← Chapters

သည်းမခံနိုင်လောက်အောင် မောက်မာခြင်း

Vol. 144 Ch. 2054

သည်းမခံနိုင်လောက်အောင် မောက်မာခြင်း

Vol. 144 Ch. 2054

နင်ဟွာနှင့် ကျုံးချန် နှစ်ယောက်လုံးက အလွန် အစွမ်းထက်ကြသည်။ သူတို့နှစ်ယောက်လုံးက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် အဆင့်ခုနှစ် ရန်ဟောင်များ ဖြစ်ကြ၏။ မဟာလမ်းစဥ်စွမ်းအားများက သူတို့ နှစ်ယောက်လုံးထံမှ ပေါက်ကွဲထွက်လာသည်။ နတ်အလင်းတို့က ကျယ်ပြောသော လေဟာနယ်ကို ဝန်းရံထား၏။

အဆုံးမဲ့ ချိပ်စည်းနတ်အလင်းတို့က လေဟာနယ်ကို လွှမ်းခြုံထား၏။ ကောင်းကင်ထက်တွင် နတ်ဘုရားချိပ်ပိတ်သင်္ကေတများ ပေါ်ပေါက်လာသည်။ ၎င်းသည် ကောင်းကင်မြစ်တစ်စင်းကဲ့သို့ စီးဆင်းလာပြီး ကျုံးချန်ထံသို့ ပြေးဝင်သွားသည်။

ကျုံးချန်ကို ဗဟိုပြုကာ မရေတွက်နိုင်သော ကျောက်စာချပ်များက သူ့အား ရစ်ပတ်လာသည်။ အဆုံးမဲ့ လေဟာနယ်အတွင်း ကျောက်စာချပ်များနှင့် လွှမ်းခြုံခံထားရသည်ဟု ထင်မှတ်ရသည်။

ဘုန်း...

နတ်ကျောက်စာချပ်များက မတူညီသော နေရာများမှာ ဆင်းသက်လာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံးကို ဖိနှိပ်ထားခဲ့သည်။ ယင်းသည် လေဟာနယ်အတွင်း၌ ပြိုင်ဘက်ကင်း မဟာလမ်းစဥ် ဖိနှိပ်ခြင်းစွမ်းအားများနှင့် ပြည့်နှက်နေစေသည်။ ကောင်းကင်ထက်တွင် ကျောက်စာချပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက အလွန်ရှေးကျပြီး ကောင်းကင်စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။ ယင်းက အောက်သို့ ကျဆင်းလာကာ နင်ဟွာထံသို့ တိုးဝင်သွားသည်။

သူတို့ အနီးရှိ လောကကြီးက တုန်ခါနေ၏။ သူတို့အနီးမှ မဟာလမ်းစဥ်စွမ်းအားများက ဝေးကွာကျယ်ပြန့်သော နေရာအထိ  ပျံနှံ့နေသည်။ ကောင်းကင် ကျောက်စာချပ်ကြီးက အောက်သို့ ထိုးဆင်းလာကာ လေဟာနယ်ကို ဖိနှိပ်လိုက်သည်။ ကြည့်ရသည်မှာ မည်သူကမှ ၎င်းကို မတားဆီးနိုင်သကဲ့သို့ ထင်မှတ်ရသည်။

သို့သော် နတ်အလင်းများဖြင့် ဝန်းရံခံထားရသည့် နင်ဟွာက မျက်တောင်တစ်ချက်ပင် မခတ်ပေ။ သူ၏ မျက်နှာထက်တွင် ဝင့်ကြွားသော အကြည့်တို့ရှိနေ၏။ သူက အရာအားလုံးကို အထင်သေးနေပုံ ရလေသည်။ သူသည် သူ့ထံသို့ ကျဆင်းလာသော မဟာလမ်းစဥ်ကောင်းကင် ကျောက်စာချပ်အား ​တစ်ချက်လှမ်း​​ကြည့်လိုက်၏။ သူက လက်ကိုဆန့်ထုတ်လိုက်လျှင် အဆုံးမဲ့ချိပ်စည်းနတ်အလင်းတို့က သူ့ကို ဝန်းရံလာခဲ့သည်။ မရေတွက်နိုင်သော ချိပ်စည်းသင်္ကေတို့က သူ၏ လက်အနီးတွင် ကခုန်နေကြ၏။

