← Chapters

အပိုင်း ၆၈၉-၆၉၂

Vol. 35 Ch. 689-692

အပိုင်း ၆၈၉-၆၉၂

Vol. 35 Ch. 689-692

အပိုင်း ( ၆၈၉ )

ကျောက်ကပ်လား၊ နှလုံးလား။

မာ့စုအိရှီချီသည် အလွန်မောက်မာနေဆဲဖြစ်သည်။

" ချန်းဆန်၊ မင်း သေချာစဉ်းစား။ မာ့စုကော်ပိုရေးရှင်းရဲ့ ဒေါသကို ခံနိုင်ရည်ရှိမှာလား "

ချန်းချုံရှန်းသည် ဤခွေးသားကို အချိန်အတော်ကြာ သည်းခံခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် စိတ်လွှတ်လိုက်ပြီး မျက်နှာကိုပင် ထိုးပစ်လိုက်သည်။

" မင်းရဲ့ စောက်ပါးစပ်ကို ပိတ်လိုက်။ ဒီခေတ်က ဘယ်ခေတ်မလို့လဲ။ မင်းတို့က ဂျပန်တွေဆိုတိုင်း ငါတို့ တရုတ်တွေက ကြောက်ရမှာလား။ ဒီနေ့ မင်း ဘယ်ရောက်နေလဲဆိုတာ ငါပြောပြပေးမယ် "

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဒီခွေးကို မောင်းထုတ်လိုက် "

လုံခြုံရေးအစောင့်များက ချက်ချင်း လက်နှစ်ဖက်နှင့် ခြေထောက်တွေကို လှမ်းဆွဲသည်။

သူတို့က မာ့စုကို ခွေးသေတစ်ကောင်လို သယ်ပြီး လမ်းပေါ်ပစ်ချလိုက်သည်။

မာ့စုကော်ပိုရေးရှင်းမှ လူတွေလည်း စိတ်ပျက်လက်ပျက် ထွက်ပြေးလာကြသည်။

" ကောင်းလိုက်တာ၊ ချန်းလူကြီးမင်း "

" အဲ့ဒီဂျပန်ကောင်ကို မကြိုက်တာကြာပြီ။ ဒီလိုမျိုး ငါတို့ လုပ်လိုက်ရမှာ "

" ဒီဂျပန်ခွေးတွေကို ကိုင်တွယ်ဖို့ လူသုံးတဲ့နည်းလမ်းကို မသုံးသင့်ဘူး။ ခွေးတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကိုပဲ အသုံးပြုသင့်တယ် "

" ချန်းလူကြီးမင်း၊ ကျွန်တော်တို့ ခင်ဗျားကိုထောက်ခံတယ် "

ချန်းချုံရှန်းသည် သူရဲကောင်းတစ်ဦးဖြစ်လာသော်လည်း နှလုံးသားထဲတွင် ခါးသီးစွာ ရယ်မောမိသည်။

မာ့စုကော်ပိုရေးရှင်း၏ အင်အားကို သူ ကောင်းစွာ သိသည်။

သူသည် ယနေ့တွင် သူတို့အား ဆိုးရွားစွာ စော်ကားခဲ့သဖြင့် နောင်တွင် သူ ဒုက္ခရောက်မည်ကို ကြိုစိုးရိမ်နေသည်။

ယဲ့ဖန်က လမ်းလျှောက်လာပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။

" အစ်ကိုချန်း၊ ဘာမှကြောက်စရာ မရှိပါဘူး။ ခင်ဗျားရဲ့အထက်လူကြီးတွေက အခက်အခဲအောင်လုပ်ရင် ကျွန်တော့်ဆီလာခဲ့။ ဒီမှာ အနိုင်ကျင့်ခံရတာထက် ပိုကောင်းတယ် မဟုတ်လား "

ချန်းချုံရှန်းလည်း ရယ်ပြီး သူ့တင်ပါးကို ရိုက်ချလိုက်သည်။

" မင်းက ငါ့ကို ချန်းလူကြီးမင်းလို့ခေါ်တော့ ငါ့ကို အဆက်အသွယ်ဖြတ်တော့မယ် ထင်ပြီး စိုးရိမ်သွားတာ "

ယဲ့ဖန်လည်း ရယ်မောလိုက်သည်။

" ကျွန်တော် ရန်မစရင် အစ်ကိုချန်းက လှုပ်ရှားမှာ မဟုတ်ဘူး "

ချန်းချုံရှန်းသည် သူ့နာရီကို ငုံ့ကြည့်လိုက်သည်။

" ကောင်းပြီ၊ ငါ မင်းနဲ့ ရယ်မနေတော့ဘူး။ လေလံပွဲစတော့မယ် "

ယဲ့ဖန်က ဘာမှ မပြောဘဲ သူ့ထိုင်ခုံတွင် ပြန်သွားထိုင်လိုက်သည်။

လုရှောင်ရ က သူမကို ချီးကျူးရန် ချက်ချင်း တောင်းဆိုလိုက်သည်။

" ရှင့်ရဲ့ဒေါသကို ဖြေဖျောက်ဖို့ ကူညီပေးခဲ့တာ။ ကျွန်မကို ဘယ်လိုကျေးဇူးဆပ်မလဲ "

သူမသည် မာ့စုအိရှီချီအား ရည်ရွယ်ချက်ရှိရှိ မနှိုးဆွခဲ့ဘူးဆိုလျှင် ဒီနေ့ သူ့ဒေါသကို မဖြေဖျောက်နိုင်ဘူးဆိုတာ ယဲ့ဖန် ဝန်ခံရပေမည်။

ထို့အပြင် မာ့စုအိရှီချီသည်လည်း ထိုအိမ်အတွက် လေလံပွဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ရှိနေသေးပြီး နှစ်ဘက်စလုံးမှ ပြိုင်ဆိုင်ခဲ့လျှင် ပွဲအရှိန်ကပြင်းထန်လွန်းပြီး အိမ်ကို လေလံဆွဲနိုင်လျှင်တောင်မှ စျေးအလွန်ကြီးစွာ ပေးရလိမ့်မည်။

လုရှောင်ရသည် ဒီတစ်ကြိမ်တွင် သူ့အတွက် ဆုံးရှုံးမှုများစွာကို လျှော့ချနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

" နောက်မှ ကြိုက်တာတွေ့ရင်ပြော။ လေလံဆွဲပြီး မင်းကို ကျေးဇူးတင်လက်ဆောင်အဖြစ် ပေးမယ် "

" ကျစ်၊ လက်ဆောင်ကို ဘယ်သူက ဂရုစိုက်နေလို့လဲ "

လုရှောင်ရက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

သူ့ကျေးဇူးတင်မှုကို မကျေမနပ်ဖြစ်နေသည်။

" ဒါဆို မင်းဘာလိုချင်တာလဲ။ မင်းကိုတော့ လက်ထပ်ပေးရမှာ မဟုတ်ဘူးမလား "

ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" ငါ နင့်ကိုလက်ထပ်ချင်တယ်ဆို နင် ဆန္ဒရှိလား "

လုရှောင်ရ၏ လှပသော မျက်လုံးလေးများသည် အကြည့်ထဲတွင် စကားလုံးထောင်ပေါင်းများစွာ ရှိနေသကဲ့သို့ သူ့ကို တည့်တည့် စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် ချက်ချင်း ချောင်းခြောက်ဆိုးသွားရသည်။

" ကျောက်ကပ်လား၊ နှလုံးလား "

( TN-ကျောက်ကပ်က ယောက်ျားလေးတွေအတွက် ကျောက်ကပ်အားကောင်းတဲ့ကိစ္စရပ်ကို ပြောချင်တာ ဖြစ်ပြီးတော့ နှလုံးသားကတော့ တကယ့်အချစ်စစ်ကို ပြောချင်တာဖြစ်ပါတယ် )

လုရှောင်ရ အနည်းငယ် သိချင်စိတ်ဖြစ်သွားသည်။

" ကွာခြားမှုရှိလို့လား "

ယဲ့ဖန်က ဆိုးသွမ်းသော အပြုံးကို ပြုံးပြလိုက်သည်။

" ကျောက်ကပ်ဖြစ်ရင်လည်း စိတ်မဆိုးပါဘူး။ ဒါပေမယ့် နှလုံးသားဆိုရင်တော့ မေ့လိုက်။ အဲ့ဒီအရာက ပင်ပန်းလွန်းတယ် "

လုရှောင်ရသည် သူမ၏ ခေါင်းကိုလှည့်လိုက်သည်။ သို့သော် မလှည့်ပြီ သူ့ကို 'လူယုတ်မာ'ဟု စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။

