အပိုင်း ၆၈၅-၆၈၈
Vol. 35 Ch. 685-688
အပိုင်း ( ၆၈၅ )
ယဲ့လူကြီးမင်းအား တောင်းပန်ခြင်း
" ဒါ ...... ဒါတွေအားလုံးက ယဲ့ဖန်ကြောင့်များလား "
" ပြောစရာတောင် လိုသေးလို့လား။ ယန်းချန်မြို့မြို့တစ်ခုလုံးမှာ ကောင်းကျူမင်းနဲ့ ရီမိသားစုကို အာဃာတတွေရှိတာ ဘယ်သူရှိလို့လဲ။ ပြီးတော့ ဘယ်သူကရော အဲ့လို လုပ်နိုင်စွမ်း ရှိလို့လဲ "
" ပြီးပြီ၊ အားလုံး ပြီးသွားပြီ။ ငါတို့က ဒီနေ့ ရီမိသားစုဆီသွားပြီး ယဲ့ဖန်ကို ဘယ်လိုဖြုတ်ချမလဲဆိုတာ တိုင်ပင်ခဲ့ကြတာ။ သူသာ သိသွားရင် ငါတို့ သေချာပေါက် အဆုံးသတ်သွားမှာ "
" ငါတို့ အခု ဘာလုပ်ကြမလဲ။ ငါ သေမတတ် ကြိုးစားပြီးမှ ရလာတဲ့ သွေးချွေးစိုက်ပြီး စုဆောင်းထားတဲ့ အုတ်မြစ်ကို မပျက်စီးစေချင်ဘူး "
" ယဲ့လူကြီးမင်းရဲ့ ဒေါသကို ငြိမ်းစေနိုင်မယ့် နည်းလမ်းကို မြန်မြန် စဉ်းစားကြဦး "
" ရီချန်းကျယ်ရဲ့ စားပွဲကို တက်ခဲ့တဲ့သူတွေ အများကြီးရှိတယ်လို့ ကြားခဲ့တယ်။ အဲ့တာပြီးတော့ သူတို့က ယဲ့ဖန်ကို သွားတောင်းပန်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မတန်မဆ ဈေးလျှော့ပြီး လွှဲပြောင်းပေးခဲ့ရတယ်တဲ့။ အဲ့တာပြီးတော့ ယဲ့ဖန်က အဲ့ကိစ္စကို ဆက်ပြီး အာရုံမထားတော့ဘူး "
" ဒါဆိုလည်း သူတို့ကို ဥပမာထားပြီးတော့ ပိုင်တာတွေထုတ်ရောင်းပြီး နစ်နာကြေးပေးကြတာပေါ့ "
" အဲ့တာက နည်းနည်းတော့ အရှက်ကွဲပေမဲ့ အခုလက်ရှိမှာ ဖြစ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ "
ချူးရှစ်အုံးသည် လူတိုင်း၏ ပြောနေသံကို ကြားပြီးနောက် အထင်သေးစွာဖြင့် ချက်ချင်း ဝေဖန်ပြောဆိုလိုက်သည်။
" မင်းတို့ဘဲ ရီမိသားစုကို အခုတင် အထင်ကြီးနေတာ မဟုတ်ဘူးလား။ ယဲ့ဖန်ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေကြမယ်ဆိုပြီး အခုကြ လက်မြှောက်အရှုံးပေးတော့မလို့လား "
တစ်စုံတစ်ယောက်က ချက်ချင်း မေးလိုက်သည်။
" အညံ့မခံရင် ဘာလုပ်နိုင်မှာမလို့လဲ "
ချူးရှစ်အုံးက ချက်ချင်းထရပ်လိုက်သည်။
သူ၏ အကြည့်သည် အလွန်ပင် ခိုင်မာယုံကြည်မှု ရှိနေသည်။
" မင်း ငါ့ကိုမေးမယ်ဆိုရင်တော့ ပြောစရာက တစ်ခုပဲရှိတယ်။ ငါတို့အားလုံး တစ်ညီတည်း ပူးပေါင်းလုပ်မယ်ဆို ယဲ့ဖန်ကို ယှဉ်နိုင်လောက်တယ် "
လူတိုင်းသည် အကြံကောင်းတစ်ခုကို မျှော်လင့်ထားကြသော်လည်း ထိုစကားကို ကြားသောအခါ အားလုံးက ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကြသည်။
" အဲ့တာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလို့ ခေါ်တယ်။ ယဲ့ဖန်က ရီမိသားစုနဲ့ ကောင်းကျူမင်းကိုတောင် မကြောက်တာ။ ငါတို့လို ပမွှားတွေကို အထူးတလည် စာဖွဲ့ထည့်တွေးပြီး ကြောက်နေမယ် ထင်လို့လား "
" ဟုတ်တယ်၊ ငါတို့သာ ပါးပါးနပ်နပ်နဲ့ အညံ့ခံလိုက်မယ်ဆို အလွန်ဆုံးမှ သွေးထွက်ရုံပေါ့။ ဒါပေမဲ့ ခေါင်းချင်းဆိုင်ပြီး တိုက်မယ်ဆိုရင် ငါတို့ ဘယ်လိုနည်းနဲ့ သေကုန်မလဲ ဘယ်သူမှ သိမှာမဟုတ်ဘူး "
" ဟုတ်တယ်၊ ယဲ့ဖန်က အခုဆို ရီမိသားစုနဲ့ ကောင်းကျူမင်းရဲ့ စည်းစိမ်တွေကိုလည်း ရထားပြီဆိုတော့ သူ့အင်အားကို ပိုပြီးများလာမှာ။ ငါတို့တွေ ပူးပေါင်းရင်တောင် သူ့ကို မယှဉ်နိုင်လောက်ဘူး "
" သူပြောတာကို နားထောင်မနေနဲ့။ ငါတို့အတွက် အကောင်းဆုံးက အညံ့ခံလိုက်တာပဲ။ ခုခံဖို့ စဉ်းစားမနေကြနဲ့ "
" ငါလည်း သဘောတူတယ်။ ယဲ့လူကြီးမင်းဆီ မနက်ဖြန် သွားတောင်းပန်ကြရအောင် "
" ငါလည်း သဘောတူတယ် ...... "
လူတိုင်းက သဘောတူ လက်ခံကြသည်။
အချိန်အားဖြင့် အနည်းငယ် နောက်ကျနေတာကြောင့်သာ မဟုတ်ပါက သူတို့အားလုံးသည် ဖြစ်လာမည့် ဘေးအန္တရာယ်များကို ချက်ချင်း ကာကွယ်ရန် ယဲ့ဖန်ဆီသို့ ချက်ချင်း အပြေးသွားကြမည် ဖြစ်သည်။
ချူးရှစ်အုံးသည် လူတိုင်း၏ စိတ်ပျက်စရာကောင်းသော ပုံစံကို ကြည့်ပြီး အလွန်အထင်သေးမိသည်။
အကယ်၍ သူတို့အားလုံးသည် တကယ်ပဲ တညီတညွတ်တည်း ကြိုးစားခဲ့ပါက ယဲ့ဖန်နှင့် မယှဉ်နိုင်လျှင်တောင်မှ ကိုယ့်ကိုယ်ကိုယ် အလဟဿ ဆုံးရှုံးကြမည် မဟုတ်ချေ။
သို့သော် အားလုံးသည် ယဲ့ဖန်အား အဆုံးအစွန်ထိ ကြောက်လန့်နေကြခြင်းကြောင့် ခုခံဖို့ သတ္တိတစ်စက်ကလေးမျှ မရှိချေ။
သူတို့အားလုံးသည် တကယ်ပင် သတ္တိကြောင်သော ငနုံငအများ ဖြစ်ကြသည်။
" ငါလည်း သဘောတူတယ် "
......................................
