတာလဲ သိရဲ့လား "
" သူက တခြားမြို့ကလာတဲ့ တောသားလေးလို့ ငါထင်တယ်။ ယန်းချန်မြို့မှာ ဘယ်သူတာဝန်ရှိလဲ သူ မသိလောက်ဘူး မဟုတ်လား "
" ချောင်ရှင်းဂိုဏ်းအကြောင်း မင်းသိလား။ ကောင်းလူကြီးမင်းကိုရော သိလား။ ယန်းချန်မြို့မှာ ကောင်းလူကြီးမင်းရဲ့ စကားက လူအများစုထက် ပိုထိရောက်တယ် "
" နင့်ကို အမှန်တိုင်းပြောရမယ်ဆိုရင် နင့်ရှေ့မှာ ရပ်နေတဲ့သူက ကောင်းလူကြီးမင်းရဲ့အမေ ကောင်းရှင်းလန်ပဲ။ ဒီမှာကောင်ကလေး၊ နင် မသေချင်ရင် ဒူးထောက်ပြီး အသနားခံပါလား "
" …............ "
ထိုအမျိုးသမီးတွေ ပြောနေကြသည်ကို လူတိုင်းက ရှင်းလင်းစွာ ကြားလိုက်ကြရသည်။
ခွေးဆိုးကြီး၏ ပိုင်ရှင်ဖြစ်သည့် ထိုအမျိုးသမီးသည် အမှန်တကယ်တွင် ချောင်ရှင်းဂိုဏ်း၏ သူဌေးဖြစ်သူ ကောင်းလူကြီးမင်း၏ မိခင်ဖြစ်လေသည်။
သူမသည် ဤမျှမာနကြီးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
ထိုအမျိုးသမီးသည် အနိုင်ကျင့်ခံခဲ့ရသော 'အားနည်းသောအမျိုးသမီး' ဖြစ်သည်ဟု ရပ်ကြည့်သူများက ထင်ခဲ့ကြသည်။
ချောင်ရှင်းဂိုဏ်း ဟူသောအမည်ကို ယခုကြားသိရသောအခါတွင် ၎င်းတို့သည် လွဲမှားနေပြီဖြစ်ကြောင်း သိရှိလိုက်ရပါသည်။
ချောင်ရှင်း ဂိုဏ်းဝင်များသာ အခြားသူများကို အနိုင်ကျင့်သည်။ ချောင်ရှင်း ဂိုဏ်းဝင်များကို အခြားသူများ မည်သို့ အနိုင်ကျင့်ဝံ့မည်နည်း။
ထို့အပြင်၊ ဤအမျိုးသမီးသည် ချောင်ရှင်းဂိုဏ်း ၏ သူဌေးကောင်း၏မိခင်ဖြစ်သည်။
ထို့အပြင် အစပိုင်းကတည်းက စောင့်ကြည့်နေသူများထံမှ ထိုအမျိုးသမီးသည် ခွေးကို ဦးစွာတိုက်ခိုက်ခိုင်းသည့်သူဖြစ်ကြောင်းကို တဖြည်းဖြည်း သိရှိလာကြသည်။
ဘယ်လိုပင် ကြည့်ပါစေ ဤအဖြစ်သည် အင်အားကြီးပြီး ချမ်းသာသော မိန်းမကြီးမှ လူငယ်စုံတွဲကို အနိုင်ကျင့်သည့် မြင်ကွင်းဖြစ်သည်။
ထို့ကြောင့် တရားမျှတမှုရှိသော စိတ်ကောင်းရှိသူတို့သည် ယဲ့ဖန်တို့ဘက်ကို တဖန် နားချကြသည်။
" လူငယ်လေး၊ စိတ်တိုမနေပါနဲ့။ တစ်ဖက်ရဲ့ နောက်ခံက အရမ်းကောင်းတယ်။ မင်း သူ့ကို ဆက်မထိသင့်တော့ဘူး "
" မှန်တယ်၊ မှန်တယ်။ ခဏလောက် သည်းခံလိုက်ရင် အားလုံး ပြီးသွားမှာပါ။ ခြေတစ်လှမ်းဆုတ်တာနဲ့ ကမ္ဘာကြီးက ပိုအဆင်ပြေလာလိမ့်မယ်။ မျက်နှာရဖို့အတွက်လေးနဲ့ နောင်တရရမယ့် ကိစ္စတွေကို မလုပ်မိစေနဲ့ "
" ခွေးကကိုက်ရင်တောင် မင်းက ခွေးကိုသတ်ဖို့ အကြောင်းပြချက်မလုံလောက်ဘူး။ အတိုချုပ်ပြောရရင် မင်းမှားတာပဲလေ "
" ဟုတ်တယ်။ တကယ်လို့ မင်းသာ ခုနကတုန်းက ကောင်းကောင်းပြောခဲ့မယ်ဆိုရင် ဒီအခြေအနေအထိ ဖြစ်လာမှာမဟုတ်ဘူး "
" လူငယ်တွေက အရမ်းစိတ်လောကြတာပဲ။ သူ ဒီတစ်ခါတော့ သံပူပြားကို နင်းမိကြပြီ မဟုတ်လား ။ ချောင်ရှင်းဂိုဏ်းကို ပြဿနာရှာရင် မင်းပဲ ဒုက္ခရောက်လိမ့်မယ် "
ထိုလူအချို့က သူ့ကို သည်းခံရန် အကြံပေးကြပြီး အချို့က သူ့ကို စိတ်မြန်လွန်းသည်ဟု စွပ်စွဲကြသော်လည်း ထိုအမျိုးသမီးကိုတော့ မည်သူကမျှ မဝေဖန်ရဲကြပေ။
ယဲ့ဖန် ဒေါသအရမ်းထွက်ပြီး ရယ်မောလိုက်သည်။
ဤလူများသည် မကောင်းမှုကို အပြစ်ပေးလိုပြီး တရားမျှတမှုကို ထိန်းသိမ်းလိုသည့်အတိုင်း ပြုမူနေကြသော်လည်း အားကောင်းသည့်ဘက်ကို လိုက်ပြောနေခြင်းသာဖြစ်လေသည်။
တကယ့်လူဆိုးတစ်ယောက်နှင့် တွေ့နေတာတောင် သူ့ကိုပဲ ပြောဆို ဝေဖန်နေကြသည်။
ယဲ့ဖန်သည် ဤလူများပြောနေသည်မှာ လေလည်နေသည်ဟုသာ ထင်ပြီး အလွန်ဆိုးသော အနံ့အသက် ထွက်နေလေသည်။
ကောင်းရှင်းလန်သည် ယဲ့ဖန်မှ အချိန်အကြာကြီး မလှုပ်ရဲတော့သည်ကို မြင်လိုက်ရပြီး သူမ၏ အမူအရာမှာ ပို၍ပင် မာနကြီးလာသည်။
" ဘာလဲ။ သူရဲဘောကြောင်တာလား။ မင်း ခုနကတော့ မာနကြီးနေတာ မဟုတ်ဘူးလား။ ငါ့သားက ကောင်းကျူမင်းလို့ ကြားတာနဲ့ မင်းခြေထောက်တွေ အားနည်းတဲ့အထိ အရမ်းကြောက်နေပြီမလား။ ဘယ်လို ငကြောက်ကောင်လဲ "
ဓားကို ကိုင်ထားသည့် ယဲ့ဖန်၏လက်တွေက တင်းကြပ်သွားသည်။
ထိုအချိန်တွင် သူ့အနားရှိ ကျူးရှောင်ကျောင်းက သူ့လက်ကို အမြန်ဆွဲလိုက်သည်။
" ယဲ့ဖန်၊ ဒီအဘွားကြီးကို လျစ်လျူရှုပါ။ သွားကြရအောင် "
ဤအမျိုးသမီးသည် ကောင်းကျူမင်း၏ မိခင်ဖြစ်ကြောင်း သူမ ကြားလိုက်ရသည်။
ယဲ့ဖန် တစ်ခုခုလုပ်လိုက်မည်ကို သူမကြောက်သောကြောင့် ငြိမ်းချမ်းရေးကိုသာ ထိန်းထားချင်သည်။
သို့သော်လည်း သူမ၏ စကားများသည် ကောင်းရှင်းလန်ကို အထိနာသွားစေလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။
ကောင်းရှင်းလန်သည် သူမကို ချက်ချင်း တွန်းလိုက်သည်။
" အဘွားကြီးလို့ ဘယ်သူ့ကို ခေါ်နေတာလဲ "
သူမသည် ငယ်စဉ်က လှပခဲ့သော်လည်း အသက်ကြီးလာသည်နှင့်အမျှ အိုမင်းလာခဲ့သည်။
ထို့ကြောင့် သူမသည် ကျူးရှောင်ကျောင်းကဲ့သို့ ငယ်ရွယ်ပြီး လှပသော မိန်းကလေးများကို အထူးတလည် မနာလိုဖြစ်လေသည်။