နောက်တခဏတွင် နင်ဟွာက ရှေ့သို့ ခြေလှမ်းလိုက်ကာ ချက်ချင်းပင် သူ့ထံသို့ ကျဆင်းလာသော ကောင်းကင်ကျောက်စာချပ်ထံသို့ လမ်းလျှောက်သွားသည်။ သူက လက်ချောင်းကို မြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်၏။

နတ်ဘုရားချိပ်ပိတ်မန္တာန်ဟု ကျော်ကြားသော စွမ်းအားများက အဆက်မပြတ်ထွက်ပေါ်လာသည်။ သူသည် နတ်ဘုရားချိပ်ပိတ်မန္တာန်ကို အသုံးပြု၍ နတ်ဘုရားချိပ်စည်း လက်ချောင်းအား ဖန်တီးလိုက်သည်။ ၎င်း၏ စွမ်းအားက ခန့်မှန်း၍ မရနိုင်အောင်ပင်ဖြစ်သည်။

နတ်ဘုရားချိပ်ပိတ် လက်ချောင်းကို ထုတ်လွှတ်လိုက်သည့်အခါ အဆုံးမဲ့ ချိပ်စည်းနတ်အလင်းတို့က အပြင်ဘက်သို့ ဖြာထွက်လာခဲ့ပြီးကောင်းကင် ကျောက်စာချပ်ဆီသို့ တိုးဝင်ကာ စိမ့်ဝင်ပျံနှံ့သွားခဲ့သည်။ လက်ချောင်းဆင်းသက်လာသည့်အခါ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွား၏။ ကောင်းကင်ကျောက်စာချပ်က အဆက်မပြတ် ပြင်းထန်စွာ တုန်ခါနေသည်။ ၎င်းက ရှေ့ဆက်လာနေရာမှာ ရပ်တန့်သွား၏။ ၎င်း ဖြတ်သန်းလာနေခဲ့သည့် လေဟာနယ်က အပြီးတိုင် ချိပ်ပိတ်ခံထားလိုက်ရသလို ထင်နေပေသည်။

ကျယ်လောင်သော တုန်ခါသံများကို ကြားလိုက်ရ၏။ ကောင်းကင်ကျောက်စာချပ်က ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ အဆုံးမဲ့ နတ်အလင်းတို့က ဖြာဆင်းလာပြီး ဖိနှိပ်ခြင်းစွမ်းအားတို့ ဖွဲ့တည်ကာ နင်ဟွာက ဖိနှိပ်ရန် ကြိုးစားလိုက်၏။ နင်ဟွာ၏  ခန္ဓာကိုယ်အနီးတဝိုက်ရှိ နေရာမှ အကြွင်းမဲ့ချိပ်စည်း နယ်မြေတစ်ခုဖြစ်ပေါ်လာသည်။ ၎င်းက ထိုးဖောက်၍ မရနိုင်အောင်ပင် ဖြစ်လေသည်။

ကျုံးချန်က ၎င်းကို မြင်သည့်အခါ သူ၏ လက်များကို အသုံးပြု၍ ချိပ်စည်းသင်္ကေတကို ပုံဖော်လိုက်သည်။ မရေတွက်နိုင်သော နတ်ကျောက်စာချပ်များက တုန်ခါလာပြီးနောက် မြေပြင်မှ ကြွတက်လာခဲ့သည်။ ၎င်းတို့က လေဟာနယ်ကို ရစ်ပတ်နေပြီး နင်ဟွာဆီသို့ တိုးဝင်သွား၏။

နင်ဟွာက ထိုနတ်ကျောက်စာချပ်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်များထဲတွင် ဝင့်ကြွားခြင်းများ ရှိနေဆဲပင် ဖြစ်သည်။ သူက လေထဲသို့ ခြေလှမ်းလိုက်၏။ နတ်စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို မဟာလမ်းစဥ်နတ်ခန္ဓာတစ်ခုဖြစ်လာစေသည်။ သူဖြတ်သန်းသွားသမျှ နေရာတိုင်းမှာ မဟာလမ်းစဥ်က ချိပ်ပိတ်ခံလိုက်ရသည်။ သူ၏ လက်များကို လှုပ်ရှားလိုက်ပြီးနောက် လက်ဝါးရိုက်ချက်တစ်ခုက ရှေ့သို့ တည့်မတ်စွာ ထွက်လာသည်။ မရေတွက်နိုင်သော ချိပ်စည်းသင်္ကေတများက ပျံသန်းလာကြ၏။ သင်္ကေတ တစ်ခုချင်းစီတွင် အစွမ်းထက်သော မဟာလမ်းစဥ်စွမ်းအားများ ပါဝင်နေပြီး ထိုလေဟာနယ်ကို ဖိနှိပ်ထားခဲ့သည်။

