← Chapters

အပိုင်း ၇၂၁-၇၂၄

Vol. 37 Ch. 721-724

အပိုင်း ၇၂၁-၇၂၄

Vol. 37 Ch. 721-724

အပိုင်း ( ၇၂၁ )

မင်းရဲ့ သခင်ကို အရင်ကြည့်ရဦးမယ်

ယဲ့ဖန်သည် အိပ်ပျော်တော့မည့်အချိန်တွင် ဒေါက်တာမလေး ကျန်းဝမ်ရုံထံမှ ပြန်စာ ရရှိလာသည်။

[ အင်း၊ ဘာကိစ္စရှိလို့လဲ ]

အတော်လေးနောက်ကျမှ ရောက်ရှိလာသော ပြန်စာကြောင့် ယဲ့ဖန် ရယ်ရမလား၊ ငိုရမလား မသိဖြစ်သွားသည်။

ချက်ချင်း စာတစ်စောင်ရိုက်ပြီး ပြန်ပို့လိုက်သည်။

[ မင်္ဂလာပါ။ ဒါက ယဲ့ဖန်ရဲ့ မိသားစုဝင်ပါ။ သူက မင်းကို အကူအညီတောင်းခဲ့ပေမဲ့ မင်းက အချိန်မီစာမပြန်ခဲ့တော့ ကုသမှုနောက်ကျပြီး ဆုံးသွားပါပြီ ]

ကျန်းဝမ်ရုံ ထိတ်လန့်ပြီး အမြန် စာပြန်လိုက်သည်။

[ အာ၊ ဘယ်လိုလုပ်ပြီး ဖြစ်သွားတာလဲ။ ကျွန်မ .... ကျွန်မက ခွဲစိတ်ခန်း ဆက်တိုက်ဝင်နေရလို့ပါ။ အဲ့တာကြောင့် အခုမှ စာကိုမြင်တာ။ သူ ဘယ်လိုလုပ် ဆုံးပါးသွားတာလဲ ]

ယဲ့ဖန် ရယ်ချင်တာကို ထိန်းလိုက်သည်။

[ ဒေါက်တာကျန်းရယ်၊ သူက မင်းကို သူ့ရဲ့ နောက်ဆုံးအသက်ကယ်ကောက်ရိုးမျှင်လို မျှော်လင့်ပြီး ဆက်သွယ်ခဲ့ပေမဲ့ မင်းက ဒီလိုလုပ်ခဲ့မယ်လို့ တော့ မမျှော်လင့်ခဲ့ဘူး။ မင်းမှာ အပြစ်စိတ် မဝင်ဘူးလား ]

ကျန်းဝမ်ရုံဘက်က အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

သူမ လိုင်းဆင်းသွားခဲ့သည်ဟု ယဲ့ဖန်ထင်လိုက်သောကြောင့် ဖုန်းကိုပိတ်ပြီး အိပ်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ကျန်းဝမ်ရုံဘက်မှ စာတစ်စောင် ထပ်ပို့လာသည်။

[ ကျွန်မ တကယ်ကို တောင်းပန်ပါတယ်။ ကျွန်မရဲ့ ကရုဏာကို လက်ခံပေးပါ။ သူ ..... သူ့ကို ဘယ်အချိန် မြှုပ်နှံမှာလဲ။ ကျွန်မ ... ကျွန်မသွားပြီးတော့ သူ့ကို ကြည့်ချင်သေးလို့ပါ ]

ယဲ့ဖန်၏ နှုတ်ခမ်းသည် ခပ်ညစ်ညစ်အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

သူသည် ချက်ချင်းပင် စာကြည့်မီးအိမ်ကို ဖွင့်လိုက်သည်။

ထို့နောက် ဗီဒီယိုဖုန်း ခေါ်ဆိုလိုက်သည်။

တစ်ဖက်က ဒေါက်တာမလေးသည် ခဏကြာ တွန့်ဆုတ်နေပုံရပြီး အချိန်တစ်ခုကြာမှ ဖုန်းကိုကိုင်လေသည်။