သူမ ဒေါသထွက်သွားပုံရသည်။

ယဲ့ဖန်က တခြားဘာမှ မပြောချေ။

သူသည် လုရှောင်ရ၏ ခံစားချက်များကို သိနေသော်လည်း လက်ရှိအချိန်တွင် ဟန်ဆောင်ပြီး ဝိုးတဝါးဖြစ်နေသည့်ပုံ လုပ်နေရသည်။

သို့သော် ခုနက သူပြောခဲ့သည့် စကားများက အမှန်တစ်ဝက်နှင့် အမှားတစ်ဝက်ဖြစ်သည်။

အကယ်၍ သူမက သူနှင့် အမှန်တကယ် ခံစားချက်မရှိဘဲ ကစားချင်ပါက အဲ့တာကို သူ စဉ်းစားပေးမည်ဖြစ်သည်။

အမှန်တွင်လည်း သာမန်ယောက်ျားတစ်ဦးအနေဖြင့် မိန်းကလေးဘက်မှစ၍ ကိုယ်တိုင် ရင်ခွင်ထဲသို့ ပစ်ဝင်လာသော လှပသည့်မိန်းကလေးကို ငြင်းဆိုနိုင်ရန် အကြောင်းမရှိချေ။

သို့သော် နှလုံးသားဖြင့် ပတ်သက်ချင်လျှင်တော့ နှစ်ခါပြန် စဉ်းစားရလိမ့်မည်။

တကယ်ပင် ထိုကဲ့သို့ အချစ်ကိစ္စနှင့် ပတ်သက်ပါက အင်အားကုန်လွန်းပြီး သူ့တွင် ထိုအချစ်ရေးများအပေါ်တွင် ကုန်ဆုံးရန် အင်အားမရှိချေ။

သူတို့နှစ်ယောက် ကိုယ်ပိုင်အတွေးများ တွေးနေကြချိန်တွင် နောက်ဆုံး၌ လေလံပွဲစတင်ခဲ့သည်။

နျုံစစ်သွမ်းသည် အိမ်ခြံမြေ၊ ကားများ၊ ရှေးဟောင်းပစ္စည်းစုဆောင်းမှုများ အစရှိသည်တို့အပါအဝင် သူ၏အမည်အောက်တွင် အိမ်ရာများစွာလည်း ရှိသည်။

ထိုအရာများအားလုံးသည် အဖိုးမဖြတ်နိုင်ကြပေ။

လေလံပွဲစပြီး အိမ်တစ်လုံးကို လေလံစတင်ကာ ချက်ချင်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ယဲ့ဖန်သည် ထိုအရာများကို စိတ်မဝင်စားချေ။

သူ့တွင် ပန်းတိုင်တစ်ခုသာ ရှိသည်။

ထိုအရာက နျုံစစ်သွမ်း၏ အဓိကနေသည့် စံအိမ်ဖြစ်သည်။

လေလံအိမ်က ထိုအိမ်ကို နောက်ဆုံးအဆင့်မှာ နေရာချထားသည်။

" လေလံတင်မယ့်ပစ္စည်းက နျုံစစ်သွမ်းရဲ့ နာမည်အောက်က အဓိကနေအိမ်ပါ။ ဒီအိမ်က ဧရိယာစတုရန်းမီတာ ၅သောင်းခန့်ရှိပါတယ်။ အိမ်ကို Sပုံစံ ခြံဝင်းဒီဇိုင်း ထုတ်ထားပါတယ်။ ခြံဝင်းထဲမှာ တံတားလေးတစ်ခုရှိပြီးတော့ ချောင်းလေးတစ်ခုအပြင် ရေကန်ထဲမှာ အလှမွေးငါးများ ရှိပါတယ်။ အတော်လေးကို လှပါတယ် ........ "

အိမ်၏ အသေးစိတ်အချက်အလက်များကို မိတ်ဆက်ရန် လေလံတင်ဆက်သူသည် PowerPointဖြင့် စတင်ပြသခဲ့သည်။

လာရောက်သူ တော်တော်များများသည် ထိုအိမ်ကြီးကို စိတ်မဝင်စားကြသော်လည်း မိတ်ဆက်ရှင်းပြချက်ကို ကြားပြီးနောက် မျက်လုံးတွေ တောက်ပလာသည်။

နျုံစစ်သွမ်း၏အိမ်သည် အလွန်ကောင်းမွန်သော နေရာတစ်ခုတွင် ရှိနေရုံသာမက အတွင်းပိုင်းဒီဇိုင်းကိုလည်း အလွန်စေ့စပ်သေချာစွာ ပြင်ဆင်တည်ဆောက်ထားသည်။

ထိုအချိန်၌ ထိပ်တန်းဒီဇိုင်နာများစွာကိုပင် ငှားရမ်းခဲ့ပြီး အသေးစိတ်အချက်အလတ်တိုင်းကို မျက်စိကျစေအောင် ဖန်တီးခဲ့သည်ဟု ခန့်မှန်းရသည်။

ထိုအိမ်အား ပုံမှန်အတိုင်း အရောင်းအဝယ်လုပ်မည်ဆိုလျှင် ၂ ဘီလီယံဖြင့် ဝယ်မည့်သူတွေ ရှိလောက်သည်။

" ဒီအိမ်ရဲ့ ဖွင့်ဈေးက ၁ ဘီလီယံဖြစ်ပြီး တစ်ခါတက်ရင် တစ်သိန်းထက် မနည်းရပါဘူး။ လေလံတင်တာ အခုစပါတော့မယ် "

လေလံတင်သူက ထိုသို့ ပြောပြီးသည်နှင့် ပွဲခင်းထဲ၌ရှိသော လူများစွာက မသိစိတ်မှ လေလံဆွဲချင်ကြသည်။

သို့သော် သူတို့ လျင်မြန်စွာ အသိစိတ်ပြန်ကပ်လာကြသည်။

ထိုအိမ်သည် ယဲ့ဖန်၏အိမ် ဖြစ်သည်။

ဘယ်သူက လေလံဆွဲရဲမှာလဲ။ သေချင်နေလို့လား။

ဘုတ်ပြားထောင်တော့မည့် သူများကလည်း ယဲ့ဖန်ကိုကြည့်ကာ ဘုတ်ပြားကို ချလိုက်မိကြသည်။

" ၁ ဘီလီယံ "

ယဲ့ဖန်သည် တခြားသူများ တွေးသည်ကို ဂရုမစိုက်ချေ။

သူက ချက်ချင်းပင် လေလံဆွဲလိုက်တော့သည်။

လေလံပွဲခန်းမတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

လေလံဈေးလိုက်သည့်သူ တစ်ဦးမှ မရှိချေ။

လေလံပွဲ စတင်ချိန်မှစ၍ ယခုလို အခြေအနေမျိုး ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လေလံရှင်သည် ထိုမြင်ကွင်းကို မျှော်လင့်ထားပြီးသား ဖြစ်ပုံရသည်။

အကြာကြီး ရပ်မနေဘဲ ဆက်သွားသည်။

" ၁ဘီလီယံ၊ တစ်ကြိမ်။ တစ်သိန်းတိုးပြီး လေလံဆွဲချင်ကြပါသေးသလား "

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ဒါက ဘယ်လိုဟာသမျိုးလဲ။

ယဲ့လူကြီးမင်းက လေလံဆွဲနေတာကို ဘယ်သူက စျေးတက်ပြီး လေလံဆွဲရဲမှာလဲ။

ဒါက ယဲ့လူကြီးမင်းကို ဆန့်ကျင်လိုက်တာပဲ မဟုတ်ဘူးလား။

" ၁ဘီလီယံ၊ နှစ်ကြိမ်။ လေလံဈေး မြှင့်ချင်တဲ့သူ မရှိတော့ဘူးလား "

အားလုံးက တစ်ယောက်နှင့် တစ်ယောက် စကားစမြည်ပြောလာကြသည်။

လေလံပွဲက ပြီးသွားလျှင် ဘယ်ကိုသွားကြမလဲကို ဆွေးနွေးနေကြပြီး လေလံရှင်၏ စကားတွေကို ဘယ်သူမှ စိတ်မ၀င်စားကြချေ။

လေလံရှင်သည် တူထုရန်ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

" ၁ဘီလီယံ၊ သုံးကြိမ်။ ရောင်းထွက်သွားပါပြီ။ ဒီအိမ်ကို စျေးနှုန်း ၁ ဘီလီယံနဲ့ ဝယ်နိုင်ခဲ့တဲ့ ယဲ့လူကြီးမင်းကို ဂုဏ်ပြုပါတယ် "