ထိုသို့ ဖောက်ပြန်သည့် စိတ်ဓာတ်တွေကြောင့် ငယ်ရွယ်ပြီး လှပသည့် မိန်းကလေးများစွာ ဘယ်နှစ်ယောက် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့သည်ဆိုတာကို မည်သူမျှမသိနိုင်ပေ။
သို့သော်လည်း သူမ၏သားဖြစ်သူ ကောင်းကျူမင်း၏ ပြင်းထန်သော အင်အားကြောင့် ထိုကိစ္စများကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
ဒီနေ့တွင် ကျူးရှောင်ကျောင်းသည် အလွန်မျက်စိဖမ်းစားနိုင်နေသည်ကြောင့် သူမမှ တမင် ခွေးဖြင့် ရှူးတိုက်ကိုက်ခိုင်းခြင်း ဖြစ်လေသည်။
သူမကို 'အဘွားကြီး'ဟု ကျူးရှောင်ကျောင်းမှ ခေါ်လိုက်သည်ကို သူမ ကြားလိုက်ရသည့်အခါ ချက်ချင်း ချက်ကောင်းကို ထိသွားခဲ့သည်။
ကျူးရှောင်ကျောင်းသည် သူမကို အထင်သေးစွာ စိုက်ကြည့်နေသည်။
" ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ ရှင်က အသက်ကြီးနေပြီဆိုတာ အမှန်တရားပဲလေ။ ပြောတော့ ဘာဖြစ်မှာမလို့လဲ "
ကျူးရှောင်ကျောင်းသည် ပြဿနာကို ဘယ်တုန်းကမှ မကြောက်ခဲ့ချေ။
ဒုက္ခမရှာချင်သောကြောင့်သာ ရှောင်ထွက်ချင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ၏စကားများသည် ကောင်းရှင်းလန်ကို ချက်ချင်း ရူးသွပ်သွားစေလိမ့်မည်ဟု ကျူးရှောင်ကျောင်း မမျှော်လင့်ခဲ့ပေ။
" ခွေးမ၊ ငါ နင့်ကိုသတ်မယ် "
သူမသည် စကားပြောနေရင်း ချက်ချင်း ကျူးရှောင်ကျောင်း၏ မျက်နှာရှိရာဆီသို့ လက်ဖြင့် လှမ်းဆွဲကုတ်သည်။
ကျူးရှောင်ကျောင်းသည် သူမနှင့် အလွန်နီးကပ်စွာရှိနေပြီး ကောင်းရှင်းလန်မှ ရုတ်တရက် ရူးသွားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
ကျူးရှောင်ကျောင်း အလွန်တုန်လှုပ်သွားပြီး ရှောင်ဖို့တောင် မေ့သွားလေသည်။
ကံကောင်းစွာနှင့် ယဲ့ဖန်မှ လျင်မြန်စွာ တုံ့ပြန်ပြီး သူမကို ပြန်ဆွဲကာလိုက်တယ်။
ကျူးရှောင်ကျောင်းသည် ရုပ်ပျက်ဆင်းပျက် မဖြစ်သွားခဲ့သော်လည်း သူမ၏လက်မောင်းပေါ်သို့ ခြစ်ရာအနည်းငယ်ထင်သွားသည်။
ကျူးရှောင်ကျောင်းသည် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။
ယဲ့ဖန် ဆွဲလိုက်ခြင်းကြောင့်သာ မဟုတ်လျှင် သူမမျက်နှာတွင် သွေးထွက်သံယိုဖြစ်စေမည့် ဒဏ်ရာများ ပေါ်လာပေလိမ့်မည်။
ကောင်းရှင်းလန်သည် သူမ၏ ပထမဆုံးကြိုးစားမှု လွဲချော်ခဲ့သော်လည်း သူမသည် အရှုံးမပေးဘဲ ဆက်လက် ရန်ရှာဖို့ ကြိုးစားနေခဲ့သည်။
ယဲ့ဖန် သည်းမခံနိုင်တော့ချေ။
သူမကို ပါးရိုက်လိုက်သည်။
ဖြောင်း
ဒေါသကြောင့် ယဲ့ဖန်သည် ခွန်အားများစွာကို ထည့်ရိုက်လိုက်သည်။
ကောင်းရှင်းလန်၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး စိုက်ထားသော သွားတွေပါ ကျွတ်ထွက်လာလေသည်။
ထိုအချိန်တွင် သူမ၏ ဆံပင်များသည် ရှုပ်ပွနေပြီး သူမ၏ပါးပြင်သည်လည်း ရောင်ရမ်းနေကာ သူမ၏ အဝတ်အစားတွင်လည်း ခွေးသွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူမအား ကြည့်ရသည်မှာ အလွန်ပုံပျက်ပန်းပျက် ဖြစ်နေသည်။
" ဟဲ့ကောင်စုတ်၊ နင် ငါ့ကို တကယ် ရိုက်ရဲတယ်လား ........ "
သူမသည် ယဲ့ဖန်ကို ထိတ်လန့်ဒေါသဖြင့် လက်ညှိုးငေါက်ငေါက်ထိုးနေကာ သူမ၏မျက်နှာသည်လည်း မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
" အမှိုက်လိုစကားတွေ ပြောနေတုန်းလား "
ယဲ့ဖန်သည် ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ကောင်းရှင်းလန်သည် အလွန်ထိတ်လန့်သွားပြီး ခွေးလေခွေးလွင့်တစ်ကောင်လို လှိမ့်ပြီး အနောက်သို့ တွားသွားခဲ့ရသည်။
လူတိုင်း အံ့ဩသွားကြသည်။
" အို ဘုရားရေ၊ ဒီကလေးက ကောင်းကျူမင်းရဲ့ အမေကိုတောင် တကယ်ထိခဲ့တာလား။ သူက သတ္တိရှိလှချည်လား "
" သူက တကယ့်ကို ရဲတာပဲ။ ဒီလိုလုပ်တာရဲ့ အကျိုးဆက်ကိုရော သူသိလား "
" ဒီကလေး သေတော့မှာ သေချာတယ်။ ကောင်းကင်ဘုံကတောင် သူ့ကို မကယ်နိုင်ဘူး "
" သူနဲ့ မြန်မြန် ဝေးဝေးနေကြရအောင်။ မဟုတ်ရင် ငါတို့ကိုပါ သွေးလာစင်လိမ့်မယ် ....... "
အပိုင်း ( ၆၄၂ )
မွေးစားအမေ၊ ကျွန်တော်တို့ ဒါကို သည်းခံလိုက်ကြမလား
ယဲ့ဖန်၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကြောင့် လူတိုင်း ထိတ်လန့်သွားချိန်တွင် အနက်ရောင် ဗင်ကား အနည်းငယ်သည် အရှိန်ဖြင့်လာနေသည်ကို တွေ့လိုက်ရသည်။
ကားတွေမရပ်ခင်မှာပင် လူတစ်စု ချက်ချင်း ကားပေါ်ကနေ ခုန်ဆင်းလာကြသည်။
ရှေ့ဆုံးမှ လျှောက်လာသူသည် ကောင်းကျူမင်း၏ အရည်အချင်းရှိ လက်အောက်ခံ အစ်ကိုဟူဖြစ်လေသည်။
အစ်ကိုဟူ၏ ယခင်အမည်မှာ ကျန်းဟူဖြစ်သည်။
နောက်ပိုင်းတွင် သူဌေးကောင်း၏ နောက်သို့လိုက်ရင်းဖြင့် သူ၏ နှုတ်ချိုမြိန်မှုကြောင့် ကောင်းရှင်းလန်ကို သူ၏ မွေးစားအမေအဖြစ် အသိအမှတ်ပြုကာ သူ၏ မျိုးရိုးအမည်ကို 'ကောင်း'ဟု ပြောင်းလဲခဲ့သည်။
ထိုသို့ဖြင့် 'ကောင်းဟူ'ဖြစ်လာသည်။
