အပိုင်း ၆၆၁-၆၆၄
Vol. 34 Ch. 661-664
အပိုင်း ( ၆၆၁ )
ပါးနပ်တဲ့ခွေး
ပိန်လှီနေသောလူသည် ရုတ်တရက် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေလေသည်။
" မင်းက တကယ်ပဲ ဘယ်သူလဲ။ ငါ့မျိုးရိုးနာမည်က နင်းဆိုတာကို မင်း ဘယ်လို သိတာလဲ။ မင်း ငါ့ကို ဘာလို့ ကယ်တာလဲ "
ထိုလူသည် အလွန်သတိရှိစွာဖြင့် မေးခွန်းသုံးခုကို တစ်ပြိုင်နက် ဆက်တိုက်မေးလာသည်။
" ကျွန်တော်က ယဲ့ဖန်ပါ "
ယဲ့ဖန်သည် သူ၏ ပထမဆုံးမေးခွန်းကို ဖြေလိုက်သည်။
ထိုနာမည်ကို ကြားလိုက်သည်နှင့် တခြားမေးခွန်းနှစ်ခုကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု ယဲ့ဖန် ထင်လေသည်။
မျှော်လင့်ထားသည့်အတိုင်း ပိန်လှီနေသောလူ၏ မျက်လုံးများသည် လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်သွားတော့သည်။
" မင်းက ယဲ့ဖန်လား။ မင်းက ကောင်းရှင်းလန်ကို ရိုက်ပြီး ကောင်းကျူမင်းကို ထိန်းသိမ်းရေးစခန်း ပို့ခဲ့တဲ့သူလား။ မင်း ငါ့ရှေ့မှာ ပေါ်လာရဲတဲ့ သတ္တိရှိသေးတာလား။ မင်းကို သတ်လိုက်မှာကို မကြောက်ဘူးလား "
ယဲ့ဖန်သည် သိသာနေသည့် လူသတ်ချင်စိတ် အငွေ့အသက်ကို ခံစားနေရသော်လည်း သူသည် နွေဦးလေပြေကဲ့သို့ နွေးထွေးစွာ ပြုံးနေဆဲဖြစ်သည်။
" နင်းလူကြီးမင်းက တကယ်ကို သစ္စာရှိတာပဲ။ ကောင်းကျူမင်းက ခင်ဗျားကို သတ်တော့မှာတောင် သူ့အတွက် စဉ်းစားပေးနေတုန်းပဲလား "
ပိန်လှီသောလူသည် ထိုစကားကို ကြားသောအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ လူသတ်ချင်စိတ်သည့် ပုံစံမရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် ပိုင်ရှင်မဲ့ ခွေးတစ်ကောင်ပုံစံ ဖြစ်သွားလေသည်။
" ဟုတ်တယ်၊ ငါ သူ့အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့တာကို ဘာလို့ ငါ့ကိုသတ်ချင်နေရတာလဲ "
" ဉာဏ်များတဲ့ယုန် သေတဲ့အခါ ခွေးက အချက်ခံရလိမ့်မယ်။ ငှက်တွေ ပျောက်တဲ့အခါ ကောင်းတဲ့ လေးကို ဝှက်ထားကြမယ်။ ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ စကားပဲ။ ခင်ဗျားက လျှို့ဝှက်ချက်တွေ အများကြီးကို သိနေတော့ သူက မလုံခြုံဘူးလို့ ခံစားရတာဖြစ်မယ် "
ယဲ့ဖန်သည် သူ့ကို လက်ပါးစေနှင့် တိုက်ရိုက် ခိုင်းနှိုင်းလိုက်ကာ လုံးဝ မျက်နှာသာမပေးချေ။
ထိုပိန်လှီနေသောလူသည် စိတ်ထဲမထားချေ။
သူသည် ခါးသီးစွာ ရယ်လိုက်သည်။
" ဟုတ်တယ်၊ ဒါက လက်ပါးစေတစ်ယောက်ရဲ့ ကံကြမ္မာပဲမလား "
ယဲ့ဖန်က သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။
" ကျွန်တော် ခင်ဗျားကို ကူညီပေးနိုင်တယ် "
ပိန်လှီသောလူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
" ကူညီမှာလား။ ဘယ်လိုလဲ "
ယဲ့ဖန်သည် နာမကျန်းဖြစ်နေသော သူ့မျက်နှာကို ကြည့်လိုက်သည်။
" ခင်ဗျားရဲ့ရောဂါက ကုမရအောင် ဖြစ်နေပြီ။ ခင်ဗျားမှာ အချိန်သိပ်မကျန်မှာကို စိုးရိမ်ရတယ် "
ပိန်လှီသောလူ၏ မျက်လုံးများ အရောင်ဖျော့သွားသည်။
" ငါသိတယ် "
ယဲ့ဖန်သည် ရုတ်တရက် အကြောင်းအရာပြောင်းလိုက်သည်။
" ဒါပေမယ့် ကျွန်တော့်မှာ ဆေးပညာ ဗဟုသုတတချို့ ရှိတယ်။ ကျွန်တော် ခင်ဗျားကို ကူညီနိုင်တယ်။ ခင်ဗျား ပြန်ကောင်းလာမယ်လို့ အာမ မခံနိုင်ပေမယ့် ခင်ဗျားရဲ့အရင်က ဆိုးဝါးတဲ့အနေအထားကိုတော့ ပြန်မဖြစ်နိုင်ဘူး "
ပိန်လှီသောလူ၏ မျက်နှာတွင် ချက်ချင်းပင် မျှော်လင့်ချက်ရှိသောအသွင် ပေါ်လာသည်။
ယဲ့ဖန်ပုခုံးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
" မင်းပြောတာ အမှန်ပဲလား။ ငါ့ရောဂါကို မင်းတကယ် ကုပေးနိုင်မှာလား "
ယဲ့ဖန်မှ ပြောသည်။
" ကျွန်တော် လော့ကျင်းယွမ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ ကြားဖူးမှာပါ။ အကြောင်းပြချက်က သူ့အဖေရဲ့အသက်ကို ကျွန်တော် ကယ်လိုက်တာပဲ။ ခင်ဗျား ကျွန်တော်ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ယုံကြည်နိုင်ပါတယ် "
ပိန်လှီသောလူက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
" ငါ ယုံကြည်တယ်၊ ငါ ယုံကြည်တယ် ....... "
သူစကားပြောနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး သူ့အပြုံးက အေးခဲသွားသည်။
" မင်း ငါ့ကို အကြောင်းပြချက်မရှိဘဲ ကယ်မှာ မဟုတ်ဘူးလား၊ မင်းငါ့ကိုဘာလုပ်ပေးစေချင်တာလဲ"
ယဲ့ဖန် ကချက်ချင်း လက်မထောင်ပြလိုက်တယသည်“
" နင်းလူကြီးမင်းကကယ်ကို ပါးနပ်တာပဲ။ ဒီကမ္ဘာမှာ အလကားစားရတာရယ်လို့ မရှိဘူး မဟုတ်လား။ ကောင်းကျူမင်းနဲ့ ကျွန်တော့်ကြားက ပြဿနာကို ခင်ဗျား သိသင့်ပါတယ်။ အဲ့တော့ ကျွန်တော်က သူ့ကို ဖယ်ရှားချင်တယ်။ ခင်ဗျားက အဲ့ဒီအတွက် ကူညီပေးရုံပဲ "