ချက်ချင်းပင် လူအုပ်ကြီးက လက်ခုပ်သြဘာပေးကြသည်။

အားလုံးက သူတို့လေလံနိုင်သည်ထက်ပင် ပိုပျော်နေကြသည်။

ယဲ့ဖန်သည် ဘာလုပ်ရမယ်မှန်းမသိ အကူအညီမဲ့နေခဲ့သည်။

ထို့နောက် မတတ်နိုင်ဘဲ မတ်တပ်ထရပ်ပြီး လူတိုင်းကို ဦးညွှတ်ပြခဲ့သည်။

ဘာလို့ အကောင်းဆုံး ဇာတ်ဆောင်ဆု ရသွားသလို ခံစားနေရတာလဲ။

သူတို့အားလုံးက သရုပ်ဆောင်ကောင်းတွေပဲ။

အပိုင်း ( ၆၉၀ )

အဲ့ဒီမှာ တကယ်ပဲ ရတနာရှိတာလား

" အဖေ၊ တောင်းပန်ပါတယ်။ အမှားလုပ်မိသွားပါတယ် "

မာ့စုအိရှီချီသည် သူ့ဖုန်းကို တင်းကြပ်စွာ ကိုင်ထားပြီး တရိုတသေ တောင်းပန်နေရသည်။

ထိုမိန်းမသည် တမင်တကာ သူ့အား ဒေါသဆွနေတာဖြစ်ပြီး ထိုမှသာ စည်းဘောင်အတွင်းမှ သူ့ကို လေလံပွဲအပြင် ထုတ်နိုင်မှာဖြစ်သည်ကို သူ နားလည်ပြီးသားဖြစ်သည်။

သို့သော် သူ၏ဒေါသကို မထိန်းလိုက်နိုင်သောကြောင့် ကော်ပိုရေးရှင်းဘက်မှ ကြီးမားသောဆုံးရှုံးမှု ဖြစ်သွားရသည်။

အပြစ်လွှဲချလို့လည်း မရသောကြောင့် သူ့အဖေကို ဖုန်းခေါ်ပြီး တောင်းပန်ရတော့သည်။

မာ့စုယုအန်းသည် ဖုန်းထဲမှ အကြီးအကျယ် ပေါက်ကွဲဆဲဆိုတော့သည်။

" အဲ့တရုတ်ဝက်နှစ်ကောင် ကစားတာကို ခံခဲ့ရအောင်ထိ မင်းရူးနေလား။ မင်းက တကယ် ငါ့ကို အရှက်ခွဲနေတာပဲ "

" အဖေ၊ ကျွန်တော်မှားတာ သိပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ "

" အပိုတွေ နားမထောင်ချင်ဘူး "

မာ့စုယုအန်းက အံကြိတ်လျက် ပြောသည်။

" ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခုပေးမယ်။ ရှန်းဘုရင်ရတနာမြေပုံရဲ့ အပိုင်းအစသုံးခုကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ရအောင်ယူလာခဲ့။ မဟုတ်ရင် ပြန်လာပြီး ငါ့ကို ဘယ်တော့မှ လာတွေ့စရာ မလိုဘူး။ မင်းဟာမင်း သတ်သေလိုက် "

မာ့စုအိရှီချီသည် နဖူးပေါ်မှ ချွေးများကို အမြန်သုတ်လိုက်သည်။

" မပူပါနဲ့၊ အဖေ။ သေချာပေါက် အဲ့ဒီသုံးပိုင်းကို ရအောင် ယူလာခဲ့ပါမယ်။ ကျွန်တော့် ဒေါသတွေဖြေဖို့ အဲ့ဒီတရုတ်ဝက်ကောင်ကို ကျွန်တော်ကိုယ်တိုင် သတ်ပစ်လိုက်ပါမယ် "

" ကောင်းပြီ၊ အပိုတွေ မပြောနဲ့။ ငါ ရလဒ်ကိုပဲ မြင်ချင်တယ် "

မာ့စုယုအန်းက ပြောပြီးသည်နှင့် ဖုန်းချသွားသည်။

မာ့စုအိရှီချီ၏ မျက်လုံးများသည် လူသတ်ချင်စိတ် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သူသည် ဤကဲ့သို့ အရှက်ကွဲမှုမျိုး အရင်က တစ်ခါမှ မကြုံခဲ့ရဖူးချေ။

ဒီနေ့တွင် တရုတ်ဝက်နှစ်ကောင်ကြောင့် ရှုံးနိမ့်ရမည်ဟုလည်း တစ်ခါမှ မထင်ထားပေ။

အတော်လေးဆိုးရွားသော အရှက်ကွဲမှုကြီး ဖြစ်လေသည်။

'ခွေးသား၊ မင်းကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်မယ်'

'အဲ့ခွေးမကတော့ ....... နင် သေတာကမှ ပိုကောင်းမယ်လို့ ထင်ရအောင် လုပ်ပေးမယ်'

.............................

ယဲ့ဖန်သည် လုရှောင်ရအား စင်အနောက်သို့ ခေါ်လာပြီး လွှဲပြောင်းရေး စာရွက်စာတမ်းများကို လုပ်သည်။

၁ ဘီလီယံပေးပြီးနောက် သော့နှင့် အိမ်၏ စာရွက်စာတမ်းများကို ယူခဲ့သည်။

သူသည် ဤကဲ့သို့ အတွေ့အကြုံကို များစွာ ကြုံခဲ့ဖူးသော်လည်း သူ့စိတ်ကို အတော်လေးတည်ငြိမ်အောင် လုပ်နေရပြီး မထိန်းနိုင်ဘဲ အလွန်စိတ်လှုပ်ရှားနေမိသည်။

နှစ် ၂၀၀၀ ကျော်အတွင်းတွင် ရှန်းဘုရင်၏ ရတနာမြေပုံအားလုံးကို အောင်မြင်စွာ စုဆောင်းနိုင်သူ မရှိခဲ့ချေ။

ထို့နောက် သူသည် သမိုင်းကြောင်းကို ရေးဆွဲတော့မည်ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာ နှစ်မြှုပ်ခံထားရသော လျှို့ဝှက်ချက်များကို သူဖော်ထုတ်တော့မည် ဖြစ်သည်။

ထိုအရာ သေချာပေါက် အံ့ဩမှင်စရာကောင်းသည့် အတွေ့အကြုံဖြစ်လိမ့်မည်။

ချန်းချုံရှန်းနှင့် နှုတ်ဆက်ပြီးသည့်နောက် လုရှောင်ရကိုခေါ်ပြီး အိမ်ကို ချက်ချင်း မောင်းသွားသည်။

နျုံစစ်သွမ်း၏ အိမ်သည် လုံခြုံရေးအောက်တွင် ရှိသောကြောင့် တံခါးရှိတွင် ရဲအရာရှိတစ်ချို့ ရှိနေဆဲဖြစ်သည်။

ယဲ့ဖန်သည် ကားပါကင်တွင် ကားထိုးပြီးနောက် သူ၏ မှတ်ပုံတင်ကတ်ကိုယူပြီး လျှောက်လာသည်။

" ဘာလိုချင်လို့လဲ "

အရာရှိထဲမှ တစ်ယောက်က ချက်ချင်း တားလိုက်သည်။

" မင်္ဂလာပါ၊ ကျွန်တော်က ဒီအိမ်ကို လက်ဝယ်ယူပြီးသွားပါပြီ "

ယဲ့ဖန်က ထိုသို့ပြောပြီး စာရွက်စာတမ်းများကို လက်ထဲထည့်ပေးလိုက်သည်။

အရာရှိက ယူပြီး စစ်ဆေးလေသည်။

ထို့နောက် မတတ်နိုင်ဘဲ ယဲ့ဖန်အား ခြေဆုံးခေါင်းဆုံး ကြည့်လေသည်။

" ၁ ဘီလီယံ၊ လူချမ်းသာလား "

ယဲ့ဖန်က ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သော်လည်း ဘာမှမပြောချေ။

" စာရွက်စာတမ်းတွေကတော့ အဆင်ပြေပါတယ်။ ပစ္စည်းတွေ စစ်ကြည့်ဖို့ ခေါ်သွားပေးမယ်။ ပြဿနာမရှိဘူး လွှဲယူလို့ရပြီ "

