အပိုင်း ၆၇၇-၆၈၀
Vol. 34 Ch. 677-680
အပိုင်း ( ၆၇၇ )
အဲ့ခွေးသား သေမှာသေချာလား
ယဲ့ဖန်သည် ဟိုတယ်သို့ပြန်လာပြီး USBထဲ၌ ပါရှိသော အကြောင်းအရာများကိုစစ်ဆေးသောအခါတွင် သူသည် အချိန်အတော်ကြာ စကားမပြောနိုင်လောက်အောင်အထိ ထိတ်လန့်သွားသည်။
ထိုသက်သေများကို ဘယ်လို ဖြေရှင်းရမည်ဆိုတာ တစ်နေ့လယ်လုံး သူ စဉ်းစားနေခဲ့သည်။
သူ့အတွက် အကျိုးအမြတ်ကို ဘယ်လို မြှင့်တင်နိုင်မလဲ။
ပြီးတော့ ဒါက သူ့ကို ဒုက္ခရောက်စေနိုင်လား။
သို့သော် ယဲ့ဖန် ဘာပဲလုပ်ချင်ပါစေ သူတစ်ယောက်တည်း လုပ်လို့ရမည် မဟုတ်ချေ။
ကျောင်းမိသားစု၏ အကူအညီ လိုအပ်နေသေးသည်။
ထိုအချက်ကို တွေးမိပြီးသည်နှင့် ကျောင်းဖုလင် ကို ချက်ချင်း ဖုန်းဆက်လိုက်သည်။
ကျောင်းဖုလင်သည် ကျောင်းကော်ပိုရေးရှင်းတွင် အစုရှယ်ယာရှင် အစည်းအဝေးတစ်ခု ကျင်းပနေသည်။
သူသည် စံပြပလေးဘွိုင်းတစ်ဦး ဖြစ်ခဲ့ဖူးကာ ကုမ္ပဏီ၏ အရေးကိစ္စများကို တစ်ခါမျှအလေးမပေးခဲ့ချေ။
သို့သော်လည်း အဘိုးအို၏ ကျန်းမာရေးအခြေအနေအား အတန်ကြာ ကြုံတွေ့ခဲ့ရပြီးနောက် သူ မိသားစုကုမ္ပဏီ၏ အရေးပါမှုကို ခံစားခဲ့ရသည်။
ကျောင်းမိသားစု၏ လုပ်ငန်းကို ထမ်းဆောင်ရမည်ဖြစ်သည်။
အကယ်၍ နောင်အခါတွင် အဘိုးအိုသည် မကောင်းတာတစ်ခုခု ဖြစ်ခဲ့လျှင်ပင် ကျောင်းမိသားစုကြီး ပြိုကျမည် မဟုတ်ပေ။
သို့သော် သူသည် စီးပွားရေးကိစ္စများနှင့် အမှန်တကယ် မအပ်စပ်ပေ။
အစည်းအဝေးသည် နာရီဝက်တောင် မပြည့်သေးသော်လည်း သူ အိပ်ငိုက်နေပြီဖြစ်သည်။
ထိုအချိန်တွင် သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။
အိပ်ငိုက်နေသော မျက်လုံးများကို ဖွင့်ကာ ခေါ်ဆိုသူအမည်ကို တစ်ချက်ကြည့်လိုက်သည့်အခါ ယဲ့ဖန်ဖြစ်နေသည်ကို သူ မြင်လိုက်သည်။
ထိုအခါ သူ အမြန် ဖုန်းကိုင်လိုက်သည်။
" ဟယ်လို၊ ယဲ့ညီလေး။ မင်းဘက်က အခြေအနေ ဘယ်လိုဖြစ်နေပြီလဲ။ ဘာအကူအညီလိုလဲ "
သူ၏အသံသည် အလွန်ကျယ်လောင်သောကြောင့် အဖွဲ့၏ ဒုတိယနှစ်ဝက်အတွက် ဗျူဟာဖြန့်ကျက်မှုကို ရှင်းပြနေသည့် ဒါရိုက်တာသည် မကျေမနပ်ဖြစ်သော်လည်း ရပ်လိုက်ရုံမှလွဲပြီး ရွေးချယ်စရာမရှိချေ။
အစည်းအဝေးခန်းထဲရှိ လူတိုင်းသည် ပညာမဲ့ပြီး အရည်အချင်းမပြည့်မီသော သခင်လေးကျောင်းကို စိတ်ပျက်စွာ စိုက်ကြည့်နေကြသည်။
" မင်းတို့ ဆက်လုပ်လို့ရတယ်။ ငါ့ညီနဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်။ အသက်ရှူတွေကျပ်လိုက်တာ "
ကျောင်းဖုလင်က လူတိုင်းကို သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ယဲ့ဖန်နှင့် ဆက်ပြောသည်။
" ယဲ့ညီလေး၊ ဆက်ပြောပါဦး။ ဘယ်လိုလဲ "
ယဲ့ဖန်သည် သူ့အစ်ကိုသည် စိတ်မချရကြောင်း ဖုန်းတစ်ဖက်မှ ပြောနိုင်သော်လည်း အခုအခါ သူ့ကို ပညာပေးရန် အချိန်မရှိပေ။
" အစ်ကိုကျောင်း၊ ကျွန်တော် ကောင်းကျူမင်းရဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားတွေ ရလာခဲ့တယ် ...... "
" ဘာ၊ ကောင်းကျူမင်းရဲ့ ရာဇ၀တ်မှု သက်သေတွေလား။ တကယ်ကြီးလား။ ဒီခွေးကောင် သေနိုင်မယ်လို့ အာမခံနိုင်မလား "
ဒါရိုက်တာအဖွဲ့ဝင်များသည် အချင်းချင်း ကြည့်လိုက်ကြသည်။
သခင်လေးကျောင်း၏ ရဲတင်းသော စကားလုံးများကို ဂရုမစိုက်နိုင်ကြချေ။
စကားအကြောင်းအရာကိုသာ သူတို့ ပိုစိုးရိမ်နေကြသည်။
" ဘာရယ်၊ ကောင်းကျူမင်းရဲ့ ပြစ်မှုဆိုင်ရာ အထောက်အထားတွေလား။ တကယ်လား "
" ကျောင်းဖုလင်က ကောင်းကျူမင်းနဲ့ ရှုပ်ချင်နေတာလား။ ဒါက အသေးအမွှားကိစ္စ မဟုတ်ဘူး။ သူ ဘယ်လိုလုပ်ပြီးများ ဒီလောက် သတိမထားနိုင်ရတာလဲ "
" ဟုတ်တယ်။ ကောင်းကျူမင်းကို လွယ်လွယ်နဲ့ မနှောင့်ယှက်သင့်ဘူး။ ဒီလိုမှမဟုတ်ရင် ငါတို့အုပ်စုကို အများကြီး ဒုက္ခပေးလိမ့်မယ် "
" ငါတို့ သူ့ကို နောက်မှ စည်းရုံးရမယ်။ သူလုပ်ချင်တာကို လုပ်ခွင့်မပေးနဲ့ "
" ဟုတ်တယ်၊ သူ ငါတို့ပြောတာကို နားမထောင်ရင် ငါတို့ ဥက္ကဋ္ဌဟောင်းဆီ သွားပြောရမယ် "
လူအုပ်ကြီးသည် တိုးတိတ်စွာ ပြောနေကြရင်း ကျောင်းဖုလင် ဖုန်းပြောနေတာကို နားထောင်နေခဲ့ကြသည်။
" အစ်ကိုကျောင်း၊ စိတ်မပူပါနဲ့။ ဒီတစ်ကြိမ်တော့ ကောင်းကျူမင်းမှာ ခေါင်းတစ်ရာရှိရင်တောင် သေရလိမ့်မယ်။ အဲ့တာတင်မကဘူး။ ကျွန်တော့်မှာ ရီမိသားစုရဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားတွေလည်း အများကြီးရှိတယ် ...... "
" ဘာ၊ ရီမိသားစုရဲ့ ရာဇ၀တ်မှု သက်သေတွေရော ရှိတာလား။ မင်း အဲ့ဒီမိသားစုကို ဖျက်ဆီးနိုင်မယ်လို့ မင်း ထင်လား "
