← Chapters

အပိုင်း ၇၀၁-၇၀၄

Vol. 36 Ch. 701-704

အပိုင်း ၇၀၁-၇၀၄

Vol. 36 Ch. 701-704

အပိုင်း ( ၇၀၁ )

ဘယ်လိုလုပ်ရမလဲဆိုတာ လာသင်ပေးနေတာလား။

ရှချူးသည် ဖန်းပေါင်းကွေ့၏ တွန့်ဆုတ်နေပုံကို မြင်ပြီး ချက်ချင်း လှောင်ပြောင်လိုက်သည်။

" ရှင်ရဲ့ မိသားစုက ကျောက်မီးတွင်းကြီးပိုင်ပြီးတော့ နေ့တိုင်း သန်းရာနဲ့ချီ ရတာလို့ ပြောတယ် မဟုတ်ဘူးလား။ လက်ကောက်လေးတစ်ခုတောင် မဝယ်နိုင်ဘူးလား။ အဲ့တာတောင်မှ ကျိကျိတက်သူဌေးသားပုံစံ လာဟန်ဆောင်နေသေးတယ် "

သူမသည် ပြောနေရင်းဖြင့် ယဲ့ဖန်၏ လက်မောင်းကို တွဲလိုက်သည်။

" အချစ်ကလေး၊ သွားကြစို့ "

ဖန်းပေါင်းကွေ့သည် အမှန်ပင် ချဲ့ကားပြောဆိုခဲ့ခြင်းဖြစ်သည်။

သူ၏ အဖေသည် ကျောက်မီးသွေးတွင်း အသေးစားလေးတစ်ခုတွင် အသေးစား ရှယ်ယာဝင်ထားသူသာ ဖြစ်သည်။

သူ၏ ပိုင်ဆိုင်မှုများအားလုံးကို ပေါင်းလိုက်လျှင် အလွန်ဆုံးမှ သန်း၂၀သာ ရှိမည်ဖြစ်သည်။

ထို့ကြောင့် ၁သန်းကျော်ဆိုသည့် ပမာဏမှာ တကယ်ပင် သူ့အတွက် နည်းသည့်ပမာဏမဟုတ်ချေ။

သို့သော်ရှချူး၏ လှုံ့ဆော်မှုကြောင့် အကယ်၍ ဆက်မလိုက်ပါက သူ မျက်နှာပျက်ရမည်ဖြစ်သည်။

သူ အံကြိတ်လိုက်ပြီး ချက်ချင်း အော်လိုက်သည်။

" ၁.၅ သန်း "

လက်ရှိအချိန်တွင် ဈေးနှုန်းသည် ၁.၃သန်းဖြစ်သည်။

သို့သော် သူသည် ချက်ချင်းပင် ၂သိန်း တိုးပေးလိုက်သည်။

လူတိုင်းသည် သူ့ကို အံ့ဩစွာဖြင့် ကြည့်လိုက်ကြသည်။

ဖန်းပေါင်းကွေ့၏ လုပ်ရပ်သည် လူများစွာ၏ အကြည့်ကို ဖမ်းစားနိုင်လိုက်သောကြောင့် သူသည် သူ့ကိုယ်သူ ပို၍ ဂုဏ်ယူလာရသည်။

သူ နိုင်လိုက်ပြီဟု ထင်ချိန်မှာပဲ လူအုပ်ထဲမှ တစ်ယောက်ယောက်က ထပ်ပြောလာသည်။

" ၁.၆သန်း "

လူတိုင်းက လှည့်ကြည့်လိုက်တဲ့အခါ ပြောလိုက်သည့်လူမှာ ခပ်ဝဝလူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ကြသည်။

သူက ပါရမီရှင်ရွှေဉာဏ်တော် ပြည့်စုံသူ တစ်ယောက်ကဲ့သို့ ပြုံးပြီး မိုးလောက်မြင့်သည့် ၁.၆သန်းဟူသော ဈေးနှုန်းကို ရက်ရောစွာ ပေးလာသည်။

ထိုလူသည် ယဲ့ဖန်၏ စွမ်းအားကို ယခင်နေ့က မြင်ဖူးထားသောကြောင့် ယဲ့ဆရာသခင်လေး၏ အကဲခတ် ဆုံးဖြတ်မှုနှင့် ပတ်သက်ပြီး အတော် သဘောကျနှစ်သက်လေသည်။

ယဲ့ဖန်မှ ထိုလက်ကောက်သည် သန်းချီတန်သည်ဟု ပြောသည်ဖြစ်၍ သေချာပေါက် မှန်သောစကား ဖြစ်ရမည်။

ဖန်းပေါင်းကွေ့သည် ယခုအခါ အတော်ပင် တုန်လှုပ်နေပြီဖြစ်သည်။

သူသည် ထိုလက်ကောက်အစုတ်ကို အလွန်ဆုံးမှ ယွမ် ၂သိန်းမှ ၃သိန်းအထိသာ ဈေးရှိမည်ဟု ထင်ထားခဲ့သည်။

သို့သော် ထိုထင်မြင်ချက်မှာ သေချာပေါက် သူ ဉာဏ်တိမ်သွားခဲ့သည်ဆိုတာကို ပြသနေလေသည်။

လက်ကောက်အစုတ်တစ်ခုကို ယွမ်၁သန်း ပေးဝယ်ရန် မတန်ချေ။

ထို့အပြင် သူလည်း ထိုမျှလောက်မြင့်သော တန်ကြေးကို မပေးချေနိုင်ပေ။

သူ ၁.၅သန်းထိ ဈေးအော်လိုက်ခြင်းသည်ပင် ပိုက်ဆံရရန် သူ့ကားကို ရောင်းဖို့ စီစဉ်ထားသောကြောင့် ဖြစ်သည်။

သူ ဈေးဆက်လိုက်ပါက ကားရောင်းလိုက်လျှင်ပင် မလုံလောက်တော့မည်ကို အတော်လေး စိုးရိမ်ရသည်။

သူ တွန့်ဆုတ်နေချိန်တွင် ယဲ့ဖန်က ရုတ်တရက် ထပြောလာသည်။

" ဘေဘီ၊ မြင်လား။ အခု လူ့ဘောင်မှာ ဒီလိုပေါ်ပင်လူတွေ အရမ်းများလွန်းတယ်။ ချမ်းသာချင်ယောင်ဆောင်ပြီး ကောင်မလေး ငယ်ငယ်လေးတွေကို လှည့်ဖျားချင်နေကြတာ။ တကယ်ကျ သူတို့က အရမ်းဆင်းရဲတာလေ။ ဒီလိုလူကြောင့် နောက်ဆို အရူးလုပ်မခံရစေနဲ့နော် "

ရှချူးကလည်း တည်ကြည်လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။

" နားလည်ပါပြီ။ အချစ်ကိုပဲ သစ္စာရှိပြီး ဒီလိုတခြားသူတွေ ပေါက်ကရပြောတာကို ဘယ်တော့မှ မယုံတော့ဘူး "

သူတို့၏ စကားလုံး တစ်လုံးချင်းစီတိုင်းသည် ဖန်းပေါင်းကွေ့ကို အပ်ဖြင့် ထိုးနေသလို ဖြစ်စေသည်။

ထို့ကြောင့် သူ ချက်ချင်း နွားသိုးကြိုးပြတ် ပြန်အော်လိုက်သည်။

" ၂သန်းပေးမယ်။ လာစမ်းပါ၊ မင်းမှာ သတ္တိရှိရင် ဈေးဆက်မြှင့်လိုက်စမ်း "

သူသည် စိတ်လွတ်နေသော လူတစ်ယောက်ကဲ့သို့ မျက်လုံးများသည်ပင် နီရဲနေပြီး အော်ဟစ်နေသောကြောင့် အနားရှိလူများပင် ကြောက်လန့်၍ နောက်သို့ ဆုတ်သွားကြရ၏။

သူ၏ လက်ပါးစေတစ်ယောက်က အနောက်မှ တိုးလာပြီး သူ့ကို လျင်မြန်စွာ ထိန်းလိုက်သည်။

" သခင်လေး၊ အလောတကြီး မလုပ်ပါနဲ့။ ဘယ်ကနေ ပိုက်ဆံတွေ ဒီလောက်အများကြီး ရှိလာလို့လဲ............ "

သူ၏ စကားမဆုံးခင်မှာပင် ဖန်းပေါင်းကွေ့က သူ့ကို ပါးကို ဖြတ်ချလိုက်သည်။

" ငါ့မှာ ပိုက်ဆံမရှိဘူးလို့ ဘယ်သူပြောတာလဲ။ ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်ကွ "

ထိုသို့ပြောပြီးနောက် အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်ပြီး ဆိုင်ခန်းကောင်တာပေါ် ဖြန်းခနဲတင်ချလိုက်သည်။

