← Chapters

အပိုင်း ၇၁၇-၇၂၀

Vol. 36 Ch. 717-720

အပိုင်း ၇၁၇-၇၂၀

Vol. 36 Ch. 717-720

အပိုင်း ( ၇၁၇ )

မျက်နှာသာ မလိုချင်တော့ဘူးလား

" ကောင်းပါပြီ၊ ဒါဆို ပိုက်ဆံကို ယူလိုက်ပါ့မယ် "

ယဲ့ဖန်က သဘောတူ ခေါင်းညိတ်ပြီး ဘဏ်နံပါတ်ပေးလိုက်သည်။

ထိုအခါမှ ရှုကျန်းက ပျော်ရွှင်စွာ ပြုံးပြီး ကုသိုလ်ပြုလိုက်ရသလို ဖြစ်သွားသည်။

အခြားသူများကလည်း သူတို့အိတ်ကပ်ထဲကို ငွေဝင်လာသကဲ့သို့ အားရကျေနပ်စွာ ပြုံးနေကြသည်။

လူတိုင်းက ကျေနပ်နေသော်လည်း ဟော်ရွမ်ပင်းက မကျေနပ်ချေ။

သူက မျက်နှာထားမည်းမှောင်စွာဖြင့် ဒေါသတကြီး လမ်းလျှောက်လာသည်။

" ရှုလူကြီးမင်း၊ ကျွန်တော့်ရဲ့ ဆုကရော "

ရှုကျန်းက သူ့ကို ကြည့်လိုက်ပြီး အမူအရာက ခက်ထန်နေသည်။

" ဘာဆုလဲ "

" ခင်ဗျားရဲ့ သမီးကို ကယ်တင်ပေးရင် ဆုကြေးငွေ သန်း၁၀၀ပေးမယ်လို့ ပြောခဲ့တယ်လေ။ အခု ငြင်းချင်နေတာလား "

ဟော်ရွမ်ပင်းက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

ရှုကျန်းက နားကြားမှားသည်ဟု ထင်သွားသည်။

" တကယ်ပဲ ကတိပေးခဲ့တယ်။ ဒါပေမဲ့ ငါ့သမီးလေးကို ကယ်ခဲ့တာက ယဲ့လူကြီးမင်းလေ။ မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းက ငါ့သမီးလေးကို သတ်မိမတတ်တောင် ဖြစ်ခဲ့တာ။ မင်းနဲ့ စာရင်းတောင် မရှင်းရသေးတာကို မင်းက ငါ့ဆီက ဆုငွေတောင်းရဲတဲ့ သတ္တိရှိသေးတယ်လား "

အပြင်လူများကပင် ဟော်ရွမ်ပင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

" ဒီလောက် အရှက်မရှိတဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။ သူက သူများသမီးကို သတ်မိမလို ဖြစ်တာတောင် ရှေ့ထွက်ပြီး ပိုက်ဆံတောင်းရဲသေးတယ်လား။ ဘယ်လောက်တောင် မျက်နှာပြောင်လိုက်တဲ့သူလဲ "

" အရှက်မရှိချက်ကတော့ ကမ်းကုန်ပဲ။ ဒီလိုစကားမျိုးကို သူ ဘယ်လိုလုပ် ပြောထွက်တာလဲ "

" သူက ဆေးရုံကြီးတစ်ခုရဲ့ ဌာနမှူးမလား။ သူ့မျက်နှာ ဘယ်မှာလဲ။ မျက်နှာမလိုချင်တော့ဘူးလား "

" တကယ် မျက်လုံးတွေ နားတွေ ပွင့်သွားတာပဲ။ တောက အရမ်းကြီးလွန်းတယ်။ ငှက်တွေ အမျိုးစုံနေရောပဲ "

ဟော်ရွမ်ပင်းသည် လူတိုင်း၏ သရော်လှောင်ပြောင်မှုကို နားမကြားသလိုနေကာ ယုံကြည်ချက်ဖြင့် ဆက်လက်ပြောဆိုခဲ့သည်။

" မင်း ဘာသိလဲ။ မင်း သမီးက အသက်ပြန်ရှူတာ ငါ့ရဲ့ CPR ကြောင့်သာ မဟုတ်ရင် အဲ့ဒီငွေအပ်စိုက်နည်းနဲ့ မင်းရဲ့သမီးကို ကယ်တင်နိုင်မယ်ထင်လား။ ငါ့ရဲ့ လုပ်ဆောင်မှုတစ်ဝက်လောက်က ရောက်သွားတာ။ ဒီသန်း ၁၀၀ထဲက အနည်းဆုံး သန်း၅၀ ရသင့်တယ် "

ရှုကျန်းသည် ဆေးပညာကို လုံးဝ မသိနားမလည်ပေ။

ထို့ကြောင့် သူ့စကားများကို ကြားသည့်အခါ ကြောက်ရွံ့လာခဲ့သည်။

သူ့သမီးလေး နိုးလာတာက သူ့ရဲ့ CPRနဲ့ တကယ်ပဲ သက်ဆိုင်နေတာလား။

ဒီတစ်ခါတွင် ဆရာဝန်များပင် မနေနိုင်တော့ချေ။

" ဟော်ရွမ်ပင်း၊ မင်း အရှက်မမဲ့လွန်ဘူးလား။ မင်းရဲ့ CPRက ကောင်မလေးကို ထိခိုက်မိမတတ်ဖြစ်ခဲ့တာကို မင်းက ဒီလိုပြောရဲ့တဲ့ပါးစပ် ရှိသေးတာလား "

" ဆေးပညာမသိလို့ သူ့ကို အနိုင်ကျင့်လို့ရပေမဲ့ ငါတို့ကိုတော့ လိမ်လို့ မရဘူး။ ကလေးနိုးလာတာက ယဲ့နတ်ဆေးဆရာလေးရဲ့ ကျေးဇူးကြောင့်ပဲ။ မင်းနဲ့ ဘာဆိုင်လို့လဲ "

" အရင်က မင်းကို ငါ့ရဲ့စံပြပုဂ္ဂိုလ်လို့ တွေးခဲ့တာ။ မင်းက ဒီလောက် အရှက်မရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး "

" မင်းက ဆေးဘက်ဆိုင်ရာ ပညာရှင်တွေအတွက် အရှက်ရစရာပဲ။ ဒီအကြောင်းကို မင်းရဲ့ဆေးရုံကို အစီရင်ခံပြီး မင်းလို အညစ်အကြေးတွေကို ဆေးဘက်ဆိုင်ရာအဖွဲ့တွေကနေ ရှင်းပစ်မယ် "

ဟော်ရွမ်ပင်းသည် သူတို့ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် ရှုကျန်းကို လှည့်ကြည့်လိုက်သည်။

" ဘာပဲပြောပြော ပြောနိုင်ပေမယ့် ငါ့ရဲ့ ပါဝင်မှုကို ငြင်းလို့မရဘူး။ ဒီနေ့ မင်းရဲ့ကတိကို မဖြည့်ဆည်းပေးရင် မင်းကို လွှတ်မပေးဘူး "

ရှုကျန်းက သူ့ကို လှောင်ပြောင်လိုက်သည်။

" ဘာလဲ။ မင်းက ငါ့ကိုလုယက်ဖို့ စီစဉ်နေတာလား "

ဟော်ရွမ်ပင်းက ခြိမ်းခြောက်တဲ့ လေသံဖြသ့် ပြောသည်။

" ငါ ပိုက်ဆံလုယက်တယ်ဟုတ်တယ်။ ဒါပေမဲ့ မင်းလောက်တော့ အရှက်မမဲ့ဘူး။ ငါက စီးပွားရေးမလုပ်ပေမဲ့ ငါမှာ အဆက်အစပ်တွေ ရှိတယ်။ မင်းက သမာဓိမရှိဘဲ စီးပွားရေးလုပ်နေတယ်လို့ ငါ ပြောလိုက်ရင် ဘယ်သူက မင်းနဲ့ စီးပွားရေး လုပ်ရဲမှာလဲ "

ထိုစကားကို ကြားသည့်အခါ ရှုကျန်း၏ အမူအရာက ပြောင်းသွားသည်။

ဟော်ရွမ်ပင်းသည် ဆေးရုံကြီးတစ်ခု၏ ဌာနဒါရိုက်တာတစ်ဦး ဖြစ်နိုင်သောကြောင့် သူ၏ အဆက်အသွယ်များသည် အလွန်ကျယ်ပြန့်နေမည်ဖြစ်သည်။

ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ တစ်နေ့တွင် ဆရာဝန်၏ အကူအညီတောင်းရန် လိုအပ်သည်။

ထို့အပြင် နယ်ပယ်တစ်ခုရှိ နာမည်ကြီးဆရာဝန်ဖြစ်သော ဟော်ရွမ်ပင်းတွင် ဆင်းရဲချမ်းသာ လူနာများစွာရှိနိုင်သည်။

သေချာတာကတော့ သူ့မှာ အဆက်အသွယ်တွေ အများကြီးရှိနိုင်သည်။

အကယ်၍ သူသည် နေရာတိုင်းတွင် သူ့အကြောင်းကို မကောင်းကြောင်း တကယ် ဖြန့်လိုက်ပါက သူ၏ လုပ်ငန်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်မှာ သေချာသည်။

ဟော်ရွမ်ပင်း၏ အရှက်ကင်းမဲ့မှုအပေါ် အနီးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှ ဒေါသအလွန်ထွက်နေသော်လည်း သူတို့သည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ မလုပ်နိုင်ကြပေ။

အဆက်အသွယ်အရ ဆေးရုံဒါရိုက်တာနှင့် မယှဉ်နိုင်ကြပေ။

ရှုကျန်း သက်ပြင်းချကာ ကူကယ်ရာမဲ့ ဖြစ်နေသည်။

တစ်ဖက်လူမှ သူ့ကို ခြိမ်းခြောက်နေမှန်း သူသိသော်လည်း အပေးအယူလုပ်ရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။

စီးပွားရေးလောကတွင် နာမည်ဂုဏ်သတင်းက ငွေထက် ပိုအရေးကြီးလေသည်။

သူအပေးအယူလုပ်ခါနီးတွင် ယဲ့ဖန်က ပြောသည်။

" ဒါရိုက်တာက တတိယပြည်သူ့ဆေးရုံက ဒါရိုက်တာ ဟုတ်လား "

ဟော်ရွမ်ပင်းက သူ့ကို လှည့်ကြည့်သည်။

" ဟုတ်တယ် ဘာဖြစ်လို့လဲ "

ယဲ့ဖန်က ပေါ့ပါးစွာ ပြုံးလိုက်သည်။

" ခင်ဗျားတို့ ဆေးရုံရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချင်းကို သိတယ်။ ခင်ဗျား ဆက်ပြီး နှောင့်ယှက်နေရင် ခင်ဗျားအကြောင်း ကျုပ်ပြောပြလိုက်မယ်ဆို ယုံလား "

လော့ကျင်းယွမ်၏ ဇနီးသည် ကလေးမွေးဖွားရန် ဆေးရုံသွားခဲ့သည့်အခါ လက်ထောက်ညွှန်ကြားရေးမှူးချင်းသည် သူ့ကို ဆရာဝန်အဖြစ် ကမ်းလှမ်းခဲ့သော်လည်း သူက ငြင်းဆိုခဲ့သည်။

သူတို့နှစ်ယောက် အရင်က တစ်ကြိမ်တွေ့ဖူးပြီးဖြစ်၍ ဟော်ရွမ်ပင်းကို ခြောက်ဖို့ ပြောနေတာ မဟုတ်ချေ။

ဟော်ရွမ်ပင်းသည် အစကတော့ ထိတ်လန့်သွားသည်။

ဒုတိယညွှန်ကြားရေးမှူးချင်းသည် သူ၏ အထက်လူကြီးဖြစ်ပြီး ဒီနှစ်အတွင်း ဒါရိုက်တာရာထူးသို့ တိုးမြှင့်ခံရမည်ဟု မျှော်လင့်နေသည်။

ထိုအခါ သူသည် လက်ထောက်ညွှန်ကြားရေးမှူးရာထူးကို ယှဉ်ပြိုင်ခွင့်ရရှိလာမည် ဖြစ်သည်။

သူ့ရှေ့ရှိ ဒီလူငယ်သည် ဒုညွှန်ကြားရေးမှူးချင်းကို တကယ်ပဲ သိနေခဲ့လျှင် ထိုကိစ္စက ပေါ့ပေါ့တန်တန် လုပ်မရပေ။

သို့သော် တစ်ဖက်သား၏ စကားတစ်ခုကြောင့်ဖြင့် ဤမျှကြီးမားသော ဆုလာဘ်ကို စွန့်လွှတ်ရန် ဆန္ဒမရှိပေ။

ခဏလောက်စဉ်းစားပြီး နောက်ဆုံးတွင် ရေအတိမ်အနက်ကို အရင်စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

" မင်း ငါတို့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချင်းကို သိတာလား။ ဒါဆို ငါတို့လက်ထောက်ညွှန်ကြားရေးမှူးချင်းရဲ့ နာမည်ကို မင်းသိလား "

ယဲ့ဖန်သည် သူ့မေးခွန်းကြောင့် ချက်ချင်းပင် အံ့အားသင့်သွားသည်။

သူသည် ထိုလက်ထောက်ညွှန်ကြားရေးမှူးချင်း၏ အမည်ကို အမှန်တကယ်ပင် မသိခဲ့ပေ။

ဟော်ရွမ်ပင်းသည် သူ့အမူအရာကို မြင်ပြီး လျှောက်ပြောနေသည်ဆိုတာကို ချက်ချင်းအတည်ပြုလိုက်သည်။

" ဟားဟားဟား၊ မင်းက လက်ထောက်ညွှန်ကြားရေးမှူးချင်းရဲ့နာမည်ကိုတောင် မသိဘူးဘဲ။ အဲ့တာတောင် လက်ထောက်ညွှန်ကြားရေးမှူးချင်းကို သိတယ်လို့ ပြောရဲသေးတာလား။ ကြွားလုံးထုတ်တဲ့အခါ အခြေအနေကြည့်ရတယ် "

" မင်း ငါတို့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချင်းကို သိရင်တောင် ဘာလုပ်ရမှာလဲ။ ငါ ဟော်ရွမ်ပင်းက မကြောက်တတ်ဘူး။ မယူသင့်တဲ့အရာအတွက် တစ် ရာခိုင်နှုန်းတောင်း မယူဘူး။ ဒါပေမယ့် ယူသင့်တဲ့အရာအတွက် တစ် ရာခိုင်နှုန်းတောင် လျှော့ယူမှာ မဟုတ်ဘူး။ လက်ထောက်ညွှန်ကြားရေးမှူးချင်း လာတယ်ဆိုရင်တောင် ငါ ပြောရဲတယ် "

သူ၏ စကားများသည် စူးရှပြီး အားကောင်းကာ ရှိနေသူအားလုံးကို ချက်ချင်း ထိတ်လန့်သွားစေသည်။

ရှုကျန်း သက်ပြင်းချလိုက်သည်။

သူက ခေါင်းကိုမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ကျေးဇူးရှင်လေးယဲ့၊ မေ့လိုက်ပါတော့။ ကျွန်တော် သူ့ကို သန်း ၅၀ ပေးလိုက်မယ်။ ဒီထက်ပိုပြီး ပြဿနာဖန်တီးဖို့ မလိုပါဘူး "

ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်သည်။

ဟော်ရွမ်ပင်းကို ပြုံးပြလိုက်သည်။

" ကောင်းပြီ၊ ယူသင့်လား၊ မယူသင့်ဘူးလားဆိုတာကို လက်ထောက်ညွှန်ကြားရေးမှူးချင်းက ဆုံးဖြတ်ပါစေ "

ယဲ့ဖန်က စကားပြောနေရင်းနှင့် ချက်ချင်းပင် ဖုန်းကို ထုတ်လိုက်သည်။

အပိုင်း ( ၇၁၈ )

ကံကံ၏အကျိုး

ယဲ့ဖန်တွင် လက်ထောက်ညွှန်ကြားရေးမှူးချင်း၏ ဖုန်းနံပါတ်မရှိသော်လည်း သူ့တွင် ဒေါက်တာကျန်းဝမ်ရုံ၏ WeChatရှိနေသည်။

သူက ချက်ချင်း WeChat မက်ဆေ့ခ်ျပို့လိုက်ပြီး လက်ထောက်ညွှန်ကြားရေးမှူးချင်း၏ ဖုန်းနံပါတ်ကို ပို့ပေးဖို့ တောင်းဆိုလိုက်သည်။