ကျောင်းဖုလင်သည် ဒီတစ်ကြိမ်တွင် သူ၏ အသံကို ပိုမို ကျယ်လောင်စွာ မြှင့်တင် ပြောလိုက်သောကြောင့် လူတိုင်း၏ နားစည်ကိုပင် နာကျင်သွားစေနိုင်သော်လည်း သူ့စကားလုံးများ၏ အကြောင်းအရာက လူတိုင်းကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။
" ဘာ၊ ရီမိသားစုတောင် သေရတော့မှာလား။ ငါတို့ကို လာနောက်နေတာလား "
" ရီမိသားစုရဲ့ အင်အားက ကျောင်းမိသားစုနဲ့တောင် ယှဉ်နိုင်တယ်။ ဒီလိုမျိုး ဘယ်လိုလုပ် လွယ်လွယ် ရှင်းပစ်နိုင်မှာလဲ "
" ဒီ ကျောင်းဖုလင်က အရမ်းမိုက်မဲလွန်းတယ်။ သူ ဘာလို့ ဒီလောက်ကြီးကျယ်တဲ့ကိစ္စကို ငါတို့နဲ့ အရင် မဆွေးနွေးခဲ့တာလဲ "
" ဟုတ်တယ်၊ ဒါက ငါတို့ရဲ့ သီးသန့် အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေတယ်။ ငါတို့ သူ့ကို ဒီလိုရှုပ်ထွေးအောင် လွှတ်ထားလို့မရဘူး "
" ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ကို တားရမယ်။ မဟုတ်ရင် သူ့ကြောင့် ငါတို့ ပင်ပန်းပြီး သေရလိမ့်မယ် ...... "
ကျောင်းဖုလင်သည် လူတိုင်း၏ ဆွေးနွေးမှုကို ဂရုမစိုက်ချေ။
သူ အရမ်းတုန်လှုပ်နေပြီး စကားမပြောနိုင် ဖြစ်နေသည်။
သူ၏ ယဲ့ညီလေးသည် ကောင်းကျူမင်း၏ ပြစ်မှုသက်သေများသာမက ရီမိသားစု၏ သက်သေများကိုလည်း ရရှိခဲ့သည်။
သူ ဘယ်လိုမှ မအံ့သြဘဲ မနေနိုင်တော့ချေ။
" အစ်ကိုကျောင်း၊ စိတ်မပူပါနဲ့။ ဒီတစ်ခါ ရီမိသားစုက သေပြီ။ ဒါပေမယ့် ကျွန်တော် ခေါ်လိုက်တာ တခြားအကြောင်းပြချက်ကြောင့်ပါ။ ကျွန်တော် ဒါကို ကိုယ့်ဘာသာ ဆုံးဖြတ်ချက် မချနိုင်ဘူး "
" ဟမ်၊ မင်းက ဘာအခက်အခဲတွေ ကြုံနေရတာလဲ။ ငါ့ကို ပြောပြပါဦး "
" ဒါကဒီလိုပါ။ ကျွန်တော်ရထားတာ ဆောင်းကျီရန်ရဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားတွေလည်း ပါနေတယ် ...... "
" ဘာ ....... ဆောင်း ..... ဒါက တကယ်ကြီလား။ သူ အထိနာမှာ သေချာတယ်လို့ မင်း အာမခံနိုင်မှာလား "
ကျောင်းဖုလင်သည် ယခုတစ်ကြိမ်တွင် မအော်လိုက်သော်လည်း သူ့အသံမှာ တုန်ရီလာရသည်။
ဆောင်းကျီရန်၏ အဆင့်အတန်းသည် ကောင်းကျူမင်းနှင့် ရီမိသားစုတို့လို မဟုတ်ချေ။
သူသည် တကယ့်ထိပ်တန်းအဆင့် အကောင်ကြီးဖြစ်လေသည်။
" သူ့ကိုသတ်ဖို့က ပြဿနာမဖြစ်သင့်ဘူး။ ဒါပေမယ့် ဒီကိစ္စက အများကြီးပါဝင်နေတယ်။ ကျွန်တော် တစ်ယောက်တည်းတော့ ထိန်းလို့မရနိုင်ဘူး။ အစ်ကိုတို့ရဲ့ ကျောင်းမိသားစုနဲ့တောင်မှ လုပ်ရ နည်းနည်းခက်နေမှာကို စိုးရိမ်ရတယ် "
" ဒါဆို မင်း ဘာပြောချင်တာလဲ။ ငါ မင်းစကားကို နားထောင်မယ် "
" အစ်ကိုရဲ့ ယောက်ဖ၊ ရှုချန်းမင်းကို ခေါ်ပြီး ကျွန်တော်နဲ့ တွေ့ဖို့ ချိန်းပေးပါဦး။ အစ်ကို့အိမ်မှာ ဆုံလိုက်မယ် "
" ကောင်းပြီ ငါ အခု သူ့ကို ခေါ်လိုက်မယ် "
ကျောင်းဖုလင်က ဖုန်းကို ချလိုက်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အချိန်အတော်ကြာ ယူလိုက်သည်။
ဤကိစ္စ၏ သက်ရောက်မှုတွေက အလွန်ကြီးလေသည်။
သတိရှိဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာမရှိချေ။
အစည်းအဝေးခန်းထဲမှ ဒါရိုက်တာတွေက သူ့ကို သံသယအကြည့်ဖြင့် ကြည့်နေကြသည်။
ကျောင်းဖုလင်သည် အများသောအားဖြင့် သူ့မျက်နှာပေါ်တွင် ပေါ့တီးပေါ့ဆနိုင်သော အကြည့်မျိုး ရှိနေတတ်သည်။
သူ့ကို ဒီလောက်လေးနက်နေတာမျိုး တွေ့ရခဲလေသည်။
ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မှာ ဖြစ်နိုင်သည်။
ချက်ချင်းပင် အသက်ကြီးသည့် ဒါရိုက်တာတချို့သည် အသက်ကြီးသည့်ဝါစဉ်ကို အခွင့်ကောင်းယူပြီး သူ့ကို သင်ခန်းစာပေးရန် စီစဉ်ခဲ့ကြသည်။
" အာ ဖုလင်၊ မင်းရဲ့ အကြီးအကဲတွေ အနေနဲ့ ငါတို့ ပြောစရာတွေ ရှိတယ် ...... "
သူ့စကား မပြီးခင်တွင် ကျောင်းဖုလင်က မတ်တပ်ရပ်လိုက်သည်။
" အစည်းအဝေးကို ဒီမှာပဲ ဖျက်လိုက်တယ် "
ထိုသို့ဖြင့် အစည်းအဝေးခန်းထဲမှ အမြန်ထွက်လာသည်။
ဒါရိုက်တာတွေသည် ဒေါသအလွန်ထွက်ပြီး မျက်နှာတွေပင် ပြာနှမ်းသွားသည်။
သူတို့သည် ကျိန်ဆဲကြတော့သည်။
" ဒီကောင်က စေတနာနဲ့ မတန်ဘူး "
အပိုင်း ( ၆၇၈ )
ယဲ့ညီလေး၊ မင်းက လူမဟုတ်ဘူး
" ယဲ့ညီလေး၊ မင်းက လူမဟုတ်ဘူး ...... မင်းက နတ်တစ်ပါးပဲ "
ကျောင်းဖုလင်သည် သက်သေတွေကို မြင်ပြီးနောက် ယဲ့ဖန်ကို ချက်ချင်းပင် ပွေ့ဖက်ပြီး နမ်းလိုက်ချင်သည်။
ယဲ့ဖန်က သူ့ကို အမြင်ကပ်စွာဖြင့် အမြန်တွန်းထုတ်လိုက်သည်။
" အစ်ကို့ရဲ့ခံစားချက်တွေကို နားလည်ပါတယ်။ ဒါပေမဲ့ မေ့လိုက်ပါ "
