← Chapters

အပိုင်း ၆၉၇-၇၀၀

Vol. 35 Ch. 697-700

အပိုင်း ၆၉၇-၇၀၀

Vol. 35 Ch. 697-700

အပိုင်း ( ၆၉၇ )

ရှားပါးလှတဲ့ကောင်လေး

ယဲ့ဖန်သည် သန်း၁၀၀ အကုန်အကျခံပြီးနောက် နာကျင်မှုကို ခံစားလိုက်ရသော်လည်း အဆင့်မြှင့်ထားသော အတွင်းကျကျ စကန်ဖတ်ခြင်း လုပ်ဆောင်ချက်ကို တွေ့ကြုံခံစားရပြီးသောအခါ သူ အလွန်ပျော်ရွှင်နေခဲ့သည်။

၁၀ မီတာ အချင်းဝက်အတွင်းရှိ အရာအားလုံးသည် သူ့ရှေ့တွင် ပြသထားသည်။

သူ့နောက်တွင်လည်း ဘယ်ပစ္စည်းများ ရှိနေသည်ကိုလည်း သိနေရပြီး ထိုပစ္စည်းများ၏ တည်နေရာနှင့် တိကျသည့် အချက်အလက်များကို သိနိုင်ရန် နောက်ပြန်ကြည့်ဖို့ပင် မလိုအပ်ချေ။

ထိုလုပ်ဆောင်ချက်က တကယ်ပင် အစွမ်းထက်လှသည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုလုပ်ဆောင်ချက်ကို ပစ္စည်းများအား စစ်ဆေးခြင်းအတွက်သာ အသုံးပြုနိုင်ပြီး လူများအပေါ် မသုံးနိုင်ချေ။

မဟုတ်ပါက သူသည် ညအချိန်တွင်ပင် နင်ဂျာနှင့် တိုက်ခိုက်ရလျှင်တောင် သူ့ပြိုင်ဘက်၏ တည်နေရာအတိအကျ၊ အင်အားနှင့် နည်းစနစ်များကို တိကျစွာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ထိုလှည့်စားမှုကို အသက်သွင်းပြီးပါက သူ၏ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် သတ်နိုင်မည်ဖြစ်သည်။

သို့သော် အဲ့တာက သူ စိတ်ကူးယဉ်ရုံသာ ရှိသေးသည်။

မည်သို့ပင် ဆိုစေကာမူ ဤအသေးစိတ် စကန်ဖတ်ခြင်း လုပ်ဆောင်ချက်ဖြင့် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာများကို ရှာဖွေရန် လုံလောက်သည်။

တိကျသေချာသော တွက်ချက်မှုများ ပြီးသည့်နောက် သူသည် ရတနာ၏ တည်နေရာအတိအကျကို ရှာဖွေနိုင်ဖို့ သေချာစေရန်အတွက် အနည်းဆုံး မီတာ၁၀၀၀အထိ အဆင့်မြှင့်တင်ရန် လိုအပ်သည်။

ထိုအခါ အနည်းဆုံး ၁၀ ဘီလီယံလောက် သုံးစွဲရမည် ဖြစ်သည်။

ယွမ် ၁၀ ဘီလီယံ။

ယဲ့ဖန်သည် ထိုနံပါတ်ကို ကြားပြီးနောက် သူ ခေါင်းကိုက်လာသည်။

သူ၏ လက်ရှိပိုင်ဆိုင်မှုများသည် ဘီလီယံဆယ်နှင့်ချီ ရှိနေပြီဖြစ်သော်လည်း သူသည် ရီမိသားစုနှင့် ကောင်းကျူမင်း၏ ပိုင်ဆိုင်မှုများကို ပေါင်းစည်းလိုက်သော်လည်း ထိုပိုင်ဆိုင်မှု အရေအတွက်သည် တိုးမြင့်နေဆဲသည်။

သို့သော် ထိုပစ္စည်း အများစုမှာ ငွေသားပိုင်ဆိုင်များ မဟုတ်သောကြောင့် အမှန်တကယ်ထုတ်ယူနိုင်သည့် ငွေသားမှာ သိပ်မများချေ။

တွက်ချက်မှုများ လုပ်ပြီးနောက် သူသည် ငွေသား ၃.၃ ဘီလီယံသာ ထုတ်ယူနိုင်ပြီး ၇.၇ဘီလီယံ လိုနေသေးသည်။

အချိန်တိုအတွင်း ဤမျှများပြားသော ငွေကြေးပမာဏကို သူ မည်သို့ ရရှိနိုင်မည်နည်း။

သူ့ပိုင်ဆိုင်မှုတွေကိုရော ရောင်းလို့ မရနိုင်ဘူး မဟုတ်လား။

ထိုအချက်က လုံးဝ မဖြစ်နိုင်ချေ။

သူ၏ ပိုင်ဆိုင်မှုများအားလုံးသည် အကန့်အသတ်မရှိသည့်အပြင် အနာဂတ်တွင် အလားအလာရှိသော အလွန်အရည်အသွေးမြင့် ပိုင်ဆိုင်မှုများဖြစ်သည်။

အဲ့တာတွေကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရောင်းနိုင်မှာလဲ။

သူ့မှာ တခြားဘယ်လိုနည်းလမ်းတွေ ရှိနိုင်ဦးမလဲ။

သူ ခေါင်းကိုက်နေချိန် ရှချူးထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် ရီချန်းကျယ်၏ပွဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တောင်းပန်ခဲ့ခြင်းက သူ့ကို ရင်ထဲ အလွန်ထိမိစေခဲ့သည်။

သူမကို တွေ့ဆုံပြီး လူကိုယ်တိုင် ကျေးဇူးတင်ရမည့်အချိန်ကို တွေးနေခဲ့သော်လည်း သူမဘက်မှ စပြီး ဖုန်းခေါ်လာမည်ဟု သူ မမျှော်လင့်ထားပေ။

ဖုန်းဝင်သွားပြီးနောက် ရှချူး၏ ထစ်အနေသောအသံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

" ဟိုလေ ..… ရိုက်ကွင်းတွေက ပြီးသွားပြီ။ မနက်ဖြန် ...... ဘာအစီအစဉ်မှ မရှိလို့လေ အဲ့တာနဲ့ နင် ........ "

ယဲ့ဖန်က သူမစကားပြောနေတာကို သဘောကျသွားသည်။

" မင်းက ကိုယ်နဲ့အတူတူ ဈေးဝယ်ထွက်ချင်တာလား "

သူမကို မမြင်ရသော်လည်း သူမ ရှက်ရွံ့နေသည်ကို သူ ပြောနိုင်သည်။

" အဲ့လိုလုပ်ဖို့ ရှင့်မှာ အချိန်ရှိရဲ့လား။ မဟုတ်ရင်လည်း ထားလိုက်ပါ။ ကျွန်မ ..... "

" ဒါပေါ့၊ တခြားသူက ကိုယ့်ကိုမေးလာရင် ကိုယ့်မှာ ပေးစရာ အချိန်မရှိဘူး။ ဒါပေမဲ့ နာမည်ကြီးရှချူးအတွက်ဆို မေးစရာတောင် လိုသေးလို့လား။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ အချိန်ပေးရမှာပေါ့ "

" အဲ့လို ….. အဲ့လိုကြီး မပြောပါနဲ့။ ရှက်တယ် "

" ဘာတွေ ရှက်စရာရှိလို့လဲ။ ဘယ်ကိုသွားချင်လဲ ပြောပါ "

" ကျွန်မက ယန်းချန်မြို့နဲ့ သိပ်မရင်းနှီးဘူး။ ရှင် ဆုံးဖြတ်တာ ပိုကောင်းတယ် "

ယဲ့ဖန် ခဏလောက် စဉ်းစားလိုက်သည်။

သူ ရုတ်တရက် ရှေးဟောင်းလမ်းကို တွေးမိသွားသည်။

ပိုက်ဆံရှာဖို့ စိတ်ပူနေတာ မဟုတ်လား။

အကယ်၍ သူ ရှေးဟောင်းလမ်းကို သွားပါက ပစ္စည်းကောင်းတစ်ချို့ကို ရနိုင်မည်ဖြစ်သည်။

" ဒါဆို ရှေးဟောင်းလမ်းကို သွားရအောင် "