ကျန်းဝမ်ရုံထံမှ သတင်းမကြားတာ အတော်ကြာပြီဖြစ်သည်။

သူမ အလုပ်များနေတာလား။

ဟော်ရွမ်ပင်းက ယဲ့ဖန် ယောင်ဝါးဝါးဖြစ်နေမှန်း ပိုသေချာသွားသည်။

" ဘာလို့လဲ။ လက်ထောက်ညွှန်ကြားရေးမှူးချင်းရဲ့ ဖုန်းနံပါတ်ကို မသိဘူးလား။ သူ့ဖုန်းနံပါတ်ကို ပေးရဦးမလား "

ယဲ့ဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ နံပါတ်ပြော "

ဟော်ရွမ်ပင်းသည် သူ့စိတ်ထဲမှ လှောင်ရယ်နေသည်။

ဒီတစ်ယောက် ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲဆိုတာ သူ သိချင်နေမိသည်။

သူသည် လက်ထောက်ညွှန်ကြားရေးမှူးချင်း ၏ ဖုန်းနံပါတ်ကို ချက်ချင်း ရှာတွေ့ခဲ့သည်။

" ၁၃၉၂၄၄၅ ....... "

လူအုပ်ကြီးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ထိုမြင်ကွင်းက တကယ်ကို ရယ်စရာကောင်းလေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်မှ တစ်ယောက်အား တိုင်ကြားမည်ဖြစ်ပြီး အတိုင်ခံရမည့်သူက တိုင်မည့်သူကို ဖုန်းနံပါတ်ပေးနေခဲ့သည်။

ဘယ်လို လူထူးဆန်းတွေလဲ။

ယဲ့ဖန်သည် ဖုန်းနံပါတ်ကို လက်ခံရရှိပြီးနောက် သူသည် ဟော်ရွမ်ပင်းအား သဘောကျစွာပြုံးပြကာ နံပါတ်ကို ခေါ်ဆိုလိုက်သည်။

မကိုင်ခင်တွင် ဖုန်းက နှစ်ကြိမ် မြည်သွားသည်။

လက်ထောက်ညွှန်ကြားရေးမှူးချင်း၏ အသံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

" ဘယ်သူလဲ "

ယဲ့ဖန်က သူ့ကိုယ်သူ ချက်ချင်းမိတ်ဆက်လိုက်သည်။

" မင်္ဂလာပါ၊ လက်ထောက်ညွှန်ကြားရေးမှူးချင်း။ ကျွန်တော်က ယဲ့ဖန်ပါ "

ဆေးရုံ၏ ဒုတိယညွှန်ကြားရေးမှူးချင်းသည် အံ့အားသင့်သွားသည်။

" ယဲ့ဖန်လား "

ယဲ့ဖန်က သူ့ကို ချက်ချင်း သတိပေးလိုက်သည်။

" ဟိုတလောက သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးက ကလေးမွေးတော့ တစ်ခါတွေ့ခဲ့သေးတယ်လေ ....... "

လက်ထောက်ညွှန်ကြားရေးမှူးချင်းသည် ချက်ချင်း သတိရသွားသည်။

တကယ် ထိုအဖြစ်အပျက်သည် နှစ်ပေါင်းများစွာအတွင်း သူ ပထမဆုံး ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော အဖြစ်အပျက်ဖြစ်လေသည်။

မမှတ်မိဖို့ကပင် ခက်လေသည်။

" အိုး၊ မင်းလား။ ဘာလို့လဲ။ ငါ့အလုပ်ကို လက်ခံဖို့ ဆန္ဒရှိလာပြီလား "

" အဲ့တာ မဟုတ်ဘူး။ ခင်ဗျားကို ပြောစရာရှိတယ်။ ခင်ဗျားရဲ့ ဆေးရုံဒါရိုက်တာတစ်ယောက်နဲ့ သက်ဆိုင်နေတယ် "

" ကျေးဇူးပြုပြီးပြောပါ "

" ဒီလိုပါ ...... "

ယဲ့ဖန်သည် အစောက ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်း ပြန်ပြောပြသည်။

ဟော်ရွမ်ပင်း အံ့ဩသွားသည်။

ဒီကောင်က လက်ထောက်ညွှန်ကြားရေးမှူးချင်းကို တကယ် သိနေတာလား။

သူ့ကိုယ်သူ ကျော့ကွင်းထဲ တိုးဝင်မိတာလား။

ထိုအချိန်တွင် ယဲ့ဖန်သည် ဇာတ်လမ်းတစ်ခုလုံးကို ပြောပြီးသွားခဲ့ပြီဖြစ်သည်။

သူသည် မည်သည့် အပိုစကားများကိုမှ မပြောဘဲ စီရင်ဆုံးဖြတ်ရန် ဒုတိယညွှန်ကြားရေးမှူးချင်းဆီကို အပ်ထားခဲ့သည်။

လက်ထောက်ညွှန်ကြားရေးမှူးချင်းသည် ထိုစကားကို ကြားသောအခါ သူသည် ဒေါသတကြီးဖြစ်သွားသည်။

" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ ကျေနပ်လောက်တဲ့ အဖြေတစ်ခုကို ပေးပါ့မယ်။ အခု ဖုန်းကို ဟော်ရွမ်ပင်းကို ပေးလိုက်ပါ "

ယဲ့ဖန်က တခြားဘာမှ မပြောချေ။

သူ့ဖုန်းကို စပီကာ ချက်ချင်းဖွင့်လိုက်သည်။

ဟော်ရွမ်ပင်းက စိတ်မသက်မသာနှင့် လျှောက်သွားသည်။

" လက်ထောက်ညွှန်ကြားရေးမှူးချင်း ..... "

သူ့စကား မပြီးမီတွင် လက်ထောက်ညွှန်ကြားရေးမှူးချင်း၏ ဒေါသသံကို ကြားလိုက်ရသည်။

" ဟော်ရွမ်ပင်း၊ မင်း ဘယ်လိုလုပ်ပြီး ပိုက်ဆံတောင်းရဲရတာလဲ။ မင်းက ဆရာဝန်လား၊ ဓားပြလား "

ဟော်ရွမ်ပင်း တုန်လှုပ်သွားသည်။

" လက်ထောက်ညွှန်ကြားရေးမှူးချင်း၊ အဲ့လို မဟုတ်ဘူး။ သူ့ကလေးကို ကယ်တင်ပေးရင် ဆုငွေ ယွမ်သန်း၁၀၀ပေးမယ်လို့ ကတိပေးခဲ့တာ ...... "

လက်ထောက်ညွှန်ကြားရေးမှူးချင်းသည် ပို၍ပင် ဒေါသထွက်လာသည်။

" မင်းပါးစပ်က အဲ့လို ပြောရဲသေးတာလား။ ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေကို ကုသပြီး ကယ်တင်ဖို့က မင်းတာဝန်ပဲ။ မင်းက ဘယ်လိုဆုတွေ ရချင်သေးတာလဲ "

" ကျွန်တော် ဆေးရုံမှာ မဟုတ်ဘူး "

ဟော်ရွမ်ပင်းက ဖြောင့်မတ်စွာ ပြန်ပြောသည်။

" အနီရောင်အထုပ်ကို လက်ခံဖို့ မစဉ်းစားထားပါဘူး။ ထိုက်တန်တဲ့ ငွေကြေးရဖို့ပဲ မျှော်လင့်တာပါ "

လက်ထောက်ညွှန်ကြားရေးမှူးချင်းက သူ့ကြောင့် ဒေါသ ပိုဖြစ်သွားသည်။

" တရားမျှတတဲ့ ဆုလာဘ်တဲ့လား။ မင်းရဲ့အမှားကြောင့် ဒီကလေးက သေမတတ်ဖြစ်ခဲ့တာ။ မင်းက တခြားသူတွေကို လှည့်စားနိုင်ပေမယ့် မင်းငါ့ကိုတော့ လှည့်စားနိုင်မလား။ ယဲ့လူကြီးမင်းက အချိန်မီကုသပေးတာကြောင့်သာ မဟုတ်ရင် ဒီတစ်ကြိမ် မင်းတရားစွဲခံရမှာ သေချာတယ်။ ကျေးဇူးတင်ရကောင်းမှန်း မသိရင်လည်း ရတယ်။ ဒါပေမယ့် မင်းက ပြဿနာရှာရဲသေးတာလား။ မင်းက လူမှဟုတ်ရဲ့လား "

ဟော်ရွမ်ပင်းသည် သူ၏ အတွေးများကို တစ်ဖက်က ထုတ်ဖော်သွားခဲ့သောကြောင့် သူ့အမှားကို ချက်ချင်း ဝန်ခံခဲ့သည်။

" လက်ထောက်ညွှန်ကြားရေးမှူးချင်း၊ ကျွန်တော် ...... ကျွန်တော် မှားမှန်းသိပါတယ်။ အများဆုံးအနေနဲ့ ဆုငွေ မတောင်းတော့ပါဘူး "