ပိန်လှီနေသောလူသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။
" မင်းက ကောင်းကျူမင်း ကို သတ်ချင်နေတာလား"
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" သူ့ကိုသတ်ခိုင်းတာမဟုတ်ဘူး။ သူ့ရဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို ပေးဖို့ ပြောနေတာ။ ခင်ဗျားက သူနဲ့ နှစ်ပေါင်းများစွာ အတူနေရှိခဲ့ပြီးတော့ အမှောင်ထဲက ကိစ္စတွေကို ဖြေရှင်းတိုင်း သူ့အတွက် ခင်ဗျားက အများကြီး အကူအညီဖြစ်ခဲ့တယ်ဆိုတော့ သူ့ရဲ့ အညစ်အကြေးသက်သေတွေ အများကြီး ရှိသင့်တယ် မဟုတ်လား "
ပိန်လှီနေသောလူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်။ ငါ့မှာ သူ့ကိုသတ်နိုင်တဲ့ အထောက်အထားတွေ အများကြီးရှိတယ်။ ငါ မင်းကို အကုန်ပေးနိုင်တယ်။ သူကတောင် နှလုံးသားမရှိမှတော့ ငါ့ကိုလည်း တရားမျှတမှု မရှိဘူးလို့ အပြစ်မတင်နဲ့ "
ယဲ့ဖန်နှင့် ချန်းရွှမ်တို့ ဝမ်းသာသွားကြသည်။
အလှည့်အပြောင်း အနည်းငယ် ကြုံခဲ့ပြီးတဲ့နောက် မျှော်လင့်ချက်ရောင်ခြည်ကို သူတို့ နောက်ဆုံးတွင် တွေ့ခဲ့ရသည်။
" အဲ့လိုဆို ကောင်းတယ်။ သက်သေတွေက ဘယ်မှာလဲ "
" အဲ့တာ ငါ့နေရာမှာပဲ။ မင်းတို့ လိုက်ယူလို့ ရတယ် "
ပိန်လှီနေသောလူသည် အကူအညီတောင်းသည့်ပုံစံ လုပ်လိုက်သည်။
ယဲ့ဖန်နှင့် ချန်းရွှမ်တို့သည့် မည့်သည့်အရာကိုမှ သံသယမရှိခဲ့ကြပေ။
ချက်ချင်း လှည့်ပြီး ထွက်သွားကြတော့သည်။
ထိုအချိန်၌ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သွားလေသည်။
သူတို့နှစ်ယောက်အနောက်မှ ပိန်လှီနေသည့် အမျိုးသားက ရုတ်တရက် ခုန်တက်ပြီး တိုက်ခိုက်လေသည်။
သူ၏ ထက်နေသော ဓားမြှောင်က ယဲ့ဖန်၏ လည်ပင်းဆီသို့ ဦးတည်နေလေသည်။
ယဲ့ဖန်သည် ဝမ်းသာသွားသော်လည်း အမြဲသတိကပ်သူ ဖြစ်သည်။
နောက်ကျောဘက်မှ လူသတ်ချင်သည့် အငွေ့အသက်ကို ခံစားမိသည်နှင့် ချန်းရွှမ်ကို အမြန်ဆွဲကိုင်လိုက်ပြီး ဆံပင်တစ်မျှင်စာ ကပ်လျက် ရှောင်လိုက်နိုင်သည်။
ထို့နောက် လှည့်ပြီး ပိန်လှီနေသည့်လူကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။
" ဘာကို ဆိုလိုတာလဲ "
" မင်းက ငါ့ကို စကားလေး နည်းနည်းလောက်ပြောပြီး ကောင်းလူကြီးမင်းကို သစ္စာဖောက်စေချင်တာလား "
ထိုလူကပြုံးပြသည်။
" ဘယ်လိုတောင် ဆုတောင်းမှားတဲ့ အတွေးတွေးနေတာလဲ "
ချန်းရွှမ်က သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေလိုက်သည်။
" ကောင်းကျူမင်းက ရှင့်ကိုသတ်တော့မှာတောင် ရှင်က သူ့အတွက် စဉ်းစားပေးနေတာလား "
ပိန်လှီနေသည့်လူက သူတို့နှစ်ယောက်ကို အထင်သေးစွာ ကြည့်နေသည်။
" ကောင်းလူကြီးမင်းအပေါ်ထားတဲ့ ငါ့ရဲ့ သစ္စာစောင့်သိမှုက မင်းတို့ စိတ်ကူးထားတာထက် ကျော်လွန်သွားပြီ။ သူက ငါ့အသက်ကို ပေးထားတာ။ လူကြီးမင်းကသာ ငါ့အသက်ကို လိုချင်ရင် အချိန်မရွေး ယူလို့ရတယ်။ သူသုံးတဲ့ နည်းကိုသာ ငါက မကျေနပ်တာ။ သူငါ့ကို ရှင်းရှင်းလင်းလင်း ပြောထားရင် ငါက တုံ့ဆိုင်းမနေဘဲ သူ့ဆီမှာ ငါကိုယ်တိုင် လည်ကို အစင်းခံမှာ "
ချန်းရွှမ်သည် လုံးဝ စကားမပြောနိုင် ဖြစ်သွားရသည်။
လောကတွင် ဤကဲ့သို့ မျက်စိစုံမှိတ် သစ္စာရှိသူတစ်ယောက် ရှိနေမည်ဟု သူမ မမျှော်လင့်ထားချေ။
သူ့ကို သတ်ချင်နေတဲ့သူကိုတောင် ကျေးဇူးတင်နေသေးတာလား။
ယဲ့ဖန်ပင်လျှင် အံ့ဩသွားရသည်။
သာမန်လူများ၏ တွေးခေါ်ပုံအရ တစ်စုံတစ်ယောက်မှ သူတို့အား ဒုက္ခပေးဖို့ ကြိုးစားနေမှန်း သိလာသည့်အခါ တစ်ဖက်လူက မည်သူပင်ဖြစ်ပါစေ အသည်းထဲမှ မုန်းတီးပေလိမ့်မည်။
ဤအလေ့အထဖြစ်သော အတွေးကြောင့် သူသည် တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ ကျမိမတတ် ဖြစ်သွားသည်။
" ဘယ်လောက်တောင် သစ္စာရှိလိုက်တဲ့ခွေးလဲ။ ခင်ဗျားကို သတ်ချင်နေတဲ့သူတစ်ယောက်အပေါ် သစ္စာရှိနေမှတော့ ကျွန်တော်က ပြောစရာ မရှိတော့ပါဘူး။ ကျွန်တော် ဒီကို တစ်ခါမှ မရောက်ဖူးဘူးလို့ပဲ ဟန်ဆောင်လိုက်ကြတာပေါ့ "
ယဲ့ဖန်က ပြောပြီးနောက် ချန်းရွှမ်းနှင့်အတူ ပြန်ရန်ပြင်သည်။
" မင်း ဒီကို ရောက်လာမှတော့ မင်းရဲ့အသက်ကို ချန်ထားခဲ့ရမှာပေါ့ "
ပိန်လှီနေသည့် ယောက်ျားက သူတို့နှစ်ယောက်ကို ထွက်သွားခွင့် မပေးချေ။
ထို့နောက် ချက်ချင်း လက်ထဲမှ ဓားကိုထုတ်ပြီး ယဲ့ဖန်ကို တိုက်ခိုက်တော့လေသည်။
အပိုင်း ( ၆၆၂ )
ရယ်စရာကောင်းသော ဝန်ခံခိုင်းနည်း
နင်းလူကြီးမင်းသည် အမှန်ပင် ကောင်းကျူမင်း၏ နံပါတ်တစ် လူသတ်သမားဖြစ်မှန်း သိသာလေသည်။
သူသည် လေကဲ့သို့ ငြိမ်သက်သော်လည်း မျက်စိတစ်မှိတ်အတွင်း၌ ယဲ့ဖန်ရှေ့သို့ ရောက်လာသည်။
ယဲ့ဖန်လည်း အဆင်သင့်ပြင်ပြီး ဖြစ်သည်။
သူ၏ညာဖက်ခြေထောက်သည် သံကြာပွတ်ကဲ့သို့ လွှဲကာ ဓါးကိုကိုင်ထားသည့် ညာလက်ကို တိုက်ရိုက် ကန်ထည့်လိုက်သည်။