ယဲ့ဖန်ဆီသို့ ကျောင်းဖုလင်မှ ဖုန်းဆက်လာသည်။
" ယဲ့ညီလေး၊ မင်းက တကယ်ကို နတ်ဘုရားပဲ။ ဆရာကြီးသုံးယောက်ကို ဗုံးတစ်လုံတည်းနဲ့ အပီဖြုတ်သွားတာ "
" တကယ်တော့ ကျွန်တော်က ဘာမှလုပ်ခဲ့တာ မဟုတ်ပါဘူး။ အဲ့တာ သူတို့လုပ်ခဲ့တဲ့ ကိစ္စတွေပါဘဲ။ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရသွားရုံတင်ပါ "
" အဲ့လိုဆိုရင်တောင် မင်းသာ ခမ်းနားပြည့်စုံစံအိမ်ထဲကို ခိုးဝင်ပြီး သူလျှိုဂိမ်း မကစားခဲ့ဘူးဆိုရင် ငါတို့ဘက်က သူတို့ကို ဒီလို လွယ်လွယ်နဲ့ ဖြုတ်ချလို့ ရခဲ့မှာ မဟုတ်ဘူး "
" ကံကောင်းသွားတာပါ "
" ပြီးတော့ နောက်တစ်ခုရှိသေးတယ်။ ရီထျန်းဟွက ဒီနေ့ လူတွေအများကြီးစုပြီး မင်းနဲ့ ငါတို့ကျောင်းမိသားစုကို တစ်ခုခုလုပ်ဖို့ ကြံခဲ့ကြတယ်ပြောတယ်။ ငါတို့အိမ်က ကျောင်းအဘိုးကြီးက ခရီးသွားနေတာလေ။ တစ်ခုခုသာ ဖြစ်သွားရင် သေချာပေါက် ပြဿနာတက်ပြီပဲ "
" အဲ့လိုလုပ်ခဲ့ကြသေးတာလား။ ကံကောင်းလို့ ကျောင်းသခင်ကြီးမရှိတာဘဲ "
" ဟုတ်တယ်၊ သူတို့က ကျောင်းသခင်ကြီး ပြန်မရောက်သေးတာကို အခွင့်ကောင်းယူတာလေ။ အခု ကျောင်းမိသားစုက ငါ့ကို မှီခိုနေတာ။ အဲ့လူတွေ စုပြီးသာ တကယ် အင်အားချီလာမယ်ဆိုရင် ငါတို့ ခုခံနိုင်မှာ မဟုတ်လောက်ဘူး။ မင်းက ငါတို့ကျောင်းမိသားစုကို ကယ်ခဲ့တာပါ။ မင်းအပေါ် အရမ်းကြီးတဲ့ ကျေးဇူးကြွေး ထပ်တင်သွားပြန်ပြီပဲ "
" အစ်ကိုကျောင်း၊ ဒီလိုကြီးထိ ယဉ်ကျေးမနေပါနဲ့။ ကျွန်တော့်ကို ညီအစ်ကိုလို မသတ်မှတ်ဘူးပဲ "
" အေးပါ၊ အေးပါ၊ အေးပါ၊ ငါ မှားတာ။ ညီအစ်ကိုချင်း စိတ်ထဲမထားကြေးပေါ့ကွ "
" အဲ့လိုမှပေါ့ "
သူတို့နှစ်ဦး ခဏကြာ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။
သူ ဖုန်းချလိုက်ပြီးချိန်မှာပင် ရှုချန်းမင်းဆီမှ ချက်ချင်း ဖုန်းဝင်လာသည်။
" ရှောင်ဖန်၊ ဆောင်းကျီရန်က အဆုံးသတ်သွားပြီ "
" ကျွန်တော် အစ်ကိုကျောင်းဆီက ကြားထားပါတယ် "
" ငါ မင်းကို ဒီတစ်ခါတော့ တကယ်ကျေးဇူးတင်ရမှာပဲ။ မင်းရဲ့ အချက်အလက်တွေက တကယ်ကို အချိန်ကိုက်ဖြစ်သွားတာ "
" ဒါဆို အစ်ကိုကြီးရှုက ရှေ့တစ်လှမ်းဆက်တက်လို့ ရပြီလား "
" အစတုန်းက ဆောင်းကျီရန်နဲ့ ငါနဲ့က အခွင့်အရေးရှိခဲ့ကြတာ။ အခု သူက စောစောစီးစီး ဖယ်ထုတ်ခံလိုက်ရပြီဆိုတော့ ငါ့ရဲ့အခွင့်အရေးတွေက ပိုများလာတာပေါ့။ ဒါပေါ့၊ အခုထိ အခြေအနေတွေကတော့ မသိရသေးဘူး။ အဲ့တော့ သေချာကြီး မပြောနိုင်သေးပါဘူး၊ ဟားဟားဟား ........ "
ရှုချန်းမင်း၏ စရိုက်က အတော်လေး ကျိုးကြောင်းဆီလျော်သည်။
ဤစကားမျိုးသည် ယဲ့ဖန်အား ပြောရန် မသင့်လျော်သောကြောင့် သူက ထိန်းလိုက်လေသည်။
သို့သော် ဤမျှထိပြောနေခြင်းကို ကြည့်ခြင်းအားဖြင့် ယဲ့ဖန်အား အပြင်လူဟု သတ်မှတ်ထားသည် မဟုတ်ကြောင်းကိုတော့ သိနိုင်သည်။
" ဒါဆို အစ်ကိုကြီးရှုကို ကြိုပြီး ဂုဏ်ပြုပါတယ် "
" ရှောင်ဖန်၊ နောင်ဆို မင်းမှာ အခက်အခဲရှိရင် ပြော။ ငါ့စည်းမျဉ်းဘောင်တွေကို မကျော်ရင်တော့ သေချာပေါက် ရအောင် တတ်နိုင်သမျှ ကူညီပေးမယ် "
" ကောင်းပါပြီ ....... "
ထို့နောက် လော့ကျင်းယွမ်၊ ချန်းချုံရှန်း၊ ဟုရွမ်ယုနှင့် အခြားသူများက ဖုန်းဆက် ဂုဏ်ပြုကြသည်။
ထိုညသည် ယန်းချန်မြို့မြို့၏ အထက်တန်းစား အသိုင်းအဝိုင်းအတွက် အိပ်မပျော်စေသောည ဖြစ်ခဲ့သည်။
ယဲ့ဖန်သည် ဒီညမှစ၍ ထိပ်ဆုံးသို့ တက်လှမ်းနေပြီ ဖြစ်သည်။
သူသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် အချမ်းသာဆုံးလူ မဟုတ်သော်လည်း သူ့အား သွားထိ၍ပင် မရသည့်လူ ဖြစ်လာလေသည်။
နျုံစစ်သွမ်း၊ ကောင်းကျူမင်း၊ ရီမိသားစုနှင့် ဆောင်းကျီရန်တို့ အားလုံးသည် သူ့ခြေရင်းတွင် ပြားပြားဝပ်သွားခဲ့ကြရသည်။
ထိုတောက်ပြောင်လှသော အောင်မြင်မှုများသည် တောင်ပိုင်းကွမ်တုန်းပြည်နယ် တစ်ခုလုံးအား အထင်သေးငုံ့ကြည့်ရန် လုံလောက်လေသည်။
ဘယ်သူမှ သူ့အား မော်ကြည့်ရဲမည် မဟုတ်ပေ။
......................................