"ချိပ်ပိတ်လိုက်။" နင်ဟွာက ထိုစကားလုံးများကို ရေရွတ်လိုက်သည်။

သူပြောပြီးသည်နှင့် ကြီးမားသော သင်္ကေတ ကြီးက ကျောက်စာချပ်ပေါ်သို့ ဆင်းသက်သွားသည်။ ကျောက်စာချပ်က ချက်ချင်းပင်နေရာ၌ အေးခဲသွား၏။ ကျောက်စာချပ်ကို မဟာလမ်းစဥ်အလင်းတို့က လှည့်ပတ်နေဆဲ ရှိသော်လည်း ၎င်းက လွတ်လပ်စွာ ချိုးဖောက်နိုင်စွမ်းမရှိပေ။ သင်္ကေတက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ပုံနှိပ်ထားခဲ့သကဲ့သို့ဖြစ်ကာ လေဟာနယ်အား ပိတ်ဆို့တားဆီးလိုက်သည်။

မရေတွက်နိုင်သော သင်္ကေတများပျံသန်းထွက်လာပြီး ကျောက်စာချပ်များ၏ ဝန်းကျင်တွင် ပိတ်ဆို့တားဆီးကာ ၎င်းတို့၏ လမ်းကြောင်းများကို ရပ်တန့်စေလိုက်သည်။ ၎င်းတို့၏ နတ်အလင်းများက ကောင်းကင်တစ်ခွင်လုံး၌ ပြည့်နှက်လာလျှင်ပင် ယင်းတို့က အနည်းငယ်မျှပင် ချိပ်ပိတ်ထားခြင်းအား ချိုးဖောက်နိုင်ခြင်းမရှိခဲ့ပေ။  အကြွင်းမဲ့ ချိပ်စည်းနယ်မြေက နင်ဟွာ၏ ထိန်းချုပ်မှုအောက်၌ အပြည့်အဝ ကျရောက်နေခဲ့သည်။

ကျုံးချန်၏ ခန္ဓာကိုယ်မှ မဟာလမ်းစဥ်စွမ်းအားများ ဖြာထွက်လာသော်လည်း သူသည် အက္ခရာသင်္ကေတများကို လှုပ်ခတ်သွားအောင် လုပ်နိုင်စွမ်းမရှိခဲ့ပေ။ ကျုံးချန်သည် သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးက နင်ဟွာထပ် နိမ့်ကျသည်ကို နားလည်သ​ဘောပေါက်ထားသည်။ ယခင်က တုန်းဟွာကျောင်းတော်၏ စမ်းသပ်ချက်အတွင်း သူ၏ နတ်ဝင်ရိုးက အဆင့်ငါးသာရှိသော်လည်း နင်ဟွာ၏ နတ်ဝင်ရိုးမှာ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအတွင်း၌ အလင်းလွှာခြောက်လွှာကို ထုတ်ဖော်ပြသနိုင်စွမ်းရှိခဲ့သည်။ ရီဖူရှင်း၏ နတ်ဝင်ရိုးသာလျှင် နင်ဟွာကို ယှဥ်ပြိုင်နိုင်ရန် အခွင့်အရေးရှိပေလိမ့်မည်။ သို့သော် ရီဖူရှင်း၏ ကျင့်ကြံခြင်းအဆင့်က နင်ဟွာထက်ပို၍ နိမ့်သည်။ ထို့ကြောင့် သူတို့က အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သူတို့က အဆင့်တူ၌ ရှိနေခြင်း မဟုတ်ကြပေ။