လက်ထောက်ညွှန်ကြားရေးမှူးချင်းက ချက်ချင်း လှောင်ပြောင်လိုက်သည်။

" မင်းရဲ့အမှားကို သိရုံနဲ့ လုံလောက်မလား။ မင်းရဲ့ အကျင့်စာရိတ္တကြောင့် မင်းက ငါတို့ဆေးရုံမှာ အလုပ်လုပ်ဖို့ မသင့်တော်တော့ဘူး။ မင်းရဲ့ နုတ်ထွက်မှု လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ဖို့ ဆေးရုံကို အမြန်လာခဲ့ "

ဟော်ရွမ်ပင်း အံ့သြသွားသည်။

" လက်ထောက်ညွှန်ကြားရေးမှူးချင်း၊ ကျွန်တော် အမှားလေးတစ်ခုပဲ လုပ်ခဲ့တာပါ။ ဒီလောက်ကြီးထိ လုပ်ရမှာလား "

လက်ထောက်ညွှန်ကြားရေးမှူးချင်း၏ အသံသည် အေးစက်သွားသည်။

" မင်းအမှားရဲ့ အတိမ်အနက်ကို မင်းအခုထိ နားမလည်သေးဘူး ထင်တယ်။ မင်းက ဆရာဝန်ဖြစ်ဖို့ မထိုက်တန်တော့ဘူး။ မင်းလိုလူရဲ့ ဆေးဘက်ဆိုင်ရာ အရည်အချင်း လက်မှတ်ကို ရုပ်သိမ်းဖို့ တောင်ပိုင်းကွမ်တုန်းကျန်းမာရေးအဖွဲ့အစည်းကို ငါ အဆိုပြုမယ် "

ဟော်ရွမ်ပင်း ချက်ချင်းပင် စိုးရိမ်လာသည်။

" လက်ထောက်ညွှန်ကြားရေးမှူးချင်း၊ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာလား။ ကျွန်တော် ..... အများဆုံးအနေနဲ့ သူတို့ကို တောင်းပန်လိုက်မယ်။ ခင်ဗျား ဒီလိုလုပ်လို့မရဘူး ....... "

လက်ထောက်ညွှန်ကြားရေးမှူးချင်းက သူ့ရှင်းပြတာကို နားမထောင်ချေ။

" ငါ စိတ်ထဲ ထားလိုက်ပြီ။ မင်းပြောစရာရှိရင် မင်းကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ဆေးအဖွဲ့အစည်းကို သွားတွေ့နိုင်တယ် "

ဟော်ရွမ်ပင်း၏ ခြေထောက်များ အားနည်းသွားကာ မြေပေါ်သို့ လဲကျသွားသည်။

လက်ထောက်ညွှန်ကြားရေးမှူးချင်း ၏ ဂုဏ်သိက္ခာအရ သူသည် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းသို့ အဆိုပြုပါလိုက်က အသင်းဘက်မှ အတည်ပြုပေးနိုင်ဖွယ်ရှိသည်။

ထို့အပြင် သူသည် ဤတစ်ကြိမ်တွင် အမှန်ပင် မှားယွင်းခဲ့သောကြောင့် အကြောင်းအရာများကို လိမ်လည်လှည့်ပတ်ရန် ဖြစ်နိုင်ခြေ နည်းလှသည်။

တစ်နည်းဆိုရလျှင် သူ၏ အနာဂတ်သည် လုံးဝ ပျက်စီးသွားပြီဖြစ်ပြီး ဆေးပညာကို နောက်ထပ် မထိတွေ့နိုင်တော့ပေ။

ထိုမြင်ကွင်းကို လူအုပ်ကြီးက မြင်ပြီး ချက်ချင်း ဝမ်းသာသွားကြသည်။

" အဲ့တာ အရမ်းကောင်းတယ်။ ဒီလိုလူစားမျိုးကို ဆေးပညာလက်မှတ် သိမ်းသင့်တာ ကြာပြီ။ အဲ့တာမှ အပြင်ကို ထွက်မလာဘဲ လူတွေကို ဆက်ပြီး ဒုက္ခမပေးမှာ "

" သူက တခြားသူတွေကို ခြိမ်းခြောက်ဖို့ သူ့အဆက်အသွယ်တွေကို သုံးချင်နေသေးတယ်။ အခု သူ ဆရာဝန် မဟုတ်တော့ရင် ဘယ်သူက သူ့ကို မျက်နှာပေးမှာလဲ "

" တန်တယ်။ သူ့ကို ဘယ်သူက အရှက်မရှိ ပိုက်ဆံတောင်းရမယ်လို့ ပြောထားလို့လဲ။ နတ်ဆေးဆရာလေးယဲ့က သူ့ကို သွယ်ဝိုက်ပြီး ကယ်တင်ခဲ့တာတောင် ကျေးဇူးတင်ရမှန်း မသိဘဲ ဆုလာတောင်းဖို့ ထွက်လာရဲသေးတယ်။ ဘယ်လောက်အရှက်မဲ့လဲ "

" ကောင်းတဲ့သူက ကောင်းကျိုးရပြီး ဆိုးတဲ့သူက အဆိုးနဲ့ ကြုံလိမ့်မယ် "

" ဟားဟားဟား၊ ငါ ကံကံ၏အကျိုးကို ပြန်ပြီး ယုံကြည်လာပြီ ........ "

လူတိုင်း၏ စကားများသည် ဟော်ရွမ်ပင်း၏ နှလုံးသားထဲသို့ စူးရှသော ဓားတစ်ချောင်းလာစိုက်သကဲ့သို့ တူနေသည်။

သူ၏ဂုဏ်သတင်းက လုံးဝပျက်စီးသွားပြီဖြစ်သည်။

အနာဂတ်တွင် ယန်းချန်မြို့၌ သူ့အတွက် နေရာ မရှိနိုင်တော့ပေ။

လက်ထောက်ဒါရိုက်တာချင်းက ဖုန်းထဲမှ ဝမ်းသာအားရသံများကို ကြားရပြီး ဟော်ရွမ်ပင်း ဘယ်လောက်လုပ်ခဲ့သည်ဆိုတာကို သိလိုက်ရသည်။

သူက ချက်ချင်း သေသေချာချာ မေးလိုက်သည်။

" လူကြီးမင်း၊ ကျွန်တော့်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို ကျေနပ်ပါရဲ့လား "

ယဲ့ဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" အရမ်းကျေနပ်ပါတယ်။ လက်ထောက်ညွှန်ကြားရေးမှူးချင်းက ဖြောင့်မတ်ပြီး သမာသမတ်ကျတာပဲ။ ဒါက လူနာတိုင်းအတွက် ကံကောင်းမှုကြီးပဲ "

ယဲ့ဖန်၏ ကျေးဇူးစကားကို ကြားပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူးချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ဒါဆို ယဲ့လူကြီးမင်း၊ ဆေးရုံကို လာဆေးကုသပေးဖို့ စဉ်းစားချင်လား ....... "

" ဟယ်လို .... ဟယ်လို တောင်းပန်ပါတယ်၊ အချက်ပြလိုင်းက သိပ်မကောင်းဘူး။ ကျွန်တော် အရင်ဖုန်းချလိုက်မယ် ...... "

ယဲ့ဖန်က အမြန် ဖုန်းချလိုက်သည်။

ဒါက ဘယ်လိုဟာသမျိုးလဲ။

သူလို ဘီလီယံပေါင်းများစွာတန်တဲ့ သူဌေးကြီးတစ်ယောက်ကို ဆရာဝန်လုပ်ခိုင်းရသလား။

သူတကယ်ပဲ စဉ်းစားလို့ မရဘူး။

ဟော်ရွမ်ပင်းက သူ့ကို အသနားခံနေတဲ့ မျက်နှာနှင့် ကြည့်လေသည်။

" နတ်ဆေးဆရာလေးယဲ့ ........ "

သူသည် ယဲ့ဖန်မှ သူ့အတွက် လက်ထောက်ညွှန်ကြားရေးမှူးချင်းကို စကားကောင်း ပြန်ပြောပေးပြီး သူ့ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုချင်နေသည်။

သို့သော် ယဲ့ဖန်က သူ့ကို မကြည့်တော့ချေ။

တစ်ဖက်ကို လှည့်လိုက်ပြီး အခြေအနေကို စစ်ဆေးရန် ကလေးမလေးဆီ လျှောက်သွားသည်။

ကလေးမလေးက အခုမှ ထနိုင်ရုံသာဖြစ်သည်။

သူမအသက်ရှူသံက ညီညာနေပြီး သူမ၏မျက်လုံးကြီးတွေက ယဲ့ဖန်ကို စုန်ချည်ဆန်ချည် ကြည့်နေသည်။