ထို့နောက် ယဲ့ဖန်အား စာရွက်စာတမ်းတွေ ပြန်ပေးပြီးနောက် စံအိမ်ထဲသို့ ခေါ်သွားပေးသည်။

ယဲ့ဖန်နှင့် လုရှောင်ရတို့လည်း အနောက်မှ လိုက်လာကြသည်။

အိမ်၏ ဝင်ပေါက်တွင် ကျောက်ခြင်္သေ့ကြီးနှစ်ကောင် ရှိနေသည်။

လူတစ်ရပ်စာမြင့်ပြီး ထုဆစ်ထားပုံမှာ အတော်လေး အသက်ဝင်လှသည်။

ကျောက်ဆစ်သမား၏ ပြောင်မြောက်ပုံကို ဖော်ပြနေသည်။

တံခါးပင်လျှင် ၃ မီတာမြင့်ပြီး တံခါးချပ်ကြီးတွေက အတော် လေးလံသည်။

အားအနည်းဖြင့် တွန်းဖွင့်နိုင်မည် မဟုတ်ပေ။

တံခါးကနေ ဝင်လိုက်သည်ဖြင့် တံခါးရှေ့မှ ကျောက်နံရံကြီးကို တွေ့လိုက်ရသည်။

အခြားပုံဖော်ထားခြင်းမရှိဘဲ စကားလုံးတစ်ချို့ကိုသာ ထွင်းထုထားသည်။

" ပင်လယ်ပြင်က အဆုံးမရှိတဲ့ကောင်းကင်ကို ထိနေပြီး တောင်တန်းတွေက အမြင့်ဆုံးထိ တက်နေတယ် "

ယဲ့ဖန် မတတ်နိုင်ဘဲ နှုတ်ခမ်းတွေပင် တွန့်မိသွားသည်။

ဘယ်လောက်တောင် ကြီးကျယ်လိုက်တဲ့အိမ်လဲ။

နံရံကို လှည့်ပတ်ကြည့်ပြီးနောက် သူတို့သည် စင်္ကြံတစ်ခုသို့ ချက်ချင်း ဝင်လာကြသည်။

စင်္ကြံအောက်တွင် လူလုပ်ရေကန်တစ်ခုရှိသည်။

ရေကန်ထဲတွင် ငါးများ ဆော့ကစားနေသည်မှာ စိတ်ဝင်စားစရာကောင်းလှပြီး ကြည့်၌လည်း ကောင်းသည်။

လုရှောင်ရသည် သူမ၏ မျက်စိရှေ့တွင် ရှိနေသည့် လှပသောရှုခင်းကြောင့် အံ့အားသင့်သွားခဲ့သည်။

" ရှုခင်းတွေက လှလွန်းလိုက်တာ။ မလှလွန်းဘူးလား "

ယဲ့ဖန်က သူ့ခေါင်းကို ခါလိုက်မိသည်။

" နျုံစစ်သွမ်းက ဒီလို အမှိုက်ကောင်ကြီး ဖြစ်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီဇိမ်ခံဘဝက သူ့ရဲ့ လောဘတွေကို ပိုတိုးလာစေတာပဲ။ ဒါကို သင်ခန်းစာအနေနဲ့ယူပြီး ခြံထဲက အလှဆင်ပစ္စည်းတွေကို ဖျက်ဆီးပစ်ရမယ် "

" လုပ်ရဲလုပ်ကြည့်လေ "

လုရှောင်ရက ချက်ချင်း သဘောမတူဘဲ သူ့ကို စူးစိုက်စွာ ကြည့်လာသည်။

" အဲ့တာက ကိုယ့်ကိုယ်ပိုင်ခြံလေ။ ကိုယ့်ဟာကိုယ် လုပ်ချင်တာ လုပ်မှာပေါ့ "

" ကျွန်မ သဘောမတူဘူး "

" မင်းသဘောမတူရင်ရော ဘာလုပ်ရမှာလဲ။ အဲ့တာက မင်းအိမ် မဟုတ်ဘူး "

" ဂရုမစိုက်ပါဘူး။ ရှင် အဲ့ဒီရှုခင်းတွေကို ဖျက်ဆီးပစ်ရင် ရှင့်ကို ....... သေအောင် ရိုက်ပစ်မယ် "

နှစ်ယောက်သား ချက်ချင်း ငြင်းခုံ ရန်ဖြစ်လိုက်ကြသည်။

ထိုအချိန်တွင် သူတို့ရှေ့မှ အရာရှိက အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

" မင်းတို့နှစ်ယောက် ငြင်းခုံနေတာ ရပ်လို့ရနိုင်မလား။ စစ်ဆေးမှုပြီးရင် ထွက်သွားပေးပါမယ်။ အဲ့ကျမှ မင်းတို့အတွဲ ခေါင်းကွဲအောင် ချချင်ချကြ "

လုရှောင်ရ၏ လှပသော မျက်နှာသည် အနည်းငယ်နီသွားသည်။

" သူနဲ့ ဘယ်သူက စုံတွဲမလို့လဲ "

ယဲ့ဖန်က တခြားဘာမှ မပြောချေ။

အရာရှိနှင့်အတူ ပစ္စည်းများကို စစ်ဆေးရန် ချက်ချင်း လိုက်သွားသည်။

စစ်ဆေးမှုအပြီးတွင် အလုပ်သမားများအားလုံး ချက်ချင်းထွက်ခွာသွားကြသည်။

ယဲ့ဖန် လှည့်ပတ်ကြည့်လေသည်။

အိမ်ကြီးက အလွန်ကြီးသည်။

သူ မိန်းမ မယူဘဲနေလျှင်မှ ဒီလိုအိမ်ကြီးတွင် နေနိုင်မည် မဟုတ်ပေ။

ယဲ့ဖန် အချိန်အတော်ကြာ လှည့်ပတ်ကြည့်ပြီးနောက် ပင်မစံအိမ်ဆီသို့ လျှောက်သွားလိုက်သည်။

ရှန်းဘုရင်၏ လျှို့ဝှက်ဘဏ္ဍာမြေပုံကို စံအိမ်၏ တတိယမြောက်ထပ်ရှိ ၇ချပ်မြောက် ကြမ်းခင်းအောက်တွင် ဖွက်ထားသည်ဟု ကျန်းပင်းကွန်းပြောကြားချက်အရ သိထားသည်။

အုတ်ချပ်ကို ရှာပြီးနောက် တဖြည်းဖြည်း ထုတ်ယူသည်။

လုရှောင်ရက သူ့ကို စူးစမ်းစွာ ကြည့်နေသည်။

" ဘာတွေ ရှာနေတာလဲ။ အထဲမှာ ရတနာရှိလို့လား "

ယဲ့ဖန်က သူမကို ပြုံးပြသည်။

" ဂုဏ်ယူပါတယ်၊ မင်းထင်တာမှန်တယ် "

လုရှောင်ရ ချက်ချင်း မျက်လုံးပြူးသွားသည်။

" သရဲပဲ ရှင့်ကို ယုံမှာ "

သူမသည် သုံးနှစ်အရွယ် ကလေးမဟုတ်ပေ။

ရတနာကို ဤမျှ လွယ်ကူစွာ ရှာတွေ့နိုင်မည်ဟု သူမ ယုံကြည်မည် မဟုတ်ချေ။

ထိုအချိန်တွင် ယဲ့ဖန်သည် ကြမ်းပြင်ကြွေပြားကို ဖွင့်ပြီးပြီ ဖြစ်သည်။

ကြမ်းပြားအောက်တွင် သပ်ရပ်စွာဖြင့် ထုတ်ပိုးထားသော သစ်သားသေတ္တာတစ်ခု တကယ်ပင် ရှိနေသည်။

လုရှောင်ရ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

" ဒီမှာ တကယ်ပဲ ရတနာတွေ ရှိနေတာလား "

ယဲ့ဖန်သည် ဤတစ်ကြိမ်တွင် သူမပြောသည်ကို စိတ်မ၀င်စားခဲ့ပေ။

သစ်သားသေတ္တာကို စိတ်မရှည်စွာ ထုတ်ယူပြီး မဖွင့်မီတွင် ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်သည်။

ထိုအချိန်တွင် သူ ရုတ်တရက် သတိကပ်လာတယ်။

အန္တရာယ်ရှိသော ရောင်ဝါသည် သူ့ထံသို့ ချဉ်းကပ်လာသည်။

အပိုင်း ( ၆၉၁ )

အနာဂတ်၌ ယုံကြည်စိတ်ချစွာ မှီခိုခြင်း

စက္ကန့်ပိုင်းမျှတွင် ယဲ့ဖန်သည် လုရှောင်ရကို ဖက်ကာ မြေပြင်ပေါ်တွင် လှိမ့်လိုက်သည်။