သို့သော် ယဲ့ဖန်သည် တစ်ခဏမျှသာ ပျော်ရွှင်ခဲ့ပြီး သူ၏ စိတ်အာရုံကို ပြန်လည်စုစည်းနိုင်ခဲ့သည်။
အကြောင်းတွင် သူ့မှာ အခြား ပိုအရေးကြီးသောအရာတစ်ခုမှ စောင့်နေသောကြောင့် ဖြစ်သည်။
မနက်ဖြန်သည် လေလံကျင်းပမည့်ကျရောက်လာမည့်နေ့ ဖြစ်သည်။
သူ ယန်းချန်မြို့မြို့သို့ ရောက်လာရသည့် အဓိက ရည်ရွယ်ချက်မှာ လေလံပွဲကြောင့်ဖြစ်သည်။
ဒီကြားထဲမှာ အများကြီး ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
နျုံစစ်သွမ်း၏ စံအိမ်ကို လေလံဆွဲနိုင်မှ ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံ၏ ကျန်ရှိနေသေးသော မြေပုံသုံးပိုင်းကို ရပြီး ရတနာဖွင့်နိုင်မှာ ဖြစ်သည်။
သူသည် ရှန်းဘုရင်၏လျှို့ဝှက်ရတနာမြေပုံကို ရမည်ဟု သေချာနေသည်။
အကြောင်းမှာ အခြားသူများက ဤအကြောင်းကို စိတ်ဝင်မစားဘူးဟု ထင်သောကြောင့်ဖြစ်သည်။
သူ အနိုင်ရမည့်အကြောင်းအား တွေးနေစဉ်တွင် ဖုန်းဝင်လာသည်။
ခေါ်ဆိုသူမှာ ချန်းဖေးအယ်ဖြစ်သည်။
ယဲ့ဖန်သည် မှတ်မိရန် အတော်လေး စဉ်းစားလိုက်ရသည်။
သူမသည် နျုံစစ်သွမ်းသေပြီးနောက် သူ့ကို လာရှာခဲ့သည့်အထူးတပ်ဖွဲ့မှ အမျိုးသမီးအဖွဲ့ဝင်ဖြစ်လေသည်။
ထိုအဖြစ်အပျက် ပြီးသည့်နောက် သူတို့နှစ်ဦးကြား ဆက်သွယ်မှု မရှိခဲ့ကြချေ။
ထို့ကြောင့် သူမ၏ ဖြစ်တည်မှုကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။
သူမ ဘာကြောင့် ဖုန်းခေါ်ဆိုသည်လဲဆိုတာကို တွေးမိသည်။
ခဏကြာတဲ့နောက်မှ ဖုန်းကို ကိုင်လိုက်သည်။
ထို့နောက် တစ်ဖက်မှ သူမ၏ အေးစက်တည်ငြိမ်သော အသံကို ကြားလိုက်ရသည်။
" ရှင် မနက်ဖြန် နျုံစစ်သွမ်းလေလံပွဲကို သွားတက်မှာမလား "
ယဲ့ဖန်သည် ဆိုဖာပေါ်တွင် ဇိမ်ကျစွာ ထိုင်နေသည်။
" ဟုတ်တယ်၊ ဘာပြဿနာရှိလို့လဲ "
ချန်းဖေးအယ် သွယ်ဝိုက်မနေဘဲ လိုရင်းကို တန်းပြောလိုက်သည်။
" ရှင့်ကို မနက်ဖြန် မသွားဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် အန္တရာယ်များလိမ့်မယ် "
ယဲ့ဖန်က ခပ်မဲ့မဲ့ပြုံးလိုက်သည်။
" နည်းနည်းလောက် အန္တရာယ်များတော့ ဘာဖြစ်လဲ။ ဘယ်လိုအန္တရယ်တွေကို မမြင်ဖူးလို့လဲ "
ချန်းဖေးအယ်၏ အသံက အနည်းငယ် အေးစက်နေသည်။
" ရှင့်ကို ကျွန်မ ကြောက်အောင်ခြောက်နေတာ မဟုတ်ဘူး။ အဲ့လူတွေက ဂျပန်က ထူးဆန်းတဲ့အဖွဲ့အစည်းတစ်ခုကပဲ။ သူတို့က ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံကို လိုချင်နေကြတာ။ ရှင် အဲ့ပွဲမှာပါရင် အရမ်းအန္တရာယ်များလိမ့်မယ်။ ကျွန်မပြောချင်တာ အဲ့တာအကုန်ပဲ။ ကျန်တာကတော့ ရှင်ကြိုက်သလိုလုပ် "
ထိုသို့ပြောပြီးနောက် သူမ ဖုန်းချသွားသည်။
အပိုင်း ( ၆၈၆ )
ယဲ့ဖန် မဟုတ်ဘူး၊ လူကြီးမင်းယဲ့
ယဲ့ဖန်သည် ချန်းဖေးအယ်၏ သတိပေးချက်ကို စိတ်ထဲတွင် မထားခဲ့ပေ။
အန္တရာယ် အနည်းငယ်ရှိရုံဖြင့် လက်လွှတ်လိုက်ပါက ဘာမှရနိုင်မည် မဟုတ်ချေ။
ဘယ်အရာမှလည်း အလွယ်တကူရခြင်းမျိုး မရှိချေ။
တစ်ညတာ အနားယူပြီး နောက်တစ်နေ့မနက်တွင် ယဲ့ဖန် အခန်းထဲမှ ထွက်လာသည့်အခါ ဂါဝန်အဖြူဝတ်ထားပြီး ဧည့်ခန်းထဲ၌ ထိုင်နေသော လုရှောင်ရကို တွေ့လိုက်ရသည်။
" မင်း ........ "
ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။
ဒီအကြိမ်သည် သူမ ဤကဲ့သို့၀တ်စားထားခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူမသည် သူမ၏ ပုံမှန်ကိုယ်ဟန်နှင့် မတူဘဲ လုံးဝကွဲပြားသော အလှတရားကို ပေးစွမ်းနေလေသည်။
အထူးသဖြင့် သူမ၏ ဖော်ပြထားသော ပုခုံးသားသည် ကြွေထည်ကဲ့သို့ နူးညံ့ပြီး ချောမွေ့နေသည်။
" လေလံပွဲမှာ အဖော်ပြုပေးမလို့လေ။ ဘယ်လိုလဲ။ ဒီလောက်ဆိုရင်တော့ အရှက်ရစေမှာ မဟုတ်လောက်ဘူးမလား "
ပြောနေရင်းဖြင့် လုရှောင်ရသည် နေရာမှာပင် တစ်ပတ်လှည့်ပြလိုက်ပြီး ပြုံးပြသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်သည်။
" လေလံပွဲကို သွားရုံတင်ကို ဒီလောက်ထိ ဝတ်စားထားဖို့ လိုလို့လား "
လုရှောင်ရသည် သူ့ဆီသို့ လျှောက်လာပြီး တရင်းတနှီး လက်ကို ဖက်လိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် ယဲ့လူကြီးမင်းနဲ့ ပွဲတက်ရမှာဆိုတော့ အရှက်ကွဲအောင်လုပ်လို့ မဖြစ်ဘူးလေ "
ထိုအချိန်တွင် သူမသည် ယဲ့ဖန်၏ လက်မောင်းကို ဖက်တွယ်ထားပြီး သူမ၏ အစိတ်အပိုင်းတစ်နေရာက တစ်ခါပြီးတစ်ခါ ထိမိနေကာ သူ၏ စိတ်ကို ထကြွလာစေသည်။
ယဲ့ဖန်၏ ရှုထောင့်မှ ကြည့်လျှင် သူမက အတော်ကို ပြစ်မျိုးမှဲ့မထင်လှပနေသည်။
လုရှောင်ရသည် ယဲ့ဖန်၏ အနည်းငယ် စူးရှနေသောအကြည့်ကို သတိထားမိသည့်အခါ ရှက်သွားပြီး အနည်းငယ်ပျော်သွားသည်။
သူမက သူ့ကို အမြန်တွန်းထုတ်လိုက်သည်။
" သွား၊ မြန်မြန်ရေချိုးသန့်စင်တော့ "
ယဲ့ဖန် အမြန်အကြည့်လွှဲပြီး ကိုးယိုးကားယားနိုင်စွာ ပြုံးလိုက်သည်။
ထို့နောက် နောက်ပြန်လှည့်ပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
....................................
ဒီနေ့သည် နျုံစစ်သွမ်း၏ ပိုင်ဆိုင်မှုများကို လေလံတင်သောနေ့ ဖြစ်ပြီး ထိုလေလံပွဲက ယန်းချန်မြို့မြို့ရှိ လူများစွာ၏ အာရုံကို ဖမ်းစားခဲ့သည်။
သို့သော် ဝင်ခွင့်လိုအပ်ချက် အဆင့်အတန်းမြင့်မားမှုကြောင့် လေလံပွဲတွင် လူများစွာ မပါဝင်နိုင်ခဲ့ပေ။
