အပိုင်း ၇၀၉-၇၁၂
Vol. 36 Ch. 709-712
အပိုင်း ( ၇၀၉ )
ကိုယ်အရမ်းချောတာလို့ ဖြစ်နိုင်တယ်။
ထို့ကြောင့် ယဲ့ဖန်ကို မြင်လိုက်သည်နှင့် တုန်လှုပ်သွားပြီး သူ့ဘောင်းဘီပင် စိုသွားလေသည်။
သူသည် အရမ်းကြောက်သွားပြီး ကြောက်ဆီးပါသွားရသည်။
သူသည် ကြောက်တတ်လွန်းသူ မဟုတ်ချေ။
သူသည် သူ့ရန်သူကို ဓားဖြင့် လိုက်၍ လမ်းနှစ်လမ်းဆက်ကို လိုက်ခဲ့ဖူးသည်။
အဲ့ဒီနောက်တွင် ဘာမှမဖြစ်ခဲ့သလို စားသောက်ခဲ့သည်။
သို့သော် ယဲ့ဖန်သည် သူ့အပေါ်တွင် လေးနက်သော ထင်မြင်ချက် စွဲထင်နေခဲ့ပြီး သူတို့၏ သူဌေးဖြစ်သူ ကောင်းကျူမင်းကိုပင် တစ်ဖက်သူက သတ်ပစ်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
ထိုသို့ ကြောက်စရာကောင်းသည့်လူကို သူ ဘယ်လိုမှ မကြောက်ဘဲ မနေနိုင်ချေ။
ယဲ့ဖန်ကို စိတ်ပူနေခဲ့ကြသော သူများအားလုံး အံ့သြသွားကြသည်။
သူတို့သည် နာမည်ဆိုးဖြင့် ကျော်ကြားသော အစ်ကိုပင်းကို စိုက်ကြည့်နေကြသည်။
သူ့ခြေဖဝါးနားတွင် အဝါရောင် အရည်များပင် ယိုစီးလာသည်ကို တွေ့လိုက်ရသည်။
လူတိုင်း၏ ဦးနှောက်သည် ချက်ချင်း အလုပ်မလုပ်နိုင်တော့ပေ။
" အစ်ကိုပင်းက ...... ဆီးသွားလိုက်တာလား "
" ဒါက ...... မဖြစ်နိုင်ဘူး မဟုတ်လား။ အစ်ကိုပင်းက မကြုံဖူးတဲ့ အခြေအနေမျိုးဆိုတာ ရှိလို့လဲ။ အဲ့လို အတွေ့အကြုံရင့်တဲ့သူက ဘာလို့ ဆီးသွားရတာလဲ "
" ကိုယ်တိုင်မျက်စိနဲ့ မမြင်လိုက်ရင် ယုံမှာတောင် မဟုတ်ဘူး "
" ဒီဆရာသခင်လေးရှောင်ယဲ့က ကြောက်စရာ ကောင်းလို့လား။ အစ်ကိုပင်းက ဆီးပါတဲ့အထိ သူ့ကို တကယ်ကြီး ကြောက်နေတာလား "
ရှချူးသည် စိတ်မသက်မသာဖြစ်နေကာ သူမ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ မျက်နှာက နီရဲလာသည်။
သူမသည် အမြန်လှည့်ပြီး ယဲ့ဖန်၏ ရင်ခွင်ထဲကို မှီလိုက်ကာ သူမ၏ ပုခုံးများ တုန်ခါနေသည်။
သူမသည် အတော်လေးကို ရယ်မောနေခဲ့သည်၊
ယဲ့ဖန်လည်း စကားမပြောနိုင် ဖြစ်သွားသည်။
သူသည် တစ်ဖက်သူနှင့် စကားပြောရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ အနည်းငယ် အဆင်မပြေသွားပုံရသည်။
ဖန်းသရှန်းလည်း ရှောင်ပင်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
" အစ်ကိုပင်း၊ ဘာဖြစ်သွားတာလဲ "
ရှောင်ပင်းသည် နောက်ဆုံးတွင် သူ့အာရုံများ ပြန်ကပ်လာခဲ့သည်။
သူ့ခြေထောက်မှ ကိစ္စကိုပင် ဖြေရှင်းရန် စိတ်ပူမနေနိုင်ဘဲ ချက်ချင်း လှည့်ကြည့်လိုက်သည်။
" မင်းပြောနေတဲ့လူက ယဲ့လူကြီးမင်းလား "
ဖန်းသရှန်း အံ့ဩသွားသည်။
" သူ့ ...... သူ့မျိုးရိုးနာမည်က ယဲ့လို့တော့ ထင်တာပဲ။ လူတိုင်းက သူ့ကို ဆရာသခင်လေးယဲ့လို့ ခေါ်ကြတယ်။ ဘာလို့လဲ သူ့ကို သိလို့လား "
ဖန်းသရှန်းနှလုံးတွေ တုန်နေလေသည်။
ရှောင်ပင်းသည် ထိုကောင်လေးကို သိနေပါက ထိုကိစ္စကို ကိုင်တွယ်ရ ခက်ပေလိမ့်မည်။
သူ ရှင်းလင်းစွာ မတွေးနိုင်ခင်တွင် ရှောင်ပင်း၏ မျက်နှာတွင် ချက်ချင်း သတ်ပစ်ချင်သော အရိပ်အယောင် ပေါ်လာသည်ကို သူ ရုတ်တရက် တွေ့လိုက်ရသည်၊
" ခွေးသား၊ မင်း ယဲ့လူကြီးမင်းကို ဘယ်လိုလုပ် စော်ကားရဲတာလဲ။ ငါ မင်းကို သတ်ပစ်မယ် "
ထိုစကားကို ပြောပြီးနောက် ဖန်းသရှန်း ၏ ခြေထောက်ကို ကန်ထည့်လိုက်သည်။
" အား ...... "
ဖန်းသရှန်းသည် အော်ဟစ်ပြီး သူ့ခန္ဓာကိုယ်က ပုစွန်တစ်ကောင်လို ကွေးသွားသည်။
ရှောင်ပင်းက ရပ်မသွားချေ။
သူသည် အရေးပါသော အစိတ်အပိုင်းများကို ရွယ်ပြီး လက်နှင့် ထိုးကာ ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည်။
သူ့နောက်မှ လူတစ်စုကလည်း ခဏတာ အံ့အားသင့်သွားကြသည်။
အစ်ကိုပင်းသည် ဘာကြောင့် ရုတ်တရက် ဘက်ပြောင်းသွားသည်ကို သူတို့ နားမလည်ခဲ့ကြပေ။
သို့သော် အစ်ကိုပင်းအပေါ်ထားသော သူတို့၏ အဆုံးမရှိသော သစ္စာစောင့်သိမှုဖြင့် သူတို့သည်လည်း ဖန်းသရှန်းကို ဝိုင်းရံကာ အရူးအမူး တိုက်ခိုက်ကြတော့သည်။
ဖန်းပေါင်းကွေ့သည် သူ့အဖေ အရိုက်ခံရသည်ကို မြင်သောအခါ တားဆီးရန် ချက်ချင်း ရှေ့သို့ ပြေးသွားခဲ့သည်။
" အဖေ့ကို မထိနဲ့ ...... "
သူ့စကားပြီးအောင် မစောင့်ဘဲ ဂိုဏ်းသားများက ဆွဲထုတ်ပြီး ဖန်းပေါင်းကွေ့လည်း အရိုက်ခံရလေသည်။
မကြာမီတွင် သားအဖနှစ်ယောက်လုံး အရိုက်ခံရကာ သေလုမျောပါး ဖြစ်သွားသည်။
ထိုမှသာ ရှောင်ပင်းသည် သူ၏ လက်အောက်ငယ်သားများကို ရပ်ရန် အမိန့်ပေးခဲ့ပြီး သူသည်လည်း ယဲ့ဖန်အရှေ့သို့ အမြန်လျှောက်လာကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ။ အဲ့ဒီလူက လူကြီးမင်းမှန်း ကျွန်တော် တကယ် မသိခဲ့တာပါ။ မဟုတ်ရင် ဝက်ဝံနှလုံးနဲ့ ကျားသစ်သည်းခြေကို စားရရင်တောင် လူကြီးမင်းနဲ့ လာမတိုက်ရဲပါဘူး "
ထိုသို့ပြောပြီးနောက် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ပါးရိုက်လိုက်သည်။
ထို့အပြင် ရိုက်ချက်များသည် အလွန်ပြင်းထန်သောကြောင့် သူ့ပါးနှစ်ဖက်သည် လျင်မြန်စွာ ဖောင်းကားလာသည်။
သူ့လက်အောက်ငယ်သားများသည် စိတ်ရှုပ်နေကြသော်လည်း သူတို့၏ ခေါင်းဆောင်သည် ထိုကဲ့သို့ ပြုမူနေသောကြောင့် သူတို့လည်း မတ်တပ်ရပ်ပြီး စောင့်ကြည့်ရန် မနေရဲကြပေ။
အားလုံး ဒူးထောက်ပြီး ကိုယ့်ဘာကိုယ် ပါးရိုက်ကြသည်။
ဖြောင်း .......