နင်းလူအိုကြီး၏ တုံ့ပြန်မှု အရှိန်မှာသည် မြန်ဆန်သည်။
သူ၏ ညာလက်သည် ဝေးသွားသော်လည်း သူ၏ ဘယ်လက်သည် ယဲ့ဖန်၏ နားထင်ကို လှမ်းတိုက်ခိုက်လေသည်။
သူ့လက်သီး၏ အစွမ်းသည် အလွန်ပြင်းထန်သည်။
လက်သီးချက်က ယဲ့ဖန်ဆီမရောက်ခင်မှာတင် လက်သီးအရှိန်၏ လေက သူ့မျက်နှာကို နာကျင်စေနိုင်သည်။
ယဲ့ဖန် မထီမဲ့မြင် ပြုံးပြီး တိုက်ခိုက်မှုကို တားရန်ပြန်သည်။
သို့သော်လည်း နင်းလူအိုကြီး၏ တိုက်ခိုက်မှုသည် အယောင်ဆောင်သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ့ညာလက်က ဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး ချန်းရွှမ်ကို ဓားနှင့် လှမ်းထိုးလေသည်။
သူ၏ လှုပ်ရှားမှုသည် အလွန်ရုတ်တရက်ဆန်ပြီး အလွန်လည်းမြန်သည်။
ချန်းရွှမ်သည် ကွန်ဖူးပညာကို မသိသောကြောင့် တုံ့ပြန်ရန် အချိန်မရှိပေ။
ဓားမြှောင်သည် သူမနှင့် နီးကပ်လာသည်ကိုသာ စောင့်ကြည့်နေနိုင်ခဲ့သည်။
ယဲ့ဖန်သည် ချောင်ရှင်းဂိုဏ်း၏ နံပါတ်တစ်လူသတ်သမားနှင့်အတူ ကြောင်နှင့်ကြွက်ဂိမ်း ကစားရန် မူလက စိတ်ကူးခဲ့သည်။
သို့သော် ထိုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်နည်းလမ်းအား ရုတ်တရက် အသုံးပြုလိုက်သည်ကို မြင်လိုက်ရသဖြင့် သတ်ပစ်ချင်စိတ်များ သူ့စိတ်ထဲတွင် ချက်ချင်း တိုးဝင်လာခဲ့သည်။
ယဲ့ဖန်၏ ဘယ်ဘက်လက်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဆန့်တန်းပြီး ချန်းရွှမ်၏ လက်မောင်းကို ဆွဲကိုင်ကာ သူ့ဆီသို့ ဆွဲလိုက်သည်။
ဓားမြှောင်သည် သူမနှင့် နီးကပ်စွာ ဖြတ်သွားပြီး သူမ မျက်နှာနှင့် ဓါး ထိမိမတတ်ဖြစ်သွားသည်ကို ခံစားလိုက်ရသည် ။
အကယ်၍ ယဲ့ဖန်သာ အနည်းငယ် နောက်ကျခဲ့လျှင် မသေလျှင်တောင်မှ သူမ၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလိမ့်မည်။
သူမအတွက် ထိုအရာက သေတာထက် ပိုဆိုးလေသည်။
ယဲ့ဖန် ဒေါသ အလွန်ထွက်နေပြီဖြစ်သည်။
ချန်းရွှမ်ကို ကယ်တင်ပြီးနောက် သူသည် ရပ်တန့်မနေဘဲ နင်းလူအိုကြီးကို ထိုးနှက်ခဲ့သည်။
နင်းလူအိုကြီး၏ ပါးစပ်ထောင့်သည် လှောင်ပြုံးကဲ့သို့ ကွေးတက်သွားသည်။
သူသည် လုံးဝနောက်မဆုတ်ဘဲ ပြိုင်ဘက်ကို ထိပ်တိုက်တွေ့နေခဲ့သည်။
သူ့အမြင်အရ ယဲ့ဖန်သည် ငယ်သေးသောကြောင့် ကလေးဘဝကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ထားလျှင်ပင် ယဲ့ဖန်၌ ခွန်အားများစွာ မရှိဘူးဟု တွက်ဆထားသည်။
သို့သော် သူ့အနေမှာဖြင့် ကိုယ်ခံပညာအား ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့ပြီး လေးနက်သော စွမ်းရည်ရှိသည်။
ဒီလိုလူငယ်လေးက ဘယ်လိုလုပ် သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ။
သို့သော် ယဲ့ဖန်၏လက်သီးချက်သည် သူနှင့် ထိတွေ့မိသည့်အခိုက်၌ အမှားတစ်ခု၊ ပြင်းထန်သော အမှားတစ်ခုကို ဆုံးဖြတ်မိကြောင်း သူသိလိုက်သည်။
ယဲ့ဖန်၏ စွမ်းအားသည် ရေလှိုင်းကဲ့သို့ တစ်လုံးပြီး တစ်လုံး ရောက်ရှိလာသည်။
ဖောင်း
နင်းလူအိုကြီးသည် မုန်တိုင်းထန်နေသည့် ပင်လယ်ထဲမှ လှေငယ်တစ်စင်းလို ခံစားလာရသည်။
ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာသောအခါ လှေတစ်စင်းလုံး ပြိုကျလုနီးပါး နေသည်။
သူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြီး လည်ချောင်းပူလာကာ ပါးစပ်မှ သွေးများ ထွက်လာသည်။
သူ အင်အားပြန်မစုနိုင်ခင် ယဲ့ဖန်၏ တိုက်ခိုက်မှုများက ဆက်ကျလာသည်။
ထိုးချက်တိုင်းသည် သူ့အဆုတ်ပေါ်သို့ ကျရောက်နေသည်။
သူသည် ငယ်စဉ်ကတည်းက အဆုတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သည်။
သူ့အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း ထိုအချိန်မှစပြီး နေမကောင်းဖြစ်ခဲ့ရသည်။
ဤအချိန်အတောအတွင်းမှာလည်း သူသည် 'အဆိပ်'များကိုသာ အဆက်မပြတ်သောက်ခဲ့ရသောကြောင့် သူ့အခြေအနေက ပိုဆိုးလာသည်။
ယဲ့ဖန်က သူ့အားနည်းချက် ဘယ်မှာလဲဆိုတာ ရှင်းလင်းစွာ သိနေပြီး လက်သီးချက်တိုင်းက သူ့အနာနေရာကို ရောက်လာသည်။
" အဟွတ်၊ အဟွတ်၊ အဟွတ် ....... "
ယဲ့ဖန် လက်သီးနှင့် ထိုးလိုက်တိုင်း ပြင်းထန်စွာ ချောင်းဆိုးပြီး သွေးများ ထွက်လာသည်။
သူ လုံးဝ ပြန်မတိုက်နိုင်ချေ။
ဆယ်ကြိမ်ထက်မက ထိုးပြီးနောက် ယဲ့ဖန် ဘာမှလုပ်စရာမလိုလိုက်ဘဲ နင်းလူအိုကြီးသည် ပုဇွန်တစ်ကောင်ကဲ့သို့ ငုံ့ကွေးကာ ပြင်းထန်စွာ ချောင်းဆိုးတော့သည်။
ချောင်းဆိုးတိုင်းလည်း သွေးပါလာသည်။
ယဲ့ဖန်သည် သူ့နောက်ကျော၌ လက်နှစ်ဖက်ကိုချိတ်လျက် ရပ်ကာ အေးစက်စွာ စိုက်ကြည့်နေသည်။
နင်းလူအိုကြီးသည် သူ့ပါးစပ်မှ သွေးတွေကို သုတ်လိုက်ပြီး သူ့ကို မုန်းတီးစွာ မော့ကြည့်လိုက်သည်။