" ရှေးဟောင်းလမ်းလား။ ရပါတယ်၊ ကျွန်မ မရောက်ဖူးသေးဘူး။ မနက်ဖြန် လမ်းမှာတွေ့မယ် "

" ဒါဆို ကောင်းပြီ။ မနက်ဖြန်တွေ့မယ် "

" မနက်ဖြန်တွေ့မယ်နော် "

ရှချူးသည် စိတ်ကောင်းဝင်နေပြီး သူမ၏ အသံသည် အရင်ကထက် များစွာ ပေါ့ပါးနေသည်။

သူနဲ့ တွေ့ရမှာကို အရမ်းပျော်နေတာလား။

ယဲ့ဖန်သည် ရေချိုးခန်းထဲသို့ အမြန်ပြေးပြီး မှန်ကို ကြည့်လိုက်သည်။

ဒီကောင်လေးက ဘာတွေ ဒီလောက် ရှားပါးနေလို့လဲ။

မိန်းမလှလေးတွေ အများကြီးက သူ့အိမ်တံခါးကို တစ်ယောက်ပြီး တစ်ယောက် လာခေါက်နေကြတယ်။

ဟူး သူ သက်ပြင်းချလိုက်မိသည်။

တကယ်တော့ သူသည် လူတိုင်း၏ ချစ်ခြင်းကို ခံရလောက်အောင်ထိ ယုံကြည်ချက် မရှိသေးပေ။

ရေချိုးပြီးနောက် အိပ်ရာဝင်ခဲ့သည်။

ထိုညက အိပ်မက်မက်ခဲ့လေသည်။

သူ့တွင် ဇနီးမယားတွေ အများကြီးရှိတယ်လို့ အိပ်မက်မက်သည်။

သူ အနီးကပ်ကြည့်လိုက်သည့်အခါ ချန်းရွှမ်၊ ရှချူး၊ လုရှောင်ရ၊ ရှန်းပိုင်ထျန်းနှင့် အခြားမိန်းမလှလေးတစ်စုကို တွေ့လိုက်ရသည်။

သူတို့အားလုံးက သူနဲ့ အိပ်ရရန် တိုက်ပွဲဝင်နေကြလေသည်။

သူ အကျပ်အတည်းဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် မျှဝေရန် ရွေးချယ်ခဲ့ကာ အားလုံးနှင့် အတူတူအိပ်ခဲ့သည်။

နိုးလာပြီးနောက် ကုတင်ပေါ်ကို မှီပြီး အချိန်အတော်ကြာ ပြန်တွေးမှိန်းနေခဲ့ပြီးနောက်မှ ရေမိုးချိုးပြီး အဝတ်လဲခဲ့သည်။

တောက်ပသော Blue Charm Night ကို ရှေးဟောင်းလမ်းသို့ မောင်းနှင်လာသောအခါ မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ထိုကဲ့သို့ ကားမျိုးသည် လူတိုင်း မျက်စိကျစရာဖြစ်လေသည်။

လူမသိသူမသိနေရန် ထိန်းသိမ်းဖို့ ခက်ခဲလှလေသည်။

ချောမောလှပသော အမျိုးသမီး များစွာက သူ့ကို အီစီကလီ အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

ထိုအမျိုးသမီးများသည် အခြားသူများအတွက် နတ်ဘုရားအဆင့်ဖြစ်နိုင်သော်လည်း သူ့အတွက်မူ သူတို့သည် အလယ်အလတ်အဆင့်သာရှိသော အမျိုးသမီးများသာ ဖြစ်သည်။

ကားပါကင်တွင် ကားကို ရပ်ပြီးနောက် ရှချူးကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

" အလှလေး ဘယ်ရောက်နေပြီလဲ "

ရှချူးသုန့်၏ အသံသည် ဖုန်းအခြားတစ်ဖက်မှ ချက်ချင်း ထွက်ပေါ်လာသည်။

" ကျွန်မ ဒီကို ရောက်နေပြီ။ ရှင့်ရဲ့ အနောက်မှာ ရပ်နေတယ် "

ယဲ့ဖန် လှည့်၍ အချိန်အတော်ကြာအောင် ရှာဖွေသော်လည်း သူမကို မတွေ့ရသေးပေ။

" မတွေ့ပါဘူး၊ မင်း လူမှားနေတာလား "

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ပုခုံးကို ပုတ်လိုက်သည်။

လှည့်ကြည့်လိုက်သည့်အခါ အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက် သူ့နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ခါးတစ်ဝိုက်တွင် အရောင်တူ ခါးပတ်တစ်ခု ဝတ်ဆင်ထားသောကြောင့် သူမ၏ ခါးကို ပိုမိုသွယ်လျစေသည်။

သူမသည် အနက်ရောင် ဘွတ်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး သူမ၏ ခြေထောက်များသည် ဖြောင့်စင်းသွယ်လျနေသည်။

သူမသည် ခေါင်းပေါ်တွင် အနက်ရောင်ဦးထုပ်ကို ၀တ်ဆင်ထားပြီး သူမ၏ နှာတံပေါ်တွင် မျက်မှန်အကြီးကြီးတစ်လက်ကို ဝတ်ထားသည်။

ဂရုတစိုက် မကြည့်ပါက ရှချူးမှန်း ဘယ်သူမှ သိနိုင်မည် မဟုတ်ပေ။

ယဲ့ဖန်က မထိန်းနိုင်ဘဲ ရယ်လေသည်။

" မင်း ကိုယ့်ကိုယ်ကိုယ် ဒီလိုကြီးထိ ဝတ်ဖို့ လိုလို့လား။ မင်း ဒီမှာ ဈေးဝယ်လာထွက်တာလား။ ဒါမှမဟုတ် သူလျှိုလုပ်မှာလား "

ရှချူး ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" မတတ်နိုင်ဘူးလေ။ ဒါက အနုပညာရှင်ဖြစ်ရတဲ့ သနားစရာကောင်းတဲ့ အခြမ်းပဲ။ ဈေးဝယ်ထွက်ရင်တောင် သတိထားရမယ်။ သတိထားမိသွားကြရင် မကောင်းဘူး "

ယဲ့ဖန်က ပြောလေသည်။

" မင်းကို သတိထားခံရရင်တောင် ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။ ကိုယ်က သတင်းထဲ ပါလည်း ရပါတယ်။ ခေါင်းစဉ်ကိုတောင် တွေးပြီးသွားပြီ။ 'ရှချူး၏ လျှို့ဝှက်ချစ်သူ ပေါ်လာပြီး ထောင်ပေါင်းများစွာသော ပရိသတ်များ အသည်းကွဲခြင်း' ဟားဟားဟား ...... "

ရှချူးလည်း သဘောကျစွာဖြင့် သူမပါးစပ်ကို အုပ်ပြီး ရယ်နေသည်။

" ကျွန်မလည်း အဲ့လို လိုချင်နေတာ အတိအကျပဲ။ နေ့တိုင်း နှောင့်ယှက်နေတဲ့လူတွေကို ငြီးငွေ့လှပြီ "

ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။

" တစ်ယောက်ယောက်က မင်းကို နှောက်ယှက်နေပြန်ပြီလား၊ ဘယ်သူလဲ။ ကိုယ့်ကို ပြောရင် ကူညီပေးမယ် "

သူ၏ တုံ့ပြန်မှုကို မြင်ပြီး ရှချူးက တမင်ဟန်ဆောင်ပြီး ချဲ့ကားလိုက်သည်။

" အများကြီးပဲ ရှိတယ်။ အနည်းဆုံး တပ်စုတစ်စုစာလောက်ပဲ။ ရှင် သူတို့ကို ထိန်းနိုင်ပါ့မလား "

ယဲ့ဖန်က ယုံကြည်ချက်ရှိသည့် အမူအရာကို ထုတ်ပြသည်။

" ဒါဆိုလည်း တစ်ယောက်ချင်းစီ ရှင်းကြတာပေါ့။ အဲ့တာတောင် ဘယ်သူက ခေါင်းမာပြီး ကိုယ်တို့ရဲ့ ရှချူးလေးကို အနှောင့်အယှက် ပေးရဲလဲဆိုတာ ကြည့်ချင်ပါသေးတယ် "