ယဲ့ဖန်သည် သူမ၏ နာမကျန်းဖြစ်နေသော အမူအရာကို မြင်လိုက်ရပြီး ချက်ချင်းပင် သူမကို သနားသွားသည်။

" နာမည်ဘယ်လိုခေါ်လဲ "

ကောင်မလေးက "ရှုမန်"ဟု မဝံ့မရဲဖြေသည်။

ယဲ့ဖန်အနည်းငယ် ခေါင်းညိတ်လိုက်သည်။

" ဘယ်နေရာမှာ နေမကောင်းဖြစ်နေသေးလဲ "

ရှုမန်က စိတ်ပူနေသော သူမအဖေကို ကြည့်ကာ ချက်ချင်း ခေါင်းခါလိုက်သည်။

" မဟုတ်ဘူး၊ သမီး အခုနေကောင်းပါတယ်။ ဖေဖေ၊ မန်မန်အတွက် စိတ်မပူပါနဲ့ "

သမီးဖြစ်သူ၏ ဉာဏ်ရည်ထက်မြက်သော စကားကိုကြားသောအခါ ရှုကျန်း၏ မျက်လုံးများသည် မျက်ရည်များဝဲလာရသည်။

" မန်မန်၊ ဒီဖေဖေက အသုံးမဝင်လို့ သမီးလေးက ဒီလိုရောဂါ ခံစားနေရတာပါ ....... "

ရှုမန် ချက်ချင်း ထိတ်လန့်သွားသည်။

" ဖေဖေ၊ မငိုနဲ့။ မန်မန် နေကောင်းပါတယ် "

ရှုကျန်းသည် သူ့မျက်ရည်များကို အမြန်သုတ်လိုက်ပြီး အားမာန်ပြည့်သော ဖခင်တစ်ယောက်၏ ပုံရိပ်ကို ပြန်လည်ရရှိခဲ့သည်။

အပိုင်း ( ၇၁၉ )

ထူးချွန်တာကို ဝန်ခံလိုက်

ယဲ့ဖန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

" ရှုလူကြီးမင်း၊ ကျွန်တော့်ကို WeChat မှာ ထည့်ပေးပါ "

ရှုကျန်းက ဘာတွေဖြစ်နေလဲဆိုတာကို မသိသော်လည်း ယဲ့ဖန်၏ WeChatကို အမြန်ထည့်လိုက်သည်။

ယဲ့ဖန်က ဆေးစာတစ်ခုရေးပြီး သူ့ဆီပို့လိုက်သည်။

" ကျွန်တော်ရဲ့ ဆေးစာအတိုင်း လူကြီးမင်းရဲ့ သမီးလေးကို မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ် တိုက်လိုက်ပါ။ တစ်လခွဲကြာပြီးရင် သူမခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက သိသိသာသာ တိုးတက်လာပါလိမ့်မယ်။ အနည်းဆုံးတော့ ဒီနေ့လို အခြေအနေက ထပ်မဖြစ်တော့ဘူး "

ရှုကျန်းသည် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။

" မင်းပြောတာ အမှန်ပဲလား "

သူ့သမီးလေးသည် လမစေ့ဘဲ မွေးခဲ့ရသောကြောင့် အကြိမ်ပေါင်းများစွာ နေမကောင်းဖြစ်ခဲ့ရသည်။

သူမကို နိုင်ငံတဝှမ်းရှိ ဆေးရုံများဆီသို့ ပို့ဆောင်ကုသခဲ့သော်လည်း လုံးဝပျောက်ကင်းအောင် မကုသနိုင်ခဲ့ပေ။

ယဲ့ဖန်၏ စကားကိုကြားလိုက်သည်နှင့် သူသည် အလွန်ပျော်ရွှင်သွားသည်။

သို့သော် ယဲ့ဖန်သည် သူ့သမီး၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေ လုံးဝတိုးတက်ကောင်းမွန်လာစေနိုင်ပြီး သူမ၏ ရောဂါသည် ပြန်မဖြစ်နိုင်ကြောင်းကိုပင် အာမခံခဲ့သည်။

ထိုအရာက သူ အိပ်မက်တောင် မမက်ရဲသည့် အရာဖြစ်လေသည်။

ယဲ့ဖန်က သူသံသယဖြစ်နေသေးသည်ကို မြင်လိုက်ရပြီး နှုတ်ခမ်းကို လှုပ်ရုံမျှသာ ပြောလိုက်သည်။

" ခင်ဗျား ကျွန်တော့်ကိုမယုံရင်လည်း ဘာမှမပြောဘူးဆိုပြီး မေ့လိုက် "

ရှုကျန်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ငါမင်းကို ယုံပါတယ်၊ မင်းကိုယုံတယ်။ မင်းရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ငါ ၁၀၀ရာခိုင်နှုန်း ယုံကြည်တယ်။ ဒါပေမယ် ..… ဒီလိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး ....... "

သူက စကားပြောရင်းနှင့် ငိုမိပြန်သည်။

ရှချူးသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်လိုက်သည်။

လက်ရှိ ယဲ့ဖန်၏ပုံစံက အရင်ကထက် ပိုချစ်စရာကောင်းနေလေသည်။

ယဲ့ဖန်တွင် ပိုက်ဆံဘယ်လောက်ပဲရှိပါစေ၊ ဘယ်လောက်နာမည်ကြီးနေပါစေ၊ သူတစ်ပါး၏အသက် သို့မဟုတ် မိသားစုတစ်ခုကို ကယ်တင်တာလောက်ထိ ရင်ထဲထိစရာ မကောင်းလှပေ။

ရှုကျန်းက အဖိုးတန်ဆေးစာတွေကို အမြန်သိမ်းလိုက်ပြီး သူ့သမီးကို ပြောလိုက်သည်။

" မန်မန်၊ မြန်မြန်ထပြီး ကယ်တင်ရှင်ကို ကျေးဇူးတင်လိုက်။ ဒီက အစ်ကိုလေးက သမီးလေးကို ဒုတိယအသက် ပေးခဲ့တာ "

ရှုမန်သည် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးဖြင့် အမြန် မော့ကြည့်လိုက်သည်။

" ကျေးဇူးတင်ပါတယ် ဦးဦး "

ယဲ့ဖန်က သူမခေါင်းကို ပုတ်ဖို့ စီစဉ်ထားပေမယ့် ထိုခေါ်သံကိုကြားပြီး သူ့လှုပ်ရှားမှုတွေက အေးခဲသွားကာ ရှက်ရွံ့စွာဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။

ဒီကောင်မလေးက ...… တကယ်ရုပ်ဆိုးတာပဲ။

နောက်ဆုံးတွင် လူနာတင်ကားရောက်လာခဲ့သည်။

ယဲ့ဖန်က ရှုမန်ကို လူနာတင်ယာဉ်ဆီ ပို့ဖို့ ကူညီပေးခဲ့သည်။

ရှုကျန်းက သူ မထွက်သွားခင်မှာ ယဲ့ဖန်ကို ကတိပေးဖို့ မမေ့ချေ။

" စိတ်မပူပါနဲ့ ကျေးဇူးရှင်လေး။ ငွေတွေကို မကြာခင် မင်းဆီ လွှဲပေးမှာပါ "

လူနာတင်ကား ထွက်သွားတာကို ကြည့်လိုက်ပြီး ယဲ့ဖန် ကျေနပ်မှုတစ်ခု ခံစားလိုက်ရသည်။

ဤကမ္ဘာပေါ်တွင် လူဘယ်နှစ်ယောက်သည် အခြားသူများထံမှ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်မှုကို ရရှိဖူးသနည်း။

အားလုံးက ဒီလိုအသိစိတ်ရှိပြီး ပံ့ပိုးပေးကြရင် ကမ္ဘာကြီး ဘယ်လောက် သာယာလှပလိုက်မလဲ။

ထိုအကြောင်းအရာများကို ဆက်စပ်စဉ်းစားပြီးနောက် ရှေ့ဆက်မတွေးတော့သင့်ကြောင်း ယဲ့ဖန် စဉ်းစားလိုက်မိသည်။