နင်ဟွာက ကျုံးချန်ကို ကြည့်လိုက်သည်။ သူတို့၏ အကြည့်များက လေဟာနယ်အတွင်းတွင် ထိပ်တိုက်တွေ့ဆုံသွားကြ၏။ ကြောက်မက်ဖွယ်မဟာလမ်းစဥ်စွမ်းအင်လှိုင်းများက သူတို့၏ အလယ်တွင် ချက်ချင်း ထိခတ်သွားသည်။  ကျုံးချန်က နင်ဟွာ၏ မျက်လုံးများမှ ပြိုင်ဘက်ကင်းစွမ်းအားများ ထုတ်လွှတ်လိုက်သည်ကို ခံစားမိလိုက်သည်။ နင်ဟွာက လောကကြီးအား ငုံ့ကြည့်နေပြီး သူ၏ စွမ်းအားများက အရာအားလုံးကို လွှမ်းမိုးထားသကဲ့သို့ ထင်မှတ်၏။သူ၏ ကျူးကျော်လာသော စွမ်းအားများကို မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ကြောက်မက်ဖွယ်ချိပ်စည်း နတ်အလင်းများက ကျုံးချန်၏ မျက်လုံးများထဲသို့ ကျူးကျော်လာပြီး သူ၏ စိတ်နှင့်စွမ်းအားများအတွင်း စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။ ၎င်းသည် ကျုံးချန်အပေါ်တွင်  ကြီးစွာသော သက်ရောက်မှု ဖြစ်စေ၏။ ထို့နောက် အသံတစ်ခုက ပြောလိုက်သည်။

"မင်းက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားပြီး မင်းရဲ့စွမ်းရည်ကလည်း မဆိုးဘူး။ ဒါပေမယ့် ငါ့ရဲ့လမ်းကို ဝင်တားဆီးဖို့တော့ အရည်အချင်းမမီသေးဘူး။" လွှမ်းမိုးနိုင်စွမ်းရှိသော အသံတစ်ခုက ပြောလိုက်သည်။ ထိုအသံတွင် သည်းခံ၍ မရနိုင်လောက်အောင် မောက်မာမှုများ ပါဝင်နေ၏။ ထိုသို့ ပြောပြီးသည်နှင့် နင်ဟွာက လက်ချောင်းကို ကောင်းကင်သို့ ညွှန်လိုက်သည်။ ထိုလက်ချောင်း ဆင်းသက်လာသည်နှင့် ကျုံးချန်သည် ၎င်းက အဆုံးမဲ့ ကြီးမားလှသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်းက ချက်ချင်းပင် သူ၏ စိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ထိုနောက် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။

ဘန်း...

ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ နတ်ဘုရားချိပ်ပိတ် လက်ချောင်းက အလွန် အစွမ်းထက်သော တိုက်ခိုက်မှု တစ်ခုဖြစ်သည်။ ၎င်းက ကျုံးချန်ကို ညည်းညူမိစေသည်။ သူ၏ မဟာလမ်းစဥ်စွမ်းအားများက ပျက်စီးသွားခဲ့ပြီး သူ့ပုံရိပ်က ချက်ချင်းလွင့်စင်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးကွက်များ ပေါ်ပေါက်လာ၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ ချီက ပရမ်းပတာ ဖြစ်နေခဲ့သည်။

သူ့မျက်နှာက ဖြူ​ဖျော့နေပြီး အဝေးမှ နင်ဟွာကို ကြည့်လိုက်သည်။ နင်ဟွာက လေထဲတွင် ရပ်လိုက်ပြီး ကျုံးချန်ကို အထင်အမြင်သေးစွာနှင့် ကြည့်နေ၏။ ကျုံးချန်သည် တုန်းဟွာနယ်မြေအတွင်းမှ အထူးချွန်ဆုံး ပုဂ္ဂိုလ်လေးယောက်ကို မည်သို့ အကဲဖြတ်ထားသည်အား ပြန်စဥ်းစားလိုက်မိသည်။ နင်ဟွာက သူ၏ ကိုယ်ပိုင်အဆင့်အတန်းကို ပိုင်ဆိုင်ထားစဥ်၌ အခြားသုံးယောက်က အနိမ့်ပိုင်းအဆင့်၌သာ ရှိသည်။