ပြဿနာဖြစ်သော နေရာသို့ ရောက်လာသောအခါ မြေပြင်ပေါ်တွင် တွားသွားနေရသည့် အမျိုးသမီးကို မြင်လိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
စုတ်ပြတ်သတ်နေသော ထိုမိန်းမသည် သူ၏ ခေါင်းကိုင်မိခင် ကောင်းရှင်းလန်ဖြစ်သည်ကို သူ ယုံပင် မယုံနိုင်ချေ။
ကောင်းရှင်းလန်သည် သူ့ကိုမြင်သောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုပင် ဖြစ်သွားသည်။
" ဟူလေး၊ ငါ့ကို ကယ်ပါဦး ....... "
ကောင်းဟူသည် အလျင်အမြန် ပြေးလာပြီး သူမကို ထူပေးလိုက်သည်။
" အမေ၊ ကျေးဇူးပြုပြီး အရင်ထပါဦး။ ပြီးမှ ဖြည်းဖြည်းချင်း ပြောလို့ရပါတယ် "
" အဲဟူ၊ မင်း အဲ့ဒီကလေးကို အပိုင်းပိုင်းဖြတ်ပြီး အမေ့ကို လက်စားချေပေးရမယ် "
ကောင်းရှင်းလန် အံကြိတ်လျက် ပြောလိုက်သည်။
" အမေ၊ စိတ်မပူပါနဲ့။ ဒီကလေးက အမေ့ကို ရိုက်ရဲမှတော့ မွေးလာတာကိုတောင် နောင်တရသွားစေရမယ်လို့ အာမခံတယ်။ ဒီမှာထိုင်ပြီး သူ့ကိုသတ်လိုက်တာကို ကြည့်လို့ရတယ် "
ကောင်းဟူသည် ပြောပြီးနောက် ချက်ချင်း ခုတ်ဓားကို ဆွဲကိုင်ပြီး ရှေ့သို့လျှောက်သွားသည်။
အနီးနားရှိ လူအုပ်ကြီးသည် ကောင်းဟူ လျှောက်ရန် လမ်းကြောင်းကို ချက်ချင်း ဖွင့်ပေးကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ယဲ့ဖန်အား ကျေနပ်အားရနေသည့် အမူအရာဖြင့် ကြည့်နေကြသည်။
ချောင်ရှင်းဂိုဏ်း၏ 'ကျားဆိုးကြီး' ရောက်လာလေသည်။
ဒီကလေး တကယ် သေပြီပဲ။
အမှန်ပြောရလျှင် ကောင်းဟူသည် ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေသည်။
ဤအခြေအနေသည် သူ့အတွက် တစ်သက်တွင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးဖြစ်လေသည်။
သူဌေးကောင်း၏ မိခင်သည် အရိုက်ခံရခြင်းကြောင့် သူမအတွက် ကူညီပေးနိုင်သည့် မည်သူမဆို ကြီးမားသည့်အကျိုးပြန်ရမည်မှာ သေချာလေသည်။
သူဌေးကောင်းသာ ကျေနပ်ပါက အမြတ်အစွန်းများသော လုပ်ငန်းများကိုပင် ပေးလိမ့်မည်ဖြစ်သည်။
ထိုအခါ သူ၏ ဝင်ငွေက ထိုးတက်သွားမည်ဖြစ်သည်။
လှပသောအနာဂတ်ကို သူ စိတ်ကူးယဉ်နေချိန်တွင် ယဲ့ဖန်နားသို့ ရောက်လာလေသည်။
အခုတလော အိပ်မက်ဆိုးများ မက်နေရသည့် မျက်နှာကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်မှ အပြုံးက အေးခဲသွားရသည်။
ထိုအခါ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ပြန်သွားခဲ့သည်။
သွေးထွက်သံယိုဖြစ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပွားတော့မည်ကို စောင့်ကြည့်နေကြသော လူအုပ်ကြီးသည် ထိုအဖြစ်ကို တိတ်တဆိတ် စောင့်မျှော်နေကြသည်။
ချောင်ရှင်းဂိုဏ်း၏ 'ကျားဆိုးကြီး'ဟု လူသိများသော ကောင်းဟူသည် 'ထိုလူငယ်လေး'ကို တွေ့ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ နောက်သို့ပြန်လှည့်ကာ လမ်းလျှောက်လာမည်ကို ဘယ်သူကမှ မမျှော်လင့်ထားပေ။
ဘာတွေဖြစ်နေတာလဲ။
ကောင်းဟူသည် သူ့စိတ်ထဲတွင်တော့ ကျိန်ဆဲနေလေသည်။
ဒီကလေးက ဘာလို့ အမြဲတမ်း ရှိနေရတာလဲ။ သူသွားလေရာတိုင်း သူနဲ့ လိုက်တိုးမိနေလေသည်။
သူသည် ကျားဆိုးတစ်ကောင်ဖြစ်သည်မှာ မှန်သော်လည်း သူသည် ကျားအစစ်မဟုတ်ပေ။
ယဲ့ဖန်သည် ယန်းချန်မြို့ရှိ သူ၏ စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်နေပြီး သူဌေးကောင်းပင် သူ့ကို ရှောင်ခဲ့သည်။
သူ့လိုလူက ဒုက္ခရောက်အောင် လုပ်ရဲတဲ့သတ္တိ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
နောက်ဆုံးအကြိမ်မှာပင် တောင်းပန်သည့်အနေဖြင့် လက်နှစ်ချောင်းကို ဖြတ်လိုက်ရကာ ထိုဒဏ်ရာသည် အခုအချိန်ထိ အပြည့်အဝ မပျောက်သေးသောကြောင့် ထပ်ပြီးမခုတ်ချင်တော့ပေ။
သူက ကောင်းရှင်းလန်ဆီကို ပြန်လျှောက်လာသည်။
" အမေ၊ ကျွန်တော်တို့ ဒါကို သည်းခံလိုက်ကြမလား "
" နင် ဘာပြောလိုက်တာလဲ။ သည်းခံရမှာလား။ နင် ဘာမဟုတ်တာတွေ လာပြောနေတာလဲ "
ကောင်းရှင်းလန်သည် သူမ နားကြားတာ မှားသည်ဟု ထင်ပြီး သူ့ကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။
" အမေ့ကို ရှင်းပြပါရစေ ....... "
ကောင်းဟူသည် ထပ်ပြီး သေချာပြောချင်သော်လည်း ကောင်းရှင်းလန်က သူ့ကို ပါးရိုက်လိုက်သည်။
" ဘာကို ရှင်းပြရမှာလဲ။ ငါက ဒီလိုတောင် အရိုက်ခံနေရတာလေ။ နင် ဘာလို့ အဲ့ကောင်ကို ချက်ချင်း အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် မလုပ်တာလဲ။ နင်ကတောင် ငါ့ကိုပြန်ပြီး မဟုတ်တာတွေ လာပြောနေသေးတယ်။ နင်ကပါ သေချင်နေတာလား "
ကောင်းရှင်းလန်သည် တစ်စုံတစ်ယောက်ကို သတ်ချင်စိတ်သာရှိနေသည်။
သူမသည် တစ်သက်လုံး ဤကဲ့သို့ အရှက်ရတာမျိုး မကြုံဖူးချေ။
ထို့ကြောင့် ဒီအချိန်တွင် ထိုကောင်လေး၏ အရိုးတွေကို ပြာဖြစ်အောင် ကြိတ်ပစ်ရန်ကလွဲပြီး ဘာကိုမှ မလိုချင်တော့ပေ။