" ငါ မင်းကို မနိုင်ဘူး။ မင်းငါ့ကို သတ်ချင်ရင် သတ်နိုင်တယ် "
ယဲ့ဖန်က သူ့ရှေ့၌ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
" ခင်ဗျားကိုသတ်တာ ဘာအကျိုးကျေးဇူးရမှာလဲ။ ကောင်းကျူမင်းရဲ့ ရာဇ၀တ်မှုဆိုင်ရာ သက်သေတွေကို ပေးသရွေ့ ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးနိုင်တယ် "
ထိုစကားကို နင်းလူအိုကြီးက ကြားလိုက်သည်နှင့် ချက်ချင်း လှောင်ပြောင်သည့်အမူအရာ ပေါ်လာသည်။
သွေးများဖုံးနေသည့် သူ့ပါးစပ်ကြောင့် အလွန်ကြောက်စရာကောင်းနေသည်။
" ကောင်းလူကြီးမင်းက ငါ့အပေါ် ကျေးဇူးအများကြီးရှိတယ်။ သူ့ရဲ့ ပြစ်မှုသက်သေ အထောက်အထားတွေ ငါ့မှာ မရှိဘူး။ ရှိခဲ့ရင်တောင် မင်းကို ငါမပေးဘူး။ မြန်မြန်သတ်လိုက်တော့။ ကောင်းလူကြီးမင်းအတွက် ငါလုပ်ပေးရမယ့် နောက်ဆုံးအရာအဖြစ် သဘောထားလိုက်တာပေါ့ "
ယဲ့ဖန်သည် သူ၏ စကားများကို ကြားသောအခါ သူ လက်မ မထောင်ဘဲ မနေနိုင်တော့ပေ။
" ကျွန်တော် ကောင်းကျူမင်းကို နည်းနည်းတော့ အားကျမိတယ်။ သူ့မှာ ခင်ဗျားလို သစ္စာရှိတဲ့ ခွေးတစ်ကောင်ရှိတယ်လေ။ ဒါပေမယ့် သခင်နဲ့ ကျွန်ရဲ့သစ္စာစောင့်သိမှုကို ဖြည့်ဆည်းပေးစေချင်ပေမဲ့ ခင်ဗျား အတွေးလွန်မှာကို စိုးရိမ်တယ်။ သေမှာမကြောက်ဘူးလား။ ဒါပေမယ့် သေတာထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေ ဒီလောကမှာ ရှိပါသေးတယ်။ စမ်းကြည့်ချင်လား "
နင်းလူအိုကြီးက သူ့စကားတွေကို လျစ်လျူရှုနေဆဲဖြစ်သည်။
" မင်း ကောင်းလူကြီးမင်းအပေါ် ငါ့ရဲ့သစ္စာစောင့်သိမှုကို စမ်းသပ်နေတာလား။ ဟားဟား၊ မင်းမှာ ဘာလှည့်ကွက်တွေပဲရှိရှိ ထုတ်သုံးလိုက်။ သူ့ကို သစ္စာဖောက်မလား ကြည့်ရအောင် "
ယဲ့ဖန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ငွေအပ်အိတ်ကို ချက်ချင်း ထုတ်လိုက်ပြီး သူ့မျက်လုံးရှေ့၌ ဝှေ့ယမ်းပြလိုက်သည်။
" နောက်တစ်ခုအနေနဲ့ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံကို ခံစားရလိမ့်မယ်။ ခင်ဗျား ကြာကြာတောင့်ခံနေနိုင်မယ်လို့တော့ မျှော်လင့်တယ် "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် သူ၏ ယင်းထန်သွေးကြောသို့ ငွေအပ်တစ်ချောင်းကို ထိုးလိုက်ပြီးနောက် ပိုင်ဟွေ့သွေးကြော၊ ရှကွမ်းသွေးကြော၊ ထျန်းထုသွေးကြော၊ သာ့ကျွေးသွေးကြောစသည်တို့ကို ဆက်တိုက် ထိုးလိုက်သည်။
အနည်းငယ်ကြာပြီးနောက် သူသည် သွေးကြော သုံးဆယ့်ခြောက်ခုကို ဆက်တိုက်ထိုးဖောက်ပြီးနောက် ရပ်လိုက်သည်။
သူ့လုပ်ရပ်ကိုမြင်ပြီး နင်းလူအိုကြီးသည် ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ဒါက မင်းရဲ့ ဝန်ခံခိုင်းတဲ့ နည်းလား။ ဒါက ကလေးဆန်လွန်းတယ် မဟုတ်ဘူးလား။ ဘယ်သူ့ဆီက သင်ထားတာလဲ။ ဟားဟားဟား ......... "
ရယ်မောရင်း လမ်းတစ်ဝက်မှာပင် သူ့မျက်နှာပေါ်မှ အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။
တစ်စုံတစ်ယောက်မှ သူ့လည်ပင်းအား ရုတ်တရက် ဆွဲကိုင်လိုက်ပြီး အသံမထွက်နိုင်တော့သလိုဖြစ်သွားသည်။
ချက်ချင်းပင် အသက်ရှုကျပ်လာသည်ကို ခံစားလိုက်ရသည်။
သူသည် အဆုံးမဲ့ရေဝဲထဲသို့ ကျသွားသလိုဖြစ်နေသည်။
သူ၏ အမြင်အာရုံများသည်လည်း အမှောင်ထဲသို့ ကျသွားပြီး သူ့အသိစိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မလို ဖြစ်လာသည်။
ဒါက သေတာရဲ့ ခံစားချက်လား။
သူ့ဘဝ၏ လှပမှု၊ နာကျင်မှု၊ ရယ်မောမှုတွေနှင့် မျက်ရည်များက ….... သူ့ရှေ့မှာပင် ပြသနေသည့် ရုပ်ရှင်ကားတစ်ခုလို ပေါ်နေသည်။
သူသည် ဤလောက၌ တွယ်တာစရာ မရှိဘူးဟု သူ ထင်ခဲ့သော်လည်း ယခုအခါ သူ မလုပ်နိုင်ခဲ့သော နောင်တများစွာ ရှိနေကြောင်းကို သိလာခဲ့ရသည်။
ကံမကောင်းစွာဖြင့် အခွင့်အလမ်းမရှိတော့ချေ။
သူသေတော့မည်ဟု တွေးလိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ရေထဲမှရုတ်တရက် ဆွဲထုတ်လိုက်သလို သူ့အသက်ရှူသံက ရုတ်တရက် ပြေလျော့လာသည်။
" ဟူး၊ ဟူး၊ ဟူး ...... "
သူသည် ပြင်းထန်စွာ အသက်ရှူနေသည်။
သို့သော် သူ အသက်ရှုမဝခင်တွင် သူ့ခန္ဓာကိုယ်မှ မီးစတင် လောင်ကျွမ်းသလို ဖြစ်လာပြီး ချက်ချင်း အလွန်ပူပြင်းလာသည်။
မီးလောင်ပြာကျသွားတော့မည်ဟု တွေးလိုက်ချိန်မှာပဲ နှင်းဂူထဲသို့ ပြန်ကျသွားပြန်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးခဲနေသည့် ရေခဲတောင်တစ်ခု ဖြစ်သွားသလို အေးစက်သွားသည်။
" ရပ်…ရပ်။ ငါ … မခံနိုင်တော့ဘူး ...... "
သူသည် ခွန်အားရှိသမျှ သုံးကာ အော်ဟစ် အကူအညီတောင်းလိုက်သည်။
အပိုင်း ( ၆၆၃ )
မိနစ်ဝက်လောက်တောင် မကြာတဲ့ သစ္စာစောင့်သိမှု
ယဲ့ဖန်သည် သူ့လက်ကောက်ဝတ်ပေါ်မှ နာရီကို ကြည့်လိုက်သည်။