ကျောင်းဖုလင်က ရယ်မောလိုက်ပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
" ယဲ့ညီလေး၊ အခု မင်းကို လေးစားသဘောကျတာက အဆုံးမသတ်နိုင်တဲ့ မြစ်ဝါမြစ်လိုပဲ အဆုံးမရှိတော့ဘူးကွာ "
ယဲ့ဖန် မျက်လုံးဝေ့လိုက်သည်။
" ဘယ်ကနေ ဒီလို ဇာတ်ဝင်စာသားတွေ ရှာလာတာလဲ "
ကျောင်းဖုလင်က သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။
" ငါပြောတာတွေက ငါ့စိတ်ထဲက အတိုင်းပါပဲ။ ငါလည်း အရမ်းကြီး မပြောတတ်တော့ ယဉ်ယဉ်ကျေးကျေးနဲ့ စိတ်ထဲက တုန်လှုပ်ခြောက်ခြားမှုကို ဘယ်လို ဖော်ပြရမယ်မှန်း မသိလို့သာ။ ငါတို့ ကျောင်းမိသားစုနဲ့ ရီမိသားစုက နှစ်တွေအကြာကြီး တိုက်ပွဲဖြစ်နေပြီးတော့ အမြဲတန်းညှိနေခဲ့ရတာ။ ယဲ့ညီလေး၊ မင်းကတော့ ယန်းချန်မြို့မှာ ရက်နည်းနည်းလောက်ဘဲ ရှိသေးတာတောင် သူတို့ရဲ့ သေလောက်တဲ့အားနည်းချက်ကို တန်းဖမ်းမိသွားတယ် "
အမှန်တကယ်တွင်လည်း ယဲ့ဖန်သည် ကျောင်းဖုလင် ဘာကြောင့် အလွန်စိတ်လှုပ်ရှားနေသည်ဆိုတာ နားလည်နိုင်လေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုသည် အားကောင်းလာသည်။
ကျောင်းမိသားစု၏ အနေအထားကိုပင် ခြိမ်းခြောက်နေပြီဖြစ်သည်။
ရီမိသားစု၏ မျိုးဆက်သစ်လူငယ်များတွင် ပါရမီရှင်များစွာရှိသော်လည်း ကျောင်းမိသားစုတွင်တော့ ချို့တဲ့နေခဲ့သည်။
ဤအခြေအနေအောက်တွင် ကျောင်းမိသားစုသည် ရီမိသားစု၏ ခြေဖဝါးအောက်သို့ အချိန်သိပ်မယူလိုက်ရဘဲ နင်းခြေခံရပေမည်။
ထိုအချိန်တွင် ယဲ့ဖန်မှ သူ့ကို ဒီအထောက်အထားတွေ ပေးခဲ့သည်။
ဒါသည် ကျောင်းမိသားစုအတွက် အသက်ကယ်နိုင်မည့် ဖြေရှင်းချက်တစ်ခုဖြစ်သည်။
ကျောင်းဖုလင်သည် ကွန်ပြူတာပေါ်ရှိ ဖိုင်တွဲအထပ်လိုက်ကြီးကို တစ်ဖန်ပြန်ကြည့်နေသည်။
" ဒါက ရီမိသားစုတင်မဟုတ်ဘူး။ ကောင်းကျူမင်းနဲ့ ဆောင်းကျီရန် တို့ရဲ့ ပြစ်မှုဆိုင်ရာ အထောက်အထားတွေလည်း ရှိတယ်။ ကောင်လေး၊ မင်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်ကို ဇောက်ထိုး ပြောင်းပြန်လှန်တော့မှာပဲ "
ဤအချက်အလက်များသည် ဆူနာမီဖြစ်လာနိုင်စေသည်ဆိုတာ သူသိလေသည်။
ရလဒ်တွေ ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရနိုင်လောက်ပေ။
သူတို့နှစ်ယောက် ဆွေးနွေးနေကြစဉ်တွင် ရှုချန်းမင်း ရောက်ရှိလာခဲ့သည်။
ကျောင်းဖုလင်က သူ့ကိုကြိုဆိုဖို့ အမြန်ထလိုက်သည်။
" ယောက်ဖ၊ မင်း ဘာတွေကြာနေတာလဲ။ ငါတို့ စိုးရိမ်နေကြတာ "
ရှုချန်းမင်းသည် သူတို့နှစ်ယောက်ကို အမြန် တောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ်။ ဒီနေ့ ကွင်းဆင်းစစ်ဆေးဖို့ သွားခဲ့ရတာ။ အိမ်တောင်မပြန်ဘဲ မင်းတို့ကို အရင်ရှာဖို့ လာခဲ့တာ "
သူသည် အနက်ရောင်ဂျာကင်အင်္ကျီ၊ အနက်ရောင် ဂျင်းဘောင်းဘီတစ်ထည်နှင့် အနက်ရောင် သားရေဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။
အဝတ်အစားအားလုံးသည် ညစ်ပတ်နေပြီး ရွှံ့များ ပေပွနေသည်။
ယဲ့ဖန် သူ့အား အနည်းငယ် အကဲခတ်ကြည့်မိသည်။
တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ အသက်အငယ်ဆုံးအရာရှိကြီးက တကယ့ကို အလုပ်ကြိုးစားတာပဲ။
" ခုနက ဖုန်းထဲမှာ ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး။ ဘာအထောက်အထားတွေ တွေ့တယ်လို့ ပြောတာလဲ "
ရှုချန်းမင်းသည် မျက်နှာသုတ်ပုဝါ တစ်ထည်ကို ရှာပြီး သူ့ကိုယ်သူ ဖုန်သုတ်ရင်း မေးလိုက်သည်။
" ကောင်းကျူမင်းရဲ့ ပြစ်မှုဆိုင်ရာ အထောက်အထားတွေကို တွေ့ခဲ့တာ ..... "
ကျောင်းဖုလင်သည် ကွန်ပြူတာထဲရှိ စာရွက်စာတမ်းတွေကို ညွှန်ပြလိုက်သည်။
ရှုချန်းမင်း၏ လှုပ်ရှားမှုများ အေးခဲသွားပြီး သူ အံ့သြသွားသည်။
" တကယ်လား။ သက်သေအထောက်အထားက ခိုင်လုံလား။ ဒီသိုးမည်းတွေကို တကယ် ရှင်းနိုင်ရင် ယန်းချန်မြို့ရဲ့ ပြည်သူတွေအတွက် ကောင်းမွန်တဲ့အရာကို ပေးနိုင်လိမ့်မယ် "
ကျောင်းဖုလင်သည် ယောက်ဖဖြစ်သူ၏ ချီးကျူးခြင်းကို ခံခဲ့ရသော်လည်း မာနကြီးခြင်းမရှိပေ။
သူက ဆက်ပြောသည်။
" ရီမိသားစုရဲ့ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေရော ..... "
" ဘာ ....... "
ရှုချန်းမင်း အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ့အမူအရာက လေးနက်လာသည်။
" ဒီအထောက်အထားကို ဘယ်က ရခဲ့တာလဲ။ စိတ်ချရလား။ ရီမိသားစုဆိုတာ အလွယ်တကူ နှောင့်ယှက်လို့ရတဲ့ လူတွေမဟုတ်ဘူး။ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုမရှိရင် ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး "
ကျောင်းဖုလင်က သူ့ကို ပြန်မဖြေဘဲ ဆက်ပြောသည်။
" ဆောင်းကျီရန်ရဲ့ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေပါရှိတယ် ...... "
ထိုတစ်ခါတွင်တော့ ကျောင်းဖုလင်၏စကား မပြီးခင်တွင် ရှုချန်းမင်းသည် မျက်နှာသုတ်ပုဝါကို လွှင့်ပစ်လိုက်ပြီး သူ့ကိုယ်တိုင် စစ်ဆေးရန် ကွန်ပြူတာဆီ ပြေးသွားလိုက်သည်။
ဆောင်းကျီရန်၏ အဆင့်အတန်းသည် ကောင်းကျူမင်းနှင့် ရီမိသားစုထက် ကျော်လွန်လေသည်။
အထူးသဖြင့် သူ့အတွက် အရေးပါမှုက ပိုလို့တောင် ကြီးလေသည်။
အခုလက်ရှိတွင် ထိပ်ပိုင်းတစ်နေရာတွင် လစ်လပ်နေသည်။
ထိုရာထူးသည်မှာ စစ်မှန်သော အဓိက ရပ်တည်ချက်အနေအထားတစ်ခု ဖြစ်သည်။
ထိုနေရာကို ကြည့်ခြင်းအားဖြင့် သူနှင့် ဆောင်းကျီရန်သာ ရှေ့သို့ ခြေတစ်လှမ်းတိုးရန် အခွင့်အရေးရှိလေသည်။
ဆောင်းကျီရန်၏ ရာဇ၀တ်မှုဆိုင်ရာ သက်သေအထောက်အထားတွေသည် တကယ့် အစွန်းအထင်းကြီး ဖြစ်နေလျှင် သူ့ကို ပြိုင်ပွဲကနေ ထုတ်ပစ်ဖို့ လုံလောက်ပေလိမ့်မည်။
သို့သော် သက်သေအထောက်အထားများကို စစ်ဆေးပြီးနောက်တွင် သူသည် သက်သေများ၏ အရေးပါမှုကို လျှော့တွက်ထားမိကြောင်း သိရှိခဲ့ရသည်။
ထိုအချက်အလက်များကို တင်ပြပြီးသည်နှင့် ဆောင်းကျီရန်သည် ပြိုင်ဖက်အဖြစ်မှ ကျသွားမည်သာမက အနာဂတ်တစ်ခုလုံးလည်း ပျက်စီးသွားမည်ဖြစ်ကာ ထောင်ထဲသို့ပင် ရောက်သွားမည်ဖြစ်သည်။
သူသည် ထိုနေရာတွင် ကြောင်အစွာဖြင့် ထိုင်ကာ အချိန်အတော်ကြာသည်အထိ တုံ့ပြန်နိုင်ခြင်းမရှိပေ။
ကျောင်းဖုလင်က ဂုဏ်ယူစွာပြုံးလိုက်သည်။
သူ့ယောက်ဖသည် သူ့အရှေ့တွင် အမြဲတမ်း ငြိမ်သက်နေတတ်ပြီး ဘယ်အရာကမှ သူ့အား မထိခိုက်နိုင်သလို နေတတ်သည်။
ရှုချန်းမင်း ဤမျှလောက်ထိ အံ့ဩနေတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ထိုပုံစံမှ ယဲ့ဖန်၏ အထောက်အထားများ၏ အရေးပါမှုကို မြင်နိုင်သည်။
အချိန်အတော်ကြာပြီးနောက် ရှုချန်းမင်းသည် သတိပြန်ဝင်လာပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ရှောင်ဖန်၊ မင်း ဒီအထောက်အထားတွေ အားလုံးကို ဘယ်လို ရလာခဲ့တာလဲ "
ရှုချန်းမင်းသည် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ယဲ့ဖန်အပေါ် စကားပြောပုံဆိုပုံ ပြောင်းလဲသွားသည်။
အရင်တုန်းက သူ့ညီမနှင့် ယဲ့ဖန်ကြားမှ ကိစ္စကြောင့် ယဲ့ဖန်ကို အတော်လေး မကျေမနပ်ဖြစ်ပြီး စကားပြောပုံက အနည်းငယ် သဘောထားမတိုက်ဆိုင်ချေ။
ယခုအခါတွင်တော့ သူသည် ဤလူငယ်နှင့် ရုတ်တရက် နီးကပ်ချင်လာသည်။
ယဲ့ဖန်သည် မနေ့ညက ကောင်းဟူ၊ ရှုဟိုင်ပေါနှင့် နင်းလူအိုကြီးတို့ကို ရှာဖွေရာမှစပြီး ခမ်းနားပြည့်စုံစံအိမ်ထဲသို့ ခိုးဝင်ပုံ အစရှိသည်တို့ကို ချက်ချင်း ပြောပြခဲ့သည်။
သို့သော် ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ သရုပ်မှန်နှင့် နောက်ခံကို စိတ်ပူသည့်အတွက် သူမနာမည်ကို တမင်တကာ မပြောဘဲ 'သူငယ်ချင်း'ဟုသာ အစားထိုး ပြောလိုက်သည်။
ရှုချန်းမင်းနှင့် ကျောင်းဖုလင်တို့သည် အသေးစိတ်အချက်အလက်များကို သတိမထားမိခဲ့ကြပေ။
သူတို့သည် စကားမပြောနိုင်လောက်အောင်အထိ ထိတ်လန့်သွားကြသည်။
ဒီကောင်လေးက မဆင်မခြင်နှင့် ကိုယ်သေတွင်းကိုယ်တူးတာလား၊ ဒါမှမဟုတ် ရဲရင့်ပြီး ပြတ်သားတာလားဆိုတာ သူတို့ တကယ် မသိကြတော့ပေ။
သူသည် တကယ်ပင် ကောင်းကျူမင်း၏ အိမ်ထဲသို့ သတ္တိရှိစွာ ခိုးဝင်ပြီး လျှို့ဝှက်ဓာတ်ပုံရိုက်ခဲ့သေးသည်။
သူလျှိုဇာတ်ကားများတွင်သာ ပြသလေ့ရှိသည့် ဤကဲ့သို့အရာများသည် လက်တွေ့တွင် အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။
တကယ့ကို မယုံနိုင်စရာပဲ။
" ယောက်ဖ၊ သက်သေတွေ ပြည့်စုံပြီ။ ဘယ်တော့ လှုပ်ရှားကြမလဲ "
ကျောင်းဖုလင်သည် ရှုချန်းမင်းကို ချက်ချင်းကြည့်ကာ သူ့လက်များကို ပွတ်သပ်လိုက်သည်။
ယဲ့ဖန်သည် ချက်ချင်း သူ့အကြည့်ကို ရှုချန်းမင်းဆီသို့ လှည့်လိုက်ပြီး ဆုံးဖြတ်ချက်ချကို စောင့်နေသည်။
ရှုချန်းမင်း ချက်ချင်း ခါးသက်စွာ ပြုံးလိုက်သည်။
" ရှောင်ဖန်၊ မင်း ငါ့ကို ဒီတစ်ခါတော့ ပြဿနာအကြီးကြီး ပေးလိုက်တာပဲ "
အချိန်အတော်ကြာပြီးနောက် ရှုချန်းမင်းက ပြောသည်။
" ဒါက လေးနက်တဲ့ကိစ္စပဲ။ ငါတစ်ယောက်တည်း ဆုံးဖြတ်ချက်မချနိုင်မှာကို စိုးရိမ်ရတယ်။ ယန်ကျင်းမှာရှိတဲ့ အဘိုးအိုနဲ့ အရင်ဆွေးနွေးရမှာပေါ့ "
ကျောင်းဖုလင်သည် အနည်းငယ် စိတ်မချမ်းသာပေ။