ရှချူးသည် ထိုစကားကို ကြားသောအခါ သူမသည် ပျားရည်ကို စားလိုက်ရသလို ခံစားလိုက်ရသည်။

ယဲ့ဖန်က သူ့စကားကြောင့် ရှချူး၏ မျက်နှာလေးသည် မက်မွန်ပွင့်လေးအဖြစ် ပြောင်းသွားသည်ကို မြင်လိုက်ရပြီး သူ့နှလုံးသား တုန်လှုပ်သွားခဲ့သည်။

ဒီနေ့တွင် မိတ်ကပ်မလိမ်းထားသော်လည်း ရှချူးသည် မိတ်ကပ်မလိမ်းဘဲနှင့်တောင် ထိပ်တန်းအလှမယ်လေးတစ်ယောက် ဖြစ်နေသေးသည်။

" ရှချူး "

" ဟမ် "

" မင်း အရမ်းလှတယ် "

" အာ "

ရှချူးသည် ယဲ့ဖန် ဤမျှပြတ်သားပွင့်လင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အပိုင်း ( ၆၉၈ )

ရှေးဟောင်းပစ္စည်းဆရာကြီး

မရေမတွက်နိုင်သော လူများစွာသည် သူမအား ငယ်စဉ်ကတည်းက ချီးကျူးခဲ့ကြသောကြောင့် သူမ ကြားရသည်ကို ငြီးငွေ့နေပြီဖြစ်သည်။

သို့သော် သူမသည် ယဲ့ဖန်ချီးကျူးစကားကို ကြားပြီးသောအခါ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်လာတော့သည်။

သူမ ဘယ်လို တုံ့ပြန်သင့်လဲ။

အကယ်၍ သူမက 'မဟုတ်ပါဘူး၊ ကျွန်မက မလှပါဘူး'ဟု ဖြေလိုက်ပါက ယဲ့ဖန်က သူမကို အပိုပြောသည်ဟု ထင်သွားမည်လား။

အကယ်၍ 'ချီးကျူးပေးလို့ ကျေးဇူးပါ'ဟု ပြန်ဖြေပါက သူမကို ဂုဏ်မောက်နေသည်ဟု ထင်သွားမည်လား။

သူမ အခက်တွေ့နေသည်။

ယဲ့ဖန်သည် ထိုအချိန်တွင် အသိပြန်ကပ်လာသည်။

သူသည် တည့်တိုးပြောချလိုက်သောကြောင့် တစ်ဖက်သားကို ခြောက်လှန့်လိုက်မိမည်ကို စိုးရိမ်ကာ အမြန်ချောင်းနှစ်ခါဟန့်လိုက်သည်။

" အဟမ်း အဟမ်း ဒါ .... ဒါဆိုလည်း အထဲဝင်ကြရအောင်။ လမ်းထဲမှာ လူအရမ်းများတယ်။ သေချာကပ်လျှောက်ရမယ် "

ထိုသို့ပြောပြီးနောက် ဦးဆောင်ကာ ရှေးဟောင်းလမ်းထဲသို့ လျှောက်ဝင်သွားသည်။

ရှချူးသည် အနီးကပ်လျှောက်ရမည်ဟု ကြားပြီး ယဲ့ဖန်အနောက်ကို လိုက်ကာ ရုတ်တရက် ယဲ့ဖန်၏လက်ကို သူမ၏ လက်လေးဖြင့် ဆွဲကိုင်လိုက်သည်။

ယဲ့ဖန်သည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်သွားပြီး အနောက်ကို ပြန်လှည့်ကြည့်သည်။

ရှချူးသည် အတော်လေး ရှက်နေပြီဖြစ်သည်။

သူမသည် ဘေးဘီဝဲယာကို အကြည့်ပို့လိုက်ပြီး လမ်းထဲမှ ပစ္စည်းများကို စိတ်ဝင်စားချင် ဟန်ဆောင်လိုက်သည်။

သူမ၏ နှလုံးသားမှာတော့ အရိုင်းဆန်စွာ ခုန်ပေါက်နေပြီး ထွက်ကျလာမတတ် ဖြစ်နေခဲ့သည်။

ယဲ့ဖန်၏ နှုတ်ခမ်းသည် ဖော်ပြမရသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

သူ လှည့်ပတ်ကြည့်ပြီး ရှေးဟောင်းလမ်းထဲသို့ ဆက်ဝင်သွားသည်။

သူတို့နှစ်ယောက်သည် အတွဲနှင့် တူသောကြောင့် အခြားသူများအား မနာလိုအားကျ ဖြစ်စေခဲံသည်။

ယဲ့ဖန်သည် 'နူးညံ့သောခံစားချက်'တွင် ပျော်ဝင်မသွားဘဲ သူ ဒီနေ့ လာရခြင်း၏ အကြောင်းအရာကို စိတ်ထဲမှာ မှတ်ထားလေသည်။

မိန်းမလှလေးအား ဈေးဝယ်ကူထွက်ပေးခြင်းအပြင် သူ၏ ငွေကြေးပြဿနာကို ဖြေရှင်းရန်လည်း ရှိနေသည်။

ထို့ကြောင့် ရှေးဟောင်းလမ်းထဲကို ဝင်လာပြီးသည်နှင့် သူ၏ အတွင်းကျကျ စကန်ဖတ်စစ်ဆေးခြင်း စနစ်ကို စတင်လိုက်သည်။

စနစ်၏ စကန်ဖတ်ခြင်းကို အဆင့်မြှင့်ပြီးနောက် ဆယ်မီတာအချင်းဝက်ပတ်လည်အတွင်းရှိ ပစ္စည်းများ၏ အချက်အလက်များသည် သူ၏ အရှေ့တွင် ပေါ်လာသည်။

ထိုရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးကိုပင် သေချာကြည့်ရန် မလိုပေ။

ဒီစနစ်လုပ်ဆောင်ချက်က ရှေးဟောင်းပစ္စည်းများအတွက် အတော်လေး ရိုက်ခတ်မှု ကြီးမားလေသည်။

ရှချူးသည်လည်း ဒီရှေးဟောင်းလမ်းနှင့် ပတ်သတ်ပြီး အတော်လေး သိချင်စိတ်များနေသည်။

သူမ၏ မျက်လုံးလေးများမှာ ပြူးကျယ်နေပြီး စပ်စုတတ်သည့် ကလေးငယ်တစ်ယောက်လို ဟိုဒီလျှောက်ကြည့်နေသည်။

ထိုအချိန်တွင် ‌ဈေးဝယ်တစ်ယောက်သည် သူမအရှေ့ရှိ ဈေးဆိုင်တွင် နားကပ်တစ်စုံအား ဝယ်ယူရန် ဈေးမေးနေလေသည်။

" သူဌေး၊ ဒီနားကပ်တွေ ဘယ်လောက်လဲ "

သူဌေးက ချက်ချင်း လက်တစ်ချောင်း ထောင်ပြလိုက်သည်။

" တစ်သောင်းပဲ။ ဈေးဆစ်လို့ မရဘူး "

ဈေးဝယ်က ချက်ချင်း ဈေးဆစ်လိုက်သည်။

" ၅၀၀ပဲ၊ ပိုမပေးနိုင်ဘူး "

သူဌေးက ဒေါသထွက်သွားသည်။

" ၅၀၀လား။ လာနောက်နေတာလား။ အနည်းဆုံး ၅၀၀၀ပဲ၊ ပိုမလျှော့နိုင်ဘူး "

ဈေးဝယ်က အံကြိတ်လိုက်သည်။

" ယွမ် ၈၀၀ပဲ။ ရောင်းရင် ယူမယ်။ မရောင်းလည်း ထားလိုက် "

သူဌေးက အနည်းငယ် တွန့်ဆုတ်သွားသည်။

" မင်းက လိုချင်နေမှတော့ ဒီလိုဆိုရင်ရော။ ၁၅၀၀ နဲ့ ပေးလိုက်မယ် "

ဈေးဝယ်က ချက်ချင်း နားကပ်ကို ပြန်ချလိုက်သည်။

" အလွန်ဆုံး ၈၀၀ပဲ ပေးမယ်။ မရောင်းလဲ ထားလိုက်တော့ ........ "