ကျယ်လောင်သော ပါးရိုက်သံများက ရှေးဟောင်းလမ်းတစ်လျှောက် ပဲ့တင်သံထပ်သွားသည်။
မကြာမီ ထိုနေရာတွင် လူသုံးလွှာဖြင့် ဝန်းရံထားလေသည်။
နောက်မှ ရောက်လာသည့်လူများက ထိုနေရာမှာ ဘာဖြစ်နေတာလဲဟု မေးကြသည်။
ချောင်ရှင်းဂိုဏ်းမှ ထိုလူအုပ်စုသည် အလျင်အမြန် ပြေးလာသည်ကို တွေ့လိုက်ရသော်လည်း သူတို့ ဘာကြောင့် အသနားခံ ဒူးထောက်နေကြသည်ဆိုတာကို မသိကြပေ။
လူနှစ်ဆယ်ကျော်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ကိုယ်တိုင်ပါးရိုက်သည့် မြင်ကွင်းက အတော်လေးကို အကျိုးသက်ရောက်မှု ပြင်းခဲ့သည်။
ယဲ့ဖန်က စကားမပြောချေ။
သူက ထိုလူများကို အေးစက်စွာ ကြည့်နေခဲ့သည်။
ယဲ့ဖန်မှ ရပ်ရန် မပြောသဖြင့် ရှောင်ပင်းနှင့် အခြားသူများသည် ဆက်လက် ပါးရိုက်နေကြရသည်။
မကြာခင်တွင် သူတို့၏ အရေပြားတွေ စုတ်ပြဲလာပြီး မျက်နှာတွင် သွေးများနှင့် ဖုံးလွှမ်းသွားသည်။
လူအုပ်ကြီး၏ ဆွေးနွေးမှုသည် ပို၍ကျယ်လောင်လာသည်။
" ဘုရားရေ၊ ဒီယဲ့လူကြီးမင်းက ဘယ်သူလဲ။ ချောင်ရှင်းဂိုဏ်းက လူတွေကို ဒီလောက်အတိုင်းအတာထိ ကြောက်ရအောင် သူက တကယ်ပဲ ဘယ်သူမလို့လဲ "
" သူက ရှေးဟောင်းပစ္စည်းကြီးတွေရဲ့ ဆရာကြီးလို့ မင်းပဲပြောတာ မဟုတ်ဘူးလား "
" မင်းမှာ ဦးနှောက်တောင် ရှိသေးရဲ့လား။ ရှေးဟောင်းပစ္စည်းဆရာကြီးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ထိ ကြောက်စရာကောင်းနိုင်မှာလဲ။ ကြောက်စရာကောင်းရင်တောင် ချောင်ရှင်းဂိုဏ်းသားတွေကို ကြောက်အောင်ထိ လုပ်နိုင်မှာလား "
" ဟုတ်တယ်။ ဒီယဲ့လူကြီးမင်းက အကောင်ကြီးတစ်ယောက်ယောက်များလား "
" ယန်းချန်မြို့ တစ်ခုလုံးမှာ ဘယ်သူက ဒီလူတွေကို ကြောက်အောင်လုပ်နိုင်မှာလဲ "
" ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီယဲ့လူကြီးမင်းက အားကောင်းတဲ့ နောက်ခံရှိရမယ်။ မဟုတ်ရင် ရှောင်ပင်းနဲ့ တခြားသူတွေက ဘာလို့ကြောက်နေမှာလဲ "
" မင်းက အဓိပ္ပါယ်မဲ့တဲ့ စကားကို အောင်အောင်မြင်မြင် ပြောပြီးပြီ ........ "
လူတိုင်းသည် ယဲ့ဖန်၏ နောက်ခံကို ခန့်မှန်းရန် ကြိုးစားနေကြပြီး ဖန်းသားအဖသည်လည်း ယဲ့ဖန်ကို ကြည့်ကာ ကြောက်လန့်နေကြသည်။
သူတို့သည် ရိုက်နှက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း ရှောင်ပင်း ယနှင့် အခြားသူများ၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် ဗလာဖြစ်သွားသည်။
ရှောင်ပင်းနှင့် နောက်လိုက်များက ထိုလူငယ်လေးကို အလွန်ကြောက်နေကြသည်။
ထိုမှတစ်ဆင့် ဤလူလေးသည် မည်မျှ တန်ခိုးကြီးသည်ကို မြင်နိုင်သည်။
ဒီတစ်ခါတော့ သူတို့ တကယ် သံပြားကို ကန်လိုက်မိကြပြီဖြစ်သည်။
ရှချူး၏ မျက်နှာမှာလည်း ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။
သူမသည် ရှောင်ပင်းကို ကြည့်ပြီး ကျန်သည့်သူများနှင့် ထို့နောက် ယဲ့ဖန်ကို ကြည့်လိုက်သည်။
ယဲ့ဖန်သည် အလွန်အစွမ်းထက်ပြီး ရီချန်းကျယ်ကဲ့သို့ လူတစ်ယောက်ကိုပင် စိန်ခေါ်ရဲသူဖြစ်ကြောင်း သူမ သိသော်လည်း နယ်မြေခံဂိုဏ်းမှ ကြောက်ရသည်အထိ ဤမျှအစွမ်းထက်မည်ဟု သူမ မမျှော်လင့်ထားပေ။
အခုလည်း ထိုလူတွေက ယဲ့ဖန်ရှေ့တွင် ဒူးထောက်ပြီး အသနားခံနေရသည်၊
ထိုမြင်ကွင်းက ရိုးရှင်းစွာဖြင့် သူမကို အံ့သြသွားစေသည်။
" သူတို့က ....... ရှင့်ကို ဘာလို့ အရမ်းကြောက်နေကြတာလဲ "
သူမသည် နားမလည်သည့်အတွက် တိုက်ရိုက် မေးလိုက်သည်။
ယဲ့ဖန်က သူ့နှာခေါင်းကို တို့ထိလိုက်သည်။
" ကိုယ်က အရမ်းချောလို့ ရှုံးနိမ့်တာကို ဝန်ခံချင်နေတာ ဖြစ်နိုင်တယ် "
ရှောင်ပင်း၏ လှုပ်ရှားမှုများသည် နှေးကွေးလာသည်။
အာ ... သူ အဲ့လို ဘယ်တုန်းကမှ မတွေးဖူးပါဘူး။
အပိုင်း ( ၇၁၀ )
စိတ်ကျေနပ်စရာကောင်းသော လက်ပါးစေ
ထိုလူများ၏ မျက်နှာများ စုတ်ပြတ်သွားသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဒါဆို လုံလောက်ပြီ "
ရှောင်ပင်းက သက်ပြင်းချပြီး ခက်ခဲစွာ ပြုံးလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ကို ခွင့်လွှတ်လိုက်တာလား "
ယဲ့ဖန်က သူ့လက်တွေကို အိတ်ကပ်ထဲထည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
" မင်းတို့က အပြစ်ကင်းပါတယ်။ မင်းက ဘယ်သူ့လက်အောက်ငယ်သားလဲ "
ရှောင်ပင်းက အမြန်ပြန်ဖြေသည်။
" ကျွန်တော်က အစ်ကိုဟူရဲ့ လက်အောက်ကပါ "
ယဲ့ဖန်သည် သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
" မထူးဆန်းတော့ပါဘူး "
ရှောင်ပင်းသည် ခဏတာ အံ့အားသင့်သွားပြီး သူ ဘာကိုဆိုလိုသည်ကို နားမလည်ပေ။
ကောင်းဟူသည် ယခင်က သူနှင့် အကြိမ်အနည်းငယ်တွေ့ဖူးကြောင်း ရှင်းပြရန်အထိ ယဲ့ဖန် စိတ်မပါချေ။
ကောင်းဟူ၏ လက်အောက်ငယ်သား ဖြစ်မည်ဟု မမျှော်လင့်ထားပေ။