" နှစ်ဆယ့်သုံးစက္ကန့်၊ ခင်ဗျားရဲ့သစ္စာစောင့်သိမှုက မိနစ်ဝက်လောက်တောင် မကြာဘူးဘဲ "
ယဲ့ဖန်က ပြောနေရင်း သူ့ခန္ဓာကိုယ်မှ ငွေအပ်များကို ဖယ်ရှားပေးလိုက်သည်။
နင်းလူအိုကြီးသည် ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းမထောင်နိုင်လောက်အောင် ရှက်သွားခဲ့သည်။
သူ့စိတ်ဆန္ဒက မခိုင်မာတာ မဟုတ်သော်လည်း ဒီကလေး၏ နည်းလမ်းတွေက ရက်စက်လွန်းသောကြောင့်ဖြစ်သည်။
တစ်ဖက်က သူ့ကို တစ်ချက်တည်းဖြင့် သတ်လိုက်လျှင်ပင် သူ မျက်မှောင်ကြုတ်နေမှာ မဟုတ်ချေ။
သို့သော် တစ်ဖက်မှ သူ့အား လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားစေရရန် ထိုနည်းလမ်းကို အသုံးပြုခဲ့သည်။
ဘယ်သူမှ သည်းခံနိုင်မှာ မဟုတ်ချေ။
ချန်းရွှမ်သည် ဘေးမှ တိတ်တဆိတ် ကြည့်နေခဲ့သည်။
သူမ အံ့သြလွန်းလို့ မေးရိုးပြုတ်ကျမတတ် ဖြစ်သွားရသည်။
ယဲ့ဖန်၏ လူတွေကို ညှဉ်းပန်းနှိပ်စက်သည့် နည်းလမ်းတွေက တကယ်ကို ကွဲပြားလေသည်။
သူမသည် ထိုလူကို မစာနာနိုင်သော်လည်း နင်းလူအိုကြီး၏ နာကျင်သည့်အမူအရာကို အခုလေးတင် မြင်လိုက်ရ၍ ဘယ်လို ဝေဒနာမျိုး ကြုံခဲ့ရသည်ဆိုတာ သူမ သိနိုင်လေသည်။
ရိုးရှင်းစွာဖြင့် အင်မတန် ကြောက်စရာကောင်းလှသည်။
ယဲ့ဖန်ကို ပြန်ကြည့်မိသောအခါ အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားရသည်။
သူမရှေ့တွင် ရေလိုနူးညံ့သိမ်မွေ့သည့် ဒီကောင်လေးသည် ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်စရာကောင်းလွန်းမည်ဟု မမျှော်လင့်ထားချေ။
ယဲ့ဖန်သည် သူမ၏ ကြောက်ရွံ့မှုကို ခံစားမိပုံရသည်။
ချက်ချင်းပင် လှည့်ကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
" ကိုယ် မင်းကို ကြောက်အောင် လုပ်မိတာလား "
ချန်းရွှမ်က ခေါင်းခါလိုက်သည်။
" အဆင် ...... အဆင်ပြေပါတယ် "
အစပိုင်းတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း ချစ်ရသူ၏ အပြုံးကို မြင်လိုက်ရသဖြင့် ချက်ချင်း စိတ်အေးလက်အေး ဖြစ်သွားသည်။
ဘာပဲဖြစ်ပါစေ သူမနှင့် ရင်းနှီးသည့်ကောင်လေးဖြစ်နေသေးသည်က သူမအတွက် လုံလောက်လေသည်။
ယဲ့ဖန်သည် သူမ၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ပေါ့ပါးစွာ လှုပ်ယမ်းလိုက်သည်။
သူက ဘာမှမပြောဘဲ နင်းလူအိုကြီးကို လှည့်ကြည့်လိုက်သည်။
" အခု ရိုးရိုးသားသား ပြောလို့ရပြီလား။ ကောင်းကျူမင်းရဲ့ ပြစ်မှုသက်သေတွေကို ပေး "
နင်းလူအိုကြီးသည် စိတ်ပြန်လည်တည်ငြိမ်လာပြီဖြစ်သည်။
ယဲ့ဖန်စကားကို ကြားပြီးနောက် ချက်ချင်း ခေါင်းယမ်းလိုက်သည်။
" သူ့ရဲ့ ပြစ်မှုတွေအတွက် သက်သေမရှိဘူး "
" ဘာ "
ယဲ့ဖန်၏ အမူအရာသည် ပြန်မှိုင်းသွားသည်။
" ငါ့ရဲ့ရှင်းပြချက်ကို အရင်နားထောင် ...... "
နင်းလူအိုကြီးသည် သူ့ကို ငွေအပ်တွေကိုနှင့် ထပ်ပြီး ဝန်ခံဖို့ အတင်းအကြပ်သုံးမှာကို ကြောက်သည့်အတွက် သူ့ကို အလျင်စလို တားလိုက်သည်။
သူ့ဘဝတွင် မရေမတွက်နိုင်သော လူများစွာကို သတ်ခဲ့ဖူးသော်လည်း ဤလူငယ်နှင့် ရင်ဆိုင်ရသောအခါ သူ၏ နက်ရှိုင်းသော နှလုံးသားထဲမှပင် တုန်လှုပ်သွားခဲ့ရသည်။
" ငါ့အသက်ကို ကောင်းကျူမင်းက ကယ်ခဲ့တာ။ အဲ့တော့ ငါ သူ့အပေါ် အမြဲတမ်း သစ္စာရှိတယ်။ သူ့အပြစ် သက်သေတွေကို ငါ တမင်တကာ လိုက်ပြီး စုဆောင်းနေခဲ့တာ မဟုတ်ဘူး။ ငါ့မှာ တစ်ခုခုရှိနေရင်တောင် သူ့ကိုသတ်ဖို့ မလုံလောက်ဘူး ..... "
ယဲ့ဖန်က သူ့ကို အကြာကြီး စိုက်ကြည့်နေသည်။
ထိုလူက လိမ်နေပုံ မပေါ်တာကို မြင်လိုက်ရပြီး မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။
" ဒီ ကောင်းကျူမင်းက တကယ်ကို အပြစ်အနာအဆာကင်းတာ ဖြစ်နိုင်ပါ့မလား။ ခြေရာတောင် မကျန်ခဲ့ဘူးလား "
နင်းလူအိုကြီးက ခေါင်းယမ်းလိုက်သည်။
" အဲ့တာ မမှန်ဘူး။ အဓိကကတော့ ကောင်းကျူမင်းက ကျန်းရုကျင်းကို အဲ့ဒီတရားမ၀င်အရာတွေလုပ်ဖို့ ညွှန်ကြားထားလို့ပဲ။ သူက နောက်ကွယ်ကနေပဲ ထိန်းချုပ်တာ။ အဲ့တာကြောင့် သူတို့ရဲ့ သက်သေတွေကို ရှာမယ်ဆိုရင် ကျန်းရုကျင်းကနေ စရလိမ့်မယ် "
ယဲ့ဖန် ရုတ်တရက် သဘောပေါက်သွားသည်။
" ဒါဆို ဒီ ကျန်းရုကျင်းကို ရှာတွေ့တာနဲ့ ကောင်းကျူမင်းရဲ့ ပြစ်မှုဆိုင်ရာ သက်သေ အထောက်အထားတွေကို ဖော်ထုတ်နိုင်မှာပေါ့ "
နင်းလူအိုကြီးက ခေါင်းခါဆဲဖြစ်သည်။
" မဖြစ်နိုင်ဘူးလို့ ထင်တယ် ...... "
ယဲ့ဖန် အနည်းငယ် ဒေါသထွက်သွားသည်။
" ကျန်းရုကျင်းမှာ သူ့ရဲ့ပြစ်မှုဆိုင်ရာ အထောက်အထားတွေရှိတယ်လို့ ခင်ဗျားပဲပြောတာ မဟုတ်ဘူးလား။ အခုကျ မရဘူးလို့ ပြောနေတာလား။ ခင်ဗျား လာကစားနေတာလား "
သူ စိတ်ဆိုးတာကိုမြင်ပြီး နင်းလူအိုကြီးက ပြောသည်။