ထို့အပြင် ကောင်းဟူသည် သူ့သားမှ မွေးမြူထားသော ခွေးတစ်ကောင်ဖြစ်လေသည်။
သူမ အနိုင်ကျင့်ခံနေရတာကို မြင်တာနဲ့ သူက ချက်ချင်း အဲ့ဒီကောင်လေးကို တစ်စစီဖြစ်အောင် လုပ်ပစ်ရမှာမဟုတ်ဘူးလား။
ဘာလို့ သူမနဲ့ ပြန်ပြီး ဈေးလာစစ်နေရတာလဲ။
ကောင်းဟူသည် သူမ၏နားကို လျင်မြန်စွာ ကပ်ပြီး ပြောလေသည်။
" အမေ၊ ဒီကလေးမှာ အရမ်းအင်အားကြီးတဲ့ နောက်ခံရှိတယ်။ သူဌေးကောင်းကတောင် သူ့ကို အရမ်းအလွန်အကျွံမလုပ်ချင်လောက်ဘူး ထင်လို့ပါ။ ကျွန်တော်ထင်တာက .... "
ကောင်းရှင်းလန်သည် လက်ရှိအချိန်တွင် ဒေါသဖြင့် တောက်လောင်နေသောကြောင့် ကောင်းဟူ၏ စကားကို လုံးဝ နားမဝင်ဘဲ တွန်းထုတ်ပစ်လိုက်သည်။
" ငါနဲ့ အချိန်တွေ လာဖြုန်းမနေနဲ့။ မွေးစားသားတွေက သားအရင်းလောက် ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ အခုချက်ချင်း ငါ့သားကို ဖုန်းဆက်ပြီး သူ့အမေ အရိုက်ခံရတာကို စိတ်ပူသေးရဲ့လားလို့ မေးလိုက် "
ကောင်းဟူသည် သူ့ဖုန်းကို ထုတ်ပြီး ကောင်းကျူမင်းအား ဖုန်းခေါ်ရန်မှ လွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
ကောင်းကျူမင်း၏အသံသည် အခြားတစ်ဖက်မှ လျင်မြန်စွာထွက်ပေါ်လာသည်။
" ဟူကျီ၊ မင်း အဲ့ကိစ္စကို ဖြေရှင်းပြီးပြီလား။ မင်းက အဲ့ကောင်ကို ခွေးစာ ကျွေးလိုက်ပြီလား "
ကောင်းဟူသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
" သူဌေး၊ ကိစ္စတွေက နည်းနည်းလေးရှုပ်နေပါတယ် ......... "
ကောင်းကျူမင်းသည် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။
" ဘာတွေရှုပ်နေရတာလဲ။ ဒီမှာ ငါ့ရဲ့ ချောင်ရှင်းဂိုဏ်းအတွက် ပြဿနာဆိုတာ ရှိသေးတာလား။ သူ့မှာ ဘယ်လိုနောက်ခံအခြေအနေရှိပါစေ အမေ့ကို အနိုင်ကျင့်လို့ကတော့ သတ်ပစ်ရမယ် "
ကောင်းဟူက အနည်းငယ် စိုးရိမ်နေမိသည်။
" သူဌေး၊ အဲ့ဒီလူက ယဲ့ ........... "
ကောင်းဟူ၏စကား မပြီးခင်မှာပင် ကောင်းရှင်းလန်က ချက်ချင်း သူ့ဖုန်းကို လုယူလိုက်ပြီး အော်ပြောလိုက်သည်။
" ကောင်းကျူမင်း၊ အမေ အရိုက်ခံရတယ်။ နင် ဘာမှမလုပ်ဘူးလား။ နင် ဒီကလေးကို ကြောက်နေရင် ငါကိုယ်တိုင် သူ့ကို သေအောင် တိုက်ပစ်မယ် "
ကောင်းကျူမင်းသည် သူမကို အမြန်နှစ်သိမ့်ပေးရင်း ပြောလိုက်သည်။
" အမေ၊ စိတ်မပူပါနဲ့။ အမေ့ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ သေချာပေါက် လုပ်ပေးမှာပါ "
ကောင်းရှင်းလန်သည် စိတ်လွတ်မတတ် ဖြစ်နေပြီဖြစ်သည်။
" ဒီကို အခုချက်ချင်း မြန်မြန်လာ။ နင်ကိုယ်တိုင် နင့်လက်နဲ့ အဲ့ကောင်ကိုသတ်။ မဟုတ်ရင် ငါ့ကို အမေလို့ လာခေါ်မနေနဲ့ "
ကောင်းကျူမင်းက သေချာပြန်ပြောသည်။
" အမေ စိတ်မပူပါနဲ့။ ကျွန်တော် မကြာခင်ရောက်မယ်။ ဒီကောင်ကို ဒီနေ့သေချာပေါက် ခုတ်သတ်ပစ်မယ် "
ဖုန်းချပြီးနောက် ကောင်းရှင်းလန်သည် ဖုန်းကို ကောင်းဟူရှေ့သို့ ပစ်ချလိုက်သည်။
" ငါ့သားအရင်းက ပိုစိတ်ချရတယ် "
ကောင်းဟူသည် ရှက်ရွံ့ကာ တခြားဘာမှ မပြောရဲပေ။
ကောင်းရှင်းလန်သည် ယဲ့ဖန်ကို မုန်းတီးစွာ ကြည့်နေသည်။
" ဟဲ့ကောင်၊ ငါ့သား ခဏနေ ဒီကို ရောက်လာတော့မယ်။ နင် သေဖို့စောင့်နေရုံပဲ "
ထိုစကားကို ပြောလိုက်သည့်အခါ နေရာရှိလူများက ချက်ချင်း ပေါက်ကွဲသွားကြသည်။
" အမလေး၊ ဘုရားရေ။ သူဌေးကောင်းက သူကိုယ်တိုင် ဒီကိစ္စကို ဖြေရှင်းပေးမှာလား "
" အေးလေ၊ သူ့အမေ အရိုက်ခံရမှတော့ သူဌေးကောင်းကိုယ်တိုင် ဘယ်လိုလုပ် မလာဘဲနေမှာလဲ "
" ငါ သူဌေးကောင်းကို တစ်ခါမှ မတွေ့ဖူးဘူး။ ငါဒီနေ့ အရမ်းကံကောင်းပြီ။ ဒီအကြောင်းကို တစ်သက်လုံး ကြွားလုံးထုတ်ရမယ် "
" သူဌေးကောင်းက ကိုယ်တိုင်ရောက်လာမှာဆိုတော့ ဒီကလေး သေချာပေါက် ဒုက္ခရောက်ပြီ "
" ဒုက္ခရောက်ရုံတင်မဟုတ်ဘူး။ သူဌေးကောင်းရဲ့ ဒေါသနဲ့သာဆို ဒီကလေးကို အရှင်လတ်လတ် သတ်ပစ်လိုက်မှာကိုတောင် စိုးရိမ်ရသေးတယ် "
" လူတွေအားလုံးထဲမှာမှ သူဌေးကောင်းကို သွားထိမှတော့ သေဖို့ပဲတန်တယ် "
ကျူးရှောင်ကျောင်းသည် ကြည့်နေကြသော လူအုပ်ထံမှ စိတ်ပူစရာကောင်းသော စကားများကို ကြားသောအခါ သူမသည် ချက်ချင်း စိုးရိမ်လာရသည်။
" ယဲ့ဖန်၊ ကောင်းကျူမင်း လာနေပြီ။ ငါတို့ အခု ဘာလုပ်သင့်လဲ "
ယဲ့ဖန်သည် အထိတ်တလန့် မဖြစ်ရုံသာမက ကောင်းကျူမင်း လာမည်ကို မျှော်နေသည့် အကြည့်များပင် ရှိနေသည်။
" ကောင်းတာပေါ့။ ဒီဂန္ထဝင် ကောင်းလူကြီးမင်းနဲ့ တွေ့ရတော့မယ် "
သူ့အနီးနားမှ လူတချို့သည် သူ့စကားကို ကြားပြီး မယုံနိုင်စရာကောင်းသည်ဟု ခံစားကြရသည်။
" ဒီကလေးက ဘာတွေပြောနေတာလဲ။ သေဖို့တောင် မစောင့်နိုင်တော့ဘူးလား "
" သူက သေမှာကိုတောင် မကြောက်မှတော့ ငါတို့က သူ့ကို ဘာလို့ စိတ်ပူနေရမှာလဲ "
" ဒီကလေးက တခြားနေရာက ဖြစ်ရမယ်။ ကောင်းလူကြီးမင်းက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ မသိလောက်ဘူး "