ယဲ့ဖန်၏ မျက်နှာသည် ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

သူ၏ မျက်နှာပေါ်တွင် နတ်ဆိုးဆန်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

" ဒါဆိုလည်း မင်းကို ကောင်းကောင်းလေး ကြည့်ခွင့်ပေးလိုက်မယ် ......... "

" အား ........... "

ဖုန်းတစ်ဖက်မှ အော်သံတစ်ခုထွက်လာပြီး ဖုန်းကို ချက်ချင်း လွှတ်ချလိုက်ပုံရသည်။

အချိန်အတော်ကြာပြီးမှ ကျန်းဝမ်ရုံ ဖုန်းကို ပြန်ကောက်ကိုင်လိုက်ပြီး ယဲ့ဖန်ကို ဖျော့တော့နေသော မျက်နှာလေးဖြင့် စူးရဲစွာ ကြည့်လာသည်။

" ရှင် ....... ရှင် သေပြီမဟုတ်ဘူးလား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ကိုယ်က သေပြီးနေပြီ။ အခု မြေအောက်ကမ္ဘာမှာ။ ငရဲမင်းက ကိုယ် အသက်ရှင်တုန်းက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ အရမ်းများနေတာကို မြင်ပြီး သီးသန့်ခန်းကို အထူးတလည် ပြင်ဆင်ပေးထားတာ "

ကျန်းဝမ်ရုံ စိတ်ဆိုးလွန်း၍ သူမ၏ မျက်နှာလှလှလေးက အေးစက်လာသည်။

" ရှင် ...... ရှင်က တကယ်ကို အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ။ ကျွန်မက အပြစ်မကင်းဘူးဆိုပြီး ခံစားနေရတာ။ ဒါပေမဲ့ ရှင်က ကျွန်မကို ဒီလိုကြီးလိမ်မယ် မထင်ထားဘူး "

ယဲ့ဖန်က သူ့နှာခေါင်းကို တို့လိုက်သည်။

" အသံကြီးက ဘာဖြစ်နေတာလဲ။ ကိုယ်တကယ်မသေလို့ စိတ်ပျက်သွားတာလား "

ကျန်းဝမ်ရုံ သူနှင့် ရန်ဖြစ်ပြီး လေမကုန်ချင်ပေ။

" ကျွန်မကို ဘာလို့ရှာတာလဲ၊ ပြော "

ယဲ့ဖန် သက်တောင့်သက်သာဖြစ်မည့် အနေအထားကို ပြောင်းပြီး လှဲလိုက်သည်။

" ကိစ္စက သေချာဖြေရှင်းပြီးသွားပြီ။ မင်းရဲ့ ပြန်စာကို စောင့်နေရင် အရမ်းကြာသွားလိမ့်မယ် "

ကျန်းဝမ်ရုံ သူ့ကို မျက်စောင်းထိုးလိုက်သည်။

" ဖြေရှင်းပြီးပြီဆိုရင်တောင် ကျွန်မကို ဘာကိစ္စလဲဆိုတာ ပြောပြသင့်တယ်လေ။ ဟုတ်တယ်မလား "

ယဲ့ဖန်လည်း ဘာမှဖုံးကွယ်ထားစရာ မရှိသည်ဟု ခံစားမိသောကြောင့် အမှန်တိုင်း ဖြေလိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ မင်းတို့ရဲ့ ညွှန်ကြားရေးမှူးချင်းကို ခေါ်ပြီး လူတစ်ယောက်ကို အလုပ်ထုတ်ခိုင်းတာပါ "

ကျန်းဝမ်ရုံ တခဏ ကြောင်အသွားသည်။

" ရှင်ပြောနေတဲ့သူက ဒါရိုက်တာဟော်ရွမ်ပင်းလား။ သူအလုပ်ထုတ်ခံရတာ ရှင့်ကြောင့်လား "