ထို့နောက် လူအုပ်ကြီးကို ထပ်အော်ပြောပြန်သည်။

" ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်။ မင်းတို့ သတ္တိရှိရင် ကြေးဆက်လိုက်ကြ "

သူ့အနောက်မှ လက်ပါးစေက အတော်ကို တုန်လှုပ်နေသည်။

" သခင်လေး၊ သခင်လေးရဲ့အဖေက ဒီပိုက်ဆံတွေကို အချိန်တစ်ခုလောက်အထိ သေချာသိမ်းထားပါလို့ ပြောထားပါတယ်။ သူက သခင်လေးကို ယန်းချန်အိမ်ခြံမြေကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံစေချင်နေတာပါ။ သခင်လေး ဒီလိုလုပ်လိုက်လို့ မဖြစ်ပါဘူး ...... "

ဖန်းပေါင်းကွေ့သည် ဒေါသငယ်ထိပ်ရောက်လာပြီး သူ့နှာခေါင်းထိပ်ကို လက်ညှိုးထိုးချပစ်လိုက်သည်။

" မင်းက ငါ့ကို ဘယ်လိုလုပ်ရမလဲဆိုပြီးဆရာပြန်လုပ်နေတာလား။ နောက်ထပ် အဓိပ္ပာယ်မရှိတာ ဆက်ပြောမယ်ဆို အထုပ်ပြင်ပြီး လစ်လိုက်တော့ "

ဒီပိုက်ဆံတွေသည် သူ့မိသားစုအတွက် တကယ်ပင် အလွန်အရေးကြီးတာဖြစ်သည်။

ကျောက်မီးသွေးတွင်းလေး၏ မတည်ငြိမ်သော စီးပွားရေးအခြေအနေကြောင့် သူ့အဖေမှ ပိုက်ဆံများကို ပြန်ထုတ်ယူကာ အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားခြင်းဖြစ်သည်။

သူသည် ယန်းချန်မြို့ရှိ အိမ်ခြံမြေကုမ္ပဏီတစ်ခုနှင့်ပင် ညှိနှိုင်းဆွေးနွေးပြီးစီးသွားပြီ ဖြစ်သည်။

ဒီဘဏ်ကတ်ထဲရှိ ၅သန်းသည် ထိုအိမ်ခြံမြေကုမ္ပဏီတွင် ပထမအသုတ် မတည်ငွေ ထည့်သွင်းမြှပ်နှံခြင်းဖြစ်သည်။

ထို့ကြောင့် အမှန်ပင် လက်လွယ်စပယ် သုံး၍မရသော ပိုက်ဆံဖြစ်လေသည်။

သို့သော် သူ၏ တွက်ချက်မှုများက အတွေးမှန်သွားစေခဲ့သည်။

လူများစွာမှ တိုက်ခိုက်ပြီးပင် ဒီလက်ကောက်ကို ဝယ်ယူနေကြသည်ဖြစ်၍ အလွန်တန်ဖိုးကြီးသည့် လက်ကောက်ဖြစ်သည်ဆိုတာကိုမြင်နိုင်လေသည်။

သူသည် ထိုလက်ကောက်ကို ခဏတာ အသုံးပြုနိုင်လေသည်။

ဝယ်ယူပြီးသည်နှင့် ထိုလက်ကောက်ကို အသုံးပြုကာ အလှလေး၏ စိတ်ဝင်စားမှုကို ရယူနိုင်ပြီး နောက်မှ ပြန်ရောင်းချနိုင်သည်။

ထိုအခါ ငွေရှုံးလျှင်တောင်မှ ပမာဏ အရမ်းမများနိုင်ပေ။

ထိုမျှ အသေးစားဆုံးရှုံးမှုလောက်က သူ တတ်နိုင်သေးသည်။

သက်လတ်ပိုင်းယောက်ျားကြီးသည် ဖန်းပေါင်းကွေ့မှ အတော်ချမ်းသာပြီး ကြီးကျယ်နေသည်ကို တွေ့ကာ နောက်ဆုတ်လိုက်တော့သည်။

ထိုအချိန်တွင် ယဲ့ဖန်မှ ဆက်ပြောသည်။

" အိုက်ယား၊ ဒီလက်ကောက်ကို အနည်းဆုံး ၃သန်းလောက်နဲ့ ရောင်းနိုင်မယ်ထင်တယ်။ ပိုက်ဆံသာဆိုရှိရင် အခုချက်ချင်း သေချာပေါက်ဝယ်ပစ်မှာပဲ "

သူ၏ စကားလုံးများက ထိုသက်လတ်ပိုင်းယောက်ျားကို ကြက်သွေးထိုးပေးလိုက်သလို ဖြစ်သွားစေသည်။

ဒီလက်ကောက်က ၃သန်းလောက် တန်တယ်ဆိုမှတော့ ဘာတွန့်ဆုတ်နေစရာ ရှိတော့မှာလဲ။

" ၂.၂သန်း "

ဒီတစ်ကြိမ်တွင် ထိုယောက်ျားကြီးသာမက အစတွင် နောက်ဆုတ်သွားခဲ့ကြသူများကလည်း အပြိုင်အဆိုင် ပြန်လည်လေလံဆွဲကြတော့သည်။

" ငါ ၂.၃သန်းပေးမယ် "

" ငါက ၂.၄သန်း "

" ၂.၅သန်း "

ဈေးနှုန်းသည် ချက်ချင်းပင် ၃သန်းရောက်သွားခဲ့သည်။

ထိုလက်ကောင်ဆိုင်ပိုင်ရှင်သည် ဖြစ်ပျက်နေသည့် မြင်ကွင်းကြောင့် အတော်လေး တုန်လှုပ်နေသည်။

ယဲ့ဖန်မှလွဲ၍ သူသာ လက်ကောက်၏ ဈေးနှုန်းအမှန်ကို သေချာသိသူဖြစ်သည်။

တကယ်တွင် ထိုလက်ကောက်သည် သာမန်လက်ရာမျှသာ ဖြစ်သည်။

ယွမ်၁၀၀၀လောက်သာ ရောင်းရမည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုအခါ ယွမ်၃သန်းထိ ဈေးခေါ်ခံရသည်။

ဤအဖြစ်အပျက်မှာ တကယ်ကို ရူးသွပ်လွန်းလေသည်။

ထိုအချိန်တွင် လူတိုင်းက တိတ်ဆိတ်သွားကြတော့သည်။

ယဲ့ဖန်သည် လက်ကောက်မှာ ၃သန်းကျော် တန်ကြေးရှိသည်ဟု ပြောခဲ့သော်လည်း ပြန်ရောင်းလျှင် ကြေးတင်နိုင်သည့် အနေအထားရှိသင့်သည်၊

ထို့အပြင် လက်ကောက်ကို ပြန်ရောင်းနိုင်၊ မရောင်းနိုင်ဟူသည့် ကံအနေအထားလည်း ရှိသေးသည်။

အမြတ်နည်းနည်းလေးအတွက် ထိုမျှထိ အရင်းထုတ်စွန့်စားရန် မတန်ပေ။

သက်လတ်ပိုင်းအမျိုးသားက ဖန်းပေါင်းကွေ့ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

" ဒီမှာ ကောင်လေး၊ ဆက်လိုက်ရဲရင် လိုက်ပေါ့။ မလိုက်ရဲရင်တော့ ဒီလက်ကောက်က ငါ့အပိုင်ပဲ "

ဖန်းပေါင်းကွေ့သည်လည်း တခဏ ငြိမ်သွားခဲ့သည်။

သူသည် အကောင်းအဆိုးများကို ချိန်ဆရင်း မျက်လုံးများက လှုပ်ခတ်နေသည်။

" ဟက်၊ တောက ငမွဲကများ ယန်းချန်မှာ လာကြီးကျယ်ပြနေသေးတယ်။ နောက်ဆို ကိုယ့်အခြေအနေကို သိအောင် အရင်လုပ်လိုက်ဦး "

သက်လတ်ပိုင်းလူ၏ မျက်နှာက အထင်သေးမှုများစွာဖြင့် ဖန်းပေါင်းကွေ့ကို ကြည့်လျက်ပြောလေသည်။

ထို့နောက် ဆိုင်ရှင်ဘက်ကိုလှည့်၍ ပြော၏။

" ဒီလက်ကောက်ကို ထုတ်ပေး "

ဖန်းပေါင်းကွေ့သည် ထိုလူ၏ စကားများကြောင့် အတော်လေး အထိနာသွားသည်။

သူသည် တကယ်ပင် ခရိုင်အသေးစားလေးတစ်ခုမှဖြစ်သောကြောင့် သိမ်ငယ်မှုကို အနည်းငယ် ခံစားလိုက်ရသည်။

ထိုအချိန်တွင် သူ၏ မခံချင်စိတ်က အတော်လေး အထိနာသွားရပြီး ချက်ချင်းပင် ဆုံးဖြတ်နိုင်စွမ်းတွေ ကုန်ဆုံးသွားတော့သည်။