" ငါတို့ ဘာတွေ ဆွေးနွေးရဦးမှာလဲ။ အခု သက်သေတွေ ပေါ်လာပြီဆိုတော့ မြန်မြန် လုပ်လိုက်ကြရအောင်။ မဟုတ်ရင် သူတို့ဘက်က တုံ့ပြန်လာမှဆို ကိုင်တွယ်ရခက်လိမ့်မယ် "
ရှုချန်းမင်းက သူ့ကို စိုက်ကြည့်နေလိုက်သည်။
" သတိထားတာက ဘယ်တော့မှ မမှားပါဘူး။ ငါတို့ ဒီအထောက်အထားတွေကို ထုတ်လိုက်ပြီးတာနဲ့ အခွင့်အလမ်းတွေရော၊ အန္တရာယ်တွေပါ ရှိလာလိမ့်မယ်။ အဲ့တာကြောင့် သေသေချာချာ စီစဉ်ရမယ် "
ကျောင်းဖုလင်က သူ့နှုတ်ခမ်း တွန့်လိုက်ပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်ပေမယ့် ဘာမှ ထပ်မပြောရဲတော့ချေ။
ရှုချန်းမင်းက သူ့ကို လျစ်လျူရှုလိုက်သည်။
သူက USB ကိုဆွဲထုတ်ပြီး ယဲ့ဖန် ကို လှည့်ကြည့်လိုက်သည်။
" ရှောင်ဖန်၊ ငါ ဒီ USB ကို ယူသွားလိုက်မယ်။ ကျန်တာ ငါ့ဆီ အပ်ထားလိုက် "
ယဲ့ဖန်သည် ကျောင်းဖုလင်လောက် မငြိမ်မသက် မဖြစ်ချေ။
သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ၊ အစ်ကိုရှု။ သတိထားပါ "
ရှုချန်းမင်းက သဘောကျတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။
" မင်းက တော်တာပဲ။ မင်း အနာဂတ်မှာ သေချာပေါက် ထိပ်ဆုံးရောက်လိမ့်မယ် "
ထို့နောက် ကျောင်းဖုလင်အား အထင်သေးစွာဖြင့် ကြည့်လိုက်လေသည်။
" နောက်ဆို မင်းရဲ့သူငယ်ချင်းတွေနဲ့ လည်ပတ်မနေနဲ့တော့။ ယဲ့ဖန်ဆီက ပိုပြီးလေ့လာ။ သူက မင်းထက် အသက်ငယ်ပေမယ့် မင်းထက် ပိုစဉ်းစားတတ်တယ် "
အပိုင်း ( ၆၇၉ )
ယဲ့ဖန်ဆီက သင်ယူ
ကျောင်းဖုလင် ငြင်းဆိုချင်သော်လည်း စိတ်ဓာတ်ကျကာ ခေါင်းငိုက်စိုက်ကျသွားရသည်။
သူ့ယောက်ဖ ရှုချန်းမင်း ပြောတာ မှန်သည်ဆိုတာ သူ ဝန်ခံရပေမည်။
သူသာ ဒီနေ့လို သက်သေတွေ ရခဲ့လျှင် သူ့ယောက်ဖနှင့် ဆွေးနွေးမည် မဟုတ်တာ သေချာလေသည်။
သူသည် သက်သေအထောက်အထားများကို ဦးစွာ လူသိရှင်ကြားဖြစ်အောင် ထုတ်ပြလိုက်ပေမည်။
နောက်ဆက်တွဲ အကျိုးဆက်ကိုတော့ ဘယ်သူမှ သိနိုင်မည် မဟုတ်ချေ။
ရှုချန်းမင်းသည် တံခါးဆီသို့ လျှောက်သွားခဲ့ပြီးဖြစ်သော်လည်း သူ ရုတ်တရက် ပြန်လှည့်ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ရှောင်ဖန်၊ သူ့ကို ဘာလုပ်ရမယ်ဆိုတာ သင်ပေးလိုက်ဦး "
ကျောင်းဖုလင်သည် သူ့ယောက်ဖ ကျောကို ကြည့်ပြီး ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
" သူ ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန်က သူ့အစ်ကိုကြီးကို စကားမပြောနိုင်ဘဲ ကြည့်နေမိသည်။
" သူ ဒီလောက်ပြောနေတာတောင် နားမလည်သေးဘူးလား "
ကျောင်းဖုလင်သည် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" ယဲ့ညီလေး၊ ငါ့ကို စကားခံမနေပါနဲ့။ ပြောစရာရှိတာ ပြောစမ်းပါ "
ယဲ့ဖန်က ခေါင်းယမ်းကာ ပြုံးလိုက်သည်။
ထို့နောက် သူ့ကို ရှင်းပြရတော့သည်။
" အစ်ကိုကြီးရှုက ဒီကိစ္စမှာ အန္တရာယ်တွေနဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ ပြောခဲ့တယ်။ အခု ကျွန်တော်တို့က အသာစီးရနေတော့ အခွင့်အလမ်းတွေပဲ များမှာ။ ကောင်းကျူမင်းနဲ့ ရီမိသားစုက ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ ပြင်ဆင်ထားရမယ်လို့ ပြောတာ "
ကျောင်းဖုလင် ရုတ်တရက် သဘောပေါက်သွားသည်။
" ဒါဆို မင်းတို့က အဲ့လိုပြောချင်တာလား။ ရှင်းရှင်းမပြောဘဲ ဘာလို့ ဝေ့ဝိုက်ပြီး ပြောနေတာလဲ "
ယဲ့ဖန်က သူ့ကြောင့် လုံးဝ အံ့ဩဆွံ့အနေရသည်။
" အစ်ကိုကျောင်း၊ အစ်ကိုကြီးရှုရဲ့ စရိုက်က မတူဘူး။ တခြားသူတွေကို တည့်တိုးကြီး ရှင်းရှင်းလင်းလင်း မပြောနိုင်တာတွေ ရှိတယ် "
ကျောင်းဖုလင်က အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။
" အေးပါ၊ ရပါပြီ၊ အဲ့တာက မင်းတို့ နှစ်ယောက်ပဲ နားလည်တဲ့ ဘာသာစကားမလား။ ဘယ်လို အသုံးချရမလဲဆိုတာသာ ပြောလိုက်။ ငါ့အဘိုးကြီး အိမ်မှာမရှိဘူး။ အဲ့တော့ ဒါတွေကို ငါ နားမလည်ဘူး။ အားလုံးက မင်းအပေါ်ပဲ ပုံအပ်ထားရမှာ "
ယဲ့ဖန် လဲကျမတတ် ဖြစ်သွားသည်။
စစ်ပွဲစတော့မည်ဖြစ်သော်လည်း သူ၏ စစ်သူကြီးသည် တပ်သားများကို ဘယ်လိုအသုံးရမည်ဆိုတာကို မသိသေးချေ။
သို့သော် ယဲ့ဖန်ကလည်း ဘာမှ ဖုံးကွယ်မထားချေ။
ကောင်းကျူမင်းနှင့် ရီမိသားစုတို့ ပြုတ်ကျပြီးသည့်နောက်တွင် ခွဲယူရမည့် အကျိုးအမြတ်မှာ အတော်လေးကြီးလွန်းသည်။
သူတစ်ယောက်တည်း မစားနိုင်ချေ။
ကျောင်းမိသားစုဆီသို့ ခွဲပေးလိုက်ခြင်းသည် သူ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကောင်းပေလိမ့်မည်။
...................................