သူတို့အားလုံးက မိသားစုတစ်စုတည်းပဲ မဟုတ်လား။
ရှောင်ပင်းသည် သူ့ဘေးနားရှိ ဖန်းသားအဖကို ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။
" ယဲ့လူကြီးမင်း၊ ဒီနှစ်ကောင်က လူကြီးမင်းကို စော်ကားခဲ့တယ်မလား။ သူတို့ကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ။ လူကြီးမင်းက စကားနဲ့ ပြောလိုက်တာနဲ့ ကျွန်တော့်ဘက်က သေချာအောင် ရှင်းပေးမယ်လို့ ကတိပေးပါတယ် "
ဖန်းသရှန်းနှင့် သူ့သားတို့သည် ချက်ချင်းပင် ကြောက်လန့်သွားကြသည်။
သူတို့သည် ယဲ့ဖန်အား တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်ကြသည်။
ယဲ့ဖန်က သူတို့နှစ်ယောက်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။
" မလိုပါဘူး၊ တကယ်တော့ ခင်ဗျား မလာခင်မှာ ကျွန်တော်တို့က သဘောတူညီချက်တစ်ခုရထားပြီးသား။ ဖန်းလူကြီးမင်းက ကျွန်တော့်ကို ၃၆သန်း လျော်ကြေးပေးမယ်လို့ ကတိပေးထားတယ်။ ဟုတ်တယ်မလား၊ ဖန်းလူကြီးမင်း "
ဖန်းသရှန်း အံ့ဩသွားသည်။
" ငါ ...... မဟုတ် ...... "
သူ့စကား မပြီးခင်တွင် ရှောင်ပင်းက အမြန်ထလာပြီး သူ့ကို ထပ်ထိုးလိုက်သည်။
" ယဲ့လူကြီးက သဘောထား ကြီးမြတ်ပြီး မင်းတို့ သားအဖရဲ့ ခွေးလောက် တန်ဖိုးမရှိတဲ့ အသက်ကို ချမ်းသာပေးနေတာ။ မင်းအတွက် ဘာကောင်းလဲဆိုတာ မသိသေးဘူးလား။ အဲ့တာဆိုလည်း မင်းတို့ အားလုံးကို ငါသတ်ပေးမယ် ...... "
တခြားလက်အောက်ငယ်သားတွေကလည်း ပြေးလာသည်။
သူတို့သည် လူတိုင်းရှေ့တွင် ဒူးထောက်ခဲ့ရပြီး ကိုယ်တိုင် ပါးရိုက်ခဲ့ရသောကြောင့် မျက်နှာပျက်ခဲ့ကြရသည်။
ထို့ကြောင့် ထိန်းချုပ်ထားသော ဒေါသများကို ထိုသားအဖအပေါ် ပေါက်ကွဲပစ်ချင်ကြသည်။
ဖန်းမိသားစု သားအဖနှစ်ယောက်သည် သူတို့၏ နောက်ဆုံးထွက်သက်ကို ခံစားနေကြရပြီဖြစ်သည်။
ဆက်လက်တိုက်ခိုက်ပါက အသက်ဆုံးရှုံးနိုင်ဖွယ် ရှိသည်။
နောက်ဆုံးတွင် ဖန်းသရှန်းက တောင်းပန်လိုက်သည်။
" ငါ ...…ငါပေး၊ ငါပေးပါ့မယ် ....... "
ထိုမှသာ ရှောင်ပင်းသည် သူ့လူများကို ရပ်ခိုင်းပြီး ဖင်ကို စောင့်ကန်ထုတ်လိုက်သည်။
" ဒါဆို မင်း ဘာကို စောင့်နေတာလဲ။ မြန်မြန်ထုတ်ပြီး ပေးလိုက် "
ဖန်းသရှန်းသည် အသနားခံပြီး ကြည့်လိုက်သည်။
" ဒါပေမယ့် ငါ့မှာ ပိုက်ဆံအများကြီးမရှိဘူး ...... "
ရှောင်ပင်း ဒေါသထွက်လာပြန်သည်။
" မင်း ယဲ့လူကြီးမင်းကို လှောင်ပြောင်နေတာလား "
သူကဘဆက်လက်တိုက်ခိုက်တော့မည် ဖြစ်သည်။
ဖန်းသရှန်းက ထိတ်လန့်တကြားနှင့် ပြောလေသည်။
" ကျွန်တော် .... ကျွန်တော့် ပိုင်ဆိုင်မှုတွေကို ပြန်ရောင်းပြီး ပိုက်ဆံကို ယဲ့လူကြီးမင်းဆီ လွှဲပေးပါ့မယ် "
ရှောင်ပင်းသည် ယဲ့ဖန်၏ အမူအရာကိုကြည့်ရန် ချက်ချင်း လှည့်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကြည့်ပါဦး ...... "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးရုံသာ ပြုံးပြပြီး စိတ်ထဲမထားပေ။
" ကောင်းပြီလေ "
ရှောင်ပင်းက လှည့်လာပြီး ဖန်းသရှန်း၏ အင်္ကျီိလည်ပင်းကို ဆွဲကိုင်လိုက်သည်။
" မင်း လှည့်ကွက်တွေ မကစားတာ ပိုကောင်းတယ်။ သုံးရက်အတွင်း ယဲ့လူကြီးမင်းရဲ့ အကောင့်ကို ၃၆သန်း မလွှဲပေးနိုင်ရင် မင်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးပစ်မယ် "
ဖန်းသရှန်း တုန်လှုပ်သွားသည်။
" မလုပ်ရဲပါဘူး ...... "
သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုတွေ တသီကြီးကို ခံစားလိုက်ရသည်။
ယဲ့ဖန်ထံမှ ၇၂သန်းအထိ မတောင်းမိသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
မဟုတ်ပါက သူ၏ မြေးမြစ်များကို ရောင်းလျှင်ပင် ပေးချေနိုင်မှာ မဟုတ်ချေ။
ထိုမှသာ ရှောင်ပင်းသည် လည်ပင်းဆွဲထားတာကို ဖြေလျော့ပေးလိုက်သည်။
" မြန်မြန် လစ်လိုက်တော့ "
ဖန်းသရှန်းသည် သူ့သားကို အမြန်ထဆွဲကာ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။
လူအုပ်ကြီးထဲမှ နူးညံ့သိမ်မွေ့သော လူအချို့သည် သားအဖနှစ်ယောက်၏ သနားစရာပုံစံကို မြင်လိုက်ရပြီး သက်ပြင်းချလိုက်ကြသည်။
" ဒါက နည်းနည်းလွန်တယ် မဟုတ်ဘူးလား။ ဒီလိုအခြေအနေအထိ ရိုက်နှက်ပြီးတာတောင် သူ့ကို ပိုက်ဆံအများကြီးပေးရသေးတာလား "
" ကျစ်၊ အဲ့တာ သူနဲ့ ထိုက်တန်တယ်။ ဒီနေ့ ခံရတဲ့သူက ယဲ့လူကြီးမင်း မဟုတ်ဘဲ တခြားသူသာ ဖြစ်ခဲ့မယ်ဆိုရင်ရော ဘယ်လိုဖြစ်မယ် ထင်လဲ "
" မှန်တယ်။ တခြားသူသာဆို ဒီသားအဖက အဲ့လူကို အဆုံးထိ ဖျက်ဆီးမှာ သေချာတယ် "
" ဒီကမ္ဘာကြီးက တောတွင်းမာယာတွေချည်းပဲ။ ကံကောင်းထောက်မလို့ ယဲ့လူကြီးမင်းက အားပိုကောင်းနေတာ။ မဟုတ်ရင် သူက သူတို့ထက် ပိုဆိုးသွားလိမ့်မယ် "