မဟုတ်ပါက သူ လုံးဝ သူတော်စင်ကြီး ဖြစ်သွားပေလိမ့်မည်။

သူပြန်သွားခါနီးတွင် လူအုပ်ကြီးက ရုတ်တရက် ဝိုင်းအုံလာကြသည်။

" နတ်ဆေးဆရာလေး၊ ငါ့အဖွားက နှလုံးနဲ့ ဦးနှောက်ရောဂါရှိတာ။ ဆရာလေးမှာဆေးစာရှိလား။ အဲ့တာကို ဝယ်ဖို့ ဆန္ဒရှိပါတယ် "

" နတ်ဆေးဆရာလေး၊ ကျွန်မအဖေမှာ ခြေခွင်နေတာ။ အဲ့တာအတွက် ကျေးဇူးပြုပြီး ဆေးစာလေးပေးပါ "

" နတ်ဆေးဆရာလေး၊ အိမ်က မိန်းမက မီးဖွားပြီး ဖျားဖျားနေတာ။ ကျေးဇူးပြုပြီး သူမအတွက် ဆေးစာလေးပေးပါ "

" ယဲ့နတ်ဆေးဆရာလေး၊ ကျွန်တော်က ဟိုကိစ္စမှာ အားနည်းနေလို့ ....... "

ယနေ့ခေတ်တွင် ဖျားနာသူ အများအပြားရှိသော်လည်း ကုသပေးနိုင်သော ဆရာဝန်ကောင်းများ နည်းပါးလွန်းလှသည်။

ယနေ့ခေတ်တွင် ထိုကဲ့သို့သော နတ်ဆေးဆရာဝန်နှင့် တွေ့ဆုံနိုင်ရန်မှာ မလွယ်ကူလှသောကြောင့် လူတိုင်းက ကုသရန် တောင်းဆိုချင်ကြသည်။

ဖြတ်သွားသော ကားများသည်ပင် ဆူပူသံကို ကြားလိုက်ကြပြီး ဆေးတောင်းရန် ပြေးဆင်းလာကြသည်။

လူတွေ ပိုများလာသည်ကို မြင်လိုက်ရပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ပြန်ဖြစ်လာမည်ကို စိုးရိမ်ကာ ယဲ့ဖန်က ရှချူးကို ညွှန်ပြလိုက်သည်။

" ကြည့်ကြ၊ စူပါစတားရှချူး "

လူတိုင်း အံ့အားသင့်သွားကာ လည်ပြန်ကြည့်ကြသည်။

ရှချူးသည် ထိုပွဲကို ဘေးမှကြည့်နေခဲ့သော်လည်း ပြဿနာလမ်းကြောင်းက သူမဆီ ပြောင်းလာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ကြောက်လန့်တကြားဖြင့် သူမမျက်နှာက ဖြူဖျော့သွားသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ပတ်၀န်းကျင်မှ လွတ်သွားပြီဖြစ်သည်။

ယဲ့ဖန်က သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။

" ဘာကြည့်နေတာလဲ။ မြန်မြန်ပြေးလေ "

ရှချူးသည် သူမ၏ စကတ်ကို အမြန်ဆွဲတင်လိုက်ပြီး သူ့နောက်သို့ ပြေးသွားခဲ့ရသည်။

လူတစ်စုကြီးက သူတို့နောက်ကို လိုက်လာကြသည်။

လမ်းသွားလမ်းလာ တော်တော်များများကလည်း ထိုမြင်ကွင်းကို ထိတ်လန့်တကြားကြည့်နေကြပြီး ဘာတွေဖြစ်မှန်း မသိဖြစ်နေကြသည်။

ကံကောင်းစွာနှင့် ယဲ့ဖန်နှင့်ရှချူးသည် ကားဆီကို အချိန်မီပြန်လာပြီး ထွက်သွားနိုင်ခဲ့သည်။

အဝေးသို့ ထွက်ခွာသွားသော ပြိုင်ကားတစ်စီးကို လူတိုင်းက ကြည့်သာ ကြည့်နိုင်ခဲ့ကြသည်။

ငိုချင်သော်လည်း မျက်ရည်မကျပေ။

…................................

ယဲ့ဖန် သည် Blue Charm Night ကို မောင်းနှင်ခဲ့ပြီး နောက်ဆုံးတွင် ပင်လယ်နားရှိ ရှုခင်းသာသောနေရာတွင် ရပ်လိုက်သည်။

" ဟားဟားဟား ...... "

ရှချူးသည် သူ၏ သနားစရာပုံစံကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်ပေ။

ယဲ့ဖန်က သူမကို အားကိုးရာမဲ့စွာ ကြည့်နေသည်။

" အဲ့တာ ရယ်စရာကောင်းလား "

ရှချူး ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ရှင့်ကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေမှာ တွေ့ရခဲတယ်။ အရမ်းနာမည်ကြီးတာ မကောင်းဘူးလို့ ထင်တယ် "

ယဲ့ဖန်သည် ပုခုံးတွန့်ပြလိုက်သည်။

" တခြားနည်းလမ်း မရှိဘူးလေ။ ထူးချွန်လွန်းတဲ့သူတွေက အမြဲတမ်း အာရုံစိုက်ခံရတာပဲ "

ရှချူး ချက်ချင်း မျက်လုံးပြူးသွားသည်။

" ရှင့်ကို ဘယ်သူက ထူးချွန်တယ်လို့ ချီးကျူးလို့လဲ။ ရှင်က ရူးလွန်းတယ် "

ယဲ့ဖန်က စိတ်မ၀င်စားချေ။

" ထူးချွန်တယ်ဆိုတာကို လက်ခံသင့်တယ်။ ဘာလို့ ဒီလောက် အရေထူနေရတာလဲ "

ရှချူးက သူ့ကို မချေပနိုင်ချေ။

ဒီကောင်လေးက တကယ်ကို ထူးချွန်လွန်းတယ်ဆိုတာ သူမ ဝန်ခံရပေမည်။

" ရှင့်ရဲ့ ဆေးပညာကို ဘယ်မှာ သင်ယူခဲ့တာလဲ။ ပြီးတော့ အရမ်း အစွမ်းထက်လွန်းတယ်လေ။ ဆေးရုံဒါရိုက်တာတောင် ရှင့်လောက်မတော်ဘူး "

သူမသည် ယဲ့ဖန်ကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်ကြည့် လိုက်သည်။

ဒီကောင်လေးက လျှို့ဝှက်ချက် များလွန်းလေသည်။

" ကိုယ် ...... ကိုယ်တိုင် သင်ထားတာ "

ယဲ့ဖန် က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

" လူလိမ် "

ရှချူးက ဘာမှပြန်မပြောဘဲ ဆက်မေးဖို့ကိုလည်း စိတ်မ၀င်စားတာကို မြင်လိုက်ရသည်။

" မင်းကို ကြည့်ရတာ ခန္ဓာကိုယ်က မှန်တယ်မထင်မိဘူး။ မင်းကို စစ်ဆေးပေးစေချင်လား "

ယဲ့ဖန်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု တောက်ပလာသည်။

" တကယ်လား။ ဟိုတလောက ကျွန်မ နည်းနည်း နေမကောင်းဖြစ်ခဲ့သေးတယ်။ ကျွန်မကို ကူကြည့်ပေးနိုင်မလား "

ရှချူး၏ အနေအထားသည် ချက်ချင်းပင် တင်းမာသွားသည်။

ယဲ့ဖန်သည် သူမ၏ ချောမွေ့သော လက်ကောက်ဝတ်ကို ထိလိုက်သည်နှင့် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

" ဒါက မကောင်းဘူး "

ရှချူး၏ မျက်နှာသည် ဖြူဖျော့သွားသည်။

" ဘာလဲ ...... ဘာဖြစ်နေတာလဲ "

ယဲ့ဖန်က သူမကို လေးနက်သောအမူအရာဖြင့် ကြည့်နေသည်။

" ရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ်နဲ့ အသက်ရှူမဝတာကို မကြာခဏ ခံစားရတယ်မလား။ ဒီလက္ခဏာတွေက နေ့ဘက်မှာ သိသာထင်ရှားတယ်။ ဒါပေမယ့် ညဘက်မှာ ပျောက်သွားတတ်တယ် ဟုတ်တယ်မလား "

ရှချူးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် ...... ဘာရောဂါလဲ။ အရေး အရေးကြီးလား "

ယဲ့ဖန် ခဏလောက် စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ရောဂါကို အမည်ပေးလိုက်သည်။

" ဘရာစီယာက အရမ်းသေးနေတာ ဖြစ်နိုင်တယ် "

ရှချူးက သူ့ကို ကြောင်အစွာ စိုက်ကြည့်ရင်း သူမမျက်နှာက သိသိသာသာ နီရဲလာသည်။

အပိုင်း ( ၇၂၀ )