ညအချိန်တွင်
ရီမိသားစု၏ ဧည့်ခံခန်းမထဲတွင် ရီမိသားစုများနှင့် ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးရှိသည့် မိသားစုများမှ လူများနှင့် ပြည့်နေသည်။
ရီမိသားစု၏ အကြီးအကဲ ရီထျန်းဟွသည် ပင်မထိုင်ခုံတွင်ထိုင်ကာ ရောက်လာသူအားလုံးကို ဖြည်းဖြည်းချင်း ငေးကြည့်နေသည်။
" ဒီနေ့ မင်းတို့ကို ဘာလို့ ဒီကို ခေါ်လိုက်လဲ ဆိုတာ အားလုံး သိချင်နေလောက်တယ် မဟုတ်လား "
လူတိုင်းက ခေါင်းညိတ်ကြသည်။
ရီမိသားစုဆီသို့ လာရောက် ဆွေးနွေးရန် ဖိတ်ကြားသည့် အကြောင်းကြားစာကို သူတို့ ဒီနေ့တွင် လက်ခံရရှိခဲ့ကြသည်။
ဖိတ်ခေ့်ရသည့် အကြောင်းအရင်းမှာ အလွန်အရေးကြီးသည်ဟု အသားပေးရေးထားသောကြောင့် သူတို့ အတော်လေး စိတ်ရှုပ်ထွေးနေကြသည်။
ရီထျန်းဟွက သူတို့ကို ဆိုင်းငံ့မနေဘဲ ချက်ချင်း အဓိက အကြောင်းအရာကို သွားလိုက်သည်။
" ဒီနေ့ မင်းတို့ကို ခေါ်လိုက်တာက ဆွေးနွေးစရာ နှစ်ချက်ရှိလို့ပဲ။ ပထမအချက်က ကျောင်း မိသားစုနဲ့ ယဲ့ဖန်ကို ဘယ်လို ဖယ်ရှားကြမလဲဆိုတာကို ဆွေးနွေးကြမယ်။ ဒုတိယအချက်က အမြတ်ငွေကို ဘယ်လိုခွဲဝေရမလဲဆိုတာ ဆွေးနွေးဖို့ပဲ "
သူ့စကားကြောင့် ခန်းမတစ်ခုလုံး ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
" ဘာလဲ။ သူက ကျောင်းမိသားစုနဲ့ ယဲ့ဖန်ကို တိုက်ခိုက်မှာလား။ ဘာလို့ ရုတ်တရက်ကြီး ဒီလိုတွေ ဖြစ်နေရတာလဲ "
" ဒါဆို သူတို့နှစ်ယောက်လုံးကို တစ်ချိန်တည်း ဆန့်ကျင်မှာလား။ ဒီလိုဆို သိပ်ခက်လောက်တယ်၊ မဟုတ်လား "
" ဟုတ်တယ်၊ ကျောင်းမိသားစုနဲ့ ယဲ့ဖန်ကို ရှင်းရတာက မလွယ်လောက်ဘူး။ သူတို့ထဲက တစ်ယောက်တည်းနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် တော်တော် ဒုက္ခများလိမ့်မယ်။ အခု တစ်ချိန်တည်းမှာ တိုက်ခိုက်ချင်နေတာလား "
" ငါတို့ ဒီကိစ္စကို သတိထားရမယ်။ ကောင်းကောင်းမထိန်းနိုင်ရင် ကိုယ့်ထောင်ချောက်ထဲကို ပြန်ရောက်ပြီး ဒုက္ခဖြစ်သွားနိုင်တယ် "
" ဟုတ်တယ်၊ အထူးသဖြင့် အဲ့ဒီ ယဲ့ဖန်ပဲ။ မနေ့က ကောင်းကျူမင်းနဲ့ ပဋိပက္ခမှာ သူ့ဘက်က အသာစီးရခဲ့တာက သူ့အင်အားကို မီးမောင်းထိုးပြနေတယ်။ မိုက်ရူးရဲဆန်ပြီး မလုပ်သင့်ဘူး "
လူတိုင်းသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး သူတို့၏စကားလုံးများသည် ကျောင်းမိသားစုနှင့် ယဲ့ဖန်တို့အပေါ် ကြောက်ရွံ့မှုဖြင့် ပြည့်နေသည်မှာ ပေါ်လွင်နေသည်။
ရီထျန်းဟွက သူတို့ကို ကြည့်လိုက်သည်။
ရီမိသားစု၏ ခွန်အား ကန့်သတ်ချက်ကြောင့်သာ မဟုတ်ပါက သူသည် ဤကဲ့သို့ အကြောက်ကြီးသော အဖွဲ့သားများနှင့် မဟာမိတ်ဖွဲ့မည် မဟုတ်ပေ။
" ကျောင်း မိသားစုနဲ့ ယဲ့ဖန်တို့ကို လူတိုင်း ကြောက်နေကြတာ ငါ သေချာသိပါတယ်။ ဒါပေမယ့် ငါ့အမြင်အရတော့ ဒီနှစ်ယောက်က တစ်ချက်တည်း ထိုးနှက်တာကိုတောင် ခံနိုင်ရည်မရှိဘူး။ ဒီအချိန်က အကျိုးကျေးဇူးတွေ ခံစားရဖို့ အကောင်းဆုံးအချိန်ပဲ "
လူစုလူဝေးကြီးသည် သူ၏စကားကို ကြားသောအခါ သူ့မောက်မာမှုကို စိတ်ထဲမှ အံ့ဩသွားကြရသည်။
ယဲ့ဖန်သည် ယန်းချန်မြို့သို့ ရောက်သည်မှာ အချိန်အားဖြင့် မကြာသေးသော်လည်း သူ၏အရှိန်အဟုန်သည် အလွန်အားကောင်းပြီး လျှော့တွက်၍မရပေ။
ကျောင်းမိသားစုသည် ပို၍တောင် ကြောက်စရာကောင်းလေသည်။
သူတို့က မင်းရဲ့ ရီမိသားစုထက်တောင် အားကောင်းတယ်လေ။
လူတိုင်းက ကျောင်းမိသားစုက ပထမမိသားစုကြီးဖြစ်ပြီး ရီမိသားစုက ဒုတိယမိသားစုဆိုတာ မပြောဘဲသိကြတဲ့ သဘောတူညီချက်ပဲ။
အဲ့တာတောင် သူတို့က တစ်ချက် ထိုးနှက်တာကိုတောင် ခံနိုင်ရည်မရှိဘူးလို့ တကယ်ကြီး ပြောနေတာလား။
သူက မကြောက်တတ်တာလား။
ဒါမှမဟုတ် သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာလား။
ရီထျန်းဟွသည် လူတိုင်း၏ အတွေးကို သိလေသည်။
သူက အေးဆေးစွာဖြင့် ရှင်းပြသည်။
" ငါက နည်းနည်း မာနကြီးတယ်လို့ လူတိုင်းက ထင်နေကြတာကို သိပါတယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်ကို သေချာနားထောင်ပါ ....... "
အားလုံးက သူပြောသမျှကို ကြားချင်နေကြပြီး စကားစဲလိုက်ကြသည်။
" အရင်ဆုံး၊ ဒီ ယဲ့ဖန်အကြောင်း ပြောကြည့်ရအောင်။ သူက ငါတို့ ရီမိသားစုအပေါ် ရန်ငြိုးရှိမှန်း လူတိုင်းသိမှာပါ။ သူက ငါ့သား ရီ Chengzeကို ထောင်ထဲတောင် ပို့လိုက်သေးတယ် ...... "
လူတိုင်းက နှုတ်ခမ်းကို တွန့်လိုက်ကြသည်။
သူ့သားကို ထောင်ထဲပို့လိုက်တယ်ဆိုတာ ဘာစကားကြီးလဲ။
သူ့သားက ယဲ့ဖန်ကို ချောက်ချတာ မအောင်မြင်ဘဲ သူ့ထောင်ချောက်သူ ပြန်မိသွားတာ မဟုတ်ဘူးလား။
သူ့ဟာသူရှာတဲ့ ပြဿနာပဲလေ၊
ရီထျန်းဟွသည် လူတိုင်း၏အမူအရာကို လျစ်လျူရှုပြီး ယုံကြည်ချက်ရှိစွာဖြင့် ဆက်လက် ပြောခဲ့သည်။
" ယဲ့ဖန်က အင်အားနည်းတယ်လို့ ပြောရတဲ့ အကြောင်းရင်းက ပထမအချက်အနေနဲ့ ယန်းချန်မြို့မှာ သူက အခိုင်အမာ ခြေကုပ်မရသေးဘူး။ ဒုတိယအနေနဲ့ ကျုံးဟိုင်မြို့မှာရှိတဲ့ မိတ်ဆွေဟောင်း တော်တော်များများကို ငါ ဆက်သွယ်ထားပြီးပြီ။ ငါတို့ လှုပ်ရှားတာနဲ့ သူတို့က ယဲ့ဖန်ကို ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ် "
ထိုအချိန်တွင် သူ့မျက်နှာ၌ ယုတ်မာသည့် အမူအရာ ပေါ်လာသည်။