ရှန်းဘုရှင်လျှို့ဝှက်ရတနာမြေပုံပါသည့် သေတ္တာသည် မြေပေါ်သို့ ကျသွားသည်။

သို့သော် သူ မကောက်နိုင်ပေ။

ချွမ်း

တစ်ချိန်တည်းမှာပဲ အေးစက်နေသည့် ဓားတစ်ချောင်းက သူတို့နှစ်ယောက် ရပ်နေခဲ့သည့်နေရာသို့ ရုတ်တရက် ရောက်လာသည်။

ကြမ်းခင်းပြားတွေကို ထိသွားပြီး မီးပွားတွေပင် ထွက်လာကာ တစ်လက်မလောက် အခင်းပြားထဲ စိုက်သွားသည်။

ယဲ့ဖန်သာ အချိန်မီ မလှုပ်ရှားခဲ့ပါက သူတို့နှစ်ယောက် အပိုင်းပိုင်း ပြတ်သွားနိုင်လေသည်။

အနက်ရောင်နင်ဂျာအင်္ကျီနှင့် ယောက်ျားတစ်ယောက်က လျင်မြန်စွာ လှိမ့်ဝင်လာပြီး မြေပြင်ပေါ်မှ သစ်သားသေတ္တာကို ဆွဲယူကာ ထွက်ပြေးရန်ပြင်သည်။

ယဲ့ဖန်သည် လုရှောင်ရကို ဘေးတွန်းလိုက်ပြီး ထိုလူကို သူ့လက်ထဲမှ ပေါက်ပြားဖြင့် လှမ်းပစ်ပေါက်လိုက်သည်။

အနက်ရောင်နင်ဂျာသည် သူ့ဓားဖြင့် ပြန်ပေါက်လိုက်ရာ ပေါက်ပြားက နှစ်ခြမ်းကျိုးသွားသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်မှ ရှေ့သို့ ပြေးတက်လာပြီး ကန်ထည့်လိုက်သည်။

ကန်ချက်က မထိသေးခင်မှာတင် လေပြင်းက မျက်နှာကို လာထိသည်။

ထိုကန်ချက်က ဘယ်လောက်အားပြင်းလဲဆိုတာကို ခန့်မှန်းနိုင်သည်။

အနက်ရောင်နင်ဂျာက ယဲ့ဖန် ကိုယ်ခံပညာတတ်ပြီး ထိုမျှအားကြီးမှန်း မသိခဲ့ချေ။

ချက်ချင်းပင် အံ့အားသင့်သွားသည်။

သို့သော် သူသည်လည်း အတော်သန်မာသူဖြစ်သောကြောင့် တစ်ခဏသာ ကြောင်အသွားပြီး ချက်ချင်း လှုပ်ရှားလိုက်နိုင်သည်။

လျင်မြန်စွာ အနောက်ကို ဆုတ်လိုက်နိုင်ပြီး ယဲ့ဖန်၏ကန်ချက်ကို ကျဉ်းမြှောင်းစွာ ရှောင်လိုက်နိုင်သည်။

ထို့နောက် နောက်ပြန်နှစ်ခါခုန်ပြီး ယဲ့ဖန်တိုက်ခိုက်နိုင်သည့် အနေအထားမှ ရှောင်ထွက်သည်။

ထွက်ပြေးပြီးနောက် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ နောက်တစ်ကြိမ် အလျင်စလို လှည့်ထွက်ရန် လုပ်ခဲ့သည်။

ယဲ့ဖန်သည် ရှန်းဘုရင်၏ လျှို့ဝှက်ဘဏ္ဍာမြေပုံကို ရယူရန် မလွယ်ကူပေ။

သူ ဘယ်လို လွယ်လွယ်နဲ့ ယူသွားတာလဲ။

ယဲ့ဖန်သည် အမြောက်ကျည်တစ်လုံးကဲ့သို့ အရှိန်ဖြင့် နင်ဂျာ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဆွဲကိုင်ပေါက်လိုက်သည်။

ထိုနင်ဂျာသည် အောင်မြင်စွာ ထွက်ပြေးရန် ကျရှုံးခဲ့သည်။

သူသည် ဒေါသထွက်နေသည်မှာ ထင်ရှားနေသည်။

ပစ်ပေါက်ခံရပြီးနောက် သူ့မျက်လုံးများတွင် သတ်ပစ်ချင်စိတ်များ ပေါ်လာပြီး သူ၏ ဓားရှည်ကို ချက်ချင်းဝှေ့ယမ်းကာ ယဲ့ဖန်ကို လိုက်ခုတ်ထစ်သည်။

လုရှောင်ရသည် နောက်ဆုံးတွင် သတိပြန်ကပ်လာချိန်တွင် ယဲ့ဖန်တို့နှစ်ဦးသည် အကွက်အနည်းငယ် ဖလှယ်ခဲ့ကြပြီးဖြစ်သည်။

သူမသည် ချက်ချင်း ချွေးအေးဖြင့် စိုရွှဲသွားသည်။

ယဲ့ဖန်မှ သူမအား အချိန်မီ ဆွဲမထုတ်နိုင်ခဲ့ဘူးဆိုလျှင် သူမ အခုအချိန်တွင် ခေါင်းဖြတ်ခံရမှာဖြစ်သည်။

သူမအတွက် ပထမဆုံးအကြိမ် သေခြင်းတရားကို မြင်တွေ့ခဲ့ခြင်းဖြစ်သောကြောင့် အလွန်ကို ကြောက်လန့်နေသည်။

သို့သော် သူမသည် အနာဂတ်အတွက် စိတ်ကူးယဉ်နေသေးသည်။

ယဲ့ဖန်သည် သူမအသက်ကိုပင် ကယ်တင်နိုင်ခဲ့သူ ဖြစ်သည့်အတွက် အနာဂတ်တွင် သူ့ကို မှီခိုအားကိုးနိုင်မှာဖြစ်သည်။

ဟီးဟီးဟီး ...........

" ယဲ့ဖန် သတိထား "

ထိုအချိန်တွင် ယဲ့ဖန်သည် ထိုနင်ဂျာနှင့် တိုက်ပွဲမှာ ပြင်းထန်နေပြီး လှောင်ပိတ်ခံထားရပြီ ဖြစ်သည်။

ယဲ့ဖန်အတွက် နင်ဂျာဖြင့် ပထမဦးဆုံးအကြိမ် တိုက်ခိုက်ရတာဖြစ်ပြီး သူ့စိတ်ထဲတွင် သိချင်စိတ်က ကြောက်ရွံ့မှုထက် ပိုကြီးမားနေသည်။

ထိုလူ၏ လှုပ်ရှားမှုများသည် အလွန်ထူးဆန်းပြီး သူ့မျှော်လင့်ထားသည်ထက် မကြာခဏ ကျော်လွန်သွားသည်ဟု ဆိုရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာ သူ၏ အာရုံခံနိုင်စွမ်းများသည် အလွန်ထက်မြက်သောကြောင့် ပြိုင်ဘက်၏ လှုပ်ရှားမှုကို မကြာခဏ ကြိုတင်ခန့်မှန်းနိုင်သည်။

သူသည် လက်နက်မရှိသော်လည်း အားနည်းချက်မရှိဘဲ သူ၏ ခွန်အားအချို့ကိုပင် ထိန်းထားနိုင်ခဲ့သည်။

သူတို့နှစ်ယောက် တိုက်ခိုက်တာ ကြာလာသည်နှင့်အမျှ တစ်ဖက်သူ၏ နည်းလမ်းများကို တဖြည်းဖြည်း နားလည်လာကာ ယဲ့ဖန်၏ တိုက်ခိုက်မှုက ပိုထိရောက် ကျွမ်းကျင်လာသည်။

" နင်ဂျာတွေက ဒီထက်မပိုဘူးဘဲ "

တစ်ဖက်သား၏လှည့်ကွက်များကို နားလည်ပြီးနောက် ယဲ့ဖန်သည် ချက်ချင်းပင် သူ့စိတ်ထဲတွင် မထီမဲ့မြင်ပြုလာကာ တန်ပြန်တိုက်ခိုက်တော့မည်ဖြစ်သည်။

နင်ဂျာသည်လည်း အနည်းငယ် စိုးရိမ်နေပြီဖြစ်သည်။

သူရရှိသောအမိန့်မှာ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံကို ယူရန်သာ ဖြစ်သောကြောင့် သူသည် တစ်ဖက်သူဖြင့် အကြီးကြီး မရှုပ်ထွေးချင်ပေ။