" ငါ ၄သန်းပေးမယ်။ လာစမ်းပါ၊ ယောက်ျားဆိုရင် ငကြောက်လုပ်မနေဘဲ ဆက်လိုက်ကြ "

သူ၏မျက်လုံးများမှာ သွေးပွက်ပွက်ဆူနေပြီး ကြည့်ရသည်မှာ အတော်ပင် ကြောက်စရာကောင်းနေသည်။

သက်လတ်ပိုင်းလူကြီးလည်း အတော်လေး လန့်သွားပြီး အနောက်ကိုပင် ဆုတ်လိုက်မိသည်။

" မင်း .... ဘယ်လိုအရူးလဲ .... "

သူသည် ချက်ချင်းပင် တန်းပြီး ၁သန်း ဈေးနှုန်းတိုးလိုက်သည်။

ထိုအရာသည် တော်ရုံရူးသွပ်ရုံဖြင့် မရနိုင်ချေ။

ဘေးမှလူတိုင်းကလည်း အတော်အံ့အားသင့်နေကြသည်။

" လာစမ်းပါ၊ မင်းတို့ မြို့ကြီးပြကြီးကလူတွေက အားလုံးရဲ့အထက်မှာ ရှိတယ်လို့ ထင်နေကြတာလား။ သတ္တိရှိရင် ဆက်လိုက်ပေါ့။ မင်းတို့ ဘယ်လောက်အင်အားရှိလဲဆိုတာ ကြည့်ကြရအောင် "

ဖန်းပေါင်းကွေ့သည် စိတ်လွတ်နေသည့် သားရဲတစ်ကောင်လို လူတိုင်းကို အော်ဟစ်နေသည်။

လူတိုင်းက အနောက်ကို ဆုတ်လိုက်ကြပြီး ထိုအရူးနား မကပ်ချင်ကြပေ။

ဖန်းပေါင်းကွေ့က ထိုလူများ ဆုတ်သွားကြသည်ကို အလွန်ကျေနပ်နေပြီးရှချူးကို လှမ်းကြည့်လိုက်သည်။

သူ့မျက်လုံးများက "ဘယ်လိုလဲ၊ မြင်လိုက်ရဲ့လား။ ဒီသခင်လေးက အရမ်းမိုက်တယ် မဟုတ်လား"ဟု ပြောနေသယောင်ရှိနေသည်။

အပိုင်း ( ၇၀၂ )

စည်းမျဉ်းစည်းကမ်း မသိသူ

တကယ်တွင် ယဲ့ဖန်သည် ဉာဏ်သုံးပြီး ထက်မြတ်စွာဖြင့် လေလံဆွဲခြင်းတွင် သူကိုယ်တိုင် မပါဝင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့မှ မဟုတ်ပါက ဖန်းပေါင်းကွေ့သည် သူ့အား ယဲ့ဖန်တို့မှ ဆိုင်ရှင်နှင့် ပေါင်းကြံကာ ထောင်ချောက်ထဲ အတင်းတွန်းထည့်ပို့သည်ဟု စွပ်စွဲခံရနိုင်သည်။

သို့သော် လေလံဆွဲရာတွင် ပါဝင်ခဲ့သူများသည် အခြားသူများ ဖြစ်ပါက ထိုကဲ့သို့ သံသယရှိမည် မဟုတ်ချေ။

ထိုလက်ကောက်သည် အလွန်ပင် ရေပန်းစားပြီး သန်းချီတန်သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။

ဆိုင်ပိုင်ရှင်သည် ဖန်းပေါင်းကွေ့မှ သူ့စကားမတည်မှာကို စိုးရိမ်သည့်အတွက် သူ့လက်မောင်းကို အမြန်ဆွဲပြီး ပိုက်ဆံပေးဖို့ တိုက်တွန်းလိုက်တော့သည်။

ဖန်းပေါင်းကွေ့ အနည်းငယ် နာကျင်ခံစားလိုက်ရသော်လည်း လူတိုင်း၏ရှေ့တွင် ငြင်းလိုက်ပါက မျက်နှာပျက်ရမည်ကို ရှက်ရွံ့လေသည်။

ထို့အပြင် လက်ကောက်၏ တကယ်တန်ဖိုးသည် ၃သန်းထက် ပိုနေသည်ဆိုပါက သူသည် နောက်ထပ် ငွေသိန်းဂဏန်းသာ ပေးရမည် ဖြစ်သည်။

ဤအလှလေး၏ နှလုံးသားကို သိမ်းပိုက်နိုင်ပါက ဤကုန်ဆုံးမှုသည် အလွန်တွက်ချေကိုက်ဆဲဖြစ်သည်။

သူမနှင့် ကစားရတာ ငြီးငွေ့လာသည့်အခါ သူမကို ကန်ကျောက်ပြီး လက်ကောက်ကို ပြန်ယူနိုင်လျှင် ဆုံးရှုံးမှုဟု လုံးဝ ပြောမရတော့ပေ။

အဲ့တာကို တွေးပြီး ချက်ချင်း ပိုက်ဆံပေးလိုက်သည်။

ငွေလက်ခံပြီးနောက် သူဌေးက ဝမ်းသာလွန်းပြီး ပါးစပ်ပင် နားရွက်တက်ချိတ်မတတ်ဖြစ်နေသည်။

သူသည် လက်ကောက်ကို ဖန်းပေါင်းကွေ့၏ လက်ထဲသို့ အမြန်ထည့်လိုက်သည်။

" ပိုက်ဆံနဲ့ ပစ္စည်းက ချေပြီးသွားပြီ။ ပြန်အမ်းငွေမရှိဘူး " ဟု သတိပေးရန်လည်း မမေ့ပေ။

ဖန်းပေါင်းကွေ့သည် လက်ကောက်ကိုယူပြီးနောက်တွင်ရှချူးထံ ချက်ချင်း ပြေးသွားခဲ့သည်။

" အလှလေး၊ ငါ မင်းအတွက် လက်ကောက်ဝယ်ပြီးပြီ။ ဘယ်လိုလဲ။ ငါက ငါ့စကားတည်တဲ့လူ ဟုတ်တယ်မလား။ စကားကောင်းလေးတွေပဲ ပြောတတ်ကြတဲ့ ဆင်းရဲသားတချို့နဲ့ မတူဘူး။ သူတို့က ပိုက်ဆံသုံးရမယ်ဆို ငကြောက်ဖြစ်သွားရော "

တစ်ချိန်တည်းမှာပင် သူသည် နာမည်ကောင်းယူနေရင်းဖြင့် ယဲ့ဖန်ကို လှောင်ပြောင်ရန်လည်း မမေ့ခဲ့ပေ။

ရှချူးက သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်။

" ရှင် ဒီလက်ကောက်အတွက်နဲ့ တကယ်ကြီး ၄သန်း သုံးခဲ့တာလား "

ဖန်းပေါင်းကွေ့က သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်သည်။

" ယွမ် ၄ သန်းပဲရှိတာပါ။ ငါ့လို မိသားစုအတွက် ဒါက မုန့်ဖိုးလောက်ပဲရှိတယ်။ ဒါဆို အခု မင်းငါ့ရည်းစား ဖြစ်လို့ရပြီလား "

ရှချူးက စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်နေသည်။

" ကျွန်မက ရှင့်ရည်းစား ဖြစ်ချင်တယ်လို့ ဘယ်တုန်းက ပြောလို့လဲ "

ဖန်းပေါင်းကွေ့ အံ့အားသင့်သွားသည်။

" ဒီလက်ကောက်ကို မကြိုက်ဘူးလား။ မင်းအတွက် ငါဝယ်ပေးပြီးပြီ။ မင်း စကားပြန်ပြောင်းမလို့လား "

ရှချူးက သူပြောနေတာကို ရယ်စရာကောင်းသည်ဟု ထင်မိသည်။

" ပထမဆုံးအနေနဲ့ ရှင်က ကျွန်မကို လက်ဆောင်ရွေးခိုင်းတာလေ။ ကျွန်မက ဝယ်ခိုင်းတာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မကို ရည်းစားဖြစ်စေချင်တယ်လို့လည်း မပြောခဲ့ပါဘူး။ ပြီးတော့ ဒုတိယအနေနဲ့ အခု ဒီလက်ကောက်က အရမ်းရုပ်ဆိုးတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ လုံးဝမကြိုက်ဘူး "

ယဲ့ဖန်က ကျယ်လောင်စွာ ရယ်မိမတက်ဖြစ်သွားသည်။

ရှချူး၏ နောက်ပြောင်မှု နည်းလမ်းများသည် သူ့ထက် နိမ့်ကျခြင်းမရှိပေ။

ဖန်းပေါင်းကွေ့လည်း အံ့သြသွားသည်။

သူသည် ဒီလက်ကောက်ကို ဝယ်ထားပေးပါက သူ့ရည်းစားဖြစ်ပေးပါ့မယ်ဟု သူမက တကယ်ပင် ကတိမပေးခဲ့ချေ။