လူထောင်ချီ ဝင်ဆံ့နိုင်သော ခန်းမကြီးထဲတွင် လူရာကျော်လောက်သာ ရှိနေသည်။
သူတို့သည် မနေ့က ဖြစ်ခဲ့သည့် ကိစ္စကြီးအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။
" မနေ့ညက အဲ့သတင်းကိုလည်း ကြားပြီးရော ငါ တစ်ညလုံး အိပ်လို့တောင် မရခဲ့ဘူး "
" ဟုတ်တယ်။ ရီမိသားစုက ယန်းချန်မြို့မြို့မှာ ဒုတိယအကြီးဆုံးမိသားစုကြီးပဲ။ ဒီလောက်မြန်မြန်နဲ့ အဆုံးသတ်ပြိုလဲသွားမယ် မထင်ထားဘူး "
" ပြီးတော့ အဲ့ဒီ ကောင်းကျူမင်းပဲ။ သူက အမြဲတမ်း ဥပဒေမဲ့ပြီး မောက်မာနေတာ။ သူလည်း မြန်မြန်ရှောသွားရော "
" ယဲ့ဖန်က အဲ့လိုလုပ်ခဲ့တာလို့ ပြောကြတယ်။ အဲ့တာ အမှန်ပဲလား "
" မေးစရာတောင် လိုသေးလို့လား။ ယဲ့ဖန်ကလွဲပြီး သူတို့နှစ်ယောက်နဲ့ ပြဿနာရှိနေတာ ဘယ်သူရှိသေးလို့လဲ။ ပြီးတော့ ရှိခဲ့ရင်တောင် ယဲ့ဖန်လို တစ်ပြိုင်နက်တည်း သူတို့လို အင်အားကြီးတွေကို ဖြိုချနိုင်မယ်ထင်လား "
" အဲ့တာဆိုမှ နျုံစစ်သွမ်းကို သတိရသွားတယ်။ သူလည်း ယဲ့ဖန်ကြောင့် ချောင်ပိတ်မိသွားတယ်ထင်တယ်။ အဲ့တာကြောင့် သတ်သေသွားတာ ဖြစ်မယ် "
" ဒီယဲ့ဖန်က တအားကို အင်အားကြီးလွန်းတယ်။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့တောင် တကယ့်အကောင်ကြီးတွေက သူ့ခြေအောက်မှာ ပြားပြားဝပ်ကုန်ရပြီ "
" ဟုတ်တယ်၊ ဒီအဖြစ်ပြီးတာနဲ့ သူ့ရဲ့ တိုးတက်မှုကို ဘယ်သူကမှ တားနိုင်မှာတောင် မဟုတ်လောက်ဘူး "
" ယန်းချန်းက တကယ်ပဲပြောင်းလဲတော့မှာ။ ငါတို့က ယဲ့ဖန်ရဲ့ အရိပ်အခြေကြည့်ပြီးမှ စားရတော့မယ် ထင်တယ် "
" ယဲ့ဖန်လို့ ခေါ်ရဲသေးတာလား။ နောက်ဆို သူ့ကို ယဲ့လူကြီးမင်းလို့ပဲ ခေါ်သင့်တယ် "
" ဟုတ်တယ်၊ ဟုတ်တယ်၊ ယဲ့လူကြီးမင်းကိုပြောတာ။ နောက်ဆို ယဲ့လူကြီးမင်းဆီက စားကြွင်းစားကျန်ဘဲ ကောက်စားရမှာ "
လူတိုင်းက ဆွေးနွေးနေစဉ်တွင် တောင်ပိုင်းကွမ်တုန်းပြည်နယ်ရုံးချုပ်၏ အထွေထွေမန်နေဂျာအဖြစ် လတ်တလောမှ ရာထူးတိုးသွားသော ချန်းချုံရှန်းသည် လူအချို့နှင့်အတူ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
လူတိုင်းက အတော်လေး စိတ်ဝင်စားသွားကြသည်။
ချန်းချုံရှန်းကဲ့သို့လူကပင် အဖော်ပြုကြိုဆိုပေးရပါက အတော်လေး အင်အားကြီးနောက်ခံရှိသူ ဖြစ်ရမည်။
သို့သော် လူတိုင်း၏ မျက်နှာပေါ်တွင် ကြောင်အနေသော အမူအရာများ ရှိနေသည်။
ထိုလူအုပ်စုက ဘယ်သူလဲဆိုတာ သူတို့အားလုံး မသိကြချေ။
ချန်းချုံရှန်းသည် ခန်းမထဲသို့ လျှောက်လာပြီး ထိုအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်သူအား ညွှန်ပြလိုက်သည်။
" အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ဂျပန်နိုင်ငံ မာ့ဆုကော်ပိုရေးရှင်းက လူကြီးမင်း မာ့စုအိရှီချီပါ "
ထိုလူသည် အသက်လေးဆယ်အရွယ်ရှိသည်။
ကိုယ်တိုင်းဖြင့် ချုပ်ထားသော ဝတ်စုံပြည့်ကို ဝတ်ထားပြီး ကြည့်ရသည်မှာ ဩဇာအပြည့်ရှိသည်။
ချန်းချုံရှန်း၏ မိတ်ဆက်မှု ပြီးသည့်နောက် သူသည် လူများရှိရာဘက်သို့ အနည်းငယ် ကိုယ်ကိုကိုင်းညွတ်ပြီး တရုတ်စကားဖြင့် ကျွမ်းကျင်စွာ ပြောလိုက်သည်။
" ဒီမှာ လူသစ်ဖြစ်တာကြောင့် ခင်ဗျားတို့က ညွှန်ပြပေးဖို့ မျှော်လင့်ပါတယ် "
ကျန်သူများသည် မိတ်ဆက်မှုနှင့် နောက်ခံကို သိရှိပြီးနောက် စတင် တီးတိုးပြောဆိုကြတော့သည်။
" တကယ်ကြီး မာ့စုကော်ပိုရေးရှင်းက တစ်ယောက်လား။ ချန်းချုံရှန်းက အဖော်ပြုကြိုဆိုပေးတာ အံ့သြစရာ မရှိပါဘူး "
" ဟုတ်တယ်။ မာ့စုကော်ပိုရေးရှင်းက ဂျပန်နိုင်ငံရဲ့ ထိပ်တန်းဆယ်ခုထဲမှာပါတယ်လေ။ သူတို့က ယန်းချန်မြို့မြို့မှာ ဘာလုပ်နေကြတာလဲ "
" မာ့စုကော်ပိုရေးရှင်းက ဒီလေလံပွဲမှာ ပါမှာတော့ မဟုတ်ဘူးမလား။ သူတို့သာ တကယ်ကြီး ပါမယ်ဆိုရင် ငါတို့က သူတို့နဲ့ ယှဉ်ဖို့ ဘယ်က အင်အားရှိနိုင်မှာလဲ "
" ဒါ လူကြီးက ကလေးတစ်ယောက်ကို ရိုက်နှက်နေသလိုပဲ။ ငါတို့ဟာ အဆင့်မတူဘူးလေ "
" ဘာတွေဖြစ်ကုန်တာလဲ မသိတော့ဘူး။ အဲ့ကိစ္စတွေကိုသာ ကြိုသိထားရင် ရှောင်မှာပေါ့။ ငါတို့က သူတို့နဲ့ ခေါင်းချင်းဆိုင်လို့ မရဘူး "
" ဟုတ်တယ်၊ မာ့စုကော်ပိုရေးရှင်းနဲ့ ထိပ်တိုက်တွေ့တာက ကျောက်ခဲတစ်လုံးကို ကြက်ဥနဲ့ ရိုက်သလိုပဲ "
လူတိုင်း ဆွေးနွေးနေကြချိန်တွင် မာ့စုအိရှီချီက လူအုပ်ကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။
" မာ့စုကော်ပိုရေးရှင်းက နျုံစစ်သွမ်းလူကြီးမင်းရဲ့ နေအိမ်အတွက် ရောက်နေတာပါ။ ဘယ်လောက်ပဲကုန်ပါစေ သေချာပေါက် ဝယ်မှာဖြစ်တယ်။ အဲ့အတွက် လုံလောက်တဲ့ ရန်ပုံငွေတွေကိုလည်း ပြင်ဆင်ထားပြီးပြီ။ မင်းတို့က ငါတို့နဲ့ ပြိုင်ချင်ရင် မင်းတို့ ပိုက်ဆံအိတ်ထဲမှာ အလုံအလောက်ရှိရဲ့လား အရင်ကြည့်လိုက်ကြ "
ထိုစကားများကို တည်ငြိမ်သောလေသံဖြင့် ပြောနေသော်လည်း သူတို့၏ တင်းမာသော ရည်ရွယ်ချက်ကို မည်သူမဆို ကြားသိနိုင်သည်။
တစ်ချို့လူတွေက ချက်ချင်း မကျေမနပ်ဖြစ်သွားသည်။
ဒါက တရုတ်နိုင်ငံပဲ။
ဒီနေရာမှာ ဂျပန်တွေက ဘယ်လိုလုပ်ပြီး မောက်မာ ရိုင်းစိုင်းပြနေရတာလဲ။
သို့သော် မာ့စုကော်ပိုရေးရှင်း၏ အင်အားကို တွေးကြည့်မိသောအခါ ချက်ချင်းပင် စိတ်ပျက်သွားကြရသည်။
မာ့စုကော်ပိုရေးရှင်းသည် ဤမျှမာနထောင်လွှားရန် လုပ်ပိုင်ခွင့် ရှိနေလေသည်။
အများစုမှာ သက်ပြင်းချကြသည်။