ထို့အပြင် သူ့ရှေ့က လူငယ်သည် သန်မာလွန်းလေသည်။

သူတွေ့ဖူးသမျှထဲတွင် အသန်မာဆုံးလူဟု ပြောလို့ရနိုင်သည်။

တိုက်ခိုက်နေရင်းဖြင့်ပင် သူက ပို၍ပို၍ အစွမ်းထက်လာသည်။

အကယ်၍ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေပါက သူ့အတွက် အလွန်နစ်နာသွားမည်ဖြစ်သည်။

ထိုအချက်ကိုတွေးရင်းဖြင့် သူ၏ ဓားရှည်ကို ယဲ့ဖန်၏ အောက်ပိုင်းကြားဆီသို့ လွှဲခုတ်လိုက်သည်။

သူသာ မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့မည်ဆိုလျှင် ယဲ့ဖန်သည် သူ့တစ်သက်တာလုံး 'မက်မွန်သီးအေး'ကိုသာ စားရနိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူ အမြန်ခြေတစ်လှမ်းဆုတ်ကာ အရှိန်ပြင်လိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ့အမြင်အာရုံက ရုတ်တရက် မှုန်ဝါးသွားပြီး နင်ဂျာကို လုံးဝခြေရာပျောက်သွားသည်။

ယဲ့ဖန် အမြန်လှည့်ကြည့်လိုက်သည့်အခါ ထိုလူသည် လေထုထဲတွင်ပင် ပျောက်သွားပုံရသည်။

ဘာ အရိပ်အယောင်မှ မရှိချေ။

" စိတ်ဝင်စားစရာပဲ "

ယဲ့ဖန်သည် ဂျပန်၏ နင်ဂျစ်ဆုကို လျှော့တွက်ထားသော်လည်း ယခုအခါ သူ အာရုံစိုက်ရတော့မည် ဖြစ်သည်။

ဒီနင်ဂျစ်ဆုက တကယ်ပဲ ထူးဆန်းပုံရသည်။

ထိုအချိန်မှာပင် လုရှောင်ရက ရုတ်တရက် ထအော်လိုက်သည်

" ယဲ့ဖန် သတိထား ........ "

သို့သော် အရမ်းနောက်ကျသွားပြီ ဖြစ်သည်။

သူမ 'ယဲ့ဖန်'ဟု ခေါ်ပြီးချိန်မှာတင် ထုတ်တန်းကြားတွင် ပုန်းအောင်းနေသော နင်ဂျာသည် အောက်သို့ ခုန်ဆင်းလာပြီဖြစ်သည်။

ထက်ရှသော ဓားရှည်သည် ယဲ့ဖန်၏ ခေါင်းဆီသို့ ထိုးဖောက်သွားသည်။

သူသာ အောင်မြင်သွားပါက ယဲ့ဖန်သည် ထုတ်ချင်းဖောက်ခံရမည် ဖြစ်သည်။

ကံကောင်းစွာနှင့် ယဲ့ဖန် အချိန်မီ တုံ့ပြန်ခဲ့ပြီး သူ ရှေ့ကို လှိမ့်သွားသည်။

ချွမ်

ဓားရှည်သည် ကြမ်းပြင်ကြွေပြားထဲသို့ ထိုးစိုက်ကာ အားမည်မျှပြင်းသည်ကို ပြသနေသည်။

ယဲ့ဖန်သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

သူသည် ပေါက်ပြားတစ်ခြမ်းကို လှမ်းကိုင်လိုက်ပြီး နင်ဂျာဘက်ကို လှည့်လိုက်သည်။

ထိုနင်ဂျာက သူ့ဓားကို ဆွဲထုတ်ဖို့ပင် စိတ်မ၀င်စားချေ။

ယဲ့ဖန်မှ အရှုံးမပေးသည့်အခါ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

ယဲ့ဖန်သည်လည်း ပေါက်ပြားကို ဝှေ့ယမ်းရင်း သူ့နောက်ကို လိုက်လာခဲ့သည်။

မူလက လေချွမ်သိုင်းနှင့် နင်ဂျစ်ဆုအကြား တိုက်ပွဲဖြစ်ခဲ့သော်လည်း ပုံစံက ရုတ်တရက် ပြောင်းလဲသွားပြီး အနည်းငယ် ဟာသဆန်လာသည်။

လုရှောင်ရ အံ့သြသွားသည်။

နင်ဂျာသည် ဓားရှည်ကို ဆုံးရှုံးပြီးနောက် သူ၏ ခွန်အားသည် အလွန်လျော့ကျသွားကာ ပြန်လည်တိုက်ခိုက်ရန် ခွန်အားအနည်းငယ်မျှပင် မရှိတော့ချေ။

ယဲ့ဖန်ကလည်း အလျင်လိုခြင်း မရှိပေ။

သူသည် ပေါက်ပြားကို ဝှေ့ယမ်းပြီး ခြံဝန်းအတွင်း ပြေးလိုက်လာခဲ့သည်။

ယဲ့ဖန်သည် ကစားနေတာ ပြီးသောအခါ ပေါက်ပြားကို ပစ်ချလိုက်သည်။

နင်ဂျာက ရှောင်တိမ်းနေချိန်တွင် ပြေးခုန်ပြီး သူ့ကို ကန်ချလိုခံလိုက်ရသည်။

ထိုနင်ဂျာသည် ဖမ်းမိခံရပြီးနောက် သူ့မျက်လုံးများသည် ဒေါသများနှင့် ပြည့်နှက်နေသည်။

ယဲ့ဖန်၏ နောက်ပြောင်သည့် သဘောထားကို သူ လွန်စွာ မကျေမနပ်ဖြစ်နေသည်။

ယဲ့ဖန်က ခေါင်းကို ပုတ်လိုက်သည်။

" ဘာကြည့်နေတာလဲ။ လက်မခံနိုင် ဖြစ်နေတာလား "

နင်ဂျာက တရုတ်စကားနှင့် ပြန်ပြောသည်။

" ငါ မယုံဘူး။ ဓါးကို ပြန်ပေး၊ ပြန်တိုက်မယ် "

ယဲ့ဖန်က သစ်သားသေတ္တာကို သူ့လက်ကနေ ပြန်ယူလိုက်သည်။

" အရှုံးသမားကများ ညှိနှိုင်းခွင့်ရှိမယ် ထင်နေလား "

ယဲ့ဖန် ထိုသို့ပြောလိုက်သော်လည်း ပတ်ဝန်းကျင်အနေအထားကြောင့် ပြိုင်ဘက်အား လွယ်ကူစွာ အနိုင်ရသွားသည်ဆိုသည့်အချက်ကို သူ ကောင်းစွာသိသည်။

သူသည် နင်ဂျစ်ဆုအကြောင်း အနည်းငယ် သိထားသည်။

နင်ဂျာများသည် ပုန်းအောင်းရန် ပိုကောင်းသောကြောင့် ညဘက်တွင် လှုပ်ရှားခြင်းကို ပိုနှစ်သက်ကြောင်း သိထားခဲ့သည်။

နေ့ခင်းဘက်ဖြစ်နေသောကြောင့် တစ်ဖက်သူမှာ ပုန်းစရာနေရာမရှိချေ။

ညဘက်မှာသာ တိုက်ခိုက်ပါက အောင်နိုင်မည်ဟု ယုံကြည်သော်လည်း လွယ်ကူစွာဖြင့် အနိုင်မရနိုင်ချေ။

" ပြော၊ ရှန်းဘုရင်ရဲ့ ရတနာမြေပုံကို ခိုးယူဖို့ ဘယ်သူက စေလွှတ်လိုက်တာလဲ "

ယဲ့ဖန်က ဂျပန်ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး နင်ဂျာ၏ လည်ပင်းမှာ တင်လိုက်သည်။

" ငါ့ကိုပဲ သတ်လိုက်။ ငါ ဘာမှပြောမှာ မဟုတ်ဘူး "

နင်ဂျာက အသေခံမည့်ပုံ ကြည့်နေသည်။

" ဟားဟား၊ ခင်ဗျားမပြောရင်တောင် သိတယ်။ အဲ့တာ မာ့စုအိရှီချီ ဟုတ်တယ်မလား "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ရှိနေသည်။

" မင်းဘယ်လိုသိ ......... "

သူ့စကား တစ်ဝက်လောက်ထွက်သွားပြီးမှ ထိုနင်ဂျာက သူစကားချော်ထွက်သွားတာကို သတိရသွားပြီး ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