အဲ့တာတွေက သူ့ကိုယ်ပိုင် ယူဆချက်တွေချည်းသာ ဖြစ်သည်။

သူ့စိတ်ထဲတွင် သူမသည် ဤမျှတန်ဖိုးကြီးသော လက်ဆောင်ကို လက်ခံပြီးပါက သူ မည်မျှချမ်းသာသည်ကို မြင်လိုက်ရသောကြောင့် သူမသည် သူ့ချစ်သူ ဖြစ်လာပေလိမ့်မည်ဟု တွေးခဲ့သည်။

ဒီမိန်းမက စည်းကမ်းအတိုင်း မကစားဘူးလို့ ဘယ်သူထင်မှာလဲ။

သူမသည် သူ့ရည်းစားဖြစ်ရန် ငြင်းဆိုရုံသာမက သူ့လက်ဆောင်ကိုလည်း မလိုချင်ခဲ့ပေ။

ဒါက ၄သန်းတန်တဲ့ လက်ဆောင်ဖြစ်တာတောင် သူမက တကယ်ပဲ ငြင်းနေတာလား။

" အလှလေး၊ ပြန်တွေးကြည့်ပါဦး။ ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်း အနာဂတ်မှာ ပိုပြီး ကောင်းကောင်းနေနိုင်မယ်။ ဒီဆင်းရဲသားဘဝနောက်ကို လိုက်နေတာထက် ပိုကောင်းတယ် မဟုတ်လား "

သူသည် အရှုံးမပေးချင်သေးဘဲ သူမကို ဆက်လက် တွယ်ကပ်နေသေးသည်။

ရှချူးသည် ယဲ့ဖန်၏ လက်ကို ချိုသာသော အမူအရာဖြင့် ဆွဲကိုင်ထားသည်။

" ကျွန်မက သူနဲ့အတူ ခါးသီးမှု အရသာတွေကို ခံစားရမယ်ဆိုရင်တောင် ဒီလိုလုပ်ရတာ ပျော်တယ် "

ထိုချစ်ခင်ကြင်နာမှုပြမှုသည် လူတိုင်းကို သတိလက်လွတ်ဖြစ်စေပြီး မနာလိုဖြစ်စေခဲ့ကြသည်။

ရှချူးသည် နေကာမျက်မှန် တပ်ထားသောကြောင့် သူမ၏ ရုပ်သွင်ပြင်အစစ်ကို မမြင်နိုင်သော်လည်း သူမ၏ အပြောအဆိုနှင့် အမူအရာကပင် လှပကျော့ရှင်းနေသည်။

ထိုကဲ့သို့ မိန်းမလှလေးအား ဇနီးသည်အဖြစ် ပိုင်ဆိုင်ရန်မှာ ယောက်ျားတိုင်း၏ အိမ်မက်ဖြစ်သည်။

ဖန်းပေါင်းကွေ့သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

" ခွေးမ၊ မင်းက ငါနဲ့ကစားနေတာလား။ မင်းကြိုက်တယ်ပြောလို့ ငါ ဝယ်ခဲ့တာ။ အခု မင်းက စကားကို ပြန်ပြောင်းချင်နေတာလား။ မရဘူး "

ထို့နောက်ရှချူး၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

ရှချူးသည် ထိုလူက ဒီလောက်ထိ မြန်ဆန်စွာ ရန်လိုလာလိမ့်မည်ဟု မမျှော်လင့်ထားချေ။

သူမသည် ယဲ့ဖန်၏ အနောက်တွင် လျင်မြန်စွာ ပုန်းနေလိုက်သည်။

ယဲ့ဖန်၏ အမူအရာမှာ နက်မှောင်သွားပြီး ဖန်းပေါင်းကွေ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

" ဘာလဲ၊ နေ့ခင်းကြီးမှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြံစည်နေတာလား "

ဖန်းပေါင်းကွေ့သည် ဒေါသထွက်နေသော ခြင်္သေ့နှင့်တူနေသည်။

" ဟိတ်ကောင်၊ ဒါက ငါနဲ့ သူမကြားက ကိစ္စပဲ။ မသေချင်ရင် ဖယ်နေလိုက် "

ထိုစကားကို ပြောပြီးနောက် သူသည် ယဲ့ဖန်ကို တွန်းထုတ်လိုက်ပြီးရှချူးကို ဆက်လက် ရန်ရှာခဲ့သည်။

ယဲ့ဖန်သည် သူ့ကို ပုခုံးမှ ဆွဲပြီး အားနဲ့ တွန်းထုတ်လိုက်သည်။

ဖန်းပေါင်းကွေ့သည် ရထားတိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

နောက်ပြန်ပျံတက်သွားပြီး မြေပြင်ပေါ် လဲကျသွားသည်။

" ငါ့လက်ကောက် ...... "

သူသည် နာကျင်စွာ အော်ရန်ပင် အချိန်မရှိဘဲ လက်ကောက်ကို အမြန်ရှာရန် သွားခဲ့ရသည်။

ဒီလက်ကောက်ကို ဝယ်ရန် 'ကုမ္ပဏီဘဏ္ဍာငွေ'ကို သုံးထားရတာဖြစ်သည်။

ထို့ကြောင့် သူ အဆုံးရှုံးမခံနိုင်ချေ။

ကံကောင်းထောက်မစွာဖြင့် လက်ကောက်က သူ့အဝတ်ပေါ် ပြုတ်ကျပြီး မကျိုးပဲ့သွားပေ။

သူ သက်ပြင်းတစ်ချက်ချလိုက်သည်။

" ခွေးသားလေး၊ ငါမင်းကိုသတ်မယ် "

သူသည် မြေပြင်မှထကာ သူ့နောက်လိုက်နှစ်ယောက်ကို ချက်ချင်း လက်ဝှေ့ယမ်းပြပြီး သူတို့အနောက်တွင် ပုန်းနေလိုက်သည်။

လက်ပါးစေနောက်လိုက်နှစ်ယောက်က ယဲ့ဖန်ဆီကို ချက်ချင်း ပြေးသွားကြသော်လည်း ယဲ့ဖန်၏ အေးစက်သည့်အကြည့်တွေကို တွေ့လိုက်ရသောအခါ သူတို့စိတ်ထဲတွင် အအေးလိုင်းတစ်ခု ဖြတ်သွားသလို ကျောချမ်းသွားပြီး ပြေးနေသည်ကို ရပ်လိုက်ကြသည်။

ဖန်းပေါင်းကွေ့သည် သူတို့နှစ်ဦး သူရဲဘောကြောင်နေသည့်ပုံစံကို မြင်သောအခါ ဒေါသထွက်သွားသည်။

" သွားလေ၊ မင်းတို့နှစ်ယောက် ဘာမှ အချိုးမပြေဘူး။ မင်းကို ကျွေးမွေးဖို့ ငါ ပိုက်ဆံအများကြီးကုန်ထားရတာ။ မင်းတို့အားတွေ ခွေးကျွေးလိုက်တာလား "

လက်ပါးစေနှစ်ယောက်က ဆူပူကြိမ်းမောင်းခံနေရသော်လည်း ရှေ့ကို တက်ဖို့ သတ္တိမရှိကြချေ။

တစ်ဖက်မှကောင်လေး၏ အကြည့်တွေက ကြောက်စရာကောင်းလွန်းလှသည်။

သူ့အကြည့်တွေဖြင့် လူသတ်နိုင်သလို ဖြစ်နေသည်။

သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆံပင်တွေပါ ထောင်ကုန်နိုင်သည်။

ဖန်းပေါင်းကွေ့သည် အားကိုးရာမဲ့ဖြစ်နေပြီး ယဲ့ဖန်ကို ခြိမ်းခြောက်လိုက်တော့သည်။

" ခွေးသား၊ မင်းမှာ သတ္တိရှိရင် မထွက်သွားနဲ့။ ငါမင်းကို ပြန်လာရှင်းမယ် "

ထို့နောက် ဆိုင်ရှင်ဘက်သို့ ချက်ချင်းလှည့်လိုက်သည်။

" ဒီလက်ကောက်ကို မလိုချင်တော့ဘူး။ ပိုက်ဆံတွေ ပြန်ပေး "

ဆိုင်ရှင်သည် ထိုစကားကို ကြားပြီး ဟက်ခနဲအသံပြုလှောင်လိုက်သည်။

" စည်းမျဥ်းစည်းကမ်းကို သိလား။ ပစ္စည်းကို အခုပဲ ငွေချေပြီးတာလေ။ ပြန်အမ်းငွေ မပေးဘူး "