" သနားစရာကောင်းတဲ့လူတွေက သူတို့မှာ မုန်းစရာအချက်တစ်ခုခုရှိရမယ်။ ဒီလိုလူမျိုးက ငါတို့ စာနာပေးဖို့ မထိုက်တန်ဘူး ....... "
အပိုင်း ( ၆၄၃ )
မှတ်မိအောင် ကူညီပေးရဦးမလား
တစ်ဖက်တွင် တိုယိုတာတစ်စီး မောင်းနှင်လာသည်။
" မြန်မြန်၊ မြန်မြန် "
ကောင်းကျူမင်းသည် ကားမောင်းသူကို အမြန်မောင်းရန် တိုက်တွန်းလိုက်ပြီး သူ၏အမူအရာမှာလည်း ကြောက်မက်ဖွယ်ကောင်းစွာ နက်မှောင်နေလေသည်။
သူနှင့် ရင်းနှီးသည့်သူများပင် ကောင်းလူကြီးမင်း ဒေါသထွက်တာကို တစ်ခါမှမမြင်ဖူးချေ။
အရင်က သူ့ချစ်သူနှင့် သူ့လက်အောက်ငယ်သား အတူအိပ်တာကို သိခဲ့တာတောင်မှ ပေါ့ပေါ့ပါးပါးပင် ပြုံးပြပြီး အိမ်ထောင်ရေးဖောက်ပြန်သည့် စုံတွဲကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ခွေးတွေကို ကျွေးခိုင်းလိုက်သည်။
သို့သော် ဤကဲ့သို့ ဒေါသထွက်နေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဒီတစ်ခါတော့ ကောင်းလူကြီးမင်း တကယ်ကို ဒေါသထွက်နေသည်ဆိုတာ အားလုံး သိလေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ထိုပြဿနာရှာသည့်လူကို သနားသွားသည်။
လူများစွာထဲမှ ကောင်းလူကြီးမင်း၏ မိခင်ကို စော်ကားခဲ့သည်။
ကောင်းကျူမင်း၏နောက်ခံသည် အနည်းငယ်ထူးခြားသည်။
သူ့အမေနှင့်သာ ကြီးပြင်းလာခဲ့သည့်အတွက် သူ့အမေအပေါ်တွင် လေးနက်သော ခံစားချက်များ ရှိလေသည်။
ကောင်းကျူမင်းသည် သူ့နှာခေါင်းကို ထောက်ပြီး ကြိမ်းမောင်းနေရင်ပင် စိတ်ဆိုးမှာ မဟုတ်ကြောင်း ပြောနိုင်လေသည်။
သို့သော် သူ့အမေကို ရိုက်လိုက်သည်အား မပြောနှင့် မရိုမသေလုပ်လျှင်ပင် ကြီးမားသောတန်ဖိုး ပေးဆပ်ရပေလိမ့်မည်။
ကားမောင်းသူကို ကောင်းကျူမင်းမှ စိုက်ကြည့်နေသောကြောင့် နောက်ကျောတွင်ပင် ချွေးအေးများ ရွှဲနစ်လာသည်။
ကားမောင်းသူသည် လီဗာကို နင်းပြီး လူစည်ကားသည့် ယာဉ်ကြောကိုပင် အမြန်ဖြတ်ကျော်နေသည်။
ထို့နောက် များမကြာမီတွင် ပြဿနာဖြစ်ပွားရာနေရာသို့ ကားအနည်းငယ် ရောက်ရှိလာသည်။
ကားမရပ်ခင်မှာပင် ကောင်းကျူမင်းသည် တံခါးဖွင့်ကာ ခုန်ထွက်လာသည်။
သူသည် လူစုလူဝေးကြားမှ သူ့အမေကို ရှာတွေ့ခဲ့သည်။
သူ့အမေ၏ သနားစရာကောင်းသည့် အသွင်အပြင်ကို မြင်သည့်အခါ မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
သူမဆံပင်များသည် ရှုပ်ပွနေပြီး ဘယ်ဘက်မျက်နှာမှာ ရောင်ရမ်းနေလျက် သူမအဝတ်အစားများမှာလည်း သွေးများနှင့် စွန်းထင်းနေသည်။
သူ့သားဖြစ်သူပင် သူမကို မမှတ်မိနိုင်တော့သည့် အနေအထားဖြစ်သည်။
" အမေ ...... "
သူ့အသံက တုန်နေသည်။
ကောင်းရှင်းလန်သည် သူမ၏သားကို မြင်လိုက်ပြီး နောက်ဆုံးတွင်တော့ သူမ၏ကျောရိုးကို တွေ့လိုက်ရသလို ဖြစ်သွားသည်။
သူမ ကျယ်လောင်စွာ အော်လိုက်သည်။
" ကျူမင်း၊ နင် နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ။ နည်းနည်းသာနောက်ကျရင် နင်အမေ့ကို မတွေ့နိုင်လောက်တော့ဘူး ..... "
ထိုသို့ပြောပြီးနောက် သားဖြစ်သူ၏ လက်ထဲသို့ တိုးဝင်ကာ ငိုကြွေးခဲ့သည်။
ကောင်းကျူမင်းသည် သူမကို ခဏလောက် နှစ်သိမ့်ပေးလိုက်သည်။
" အမေ၊ ပြော။ ဘယ်ခွေးကောင်က အမေ့ကို ထိရဲတာလဲ။ ဒီနေ့ သူ့ကို အသက်ရှင်လျက် အရေခွံချွတ်ပေးမယ် "
သူ့အနားရှိ ကောင်းဟူသည် အမြန် ဘေးသို့ရောက်လာသည်။
" ဘော့စ်၊ ကျွန်တော်တို့ ဒါကို သေသေချာချာ စဉ်းစားရမယ် ထင်တယ် ....... "
ကောင်းဟူ၏ စကားမပြီးခင်တွင် ကောင်းကျူမင်း သူ့ကို ပါးရိုက်လိုက်သည်။
" သေသေချာချာ စဉ်းစားရမှာလား။ ငါ့အမေကို ကာကွယ်ပေးဖို့ မင်းကို ငါ ပြောခဲ့တာတောင် မင်းက ငါ့ကို အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလား။ ငါ မင်းကို ထောက်ပံ့ဖို့ ပိုက်ဆံတွေ အများကြီးသုံးခဲ့တော့ မင်းက ငါ့ကို ဒီလို ပြန်ဆပ်နေတာလား။ ငါ ခွေးမွေးထားရင်တောင် မင်းထက် ပိုသန်မာဦးမယ် "
ကောင်းဟူသည် ခေါင်းငုံ့ထားကာ အသံမထွက်ရဲသော်လည်း ဒေါသ အငွေ့အသက်များ ရင်ထဲမှ ထွက်ပေါ်လာသည်။
သူလုပ်သမျှက ကောင်းကျူမင်း၏ အကျိုးအတွက်သာဖြစ်သည်။
သူက ယဲ့ဖန်လို အင်အားကြီးရန်သူကို သတိပေးနေခြင်းသာဖြစ်သည်။
ဒီလိုဆက်ဆံခံရဖို့ သူ မမျှော်လင့်ထားချေ။
ထို့အပြင် တစ်ဖက်သား၏ စကားများသည် သူ့ကို နက်ရှိုင်းစွာ ထိခိုက်စေခဲ့သည်။
ကောင်းကျူမင်းသည် သူ့ကို အစ်ကိုလို ဆက်ဆံသည်ဟု မကြာခဏ ပြောလေ့ရှိသော်လည်း စိတ်ထဲတွင် ခွေးတစ်ကောင်လို သတ်မှတ်ထားသေးသည်ကို မမျှော်လင့်ဘဲ သိလိုက်ရသည်။
ကောင်းကျူမင်းသည် သူ့ကို မကြည့်တော့ချေ။
ခေါင်းကိုလှည့်ပြီး သူ့အမေ၏ ပါးကို ကိုင်လိုက်သည်။
" အမေ၊ တခြားသူတွေကို အားကိုးလို့ မရဘူး။ အမေ့အတွက် ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ချက်ချမယ်။ ပြော၊ ဘယ်ခွေးကောင်က အမေ့ကို ထိလိုက်တာလဲ "