မည်သူက သူ့ကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်နည်း။

နင်ဟွာက တုန်းဟွာနယ်မြေမှ အထူးချွန်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျုံးချန်သည် နယ်မြေသခင်နင်က အလွန် ရည်မှန်းချက်ကြီးမားသည်ကို စတင်သတိပြုမိလိုက်သည်။ သူက တုန်းဟွာနယ်မြေအား အုပ်စိုးသော နယ်မြေသခင်ဖြစ်သော်လည်း လက်ရှိအခြေအ​နေကို စိတ်ကျေနပ်ခြင်းမရှိဘဲ ထိုနေရာ၌ ရပ်တန့်နေရန် ဆန္ဒမရှိပုံပေါ်သည်။ တုန်းဟွာနယ်မြေတစ်ခုလုံးကို သူ့လက်ထဲ၌ လွှမ်းမိုးချုပ်ကိုင်ချင်နေသည်။ နင်ဟွာက အနာဂတ်တွင် အထွတ်အထိပ်သို့ ရောက်သောအခါ သူတို့ထံ၌ အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်နှစ်ဦး ရှိလာလိမ့်မည်။ ထိုအချိန်သို့ ရောက်သည့်အခါ သူတို့သည် တုန်းဟွာနယ်မြေတွင်သာ မကပဲ ကောင်းကင်ဒေသတစ်ခုလုံး၏ ထိပ်ဆုံး၌ ရပ်တည်နိုင်ပေလိမ့်မည်။

သူက ကျုံးချန်ကို ကြည့်ပြီးနောက် ရီဖူရှင်းထံသို့ ကြည့်လိုက်သည်။ တုန်းဟွာကောင်းကင်၌ အထူးချွန်ဆုံးပုဂ္ဂိုလ်လေးဦးရှိသည်ဟု ပြောသော်လည်း နင်ဟွာက အခြားလူများကို လေးနက်စွာ မှတ်ယူခဲ့ခြင်း မရှိပေ။ ဟွမ်းနှင့် ကျုံးချန် မည်သူကမှ သူ့ကို ယှဥ်နိုင်စွမ်းရှိကြလိမ့်မည် မဟုတ်ပေ။ သူ့ကို ယှဥ်နိုင်သည့် သူများမှာ ကောင်းကင်ဒေသ၏ အခြားနယ်မြေများ၌သာ ရှိလိမ့်မည်ဖြစ်ပြီး တုန်းဟွာနယ်မြေတွင် ရှိမည် မဟုတ်ပေ။

သူက တုန်းဟွာနယ်မြေအတွင်း လက်ရှိအထူးချွန်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ အနာဂတ်တွင် သူက တုန်းဟွာနယ်မြေ၏ ခေါင်းဆောင်ဖြစ်လာလိမ့်မည်။

"မင်းက စည်းမျဥ်းတွေကို လိုက်နာဖို့ ငြင်းဆန်ခဲ့ပြီးတော့ လျှို့ဝှက်နယ်မြေထဲမှာ လူသတ်မှု ကျူးလွန်ခဲ့တယ်။ မင်းရဲ့ ပြစ်ဒဏ်ကို စောင့်ဆိုင်းနေရတဲ့ ကာလအတွင်းမှာ အချုပ်ထဲ ထည့်ထားရလိမ့်မယ်။ ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်းကိုလည်း ချိပ်ပိတ်ထားရလိမ့်မယ်။" နင်ဟွာက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ သူ၏ လေသံက အေးစက်ကာမောက်မာလှ၏။ သူကအလွန်ပင် မော်ကြွားနေခဲ့သည်။

အဝေးမှ တန်ခိုးရှင်များက သူတို့ထံ ချဥ်းကပ်လာသည်။ သို့သော် နင်ဟွာက ထိုသူများကို လျစ်လျူကာ အမိန့်ပေးလိုက်၏။ "သူ့ကို အချုပ်ထဲ ခေါ်သွားလိုက်။"

သူက ပြောပြီးသည်နှင့် တုန်းဟွာနယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များက ​ရှေ့ထွက်လာကာ ရီဖူရှင်း၏ အနီးသို့ ချဥ်းကပ်လာကြ၏။

ရီဖူရှင်းက နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များ သူ့ထံ လျှောက်လာသည်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက  အလွန်ရုပ်ဆိုးနေသည်။ သူက ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်အား ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့် သူသည် နယ်မြေသခင်အိမ်တော်တို့ ဝင်ရောက်ရန် တုန်းဟွာအခမ်းအနား၌ ပါဝင်ခဲ့ခြင်းဖြစ်၏။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကောင်းကင်ဒေသတွင် သူက ခြေကုပ်ယူနိုင်လိမ့်ဖြစ်ပြီး လင်းရှောင်နန်းတော်ဖြစ်စေ ရှေးဟောင်းတော်ဝင်ယန်မိသားစုဖြစ်စေ သူ့အား ထိနိုင်လိမ့်မည် မဟုတ်ဟု တွေးထင်ခဲ့သည်။