ဖန်းပေါင်းကွေ့ ဒေါသအရမ်းထွက်ပြီး သွေးအန်မိမတတ် ဖြစ်သွားရသည်။

" ဘာလို့ ပြန်အမ်းငွေ မပေးရတာလဲ။ မင်းရဲ့ဆိုင်ကို ဖျက်ဆီးပစ်နိုင်တယ်ဆို ယုံလား "

ဆိုင်ရှင်က မကြောက်ချေ။

" မင်းမှာ သတ္တိရှိရင် ဖျက်ဆီးပစ်လိုက်။ ဘယ်သူမှားတယ် ဆိုတာကို လူတိုင်းက စီရင်ဆုံးဖြတ်ကြတာပေါ့ "

ပတ်ဝန်းကျင်မှ လူတွေက ဖန်းပေါင်းကွေ့ကို ဝေဖန်ကြသည်။

" ဆိုင်ရှင်ရဲ့ လုပ်ရပ်က ဘာမှ မမှားဘူး။ ငါတို့ရဲ့ ရှေးဟောင်းပစ္စည်းလောကမှာ စည်းမျဉ်းစည်းကမ်းက ငွေပေးချေပြီးရင် ပစ္စည်းပြန်အပ်လို့ မရဘူး။ ပြန်အမ်းငွေလည်း မတောင်းရဘူး "

" မှန်တယ်။ ဒီလက်ကောက်က ပေးဝယ်ရတဲ့ ပိုက်ဆံနဲ့ တန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ ပြန်ပေးလို့မရဘူး "

" စည်းကမ်းရှိတယ်။ မင်း ဒီကို ရောက်လာကတည်းက စည်းကမ်းတွေကို လိုက်နာရမယ် "

" စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ရဲတဲ့ သတ္တိရှိရင်တော့ ငါတို့က သဘောကောင်းနေမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား "

" ဟုတ်တယ်၊ ငါတို့ သဘောမတူဘူး "

" ဟုတ်တယ် "

ဖန်းပေါင်းကွေ့သည် လူတိုင်း၏ အမူအရာကြောင့် ထိတ်လန့်သွားသည်။

ပြန်အမ်းငွေကို ဆက်တောင်းနေပါက အများပြည်သူ၏ ဒေါသကို နှိုးဆွမိမည်ကို စိုးရိမ်နေသည်။

တခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် အပေးအယူလုပ်ခဲ့သည်။

" သူဌေး၊ ဒီလိုဆိုရင်ရော ဘယ်လိုထင်လဲ။ ငါ ပြန်အမ်းငွေ အပြည့်မတောင်းဘူး။ ဒီအတိုင်း .... ၃.၈ သန်းပဲပေး။ ၂သိန်းက ငါ့သင်တန်းကြေးအဖြစ် ယူလိုက် "

ထိုကမ်းလှမ်းချက်က အလွန်ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားရသည်။

သူဌေးသည် ဘာမှ အားမထုတ်လိုက်ရဘဲ ယွမ် ၂သိန်း ရရှိခဲ့သည့်အတွက် သဘောတူသင့်လေသည်။

သို့သော် ဆိုင်ပိုင်ရှင်မှ မဆိုင်းမတွ ခေါင်းခါလိုက်သည်။

" မရဘူး "

ဖန်းပေါင်းကွေ့ အံကြိတ်ပြီး ဆက်အလျှော့ပေးလေသည်။

" ၃.၇ သန်း "

" မရဘူး "

" ၃.၆ သန်း "

" မရဘူး "

ဖန်းပေါင်းကွေ့သည် စိတ်မရှည်တော့ဘဲ ပိုင်ရှင်ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။

" ဒါဆို စျေးတစ်ခုပြော။ မင်းငါ့ကိုဘယ်လောက် ပြန်အမ်းနိုင်မလဲ "

အပိုင်း ( ၇၀၃ )

တကယ်တောင်းပန်ပါတယ်။

အခုက မျက်ကန်းဖြစ်သွားလို့ပါ။

ဆိုင်ပိုင်ရှင်က အေးစက်စွာ ရယ်လိုက်သည်။

" အိပ်မက်မက်နေတာ ရပ်လိုက်တော့။ ငါမင်းကို တစ်ပြားတစ်ကျပ်မှ ပြန်ပေးမှာ မဟုတ်ဘူး "

ဘယ်လိုဟာသလဲ။

ဒီလက်ကောက်က ယွမ် ၁၀၀၀ တောင် တန်တာ မဟုတ်ဘူး။

ပြောရရင် သူ လေထဲကနေ ယွမ် ၄သန်းလောက် ရခဲ့တာလို့ ပြောရမယ်။

ဗိုက်ထဲဝင်ပြီးသားကို ဘယ်လိုလုပ် ထွေးထုတ်ရမှာလဲ။

ဖန်းပေါင်းကွေ့ မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။

သူသည် ဆိုင်ပိုင်ရှင်ကို မမုန်းပေ။

လူ့သဘာဝအရ ပိုက်ဆံတပ်မက်ခြင်းက ဖြစ်နိုင်သည်။

သူ မုန်းတီးဒေါသထွက်တာက ယဲ့ဖန်နှင့်ရှချူးကိုဖြစ်သည်။

သူတို့နှစ်ယောက်က သူ့ကို မျက်နှာပျက်စေတာဖြစ်သည်။

သို့သော် ယခုအချိန်သည် သူတို့နှစ်ဦးနှင့် စာရင်းရှင်းရန် အချိန်မဟုတ်သေးပေ။

လက်ကောက်ကို အမြန်ဆုံးရောင်းရမည် ဖြစ်သည်။

ထိုမှမဟုတ်လျှင် သူ့အဖေက ဒီလောက်ငွေအမြောက်အမြားကို အလွဲသုံးစားလုပ်ခဲ့ကြောင်း သိလိုက်ပါက သူ့အား အသက်ရှင်လျက် အရေခွံအခွာခံရမည်ကို စိုးရိမ်ရလေသည်။

သူ့တွင် ရွေးစရာလမ်း မရှိတော့ဘဲ လှည့်ကြည့်လိုက်ပြီး ခုနက သူနှင့်အပြိုင် စျေးပေးဝယ်ခဲ့သည့် သက်လတ်ပိုင်းယောက်ျားကို ကြည့်လိုက်သည်။

" ခင်ဗျား ဒီလက်ကောက်ကို ခုနက ကြိုက်နေတာ မဟုတ်ဘူးလား။ ခင်ဗျားကို အခု ပြန်ရောင်းပေးမယ် "

လူလတ်ပိုင်းအရွယ် အမျိုးသားက လက်ကောက်ကို တစ်ချက်ကြည့်လိုက်သည်။

" ဘယ်လောက်နဲ့ရောင်းဖို့ စီစဉ်ထားလဲ "

ဖန်းပေါင်းကွေ့သည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေခဲ့သည်။

" ခင်ဗျား ၃သန်းနဲ့ စျေးပေးခဲ့တာပဲ မဟုတ်လား။ ငါကံမကောင်းတော့ ခင်ဗျား ၃ သန်းနဲ့ ပြန်ရောင်းပေးမယ် "

လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ရယ်လေသည်။

" ငါ ခုနကတော့ ၃သန်း ပေးဝယ်ဖို့ ဆန္ဒရှိပေမယ့် အခု မဝယ်ချင်တော့ဘူး "

ဖန်းပေါင်းကွေ့က အံကြိတ်ပြီး သူ့ကို စိုက်ကြည့်နေသည်။

" ငါ ယွမ် ၄သန်းနဲ့ ဝယ်ခဲ့တာ။ ယွမ် ၁ သန်းရှုံးနေပြီ။ ငါ့ဆီက နောက်ထပ် ဘာလိုချင်နေသေးတာလဲ "

ထိုအမျိုးသားက သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

" မင်း ယွမ် ၁ သန်းရှုံးသွားတာက မင်းမိုက်မဲကြောင်း သက်သေပြရုံပဲ။ ငါနဲ့ ဘာဆိုင်လဲ "

ဖန်းပေါင်းကွေ့က နောက်တစ်ကြိမ် စွန့်စားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

" ဒါဆို ခင်ဗျား ဘယ်လောက်ပေးဝယ်ချင်လဲ "

ထိုယောက်ျားက ခေါင်းငုံ့ပြီး ခဏ တွက်ကြည့်လိုက်သည်။

" အများဆုံး ၂.၅ သန်းပဲ ပေးနိုင်တယ်။ မင်း ရောင်းချင်ရင် အဲ့လောက်နဲ့ ပစ္စည်းကို ငါငွေချေပေးမယ်။"

ဖန်းပေါင်းကွေ့ ဒေါသထွက်သွားသည်။

" ၄သန်းနဲ့ ဝယ်ထားတာကို ၂.၅သန်းနဲ့ ဝယ်ချင် နေတာလား။ စျေးကို လျှော့လွန်းမနေဘူးလား "