ကောင်းရှင်းလန်သည် ယဲ့ဖန်ကို ချက်ချင်း လက်ညှိုးထိုးပြသည်။
" အဲ့ ခွေးကောင်ပဲ။ သား၊ အမေ့ကို ဒေါသပြေအောင် ကူညီပေးရမယ်။ မဟုတ်ရင် ယန်းချန်မြို့မှာရှိတဲ့ လူတိုင်းက အထင်သေးပြီး နောက်ကျောဓားနဲ့ထိုးလိမ့်မယ် "
ကြည့်နေကြသူများသည် ဆွဲထည့်ခံရမည် စိုးရိမ်သောကြောင့် နောက်ကို ရွှေ့လိုက်ကြသည်။
တစ်ချိန်တည်း၌ သူတို့သည် ယဲ့ဖန်ကို ကြည့်ကြသည်။
တစ်ချို့က သနားကြသော်လည်း တချို့က လျစ်လျူရှုထားကြကာ အများစုကတော့ ကျေနပ်နေကြသည်။
သူဌေးကောင်းက သူ့ကို ကိုယ်တိုင် လာရှာတာဆိုတော့ ဒီကလေးက ဒုက္ခရောက်မှာ သေချာတယ်။
သို့သော် ကောင်းကျူမင်းသည် ယဲ့ဖန်ဆီသို့ အကြည့်ရောက်သွားသည့်အခါ သူ အံ့အားသင့်သွားသည်။
" ယဲ့ဖန်၊ မင်းလား "
သူသည် ယဲ့ဖန်ကို လူချင်းမတွေ့ဖူးသော်လည်း ချောင်ရှင်းဂိုဏ်းကို အကြိမ်ပေါင်းများစွာ ပြဿနာရှာခဲ့သူကို သူ တန်းမှတ်မိနိုင်လေသည်။
ရီချန်းကျယ်သည် ယဲ့ဖန်ကို ချောက်ချခဲ့သည်ကို သေချာသိထားသောကြောင့် ထိုကိစ္စကို မျက်ကွယ်ပြုထားလိုက်သည်။
ဒီကလေး သေသွားပြီလို့ပင် သူ ထင်ခဲ့သည်။
သို့သော် ဤကလေးသည် အသက်ရှင်လျက် ကန်ကျောက်နေပြီး ရီချန်းကျယ်မှာတော့ ကိုယ့်ကျော့ကွင်းကိုယ် မိသွားခဲ့မည်ဟု ဘယ်တုန်းကမှ မတွေးထားချေ။
ထို့ကြောင့် ကလဲ့စားချေမည့် အတွေးတွေကို ခေတ္တဖယ်ထုတ်ပြီး နောက်ထပ် အခွင့်အရေးရလာရန် ရှာဖွေပြင်ဆင်နေခဲ့သည်။
ဤကဲ့သို့ မကြာခင်မှာပင် ယဲ့ဖန်နှင့် တွေ့ရရန် မထင်ထားချေ။
သူဌေးကောင်းသည် ထိုလူငယ်လေးကို ချက်ချင်း တိုက်ခိုက်မည်ဟု တွေးထားသည့်သူများမှာ အံ့အားသင့်သွားကြသည်။
" ဘာလဲ၊ သူဌေးကောင်းက ဒီကလေးကို သိနေတာလား။ သူ့နာမည်ကိုတောင် သိနေတာ "
" မင်းတို့ သူဌေးကောင်းရဲ့ အမူအရာကို ဂရုတစိုက်ကြည့်လိုက်ကြ။ သူ့ပုံစံက ..... နည်းနည်း ကြောက်နေပုံရတယ် "
" ဒီကောင်လေး ဒီလောက် မာနကြီးတာ မဆန်းတော့ပါဘူး။ ဒါဆို သူ့မှာ နောက်ခံရှိလို့ပေါ့ "
" ဒါဆို သူတို့က အခု ဘယ်လိုဖြေရှင်းမှာလဲ။ သူဌေးကောင်းက မတိုက်ချင်လောက်ဘူး ဟုတ်တယ်မလား "
" ဒီလိုဆိုရင် သူဌေးကောင်းမျက်နှာတော်တော်ပျက်ရလိမ့်မယ် "
" ဟုတ်တယ်။ သူ့အမေ အရိုက်ခံရတာတောင် လက်စားမချေနိုင်ဘူးဆိုရင် သူဌေးကောင်းက နောက်ဆို ယန်းချန်မြို့ရဲ့ လှောင်ရယ်ရာဖြစ်လာမှာ ......... "
ကောင်းကျူမင်း၏ တုံ့ပြန်မှုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
သူဌေးကောင်းသည် ယန်းချန်မြို့တွင် နာမည်ကျော်သည်။
သူ့ကို စော်ကားသည့်သူတိုင်း ဆိုးရွားသောအခြေအနေဖြင့် အဆုံးသတ်ရလိမ့်မည်။
တစ်ဖက်သားမှ ရှင်းပြဖို့ပင် အခွင့်အရေးမပေးချေ။
အခုကျ သူ့အမေကို ရိုက်နှက်တဲ့ကောင်လေးနဲ့ ရင်ဆိုင်ရမှာကို တကယ်ကြီး တုံ့ဆိုင်းနေတာလား။
ဤသည်မှာ ယုံနိုင်စရာ မကောင်းပေ။
ကောင်းရှင်းလန်သည် သူ့သား၏ အမူအရာကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်သွားသည်။
ကောင်းဟူသည် ယဲ့ဖန်ကိုမြင်ပြီးနောက် ချက်ချင်း ပြန်ဆုတ်ချင်တဲ့အခါ ဒီကောင်လေးတွင် နောက်ခံအကြောင်းတစ်ခုခုရှိကြောင်း သူမ သိလိုက်သည်။
သို့သော် သူ့သားပင် ထိုသို့သော အပြုအမူမျိုး ဖြစ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူမသည် ဒီတစ်ကြိမ်တွင်တော့ မထိသင့်သော တစ်စုံတစ်ယောက်ကို ပြဿနာရှာမိပြီလား။
ယဲ့ဖန်သည် ကောင်းကျူမင်းကို တွေ့သည်နှင့် ချက်ချင်း ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
" ကောင်းလူကြီးမင်း၊ ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ် "
ကောင်းကျူမင်းသည် သူ့ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
ထို့နောက် မြေကြီးပေါ်ရှိ ခွေးအလောင်းကို ကြည့်လိုက်သည့်အခါ သူ့အမေ၏ ခွေးကလေး ဟွမ်ဟွမ်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
သူ့အမေသည် ထိုခွေးကို ဒုတိယသားအဖြစ် အမြဲတမ်း ဆက်ဆံခဲ့သည်။
ယဲ့ဖန်၏ လက်ထဲမှာ သေလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။
သူ့ရင်ထဲမှ ဒေါသတွေကို မျိုသိပ်ပြီး ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေလိုက်သည်။
" ယဲ့ဖန်၊ မင်းငါ့ကို အကြိမ်ကြိမ် ပြဿနာရှာတယ်။ ဒီတစ်ခါ ငါ့အမေ့ကိုတောင် ရိုက်ရဲနေပြီလား။ ငါ ကောင်းကျူမင်းက မင်းကို ကြောက်နေတယ် ထင်နေလား "
ယဲ့ဖန်သည် သူ့အမေးကို ကြားပြီးသည့်နောက် ချက်ချင်း ဟက်ခနဲ အသံပြုလိုက်သည်။
" ခင်ဗျားက ပြောင်းပြန်ပြောနေတာ မဟုတ်ဘူးလား။ ဒါမှမဟုတ် ခင်ဗျားလူတွေကသာ ကျုပ်ကို အကြိမ်ကြိမ် နှောင့်ယှက်နေတာလို့ ပြောသင့်သလား။ ကောင်းလူကြီးမင်းက မှတ်ဉာဏ် မကောင်းဘူးလား။ ခင်ဗျားကို မှတ်မိအောင် ကူညီပေးရဦးမလား "