" ဒီကျန်းရုကျင်းက ကောင်းကျူမင်းရဲ့ ကလေးဘဝကတည်းက သတို့သမီးပဲ။ သူမက သူ့ကို အရမ်းချစ်တာ။ ကောင်းကျူမင်းရဲ့ အပြစ်သက်သေ အထောက်အထားတွေကို သူမဆီက ရဖို့က မဖြစ်နိုင်သလောက်ပဲ။ အဲတာကြောင့်လည်း ကောင်းကျူမင်းက သူ့သက်သေတွေကို သူမဆီ ထားဖို့ အဆင်ပြေတာ "
ယဲ့ဖန် နားလည်သွားပုံရသည်။
တစ်ချို့အမျိုးသမီးတွေက စွဲလမ်းနေချိန်၌ အရမ်းကြောက်စရာ ကောင်းကြသည်။
ထိုအမျိုးသမီးအပေါ် ဒီလူကြီးကို နှိပ်စက်ရာ၌ အသုံးပြုခဲ့သည့်နည်းလမ်းကို သုံးလျှင်ပင် အလုပ်မဖြစ်နိုင်ချေ။
ယဲ့ဖန်က ခေါင်းငုံ့ပြီး တခဏလောက် စဉ်းစားပြီး နင်းလူအိုကြီးကို ပြန်ကြည့်လိုက်သည်။
" ဒါဆို အဲ့ဒီ ကျန်းရုကျင်းက ဘယ်မှာနေလဲ၊ ခင်ဗျားသိလား "
နင်းလူအိုကြီး ခေါင်းယမ်းလိုက်သည်။
" သူ့လိပ်စာမပြောနဲ့၊ ဒီမိန်းမကို သိပ်တောင် မတွေ့ဖူးဘူး။ ကောင်းကျူမင်း ကိုယ်တိုင်ကလွဲပြီး လူတော်တော်များများက မသိမှာကိုတောင် စိုးရိမ်ရတယ် "
ယဲ့ဖန် အဆုံးသတ်သို့ တစ်ဖန်ပြန်ရောက်လာခဲ့သည်။
နောက်ဆုံးတွင် သူသည် အဓိကလူကို ရှာတွေ့ခဲ့သော်လည်း ယခုအခါ သဲလွန်စအားလုံးက ပြန်လည် ပျောက်ဆုံးသွားခဲ့သည်။
နင်းလူအိုကြီးကဲ့သို့ လူကပင် ကျန်းရုကျင်း ဘယ်မှာနေသည်ကို မသိချေ။
ကောင်းကျူမင်းကို ကိုယ်တိုင်ကိုယ်ကျ သွားမေးရမှာလား။
သက်ပြင်းချရင်းဖြင့် ထရပ်လိုက်ပြီး ကောင်တာဆီ လျှောက်သွားကာ ဘောပင်နှင့် စာရွက်ကို ရှာလိုက်သည်။
ယဲ့ဖန်သည် ဆေးစာတစ်စောင်ရေးပြီး နင်းလူအိုကြီးကို ပေးလိုက်သည်။
" ဒီဆေးညွှန်းအတိုင်း သွားဝယ်လိုက်။ တစ်လလောက်ကြာရင် အခြေအနေ ပိုကောင်းလာလိမ့်မယ် "
နင်းလူအိုကြီးသည် ဆေးနည်းကို စိုက်ကြည့်နေရင်း ရုတ်တရက် တုံ့ဆိုင်းသွားသည်။
ယဲ့ဖန်က မထိန်းနိုင်ဘဲ ရယ်မိသည်။
" ဘာလို့လဲ။ ခင်ဗျားကို ဒုက္ခပေးမှာ ကြောက်လို့လား။ ခင်ဗျားရဲ့ဘဝကိုသာ လိုချင်ရင် ဒီလိုလှည့်ကွက်တွေကိုတောင် သုံးနေစရာ မလိုဘူး။ မလိုချင်ရင် မေ့လိုက် "
ယဲ့ဖန်က ပြောသည့်အတိုင်း ဆေးညွှန်းကို ဖျက်ဆီးတော့မည် ဖြစ်သည်။
ထိုအခါ နင်းလူအိုကြီးသည် အမြန်လှမ်းဆွဲပြီး သူ့အိတ်ကပ်ထဲသို့ ဆေးစာရွက်ကို သပ်သပ်ရပ်ရပ် ခေါက်ထည့်လိုက်သည်။
ထို့နောက် ယဲ့ဖန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လေသည်။
" မင်း ငါ့ကို ဘာလို့ ကယ်တာလဲ။ ငါပြန်ကောင်းပြီးရင် မင်းကို လက်စားချေဖို့ ငါပြန်လာမှာကို မင်းမကြောက်ဘူးလား "
ယဲ့ဖန်က ပြုံးလိုက်သည်။
" ခင်ဗျားကလား။ ကျွန်တော်နဲ့ ရှင်းချင်ရင် အချိန်မရွေး လာလို့ရတယ်။ ကျွန်တော့်ဘေးက လူတွေကိုတော့ မထိနဲ့တော့။ အဲ့အခါကျ ခင်ဗျားကို အရှင်မထားဘူး "
နင်းလူအိုကြီးသည် တစ်ဖက်လူမှ သူ့ကို လှောင်ပြောင်နေသော်လည်း ယဲ့ဖန်တွင် သူ့အား လှောင်ပြောင်နိုင်သည့် အချက်ရှိနေမှန်း သူသိသောကြောင့် ငြိမ်ခံနေလိုက်ရသည်။
သူသည် သူ့ရောဂါကြောင့် ရှုံးနိမ့်သွားရသော်လည်း သူ့ရောဂါမရှိပါကလည်း ထိုလူငယ်လေးအား နိုင်မည်မဟုတ်သည်ကို သူ သေချာစွာ နားလည်လေသည်။
ထိုလူငယ်၏ ခွန်အားသည် နားမလည်နိုင်အောင် အားကောင်းပြီး သူ မြင်ဖူးသမျှထဲ အပြင်းဆုံးဖြစ်သည်။
ထို့ကြောင့် သူ စိတ်ရှုပ်ထွေးစွာဖြင့် ရုတ်တရက် မေးလိုက်သည်။
" မင်းက ဆရာသခင်ကြီးအဆင့်လား "
" မဟုတ်ဘူး "
ယဲ့ဖန်က ငြင်းဆန်ကာ ခေါင်းယမ်းလိုက်သည်။
" မင်းက ဆရာသခင်ကြီးအဆင့်လောက် သန်မာပေမဲ့ ဆရာသခင်ကြီးအဆင့် မဟုတ်ဘူးတဲ့လား။ ဒါဆို အဲ့အဆင့်ရှိတဲ့သူက ဘယ်လောက်တောင် တန်ခိုးအင်အားကြီးမှာလဲ "
နင်းလူအိုကြီးသည် သူ့ကိုယ်သူ ရေရွတ်နေပုံရပြီး သူ့မျက်လုံးများတွင် အဆုံးမရှိသော စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နေသည်။
ကိုယ်ခံပညာရှင်တိုင်းသည် ဆရာသခင်ကြီးအဆင့်ကိုရပြီး ဂန္တဝင်ထိပ်တန်းနယ်ပယ်သို့ လှမ်းပြီး အထွတ်အထိပ်သို့ ရောက်ရန် ဆန္ဒရှိကြသည်။
သို့သော် ထိုကဲ့သို့ လုပ်နိုင်သည့်လူများမှာ အမှန်တကယ်ပင် ရှားပါးလှသည်။
သူသည် အလန်သန်မာနေပြီဖြစ်သော်လည်း ယဲ့ဖန် ၏ ထိုးချက် တစ်ချက်ကိုမှပင် မခံနိုင်သောကြောင့် ထိုလူငယ်ကို ဆရာသခင်ကြီးအဆင့်ရှိသူဟု ထင်လိုက်သည်။
သို့သော် တစ်ဖက်သား၏ ငြင်းဆိုသံကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားရပြန်သည်။
ယဲ့ဖန်က တခြားဘာမှ မပြောတော့ချေ။
ချန်းရွှမ်ကို ဆေးခန်းထဲမှ ခေါ်ထုတ်ခဲ့သည်။
" အခု ဘယ်သွားမှာလဲ "
ချန်းရွှမ်က မေးလိုက်သည်။
ယဲ့ဖန်သည် ဘာဖြေရမယ်မှန်း မသိအောင်ပင် ဖြစ်သွားရသည်။
သူသည် သဲလွန်စအဆုံးသတ်ကို ရောက်ခါနီးမှ ခြေရာအားလုံး ပျောက်သွားရပြန်သည်။
သူ ဘယ်သွားရမှာလဲ။
အပိုင်း ( ၆၆၄ )
မဟုတ်တဲ့စကား မပြောနဲ့။
ဘယ်တုန်းက အီစီကလီလုပ်တာလဲ။