ထိုအမျိုးသားက ဆက်ပြောသည်။

" ဒါက ငါပေးနိုင်တဲ့ အများဆုံးဈေးပဲ။ မရောင်းချင်ရင် တခြားသူတွေကို မေးလို့ရတယ် "

ဖန်းပေါင်းကွေ့က အံကြိတ်ပြီး တခြားသူတွေကို လှည့်ကြည့်လိုက်သည်။

" ဈေးပိုပေးချင်တဲ့သူ ရှိလား "

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ဘယ်သူမှ စကားမပြောကြချေ။

ဖန်းပေါင်းကွေ့သည် အလွန်ဒေါသထွက်ကာ သွေးအန်ချင်လာသည်။

ယဲ့ဖန်နှင့်ရှချူးအပေါ် သူ၏မုန်းတီးမှုက တစ်ဖန်ပို၍ နက်ရှိုင်းလာသည်။

ထိုယောက်ျားကို ပြန်ကြည့်ဖို့ကလွဲပြီး သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ချေ။

" နည်းနည်းတော့ ပိုပေးပါ။ ဒီလောက် ၂.၅ သန်းဆိုတာက နည်းလွန်းတယ် "

လူလတ်ပိုင်းအရွယ်က လှောင်ရယ်လိုက်သည်။

" ၂.၅သန်းပဲ ရောင်းချင်ရင် ရောင်းပေါ့။ နောက်ဆို ဈေးက ဒီထက်နည်းမလားတောင် မပြောတတ်ဘူး "

ဖန်းပေါင်းကွေ့သည် ချက်ချင်းပင် အကျပ်ရိုက်သွားသည်။

သူသည် ၄သန်းသုံးခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၁.၅သန်း ဆုံးရှုံးခဲ့ရသည်။

သူ့နှလုံးထဲမှ သွေးစိမ်းရှင်ရှင်ထွက်သလို ခံစားလိုက်ရသည်။

ထိုအချက်ကိုတွေးပြီး သူ ချက်ချင်းလှည့်ကြည့်လိုက်ကာ ယဲ့ဖန်နှင့်ရှချူးကို စိုက်ကြည့်ရင်း သူ့အကြည့်တွေတွင် မုန်းတီးမှုများပြည့်နှက်နေသည်။

သူ စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။

လက်ကောက်ကို ပြန်ရောင်းပြီးသည်နှင့် သူတို့နှစ်ယောက်ကို သေချာပေါက် စာရင်းရှင်းမှာဖြစ်သည်။

၁.၅သန်း အရှုံးခံလိုက်ရသည်ကို အလဟဿမဖြစ်စေရပေ။

" ကောင်းပြီ၊ ၂.၅ သန်း "

ထိုစကားကို သူ့ပါးစပ်ကနေ မနည်း ညှစ်ထုတ်ပြောလိုက်ရတာဖြစ်ပြီး သူ ဘယ်လောက် ဒေါသထွက်နေသည်ဆိုတာကို ပေါ်လွင်စေသည်။

လူလတ်ပိုင်းယောက်ျားက ဂုဏ်ယူစွာ ပြုံးပြပြီး သူ့ဆီ ငွေလွှဲတော့မည့်အချိန်တွင် ယဲ့ဖန်က ရုတ်တရက် တားလိုက်သည်။

" အာ၊ တောင်းပန်ပါတယ်။ ကျွန်တော် ခုနက မှားမြင်မိတာ။ ဒီလက်ကောက်က တော်ဝင်ကျောက်စိမ်း လုံးဝမဟုတ်ဘူး။ ဒါက ဓာတုလက်မှုပစ္စည်းတစ်ခုပဲ။ အများဆုံးက ယွမ် ရာဂဏန်းလောက်ပဲ တန်တယ် "

" ဟား ....... "

ရှချူးက မထိန်းနိုင်ဘဲ ရယ်မိသည်။

ပတ်ဝန်းကျင်မှ လူတွေလည်း အတွေးများသွားကြသည်။

သူ မှားသွားတာလား။

ဒါက ဘယ်လိုဟာသမျိုးလဲ။

ဒါဟာ သန်းချီပေးလိုက်ရတာနော်။

ဒါက ဟာသမဟုတ်ဘူး။

ဒါက အသက်အန္တရာယ်ရှိတဲ့ အခြေအနေပဲ။

လူလတ်ပိုင်းအရွယ်က ယဲ့ဖန် ပြောတာကို ကြားသည့်အခါ အမြန်ရပ်လိုက်ပြီး ထိတ်လန့်တကြား ကြည့်လိုက်သည်။

" သခင်ကြီး ရှောင်ယဲ့၊ အနီးကပ်ကြည့်ပါဦး။ ဒီလက်ကောက်က တကယ်ပဲ တော်ဝင်ကျောက်စိမ်း မဟုတ်ဘူးလား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ကျွန်တော် အရမ်းသေချာတယ်။ ဟုတ်ပြီ၊ ခင်ဗျားတို့ ကျွန်တော့်ကို မယုံရင် မင်းအရင်ဝယ်ပြီး အကဲဖြတ်ဖို့ ကျွမ်းကျင်တဲ့သူကို ရှာလိုက်နိုင်တယ် "

လူလတ်ပိုင်းအရွယ်ယောက်ျားက တုန်လှုပ်ခြောက်ခြားသွားသည်။

ဒါက ဘယ်လိုဟာသမျိုးလဲ။

ဒါက သန်းချီတန်တဲ့ လုပ်ငန်းတစ်ခုပဲ။

ဒီလောက် ကြီးတဲ့အန္တရာယ်ကို သူ ဘယ်လိုလုပ် စွန့်စားရဲမှာလဲ။

ကျွမ်းကျင်သူ၏ အကဲဖြတ်မှုရလဒ်သည် အတုဟု ထွက်လာပါက လက်ကောက်သည် သူ့လက်ဝယ်တွင် ရှိနေမည်ဖြစ်သည်။

" ထားလိုက်တော့၊ ဒီလက်ကောက်ကို မဝယ်တော့ဘူး "

ဖန်းပေါင်းကွေ့ ချက်ချင်း ထိတ်လန့်သွားသည်။

" ဒီကောင်ရဲ့ မဟုတ်တဲ့စကားကို နားမထောင်နဲ့။ ဒီလက်ကောက်က ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ "

လူလတ်ပိုင်းအရွယ် အမျိုးသားက ဆက်ပြောသည်။

" သခင်ကြီးရှောင်ယဲ့ရဲ့ စကားကို နားမထောင်ပဲ မင်းပြောတာကို နားထောင်မယ်လို့ မင်းထင်နေလား "

ဖန်းပေါင်းကွေ့သည် 'သခင်ကြီးရှောင်ယဲ့'ဟူသော အခေါ်အဝေါ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။

သူသည် ထိုလူ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

" ညီအစ်ကို၊ ခင်ဗျား ဒီလိုလုပ်လို့မရဘူး။ ငါတို့ သဘောတူပြီးသားပဲ။ ဘယ်လိုလုပ် စကားကို ပြန်ပြောင်းနိုင်တာလဲ။ စျေးနှုန်းက မသင့်တော်ဘူးထင်ရင် ငါတို့ ဆွေးနွေးလို့ရတယ် "

ထိုလူက သူ့လက်ကို ဖယ်လိုက်သည်။

" ဖယ်စမ်း၊ ထွက်သွား။ မင်း ငါ့ကို ဆက်ပြီး နှောင့်ယှက်နေရင် ငါ ရဲကို ခေါ်လိုက်မယ် "

ဖန်းပေါင်းကွေ့သည် ငေးကြောင်စွာဖြင့် ရပ်နေပြီး သူ့စိတ်ထဲတွင် ဗလာဖြစ်သည်။

ခုနတင် လူတိုင်း လေလံဆွဲနေတဲ့ ကျောက်စိမ်းလက်ကောက်က ဘာလို့ ရုတ်တရက်ကြီး တန်ဖိုးမရှိရတော့တာလဲ။

သူ ကစားခံရသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်၏ စကားက သူ့ကို ပြင်းထန်စွာ ထိုးနှက်ပစ်လိုက်ပြန်သည်။

" ဟုတ်တယ်၊ ငါက ကျောက်စိမ်းလုပ်ငန်းမှာ လုပ်တာ။ ဒီလက်ကောက်က တကယ် ဓာတု တုပပစ္စည်းပဲ။ ယွမ် ၁သောင်းလောက်နဲ့ ဒီလိုအမှိုက်တွေကို ဒါဇင်နဲ့ချီပြီး ဝယ်လို့ရတယ် "

" ဖူး ........ "

ဖန်းပေါင်းကွေ့က မခံနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးတွေ ထွက်လာသည်။

ထို့နောက် သူ၏ အမြင်အာရုံများ မည်းမှောင်သွားကာ မြေပေါ်သို့ လဲကျသွားသည်။

လက်ကောက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ အပိုင်းပိုင်းအစစ ကွဲသွားခဲ့သည်။