ထိုသို့ပြောပြီး ချက်ချင်း ထွက်သွား ဟန်ဆောင်သည်။

ရှချူးသည် ထိုမြင်ကွင်းကြောင့် အတော်လေး စိတ်ဝင်စားသွားသည်။

သူမသည် ထိုလူနှစ်ယောက်ကို အတော်လေး ရယ်စရာကောင်းသည်ဟု ထင်သည်။

သူဌေးသည် အစတွင်တော့ ၁သောင်းဈေးအား မလျှော့ဘူးဟု ဆိုခဲ့သော်လည်း အဆုံးတွင် လျင်မြန်စွာဖြင့် ၁၅၀၀ထိ လျှော့ပေးလာသည်။

ရှေးဟောင်းလမ်းထဲမှ ရေအတိမ်အနက်သည် အတော်လေးကြီးသည်ကို သူမ နားလည်လိုက်သည်။

အကြောင်းမသိသူက မစဉ်းစားဘဲ ဝင်ရောက်လာပါက အပိုင်းပိုင်း ဖြတ်ခံရမည် ဖြစ်သည်။

ထိူသူဌေးသည် ထိူဈေးဝယ်အား တားရန်လုပ်မည့်အချိန်တွင် ရှချူးကို ရုတ်တရက် မြင်လိုက်ရပြီး သူ၏ မျက်လုံးများ တောက်ပသွားသည်။

သူမကို မှတ်မိသွားခြင်းကြောင့် မဟုတ်ဘဲ သူမသည် နုံအပုံပေါ်ပြီး လှည့်စားရလွယ်ကူမည်ဟု ထင်သောကြောင့်ဖြစ်သည်။

သိူ့သော် သူသည် ထိုမိန်းကလေး၏ ဘေးမှ ကောင်လေးကို မြင်သောအခါ သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

ဒါက ယဲ့သခင်လေး မဟုတ်ဘူးလား။

ယွမ် ၂သောင်းနဲ့ ဖုံးထားတဲ့ သေတ္တာတွေကို ရွေးပြီး သန်း ၂၀ ရသွားတာလေ။

ထိုနေ့တွင် ယဲ့ဖန်သည် ရှေးဟောင်းလမ်းထဲတွင် သူ၏ စွမ်းအားကို ပြသခဲ့ပြီး တစ်လုံးလမ်းကို လှုပ်ခတ်သွားစေခဲ့သည်။

အခုအခါ သူသည် တစ်လမ်းလုံး သူရဲကောင်းဖြစ်လာခဲ့သည်။

မျက်လုံးဖြင့် တပ်အပ်မမြင်ခဲ့ရသော်လည်း ထိုလူငယ်လေး၏ သမိုင်းကြောင်းကို လမ်းထဲမှ လူတိုင်းကြားဖူးကြသည်။

ယဲ့ဖန်သည် ရှချူး၏ အကြည့်ကို သတိထားမိသွားသည်။

" ဘာလဲ၊ အဲ့နားကပ်တွေကို ကြိုက်လို့လား "

ရှချူး ခေါင်းငြိမ့်လိုက်သည်။

" အဲ့တာ လှတယ်လေ "

ယဲ့ဖန် ဘာမှ ထပ်မပြောပေ။

သူက ချက်ချင်း ဆိုင်ထဲကို လျှောက်သွားလိုက်သည်။

" သူဌေး၊ ဒီနားကပ်တွေက တစ်စုံ ဘယ်လောက်လဲ "

သူဌေးက ချက်ချင်း ကြည့်လိုက်ပြီး ဈေးပြောလိုက်သည်။

" တစ်သိန်း "

ရှချူး၏ မျက်လုံးများ ပြူးကျယ်သွားသည်။

" သူဌေး၊ ရှင် လွန်လွန်းတယ်။ ခုနကကျ ၁၅၀၀နဲ့ ရောင်းမယ်လို့ပြောပြီး အခုကျ ၁သိန်းနဲ့ ရောင်းချင်နေတာလား "

သူဌေးက အရှက်မရှိ ရယ်လိုက်သည်။

" အခုက အခုပဲ။ ၁၅၀၀နဲ့ ရောင်းချင်ရောင်းမယ်၊ ၁သိန်းနဲ့ ရောင်းချင်ရောင်းမယ် "

ရှချူး ဒေါသထွက်သွားသည်။

သူတို့ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စီးပွားရေးလုပ်ကြတာလဲ။

သူမက ယဲ့ဖန်၏ လက်ကို ချက်ချင်းဆွဲလိုက်သည်။

" ယဲ့ဖန် သွားကြစို့။ ငါတို့ကို လူမိုက်တွေလို့ သူ ထင်နေတာလား မသိဘူး "

ယဲ့ဖန်သည် ဆိုင်ပိုင်ရှင် ဘာကြောင့် ဈေးတက်ရသည်ကို သိလေသည်။

ထို့ကြောင့် သူ ခါးသီးစွာ ပြုံးလိုက်သည်။

သူသည် ရှေးဟောင်းလမ်းတွင် မရှင်သန်နိုင်တော့ပုံရသည်။

တစ်ခုခုကို ကြိုက်သည်နှင့် လူများက ချက်ချင်း ဈေးတက်ကြမည်ဖြစ်သည်။

အဲ့တာဆို သူ ဘယ်လိုသွားပြီး ကစားရတော့မှာလဲ။

ထို့နောက် ရှချူးသည် ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို သတိပြုမိလိုက်သည်။

သူတို့နှစ်ယောက် ထွက်သွားပြီးသည်နှင့် ထိုဈေးဆိုင်ထဲသို့ လူများ အပြေးအလွှား လျှောက်လာရင်း သူဌေးကို စျေးမေးရန် ရန်ဖြစ်နေကြတာကို တွေ့လိုက်ရသည်။

" သူဌေး၊ ၁သောင်းပေးမယ်။ ဒီနားကပ်လေး လိုချင်တယ် "

" ၁သိန်း ၁သောင်းပေးမယ် "

" ဒီနားကပ်ကို ယွမ် ၁သိန်း၁သောင်းနဲ့ ဝယ်ချင်နေတာလား။ ဒီအရာက သခင်လေး ကြည့်သွားတာဆိုတော့ အဲ့တာရဲ့ တန်ဖိုးက အနည်းဆုံး နှစ်ဆဖြစ်ရမယ် "

" ငါက ၁သိန်းခွဲနဲ့ ပေးတယ် "

" ၁သိန်း ၆သောင်း ပေးပါ့မယ် ....... "

ရှချူး အံသြသွားသည်။

ဘာတွေဖြစ်နေတာလဲ။

ယဲ့ဖန် ကြည့်ပြီးတာနဲ့ အဲ့တာကျ ဈေးကျမသွားဘဲ ဘာလို့ ဈေးပါတက်သွားရတာလဲ။

ယွမ် ၁၀၀၀ပဲ အများဆုံးတန်တဲ့ နားကပ်ကို ယွမ် ၁သိန်း၆သောင်းနဲ့ လေလံဆွဲနေကြတာလား။ ဒါက ချဲ့ကားလွန်းတယ် မဟုတ်ဘူးလား။

သူမ အဖြေတစ်ခုအတွက် ယဲ့ဖန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" အရူးတစ်စုပါပဲ၊ ကိုယ့်ကိုယ်ကိုယ် သူတို့အဆင့်အထိ မနှိမ့်ချနဲ့ "

ထို့နောက် သူမကို တခြားဆိုင် ခေါ်သွားလေသည်။

သို့သော် ထိုမြင်ကွင်းက ဆက်ဖြစ်နေလေသည်။

ယဲ့ဖန်က ဈေးမေးတိုင်း ဈေးဆိုင် ပိုင်ရှင်များက ဈေးတက်ကြသည်။

ယဲ့ဖန် ထွက်သွားပြီးနောက် လူတစ်စု ဝိုင်းအုံလာပြီး စျေးပြိုင်ပေးကြသည်။

ရှချူးသည် မမိုက်မဲသောကြောင့် သူမ ဘာဖြစ်နေကြောင်းကို အမြန်ရှာဖွေခဲ့သည်။

ထိုလူအုပ်စုသည် ယဲ့ဖန်ကို မျက်စိစုံမှိတ် ယုံကြည်ကြသည်။

သူတို့သည် ယဲ့ဖန်အား 'တရားဝင်အသိအမှတ်ပြုလက်မှတ်'ကို ရရှိထားသူတစ်ယောက်ကဲ့သို့ သူ့ကို စံနမူထားကာ သူလုပ်သမျှကို လိုက်ပြီး လူတိုင်းက သူ့ဆီသို့ စုပြုံလာမည်ဖြစ်သည်။