" ခြံရှေ့က နေရာချတာ မပြီးသေးပေမယ့် အိမ်နောက်ဖေးကလည်း မီးလောင်နေတယ်လေ။ အဲ့တော့ သူက ငါတို့နဲ့ တိုက်ခိုက်စရာ ဘာရှိလို့လဲ မေးလို့ရမလား "
သူ့စကားကို ကြားသည့်အခါ အားလုံး အံ့သြသွားကြသည်။
အပိုင်း ( ၆၈၀ )
သခင်ကြီးကျောင်းက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာလား။
ရီထျန်းဟွ၏ ဖော်ပြချက်ကို ကြားပြီးနောက် လူတိုင်းမှ စတင်ဆွေးနွေးကြသည်။
" ယဲ့ဖန်ရဲ့ အခြေခံအုတ်မြစ်က ကျုံးဟိုင်မြို့မှာရှိနေတော့ ကျုံးဟိုင်မြို့ မှာရှိတဲ့ တပ်ဖွဲ့ဟောင်းတွေသာ ပူးပေါင်းနိုင်မယ်ဆိုရင် ယဲ့ဖန်က ပြဿနာမဟုတ်ပါဘူး "
" ဟုတ်တယ်၊ ယန်းချန်မြို့မှာရှိတဲ့ ယဲ့ဖန် ရဲ့ အင်အားက အရမ်းအားနည်းနေသေးတယ်။ ကျုံးဟိုင်မြို့က သူ့အာဏာတွေကို ငါတို့ ထိန်းထားနိုင်ရင် ငါတို့ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ် "
" ယဲ့ဖန်က ဘာမှစိုးရိမ်စရာမရှိပေမယ့် ကျောင်းမိသားစုကို လျှော့တွက်လို့ မရဘူး။ ငါတို့က သူ့ကို တကယ်တိုက်ခိုက်ရင် ကျောင်း မိသားစုက သူ့ကို သေအောင် ပစ်ထားခဲ့မှာမဟုတ်ဘူး "
" အဲ့တာ အမှန်ပဲ။ ယဲ့ဖန်နဲ့ ကျောင်းဖုလင်တို့က ညီအစ်ကိုကောင်းတွေ။ သူတို့ ထိုင်ပြီး ဘာမှ မလုပ်ဘဲနေမှာ မဟုတ်ဘူး "
" ဒါဆို ငါတို့ မိုက်ရူးရဲဆန်ပြီး မလုပ်သင့်ဘူး ..... "
ရီထျန်းဟွသည် လူတိုင်း၏ ဆွေးနွေးချက်ကို နားထောင်ပြီး ချက်ချင်း ရယ်လိုက်သည်။
" ကျောင်းမိသားစုက ပိုပြီးတောင် စိုးရိမ်စရာ မလိုဘူး "
အားလုံးက သူ့ကို အံ့သြမှုတွေ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
သူ ဘာကြောင့် ဒီလောက် ကြီးကြီးကျယ်ကျယ် ပြောရဲနေမှန်း သူတို့ မသိကြပေ။
ရီထျန်းဟွသည် အောင်ပွဲသည် သူ့လက်ထဲတွင် ရှိနေသကဲ့သို့ ကြည့်နေလေသည်။
" မင်းတို့ မသိနိုင်ပေမယ့် ကျောင်းမိသားစုရဲ့ သခင်ကြီးက အကြီးအကျယ် နေမကောင်းဖြစ်ပြီး ယန်ကျင်းကို ဆေးကုသမှုခံယူဖို့ လျှို့ဝှက်ပြီး ပို့ထားကြတယ်။ အခု ကျောင်းမိသားစုကို ဟိုငတုံး ကျောင်းဖုလင်က ထိန်းချုပ်နေတာ။ အဲ့တော့ ငါတို့က ဘာကို ကြောက်နေရမှာလဲ "
သူ ထိုကဲ့သို့ ပြောပြီးသည်နှင့် ခန်းမထဲတွင် ဗုံးအကြီးကြီးတစ်လုံး ပစ်လွှတ်လိုက်သလို ဖြစ်သွားလေသည်။
" ဘာလဲ၊ သခင်ကြီးကျောင်းက အခြေအနေက စိုးရိမ်ရတာလား။ ဒီသတင်းက ယုံရရဲ့လား။ ကျောင်းမိသားစုဘက်က တမင်လွှင့်ထားတဲ့သတင်း ဖြစ်နေဦးမယ် "
" သူ့ကို ယန်ကျင်းထိတောင် ဆေးကုဖို့ ပို့လိုက်ရတာဆို ကုလို့မရတာတောင် ဖြစ်နိုင်တယ် မဟုတ်လား။ ဒီလိုဆိုရင် ကျောင်းမိသားစုက စိုးရိမ်စရာမရှိတော့ပါဘူး "
" မှန်တယ်။ ကျောင်းမိသားစုကို သခင်ကြီးကျောင်းကပဲ ထောက်ပံ့နေတာ။ သခင်ကြီးကျောင်း အနားမှာမရှိရင် ကျောင်းမိသားစုက အလှီးခံရဖို့ စောင့်နေတဲ့ စဉ့်တုံးပေါ်က အသားပဲ "
" ဒီ ကျောင်းဖုလင်က ဥာဏ်မဲ့ပြီး အသုံးမကျဘူး။ သူက ကျောင်းမိသားစုကို ကိုင်တွယ်မယ်ဆိုရင် သတ်သေတာနဲ့ မတူဘူးလား "
" ရီလူကြီးမင်းက ငါတို့ကို ဒီမှာ စုခိုင်းတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူက အဆင်သင့်ဖြစ်နေပြီ ထင်တယ် ...... "
အားလုံးက ကျောင်းမိသားစုကို ချက်ချင်းထိုးချပြီး ဝါးမြိုနိုင်ကြရန် ဆန္ဒပြုကာ သူတို့၏ လက်သီးတွေကို ပွတ်သပ်လိုက်ကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏ အသံက ရုတ်တရက် ပေါ်လာသည်။
" ဟားဟားဟားဟား၊ မင်းတို့က လောဘကြောင့် မျက်စိကွယ်နေတာပဲ မဟုတ်လား။ ကျောင်းမိသားစုကို သခင်ကြီးကျောင်း တစ်ယောက်တည်းက ထောက်ပံ့နေတယ်လို့ မင်းတို့ တကယ်ပဲ ထင်နေတာလား။ ကလေးဆန်လိုက်တာ "
လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ စကားပြောသည့်လူမှာ ယန်းချန်မြို့၏ Chu မိသားစုမှ အကြီးအကဲ ချူးရှစ်အုံးဖြစ်နေသည်။
ချူးမိသားစုသည် ဒုတိယတန်းစား မိသားစုမျိုးနွယ်စုမျှသာ ဖြစ်သော်လည်း ဤချူးရှစ်အုံးသည် အမြဲတစ္ဆေ လိမ္မာပါးနပ်သောကြောင့် ယန်းချန်ရှိမြို့ အခြားမျိုးနွယ်စုများကြားတွင် နာမည်ကောင်းရှိလေသည်။
လူတိုင်းက သူ့အမြင်ကို အလေးအနက်ထားကြသည်။
ရီထျန်းဟွက သူ့ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
" ဘာလို့ ဒီလိုပြောတာလဲ သခင်ကြီးချူး "
ချူးရှစ်အုံး၏ အကြည့်များသည် လူအုပ်ကြားတွင် ဖြည်းညှင်းစွာ ပျံ့နှံ့သွားသည်။
" ကျောင်းမိသားစုက အပင်မြင့်တာတောင် လွယ်လွယ်နဲ့ မပြိုလဲနိုင်ရတဲ့ အကြောင်းရင်းက သခင်ကြီးကျောင်းအပြင် အများကြီး ပံ့ပိုးပေးနေခဲ့တဲ့ တခြားသူတစ်ယောက်ရှိလို့ပဲ။ အဲဒါ ... ရှုချန်းမင်း "
အားလုံးက သူ့စကားကို ကြားလိုက်သည့်အခါ သူတို့၏ အမူအရာတွေ သိသိသာသာ ပြောင်းလဲသွားကြသည်။
" ဟုတ်တယ်၊ ဒီလူ ရှိသေးတယ်။ ငါတို့ ဘယ်လိုလုပ် မေ့နိုင်ရတာလဲ။ ငါ အမှားကြီးတစ်ခု လုပ်မိမတတ်ဘဲ "
" ဒီအတွက် ငါတို့ကို အပြစ်ပြောလို့ မရဘူး။ ရှုချန်းမင်းက ကျောင်းမိသားစုနဲ့ ခပ်ခွာခွာနေခဲ့တော့ အားလုံးက သူတို့ဆက်ဆံရေးကို လျစ်လျူရှုထားကြမိတယ်လေ "
" ကံကောင်းလို့ ချူးမိသားစုခေါင်းဆောင်က ငါတို့ကို သတိပေးလိုက်တာ။ မဟုတ်ရင် ငါတို့ ကျောင်းမိသားစုကို အရူးချီးပန်းတိုက်ခိုက်လိုက်ရင် ရှုချန်းမင်း ဒေါသကို သွားဆွမိမှာကို စိုးရိမ်ရတယ် "