ယဲ့ဖန် ထိုကဲ့သို့ ပြောလိုက်သည်နှင့် အခြေအနေမှာ ပို၍ တင်းမာလာတော့သည်။
အပိုင်း ( ၆၄၄ )
ကောင်းမိသားစုရဲ့ခွေးက လူထက် တန်ဖိုးရှိတယ်
ကောင်းကျူမင်းသည် သူ့အား ထိုကဲ့သို့ လေသံဖြင့် ပြောရဲသည့်သူ မရှိသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်၌ သူ့နယ်မြေတွင်ပင် အကြာကြီး မရှိခဲ့ဖူးသော နယ်ခြားသားတစ်ဦးက သူ့ကို သတ္တိရှိရှိ ပြန်တုံ့ပြန်ခဲ့သည်။
ကျားက အစွမ်းအစကို အချိန်အကြာကြီး မပြလို့ နေမကောင်းတဲ့ ကြောင်ကြီးအဖြစ် သတ်မှတ်ခံနေရတာလား။
ယဲ့ဖန်ကတော့ ကောင်းကျူမင်း၏ တုံ့ပြန်မှုတွေကို ဂရုမစိုက်ချေ။
သူ့ကို ပြန်သတိရစေရန် လက်ချောင်းတွေကို ဖြန့်ကာ ပြန်ရှင်းပြနေလေသည်။
" ပထမအကြိမ်က ခင်ဗျားရဲ့လက်အောက်ငယ်သား ...... ဘယ်သူပါလိမ့် ကျိုးထယ်ကျွန်း အဲ့လိုခေါ်တယ် ဟုတ််မလား။ သူက လူအများကြီးခေါ်လာပြီး ကျုပ်ကိုတိုက်ခိုက်တယ်။ ကံကောင်းလို့ လွတ်လာခဲ့တာ မဟုတ်ရင် သူတို့ဆီမှာ ငါးပိသိပ်သလို အသိပ်ခံရမှာ။ ဘယ်သူက အရင်နှောင့်ယှက်တာလဲ "
ကောင်းကျူမင်းသည် သူ့ကို အေးစက်စွာကြည့်နေပြီး ငြင်းဆန်ခြင်းမရှိပေ။
အမှန်တကယ်တွင် ယဲ့ဖန်အား ချေပရန် သူ့မှာ နည်းလမ်းမရှိပေ။
ကျိုးထယ်ကျွန်းသည် အမှန်တကယ်ပင် စတင်ခဲ့သူဖြစ်သည်။
ယဲ့ဖန်သည် သူ့ဒုတိယလက်ချောင်းကို ဖွင့်လိုက်သည်။
" ပြီးတော့ ခင်ဗျားရဲ့လက်အောက်က အစ်ကိုဟူလို့ခေါ်တဲ့သူက လူတွေကိုခေါ်လာပြီး ကျုပ်ကို နှစ်ခါဆက်တိုက် ဒုက္ခပေးခဲ့တယ်။ ခင်ဗျားမျက်နှာထောက်ပြီး သူ့ကို အငြှိုးထားမနေတော့ဘဲ သူ့ လက်နှစ်ချောင်းကိုပဲ ဖြတ်ခွင့်ပေးလိုက်တယ်။ ဘယ်သူက ဘယ်သူ့ကို အရင်နှောင့်ယှက်တာလဲ "
ကောင်းကျူမင်းသည် ပါးစပ်ကို ဖွင့်ထားသော်လည်း အဆုံးတွင် ဘာမှ မပြောပေ။
ထိုအချိန်တွင် ကောင်းဟူ ပြန်ရောက်လာပြီး ထိုကိစ္စကို ပြောပြလေသည်။
နားထောင်ပြီးနောက် သူလည်း နောက်ထပ် ပြဿနာထပ်မရှာတော့ပေ။
အမှန်တကယ်တွင် နှစ်ဘက်စလုံး၌ ပဋိပက္ခမရှိခဲ့ချေ။ ကြားလူကြောင့်သာ ထိုအခြေအနေထိ ရောက်သွားခြင်းဖြစ်သည်။
ထို့အပြင် ကောင်းဟူသည် တစ်ဖက်သား၏ ဒေါသကို ဖြေဖျောက်ရန် လက်နှစ်ချောင်းကိုလည်း ဖြတ်တောက်ခဲ့သည်။
သို့သော် ဤကိစ္စတွင် သူ့ဘက်က အမှန်ပင် မှားယွင်းနေခဲ့သည်။
ထို့နောက် ယဲ့ဖန်သည် သူ၏ တတိယလက်ချောင်းကို ဖွင့်လိုက်သည်။
" ဒီနေ့ ကျုပ် သူငယ်ချင်းနဲ့ ထမင်းလာစားတာ။ စိတ်ကောင်းဝင်နေပေမယ့် ခင်ဗျား အမေက ကျုပ်သူငယ်ချင်းကို ခွေးနဲ့ ရှူးတိုက်ပြီးကိုက်ခိုင်းခဲ့တာ။ ကျုပ် သူမကို စကားကောင်းကောင်း ပြောခဲ့ပေမယ့် ထပ်ပြီး ခွေးနဲ့ ကိုက်ခိုင်းတော့ ဒေါသထွက်လို့ အဲ့ခွေးကို သတ်ပစ်လိုက်တာ။ အဲ့တာ ဘာမှားနေလို့လဲ။ ဘယ်သူက ဘယ်သူ့ကို အရင်နှောင့်ယှက်တာလဲ "
ကောင်းကျူမင်းသည် သူပြောသည်ကို ကြားပြီးနောက် ချက်ချင်း အမူအရာပြောင်းလဲသွားသည်။
သူ့အမေသည် ဖုန်းဆက်သည့်အခါ အရိုက်ခံရသည်ဟုသာ ပြောခဲ့ပြီး ဖြစ်ရသည့် အကြောင်းရင်းကို မပြောခဲ့ချေ။
ကောင်းမိသားစုသည် မှန်သည်၊ မှားသည်ဟူသော အကြောင်းပြချက်များကို ဘယ်တော့မှ မမေးသည့်အတွက် သူမကို အပြစ်မတင်နိုင်ချေ။
လာထိသူ၏ အပြစ်သာဖြစ်လေသည်။
သို့သော် ယခုအခါ ရီမိသားစုပင် ကြောက်ရသည့် ယဲ့ဖန်အား ရင်ဆိုင်နေရသည်ဖြစ်၍ အကြောင်းပြချက်မဲ့စွာ လုပ်ရန်မှ လွဲပြီး ရွေးချယ်စရာမရှိပေ။
ထိုမြင်ကွင်းကို ကြည့်နေသူ အားလုံးတို့သည် အံ့ဩသွားကြသည်။
ဒါက သူတို့ စိတ်ကူးယဉ်ခဲ့သလို မဟုတ်ခေ။
ချောင်ရှင်းဂိုဏ်းနှင့် သူဌေးကောင်း၏ ရက်စက်ပုံအရဆိုလျှင် သူ ရောက်လာလာချင်း တစ်ဖက်ကောင်လေးကို သေသည်အထိ ပညာပေးရမည် မဟုတ်လား။
အခု သူက ဘာလို့ ကျိုးကြောင်းဆင်ခြင်ဖို့ ကြိုးစားနေတာလဲ။
" ဒီလူငယ်လေးက အားကောင်းတဲ့ နောက်ခံ ရှိကောင်းရှိနေနိုင်တယ်။ သူဌေးကောင်း မြေးတစ်ယောက်လို အဆူခံနေရတာကို မင်း မမြင်ဘူးလား"
" ဟုတ်တယ်၊ သူဌေးကောင်းက ဘယ်သူနဲ့ ကျိုးကြောင်းတွေးတာမျိုး ဘယ်တုန်းက ရှိလို့လဲ။ ဒါပေမယ့် အခုကျ ဟိုဘက်ကတောင် သူ့ကို သင်ခန်းစာပေးနေတာလား "
" သူဌေးကောင်းက ယန်းချန်မြို့ရဲ့ အကြီးဆုံး ပြည်တွင်းဧကရာဇ်လို့ အစက ထင်ခဲ့တာ။ ဒေသခံဧကရာဇ်ကိုတောင် ကြောက်လန့်စေနိုင်တဲ့သူတစ်ယောက်ရှိနေမယ်လို့ ငါ မထင်ထားဘူး "
" အမြဲတမ်း ပိုကောင်းတဲ့သူတစ်ယောက်ဆိုတာ ရှိစမြဲပဲ မဟုတ်လား။ ဒီလူငယ်လေးက ဒီလောက် အစွမ်းထက်နေမယ်လို့ မမျှော်လင့်ထားဘူး "
" သူတို့က ချောင်ရှင်းဂိုဏ်းကိုတောင် ရန်စရဲမှတော့ သူတို့မှာ အားကိုးစရာ တစ်ခုခုတော့ ရှိရမယ်လို့ ငါပြောသားပဲ။ ဒီတစ်ခါတော့ ချောင်ရှင်းဂိုဏ်းက သူတို့ မထိနိုင်တဲ့သူကို ပြဿနာရှာလိုက်တာ ဖြစ်နိုင်တယ် "
" အမလေး ဘုရားဘုရား။ ချောင်ရှင်းဂိုဏ်းကတောင် သူတို့ကို မထိရဲရအောင် သူတို့က ဘယ်လိုလူတွေမလို့လဲ "