" ရှင်က ရှေးဟောင်းပစ္စည်းပညာရှင်တစ်ယောက်လား "

သူမသည် အရှေ့မှ ယောက်ျားကို မယုံနိုင်စွာ ကြည့်နေမိသည်။

အပိုင်း ( ၆၉၉ )

အလှလေးအား ရောင်းစားခြင်း

ရှချူး၏ အမြင်တွင် ယဲ့ဖန်သည် အမှန်တကယ်ပင် အစွမ်းထက်လေသည်။

သူနှင့် ပထမဆုံး စတွေ့စဉ်က သူသည် ဆင်းရဲသော ကျောင်းသားတစ်ယောက်သာဖြစ်သည်။

ဖျော်ဖြေပွဲပင် တစ်ခါမှ မသွားဖူးသောကြောင့် သူ့ကို ကြည့်ဖို့ ဖိတ်ခေါ်ခဲ့ရသည်။

နှစ်ဝက်သာရှိသေးသော်လည်း သူသည် ချမ်းသာပြီး သူမ၏ သူဌေးပင် ဖြစ်နေပြီဖြစ်သည်။

ထိုကဲ့သို့ စီးပွားရေး ယိုယွင်းမှုမျိုးသည် သူမအတွက် အလွန် တုန်လှုပ်ချောက်ချားစရာကောင်းလှသည်။

ယဲ့ဖန်အား ပိုနားလည်လေလေ၊ သူမနှင့် ပို၍ မရင်းနှီးလေဟု သူမ ခံစားလာရလာကြောင်း အခုမှ သူမ သဘောပေါက်လာခဲ့သည်။

ဒီကောင်လေးက အဆုံးမရှိသည့် တွင်းနက်ကြီးနှင့်တူသည်။

သူ၏ မျက်နှာပြင်အပြည့်အစုံကို မြင်ဖူးသည်ဟု ထင်ထားသော်လည်း သူက မမျှော်လင့်ထားသော အံ့အားသင့်မှု သို့မဟုတ် တုန်လှုပ်ချောက်ချားမှုကို ချက်ချင်း ပေးဆောင်လိမ့်မည် ဖြစ်သည်။

သူသည် စီးပွားရေးတွင် ထူးချွန်ရုံသာမက ရှေးဟောင်းပစ္စည်းများကိုလည်း ကျွမ်းကျင်နေမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ယဲ့ဖန်သည် သူ့ကို ထူးဆန်သော အကြည့်မျိုးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပြီး ချက်ချင်း သတိပေးလိုက်သည်။

" ယောက်ျားတစ်ယောက်အကြောင်းကို အရမ်းမသိချင်နဲ့။ အဲဒါက အရမ်းအန္တရာယ်များတယ် "

ရှချူး၏ လှပသော မျက်နှာလေးသည် အနည်းငယ်နီသွားကာ သူ့ကို စိုက်ကြည့်နေသေးသည်။

" ရှင့်ကို ဘယ်သူက သိချင်နေလို့လဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်ကောင်းတယ်လို့ ထင်မနေလွန်းဘူးလား "

ယဲ့ဖန်က စိတ်ထဲမထားချေ။

" ကောင်းတယ်လေ၊ မင်းကို သတိမပေးလို့ ကိုယ့်ကို အပြစ်မတင်နဲ့ "

ထိုစကားကို ပြောပြီးနောက် သူမကို ဆွဲခေါ်ကာ လမ်းလျှောက်လာခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် ဘာမှ မတွေ့ခဲ့ရပေ။

ပစ္စည်းကောင်းအချို့ကို သူ မြင်ခဲ့ရသော်လည်း တစ်ဖက်လူမှ သူဝယ်လိုကြောင်းကို မြင်သောအခါ သူတို့အားလုံးသည် ဈေးကို အများအပြားတောင်းကြသည်။

နောက်ဆုံးပေးသည့်ဈေးက ထိုပစ္စည်းများ၏ တကယ့်ပေါက်ဈေးနှင့် သိပ်မကွာသောကြောင့် စိတ်မဝင်စားတော့ချေ။

သူသည် ပစ်မှတ်ထားခံနေရသည့် အေးစက်သော အဖြစ်မှန်ကို လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ရှချူးသည် သူ၏ စိတ်ဓာတ်ကျသော အမူအရာကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ အူမြူးသွားသည်။

" ရှင်က ပစ်မှတ်ဖြစ်လာပုံရတယ်။ စျေးမေးရင် သူတို့က ရှင့်ကို မတန်တဆ ဈေးတောင်းလိမ့်မယ် ဟားဟား ....... "

ယဲ့ဖန်က ဒေါသတကြီးဖြင့် နှာခေါင်းလေးကို ဖိညှစ်လိုက်သည်။

" ကိုယ်က ဒုက္ခတွေ့လို့ ပျော်နေတာလား "

ရှချူးက သူ့လက်ကို ဖယ်လိုက်သည်။

လွှတ်လိုက်သောအခါတွင် သူမ၏နှာခေါင်းမှာ နီရဲနေပြီး နာကျင်လွန်းသဖြင့် မျက်ရည်များပင် ထွက်လာတော့မတတ် ဖြစ်နေသည်။

ယဲ့ဖန်သည် သူမ၏ အမူအရာကိုမြင်ပြီး ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

ရှချူးသည် ဒေါသတကြီးဖြင့် အံကြိတ်ကာ လက်သီးသေးသေးလေးဖြင့် ထိုးလေသည်။

သူတို့၏ ရည်ငံနေမှုသည် လမ်းပေါ်ရှိ လူများစွာ၏ အကြည့်များကို ဆွဲဆောင်ခဲ့ပြီး သူတို့၏ မျက်နှာများတွင်လည်း ငြူစူခြင်းများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ဘေးမှ ယောက်ျားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

" အိုက်ယား၊ ဒီရှေးဟောင်းလမ်းက ပစ္စည်းတွေက အရမ်းဈေးမကြီးဘူးလား။ ဒီသခင်လေးက အကွက်ရွှေ့ဖို့တောင် လုံးဝ မထိုက်တန်ဘူး။ တကယ့်ကို စိတ်ပျက်စရာကောင်းလွန်းတယ် "

သူ့အသံသည် ကျယ်လောင်လွန်း၍ လမ်းတစ်ဝက်လုံးပင် ကြားလိုက်ရသည်။

ယဲ့ဖန်နှင့် ရှချူးတို့သည်လည်း စူးစမ်းစွာ ကြည့်လိုက်ကြသည်။

ထိုသူသည် ရှချူးကို ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမကို လှမ်းကြည့်နေတာကို မြင်သည့်အခါ သူက ချက်ချင်း ခေါင်းကိုလှည့်ပြီး ဟိုဟိုဒီဒီလျှောက်သွားနေ ဟန်ဆောင်လိုက်သည်။

ထိုအမျိုးသားသည် အသက်သုံးဆယ်ခန့်ရှိပြီး ရုပ်ကြမ်းရည်ကျိုဖြစ်သော်လည်း ဒီဇိုင်နာ တံဆိပ်ကပ်ထားသော အဝတ်အစားကိုသာ ဝတ်ဆင်ထားသည်။

အပေါ်ပိုင်းတွင် Armani၊ ဘောင်းဘီသည် Givenchy၊ ဖိနပ်မှာ Burberry ဖြစ်ပြီး ခါးပတ်က LV ဖြစ်သည်။

ထိုအဝတ်များ အားလုံးသည် ဈေးကြီးသည့် ဇိမ်ခံပစ္စည်းများဖြစ်သည်။

သို့သော် တွဲဝတ်လိုက်သည့်အခါ အတော်လေး ကွဲလွဲနေသည်။

လက်သန်းတစ်မျှ တုတ်သော ရွှေဆွဲကြိုးကြီးကို သူ့လည်ပင်းတွင် တွဲလောင်းဆွဲထားပြီး အနည်းဆုံး လက်ဆယ်ချောင်းအနက် ခြောက်ချောင်း သို့မဟုတ် ခုနစ်ချောင်းတွင် ကျောက်မျက်ရတနာလက်စွပ်များကို ဝတ်ဆင်ထားသည်။