သူတို့သည် ဤအိမ်ကြီးအတွက် ရောက်လာကြခြင်း မဟုတ်ပေ။
နျုံစစ်သွမ်းသည် အိမ်တွင် မသေခဲ့သောကြောင့် သရဲခြောက်သောအိမ် မဟုတ်သော်လည်း ကံမကောင်းဘူးဟု ယူဆကာ လူများစွာက စိတ်မဝင်စားကြချေ။
ထို့အတွက်ကြောင့် လေလံအိမ်သည် စံအိမ်၏ မူလပေါက်ဈေးမှာ ၁.၅ ဘီလီယံရှိသော်လည်း ကြမ်းခင်းဈေးကို ၁ ဘီလီယံဟု သတ်မှတ်ခဲ့သည်။
မာ့စုကော်ပိုရေးရှင်းသည် ဤလေလံပွဲတွင် စံအိမ်အတွက်သာ ရောက်နေသောကြောင့် သူတို့ကြား ပဋိပက္ခဖြစ်ရန် မလိုအပ်ချေ။
သို့သော် ချန်းချုံရှန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
သွားပြီ၊ ယဲ့ညီလေးက သူ့ပြိုင်ဘက်နဲ့ တွေ့ပြီပဲ။
အပိုင်း ( ၆၈၇ )
ငန်းသားနှင့် ဖား
ယဲ့ဖန်သည် နောက်ဆုံးရောက်လာသူ ဖြစ်သည်။
သူရောက်လာချိန်၌ ခန်းမထဲတွင် လူများ ပြည့်နေပြီ ဖြစ်သည်။
ချန်းချုံရှန်းက သူ့အား ကြိုဆိုရန် လျှောက်လှမ်းလာသည်။
" ယဲ့ညီလေး၊ ငါတို့ မတွေ့တာတောင် အတော်ကြာပြီ။ မင်းက အခု ယန်းချန်မြို့မှာ တကယ်ကို နာမည်ကြီးနေတဲ့လူပဲ "
သူသည် ရှုပ်ထွေးသောအကြည့်ဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။
ဤလူငယ်လေးသည် ယန်းချန်မြို့တွင် ရောက်နေသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူသည် ရီမိသားစုနှင့် ကောင်းကျူမင်းကိုပင် အနိုင်ယူခဲ့ပြီးဖြစ်သည်။
သူသည် ဆောင်းကျီရန်ကိုပင် ဖြုတ်ချသွားခဲ့သည်။
ဒီယဲ့ညီငယ်လေးနှင့် ယှဉ်လျှင် ဖိနပ်ကို သယ်ဖို့ပင် မထိုက်တန်ချေ။
ယဲ့ဖန်သည် ခန်းမထဲသို့ လျှောက်မသွားမီ ချန်းချုံရှန်းနှင့် စကားအနည်းငယ် ပြောခဲ့သည်။
တက်ရောက်လာသူအားလုံးသည် တညီတညွတ်တည်း မတ်တပ်ထရပ်ကာ လေးစားစွာ နှုတ်ဆက်ကြသည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း "
သူ့အနားရှိ လုရှောင်ရပင် ထိတ်လန့်သွားသည်။
ယန်းချန်မြို့တွင် ဤမျှ ကြီးကျယ်ခမ်းနားသော ကြိုဆိုမှုကို ရရှိနိုင်သည်အထိ ယဲ့ဖန်တွင် ဂုဏ်အင်အားရှိနေမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ယဲ့ဖန်သည် အနည်းငယ် ထိတ်လန့်သွားသော်လည်း လျင်မြန်စွာ ပြန်လည် စိတ်တည်ငြိမ်သွားသည်။
ထို့နောက် သူ့လက်ကို လူတိုင်းအား ဝှေ့ယမ်းပြသည်။
" အားလုံးပဲ၊ ဒီလောက်ထိ တရားဝင်နှုတ်ဆက်နေဖို့ မလိုပါဘူး။ ကျေးဇူးပြုပြီး ထိုင်ကြပါ "
တက်ရောက်လာကြသော အမျိုးသမီးများအားလုံး ရင်ခုန်နေကြသည်။
" ယဲ့လူကြီးမင်းက အခု ငါ့ကို ပြုံးပြလိုက်တယ်။ သူက ငါ့ကို ပြုံးပြတယ် "
" နင့်ကိုယ်နင် အထင်မှားမနေနဲ့။ ယဲ့လူကြီးမင်းက ငါ့ကို ပြုံးပြနေတယ် ရှင်းနေတာပဲ မဟုတ်လား "
" ယဲ့လူကြီးမင်းက ပြုံးပြရင် အရမ်းကြည့်ကောင်းတာပဲ။ သူက အရမ်းလည်း ချောပြီး အင်အားကလည်း ကြီးသေးတယ်။ သူက တကယ့်ကို ယောက်ျားတွေထဲက အကောင်းဆုံးယောက်ျားပဲ "
" သူ့ဘေးက အဲ့ဒီကောင်မလေးက ဘယ်သူလဲ။ ဒီလောက်ရုပ်ဆိုးနေတာတောင် သူက ယဲ့လူကြီးမင်းကို သွေးဆောင်ရဲသေးတာလား "
လုရှောင်ရ ထိုစကားကို ကြားသောအခါ သူမ ငိုမိမတတ်ပင် ဖြစ်ရသည်။
ဒါကြီးကတော့ အရမ်းလွန်တယ် မဟုတ်ဘူးလား။
ကျန်ရှိသော အမျိုးသားများသည်လည်း သူတို့၏ ရာထူးဂုဏ်ပုဒ်အခြေအနေကြောင့် တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသော်လည်း စိတ်ငြိမ်စွာ ထားရန်မှာ အလွန်ခက်ခဲလေသည်။
အကြောင်းမှာ သူတို့ရှေ့ရှိ လူငယ်လေးသည် ရီမိသားစုနှင့် ကောင်းကျူမင်းအား ဖယ်ရှားခဲ့ခြင်းကြောင့် ဖြစ်သည်။
သူသည် ဆောင်းကျီရန်အား သွယ်ဝိုက်ပြီးပင် ဖြုတ်ချခဲ့လေသည်။
သူ့ကို ဘယ်လိုမှ မအံ့သြဘဲ မနေနိုင်ကြချေ။
သို့သော် ယဲ့ဖန်အား မသိတဲ့သူများလည်း သေချာပေါက် ရှိနေခဲ့သောကြောင့် သူတို့က ဝိုင်းမေးကြသည်။
" ဒီလူငယ်လေးက ဘယ်သူလဲ။ ဘာလို့ လူတိုင်းက သူ့ကို အရမ်းလေးစားနေရတာလဲ။ မင်းမျိုးမင်းနွယ်ကြီးတွေရဲ့ အိမ်ရှေ့စံမင်းသားလေးမလို့လား "
ချက်ချင်းပင် တစ်စုံတစ်ယောက်က သူ့ကို ဂုဏ်ယူစွာ ရှင်းပြသည်။
"မင်း ယဲ့လူကြီးမင်းကိုတောင် မသိဘူးလား။ မင်း တခြားမြို့ကလား။ ရီမိသားစုကိုရော သိလား။ ရီမိသားစုခေါင်းဆောင်က အဖမ်းခံလိုက်ရပြီ။ ချောင်ရှင်းဂိုဏ်းက ကောင်းသူဌေးကြီးကိုရော သိလား။ သူလည်း သူ့ကိုယ်သူ သတ်သေသွားတယ် "
" ဆောင်းကျီရန်ကိုရော သိလား။ သူလည်း အဖမ်းခံရတယ် ....... "
" နေပါဦး၊ မင်းပြောနေတဲ့ ဒီလူတွေကို ငါသိပါတယ်။ ဒါပေမယ့် ယဲ့လူကြီးမင်းနဲ့ ဘာဆိုင်လို့လဲ "
" မင်းက မသိတာလို့ ငါပြောရမယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေ ဒီလိုအဆုံးသတ်ရတယက ယဲ့လူကြီးမင်းကြောင့်ပဲ "
" ဘာလဲ။ မင်း ငါ့ကို လာနောက်နေတာလား။ ဒီလို အခြေကြီးတဲ့သုံးယောက်လုံးက သေချာပေါက် အင်အားကြီးလွန်းတဲ့ အကောင်ကြီးတွေ မဟုတ်လား။ ဒီယဲ့လူကြီးမင်းက ဘယ်လောက်တောင် တန်ခိုးကြီးလို့ သုံးယောက်လုံးကို တစ်ပြိုင်နက်တည်း သတ်နိုင်ရတာလဲ "
" မင်း မယုံတာလည်း ကောင်းပါတယ်။ ငါလည်း မယုံရဲဘူး။ ဒါပေမယ့် အဲ့တာက အမှန်တရားပဲ။ မင်းမယုံတာက အရေးမကြီးဘူး "
" အဲ့တာဆိုရင်တော့ ဒီယဲ့လူကြီးမင်းက အစွမ်းထက်လွန်းတယ်။ ငါတို့ သူ့ကို လွယ်လွယ်နဲ့ မစော်ကားနိုင်ဘူး "
" မင်း သူ့ကို စော်ကားရဲသေးတာလား။ မင်းက သူ့ဖိနပ်ကို လျက်ဖို့တောင် အဆင့်မရှိမှာ စိုးရိမ်ရတယ် .......... "