" ယဲ့လူကြီးမင်းက အစက သူတို့ကို လွှတ်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ သူတို့က ခွင့်မပြုဘဲ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့တာ။ အခုသူတို့ပဲ ဒီလိုအဆုံးသတ်သွားတာလေ။ ထိုက်တန်ပါတယ် "
" မှန်တယ်။ ဒီလိုလူတွေကို သနားလို့ မရဘူး ....... "
ရှချူးသည် ထိုလူများ မှန်ကန်သည်ကို ဝန်ခံရပေမည်။
ယဲ့ဖန်၏ ခွန်အားကြောင့်သာ မဟုတ်ပါက သူမသည် ဖန်းသားအဖထက် ပိုဆိုးသည့် အခြေအနေတွင် ရှိနေလောက်မည် ဖြစ်သည်။
သူမသည် ကြင်နာတတ်သော်လည်း ထိုသို့သောလူများကို စာနာလိုစိတ် မရှိပေ။
ရှောင်ပင်းသည် ချက်ချင်း ယဲ့ဖန်အနား ရောက်သွားသည်။
" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ ဒီကိစ္စ ကျွန်တော့်ကို လွှဲထားလိုက်ပါ။ ဒီသားအဖနှစ်ယောက်လုံး လှည့်စားရဲမှာ မဟုတ်ဘူး "
ယဲ့ဖန်သည် ဒီတစ်ယောက်မှာ လက်ပါးစေတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီကြောင်း ဝန်ခံရပေမည်။
ထို့ကြောင့် ချက်ချင်း သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။
" ဒါဆို ခင်ဗျားနဲ့ ထားခဲ့လိုက်မယ်။ နောက်တစ်ခါ ကောင်းဟူကိုတွေ့ရင် ခင်ဗျားအကြောင်း စကားကောင်း ပြောပေးမယ် "
ရှောင်ပင်းသည် ချက်ချင်းပင် ဝမ်းသာသွားသည်။
" လူကြီးမင်းရဲ့ ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း။ အနာဂတ်မှာ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို အသိပေးပါ။ မှန်ကန်စွာ ကူညီပေးပါ့မယ်လို့ ကတိပေးပါတယ် "
ယဲ့ဖန်သည် ချောင်ရှင်းဂိုဏ်း၏ အခြေအနေကို မေးမြန်းရန် သူနှင့် ခဏကြာ စကားပြောခဲ့သည်။
ရှောင်ပင်း၏ ပြောကြားချက်အရ ကောင်းကျူမင်း သေဆုံးသွားပြီးနောက် ချောင်ရှင်းဂိုဏ်းသည် ချက်ချင်းပင် ပြိုလဲသွားခဲ့သည်။
သို့သော် လောလောဆယ်တွင် အဓိကအားဖြင့် အုပ်စုနှစ်စုခွဲထားသည်။
ဂိုဏ်းတစ်ခုက ကောင်းဟူက ဦးဆောင်ပြီး ကျန်အဖွဲ့ကို ရှုဟိုင်ပေါက ဦးဆောင်နေသည်။
သူတို့သည် ယခင် ကောင်းသူဌေး၏ ယုံကြည်စိတ်ချရသော လက်ထောက်ဖြစ်သည့်အပြင် ချောင်ရှင်းဂိုဏ်းတွင် ဂုဏ်သိက္ခာမြင့်မားသောကြောင့် လူအများစုသည် သူ့တို့နောက်သို့ ဆက်လက်လိုက်ရန် ဆန္ဒရှိကြသည်။
နောက်ပိုင်းတွင် ကောင်းကျူမင်း၏ စီးပွားရေးကိစ္စအချို့ကို ဖြေရှင်းကြရပြီး ငွေကြေးကိစ္စများကို ကိုင်တွယ်လာကြရသည်။
ထိုအခါ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြချေ။
လွန်ခဲ့သည့် နှစ်ရက်အတွင်း တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။
ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် ပေါ့ပါးစွာ ပြုံးလိုက်မိသည်။
ဘာအတွက် တိုက်ပွဲဝင်နေကြတာလဲ။
ဘာပဲဖြစ်ဖြစ် အဆုံးမှာ အားလုံးက သူ့အတွက်ပဲလေ။
ကောင်းကျူမင်းနဲ့ ရီမိသားစုကို သူ ကိုယ်တိုင် ဖယ်ရှားပစ်ခဲ့တာ အခြားသူအတွက် မင်္ဂလာဝတ်စုံ ဖန်တီးပေးဖို့မှ မဟုတ်တာ။
ရက်အနည်းငယ်ကြာပြီးသည်နှင့် ယဲ့ဖန်သည် သူ ရသင့်သည်များကို စတင်ယူရန် ပြင်ဆင်မည်ဖြစ်သည်။
အခြေအနေကို ရှင်းလင်းစွာ နားလည်ပြီးနောက် ချက်ချင်း လက်ကိုဝှေ့ယမ်းကာ သူတို့ကို ထွက်သွားခွင့် ပေးလိုက်သည်။
ရှောင်ပင်းနှင့် အခြားသူများသည် လွတ်ငြိမ်းချမ်းသာခွင့် ရပြီး ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။
ယဲ့ဖန်သည် ရှေးဟောင်းလမ်းထဲတွင် မနေတော့ချေ။
သူသည်ရှချူး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အေးဆေးစွာ ထွက်သွားသည်။
လမ်းပေါ်ရှိလူတိုင်းသည် သူတို့နှစ်ဦး၏ နောက်ကျောကို ကြည့်ကာ ခံစားချက်ပေါင်းများစွာဖြစ်ပေါ်လာသည်။
အထူးသဖြင့် ယဲ့ဖန်ထံမှ ရွှေဗုဒ္ဓရုပ်ပွားတာ်ကို ဝယ်ခဲ့သော လူလတ်ပိုင်းအရွယ်ယောက်ျားသည် သူ အလွန်စိတ်လှုပ်ရှားနေသည်။
" ငါက ဒီရွှေရုပ်ပွားတော်ကို ယဲ့လူကြီးမင်းဆီက ဝယ်ခဲ့တာဆိုတော့ ဒါကို ကုသိုလ်ကံထူးတယ်လို့ ယူဆရမှာမလား "
အခြားလူများက သူ့ကို မနာလိုစွာ ကြည့်ကြသည်။
ထိုကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်ကို သိခွင့်ရခြင်းက ငွေမည်မျှပင် သုံးရသည်ဖြစ်စေ ထိုက်တန်လေသည်။
" မိတ်ဆွေ၊ ဒီရွှေရုပ်ပွားတော်ကို ရောင်းပါလား။ မင်းက သန်း၃၀နဲ့ ဝယ်ထားတာ မဟုတ်လား။ ငါက ၃၅သန်းနဲ့ ဝယ်ချင်တယ် "
" ငါက ယဲ့လူကြီးမင်းကို သိခွင့်ရမယ်ဆို သန်း ၄၀နဲ့ ကမ်းလှမ်းမယ်။ ယဲ့လူကြီးမင်းက ယန်းချန်မှာ တကယ်အာဏာရှိတဲ့သူပဲ။ သူနဲ့ ရင်းနှီးရတာထက် ပိုတန်တာ မရှိဘူး "
" မင်းက သန်း ၄၀တည်းနဲ့ ယဲ့လူကြီးမင်းနဲ့ တွေ့ဖို့ အခွင့်အရေး ဝယ်ချင်တာလား။ ဒါက စိတ်ကူးယဉ်ဆန်တဲ့ အတွေးတစ်ခုသာသာပဲ။ ငါ သန်း၅၀နဲ့ လေလံဆွဲမယ် "
" သန်း၆၀နဲ့ လေလံဆွဲမယ် ...... "
အကယ်၍ ထိုလူအုပ်စုသည် သူနှင့် သိခွင့်ရရန် အရူးအမူး ငြင်းခုံ ပိုက်ဆံပေးနေကြသည်ကို ယဲ့ဖန်သိပါက သူသည် အတော်ဝမ်းသာနေမည်ဖြစ်သည်။