နဖူးတွင် အလွန်ချမ်းသာပါသည်ဟူသော စာလုံးကပ်ထားရန်သာ ကျန်တော့သည်။

မရေမတွက်နိုင်သောလူများသည် ရှချူးကို အရင်က လိုက်ဖူးခဲ့ကြသည်။

ဘယ်လို အကွက်မျိုးကို သူမ မမြင်ဖူးတာရှိလို့လဲ။

ဒီယောက်ျား၏ အာရုံ ဆွဲဆောင်မှုကို သူမ လုံးဝ ဂရုမစိုက်ချေ။

အနည်းကလေးဆန်ပြီး ရယ်စရာကောင်းသည်ဟုပင် တွေးမိသည်။

" ကျွန်မတို့ ဟိုဘက်ကို သွားကြည့်ကြမလား "

ထိုလူကို သူမ မကြည့်တော့ချေ။

သူမသည် ချက်ချင်းပင် ယဲ့ဖန်၏ လက်ကို ကိုင်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

ထိုမြင်ကွင်းကို မြင်ပြီး ထိုယောက်ျားက ဟန်ဆောင်မနေနိုင်တော့ဘဲ သူတို့အနောက်ကို အလျင်စလို လိုက်လာခဲ့သည်။

" အလှလေး၊ ငါ မင်းကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ "

ရှချူးသည် သူ၏ ပရောပရည်လုပ်ခြင်းကို တကယ်ပင် သာမန်ဆန်လွန်းသည်ဟု ထင်လေသည်။

" တကယ်လား။ ဒီကမ္ဘာမှာ ပုံစံတူတဲ့သူတွေ အများကြီးရှိတာကြောင့် မျက်နှာတွေကို ရင်းနှီးတာတွေ တွေ့ရတာ ပုံမှန်ပါပဲ "

ထိုသို့ ပြောလိုက်သော်လည်း လမ်းလျှောက်တာ ရပ်မသွားပေ။

ထိုလူသည် ခွေးသန်းကဲ့သို့ သူမအနောက်ကို ဆက်၍ ကပ်နေသည်။

" ငါ မင်းကို နောက်နေတာမဟုတ်ဘူး။ မင်းကြည့်ရတာ စူပါစတား ရှချူးနဲ့ တူတယ်။ မင်းရော အဲ့လိုမထင်ဘူးလား "

သူက စကားပြောနေစဉ်တွင် သူ့နောက် လက်ပါးစေနှစ်ဦးကို ကြည့်လိုက်သည်။

ထိုလက်ပါးစေနှစ်ယောက်က ပူးပေါင်းကာ ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်၊ တကယ်တူတယ် "

ထိုလူက သူမကို ဆက်၍ ငုံ့ကြည့်နေသည်။

" မင်းက ရှချူးလေးနဲ့ တူတယ်လို့ ငါထင်တယ်။ ငါ မင်းနဲ့ သူငယ်ချင်း ဖြစ်လို့ရနိုင်မလား "

ရှချူး ခေါင်းယမ်းလိုက်သည်။

" တောင်းပန်ပါတယ်၊ ကျွန်မ စိတ်မဝင်စားဘူး "

ထိုလူသည် အရှိန်မြှင့်ကာ သူတို့နှစ်ဦးရှေ့တွင် ရပ်လိုက်သည်။

" အလှလေး၊ အရမ်းမစိမ်းကားပါနဲ့။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ "

ယဲ့ဖန်က သူ အတော်လေး အရှက်မရှိတာကို မြင်ပြီးပြောလိုက်သည်။

" သားကြီး၊ သူမနားမှာ လူတစ်ယောက်လုံးရှိနေတာကို မင်း မမြင်ဘူးလား။ စကားစမြည်ပြောချင်ရင် တခြားတစ်ယောက်ကို ရှာလိုက် "

ထိုလူက သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။

" မင်းက သူ့ရည်းစားလား "

ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" ဟုတ်တယ်ဆို ဘာဖြစ်လဲ "

သူ့အဖြေကို ကြားသောအခါ ရှချူး၏ နှလုံးခုန်သံများ တုန်လှုပ်သွားသည်။

ထိုလူက လက်ကိုဆန့်လိုက်သည့်အခါ သူ့လက်ပါးစေက Gucci အိတ်ကို ချက်ချင်း ပေးလာသည်။

" ဒီထဲမှာ ယွမ် ၂သိန်းရှိတယ်။ အခု သူမနဲ့ လမ်းခွဲလိုက်တာနဲ့ ဒီငွေတွေက မင်း အပိုင်ပဲ "

ထိုလူသည် သူပုံစံက မလုံလောက်တော့မည်ကို ကြောက်ရွံ့သဖြင့် အိတ်ကို ဖွင့်ကာ အတွင်းမှ အနီရောင် ငွေစက္ကူများကို ထုတ်ပြလိုက်သည်။

ယဲ့ဖန်က ရှချူးကို လှည့်ကြည့်လိုက်သည်။

" ကိုယ် ချမ်းသာဖို့ နည်းလမ်းရှာတွေ့ပြီထင်တယ် "

ရှချူးက သူ့ကို စိုက်ကြည့်လိုက်သည်။

" ရှင် ကျွန်မကို ယွမ် ၂သိန်းနဲ့ ရောင်းဖို့ စီစဉ်နေတာလား။ အနည်းဆုံး ၂ သန်းပဲ ဟုတ်တယ်မလား "

ယဲ့ဖန်သည် သူမ၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ပွတ်သပ်လိုက်သည်။

" သန်း၂၀ ဆိုရင်တောင် စိတ်မပူပါနဲ့။ ကိုယ်က သွေးဆောင်ခံရမှာ မဟုတ်ပါဘူး။ မင်းက ကိုယ့်နှလုံးသားထဲမှာ အဖိုးမဖြတ်နိုင်တဲ့သူပါ "

ရှချူးသည် ယဲ့ဖန်က သူမကို အခွင့်ကောင်းယူနေသည်ဟု သံသယဖြစ်မိသည်။

ယဲ့ဖန်က ထိုလူကို လှည့်ကြည့်လိုက်သည်။

" မင်း ဒီမှာ ဘာလာလုပ်နေသေးတာလဲ။ မကြားဘူးလား။ ငါ့ရည်းစားအပေါ်ထားတဲ့ ငါ့ခံစားချက်က ရွှေထက် ပိုခိုင်မာတယ်။ မင်းရဲ့ပိုက်ဆံလောက်နဲ့ ဘယ်လိုလုပ် စိတ်လှုပ်ရှားမှာလဲ "

ထိုလူသည် သူ့စကားကို ကြားသောအခါ ချက်ချင်း ရယ်မောလိုက်သည်။

" ဒီသခင်လေးက အချိန်မဖြုန်းချင်ဘူး။ မင်းအတွက် ဘာကောင်းလဲဆိုတာကို သိရင် ပိုက်ဆံကို ယူပြီး ထွက်သွားလိုက်။ ဒီလိုမှမဟုတ်ရင် နောင်တစ်ချိန်မှာ ဒီသခင်လေးက အင်အားသုံးပြီး မင်းရဲ့အသက်နဲ့ စည်းစိမ်ဥစ္စာတွေကို ဆုံးရှုံးစေလိမ့်မယ် "

လက်ပါးစေနှစ်ယောက်က အသံကျယ်ကျယ်ဖြင့် လိုက်ထောက်ခံသည်။

" ဟုတ်တယ်၊ မင်းအသက်နဲ့ ပိုက်ဆံတွေကို ငါတို့က ဆုံးရှုံးအောင်လုပ်ပစ်မယ် "

ထိုလူ၏ ခြိမ်းခြောက်မှုကို ယဲ့ဖန် ကြားသောအခါ ရယ်စရာကောင်းသည်ဟု ထင်မိသည်။

" မင်းရဲ့ အစွမ်းအစကို ငါ တကယ်ပဲ မြင်ချင်ပါသေးတယ် "

ယဲ့ဖန်၏ စကားဆွသံကို ကြားသောအခါ ထိုလူက ရှချူးကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" မင်္ဂလာပါ၊ အလှလေး။ ငါ့နာမည်က ဖန်းပေါင်းကွေ့ပါ။ ကျွန်တော့်အဖေက မန်းကျောင်း ကောင်တီမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခုရဲ့ သူဌေးပါ။ ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းအနာဂတ်မှာ ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မယ်လို့ ငါအာမခံတယ် "