အမှန်တွင်လည်း အဖြေက ရှင်းလေသည်။

မာ့စုအိရှီချီသည် ဤအိမ်ကို လေလံတင်သည့်ပွဲ၌ ဘယ်အချက်ကြောင့် ပါဝင်ခြင်း ဖြစ်နိုင်မည်နည်း။

ထိုအိမ်ကြီးကို တကယ်ပင် စိတ်ဝင်စားခြင်းဖြစ်မလား။

သို့သော် ထိုအချက်တစ်ခုတည်းက မခိုင်လုံချေ။

အိမ်ဝယ်ဖို့အတွက် တစ်ခုတည်းဖြင့် ဂျပန်တစ်ယောက်က ယန်းချန်မြို့ဆီကို ရောက်လာခဲ့ခြင်းက ဖြစ်နိုင်မည်လား။

ဖြစ်နိုင်ခြေ တစ်ခုပဲရှိခဲ့သည်။

သူသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံအတွက် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။

သူသည် ရတနာမြေပုံအတွက် ရောက်လာခဲ့သော်လည်း ပွဲထဲမှ နှင်ထုတ်ခံရသောကြောင့် ကျေနပ်မည် မဟုတ်ချေ။

ယခုအခါ ဂျပန်နင်ဂျာတစ်ဦးမှ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံအား လုယူရန် ရုတ်တရက် ပေါ်လာသည်။

သူတို့နှစ်ယောက်ကြား ဆက်စပ်မှုမရှိဘူးဟု ပြောပါက အရူးတစ်ယောက်တောင် ယုံမှာမဟုတ်ပေ။

အပိုင်း ( ၆၉၂ )

တကယ်တော့ ဂုဏ်သိက္ခာက အရေးမကြီးပါဘူး။

ထိုအချိန်တွင် လုရှောင်ရသည် လျှောက်လာပြီး သစ်သားသေတ္တာကို ဖွင့်လိုက်သည်။

သူမသည် လျှို့ဝှက်ရတနာ၏ မြေပုံသုံးပိုင်းကို ထုတ်ကာ ခဏကြာ ဂရုတစိုက် ကြည့်နေခဲ့သည်။

" ဒါက တကယ့် ရတနာမြေပုံလား "

ယဲ့ဖန်က မတတ်နိုင်ဘဲ သူ့မျက်လုံးတွေကို ဝေ့လိုက်သည်။

" ဘာတွေပြောနေတာလဲ။ အဲ့တာက ရတနာမြေပုံမဟုတ်ဘူးဆိုရင် အဲ့တာကိုရှာဖို့ ဘာလို့ ဒီလောက်ထိ ကြိုးစားနေရမှာလဲ "

လုရှောင်ရက မယုံနိုင်စွာ ကြည့်နေသည်။

" အခု မြေပုံအပိုင်းတွေ အားလုံးကို တွေ့ပြီးပြီလား။ ရတနာ ဘယ်တော့ရှာမလဲ။ ရှင် ကျွန်မကို ခေါ်သွားပေးလို့ရမလား "

ယဲ့ဖန်က သူမကို အထင်သေးစွာဖြင့် ဘေးသို့တွန်းလိုက်သည်။

" နေရာတိုင်းကို ပါချင်နေတာပဲ။ ဟိုဘက်ကိုသွား "

လုရှောင်ရက နှုတ်ခမ်းစူပြီး သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။

ယဲ့ဖန်က သူမကို အရေးမလုပ်တော့ချေ။

သူက နင်ဂျာကို လှည့်ကြည့်လိုက်သည်။

" ခင်ဗျား အသက်ဆက်ရှင်ချင်ရင် ကျုပ်ကို မာ့စုအိရှီချီဆီ ချက်ချင်းခေါ်သွားပေး "

နင်ဂျာက သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။

" မိုက်မဲတဲ့ တရုတ်၊ မင်း သတ္တိရှိတဲ့ နင်ဂျာကို သေတာနဲ့ ခြိမ်းခြောက်ရဲတာလား။ ဂျပန်တွေ အားလုံးက မင်းတို့လို အရှက်မဲ့ပြီး ငကြောက်တွေလို့ မင်းထင်နေလား "

" အဲ့တာဆိုလည်း ခင်ဗျား ဘယ်လောက်သတ္တိရှိလဲဆိုတာ တကယ် ကြည့်ချင်မိပါသေးတယ် "

ယဲ့ဖန်က ပေါ့ပါးစွာ ပြုံးလိုက်သည်။

သူသည် ချက်ချင်းပင် ငွေအပ်များကို ထုတ်ပြီး သူ၏ ပိုင်ဟွေ့၊ ရှကွမ်း၊ ထျန်းသုနှင့် သာ့ကျွေးသွေးကြောနေရာများထဲသို့ ထိုးဖောက်လိုက်သည်။

ဤအပ်စိုက်နည်းကို 'နှစ်ဆယ့်ရှစ်ချက်ဝိညာဉ်ငိုအပ်နည်း'ဟု ခေါ်သည်။

လိမ်ညာမှုကို ဝန်ခံစေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်မှာ သေချာသည်။

အစိမ်းရောင်ဆေးကျမ်းထဲတွင် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အပ်စိုက်ကုနည်း ဘာကြောင့် ရှိနေလဲဆိုတာ သူ မသိချေ။

အရင်က သူ့ကိုယ်သူ စမ်းသပ်သည့်အနေဖြင့် ငွေအပ်သုံးချောင်းထိုးခဲ့သော်လည်း အတော်လေး မခံနိုင်ခဲ့ချေ။

နောက်ဆုံးအကြိမ်တွင် သူသည် နင်းလူအိုကြီးကို အပ်ရှစ်ချောင်းထိ အသုံးပြုခဲ့ပြီး တစ်ဖက်လူက စက္ကန့်သုံးဆယ်ပင် မကြာလိုက်ဘဲ ဝန်ခံလာခဲ့သည်။

ဤအပ်စိုက်ကုနည်းသည် မည်မျှ ကြောက်စရာကောင်းသည်ကို မြင်နိုင်လေသည်။

နင်ဂျာ၏ အစွမ်းက နင်းလူအိုကြီးထက် အများကြီး ပိုမြင့်လေသည်။

ထိုနင်ဂျာ၏ ခံနိုင်ရည်က ပိုမာမည်ဟု ယဲ့ဖန်ထင်သောကြောင့် နောက်ထပ်အပ်အနည်းငယ်ကို သုံးပြီး စိုက်ရန် ပြင်ဆင်နေခဲ့သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် ၆ချောင်းမြောက်အပ်ကို ထိုးလိုက်ပြီးနောက် နင်ဂျာက ပြောလာသည်။

" ငါ .......... မင်းကို တွေ့ဖို့ ခေါ်သွားပေးမယ် ...... အာ့ ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ ....... "

ဘေးတွင်ရပ်နေသော လုရှောင်ရသည် ထိတ်လန့်သွားသည်။

ထိုနင်ဂျာသည် အခွံမာသီးဖြစ်သောကြောင့် ခွဲရ အတော်ခက်မည်ဟု သူမ ထင်ထားခဲ့သည်။

သို့သော် သူသည် ဤမျှ အသုံးမဝင်သူ ဖြစ်မည်ဟု သူမ မမျှော်လင့်ထားချေ။

နှစ်စက္ကန့်မပြည့်ခင်မှာပင် သူက အရှုံးပေး ညှိနှိုင်းလာသည်။

ယဲ့ဖန်လည်း ထိုနင်ဂျာကို စကားမပြောဘဲ ကြည့်နေသည်။ ထို့နောက် ချီးကျူးလိုက်သည်။

" ခင်ဗျားက တကယ် သတ္တိရှိတာပဲ "

နင်ဂျာသည် သူ့မျက်နှာတွင် ရှက်ရွံ့နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

" မင်းက နတ်ဆိုးပဲ "

ယခု နှစ်စက္ကန့်သည် သူ ကြုံတွေ့ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံးသော အခိုက်အတန့် ဖြစ်ခဲ့သည်။

သူ ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့သော ဖောက်ပြန်သည့်လမ်းစဉ်များထက်ပင် အဆတစ်ထောင်မက ပိုဆိုးလေသည်။

သူသည် ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေချင်မိသွားသည်။

ထို့ကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုများကို ထပ်ပြီး မကြုံတွေချင်တော့ချေ။