လွန်မလာနဲ့၊ ငါ့မှာလည်း သိက္ခာရှိတယ်

ရှချူး၏ ရှက်သွေးဖြာနေသည့်ပုံစံသည် အလွန်ချစ်စရာကောင်းလှသည်။

သူမပုံစံက ယဲ့ဖန်၏ နှလုံးခုန်သံကို စည်းချက်ကျော်သွားစေသည်။

ရှချူးသည် နီးကပ်လာသော အန္တရာယ်ကို ခံစားမိသော်လည်း ခေါင်းကိုသာ ငုံ့ထားပြီး ဘာမှမပြောပေ။

ထိုပုံစံက တစ်ဖက်လှည့်ဖြင့် ဆိတ်ဆိတ်ငြိမ်ကာ သဘောတူနေခြင်းဖြစ်သည်။

ယဲ့ဖန်၏ နှလုံးသားသည် ပို၍ပို၍ ယားယံလာသည်။

သူက ဆက်ပြီး ဖုံးကွယ်မနေတော့ပေ။

သူ၏ ခန္ဓာကိုယ်ကို တစ်ဖက်ခြမ်းသို့ စောင်းလိုက်သည်။

ရှမမလေး၏ မျက်လုံးများသည် မှေးစင်းသွားပြီး သူမ၏ အင်္ကျီကို တင်းကြပ်စွာ ဆုတ်ကိုင်ထားသည်။

သူမ၏ လက်ချောင်းများမှာလည်း ဖြူဖျော့လာသည်။

ယဲ့ဖန်သည် မရေတွက်နိုင်သော ယောက်ျားများစွာမှ တပ်မက်နေသော ထိုနှုတ်ခမ်းရဲရဲလေးကို ငေးစိုက်ကြည့်နေသည်။

သူ၏ နှလုံးခုန်သံက ပို၍ ပို၍ မြန်ဆန်လာသည်။

ထိုအချိန်တွင် ကားထဲရှိ လေထုသည် တင်းမာနေပြီး သူတို့သည် ရှေ့သို့ တစ်လှမ်းဆက်ရန်သာ ကျန်တော့သည်။

ထိုအချိန်တွင် ယဲ့ဖန်၏ ဖုန်းသည် ရုတ်တရက် မြည်လာပြီး အနေအထားကို ဖြိုခွင်းဖျက်ဆီးလိုက်သည်။

ရှချူးက ရှက်သွေးဖြာလျက် သူ့ကို တွန်းထုတ်လိုက်ပြီး ကားထဲမှ ထွက်ပြေးသွားသည်။

ယဲ့ဖန်သည် ကားစတီယာတိုင်ကို ထုလိုက်သည်။

ဘယ်ကောင် ဒီအချိန်ကိုက်ကြီး စာပို့လာတာလဲ။

သို့သော် ဖုန်းကို ကြည့်လိုက်သည့်အခါ

[ ၇၈၆ဖြင့်ဆုံးသော ဘဏ်အကောင့်ထဲသို့ ယွမ် ၁၀၀,၀၀၀,၀၀၀ ဝင်လာပါသည်။ လက်ကျန်ငွေမှာ - ၃,၄၃၀,၂၀၁,၃၆၂ ယွမ် ဖြစ်ပါသည် ]

ရှုကျန်းက သူ၏ ကတိကို တည်လေသည်။

သို့သော် အချိန်ကောင်းကိုတော့ ဖျက်ဆီးသွားခဲ့လေသည်။

ထားလိုက်ပါတော့။ နောက်ဆို အခွင့်အရေး ရဦးမှာပါ။

ထို့နောက် ကားထဲမှ ထွက်လာပြီးရှချူးနှင့်အတူ လမ်းခဏလျှောက်ခဲ့သည်။

ထိုအဖြစ်အပျက်ပြီးသည့်နောက် သူတို့နှစ်ဦးကြား အနည်းငယ် နေရခက်နေခဲ့သည်။

သူတို့ တိတ်ဆိတ်စွာ လျှောက်နေခဲ့ပြီး ဘာမှမပြောခဲဲ့ကြပေ။

ထို့နောက် ယဲ့ဖန်က သူမကို ဟိုတယ်သို့ ပြန်ပို့ပေးခဲ့ပြီး သူမကလည်း ဘာမှမပြောခဲ့ပေ။

ကားထဲက အမြန်ထွက်သွားပြီး ပြန်သွားခဲ့သည်။

ယဲ့ဖန်သည် သူမ၏ ကျော့ရှင်းသော ကျောဘက်ကို ကြည့်ပြီး မပြန်မီ အတော်လေးနှမြောတသဖြစ်နေခဲ့သည်။

ဟိုတယ်သို့ ပြန်ရောက်လာသည့်အခါ ဒီနေ့ရခဲ့သည့် ငွေများကို တွက်ချက်ခဲ့သည်။

ရှေးဟောင်းလမ်းတွင် သူ သန်း၃၀ရခဲ့ပြီး ရှုကျန်းဆီမှ ကျေးဇူးတင်လက်ဆောင်အဖြစ် သန်း ၁၀၀ ရရှိခဲ့သည်။

ထို့ကြောင့် စုစုပေါင်း သန်း၁၃၀ ရခဲ့သည်။

" တစ်နေ့လုံးမှ ဒီလောက်ပဲ ရခဲ့တာလား။ ဟူး၊ အဝေးကြီးလိုသေးတာပဲ "

သူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

သူ့စကားတွေကို တခြားသူတွေ ကြားပါက သေချာပေါက် အမြင်ကတ်ကြမှာဖြစ်သည်။

တစ်နေ့တည်းဖြင့် ယွမ်သန်း၁၀၀ဝင်ခြင်းက ၉၉%သော ကုမ္ပဏီကြီးတွေပင် မလုပ်နိုင်သောအရာဖြစ်သည်။

အဲ့တာကို သူက အလွန်နည်းသည်ဟု ထင်လေသည်။

သူသည် သူ၏ ၇ဘီလီယံဆိုသော ပန်းတိုင်နှင့် အတော်ဝေးနေသေးသည်။

သူသည် စိတ်တင်းလိုက်ပြီး အတွင်းကျကျ စကန်ဖတ်ခြင်းကို ဖွင့်လိုက်သည်။

ယနေ့ အစမ်းသုံးပြီးနောက် အဆင့်မြှင့်ထားသော စကန်ဖတ်ခြင်း လုပ်ဆောင်ချက်သည် အမှန်တကယ် အသုံးဝင်လေသည်။

သူသည် အံကြိတ်ကာ ခြေထောက်ကို နင်းလိုက်သည်။

စကန်ဖတ်ခြင်းအကွာအဝေးကို မီတာ ၁၀၀အထိ ချဲ့ရန် နောက်ထပ်သန်းရာချီများစွာ သုံးစွဲခဲ့ရသည်။

ဒီတစ်ကြိမ်တွင် ဟိုတယ်ရှိ အခြားအခန်းများထဲမှ ပရိဘောဂများကိုပင် သူ့ရှေ့တွင် ရှင်းရှင်းလင်းလင်းစွာ ပြသထားသည်။

အတွင်းကျကျ စကန်ဖတ်လုပ်ဆောင်ချက်ကို ပစ္စည်းများတွင်သာ အသုံးပြုနိုင်ပြီး လူများတွင် သုံးမရပေ။

မဟုတ်ပါက တိုက်ရိုက်ထုတ်လွှင့်မှုအချို့ကို ကြည့်ရှုရရင်လည်း သူ စိတ်ထဲမထားပေ။

သူ ဝမ်းနည်းနေချိန်မှာ၌ ကျူးရှောင်ကျောင်းဆီက ဖုန်းဝင်လာခဲ့သည်။

သူမက ချက်ချင်းမေးသည်။

" ဒီနေ့ နင်နဲ့အတူတူ ဈေးဝယ်တဲ့ အမျိုးသမီးက ဘယ်သူလဲ "

ယဲ့ဖန်သည် ရေသောက်ပြီး တံတွေးသီးမတတ် ဖြစ်သွားခဲ့သည်။

ဒေါသတကြီးဖြင့် ကော်ဖီစားပွဲပေါ်မှ ခွက်ကို ရိုက်ခွဲလိုက်သည်။

" ကျူးရှောင်ကျောင်း၊ မင်းငါ့ကို စုံစမ်းဖို့ လူတွေကို လွှတ်လိုက်ပြန်ပြီလား "