ရှချူးက သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

" ခရိုင်ထဲက ကျောက်မီးသွေးတွင်းလား "

ဖန်းပေါင်းကွေ့က သူ့ကို မကြိုက်မှာ စိုးရိမ်ပြီး အမြန်ရှင်းပြသည်။

" ခရိုင်ထဲက ကျောက်မီးသွေးတွင်းဆိုပေမဲ့ ငါတို့မိသားစုရဲ့ ကျောက်မီးသွေးတွင်းက အရမ်းအကျိုးရှိတယ်။ အနည်းဆုံး တစ်ရက်ကို ....… သန်းရာနဲ့ချီ ရတယ်။ ငါတို့မိသားစုမှာ ယန်ကျင်း၊ တောင်ပိုင်းကျွန်းစုနဲ့ နိုင်ငံရပ်ခြားတွေမှာပါ အိမ်တွေရှိတယ် ...... "

ရှချူးက နှုတ်ခမ်းကို စေ့ထားသည်။

" ရှင့်အိမ်က ကျွန်မနဲ့ ဘာဆိုင်လို့လဲ "

ဖန်းပေါင်းကွေ့သည် ချက်ချင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" မင်းဟာ၊ ငါ့ဟာတွေက ဘာကို ဆိုလိုတာလဲ။ မင်း ငါ့နောက်ကို လိုက်ပြီး ငါတို့လက်ထပ်ပြီးရင် ဒါတွေအားလုံး မင်းပိုင်မှာမဟုတ်ဘူးလား "

အပိုင်း ( ၇၀၀ )

ဆရာကြီးကို ယုံစမ်းပါ

ရှချူးသည် ဖန်းပေါင်းကွေ့ ၏ အဆီတဝင်းဝင်းမျက်နှာကိုကြည့်ရင်း သူမနှလုံးသားထဲ၌ ဖော်မပြနိုင်အောင် ရွံရှာလာရသည်။

သို့သော် ထိုလူမှာ သူမလမ်းကို ပိတ်ထားကာ သူမကို သွားခွင့်မပြုသောကြောင့် ထိုလူကိုစနောက်ရန် အကြံတစ်ခုရလာသည်။

“ အမှန်လား အမှားလားဆိုတာ ဘယ်သူသိမှာလဲ “

ဖန်းပေါင်းကွေ့သည် သူမမေးခွန်းကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး နားရွက်ကုတ်လိုက် ပါးကုတ်လိုက် ဖြစ်နေတော့သည်။

ဘေးနှစ်ဖက်ရှိ ရှေးဟောင်းပစ္စည်းစင်များကို မြင်ပြီး ရုတ်တရက် အကြံတစ်ခုရလိုက်သည်။

“ မင်းငါ့ကိုမယုံရင် ဒီလမ်းပေါ်ကနေ မင်းကြိုက်တဲ့ရှေးဟောင်းပစ္စည်းတစ်ခုကိုရွေးလိုက်၊ ဘယ်လောက်တန်ဖြစ်ဖြစ် မင်းကြိုက်တယ်ဆို ငါဝယ်ပေးမယ် ”

ယဲ့ဖန်လည်းပဲ စိတ်ပူပန်သွားဟန်ဆောင်လိုက်သည်။

သူ ရှချူး၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။

“ ဘေဘီ၊ သူ့ဆီကနေ အလှည့်စားမခံရစေနဲ့။ ဘေဘီကြိုက်ရင် ကိုယ်ဝယ်ပေးမယ် ”

သူ့ဘက်က ထိုသို့ပြောလာသည့်အခါ ရှချူးမှာ ချက်ချင်းပင် ကြက်သီးတွေပါ ထလာရသည်။

ဖန်းပေါင်းကွေ့ ရန်စသည့်ဟန် လှောင်ရယ်လိုက်သည်။

“ ကောင်လေး၊ မင်းက ငါ့ထက်ပိုပြီး ပိုက်ဆံရှိမှာမလို့လား။ ဒါဆိုလည်း ကြိုးစားကြည့်ပေါ့ကွာ။ ဒီနေ့ မင်းကောင်မလေးကို ငါအပိုင်ယူပြမယ် ”

ယဲ့ဖန်လည်း ရှချူးနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။

နောက်တော့ တစ်ယောက်နှင့်တစ်ယောက် ချက်ချင်း နားလည်မှုရသွားပြီး စင်တစ်ခုအနားသို့ လျှောက်သွားလိုက်ကြကာ တစ်ခုခုကို ယူလိုက်ဟန်ဆောင်လိုက်ကြသည်။

“ သူဌေး၊ ဒီလက်ကောက်ကဘယ်လောက်လဲ ”

ရှချူး ကျောက်စိမ်းလက်ကောက်တစ်ခုကို ကောက်ယူလိုက်ကာ စျေးမေးကြည့်လိုက်သည်။

ယဲ့ဖန်လည်း ရည်ရွယ်ချက်ရှိရှိ ရှေ့တိုးသွားလိုက်သည်။

“ ဘေဘီ၊ ဘာမှစိတ်ပူမနေနဲ့။ ဘေဘီကြိုက်ရင် ဘယ်လောက်စျေးကြီးကြီး ကိုယ်ဝယ်ပေးမယ် ”

သူဌေးဖြစ်သူမှာ အစက ‘ယွမ် ငါးထောင်’ လို့ပြောမလို့ဖြစ်သည်။

သို့သော် ထိုစကားကိုကြားပြီးနောက် ‘ယွမ် ငါးသောင်း’ဟု ချက်ချင်းစကားပြောင်းလိုက်သည်။

ယဲ့ဖန် ချက်ချင်း လက်ယမ်းပြလိုက်သည်။

“ ဒါလေးကို ငါးသောင်း။ ရတယ် ကျွန်တော့်ကိုထုပ်ပေး ”

သူ‌ဌေးဖြစ်သူလည်းအလွန်ပျော်သွားရသည်။

သူ့ရဲ့စျေးဦးပေါက်ကို ဒီလိုဖြုန်းတီးသူမျိုးနှင့် တွေ့မည်ဟု မထင်ထားပေ။

ယဲ့ဖန် စကားပြန်ပြောင်းမှာစိုးတာကြောင့် လက်ကောက်ကို အမြန်ထုပ်ပိုးပေးလိုက်သည်။

ထိုအချိန်၌ ဖန်းပေါင်းကွေ့ ရုတ်တရက်အနားသို့ရောက်လာသည်။

“ သူဌေး၊ ဒီလက်ကောက်ကို ကျွန်တော် တစ်သိန်းပေးဝယ်မယ် ”

သူဌေးဖြစ်သူမှာ သူနားကြားမှားတာဟုပင် ထင်လိုက်မိသည်။

“ တစ်သိန်းလား။ မင်းငါ့ကိုလာနောက်နေတာလား ”

ထို့နောက် သူ၏ GUCCI အိတ်ထဲမှ အနီရောင်စက္ကူတစ်ထပ်ကိုထုတ်လိူက်သည်။

“ ငါ့ပုံက နောက်နေတာနဲ့တူနေလို့လား ”

သူဌေးဖြစ်သူလည်း ချက်ချင်းမျက်လုံးတွေလက်သွားသည်။

“ ကောင်းပြီ၊ ကောင်းပြီ။ ယွမ်တစ်သိန်း၊ ဒီလက်ကောက်က မင်းအပိုင်ပဲ ”

ယဲ့ဖန် ချက်ချင်း မပျော်မရွှင်ဖြစ်သွားရသည်။

“ သူဌေး၊ သူဌေးက စကားလည်းမတည်ဘူး။ အစောက ကျွန်တော်တို့ သဘောတူပြီးပြီလေ။ ဘာလို့ဒီလိုလုပ်ရတာလဲ ”

ထိုသူဌေးဖြစ်သူ ဘာမှမပြောနိုင်ခင်မှာပဲ ဖန်းပေါင်းကွေ့ ဘက်ကပြောလာသည်။

“ ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ။ စီးပွားရေးဆိုတာမျိုးက စျေးပိုပေးတဲ့သူကို ရောင်းမှာပဲလေ။ မင်းမှာပိုက်ဆံရှိရင် ကြေးထက်မြှင့်လိုက်၊ မရှိရင် ကိုယ့်ဘာသာကိုယ် အေးဆေးနေ ”