ထိုအချက်သာ သူ့အတွက် ရန်ပုံငွေရှာရန် ဖြတ်လမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
အပိုင်း ( ၇၁၁ )
ကောင်းကင်ဘုံမှ နတ်စေတမန်
ယဲ့ဖန်သည်ရှချူးနဲ့အတူ ထမင်းစားရန် အပြင်သို့ ခေါ်သွားဖို့ စီစဉ်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုသည် အလွန်ပြင်းထန်သောကြောင့် ရွှေ့ရန်ပင် မဖြစ်နိုင်ပေ။
အဆုံးမရှိသော ကားတန်းများကိုကြည့်ရင်း ယဲ့ဖန်သည်ရှချူးကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။
" အချိန်တိုအတွင်း လမ်းတွေကို ရှင်းဖို့ ခက်မယ်ထင်တယ်။ ကားထဲမှာ အဆာပြေမုန့်တွေရှိတယ်။ ဗိုက်ဆာရင် မင်းဗိုက်ကို အရင်ဖြည့်ထားလို့ ရတယ် "
ရှချူး ခေါင်းယမ်းလိုက်သည်။
" ဗိုက်မဆာသေးပါဘူး ....... "
သူမ၏ စကားမဆုံးခင်တွင် သူမဗိုက်မှ တဟုန်ထိုးအော်မြည်လာကာ ချက်ချင်းပင် ရှက်ရွံ့သွားရသည်။
ယဲ့ဖန်သည် သူမကို ကျီစယ်ရန် ပြင်လိုက်သော်လည်း ရုတ်ရုတ်သဲသဲဖြစ်နေသော လူတစ်စုကို ရုတ်တရက် မြင်လိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ မသိရပေ။
" ဘာဖြစ်တာလဲ "
ရှချူးသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" ဆင်းပြီး ကြည့်ကြရအောင် "
ယဲ့ဖန်က တွန့်ဆုတ်မနေချေ။
ချက်ချင်း တံခါးဖွင့်ပြီး ကားပေါ်ကဆင်းလိုက်သည်။
နှစ်ယောက်သား လူအုပ်ကြားထဲ တိုးဝင်လာသည့်အခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် အသက်ရှူကြပ်ပြီး ခရမ်းရောင်သန်းနေပြီ ဖြစ်သည်။
ထိပ်ပြောင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူမရှေ့တွင် ဒူးထောက်ကာ ငိုနေသည်။
" ဆရာဝန်ရှိလား။ ငါ့သမီးလေးကို မြန်မြန်ကယ်ပေးကြပါ ။ ငါ့သမီးလေး အသက်ဘေးက လွတ်မြောက်နိုင်ရင် ငါ ဆုငွေအများကြီး ပေးပါ့မယ် ...... "
လူတိုင်း၏ မျက်နှာပေါ်တွင် ကိုယ်ချင်းစာစိတ်ရှိနေသော်လည်း ဘေးမှ ရပ်ကြည့်ရန်သာ ရွေးချယ်ခဲ့ကြသည်။
ဘယ်သူမှ ဝင်မကူကြပေ။
ယဲ့ဖန်သည် ထိုကလေးမလေး၏ အခြေအနေသည် အလွန်စိုးရိမ်နေရကြောင်း မြင်လိုက်ရသည်။
သူ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ထထွက်လိုက်သည်။
" ကျွန်တော့်ကို ကြည့်ခွင့်ပြုပါ "
ထိပ်ပြောင်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အသက်ကယ်ကောက်ရိုးကို ကိုင်ထားသကဲ့သို့ သူ့လက်ကို ဆုပ်ကိုင်ထားသည်။
" မင်းက ဆရာဝန်လား "
ယဲ့ဖန်သည် သူ့အမေးကြောင့် အံ့အားသင့်သွားသည်။
" အိုး ..… ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး။ ဆေးပညာအကြောင်း နည်းနည်းပဲသိတာပါ "
လူလတ်ပိုင်းအရွယ်အမျိုးသားက ချက်ချင်းပင် တုံ့ဆိုင်းသွားသည်။
ယဲ့ဖန်၏ စွမ်းရည်နှင့် ပတ်သက်၍ သံသယရှိနေသည်မှာ ထင်ရှားလေသည်။
ဘေးပတ်ဝန်းကျင်မှ လူများကလည်း အေးစက်စွာ စကားပြောလာကြသည်။
" မင်းက ဆရာဝန်မဟုတ်ဘူးလေ။ ဘာလို့ မျက်စိစုံမှိတ်ပြီး လူတတ်ကြီး လုပ်ချင်နေရတာလဲ "
" ဟုတ်တယ် ကလေးအတွက် အခြေအနေဆိုးသွားရင် ဘယ်သူက တာဝန်ယူပေးမှာလဲ "
" ကိုယ့်ကိုယ်ကိုယ် စူပါဟီးရိုးတစ်ယောက်လို့ တကယ်ကြီး ထင်နေတာလား။ မင်းမှာ အစွမ်းအစမရှိရင် တတ်ချင်ယောင် ဆောင်မနေနဲ့ "
" လူငယ်လေး၊ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မကောင်းတာ မလုပ်နဲ့ ...... "
ထိပ်ပြောင်ဖြင့် သက်လတ်ပိုင်း အမျိုးသားသည် ချီတုံချတုံ ဖြစ်နေသည်။
ဒီလူငယ်လေးကို စမ်းကြည့်သင့်လား။
သို့သော် လူတိုင်း၏ စကားကို ကြားပြီးနောက်တွင် သူ့သမီး၏ အသက်ကို မစွန့်စားနိုင်ဟု ခံစားမိသည်။
" ညီလေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ တခြားသူတွေကို မေးလိုက်ဦးမယ် "
ထိုလူက ယဲ့ဖန်ကို ယဉ်ကျေးစွာ ပြုံးပြပြီး အကူအညီတောင်းရန် အခြားသူများကို လှည့်ကြည့်လိုက်သည်။
" ဆရာဝန်ရှိလား။ ငါ့သမီးကို လာကယ်ပါဦး ...... "
ယဲ့ဖန်က ပုခုံးတွန့်လိုက်သည်။
ခေါင်းကို ခါပြီး ခါးသက်စွာ ပြုံးလျက် နောက်ဆုတ်သွားခဲ့သည်။
ရှချူးက ချက်ချင်း လက်မထောင်ပြလိုက်သည်။
သူသည် အများကြီး မကူညီနိုင်လိုက်ပေမယ့် ထိုကဲ့သို့ အချိန်မျိုးမှာ ရှေ့ကို တက်လှမ်းရဲသည့် သတ္တိရှိသောကြောင့် ချီးကျူးစရာကောင်းလှသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် နောက်ထပ်မေးခွန်းအနည်းငယ် အော်မေးနေသော်လည်း မည်သူမျှ ရှေ့မတိုးလာခဲ့ပေ။
ထိုအချိန်တွင် ကလေးမလေး၏ အမူအရာသည် အလွန်အကျည်းတန်လာသည်။
သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်နေသည်။
သူမသည် အရေးကြီးသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိခဲ့သည်မှာ ထင်ရှားလေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပူနွေးသော ဒယ်အိုးပေါ်တွင် အကြော်ခံနေရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကြောက်ရွံ့နေသည်။