လုရှောင်ရသည် ရီမိသားစု၊ ကောင်းကျူမင်းနှင့် ဆောင်းကျီရန်အကြောင်းကို သူမ၏ အချစ်ဆုံးသူငယ်ချင်းဆီမှ ကြားဖူးထားပြီးဖြစ်သော်လည်း ယဲ့ဖန်သည် ဤအရာအားလုံးကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သူမ မသိခဲ့ပေ။
အားလုံး၏ ပြောဆိုဆွေးနွေးနေကြသံကို ကြားပြီးနောက် သူမ ချက်ချင်း ထိတ်လန့်သွားရသည်။
သူတို့သည် ယဲ့ဖန်ကို အလွန်လေးစားနေကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဒီတစ်ယောက်က တိတ်တဆိတ်ဖြင့် ကြီးမားသော လှိုင်းကြီးဖြစ်သွားစေခဲ့သည်။
သူ ယန်းချန်မြို့မှာ ရောက်နေတာ ဘယ်နှစ်ရက်သေးလို့လဲ။
အဲ့တာတောင် သူက ဒေသခံသူဌေးကြီး နှစ်ယောက်ကို ရင်ဆိုင်ပြီး အစွမ်းထက်တဲ့ နိုင်ငံရေးအရာရှိတစ်ယောက်ကိုတောင် ဖြုတ်ချနိုင်ခဲ့သေးတယ်။
သူမသည် ထိုသို့သောယောက်ျားနှင့် အမှန်တကယ်ပင် ထိုက်တန်ပါရဲ့လား။
ငန်းသားစားချင်နေတဲ့ ဖားဟု သမုတ်ခံရမည်လား။
" ယဲ့လူကြီးမင်း၊ ဒီတစ်ခေါက် ဘာကို ယူချင်လဲ။ ကျွန်တော်တို့ကို ကြိုပြောထားရင် ကောင်းမယ် မဟုတ်လား။ လူကြီးမင်းနဲ့ ပြိုင်ဖို့ သတ္တိမရှိပါဘူး "
ချက်ချင်းပင် တစ်စုံတစ်ယောက်မှ မေးလာသည်။
တခြားသူတွေကလည်း ယဲ့ဖန်ကို စိုးရိမ်တကြီးနှင့် ကြည့်နေသည်။
ယဲ့ဖန်က ပေါ့ပါးစွာ ပြုံးလိုက်သည်။
" အားလုံးပဲ ကျေးဇူးပြုပြီး ဒီလို မပြောပါနဲ့။ ဒါက လေလံပွဲဖြစ်တဲ့အတွက် တရားမျှတစွာ ယှဉ်ပြိုင်ကြရမှာပါ။ ကျွန်တော် တခြားလေလံပစ္စည်းတွေမှာ မပါဝင်ပါဘူး။ ဒါပေမယ့် နျုံစစ်သွမ်းရဲ့ အဓိကစံအိမ်ကိုတော့ နည်းနည်း စိတ်ဝင်စားပါတယ် "
အားလုံးက သူ့စကားကို ကြားသောအခါ စိတ်သက်သာရာရသွားကြသည်။
ထို့နောက် ရှေ့ဆုံးတန်းတွင် ထိုင်နေသော မာ့စုအိရှီချီကို ကြည့်ပြီး သူတို့၏ အမူအရာမှာ ထူးဆန်းသွားသည် ။
မာ့စုကော်ပိုရေးရှင်းပဲဖြစ်စေ၊ ယဲ့ဖန်ပဲဖြစ်စေ သူတို့အနေနဲ့ စော်ကားဖို့ မတတ်နိုင်ချေ။
ယခုအခါ ထိုအင်အားစုနှစ်စုသည် နျုံစစ်သွမ်း၏ အိမ်အား လိုချင်နေကြသောကြောင့် ကြည့်ကောင်းသော ပြပွဲတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။
ယဲ့ဖန်ဝင်လာပြီးကတည်းက မာ့စုအိရှီချီသည် ထိုလူငယ်နှင့် အထူးသဖြင့် သူ့အနားရှိ လုရှောင်ရကို စောင့်ကြည့်နေခဲ့သည်။
သူ့အမြင်တွင် သူမသည် ချစ်စရာကောင်းလွန်းလေသည်။
မာ့စုကော်ပိုရေးရှင်း၏ ဆက်ခံသူများထဲမှ တစ်ဦးအနေဖြင့် ချောမောလှပသော အမျိုးသမီးများစွာ ဝန်းရံခံရသော်လည်း ထိုကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးကို တွေ့ရခဲသည်။
သူမသည် ချက်ချင်းပင် သူ၏ အာရုံကို စွဲဆောင်သွားလေသည်။
တခြားသူတွေ၏ ဆွေးနွေးမှုများမှ ယဲ့ဖန်၏ လုပ်ဆောင်ချက်တွေအကြောင်းကို သူ ကြားသိခဲ့ရသော်လည်း အဲ့လောက်ကို စိတ်ထဲမထားချေ။
မာ့စုကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံ၏ ထိပ်တန်းအဖွဲ့အစည်း ၁၀ခုအနက်မှ တစ်ခုဖြစ်သည်။
ထို့ကြောင့် ယန်းချန်မြို့တွင် ချဲ့ကားနေသည့် စကားဝိုင်းလေးတွေကို ဟာသတစ်ခုအဖြစ် သဘောထားသည်။
ယဲ့ဖန်အပေါ် လူတိုင်း၏ မြှောက်ပင့်ပေးနေမှုသည် ကလေးဆန်ပြီး ရယ်စရာကောင်းသည်ဟု သူ ခံစားရသည်။
ယဲ့ဖန်မှ နျုံစစ်သွမ်း၏ အိမ်ကို စိတ်ဝင်စားသည်ဟု ပြောနေသည်ကို သူကြားပြီးသည့်နောက် ချက်ချင်း ရယ်လိုက်သည်။
" မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ "
သူသည် အသံကို တမင်နှိမ့်ပြောခြင်းမျိုး မရှိသောကြောင့် ရှိနေသူအားလုံး သူပြောတာကို ရှင်းလင်းစွာ ကြားလိုက်သည်။
အားလုံးက မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
သူ ဘာဖြစ်ချင်နေလဲဆိုတာ လူတိုင်း မသိကြရချေ။
စီးပွားရေးလောကရှိလူများသည် နှစ်ဖက်ကြားတွင် ပဋိပက္ခများရှိလျှင်ပင် အနည်းဆုံး ဖော်ရွေသောအသွင်အပြင်ကို ထိန်းသိမ်းထားရမည်ဖြစ်သည်။
ထို့အပြင် နှစ်ဘက်ကြားတွင် ပဋိပက္ခ လုံးဝမရှိခဲ့ဖူးပေ။
ဒီလေလံပွဲသည် တရားမျှတစွာ ယှဉ်ပြိုင်ရမည့်ပွဲဖြစ်သည်။
မာ့စုအိရှီချီသည် လူအများကြီးရှေ့တွင် ဒီလိုပြောလိုက်ခြင်းက ယဲ့ဖန်အား မျက်နှာကို ပေါ်တင် ရိုက်လိုက်တာဖြစ်သည်။
အားလုံးက ယဲ့ဖန်ကို သေချာကြည့်နေကြကာ ချက်ချင်း ပေါက်ကွဲတော့မည်ကို ကြောက်နေကြသည်။
ယဲ့ဖန်သည် မာ့စုအိရှီချီကို ငုံ့ကြည့်ပြီးနောက် ချန်းချုံရှန်းဘက်ကို မေးခွန်းထုတ်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
ချန်းချုံရှန်းက ယဲ့ဖန် စိတ်ဆိုးသွားမှာကို စိုးရိမ်ပြီး မိတ်ဆက်ပေးသည်။
" ယဲ့ညီလေး၊ ဒါက မာ့စုကော်ပိုရေးရှင်းက လူကြီးမင်း မာ့စုအိရှီချီပါ။ သူက ... နောက်ပြောင်နေတာ ဖြစ်ပါလိမ့်မယ် "
ချန်းချုံရှန်းက ထိုကဲ့သို့ ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင် မာ့စုအိရှီချီ၏ ဘိုးဘေးတွေအထိ ကျိန်ဆဲနေလိုက်သည်။
ဒီကောင်က ဘာဖြစ်ချင်နေတာလဲ။
သူက ယဲ့ဖန်ကို ဘာကိစ္စ ပြဿနာရှာခဲ့တာလဲ ။
သို့သော် မာ့စုအိရှီချီသည် သူ့အတွက် ဘာကောင်းသည်ကို မသိဘဲ ချက်ချင်း လှောင်ပြောင်လိုက်သည်။
" ဘယ်သူက သူ့ကို နောက်ပြောင်နေလို့လဲ။ ငါတို့ရဲ့ မာ့စုကော်ပိုရေးရှင်းနဲ့ ယှဉ်တာက ကျောက်တုံးကို ကြက်ဥနဲ့ ပစ်ပေါက်သလိုပဲ။ မင်းတို့အတွက် ဘာကောင်းလဲဆိုတာကို သိရင် အလှောင်မခံရအောင် အခုချက်ချင်း ထွက်သွားလိုက်တာ ပိုကောင်းတယ် "