ကျန်းရုကျင်း ဘယ်မှာလဲဆိုတာကို နင်းလူအိုကြီးကဲ့သို့ အတွင်းအဖွဲ့ဝင်တောင်မှ မသိသည့်အတွက် အပြင်လူတွေ သိဖို့က ပိုလို့ပင် ခက်လိမ့်မည်ဆိုတာကို ယဲ့ဖန်သိလေသည်။
သို့သော်လည်း သူကြိုးစားရန် ဆုံးဖြတ်ပြီး လော့ကျင်းယွမ်ကို ဖုန်းခေါ်ဆိုခဲ့သည်။
လော့ကျင်းယွမ်ကလည်း ထိုအမျိုးသမီးအကြောင်း သိပ်မသိချေ။
" ငါ သူမနာမည်ကို ကြားဖူးပေမယ့် တစ်ခါမှ မတွေ့ဖူးဘူး။ ဒီအမျိုးသမီးက ကောင်းကျူမင်းရဲ့ အရိပ်လိုပဲ။ သူမရဲ့ ဖြစ်တည်မှုကို လူတိုင်းသိပေမယ့် သူမကို မြင်ဖူးတဲ့သူ သိပ်မရှိဘူး "
ယဲ့ဖန် မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။
" ဒီမိန်းမက အဲ့လောက်တောင် ဆန်းကြယ်တာလား။ သိဖို့လမ်းမရှိဘူးလား "
လော့ကျင်းယွမ်က ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီး ဆက်ပြောသည်။
" မင်းကို ကူညီပေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်မယ်။ ဒါပေမဲ့ မင်း သိပ်မမျှော်လင့်ထားတာ ပိုကောင်းမယ် "
" ကောင်းပြီ၊ သတင်းကို စောင့်နေမယ် "
ယဲ့ဖန် ဖုန်းချလိုက်ပြီးနောက် ကျောင်းဖုလင်ကို ထပ်ခေါ်ပြီး ထိုအမျိုးသမီးအကြောင်း ပိုသိရရန် သူ့အဆက်အသွယ်အားလုံးကို အသုံးပြုခိုင်းလိုက်သည်။
ထိုလူနှစ်ယောက်သည် ယန်းချန်မြို့၌ သူ၏ အသန်မာဆုံး ကူညီသူတွေဖြစ်သည်။
သူတို့တောင် မရှာနိုင်လျှင် တခြားသူတွေကို ပြောစရာတောင် မလိုတော့ချေ။
နာရီဝက်လောက် ကြာပြီးနောက် သူတို့နှစ်ယောက်မှ တူညီသည့်အဖြေကို ပေးလာကြသည်။
" ရှာမတွေ့ဘူး "
ထိုအမျိုးသမီး၏ နောက်ခံနှင့် အသွင်အပြင်မှာ ပျောက်ဆုံးနေသည်။
ဝါသနာလည်း မတွေ့ရ။
လူမှုဆက်ဆံရေးလည်း ဗလာ။
အဝင်အထွက်အားလုံးလည်း ဗလာ။
အတိုချုပ်ပြောရလျှင် နာမည်ကလွဲပြီး တခြားဘာမှ မရှိသလောက်ဖြစ်သည်။
ယဲ့ဖန်သည် ကောင်းကျူမင်း၏ နည်းလမ်းတွေကို မတတ်နိုင်ဘဲ လေးစားမိသည်။
သူသည် လူတစ်ယောက်ကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်လေသည်။
ယန်းချန်မြို့တွင် နှစ်ပေါင်းအများကြီး ကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည်မှာ အံ့သြစရာ မရှိတော့ချေ။
ရီမိသားစု၏ ပံ့ပိုးကူညီမှုအပြင် သူ၏ ကိုယ်ပိုင်ခွန်အားမှာလည်း လျှော့တွက်၍ မရပေ။
ချန်းရွှမ်သည် ယဲ့ဖန် အဆုံးအစွန်ထိ ရောက်နေသည်ကို မြင်လိုက်ရပြီး သူ့နှလုံးသား နာကျင်သွားသည်။
" ရှောင်ဖန်၊ နင် ဒီအမျိုးသမီးကို ရှာမရရင်လည်း ထားလိုက်ပါ။ နောက်တစ်နည်း စဉ်းစားကြည့်ရအောင်။ ကောင်းကျူမင်းက သေချာကြီး သဲလွန်စ မရှိအောင်ထိ ဖုံးဖိထားနိုင်မယ်လို့ ငါ မထင်ပါဘူး "
ယဲ့ဖန်သည် သူမ စိုးရိမ်နေသည်ကို သိသည်။
သူမလက်ကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး သူ့မျက်နှာပေါ် တင်လိုက်သည်။
" စိတ်မပူပါနဲ့၊ ဒီကမ္ဘာမှာ မင်းကောင်လေးကို ဘယ်အရာက တားနိုင်မှာလဲ။ သုံးရက်လောက်ပဲ အချိန်ပေး၊ ကောင်းကျူမင်းကို ရှင်းပစ်မယ်လို့ ကတိပေးတယ်။ ကိုယ် မင်းကို အန္တရာယ်တွေ ထပ်မဖြစ်စေရဘူး။ ကိုယ့်ကို ယုံ "
ချန်းရွှမ်၏ လှပသော မျက်လုံးလေးများသည် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ယန်းချန်မြို့တစ်ခုလုံးတွင် ယဲ့ဖန်မှလွဲ၍ ကောင်းကျူမင်းအား သုံးရက်အတွင်း ဖယ်ရှားနိုင်မည်ဟု ရဲရဲဝံ့ဝံ့ပြောရဲသူ တစ်ယောက်မျှ မရှိနိုင်ပေ။
ဖြစ်နိုင်ခြေက အရမ်းနည်းမှန်း သူမ သိသော်လည်း သူမ ချစ်သူအပေါ် မျက်ကန်းသလောက်ထိ ယုံကြည်မှုရှိလေသည်။
သူမ ခေါင်းလေးကို ချက်ချင်း ငြိမ့်လိုက်သည်။
" နင့်ကို ယုံပါတယ် "
ယဲ့ဖန်သည် ချက်ချင်း သူမ ခေါင်းကို သာသာလေး ခေါက်လိုက်သည်။
" ကိုယ်ပြောသမျှကို ဘာလို့ ယုံနေတာလဲ "
ချန်းရွှမ်သည် ချက်ချင်းပင် နှုတ်ခမ်းစူလိုက်ပြီး သူမခေါင်းကို ပွတ်လိုက်သည်။
" ဟုတ်တယ်။ နင်ပြောသမျှ ယုံမှာပဲ "
ယဲ့ဖန်သည် သူမ၏ နုံအသည့် ပုံစံလေးကြောင့် ချက်ချင်း ရှုံးနိမ့်သွားရသည်။
နောက်ဆုံးတွင် ယဲ့ဖန်သည် စကားတစ်ခွန်းကို ယုံကြည်သွားခဲ့သည်။
အမျိုးသမီးတစ်ယောက်သည် ဉာဏ်ရည်မည်မျှပင် မြင့်နေပါစေ သူမ ချစ်ရသည့်သူရှေ့တွင် ဉာဏ်ရည်အဆင့် သုညပင် ပြန်ဖြစ်သွားလိမ့်မည်။
ချန်းရွှမ်သည် ယခုအခါ ကျုံးဟိုင်မြို့ စီးပွားရေးလောက၏ ဘုရင်မအဖြစ် လူသိများသည်။
ဤကဲ့သို့ လိမ္မာပါးနပ်ပြီး အရည်အချင်းရှိသည့် စီးပွားရေးဘုရင်မသည် သူမချစ်သူရှေ့တွင်တော့ အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေမည်ဟု ဘယ်သူမှ ထင်ကြမည်မဟုတ်ပေ။
" ဟုတ်ပါပြီ၊ တစ်ညလုံး ကိုယ်နဲ့ ပြေးနေရတော့ ပင်ပန်းနေပြီ မဟုတ်လား။ အစ်မကို အရင် ပြန်ပို့ပေးမယ် "
" အင်း၊ ပြန်စို့ "
Blue Charm Night သည် အနက်ရောင် ညကောင်းကင်တွင် ခရမ်းရောင် အလင်းတန်းတစ်ခုလိုပင် ပြေးလွှားနေသည်။
..................................