" ငါ့သမီးကို ကယ်တင်နိုင်တဲ့သူကို ၁၀ သန်းပေးမယ် ......… မဟုတ်ဘူး သန်း ၁၀၀ "
ဆိုရိုးစကားအရ ကြီးစွာသောဆုလာဘ်များအောက်တွင် ရဲရင့်သူများရှိပေလိမ့်မည်။
အေးစက်စွာကြည့်နေသော လူအုပ်ထဲမှ လူအနည်းငယ်သည် ချက်ချင်း ထထွက်လိုက်ကြသည်။
" ကျွန်တော်က ဆေးတက္ကသိုလ်က ဆရာပါ။ စမ်းကြည့်ပေးပါမယ် ....... "
" ကျွန်တော်က လာလီဂါဆေးရုံက သမားတော်ပါ။ ဆေးခန်းအတွေ့အကြုံ နှစ်၂၀ ရှိပါပြီ ....... "
" ကျွန်တော်က ကျုံကျင်းတရုတ်တိုင်းရင်းဆေးခန်းရဲ့ ဒါရိုက်တာပါ။ ကမ္ဘာကြီးကို ကူညီဖို့ ကျွန်တော့်မှာ အမြဲတမ်း တာဝန်ရှိပါတယ်။ တစ်ချက်လောက်ကြည့်ပါရစေ ...... "
" ........ "
ယဲ့ဖန်နှင့်ရှချူးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
သူတို့နှစ်ယောက် မထိန်းနိုင်ဘဲ ရယ်မိလိုက်သည်။
ဆုငွေ သန်း ၁၀၀သည် ရေထဲသို့ ဗုံးတစ်လုံးကျသွားသလို ဖြစ်ပြီး ငါးများနှင့် ပုစွန်များစွာကို ရေပေါ်သို့ ပေါလောပေါ်လာစေခဲ့သည်။
ခုနက သူတို့အားလုံးသည် သေချင်ယောင်ဆောင်နေခဲ့ကြသော်လည်း အခုအခါ အားလုံးက ကမ္ဘာကြီးကို ကူညီပေးရန် တာဝန်ရှိစွာဖြင့် ခုန်ပေါက်ထွက်လာကြသည်။
လူလတ်ပိုင်းအရွယ်ယောက်ျားသည် ယခုအချိန်တွင် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။
သူ့သမီးလေး၏ အခြေအနေကို ရှင်းပြမိတ်ဆက်ပေးရင်း လူတိုင်းအတွက် နေရာတစ်ခု ဖယ်ပေးခဲ့သည်။
" ကျွန်တော့်သမီးက လမစေ့ဘဲမွေးခဲ့တာပါ။ သူမ ကိုယ်ဝန် ခုနစ်လရှိချိန်မှာ မိခင်ဖြစ်သူက ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ သူမကို မွေးပြီး ဆုံးပါးသွားတဲ့အတွက် သူမရဲ့ ကိုယ်ခန္ဓာအခြေအနေက အမြဲတမ်း အားနည်းနေခဲ့တာပါ။ ဒီနှစ်တွေအတွင်း သူမကို ပြန်သက်သာလာစေဖို့ နည်းလမ်းတွေ ကြိုးစားခဲ့ပေမယ့် အကျိုးသက်ရောက်မှုက အတော်လေးနည်းခဲ့ပါတယ် ...... "
ဆရာဝန်များက သူပြောတာကို နားထောင်ပြီး စစ်ဆေးဖို့ ရှေ့ကို ဆက်သွားကြသည်။
" ဟူး၊ ဒီကလေးမလေးက လမစေ့ဘဲ မွေးလာတဲ့အတွက် သူမရဲ့ ကိုယ်တွင်းအင်္ဂါ အတော်များများက အပြည့်အဝ မဖွံ့ဖြိုးသေးဘူး။ သူမရဲ့ ကိုယ်ခန္ဓာက သာမန်လူတွေထက် ပိုဆိုးတာမလို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားတာပါ "
" သူမရဲ့ အခြေအနေကို ကြည့်လိုက်ရင် နှလုံးသွေးကြောကျဉ်းတာကို ခံစားနေရတယ်။ ငါတို့ သူမကို ဆေးရုံ ချက်ချင်း ပို့ရမယ် "
" ဒါပေမယ့် ယာဉ်ကြောပိတ်ဆို့မှုက အရမ်းပြင်းထန်နေတဲ့အတွက် ဆေးရုံကို အချိန်မီ မသွားနိုင်လောက်ဘူး "
" ငါ့ကိရိယာတွေ အကုန် ယူမလာမိတာ နှမြောစရာပဲ။ မဟုတ်ရင် ဒီပြဿနာလေးကို လွယ်လွယ် ဖြေရှင်းနိုင်မှာ ........ "
" ငါရောပဲ ...... "
သူတို့ထဲမှ အနည်းငယ်သည် အသံတိုးတိုးဖြင့် စတင်ဆွေးနွေးကြသော်လည်း မည်သူမျှ သူမအား အရူးအမူး ကယ်တင်ပေးရန် သတ္တိမရှိကြပေ။
အမှန်တွင် ဆုငွေ သန်း၁၀၀ကို ပေးနိုင်သူသည် အားကောင်းသည့် နောက်ခံရှိလိမ့်မည်။
ထိုလူ၏ သမီးကို ကယ်တင်ပါက ကောင်းလိမ့်မည်ဖြစ်သည်။
သို့သော် မတော်တဆဖြစ်ပါက သူတို့အပေါ် တာဝန်ကျလာလိမ့်မည်။
သူတို့ ဆွေးနွေးနေချိန်တွင် ထိုကလေးမလေး၏ အခြေအနေဟာ အကောင်းဘက် မရှိတော့ချေ။
သူမသည် ရင်ဘတ်လှုပ်ရှားခြင်း ရပ်တန့်သွားပြီး သူမ၏ အသက်ရှုသံကလည်း တဖြည်းဖြည်း ပို၍အားနည်းလာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက စကားမပြောရန် အမြန်တားလိုက်သည်။
" မင်းတို့ စကားပြောနေတာတွေ ရပ်လို့ရမလား။ ငါ့သမီးကို အရင်ကယ်ပါ "
ထိုလူများက သူ့ကို ဝေဖန်လာကြသည်။
" စိတ်လှုပ်ရှားမနေပါနဲ့။ ကုသနည်းကို အရင်ဆွေးနွေးကြည့်ရအောင် "
" မှန်တယ်။ သေရေးရှင်ရေးကို ဖြစ်သလို ကစားနေလို့ မရဘူး "
" ငါတို့က ကုသမှုအစီအစဉ်ကို အရင်မဆွေးနွေးဘဲ သူမကို ဖြစ်သလို ကယ်လိုက်မယ်ဆိုရင် ပိုဆိုးသွားလိမ့်မယ် "
" ခင်ဗျားသမီးရဲ့လုံခြုံရေးအတွက် လုပ်နေတာ ...... "
လူလတ်ပိုင်းအရွယ် အမျိုးသားသည် စိတ်ပူပန်နေသော်လည်း စိတ်အားထက်သန်မှုမှတပါး အခြားရွေးချယ်စရာမရှိပေ။
ထိုအချိန်တွင် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
" လူမိုက်တွေ။ မင်းတို့က လူကို ကယ်တင်ဖို့ ကြိုးစားနေတာရော ဟုတ်ရဲ့လား "
လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ ဖြောင့်မတ်ခြင်းအပြည့်ဖြင့် ထွက်လာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
သူ၏ ဖြောင့်မတ်သော ရောင်ဝါကို ကြည့်လျှင် သူသည် ကမ္ဘာမြေကြီးကို ကယ်တင်ရန် ကောင်းကင်မှ စေလွှတ်လိုက်သော နတ်စေတမန်တစ်ပါးဖြစ်သည်ဟု လူတိုင်း ယုံကြည်စေမည်ဖြစ်သည်။