ယဲ့ဖန်သည် ငွေအပ်များကို သိမ်းလိုက်သည်။

မတ်တပ်ထရပ်ပြီး ဖင်ကို ကန်ထည့်လိုက်သည်။

" ဒါဆို မဟုတ်တဲ့စကားတွေ ပြောနေတာ ရပ်လိုက်။ မြန်မြန်ထပြီး လမ်းပြပေး "

နင်ဂျာက သူ့ကို စိုက်ကြည့်လိုက်သည်။

" ငါက မြင့်မြတ်တဲ့ နင်ဂျာပဲ။ ကျေးဇူးပြုပြီး ငါ့ဂုဏ်သိက္ခာကို ကာကွယ်ပေးပါ "

ယဲ့ဖန်သည် သူ့စကားအား အတော်လေး သဘောကျသွားသည်။

" ခင်ဗျားက ဂုဏ်သိက္ခာ လိုချင်တယ် ဟုတ်လား။ ကောင်းပြီ၊ ခင်ဗျား ငွေအပ်ထိုးတာကို ဆယ်စက္ကန့်ကြာအောင် တောင့်ခံနိုင်ရင် ခင်ဗျားလိုချင်တဲ့ ဂုဏ်သိက္ခာကို ပေးမယ် "

ထိုကဲ့သို့ ပြောပြီးနောက် အပ်တွေကို ပြန်ဆွဲထုတ်ရန် ပြင်သည်။

နင်ဂျာက အရမ်းကြောက်သွားပြီး မြေပြင်ပေါ်မှ အမြန်ထလိုက်သည်။

" မဟုတ်ဘူး ….. မလိုပါဘူး။ တကယ်တော့ ….. ဂုဏ်သိက္ခာက အရေးမကြီးဘူး "

" ဒါဆို နာနာခံခံနဲ့ လမ်းပြ။ မဟုတ်တဲ့ အပိုစကားတွေ ဆက်ပြောနေရင် ခင်ဗျားပဲ ဒုက္ခရောက်လိမ့်မယ် "

ယဲ့ဖန် သည်းမခံနိုင်တော့ချေ။

သူ့ကို ချက်ချင်း တိုက်ထုတ်လိုက်သည်။

နင်ဂျာက တခြားဘာမှ မပြောဘဲ နာခံစွာ လမ်းလျှောက်ပြီး လမ်းပြသည်။

ထို့နောက် လုရှောင်ရသည် ယဲ့ဖန်ဘက်သို့ ကပ်သွားခဲ့သည်။

" ရှင် ကျွန်မကို ကတိမပေးရသေးဘူး။ ရတနာတွေ သွားရှာရင် ကျွန်မကို ခေါ်သွားမယ် မဟုတ်လား "

ယဲ့ဖန် ခေါင်းကိုက်လာရသည်။

သူသည် ရှုကျင်းရှင်းအား ခေါ်သွားမည်ဟု ကတိပေးပြီးဖြစ်သည်။

သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုတည်းသာ လိုအပ်သည်။

သူ့မှာ နောက်တစ်ယောက်ပါလာလျှင် ဘာဖြစ်မည်ကို မပြောနိုင်ချေ။

" ဒီမှာ မမလေး၊ ရတနာလိုက်ရှာတာက အရမ်းအန္တရာယ်များတယ်။ တစ်ခုခုဖြစ်သွားရင် မင်းအဘိုးနဲ့အဖေက ကိုယ့်ကို သတ်လိမ့်မယ် "

သို့သော် လုရှောင်ရက သဘောမတူချေ။

" ကျွန်မ ဂရုမစိုက်ဘူး။ ရှင်နဲ့အတူတူ ရတနာလိုက်ရှာချင်တယ်။ ရှင် ကျွန်မကို မခေါ်သွားရင် ကျွန်မ .... ကျွန်မ ဒီအတိုင်း ....... "

ယဲ့ဖန်က မကြောက်သွားချေ။

" မင်းက ဘာလုပ်မှာမလို့လဲ "

လုရှောင်ရသည် သူ့အား ခြိမ်းခြောက်ရန် နည်းလမ်းကို တကယ်တော့ မစဉ်းစားနိုင်ခဲ့ပေ။

ထို့နောက် ကြံရာမရဖြစ်ပြီး ချက်ချင်း သူမဘေးနားရှိ အုတ်တံတိုင်းဆီသို့ လျှောက်သွားသည်။

" ဒီကနေ ခုန်ချလိုက်မယ် "

ယဲ့ဖန်သည် လူလုပ်ရေကန်ကို တစ်ချက်ကြည့်လိုက်သည်။

" ဒါဆို မင်း ခုန်ချနိုင်တယ်။ ဒီကန်ထဲက ရေက မင်းရဲ့ခါးလောက်အထိပဲရှိတာ။ ရေအေး သွားချိုးလို့ရတယ် "

" ရှင် ........ "

လုရှောင်ရ ဒေါသအရမ်းထွက်ပြီး ဘာမှပြန်မပြောနိုင်။

ထိုအချိန်၌ မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်သွားသည်။

နာခံမှုအပြည့်နှင့် လမ်းကို ဦးဆောင်နေသည့် နင်ဂျာက သူတို့နှစ်ယောက် သတိလွတ်နေချိန်တွင် ရုတ်တရက် သတိမပေးဘဲ လုရှောင်ရရှိရာဆီ ပြေးသွားသည်။

သူသည် ယဲ့ဖန်၏ ပြိုင်ဘက်မဟုတ်ကြောင်း ကောင်းမွန်စွာ သိလေသည်။

သူ လွတ်မြောက်ချင်လျှင် လုရှောင်ရကနေ စတင်ရပေမည်။

သူမကို အောင်မြင်စွာ ဓားစာခံခေါ်ထားနိုင်ပါက ယဲ့ဖန်မှ သူ့ကို သေချာပေါက် လွှတ်ပေးမှာဖြစ်သည်။

ထို့အပြင် ရှန်းဘုရင်၏ ရတနာမြေပုံ အပိုင်းသုံးပိုင်းသည်လည်း သူမ၏ လက်ထဲတွင် ရှိနေသောကြောင့် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ရာ ရောက်ပေမည်။

အပြောင်းအလဲ မြန်လွန်းသဖြင့် လုရှောင်ရ လုံးဝ မတုံ့ပြန်နိုင်လိုက်ပေ။

သူမသည် နင်ဂျာပြေးလာသည်ကို ငေးကြည့်နေရုံနှင့် လှုပ်ရှားရန် မေ့သွားသည်။

ဘေးနားရှိ ယဲ့ဖန်က ရယ်လိုက်သည်။

အင်အားကြီးသောရန်သူအား သတိမထားမိသည်အထိ သူ မမိုက်မဲပေ။

ရန်သူ၏ လှုပ်ရှားမှုတိုင်းကို သူ အာရုံစိုက်နေခဲ့သည်။

သူက တကယ်ပဲ ဓားစာခံ လိုချင်တာကို မြင်လိုက်ရပြီး ရိုးရှင်းစွာပင် ယဲ့ဖန် လှုပ်ရှားလိုက်သည်။

နင်ဂျာပြေးသွားသည့်အလျောက် ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။

ရွှက်

ဂျပန်ဓားရှည်သည် အလွန်ထက်ရှလေသည်။

ထို့ကြောင့် ချက်ချင်းပင် ဓားသည် နင်ဂျာ၏ ညာဘက်ခြေထောက်ကို တိုဟူးတုံးကဲ့သို့ လှီးဖြတ်လိုက်တော့သည်။

နင်ဂျာသည် ဓားစာခံဖမ်းချင်စိတ်ကြောင့် အလောကြီးနေပြီး ရှေ့သို့သာ ဆက်ပြေးနေသည်။

သို့သော် ညာခြေထောက်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါတွင် ဒူးအောက်ဘက်တွင် ဘာတစ်ခုမှ မရှိတော့သည်ကို ရုတ်တရက် သိလိုက်ရသည်။

သူ့ခြေသလုံး အောက်တစ်ခြမ်းလုံး အနောက်တွင် ကျန်နေခဲ့သည်။

ဘုတ် ...........

သူ တုန်ယင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ ညာဘက်ခြေထောက်မှ သွေးများ စီးကျလာသည်။

လုရှောင်ရသည် ထိုကဲ့သို့ သွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမသည် ချက်ချင်းပင် တံတိုင်းနားမှ ကြောက်လန့်တကြား ပြန်ဆုတ်သွားခဲ့သည်။

သို့သော် သူမသည် မတော်တဆ ရေထဲသို့ ပြုတ်ကျသွားလေသည်။

All Chapters