သူဌေးဖြစ်သူလည်း သူ့ကိုလက်မထောင်ပြလိုက်သည်။

“ ဒီလူကြီးမင်းက တကယ်စကားပြောကောင်းတာပဲ။ မင်းအခုထိ ပိုက်ဆံမချေရသေးဘူးလေ။ ဒီတော့ ဒီလက်ကောက်က အခုထိငါ့အပိုင်ပဲရှိသေးတယ်။ ငါရောင်းချင်တဲ့သူကိုရောင်းမှာပေါ့ ”

ယဲ့ဖန်လည်း ရှချူးအားကြည့်ကာ ဒီအမျိုးသမီး အဲ့လက်ကောက်နဲ့ထိုက်တန်ရဲ့လားဆိုပြီး စဉ်းစားနေဟန် ချက်ချင်း ရှုပ်ထွေးနေသည့်အမူအရာမျိုး သရုပ်ဆောင်လိုက်သည်။

ဖန်းပေါင်းကွေ့လည်း ချက်ချင်းဆိုသလို သူ့ကိုမကြည်ကြည့် ကြည့်လိုက်သည်။

“ အလှလေး၊ မင်းမြင်ရဲ့လား။ ဒီလူ့နှလုံးသားထဲမှာ မင်းက ယွမ်တစ်သိန်းတောင်မတန်ဘူး။ ဒီလိုလူမျိုးကို မင်းဘယ်နေရာကြည့်ကြိုက်တာလဲ ”

ယဲ့ဖန် အံတင်းတင်းကြိတ်ကာ စိတ်ပျက်လက်ပျက်အမူအရာကို ဆင်မြန်းလိုက်ရင်း “ကျွန်တော် တစ်သိန်းတစ်သောင်းပေးမယ်။ ဒီလက်ကောက်ကို ကျွန်တော်လိုချင်တယ်။”

ဖန်းပေါင်းကွေ့ သူ့စျေးကိုကြားတော့ အကျယ်ကြီးအော်ရယ်လိုက်မိသည်။

“တစ်သောင်းထဲလား။ မင်းမရှက်ဘူးလား။ ငါတစ်သိန်းခွဲပေးမယ်။”

“တစ်သိန်းခြောက်သောင်း”

“နှစ်သိန်း”

“နှစ်သိန်းတစ်သောင်း”

“သုံးသိန်း”

ဖန်းပေါင်းကွေ့ မှာ ချမ်းသာကာကြွားဝါတတ်တာကြောင့် ချက်ချင်းပင် စျေးနှုန်းကို သုံးသိန်းအထိမြှင့်တင်လိုက်သည်။

ယဲ့ဖန်လည်းဒေါသထွက်ချင်ယောင်ဆောင်လိုက်ကာ အမောတကောပြောလိုက်သည်။

“ခင်ဗျားဒါတော့ သိပ်များသွားပြီ”

ဖန်းပေါင်းကွေ့ ၏ နှုတ်ခမ်းထောင့်စွန်းတွေ ဖြည်းညှင်းစွာကွေးတက်သွားသည်။

“ ဘာလို့လဲ။ နာသွားလား။ မင်းမိသားစုနောက်ခံနဲ့ဆို မင်းကိုယ်မင်းဒီအလှလေးနဲ့ ထိုက်တန်တယ်ထင်နေတာလား။ မင်းက ငန်းသားစားချင်နေတဲ့ ဖားပြုပ်သာသာအဆင့်ပဲ ”

ယဲ့ဖန်၏မျက်နှာထက်၌ ခန့်မှန်းမရနိုင်သည့်အပြုံးတစ်ပွင့်ပေါ်လာသည်။

“ခင်ဗျားယုံမယုံတော့မသိဘူး၊ ကျွန်တော်တစ်လှမ်းမှမရွေ့ပဲနဲ့တောင် ဒီလက်ကောက်ကို ခင်ဗျားမဝယ်နိုင်ဘူး”

ဖန်းပေါင်းကွေ့ မှာ သူ့အားအရူးတစ်ယောက်လိုကြည့်လိုက်မိသည်။

“ဘာတွေလာပြောနေတာတုန်း။ မင်းတစ်လှမ်းမှမ‌ရွေ့ရင် ငါကမဝယ်နိုင်ဘူးပေါ့။ လာနောက်နေတာလား”

ယဲ့ဖန်ဟာတော့ သူနဲ့စကားပြောရင်း အချိန်ထပ်မဖြုန်းချင်တော့တာကြောင့် ချက်ချင်း ကျယ်လောင်စွာ အော်လိုက်သည်။

“ကျွန်တော့်အထင်တော့ ဒီလက်ကောက်က အနည်းဆုံး ယွမ်သန်းချီတန်တယ်။ ဟူး၊ ကျွန်တော့်ဆီမှာ ပိုက်ဆံသိပ်မပါလာတာဆိုးတာပဲ။ အဲ့တော့နောင်တရနေရုံပဲရှိတော့တယ်။

သူတို့နောက်မှလိုက်လာသည့်သူများမှာ ချက်ချင်းစုဝေးသွားကြပြီး သူဌေးဖြစ်သူကို စျေးမေးကြတော့သည်။

“သူဌေး၊ ဒီလက်ကောက်က ဘယ်လောက်တန်လဲ။”

သူဌေးဖြစ်သူမှာလည်း လူအများကြီးစုပြုံလာသောကြောင့် လန့်သွားကာ မလုံမလဲပြောလိုက်သည်။ “သ…သုံးသိန်း…”

သူ့စကားမဆုံးခင်မှာပဲ တစ်စုံတစ်ယောက်က ချက်ချင်းပြောလာ၏။

“ကျုပ် လေးသိန်းပေးမယ်။ အဲ့လက်ကောက်ကိုကျုပ်လိုချင်တယ်။”

“လာနောက်နေတာလား။ သခင်လေးယဲ့က ဖန်စီပစ္စည်းအနေနဲ့ယူထားတဲ့ လက်ကောက်ကိုများ မင်းကလေးသိန်းပဲ ပေးတယ်ပေါ့။ ကျုပ်ငါးသိန်းပေးမယ်။”

“ကျုပ်ခြောက်သိန်းပေးတယ်”

“ ခုနစ်သိန်း… ”

ထိုလူများမှာ ရူးနေကြသလိုပင် စျေးနှုန်းကို သန်းချီသည်အထိပေးလာကြသည်။

၎င်းမှာ သခင်လေးယဲ့၏ပါးစပ်မှ ‘သန်းချီတန်တယ်’ ဟုပြောထွက်ခဲ့သည့် ရတနာဖြစ်သည်။

ဒီလောက်က နည်းမနေဘူးလား။

ငါတို့ကတော့ သခင်လေးကိုယုံတယ်။

ထိုတစ်ခဏအတွင်းမှာပဲ စျေးနှုန်းမှာ နှစ်သန်းအထိ တိုးမြှင့်သွားလေသည်။

ယဲ့ဖန် ဖန်းပေါင်းကွေ့ အား ကျီစယ်သလိုပြုံးပြလိုက်သည်။

“ ဘာစောင့်နေတာလဲ။ လေလံမဆွဲတော့ဘူးလား ”

ဖန်းပေါင်းကွေ့ ထိုလူအားကြောင်ငေးနေမိသည်။

ဒီလူကအရူးတစ်ယောက်လို လေလံစျေးကို ဘာကြောင့် အကျယ်ကြီးအော်လိုက်မှန်း သူ နားမလည်နိုင်ချေ။

နဂိုက ယွမ်ငါးသောင်းတန်လက်ကောက်မှာ ချက်ချင်းဆိုသလို ယွမ်တစ်သန်းထိ စျေးမြင့်သွားသည်။

ယွမ်တစ်သန်းထက်ပင် ပိုသေးသည်။

ဖန်းပေါင်းကွေ့ နာကျင်သွားရသည်။

သို့သော် သူ့ဘက်ကကြေညာပြီးသားဖြစ်နေ၍ ဆက်မလိုက်ပါက မည်သို့ဖြစ်သွားနိုင်မည်နည်း။

All Chapters