ချန်းရွှမ်ကို ဟိုတယ်သို့ ပြန်ပို့ပြီးနောက် ယဲ့ဖန်သည် အံကြိတ်လျက် ချန်းရွှမ်မှ နေခိုင်းသည်ကိုပင် ငြင်းဆိုပြီး ဟိုတယ်ထဲက ထွက်လာခဲ့သည်။
ကျန်းရုကျင်းကို ရှာတွေ့ရန် အခွင့်အလမ်း နည်းနေမှန်း သူသိသော်လည်း အချိန်အကြာကြီး နှောင့်နှေးမည်ကို စိုးရိမ်သောကြောင့် ထပ်ကြိုးစားချင်သေးသည်။
အကယ်၍ ကောင်းကျူမင်းသည် အားလုံးက ကျန်းရုကျင်း၏ တည်နေရာကို ရှာဖွေနေကြမှန်းသိပါက ထိုအမျိုးသမီးကို ပို၍ လူမသိအောင် ဖုံးကွယ်ထားလိမ့်မည်ဖြစ်သည်။
ထိုအခါ သဲလွန်စ လုံးဝဖြတ်တောက်သွားနိုင်ဖွယ်ရှိသည်။
သို့သော် သူမအား ဘယ်လိုရှာရမယ်မှန်း မသိချေ။
ယန်းချန်မြို့ကဲ့သို့သော မြို့ကြီးတစ်မြို့၌ လူတစ်ယောက်ကို ရှာဖွေခြင်းသည် ကောက်ရိုးပုံထဲတွင် အပ်တစ်ချောင်းကို ရှာဖွေခြင်းနှင့် တူလေသည်။
အကြံအစည် ကုန်နေချိန်တွင် ကျူးရှောင်ကျောင်းထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။
ခေါ်ဆိုသူအမည်ကို တွေ့သောအခါ ယဲ့ဖန် တုံ့ဆိုင်းသွားသည်။
ကျူးရှောင်ကျောင်းအား အကူအညီတောင်းရန် ယဲ့ဖန် တကယ်ပင် စဉ်းစားခဲ့မိသေးသည်။
ဤမိန်းကလေးသည် ယခင်က ပြသခဲ့သော ခွန်အားများအရ သူမသည် အမှန်တကယ်ပင် အကူအညီဖြစ်နိုင်သည်။
သို့သော် အတိအကျပြောရလျှင် ဤမိန်းကလေး၏ နောက်ခံကို ယဲ့ဖန် အနည်းငယ်ကြောက်သွားသောကြောင့်ဖြစ်သည်။
အကယ်၍ ကျူးရှောင်ကျောင်းသည် သူ့ကြောင့် ယနေ့ကဲ့သို့ အန္တရာယ်ရှိသော အခြေအနေ ထပ်ရောက်သွားပါက သေနတ်သမား၏ ကျည်ဆန်သည် နောက်တစ်ကြိမ်တွင် သူ့ခေါင်းကို ထိသွားပေလိမ့်မည်။
ဖုန်းမချခင် ခဏလောက် တုံ့ဆိုင်းနေသည်။
သို့သော် မမလေးကျူးသည် ဇွဲလုံ့လ ရှိလှသည်။
ဖုန်းချလိုက်ပြီးသည်နှင့် ထပ်ခေါ်လေသည်။
ယဲ့ဖန်သည် အကြိမ်အနည်းငယ်ဆက်တိုက် ငြင်းဆိုခဲ့ပြီး တစ်ဖက်လူက သူနှင့် ပြိုင်နေပုံရသည်။
အချိန်တိုင်း သူမက ပြန်ခေါ်သည်။
ဖုန်းကိုင်လိုက်ဖို့က လွဲပြီး တခြားရွေးချယ်စရာမရှိတော့ချေ။
" မင်း ရူးနေတာလား။ ညဘက်ကြီး ဘာလို့ခေါ်နေတာလဲ "
ကျူးရှောင်ကျောင်းသည် သူ၏ ဆူပူကြိမ်းမောင်းမှုကြောင့် အံ့အားသင့်သွားခဲ့သည်။
သူမ စက္ကန့်အနည်းငယ်လောက် ခေတ္တရပ်လိုက်ပြီး ပြန်အော်လိုက်သည်။
" ယဲ့ဖန်၊ နင် လူယုတ်မာ။ နင် ငါ့ကို တကယ် စကားမပြောတော့ဘူးလား။ နင့်ကို စိတ်ပျက်အောင် ငါက ဘာလုပ်မိလို့လဲ။ နင့်ငါ့ကို ဘာလို့ ဒီလိုလုပ်တာလဲ။ တခြားသူတွေနဲ့ အီစီကလီလုပ်ပြီးတိုင်း စွန့်ပစ်လိုက်တာလား။ နင် ယောက်ျားမှ ဟုတ်သေးရဲ့လား ...... "
အသည်းနှလုံးမရှိသောလူကို အပြစ်တင်နေသကဲ့သို့ သူမ၏ အသံသည် အဆုံးမရှိသော ခါးသီးမှုများနှင့် ပြည့်နှက်နေသည်။
ယဲ့ဖန် နားထောင်လေလေ တစ်ခုခုမှားနေပြီဟု ခံစားရလေလေဖြစ်သည်။
သူက အမြန် ဖြတ်ပြောလိုက်သည်။
" လျှောက်မပြောနဲ့။ ဘယ်တုန်းက အီစီကလီ လုပ်လို့လဲ။ မင်းကမှ လိုက်နှောင့်ယှက်နေတဲ့သူ မဟုတ်ဘူးလား "
" ငါ ဂရုမစိုက်ဘူး။ နင်ငါ့ကို အဆုံးထိ တာဝန်ယူပေးရမယ် "
" ............ "
ယဲ့ဖန်သည် ပါးစပ်မှ သွေးများ အန်ထွက်မတတ် ဖြစ်နေရသည်။
" ငါဘာမှမလုပ်တာကို ဘာလို့ တာဝန်ယူရမှာလဲ "
ကျူးရှောင်ကျောင်းက ချက်ချင်း အော်လိုက်သည်။
" နင် ဒီလိုပြောရဲသေးတာလား။ အဲ့ဒီညက မြက်ခင်းပြင်ပေါ်မှာ နင်ငါ့ကို အနိုင်ကျင့်ပြီး အခု ငြင်းချင်နေတာလား "