ကျူးရှောင်ကျောင်း အနည်းငယ် မှင်သက်သွားသည်။

" ဘာလို့လဲ၊ နင် အမှားတစ်ခုခုလုပ်မိထားလို့လား။ ဒါမှမဟုတ် နင့်ကို ငါတွေ့မှာ ကြောက်နေတာလား "

ယဲ့ဖန် ဒေါသထွက်သွားသည်။

" ငါဘာအမှားလုပ်မိလို့လဲ "

" နင်က တခြားမိန်းမကို ရှေးဟောင်းလမ်းကို ခေါ်သွားတယ်လေ "

ကျူးရှောင်ကျောင်း အံကြိတ်လိုက်သည်။

" နင် .... နင်က ပလေးဘွိုင်းပဲ "

ယဲ့ဖန်က သူ့မျက်လုံးတွေကို မှိတ်ထားရုံကလွဲပြီး မတတ်နိုင်ခဲ့ချေ။

" ဒါဆိုရင် ရှေးဟောင်းလမ်း သွားတော့ရော ဘာဖြစ်လဲ။ ပလေးဘွိုင်းတစ်ယောက်ဖြစ်နေရင်ရော မင်းနဲ့က ဘာဆိုင်လို့လဲ။ နောက်ပြီးတော့ ငါဈေးဝယ်တာ ဘယ်သူနဲ့ သွားသွား မင်းကို ဘာလို့ ဂရုစိုက်ရမှာလဲ။ ရှေးဟောင်းလမ်းကို မပြောနဲ့ ဟိုတယ်သွားရင်တောင် အဲ့တာ ငါ့အလုပ်ပဲ "

ကျူးရှောင်ကျောင်းသည် သူမကို အမှန်တကယ် ဆန့်ကျင်နေရဲကြောင်း ကြားသောအခါ သူမသည် ပို၍ပင် ဒေါသထွက်လာသည်။

" ယဲ့ဖန်၊ နင် ...... နင့်ကို ငါ စိတ်ဆိုးရလိမ့်မယ်၊ ချော့လို့မရဘူး "

ယဲ့ဖန်က သူမကို ခြိမ်းခြောက်တာမကြောက်ဘဲ သူက လှောင်ပြောင်လိုက်သည်။

" မင်းဒေါသက ငါနဲ့ဘာဆိုင်လို့လဲ။ မင်းက ငါ့ရည်းစားမဟုတ်ဘူး။ မင်းကို ချော့ဖို့ ငါ့မှာ တာဝန်မရှိဘူး "

" ငါ နင့်ကို ဘာမှ မလုပ်နိုင်ပေမယ့် အဲ့ဒီမိန်းမကို ဒုက္ခရောက်အောင် လုပ်နိုင်တယ် "

ကျူးရှောင်ကျောင်းက ချက်ချင်း ခြိမ်းခြောက်လိုက်သည်။

" မသိဘူး မထင်နဲ့။ သူမနာမည်ကရှချူး။ သူက နာမည်ကြီးပဲ မဟုတ်လား "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" မင်း ဘာလိုချင်တာလဲ "

" မနက်ဖြန် မင်းတို့ ဈေးဝယ်နေတဲ့ ဓာတ်ပုံတွေကို အင်တာနက်မှာ တင်လိုက်မယ်ဆို ယုံလား။ ယောက်ျားတစ်ယောက်နဲ့ ဈေးဝယ်ထွက်နေတာကို သူမပရိသတ်တွေ သိသွားရင် သူတို့က သူ့ကို တံတွေးနဲ့ ထွေးသတ်မှာလားလို့တောင် တွေးမိတယ် ....... "

ယဲ့ဖန်သည် လက်သီးများကို ဆုပ်ထားသည်။

အဆုံးတွင် သူ၏ သဘောထား ပျော့ပြောင်းသွားသည်။

" မင်း ဘာလိုချင်တာလဲ "

" တောင်းပန် "

" ဘာလို့ တောင်းပန်ရမှာလဲ "

" မတောင်းပန်ရင် ကောင်းပြီလေ။ မနက်ဖြန်သတင်း ........ "

" ကောင်းပြီ၊ ငါမင်းကိုကြောက်တယ်။ ငါ မင်းကို တောင်းပန်တယ် ဟုတ်ပြီလား "

" နင်ရဲ့ သဘောထားက လုံးဝ မရိုးသားဘူး "

" ငါ ..... မမလေးကျူးကို အလေးအနက် တောင်းပန်ပါတယ်။ ကိုယ့်ကိုခွင့်လွတ်ပါ "

" ဒါဆို နင် ဘယ်မှာမှားသွားတာလဲ "

" ငါမှားတာကို ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ "

" နင် မသိဘူးလား။ ဒါဆို မနက်ဖြန်သတင်း ....... "

" ငါ တခြားမိန်းမတွေနဲ့ ဈေးဝယ်မထွက်သင့်ဘူး "

" ဒါဆို မင်း နောက်လုပ်ရဲသေးလား "

" မလွန်လာနဲ့။ ငါ့မှာလည်း ဂုဏ်သိက္ခာရှိတယ် "

" နင် ပြန်ပြောရဲသေးတာလား။ ဒါဆို မနက်ဖြန်သတင်း ..... "

" ငါ … နောက်တစ်ခါ ထပ်မလုပ်တော့ဘူး "

ဒီအမျိုးသမီးကို ရင်ဆိုင်လိုက်ရတိုင်း ယဲ့ဖန်၏ ဂုဏ်သိက္ခာတွေ လုံးဝ ပျက်စီးသွားရသည်။

တစ်ဖက်သား၏ နောက်ကြောင်းကို စိတ်ပူလို့သာ မဟုတ်ပါက သူမကို ပါးရိုက်ခဲ့တာ ကြာပြီဖြစ်သည်။

ကျူးရှောင်ကျောင်းသည် အသာစီးရနေပြီး အလွန်မာနကြီးသည်။

" မနက်ဖြန်ဘာလုပ်ဖို့စီစဉ်ထားလဲ "

ယဲ့ဖန်က မကျေမနပ်နှင့်ပြောသည်။

" အဆောက်အဦးပေါ်ကနေ ခုန်ချမှာ "

ကျူးရှောင်ကျောင်း အံ့သြချင် ဟန်ဆောင်သည်။

" ဘာလို့ အဆောက်အဦးပေါ်ကနေ ခုန်ချမှာလဲ "

ယဲ့ဖန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

" မင်းလုပ်လိုက်တာ "

ကျူးရှောင်ကျောင်း မှားသွားသလို ခံစားလိုက်ရသည်။

" ငါ မလုပ်ပါဘူး။ ဒါက မင်းရဲ့အမှားဆိုတာ ရှင်းနေတာပဲ။ နင့်ကို ခုန်မချဖို့ အမိန့်ပေးတယ် "

ယဲ့ဖန်က ဒေါသတကြီး အံကြိတ်လိုက်သည်။

" ငါ အဆောက်အဦးပေါ်က ခုန်ချတာ မင်းနဲ့ ဘာဆိုင်လို့ ဂရုစိုက်နေတာလဲ "

" ခုန်ချင်ရင်တောင် မခုန်ခင် ရှော့ပင်းမောလ်ကို လိုက်ပို့ပေးရမယ်။ ငါ ဒီနှစ်ရက်အတွင်း လမ်းညွှန်တွေ အများကြီးရှာခဲ့တယ် "

" ငါမသွားဘူး "

ကျူးရှောင်ကျောင်း ဆက်ခြိမ်းခြောက်သည်။

" မသွားဘူးလား။ မနက်ဖြန်သတင်းက ...... "

ယဲ့ဖန် ဒေါသထွက်လွန်းလို့ သွေးအန်မတတ်ဖြစ်သွားသည်။

" ငါ .... ငါ သဘောတူတယ်၊ ဟုတ်ပြီလား "

ကျူးရှောင်ကျောင်းက ကျေနပ်သွားသည်။

" အဲ့တာမှ လိမ္မာတဲ့ကောင်လေး။ စောစောအိပ်။ မနက်ဖြန်မနက်ကျ တွေ့မယ်။ ဂွတ်နိုက် "

ယဲ့ဖန် ဖုန်းချပြီး လေထဲကို နှစ်ချက်လောက် ထိုးလိုက်သည်။

ဒီမိန်းမက တကယ်ကို မောက်မာတာပဲ။

မနက်ဖြန်ကျ သင်ခန်းစာပေးပြီး အာဏာရှိတဲ့ ယဲ့လူကြီးမင်းက ဘယ်သူလဲဆိုတာ သိစေရမယ်။

ဟမ့်

All Chapters