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
ချန်းချုံရှန်းသည် ယဲ့ဖန်၏ ဒေါသကို ကောင်းစွာ နားလည်သည်။
သူက ဘယ်တုန်းကမှ သည်းခံသည့်သူ မဟုတ်ချေ။
ဂျပန်လူမျိုးက သူ့ခေါင်းပေါ် တင်စီးဆက်ဆံနေတာကို ဘယ်လိုလုပ် ခွင့်ပြုမှာလဲ။
မျှော်လင့်ထားသည့်အတိုင်း မာ့စုအိရှီချီ ၏ လှုံ့ဆော်စကားကို ကြားပြီးနောက် ယဲ့ဖန်သည် လှည့်ပတ်ကြည့်လိုက်သည်။
" ဒီလေလံပွဲထဲမှာ ဘာလို့ ခွေးဟောင်နေတာလဲ။ ဟောင်သံက ဂျပန်ခွေးဖြစ်မယ်ထင်တယ် "
အားလုံးက သူ့စကားကိူ ကြားလိုက်သည့်အခါ သူတို့၏ အမူအရာတွေက သိသာစွာ ပြောင်းလဲသွားခဲ့သည်။
ယဲ့ဖန်သည် လက်ရှိတွင်တော့ သည်းခံထားလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ မာ့စုကော်ပိုရေးရှင်းကြီးသည် အင်မတန် အင်အားရှိလေသည်။
ထို့ကြောင့် သူတို့အနေဖြင့် စော်ကား၍ မရချေ။
သို့သော် မထင်မှတ်ထားစွာဖြင့် ယဲ့လူကြီးမင်းက သည်းခံမနေဘဲ ချက်ချင်း ပြန်ကြိမ်းမောင်းလိုက်သည်။
လူတိုင်းတွင် ထိုကဲ့သို့ ဒီလိုကြီးစိုးနိုင်စွမ်းရှိသည့် ကိုယ်ရောင်ဝါကို မပိုင်ဆိုင်ကြချေ။
အပိုင်း ( ၆၈၈ )
ယောက်ျားဆိုတာ သေချာရဲ့လား
အမှန်ပင် မာ့စုအိရှီချီသည် 'ရွှားခနဲ'မြည်အောင်ပင် လျင်မြန်စွာ မတ်တပ်ထရပ်လိုက်သည်။
သူက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ဘာကာ(အရူးကောင်)၊ မင်းတို့ကများ ငါ့ကို ကြိမ်းမောင်းရဲလား "
အားလုံးက သူ့စကားကို ကြားသည့်အခါ သူတို့အမူအရာများမှာ အနည်းငယ် အကျည်းတန်သွားကြသည်။
သူသည် ယဲ့ဖန်ကို ကြိမ်းမောင်းရုံသာမက ရှိနေသူအားလုံးကို ကြိမ်းမောင်းလိုက်ခြင်းဖြစ်သည်။
သို့သော် ဒေါသထွက်ရုံသာ တတ်နိုင်သည်။
ယဲ့ဖန်ကဲ့သို့ ပြန်လည်တိုက်ခိုက်ရန် သူတို့တွင် သတ္တိမရှိပေ။
ချန်းချုံရှန်းလည်း အနည်းငယ် ဒေါသထွက်သွားသည်။
သို့သော် ဤလေလံပွဲသည် သူ တောင်ပိုင်းကွမ်တုန်းဌာနခွဲအား အထွေထွေမန်နေဂျာအဖြစ် ရာထူးကို ရရှိပြီးနောက် စီစဉ်ခဲ့သော ပထမဆုံးအကြိမ် အကြီးစားလေလံပွဲဖြစ်လေသည်။
ထို့ကြောင့် သူ့အနေဖြင့် မရှုပ်ထွေးစေချင်ပေ။
ထို့အပြင် ရုံးချုပ်ကြီးမှ မာ့စုကော်ပိုရေးရှင်းမှလာသော ဤသခင်လေးအား ကောင်းမွန်စွာလက်ခံကြိုဆိုပေးရန် အထူးတလည် ညွှန်ကြားထားခဲ့သည်။
ထို့ကြောင့် စကားအချေအတင်လေးဖြင့် ကိစ္စကို မကြီးထွားစေရန် လုပ်ရသည်။
သူသည် ယဲ့ဖန်ကို ကြည့်လိုက်ရသည်။
" ယဲ့ညီလေး၊ မင်း ငါ့ကို မျက်နှာထောက်ပြီး ဒီပြဿနာကို ဆက်မဖြစ်ပါစေနဲ့ "
ယဲ့ဖန်သည် လက်တုံ့ပြန်ချင်သော်လည်း သူ့စကားကို ကြားပြီးနောက် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
" အစ်ကိုချန်းက ဒီလိုပြောမှတော့ ခင်ဗျားကို မျက်နှာသာပေးလိုက်ပါမယ် "
ထိုစကားကို ပြောပြီးနောက် လှည့်ကြည့်ကာ ရှေ့ဆုံးတန်းသို့ လျှောက်သွားသည်။
ချက်ချင်း တစ်စုံတစ်ယောက်သည် ထိုင်ခုံနှစ်ခုကို လိမ္မာပါးနပ်စွာ ဖယ်ပေးလိုက်သည်။
မာ့စုအိရှီချီသည် သူ့မျက်နှာတွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ရှိနေသည်။
" ဘယ်လောက်တောင် သူရဲဘောကြောင်တဲ့ ဝက်တစ်ကောင်လဲ "
သူက စကားပြောနေစဉ်တွင် လုရှောင်ရအား လောဘကြီးစွာကြည့်ရန်လည်း မမေ့ပေ။
လုရှောင်ရသည် ယဲ့ဖန် ဒေါသထွက်နေသော်လည်း ချန်းချုံရှန်းကြောင့် လက်ရှိတွင် ထုတ်မပြနိုင်သည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။
မာ့စု၏ မျက်လုံးများသည် ရွံရှာဖွယ်ကောင်းသော အကြည့်ဖြင့် ကြည့်နေသည်ကို သူမ သတိပြုမိသွားသောအခါ သူမသည် ချက်ချင်း လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။
" ဘာကြည့်နေတာလဲ မိန်းမတစ်ယောက်ကို မမြင်ဖူးဘူးလား။ တဏှာကြီးနေတဲ့သူ "
သူမသည် သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီးနောက် ယဲ့ဖန်အနားတွင် ထိုင်လိုက်သည်။
မာ့စုအိရှီချီသည် သူ ကြည့်နေခြင်းကို ဖုံးကွယ်ထားခြင်းမရှိပေ။
" မင်းလို ချောမောလှပတဲ့ မိန်းမတစ်ယောက်ကို သာမာန် ဘယ်ယောက်ျားမဆိုက တစ်ချက်လောက်တော့ ကြည့်မိမယ်ထင်တယ် "
လုရှောင်ရက မထီမဲ့မြင် ပြုံးလိုက်သည်။
" သာမန်လူလား။ ရှင်က သာမန်လူတစ်ယောက်ဆိုတာ သေချာရဲ့လား။ ရှင့်ကြည့်ရတာ ရုပ်ခံလေးတော့ရှိပေမယ့် အသုံးမဝင်လောက်ဘူး ထင်တယ်။ အဲ့ကဏ္ဍမှာ ပြဿနာရှိနေလား။ ဆေးစစ်ဖို့ ဆေးရုံရော သွားကြည့်ဖူးလား "
ယောက်ျားတစ်ယောက်၏ အားနည်းချက်ကို သူမ အလွန်ပင် ရှင်းလင်းစွာ သိသည်။
ယောက်ျားများသည် သူတို့အား ထိုကိစ္စတစ်ခုအား မစွမ်းဆောင်နိုင်ကြောင်း လူအများရှေ့ အပြောခံရမည်ကို အကြောက်ဆုံးဖြစ်သည်။
အထူးသဖြင့် မိန်းမလှလေးတစ်ယောက်က လူကြားထဲတွင် ပြောလိုက်သောအခါ ဒေါသမထွက်မည့်ယောက်ျား မရှိလောက်ချေ။
ထို့အပြင် ကံကောင်းစွာဖြင့် မာ့စုအိရှီချီတွင် အမှန်တကယ် ထိုနေရာ၌ ပြဿနာရှိနေလေသည်။
သူသည် နှစ်စဉ် လှည့်လည် သွားလာရင်းဖြင့် သူ့ခန္ဓာကိုယ်မှ ပန်းလေးတွေစားသုံးရင်းနှင့် ဝိုင်များစွာ ကြာရှည်မှီဝဲခဲ့သောကြောင့် ထိုနေရာ၌ တဖြည်းဖြည်း အင်အားနည်းလာသည်။
နည်းမျိုးစုံနှင့် ကြိုးစားခဲ့သော်လည်း တိုးတက်မှု သိပ်မရှိခဲ့ချေ။
ယခုအခါ အမျိုးသမီးတစ်ဦးသည် လူအများရှေ့တွင် ရုတ်တရက် ထိုအနာရှိသော နေရာကို ဆားလာဖြူးသဖြင့် ချက်ချင်း တွန့်လူးသွားရသည်။