" မင်းတို့ နားမလည်ပအဘူး။ ချောင်ရှင်းဂိုဏ်းက ငါတို့လို သာမန်လူတွေအတွက်တော့ ကြောက်စရာကောင်းနိုင်ပေမယ့် တကယ့် အကောင်ကြီးတွေရဲ့ မျက်လုံးထဲမှ ဘာမှမဟုတ်ဘူး "
" နားလည်ပြီ ....... "
လူတိုင်း၏ မှတ်ချက်များသည် အလွန်ပျော့ကာ တိုးသော်လည်း ကောင်းကျူမင်း၏ နားထဲတွင် ကြားနေရဆဲဖြစ်သည်။
ထိုစကားများသည် သူ့နှလုံးသားထဲသို့ အပ်နဲ့ထိုးနေသလိုဖြစ်လေသည်။
သူသည် ယန်းချန်မြို့တွင် အမြဲတမ်း ဥပဒေမဲ့နေခဲ့သည်။
ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာကို ဘယ်သူက ပြောလို့ရဖူးလို့လဲ။
အကယ်၍ သူ ယဲ့ဖန်အား ဒီနေ့အတွက် အဖိုးအခ မရယူပါက အနာဂတ်တွင် သူ မျက်နှာထားရန် နေရာရှိမည် မဟုတ်ချေ။
ထိုအချက်ကိုတွေးပြီး ခေါင်းကို ချက်ချင်းမော့ကာ ယဲ့ဖန်ကို စိုက်ကြည့်နေလိုက်သည်။
" ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်း ငါ့အမေကို ရိုက်လိုက်တာပဲ။ အမေက အရှက်ခွဲခံရတာကို သားတစ်ယောက်အနေနဲ့ သူမအတွက် ပြန်မလုပ်ပေးနိုင်ဘူးဆိုရင် ကောင်းကင်နဲ့ မြေကြီးကြားမှာ ဘယ်လိုရပ်တည်နိုင်မှာလဲ "
ယဲ့ဖန်သည် တစ်ဖက်မှ ဆင်ခြင်မဲ့ ပြောချင်ရာပြောနေသည်ကို နားထောင်ရန်ပင် ပျင်းလွန်းလှသည်။
" ဒါဆို ခင်ဗျားက ကျုပ်ကို ဘာပြန်လုပ်စေချင်လို့လဲ "
ကောင်းကျူမင်းသည် သူ့အသံကို တမင်တကာ မြှင့်ပြောလိုက်သည်။
" ပထမဆုံး မင်း ငါ့အမေကို ရိုက်တဲ့အတွက် ငါ့အမေကို ဒူးထောက်ပြီး တောင်းပန်ရမယ်။ သူမအတွက်ကို ဆေးဖိုးဝါးခ ယွမ် ၁ ဘီလီယံကိုလည်း လျော်ကြေးပေးရမယ်။ ဒါက သိပ်တော့မများပါဘူး ဟုတ်တယ်မလား "
ကောင်းကျူမင်း ပြောသည့်အခြေနေများကိုကြားပြီးနောက် လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
" အမလေး ဘုရားရေ၊ ဆေးဖိုး ၁ ဘီလီယံလား။ ဒါကြီးက အရမ်းများတယ် မဟုတ်ဘူးလား "
" မဖြစ်နိုင်ဘူး၊ မဟုတ်လား။ လူတစ်ယောက်ကို ရိုက်မိတာနဲ့ ၁ ဘီလီယံတောင် ပေးရမှာလား။ တစ်ယောက်ယောက်ကို သတ်မိတာဆို ဘယ်လောက်တောင် ပေးရမှာလဲ "
" သူက ဘယ်သူ့ကို ရိုက်လိုက်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ သူက ကောင်းကျူမင်းရဲ့အမေကို ရိုက်မှတော့ အခကြေးငွေပေးဖို့တင် ပြောတာက အရမ်းသဘောကောင်းလွန်းနေပြီ "
" ဟုတ်တယ်။ ဒီကလေးရဲ့ နောက်ခံကြောင့်သာမဟုတ်ရင် သူ ပိုက်ဆံပေးရင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး "
" အဲ့လိုဆိုရင်တော့ တွက်ချေကိုက်ပါတယ် ....... "
ယဲ့ဖန်သည် ကောင်းကျူမင်း၏ အခြေအနေများကို ကြားလိုက်သောအခါ သူ့မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
" ကျန်တာ ရှိသေးလား "
ကောင်းကျူမင်း က ပြတ်ပြတ်သားသား အသံဖြင့် ဆက်ပြောသည်။
" ဒုတိယအနေနဲ့ ဒီခွေးက ငါ့အမေက သူမ အသက်သွေးလို သဘောထားတယ်။ သူမက ဒီခွေးကို သူ့သားလေးလို အမြဲဆက်ဆံမွေးထားတာကို မင်း လက်ထဲမှာ သေသွားရတယ်။ မင်းရဲ့အသက်နဲ့တော့ ဒီနေ့ မပေးဆပ်ခိုင်းပေမယ့် မင်း ဟွမ်ဟွမ်ရဲ့ ဝိညာဉ်ရှေ့မှာ ဒူးထောက်ပြီး သုံးရက်လောက်တော့ စောင့်ခိုင်းမယ်။ ဒါက သိပ်တော့မလွန်ဘူး မဟုတ်လား "
ထိုစကားတွေကို ကြားပြီးနောက် ကြည့်နေသူများက လန့်သွားပြန်သည်။
" ဟ၊ လာနောက်နေတာလား။ သက်ရှိလူတစ်ယောက်က သေပြီးသားခွေးကို အရိုအသေပေးရတာကတော့ အရှက်ကွဲလွန်းတယ် မဟုတ်ဘူးလား "
" အဲ့တာက ဘယ်သူ့ခွေးလဲအပေါ်မှာ မူတည်တယ်။ အဲ့တာက သူဌေးကောင်းအမေရဲ့ခွေးလေ။ သူဌေးကောင်းရဲ့ အစ်ကိုအရင်းဆိုတာနဲ့ ညီမျှတယ် "
" အဲ့တာဆိုရင်တော့ ဘာမှ မမှားပါဘူး။ သူဌေးကောင်းရဲ့ ညီလေး အသတ်ခံရမှတော့ သုံးရက်ကြာတဲ့အထိ ဒူးထောက်ရတာက အဆင်ပြေပါတယ် "
" ဘာလို့ ..... အတော်လေးဆိုးဝါးတယ်လို့ ခံစားနေရတာပါလိမ့် "
" ......... "
လူတစ်ယောက်ကို ဘယ်လောက်ပဲ အရှက်ခွဲမယ်ပြောပြီး လှောင်ပြောင်နေပါစေ ခွေးတစ်ကောင်အတွက် အရိုအသေပေး ဒူးထောက်တောင်းပန်ရသည်ဆိုတာက အတော်ဆိုးရွားလွန်းသည်။
တစ်ဖက်သားသည် အမည်မရှိလူတစ်ဦးဖြစ်လျှင် ကိစ္စမရှိချေ။
သို့သော် ကျော်ကြားသူတစ်ဦးဖြစ်နေပါက သူသည် ခဏချင်းအတွင်းပင် ယန်းချန်မြို့၏ လှောင်ရယ်စရာ ဟာသဖြစ်လာပေလိမ့်မည်။
သူ ဒီတစ်သက်လုံး ဘယ်တော့မှ ခေါင်းထောင်နိုင်မှာ မဟုတ်ချေ။
ကျူးရှောင်ကျောင်းလည်း ဒေါသထွက်သွားသည်။
သူမက ကောင်းကျူမင်းကို စိုက်ကြည့်နေသည်။
" ရှင်က လွန်လှချည်လား။ ဘယ်သူက ခွေးတစ်ကောင်အတွက်နဲ့ အရိုအသေပေးရလို့လဲ "
ကောင်းကျူမင်းသည် သူမကို ပြုံးပြီး ကြည့်လိုက်သည်။
" ဒါက သာမန်ခွေးမဟုတ်ဘူး။ ကောင်းမိသားစုရဲ့ ခွေး။ ကောင်းမိသားစုရဲ့ ခွေးက လူတစ်ယောက်ထက် ပိုတန်ဖိုးရှိတယ် "
ထို့နောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" အဲ့တာကို မင်းစဉ်းစားပြီးပြီလား။ ဘယ်လိုလဲ၊ သဘောတူလား "