သို့သော် သူဝင်ရောက်ချင်သည့် အင်အားစုက အရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်နေသူဖြစ်နေမည်ဟု သူ မည်သို့ ထင်ခဲ့ပါမည်နည်း။ တုန်းဟွာနယ်မြေအိမ်တော်က အမှန်တကယ်ပင် နောက်ကွယ်မှ ကြိုးကိုင်နေခဲ့ခြင်း ဖြစ်သည်။ သူက ထိုအိမ်တော်သို့ ဝင်ရောက်ခြင်းမှာ ကျားရဲခံတွင်းသို့ လမ်းလျှောက်ဝင်သွားသည်နှင့် ဆင်တူပေသည်။

နင်ဟွာ၏ စွမ်းရည်က အလွန် အစွမ်းထက်လှသည်။ မည်သူကမှ သူ့ကို ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားသော အင်အားစုနှစ်ခုမှာ ထိပ်သီးအင်အားစုများရှိနေသည်။  ရီဖူရှင်းက ထွက်ပြေး လွတ်မြောက်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ သူက အချုပ်ထဲသို့ ရောက်သွားသည့်အခါ မည်သူမဆို အကျိုးဆက်ကို မှန်းဆနိုင်လိမ့်မည်။ နယ်မြေသခင်က ထိုဖြစ်ရပ်တစ်ခုလုံးကို ချုပ်ကိုင်နေသည် ဆိုကတည်းက သူတို့က သူ့အား အလွယ်တကူလွှတ်​ပေးလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အစစ်အမှန် ဆက်ခံသူ ဖြစ်နေခဲ့ပေသည်။

"ငါနဲ့လိုက်ခဲ့။" ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ အနားတွင် တီးတိုးပြောဆိုသံ တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုအသံ ထွက်လာသည်နှင့် မျက်စိကျိန်းလောက်ဖွယ်အလင်းတန်းတစ်ခုက ထိုးထွက်လာ၏။ လူအများက မျက်လုံးများပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားသည်။ ရီဖူရှင်းထံသို့ လျှောက်လှမ်းနေကြသည့် နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် သူတို့ပေါ် တောက်ပလာသော အလင်းများကြောင့် မျက်လုံးများ ပြာဝေသွားကြ၏။ သူတို့ မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ ရီဖူရှင်း၏ ခန္ဓာကိုယ်က အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အလင်းတန်းတစ်ခုက အဝေးတွင် ထွက်ပေါ်လာခဲ့၏။

"ရဲတင်းလိုက်တာ။" နင်ဟွာက အော်ဟစ်လိုက်သည်။ သူ၏ စွမ်းအားများက အလင်းတန်းဆီသို့ ထိုးထွက်သွားသည်။ ခြေတစ်လှမ်းနှင့် သူက လေဟာနယ်ကို ဖြတ်သန်းရောက်ရှိသွားခဲ့ပြီး သူက လက်ကို ဆန့်ထုတ်ကာ လေထဲသို့ဆွဲလိုက်၏။ ချက်ချင်းပင် ချိပ်စည်းနတ်အလင်းက ကျယ်ပြောသော လေဟာနယ်ကို လွှမ်းခြုံလာခဲ့ကာ သူက ထိုအဝေးတစ်နေရာမှ အလင်းဆီသို့ ဆုပ်ဆွဲလိုက်သည်။

သူက လက်ဝါးကို ပြန်၍ ဆွဲဆုပ်ကာ လေဟာနယ်အားချိပ်ပိတ်လိုက်သည်။ သို့သော်လည်း အဝေးတွင် အလင်းတန်းတစ်ခုကိုသာ နောက်တွင်ချန်ထားရစ်ခဲ့ပြီး မည်သည့်ပုံရိပ်မှ ရှိမနေပေ။

သူတို့က ထိုမျှ လျင်မြန်သည်လားဟု လူအများက အံ့သြထိတ်လန့်စွာပင် တွေးလိုက်ကြသည်။

"သူတို့က ဝိညာဥ်ရတနာကို သုံးသွားခဲ့တာ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ထိုသူက ဝိဉာဥ်ရတနာအား အသုံးပြုသွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က ထိုမျှ အရှိန်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့သည် ရီဖူရှင်းအား အဝေးခေါ်ဆောင်သွားသည့် လူက မည်သူဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။