လူမိုက်တွေဟု အခေါ်ခံလိုက်ရသော ဆရာဝန်များသည် ထိုလူကို ကြည့်ရင်း သူတို့ မျက်နှာတွင် အကျည်းတန်သည့် အမူအရာများ ပေါ်လာကြသည်။
တရုတ်ဆေးခန်း ဒါရိုက်တာဟု ကြွေးကြော်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီးအော်လိုက်သည်။
" မင်းက ဘယ်သူလဲ။ ဆေးအကြောင်းသိလို့လား။ နားမလည်ရင် ဒီမှာ လူတတ်ကြီး လာမလုပ်နဲ့ "
ထိုလူက ပြန်မပြောမီတွင် လာလီဂါဆေးရုံမှ သမားတော်က ဆက်ပြောသည်။
" ဒါ ယန်းချန်တတိယဆေးရုံရဲ့ ဒါရိုက်တာဟော် မဟုတ်ဘူးလား "
တရုတ်ဆေးခန်းမှ ဒါရိုက်တာဖြစ်သူက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" သူက အရမ်းနာမည်ကြီးလို့လား "
လာလီဂါမှ သမားတော်ဆေးဆရာက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။
" ဟုတ်တယ်၊ ဌာနညွှန်ကြားရေးမှူး ဟော်ရွမ်ပင်းက နှလုံးရောဂါဌာနရဲ့ အကြီးအကဲပဲ။ ယန်းချန်မြို့မှာ သူက ဒုတိယလို့ပြောရင် ပထမလို့ ပြောရဲတဲ့သူ ရှိမှာမဟုတ်ဘူး "
သူပြောပြီးသည်နှင့် အနုပညာရှင်ကို မြင်လိုက်ရသည့် ပရိတ်သတ်တစ်ယောက်လို အနားကို လျင်မြန်စွာ ရောက်သွားခဲ့သည်။
" ဒါရိုက်တာဟော်၊ ကျွန်တော်က လာလီဂါဆေးရုံရဲ့ သမားတော် ကျောက်ချီ ...... "
ရွမ်ပင်းက သူ့ကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေသည်။
" ဒီလိုပုံစံနဲ့ လူတွေကို ဘယ်လိုကယ်တင်နိုင်မှာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်လား "
ကျောက်ချီက ဘာမှ ပြန်မပြောရဲချေ။
မကျေနပ်ချက်ဖြင့် ခေါင်းကို အမြန်ငုံ့လိုက်သည်။
" အဓိကကတော့ ဒီကလေးရဲ့ အခြေအနေက နည်းနည်း ထူးခြားနေလို့ပါ။ ကျွန်တော်တို့က အဲ့တာကြောင့် သူမကို ဘာမှ မလုပ်ရဲဘူး "
အပိုင်း ( ၇၁၂ )
လူတွေပြောကြသည့် ဝမရှိဘဲ ဝိလုပ်ချင်သူ
ဟော်ရွမ်ပင်းသည် တခြားဘာမှ မပြောချေ။
သူသည် ထိုဆရာဝန်များကို ချက်ချင်း တွန်းထုတ်ကာ ကလေးမလေး၏ အခြေအနေကို စစ်ဆေးရန် ရှေ့တိုးခဲ့သည်။
ဆရာဝန်အချို့သည် ကျောနောက်သို့ လက်နှစ်ဖက်ယှက်လျက် ဘေးချင်းကပ်ရပ်ကာ သူ မည်သို့ကိုင်တွယ်မည်ကို သိလိုကြပြီး ရပ်ကြည့်နေသည်။
ထိပ်ပြောင်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ်ဖက်လူ၏ နောက်ခံအကြောင်း ကြားသောအခါ ပို၍ပင် အံ့အားသင့်ပြီး ပျော်ရွှင်သွားခဲ့သည်။
" ဌာနမှူး ကျွန်တော့်သမီးကို ကယ်တင်ပေးပါ။ သူ့အသက်ကို ကယ်နိုင်ရင် ဌာနမှူးကို ဆုငွေ သန်း ၁၀၀ ပေးမယ် "
ဟော်ရွမ်ပင်းသည် အခုမှ ရောက်လာတာဖြစ်ပြီး ဆုကြေးငွေအကြောင်းကို မကြားမိချေ။
ထိုစကားကို ကြားသောအခါ သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်း တုန်လှုပ်သွားသည်။
" ခင်ဗျား ...... တကယ်ပြောတာလား "
ထိုလူက သူ့အိတ်ကပ်ထဲမှ စီးပွားရေးလိပ်စာကတ်ပြားကို အမြန်ထုတ်လိုက်သည်။
" ကျွန်တော်က ကျန်းလိအားကစားပစ္စည်းကုမ္ပဏီရဲ့ ဥက္ကဌ ရှုကျန်းပါ။ စကားကို ပြန်မပြောင်းဘူးလို့ ကတိပေးတယ် "
ရွမ်ပင်းသည် လိပ်စာကတ်ကို ယူကာ ကြည့်လိုက်သည်။
သူ၏ မူလက တင်းမာနေသော အမူအရာသည် ချက်ချင်းပင် နူးညံ့သိမ်မွေ့လာသည်။
" ဥက္ကဌရှု၊ စိတ်မပူပါနဲ့။ သမီးလေးကို ကယ်တင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ် "
ရှုကျန်းသည် ချက်ချင်းပင် သူ့ကို စိတ်လိုလက်ရ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
ရွမ်ပင်းသည် တခြားဘာမှ မပြောဘဲ ကလေးမလေး၏ အခြေအနေကို စတင်စစ်ဆေးသည်။
ရှချူးက ယဲ့ဖန်ကို ချက်ချင်း တိုးတိုးလေး ပြောလိုက်သည်။
" ဒီဌာနမှူးက ကြည့်ရတာတော့ တော်တော် စိတ်ချရပုံပဲ။ ဟုတ်တယ်မလား "
ယဲ့ဖန် ခေါင်းညိတ် သဘောတူလိုက်သည်။
" ဌာနမှူးတစ်ယောက် ဖြစ်ဖို့ဆို သူ့မှာ အရည်အချင်းရှိရမယ် မဟုတ်လား "
ဟော်ရွမ်ပင်းသည် ထိုကလေးမလေး၏ အခြေအနေကို စစ်ဆေးပြီးနောက် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ပိတ်နေသော ယာဉ်ကြောကို မော့ကြည့်လိုက်သည်။
ထိုယာဉ်ပိတ်ဆို့မှုသည် အချိန်တိုအတွင်း ရှင်းလင်းရန် ခက်ခဲနေမည်ကို သူ စိုးရိမ်နေသည်။
" ဒီမှာ စက်ကိရိယာတွေ မရှိဘူး။ အရေးပေါ် ကုသမှုတွေပဲ လုပ်နိုင်တယ်။ မြန်မြန် လူနာတင်ကားကို ခေါ်လိုက်ပါ "
" ငါ သူတို့ကို ခေါ်ပြီးပြီ "
ရှုကျန်းက အမြန်ပြန်ဖြေသည်။
" ဒါပေမယ့် ဒီလိုလမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူနာတင်ယာဉ်က အချိန်တိုအတွင်း ဖြတ်သွားနိုင်မှာ မဟုတ်ဘူးတဲ့။ အဲ့တာကြောင့် ဌာနမှူးဟော်ကို အကူအညီတောင်းရတာပါ "
ဟော်ရွမ်ပင်းက တခြားဘာမှ မပြောတော့ချေ။
သူ့အင်္ကျီလက်တွေကို ပင့်တင်လိုက်ပြီး ကောင်မလေးအပေါ် CPR လုပ်ရန် ပြင်ဆင်လိုက်သည်။
ယဲ့ဖန်သည် ထိုမြင်ကွင်းကို မြင်သောအခါ အမြန်လှမ်းတားလိုက်သည်။