ယွမ် ၄သန်းဖြင့် ဝယ်ခဲ့သည့် ကျောက်စိမ်းလက်ကောက်သည် မျက်စိတစ်မှိတ်အတွင်း တန်ဖိုးတစ်စက်မျှ မရှိတော့ချေ။

ထိုကဲ့သို့သော ထိုးနှက်ချက်ကို လူများစွာ ခံနိုင်ရည်ရှိမည် မဟုတ်ကြပေ။

အရေးကြီးဆုံးအချက်မှာ ထိုငွေများသည် အိမ်ခြံမြေကုမ္ပဏီ၌ ရင်းနှီးမြှုပ်နှံရန် သူ့အဖေမှ ပေးထားခဲ့သည်ဖြစ်ရာ သူကတော့ အလွဲသုံးစားလုပ်ခဲ့လေသည်။

နောက်ကြုံရမယ့်အရာမှာ သူ့အဖေ၏ဒေါသဖြစ်လေသည်။

အပိုင်း ( ၇၀၄ )

သူ့မှာ ဓာတ်မှန်ရောင်ခြည်မျက်လုံး ရှိနေတာလား။

လေလံဆွဲခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အကြောက်တရားများကို တသီတတန်းကြီး ခံစားလိုက်ရသည်။

ယဲ့ဖန်သာ သူ့ကို မတားခဲ့ဘူးဆိုလျှင် ထိုလက်ကောက်သည် သူ့လက်ထဲတွင် ရှိနေလိမ့်မည်ဖြစ်သည်။

အဲ့တာကိုတွေးမိပြီး သူသည် ယဲ့ဖန်ကို လေးစားစွာဖြင့် ကျေးဇူးတင်ကြောင်း ချက်ချင်း ပြောလိုက်သည်။

" ကျေးဇူးပါပဲ၊ ဆရာကြီးရှောင်ယဲ့။ ဆရာကြီး တားလို့သာ မဟုတ်ရင် ငါ ဒီတစ်ခေါက် ဆုံးရှုံးမှု အကြီးကြီးခံလိုက်ရမှာ "

ယဲ့ဖန်က သူ့လက်ကို ရက်ရောစွာ ဝှေ့ယမ်းလိုက်သည်။

" ဒါလေးက ဘာမှမဟုတ်ပါဘူး "

ပတ်ဝန်းကျင်မှ လူတွေက သူ့ကို လေးစားသည့် အကြည့်တွေဖြင့် ကြည့်နေကြသည်။

" ဆရာကြီးရှောင်ယဲ့ကို ကြည့်လိုက်ပါဦး။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေးဟောင်းပစ္စည်းဆိုင်ရာ အသိပညာ လေးနက်ရုံမကဘူး၊ နှိမ့်ချတတ်သေးတယ်။ တကယ်ကို ရှားပါးတာပဲ "

ယဲ့ဖန် နှိမ့်ချပြီးနောက် ဆိုင်ခန်းပေါ်ရှိ မထင်ရှားသော ကွမ်ရင်မယ်တော် ကြွေရုပ်တုကို ကြည့်လိုက်သည်။

" သူဌေး၊ ဒီကြွေရုပ်ထုက ဘယ်လောက်လဲ "

အကယ်၍ အရင်ကဆိုလျှင် ဆိုင်ပိုင်ရှင်သည် ဈေးတင်မှာ သေချာသော်လည်း ယဲ့ဖန်ကြောင့် ငွေအမြောက်အမြားကို ရရှိထားသောကြောင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဒီပစ္စည်းက သိပ်တန်ဖိုးမရှိပါဘူး။ ဆရာကြီးရှောင်ယဲ့က အဲ့တာကို စိတ်ဝင်စားရင် အလကား ယူသွားလိုက်ပါ "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" အဲ့လိုမဖြစ်ဘူး၊ ကျွန်တော်လည်း စည်းကမ်းလိုက်နာရမယ်။ ကျွန်တော်သာ ငွေမချေဘဲ တကယ်လို့ ဒီပစ္စည်းက အဖိုးမဖြတ်နိုင်တဲ့ဟာဖြစ်နေရင် သေချာပေါက် အငြင်းပွားစရာတွေ ဖြစ်လာလိမ့်မယ် "

ဆိုင်ပိုင်ရှင်က ယဲ့ဖန် နောက်နေသည်ဟု ထင်နေသည်။

သူသည် ဤကြွေရုပ်ထုကို အသေအချာ အကဲဖြတ်ပြီးဖြစ်သည်။

ဒီပစ္စည်းသည် သာမာန် ခေတ်သစ်အနုပညာလက်ရာတစ်ခုမျှသာဖြစ်ပြီး သိပ်ပြီး တန်ဖိုးမရှိလှချေ။

" ဆရာကြီးရှောင်ယဲ့က ဒီလိုပြောမှတော့ ဒီလိုဆိုရင်ရော။ ယွမ် ၂၀၀ ပေးပါ၊ ပို့ဆောင်ခအဖြစ် ယူလိုက်မယ် "

ယဲ့ဖန်က တခြားဘာမှ မပြောချေ။

ယွမ် ၂၀၀ ကို ချက်ချင်း ပေးချေပြီး ကွမ်ရင်မယ်တော်ကြွေရုပ်တုကို ကောက်ယူပြီး ဂရုတစိုက် ကြည့်နေသည်။

အနီးနားရှိ လူများသည်လည်း ချက်ချင်း စူးစမ်းစွာ ဝိုင်းကြည့်နေကြသည်။

လူလတ်ပိုင်းအရွယ်က မထိန်းနိုင်ဘဲ မေးလိုက်သည်။

" ဆရာကြီးရှောင်ယဲ့၊ ဒီကွမ်ရင်ရုပ်တုနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုရှိလို့လား "

သူတို့သည် ယဲ့ဖန်၏ စွမ်းရည်ကို မျက်စိမှိတ် ယုံကြည်ကြသည်။

သူလိုချင်သည့် အရာတစ်ခုဖြစ်၍ သာမာန်ပစ္စည်းတစ်ခု လုံးဝ မဖြစ်နိုင်ချေ။

ယဲ့ဖန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" လူတိုင်း နားလည်မှုမလွဲကြပါနဲ့။ ဒီကွမ်ရင်ကြွေရုပ်တုက တော်တော်လေး ထူးခြားတယ်လို့ ခံစားရလို့ပါ။ တခြားအဓိပ္ပါယ် မရှိပါဘူး "

အားလုံးက သူ့ရှင်းပြတာကို ကြားပြီး စိတ်သက်သာရာ ရသွားကြသည်။

အမှန်ပင် ယဲ့ဖန်သည် အဝေးမှာ ရပ်နေပြီး သူသည် ထိုကွမ်ရင်ရုပ်ထုကို သေချာပင် မကြည့်ခဲ့ချေ။

အပျော်ဝယ်တာ ဖြစ်နိုင်လေသည်။

ထိုအခိုက်တွင် ယဲ့ဖန်၏ လက်သည် ရုတ်တရက် ချော်ထွက်သွားပြီး ကွမ်ရင်ရုပ်ထုသည် 'ခွမ်းခနဲ' မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

အားလုံးက ရယ်မောနေကြသော်လည်း အောက်ကိုငုံ့ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။

" ဒါကဘာလဲ "

ကွမ်ရင်ရုပ်ထုသည် အပိုင်းပိုင်းကွဲသွားပြီးနောက် လက်ဖဝါးအရွယ် ရွှေရောင် ဗုဒ္ဓရုပ်ပွားတော် ပြုတ်ကျလာသည်။

ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်သည် အလွန်ပင် အသက်ဝင်လှပြီး ရုပ်ကြွကာ သပ္ပါယ်လှသည်။

နေရောင်ခြည် ထိသောအခါ ရုပ်ပွားတော်တစ်ခုလုံး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး စိတ်ကို ချက်ချင်း ငြိမ်သက်သွားစေနိုင်သည့် မှော်စွမ်းအင်တစ်ခု ရှိနေသလို ဖြစ်နေသည်။

လူတိုင်းသည် သရဲတစ္ဆေမြင်သွားသလို ယဲ့ဖန်ကို ကြည့်နေကြသည်။

ဒါကြီးက ဟုတ်မှဟုတ်ရဲ့လား။

ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ဆူကို ကြွေထည်လက်ရာထဲမှာ ဝှက်ထားတာလား။

သူ့ကံက ကောင်းကင်ကိုတောင် အံတုနိုင်လောက်တယ် မဟုတ်ဘူးလား။

ရှချူးသည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရသည်။

ထိုမြင်ကွင်းသည် တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။

အထဲမှာ ရွှေရုပ်ပွားတော်တစ်ဆူ ရှိတယ်ဆိုတာ သူ ဘယ်လိုလုပ် သိတာ

လဲ။

ဆိုင်ရှင်သည် မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားခဲ့သည်။

ကွမ်ရင်ရုပ်ထဲတွင် ဝှက်ထားသော ရွှေဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိနေသည်ကို သူ မသိချေ။