ယခင်က သူသည် တုန်းဟွာနယ်မြေ၏ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မကြာသေးခင်က သူသည် တုန်းဟွာအခမ်းအနားအတွင်း၌ ရီဖူရှင်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့သည်။ သူက တုန်းဟွာကျောင်းတော်ဖြစ်စေ နယ်မြေသခင် အိမ်တော်ကိုဖြစ်စေ ဝင်ရောက်ခြင်း မပြုခဲ့ပေ။ ထိုသူက ချန်ယိပင် ဖြစ်၏။

တောင်ကြောတလျှောက်တွင် စွမ်းအားများက ပိတ်ဆို့တားဆီးခံထားရ၏။ အလင်းတန်းတို့က တောင်တန်းကို ဖြတ်ကာ လျင်မြန်စွာ ခရီးဆက်နေပြီး နင်ဟွာမှာ ၎င်းက မည်သည့်နေရာသို့ သွားနေသည်အား မသိသည့်အတွက် ဖမ်းရခက်နေသည်။ ထိုအဖြစ်က နင်ဟွာ၏ အကြည့်တို့ကို အေးစက်သွားစေ၏။

သူက အေးစက်သော အရှိန်အဝါတို့ကို ထုတ်လွှတ်ရင်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျန်တန်ခိုးရှင်များကို ကြည့်လိုက်သည်။

"ရီလျှို့နျန်က စည်းမျဥ်းတွေကို ဖောက်ဖျက်ပြီး လျှို့ဝှက်နယ်မြေထဲမှာ လူသတ်မှု ကျူးလွန်ခဲ့တယ်။ ခင်ဗျားတို့အားလုံးက စည်းမျဥ်းကို ထိန်းသိမ်းဖို့ မကူညီရုံတင်မကဘူး။ သူ့ကို ထွက်ပြေးလွတ်မြောက်ဖို့ပါ ကူညီခဲ့တယ်။ ခင်ဗျားတို့နဲ့ ဘယ်လိုရင်ဆိုင်သင့်လဲ။" နင်ဟွာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို အေးစက်သော အကြည့်နှင့် ကြည့်ကာ ပြောလိုက်သည်။ သူ၏ အသံက အထက်စီးဆန်နေဆဲပင် ဖြစ်သည်။ လီချန်ရှန်း၊ ကျုံးချန်နှင့် အခြားလူများသည် နင်ဟွာနှင့် တန်းညီနိုင်သူ မည်သူမှ မရှိဟု ခံစားလိုက်ရသည်။ သူက တုန်းဟွာနယ်မြေအတွင်း မည်သည့်တန်ခိုးရှင်ကိုမှ လေးနက်စွာ မှတ်ယူထားခြင်း မရှိပေ။

"ဒုနယ်မြေသခင်၊ ခင်ဗျား သူ့ကို အချုပ်ထဲ မထည့်ခင် အမှန်တရားကိုတောင် မစုံစမ်းခဲ့ဘူး။ အဲဒီလိုဆိုမှတော့ ဘာပြောပြော ခင်ဗျားလုပ်ချင်တာ လုပ်မှာပဲမလား။" လီချန်ရှန်းက သရော်လိုက်သည်။ ထင်ထားသလိုပင် နင်ဟွာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများကို ဆန့်ကျင်ရန် ပြင်ဆင်နေသည်။

"ဒုနယ်မြေသခင်၊ ကျွန်မတို့က လျှို့ဝှက်နယ်မြေထဲမှ ရောက်နေတာဆိုတော့ ရီလျှို့နျန်ရော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေရော ဘယ်သူမှ ဒီနေရာကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ ဒီကနေ ထွက်သွားမှ နယ်​မြေသခင်ရော တခြားအင်အားစုတွေနဲ့ပါ တွေ့ရလိမ့်မယ်။ အဲဒီနောက်မှ ဒီကိစ္စကို နယ်​မြေသခင် ဘယ်လိုကိုင်တွယ် ဆုံးဖြတ်မလဲဆိုတာ ဘာလို့ မစောင့်ရမှာလဲ။" အသံတစ်ခုက အကြံပေးလိုက်သည်။ နင်ဟွာက စကားပြောလာသူကို လှည့်ကြည့်လိုက်၏။ ထိုသူမှာ မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ် ကျန်းယွဲ့လီ ဖြစ်​သည်။