" ခွေးမ၊ မင်းက သေချင်နေတာဘဲ "
သူသည် ရှေ့ကို လှမ်းလာပြီး လုရှောင်ရအား ပါးရိုက်လိုက်ရန် လက်ပြင်သည်။
ထိုရုတ်တရက်ဆန်သော လုပ်ရပ်သည် ပွဲအတွင်း ရှိနေသူအားလုံးကို အံ့အားသင့်စေခဲ့သည်။
လုရှောင်ရ၏ စကားများသည် အနည်းငယ် လွန်လွန်းသည်ဟုလည်း ခံစားမိသော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် မည်သို့ပင်ဖြစ်စေ မိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက် မကျူးလွန်သင့်ပေ။
သို့သော် သူတို့သည် အလှမ်းဝေးနေခဲ့သောကြောင့် သူတို့ကို တားရန် အရမ်းနောက်ကျသွားခဲ့သည်။
ကံကောင်းစွာဖြင့် ဖြတ်လတ်သော ယဲ့ဖန်မှ အမြန်တုံ့ပြန်ပြီး လုရှောင်ရကို ဆွဲဖယ်လိုက်သည်။
မာ့စုအိရှီချီသည် လက်ချော်သွားသော်လည်း သူက လက်မလျှော့ဘဲ သူမ ရှောင်လိုက်ရာကို ဆက်လက် တိုက်ခိုက်လေသည်။
ယဲ့ဖန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
" ကြည့်ရတာ ခင်ဗျားက တကယ် ယောက်ျားမဟုတ်ဘူးဘဲ။ မိန်းကလေးတစ်ယောက်ကို တကယ် ရိုက်ချင်နေတာလား "
မာ့စုအိရှီချီ၏ မျက်လုံးများသည် လူသတ်ချင်စိတ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။
" ဘာကာ (အရူးကောင်)၊ ရူးနေတဲ့ တရုတ်ဝက်။ ငါ့ကို အခုချက်ချင်း လွှတ်လိုက်စမ်း "
ယဲ့ဖန်သည် ကိုယ်တိုင် ပြန်လုပ်ရန် စိတ်ထိန်းလိုက်သည်။
ထို့နောက် ချန်းချုံရှန်းကို လှည့်ကြည့်လိုက်သည်။
" အစ်ကိုချန်း၊ ဘာလို့ ဒီအညစ်အကြေးတွေကို မနှင်ထုတ်သေးတာလဲ။ အမှိုက်ရှင်းဖို့ နှစ်သစ်ကူးအထိ စောင့်နေတာလား "
ချန်းချုံရှန်းက စိတ်ရှုပ်နေသည့် အမူအရာဖြင့် သူ့ကိုကြည့်လိုက်သည်။
" ညီလေး၊ ငါ့ကို အခက်အခဲတွေ ဖြစ်အောင် မလုပ်ပါနဲ့။ ဒီမာ့စုကော်ပိုရေးရှင်းက ...... "
ဒီတစ်ခါတွင် သူ့စကားမပြီးခင်မှာတင် ယဲ့ဖန်၏ မျက်နှာထားက မည်းသွားသည်။
" ချန်းလူကြီးမင်း၊ ဒီမာ့စုကော်ပိုရေးရှင်းကို မျက်နှာသာပေးပြီး ကျွန်တော့်ကိုကျ စော်ကားလို့ရတယ်လို့ ဆိုလိုတာလား "
သူ၏စကားများသည် အနည်းငယ်ကြမ်းတမ်းသောကြောင့် ချန်းချုံရှန်း၏ စိတ်နှလုံးကိုပင် တင်းကြပ်သွားစေသည်။
သူတို့နှစ်ဦးသည် အချိန်အကြာဆုံးသိခဲ့ကြပြီး အရင်းနှီးဆုံးဆက်ဆံရေးရှိခဲ့ကြကာ ယဲ့ဖန်မှ သူ့အား 'အစ်ကိုချန်း'ဟုသာ အမြဲခေါ်ဆိုခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူသည် ရုတ်တရက် အခေါ်အဝေါ်ပင် ပြောင်းသွားသည်။
သူနှင့် ဆက်ဆံရေး ရှင်းလင်းပြီး ပြတ်ပြတ်သားသား စည်းတားရန် ကြံရွယ်နေသည်မှာ ထင်ရှားလေသည်။
အကယ်၍ သူသည် မာ့စုအိရှီချီကို ချက်ချင်း မရှင်းထုတ်ပါက သူတို့သည် သူငယ်ချင်းများပင် မဟုတ်တော့မည်ဟု ဆိုလိုနေသည်။
ထို့အပြင် ယဲ့ဖန်အား အရင် ပြဿနာရှာခဲ့သူမှာ တကယ်ပင် မာ့စုအိရှီချီဖြစ်သည့်အပြင် သူသည် ယဲ့ဖန်၏ တွဲဖက်အား ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန် ကြိုးစားခဲ့လေသည်။
သူသည် လေလံပွဲ၏ စည်းကမ်းများကို ချိုးဖောက်ခဲ့သည်။
ထို့ကြောင့် သူ့ကို ထုတ်ပစ်သင့်သည်။
ရုံးချုပ်မှ အမိန့်များ ရှိသော်လည်း ယခုချိန်တွင် ဂရုမစိုက်နိုင်တော့ချေ။
" မာ့စု လူကြီးမင်း၊ ခင်ဗျားက ကျွန်တော်တို့လေလံအိမ်အတွင်းမှာ တိုက်ခိုက်ပြီး ကျွန်တော်တို့ရဲ့ စည်းကမ်းတွေကို ချိုးဖောက်လိုက်ပါတယ်။ အဲ့တာကြောင့် လေလံပွဲမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပါ "
မာ့စုအိရှီချီက သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ချန်းချုံရှန်း၊ မင်းငါ့ကို ဒီလိုလေသံနဲ့ ဘယ်လိုပြောရဲတာလဲ။ ဘာကာ၊ မင်းက သေချင်နေတာပဲ "
ချန်းချုံရှန်းသည် သူနဲ့အတူ တစ်လေတည်းရှူနေရတာကိုပင် စိတ်ကုန်သွားသည်။
သူက ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
" ငါ့ကောင်တွေ၊ သူ့ကို ဆွဲထုတ်ပစ်လိုက် "
လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းငယ် သည် ချက်ချင်းပင် ရှေ့သို့ တက်လာကြသည်။
မာ့စုအိရှီချီနှင့် လိုက်ပါလာသည့် လူအနည်းငယ်သည် ချက်ချင်း ဒေါသတကြီး ထရပ်လိုက်သည်။
" ချန်းလူကြီးမင်း၊ မင်းဘာကိုဆိုလိုတာလဲ။ မင်းက ငါတို့ မာ့စုကော်ပိုရေးရှင်းနဲ့ ရန်သူဖြစ်ချင်တာလား "
တက်ရောက်လာသူအားလုံးသည် ထိုမြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြသည်။
သူတို့သည် ဤကဲ့သို့ ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။
တက်ဖက်သူမှာ ထင်ရှားကျော်ကြားသော မာ့စုကော်ပိုရေးရှင်းမှ ဖြစ်သည်။
ချန်းချုံရှန်း ရူးနေတာလား။
ထိုအချိန်တွင် Sotheby'sလေလံအိမ်မှ အမှုဆောင်တစ်ဦးသည်လည်း ချန်းချုံရှန်းအား နားချရန် ပြေးလာသည်။
" ဥက္ကဌချန်း၊ မာ့စုလူကြီးမင်းက ကျွန်တော်တို့ လေလံအိမ်ရဲ့ အထင်ကရ ဧည့်သည်တစ်ဦးပါ။ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး "
ချန်းချုံရှန်းသည် ယဲ့ဖန်ကို ကြည့်ပြီးနောက် မောက်မာသော မာ့စုအိရှီချီကို လှည့်ကြည့်လိုက်သည်။
" ငါ မာ့စုကော်ပိုရေးရှင်းကိုလည်း ဂရုမစိုက်ဘူး။ ငါ့ညီအစ်ကိုကို စော်ကားရဲတဲ့သူက ငါ့ရန်သူပဲ။ ဒီကောင်ကို ချက်ချင်း ထုတ်ပစ်လိုက်။ တစ်ခုခုဖြစ်လာရင် ငါ တာဝန်ယူမယ် "
လုံခြုံရေးအစောင့်များသည် တုံ့ဆိုင်းမနေဘဲ မာ့စုအိရှီချီဆီသို့ ချက်ချင်း ပြေးသွားကြသည်။