မဟုတ်ပါက သူ့အား သေသည်အထိ ရိုက်နှက်ခံရရင်တောင် ရောင်းမှာမဟုတ်ပေ။

ထိုဗုဒ္ဓရုပ်ပွားတော်၏ တန်ဖိုးကို ထည့်မတွက်လျှင်တောင် ဒီလောက်ကြီးမားသည့် ရွှေတုံးကြီးမှာ အတော်တန်နေပြီ ဖြစ်သည်။

ဘေး၌ ရပ်နေသည့် ဖန်းပေါင်းကွေ့သည် ဒုတိယအကြိမ်မြောက် ထိုးနှက်ခံလိုက်ရသည်။

ယွမ် ၄သန်း မြောင်းထဲကျသွားသည့်အတွက် သူ အရမ်းဝမ်းနည်းနေရသည်။

ထို့အပြင် သူ မုန်းတီးသည့်သူက ကံကောင်းသွားတာကို တွေ့လိုက်ရပြီး ဒေါသပြန်ထွက်လာကာ မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။

ဝဖြိုးသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဗုဒ္ဓရုပ်ပွားတော်အား စူးစူးစိုက်စိုက် ကြည့်နေသည်။

" ဆရာကြီးရှောင်ယဲ့၊ ဒီဗုဒ္ဓရုပ်ပွားတော်ရဲ့ မူလအစက ဘာလဲ "

ယဲ့ဖန်သည် ဗုဒ္ဓရုပ်ပွားတော်ကို ယူ၍ သေချာစေ့စပ်စွာ ကြည့်နေသည်။

" ဒီဗုဒ္ဓရုပ်ပွားတော်က မြောက်ပိုင်း ဝေမင်းဆက်က ဖြစ်လောက်ပြီးတော့ ထိန်းသိမ်းထားတာ အရမ်းကောင်းတယ်။ သေချာတာကတော့ အရည်အသွေးမြင့် ထုတ်ကုန်တစ်ခုပဲ "

ထိုစကားကို ပြောပြီးသည်နှင့် အားလုံးက ပိုလို့ပင် အံ့သြသွားကြသည်။

ဒါက တကယ်ပဲ ရှေးဟောင်းပစ္စည်းတစ်ခုလား။

ဒါဆိုရင် တန်ဖိုးက ပိုလို့တောင် တိုင်းတာလို့ မရတော့ဘူး။

" ဒီဆရာကြီးရှောင်ယဲ့ရဲ့ကံက ကောင်းလွန်းနေတာ မဟုတ်ဘူးလား။ ပေါ့ပေါ့တန်တန်ဝယ်လိုက်ရုံနဲ့ မြောက်ပိုင်း ဝေမင်းဆက်ခေတ်က ပစ္စည်းတစ်ခုကို ဝယ်လို့ရသွားရောလား "

" ကံကောင်းတာမဟုတ်လောက်ဘူးလို့ ငါထင်တယ်။ တစ်ကြိမ်၊ နှစ်ကြိမ်သာဆို သူ ကံကောင်းတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆရာကြီးရှောင်ယဲ့က ရတနာတွေကို အချိန်တိုင်း ဝယ်နိုင်နေတာက သူ့အားသာချက်လို့ ပြောရမယ် "

" ဟုတ်တယ်။ ဆရာကြီးရှောင်ယဲ့က ဘယ်လို မမြင်နိုင်တဲ့ စွမ်းအင်ကိုသုံးပြီး လုပ်ခဲ့လဲမသိပေမဲ့ မယုံနိုင်စရာကောင်းရင်တောင်မှ သူ့အစွမ်းအစကို အားကိုးခဲ့တာ သေချာတယ် "

" ဒါပေမယ့် ဒီရွှေရောင် ဗုဒ္ဓရုပ်ပွားတော်က ကွမ်ရင်ကြွေရုပ်ထုထဲမှာ ရှိတာလေ။ ဆရာကြီးရှောင်ယဲ့က အဲ့တာကို ဘယ်လိုလုပ် မြင်နိုင်တာလဲ။ သူ့မှာ ဓာတ်မှန်ကြည့်အမြင် ရှိနေတာလို့တော့ မပြောနဲ့ "

" ငါကတော့ ဖြစ်နိုင်မယ် ထင်တာပဲ။ နောက်ဆုံးတစ်ခေါက်တုန်းကလည်း ဖုံးထားတဲ့ ကံစမ်းသေတ္တာတွေနှိုက်တာလေ တခြားမည်သူမှ မခန့်မှန်းနိုင်ဘူး။ သူပဲ အခေါက်တိုင်း အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို ဖွင့်နိုင်တာ "

" ဒါဆို ငါတို့ရဲ့ အဝတ်အစားတွေကနေတစ်ဆင့် ငါတို့ခန္ဓာကိုယ်တွေကို မြင်နိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား "

" အင်း၊ သူက ငါတို့ကို ကိုယ်လုံးတီးမြင်ဖူးတာရော ဖြစ်နေမလား။ ဒါဆို ဘာလုပ်သင့်လဲ။ အနာဂတ်မှာ တခြားသူတွေကို ဘယ်လိုမျက်နှာပြရမှာလဲ "

" မင်းရဲ့ရုပ်ရည်နဲ့ ဆရာကြီးရှောင်ယဲ့က စိတ်မဝင်စားလောက်ဘူး "

" ......... "

လူတိုင်းက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော်လည်း လူလတ်ပိုင်းအရွယ်ယောက်ျားကတော့ ရိုသေလေးစားနေပုံရသည်။

" သခင်လေး ရှောင်ယဲ့၊ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ ဒီနေ့ ဒီဗုဒ္ဓရုပ်ပွားတော်ကို တွေ့လိုက်ရတာက ကံစပ်တယ်လို့ထင်တယ်။ အဲ့တာကြောင့် အိမ်ကို ပင့်ချင်ပါတယ်။ ဆရာကြီးက ကူညီချင်စိတ်များ ရှိမလားလို့ မေးချင်တာပါ "

ယဲ့ဖန်သည် ထိုစကားကို ကြားသောအခါ ထိုလူက ဈေးတတ်နိုင် မတတ်နိုင်နှင့် ဈေးနှိမ်မည့်သူ ဟုတ်မဟုတ်ကို အကဲခတ်နေသကဲ့သို့ ထိုလူ၏ အသွင်အပြင်ကို ကြည့်လိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ယဲ့ဖန် ဘာကိုဆိုလိုနေသည်ကို သိလေသည်။

" အရင်က ဗုဒ္ဓရုပ်ပွားတော်တွေကို လေလံတင်ရောင်းချတာ တွေ့ဖူးပါတယ်။ မြောက်ပိုင်း ဝေမင်းဆက်ကပဲကို အရွယ်အစားက ဒီထက်ကြီးတယ်။ အဲ့ဒီတုန်းက မိုးလောက်မြင့်တဲ့ဈေး ၂၈ သန်းနဲ့ ရောင်းခဲ့တာ "

ထိုသို့ ပြောပြီးနောက် ခဏရပ်လိုက်သည်။

" ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဒီဗုဒ္ဓရုပ်ပွားတော်ကို ဝယ်ဖို့ သန်း ၃၀ ထိပေးမယ်။ သခင်လေး ဘယ်လိုထင်လဲ "

သူ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မှ လူတွေက ချက်ချင်း ဆူညံသွားတော့သည်။

" အမလေး ဘုရား၊ သန်း ၃၀တဲ့လား။ ဒါကြီးက ကြောက်စရာကောင်းလွန်းတယ် မဟုတ်ဘူးလား "

" ကွမ်ရင်ရုပ်ထုကို ယွမ်၂၀၀နဲ့ ဝယ်ပြီး သန်း ၃၀နဲ့ ပြန်ရောင်းနေတာလား။ ငါတို့ကို လာများ နောက်နေတာလား "

" အဲ့တာက ဝယ်တဲ့သူအပေါ်မှာ မူတည်တယ်။ တခြားသူဆိုရင် ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက ဆရာသခင်လေးရှောင်ယဲ့ ဆိုရင်တော့ နားလည်နိုင်ပါတယ် "

" ဟုတ်တယ်၊ ဆရာကြီးရှောင်ယဲ့က ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ဒီလိုပဲ လုပ်ခဲ့တာ။ သူက ပန်းချီကားတစ်ချပ်ကို ယွမ် ၂သောင်းနဲ့ ဝယ်ပြီး ယွမ် သန်း ၂၀ ကျော်ရခဲ့တာလေ "

" ဆရာသခင်လေး ရှောင်ယဲ့လို လူတစ်ယောက်ကို သာမန်အသိနဲ့ အကဲဖြတ်လို့မရဘူး ........ "

All Chapters