ကျန်းယွဲ့လီသည် ဤကိစ္စ၌ တစ်ခုခုက ထူးဆန်းနေသည်ကို ခံစားမိသည်။ ယခင်က သူတို့ ဖြတ်သွားသည့်အခါ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက အလိုက်ခံနေရသည်ကို မြင်ခဲ့သည်။ တစ်ဖက်လူက အရင်ဆုံး အညှာအတာမဲ့စွာ လိုက်လံတိုက်ခိုက်သူများ ဖြစ်သော်လည်း အဆုံး၌ သူတို့သာ အသတ်ခံလိုက်ရပုံပေါ်သည်။ နင်ဟွာ ဦးဆောင်သည့် တုန်းဟွာနယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များက ချက်ချင်းပင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တန်ခိုးရှင်များကို အရေးယူခဲ့သည်။ သူမက ထိုအကြောင်းအရာ၏ ထူးဆန်းနေမှုကို ခံစားမိသည်။ ပြဿနာ၏ အမှန်တရားက စုံစမ်းရန် လိုအပ်နေဆဲပင် ဖြစ်၏။

ထို့ကြောင့် သူမက စကားပြောလိုက်ခြင်း ​ဖြစ်သည်။ သူတို့က ဤနေရာမှ ထွက်ခွာသွားပြီးနောက် နယ်မြေသခင်မှ အဆုံးအဖြတ်ပေးရန် ထားလိုက်သင့်သည်။

ကျန်းယွဲ့လီက ပြဿနာအကြောင်း အများကြီး မတွေးခဲ့ပေ။ သူမသည် နယ်မြေသခင်က နောက်ကွယ်မှလူဖြစ်ကြောင်း သိရှိခြင်း မရှိချေ။

နင်ဟွာက နောက်ကွယ်မှ အဖြစ်အပျက်များကို သိသော်လည်း လူသိရှင်ကြား ဖော်ထုတ်၍ မရနိုင်ပေ။ သူက ကျန်းယွဲ့လီကို ကြည့်လိုက်ပြီးနောက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် သူတို့အား အထင်အမြင်သေးသလို နှိမ်ချသော အကြည့်တို့ ရှိနေခဲ့သည်။

"နတ်မိမယ်ကျန်းက ပြောလာမှတော့ ကျုပ်ဘက်က လေးစားသမှုပြုပေးရမှာပေါ့။ ဒီနေရာက ထွက်သွားပြီးတာနဲ့ ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ကျုပ်အဖေက ဆုံးဖြတ်ပေးလိမ့်မယ်။" နင်ဟွာက ကြေညာလိုက်သည်။ ကျန်းယွဲ့လီ ပြောသလိုပင် သူတို့က လျှို့ဝှက်နယ်မြေအတွင်းမှ မလွတ်မြောက်နိုင်ပေ။ သူတို့က မည်သည့်နေရာကိုမဆို သွားနိုင်လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်ရာ သူ့ဘက်က တရားလွန် တင်းခံနေရန် မလိုပေ။ ယခုတွင် သူ့ထံ၌လည်း အကြောင်းပြချက်က ချို့တဲ့နေသေးသည်။ အဆုံးမှာတော့ ရီဖူရှင်းတစ်ယောက်တည်းကသာ ထိုလူများအားလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူ့အနေနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ရန် မသင့်တော်ပေ။ ဤသည်မှာ နယ်မြေသခင်အိမ်တော်က ယန်ပြည်ထောင်နှင့် လင်းရှောင်နန်းတော်အား ကူညီနေကြောင်း လူအများကို အလွယ်တကူ သံသယဝင်စေလိမ့်မည်။

ထိုသည်က အမှန်ဖြစ်လျှင်ပင် မည်သူမှ သိ၍မရသော အကြောင်းဖြစ်သည်။

ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်သည်။ လီချန်ရှန်းက သူမအား ကြည့်ကာ အတွေးတို့ ပို့လွှတ်လိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ် နတ်မိမယ်"

နင်ဟွာက ယခု တိုက်ခိုက်လာလျှင် သူတို့က မည်သို့မှ ခုခံကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ယခု သူတို့က ခြေတစ်လှမ်း နောက်ဆုတ်ထားရုံသာ တတ်နိုင်သည်။

***

All Chapters