" CPR မလုပ်ပါနဲ့၊ ဒီကလေးရဲ့ နှလုံးနဲ့ အဆုတ်တွေက ပျက်စီးနေတယ်။ သူမရဲ့ ကိုယ်တွင်းအင်္ဂါတွေက အရမ်းလည်းနုနယ်တယ်။ CPRလုပ်တာက အရမ်းအန္တရာယ်များလိမ့်မယ် "
ဟော်ရွမ်ပင်းက လှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
" မင်းဘာသိလဲ။ ဒီကလေးမလေးက အသက်ရှုကြပ်လို့ သတိလစ်နေတာ။ အသက်ရှုမဝရင် ဘာဖြစ်မလဲ သိလား "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" သူမရဲ့အသက်ရှူမှန်အောင် ပြန်လုပ်ချင်တယ်ဆိုရင်တောင် ဒီနည်းလမ်းကို မသုံးသင့်ဘူး။ အရမ်းအန္တရာယ်များတယ် "
ဟော်ရွမ်ပင်းက ချက်ချင်း ရယ်မောလိုက်သည်။
" အဲ့တာဆို ငါ အသက်ရှူစက်သုံးချင်တယ်။ မင်းငါ့အတွက် တစ်ခုရှာပေး။ ရှာမတွေ့ဘူးဆိုလည်း ရွဲ့စောင်းပြောနေတာကို ရပ်လိုက်။ ငါ့နည်းပညာကို ငါယုံကြည်တယ်။ မတော်တဆ ထိခိုက်မှုတွေ ရှိလာမှာ မဟုတ်တာ သေချာတယ် "
အခြားဆရာဝန်များက ဌာနမှူးဟော်ကို ခြွင်းချက်မရှိ ပံ့ပိုးပေးကြသည်။
သူတို့က ယဲ့ဖန်ကို စတင်ပြီး ဆဲဆိုကြသည်။
" မင်းက ဆရာဝန်လား။ မဟုတ်ရင်လည်း တိတ်တိတ်လေး ဒုက္ခမရောက်အောင် ကူညီပေး "
" မင်းက ဌာနမှူးဟော်ထက်တောင် ပိုတော်နေလို့လား။ မင်းက ဘယ်ဆေးရုံကလဲ "
" သူက ဆရာဝန်မဟုတ်ဘူးလို့ ပြောလိုက်တယ်။ သူက အွန်လိုင်းမှာ ဆေးပညာ ဗဟုသုတ တစ်ခုခုကို သင်ယူခဲ့တာပဲ မဟုတ်လား "
" ဆေးပညာဗဟုသုတ တတ်မြောက်ထားရုံနဲ့ လူတစ်ယောက်ကို ဘယ်လိုကယ်တင်ရမလဲဆိုတာကို ဆရာဝန်ကို သင်ပေးရဲသေးတာလား။ ဘယ်လိုဟာသလဲ "
သူတို့တင်မကဘဲ အနီးနားရှိ လူအုပ်ကြီးကလည်း ယဲ့ဖန်ကို ရိုင်းစိုင်းစွာ ပြောဆိုလာကြသည်။
" ဟားဟားဟား၊ ဆေးပညာ အသိရှိတာနဲ့ လူနာတွေကို ဘယ်လို ကုသရမလဲဆိုတာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို သင်ပေးရဲသေးတာလား။ ဒါက ဒီနှစ်ထဲမှာ ကြားခဲ့သမျှထဲ ရယ်စရာအကောင်းဆုံးဟာသပဲ "
" ဒါက လူတွေ မကြာခဏ ပြောလေ့ရှိတဲ့ ဝ မရှိဘဲ ဝိလုပ်ချင်တဲ့ အာချောင်တတ်တဲ့သူ မဟုတ်လား။ ပြောတတ်တဲ့ ပါးစပ်ပေါက်ရှိတာနဲ့ ဖြေရှင်းနိုင်မယ်လို့ သူ တကယ်ထင်နေတာလား "
" သူ နာမည်ကြီးချင်လို့ ရူးသွားတာပဲ ဖြစမမယ် "
" ဒီလိုလူမျိုးက လူ့အဖွဲ့အစည်းကို ထိခိုက်စေရုံပဲ။ ဘာအကျိုးမှမရှိဘူး ...... "
ရှချူးသည် ယဲ့ဖန်ကို ကာကွယ်ပြောပေးလိုသော်လည်း သူမ မည်သို့ စတင်ရမည်ကို မသိပေ။
တကယ်တော့ ယဲ့ဖန်က သူ့ကိုယ်သူ အထင်ကြီးနေသည်ဟု သူမလည်း ခံစားခဲ့ရသည်။
သူသည် ဆေးကျောင်းသားမဟုတ်သောကြောင့် ပရော်ဖက်ရှင်နယ် ဆရာဝန်များကို လက်ညိုးထိုးပြသောအခါ သူ့ကို အခြားသူများက လှောင်ပြောင်လျှင် ခံရမည်ဖြစ်သည်။
လူတိုင်း၏ ဝေဖန်မှုကို ရင်ဆိုင်ရင်း ယဲ့ဖန်သည် သူ့ပါးစပ်ကို နာခံမှုရှိရှိသာ ပိတ်ထားလိုက်သည်။
သူ ပြောစရာရှိတာ ပြောပြီးပြီဖြစ်သည်။
နားထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ သူ့ကိစ္စမဟုတ်ပေ။
ရှုကျန်းက ဒေါသတကြီး စိုက်ကြည့်နေသည်။
သူ့သမီးသည် အသက်အန္တရာယ် ကျရောက်နေသည်ဖြစ်ရာ ထိုကောင်လေးက လူအုပ် အာရုံစိုက်ခံရရန် လုပ်နေသည်ကို မြင်ပြင်းကပ်မိလေသည်။
သူ့စိတ်ထဲမှ ဒေါသတွေကို မျိုသိပ်ရင်း ဌာနမှူးဟော်ကို ချက်ချင်း ပြန်လှည့်ကြည့်လိုက်သည်။
" ဌာနမှူးဟော် သူ့ကို စိတ်မပူနဲ့။ ဌာနမှူးရဲ့ နည်းလမ်းအတိုင်း ကုသပေးပါ။ ဌာနမှူးကို ယုံပါတယ် "
ဟော်ရွမ်ပင်းသည် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ကလေးမလေးအပေါ် CPR စတင်လုပ်ဆောင်သည်။
သူ့နည်းစနစ်သည် အလွန်စံထားစရာ ကောင်းသည်ဟု ပြောရမည်။
ကျောင်းသုံးစာအုပ် နည်းပညာဟုပင် ပြောလို့ရနိုင်သည်။
သင်ယူလိုစိတ်ရှိသော ဆရာဝန်အနည်းငယ်သည် သူ့ကို ချီးကျူးကြတော့သည်။
" ဌာနမှူးရဲ့ နည်းစနစ်က အရမ်းကောင်းတယ်။ ကျွန်တော့်လို ဆေးတက္ကသိုလ်မှာ ဆရာတစ်ယောက်ဖြစ်တာတောင် သူ့လောက်မတော်ဘူး "
" ဟုတ်တယ်လေ။ ဌာနမှူးဟော်က ဘယ်သူမလို့လဲ။ သူက နှလုံးရောဂါဌာနညွှန်ကြားရေးမှူး အကြီးအကဲတစ်ယောက်ပဲ။ သူ့ကို ကျွန်မရဲ့စံပြပုဂ္ဂိုလ်လို့ အမြဲသတ်မှတ်တယ် "
" ဌာနမှူးကို ဒီမှာ တွေ့ခွင့်ရတာက ဒီကလေးမရဲ့ ကံကြမ္မာပဲ "
" ဌာနမှူးရဲ့ အရည်အချင်းနဲ့ ဒီကလေးမလေးကို ကယ်တင်နိုင်မယ်လို့ ယုံကြည်တယ် "
လူတိုင်း စကားစမြည်ပြောနေကြစဉ်တွင် ကလေးမလေး၏ နဂိုက ဖျော့တော့နေသော မျက်နှာသည် တဖြည်းဖြည်း နီမြန်းလာသည်။
အားလုံးက ချက်ချင်းပင် ဝမ်းသာသွားကြသည်။
ဌာနမှူးဟော်၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုသည် ကလေးမလေး၏ အခြေအနေကို ဤမျှထိ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။
သို့သော် ယဲ့ဖန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
တစ်ခုခုတော့ ဆိုးတာတော့ ဖြစ်ကုန်တော့မယ်။