" သခင်ကြီးကျောင်းက အနားမှာ မရှိတော့ဘူးဆိုပေမယ့် ရှုချန်းမင်းရဲ့ အကာအကွယ်နဲ့သာဆို ကျောင်း မိသားစုကို မထိနိုင်လောက်ဘူး "
" ပြီးတော့ ရှုချန်းမင်းက အရမ်းငယ်သေးတယ်။ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး။ ငါတို့ သူ့ကို လွယ်လွယ်နဲ့ မစော်ကားသင့်ဘူး ...... "
အားလုံးသည် ချွေးအေးများ ထွက်လာပြီး ပြန်ငြိမ်သွားကြသည်။
ရီထျန်းဟွသည် သူ့နှလုံးသားထဲ၌ သူတို့ကို ပိုလို့ပင် အထင်သေးသွားသလို ခံစားရသည်။
အမှိုက်တွေ ဘယ်လောက်တောင် များလိုက်လဲ။
စွန့်စားချင်စိတ်ကျ မရှိကြဘဲ အဆင်သင့် အကျိုးအမြတ်ကို ဝိုင်းစားဖို့ပဲ စောင့်နေကြတယ်။
စိတ်ထဲတွင်သာ မထီမဲ့မြင်ပြုနိုင်ပြီး သူ့မျက်နှာထားကိုတော့ မပြရဲချေ။
သူက ချက်ချင်း ခေါင်းမော့ပြီး ရယ်လိုက်သည်။
" ရှုချန်းမင်းနဲ့ ဆက်ဆံရေးကို ထည့်မစဉ်းစားမိဘူး။ ဒါပေမယ့် ရှုချန်းမင်းကလည်း ခြိမ်းခြောက်မှု မဟုတ်ဘူးဆိုတာ မင်းတို့ကို ငါအာမခံနိုင်တယ် "
လူတိုင်း မေးရိုးတွေ ပြုတ်ကျမတတ် အံ့ဩသွားကြသည်။
" ငါ နားကြား မှားသွားတာလား။ ရှုချန်းမင်းကို မကြောက်ဘူးလို့ ရီလူကြီးမင်းက ပြောနေတာလား "
" ဒါကတော့ နည်းနည်း မာနကြီးလွန်းတာ မဟုတ်လာ။ သူက အသက် ၃၀ ဝန်းကျင်နဲ့ အဲ့ဒီအဆင့်ကို ရောက်နေပြီလေ။ ဒါတောင် ကြောက်ဖို့ မလုံလောက်ဘူးလား "
" ရီလူကြီးမင်း၊ ကျွန်တော်တို့ကို စိတ်ကြွစေချင်ရုံနဲ့ လျှောက်ပြောနေတာတော့ မဟုတ်ဘူးမလား။ အဲ့တာက ကျွန်တော်တို့ကို သတ်နိုင်တယ် "
" ဟုတ်တယ်၊ ငါတို့က ရှုချန်းမင်းကို တကယ် စော်ကားမိရင် သူ့ဒေါသကို ဘယ်သူခံနိုင်မှာလဲ "
လူတိုင်းသည် ရီထျန်းဟွ၏ စကားကို သံသယဝင်လာကြသည်။
တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် ရှုချန်းမင်းကို မထီမဲ့မြင် ပြုရဲသူ အများအပြားမရှိပေ။
ရီထျန်းဟွက သူတို့ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
" ဒါဆို မင်းတို့ကို ငါမေးပါရစေ။ ငါတို့ ရီမိသားစုက ဒီနှစ်တွေအတွင်းမှာ တဟုန်ထိုးတက်လာပြီး ကျောင်းမိသားစုအတွက်တောင် ခြိမ်းခြောက်မှုဖြစ်လာရတဲ့ အကြောင်းအရင်းက ဘာလဲ။ သိကြလား "
လူတိုင်း စိတ်ရှုပ်သွားသည်။
ထိုမေးခွန်းကို သူ ဘာကြောင့် မေးသည်ဆိုတာကို သူတို့ မသိသော်လည်း ကြိုးစား ဖြေဆိုကြသည်။
" မိသားစုခေါင်းဆောင်က ပညာရှိပြီး တန်ခိုးကြီးတဲ့အပြင် ရဲရင့်၊သတ္တိရှိလို့လား ..... "
ရီထျန်းဟွ ခေါင်းယမ်းလိုက်သည်။
" ရီမိသားစုရဲ့ မျိုးဆက်သစ်လူငယ်တွေမှာ တော်ပြီး ထက်မြက်တဲ့သူတွေ အများကြီးပါနေလို့ ...... "
ရီထျန်းဟွက ခေါင်းခါနေဆဲဖြစ်သည်။
" ရီမိသားစုက အလုပ်ကောင်းကောင်း လုပ်လို့ ...... "
ရီထျန်းဟွက သူတို့ မှန်းနိုင်ဖို့ အစကတည်းက မထင်ထားချေ။
သူသည် သူတို့၏ ခန့်မှန်းချက်များကို ဖြတ်ပြောလိုက်သည်။
" မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ...... ရီ မိသားစုနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေလို့ပဲ "
.......................
တစ်ဖက်တွင် ဆောင်းကျီရန်သည် ကားပေါ်မှ ဆင်းလာရင်း မွေးနေ့ကိတ်ကို သယ်လာလေသည်။
သူသည် ယာဉ်မောင်း ရှောင်ချန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
" ဒီနေ့ ကားမလိုတော့ဘူး။ စောစောပြန်ပြီး အနားယူလိုက်တော့ "
ထို့နောက် သီချင်းလေးညည်းရင်း အိမ်ထဲဝင်လာခဲ့သည်။
" ဆောင်းလူကြီး၊ ရှင် ပြန်လာပြီလား ခ
သူ့ဇနီး နျဲ့ပင်းသည် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသည်။
အပြင် ဆူညံသံကြားပြီး ချက်ချင်း ထွက်လာသည်။
" ဖေဖေ "
ကလေးမလေးတစ်ယောက်သည် အိပ်ခန်းထဲမှ အပြေးအလွှားထွက်လာပြီး သူ့လက်ထဲကို ပြေးခုန်ဝင်လိုက်သည်။
ဆောင်းကျီရန်သည် သူ့သမီးကို ကောက်ချီလိုက်ပြီး သူ့မိန်းမဘက်ကို လှည့်ကြည့်လိုက်သည်။
" အစည်းအဝေးပြီးသွားတော့ တခြားချိန်းထားတာတွေကို ဖျက်လိုက်ပြီး အပြေးအလွှား ပြန်လာတာ။ ဒီနေ့က သမီးလေးရဲ့ မွေးနေ့ဆိုတော့ ဘာပဲဖြစ်ဖြစ် အမြန်ပြန်လာရမှာပေါ့ "
နျဲ့ပင်း၏ မျက်နှာပေါ်တွင် ကြည်နူးပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။
တစ်ချိန်က သူမသည် အဖြစ်မရှိသေးသော ခင်ပွန်းဖြစ်သူကို လက်ထပ်ရန် တောင်းဆိုသောအခါတွင် သူမ၏ မိသားစုက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
ထိုအချိန်တွင် သူမ၏ဖခင်သည် သူ့ယောက်ျားကို မကောင်းသော ရည်ရွယ်ချက်ရှိသည်ဟု ပြောဆိုကာ မထိုက်တန်ဘူဟု အခိုင်အမာ ပြောဆိုခဲ့သည်။
သို့သော် သူမသည် နောက်ဆုံးတွင် သူနှင့် လက်ထပ်ရန်သာ တောင်းဆိုခဲ့သည်။
သူမမိသားစုနှင့် ဆက်ဆံရေး ဆိုးရွားလွန်းသောကြောင့် အိမ်မပြန်ဖြစ်သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။
ယခုဆိုလျှင် သူမ၏ တောင်းဆိုမှုသည် အလွန်မှန်ကန်သည်ဟု ထင်ရသည်။
သူသည် အမှန်တကယ်ပင် ခင်ပွန်းကောင်းတစ်ဦးနှင့် ဖခင်ကောင်းတစ်ဦး ဖြစ်သည်။
လက်ရှိအချိန်တွင် ချစ်ခင်ပြီး ပျော်ရွှင်ရသည့် မိသားစုဘဝလေးနှင့် ဇနီးမောင်နှံချစ်ခြင်းကို ရရှိထားသောကြောင့် လူအများကပင် အားကျ မနာလိုဖြစ်ကြရသည်။
" မြန်မြန် လက်ဆေးတော့။ မကြာခင် ညစာ အဆင်သင့်ဖြစ်တော့မယ် "