ယဲ့ဖန်က မငြင်းပေ။

သူသည် သူမအား ပြုံးရုံသာ ပြုံးပြလိုက်သည်။

" ဘာလဲ၊ မင်းက ဒီကိစ္စကို သိပြီးပြီလား "

ကျန်းဝမ်ရုံ၏ မျက်နှာတွင် အတော်ထိတ်လန့်အံ့ဩသော အမူအရာ ပေါ်လာသည်။

" သူများတွေ စကားပြောနေတာ ကြားလိုက်တာပါ။ သူတို့ပြောတာ ဒါရိုက်တာဟော်ရွမ်ပင်းက ဒီနေ့ အလုပ်ထုတ်ခံလိုက်ရတယ်တဲ့။ အဲ့တာ ရှင်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ ရှင် ..... ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဒါရိုက်တာဟော်က ရှင့်ကို ပြဿနာရှာလို့လား။ ဘာလို့ သူ့ကို ဒီလိုလုပ်ရတာလဲ "

ယဲ့ဖန်၏ မျက်နှာတွင် စနောက်သည့်အပြုံးတစ်ခုပေါ်လာသည်။

" သူက ကိုယ့်ကို မင်းအခုလိုပြောလိုက်တဲ့လေသံနဲ့ လာပြောတာ။ မကြိုက်တာနဲ့ ညွှန်ကြားရေးမှူးချင်းကို ပြောပြီး ထုတ်ခိုင်းလိုက်တာ။ မင်းလည်း ကိုယ့်ကို ကောင်းကောင်းမဆက်ဆံရင် အဲ့လိုအလုပ်ထုတ်ပစ်လိုက်မယ် "

" ရှင် ......... "

ကျန်းဝမ်ရုံ အနည်းငယ် ဒေါသထွက်သွားသည်။

သို့သော် အဆုံးတွင် သူမ သည်းခံနိုင်လိုက်သည်။

" ရှင် ဘာလို့ ဒီလိုအဓိပ္ပာယ်မရှိတာမျိုး လုပ်ရတာလဲ။ ဒါရိုက်တာဟော်က ကျွန်မတို့ဆေးရုံရဲ့ ကျွမ်းကျင်အကြီးအကဲပဲ။ အခုတော့ ရှင်ရဲ့ စကားတွေကြောင့်နဲ့ သူ့အနာဂတ်က ပျက်စီးသွားပြီ။ ရှင်က ...... ရှင် ဒီလိုလုပ်တာက မလွန်လွန်းဘူးလား "

ယဲ့ဖန်က မျက်နှာထားတည်တည်နှင့် ဆက်ရွဲ့စောင်းလေသည်။

" အဲ့လိုလုပ်တော့ ဘာဖြစ်လဲ။ မင်းက ကိုယ့်ကို လာကိုက်မလို့လား "

ကျန်းဝမ်ရုံက သူ့ကို ဒေါသတကြီးနှင့် လက်ညှိုးထိုးလေသည်။

" ရှင် ...... တကယ် ကျိုးကြောင်းဆီလျော်မှုကို မရှိဘူး "

ထို့နောက် သူမသည် ဒေါသထွက်နေလျက်ဖြင့် ဖုန်းချသွားသည်။

ယဲ့ဖန် ဖုန်းကိုကိုင်ထားရင်း ပြုံးလိုက်သည်။

သူသည် ဘာကြောင့်မှန်း မသိသော်ငြား ထိုမိန်းကလေး ဒေါသထွက်နေသည်ကို ထူးခြားစွာ လှနေသည်ဟု မြင်မိသည်။

ထို့ကြောင့် မထိန်းနိုင်ဘဲ စနောက်ပြဿနာရှာချင်လေသည်။

အနိုင်ရသွားသည့် စိတ်ကောင်းဝင်မှုနှင့် ယဲ့ဖန် တဖြည်းဖြည်း အိပ်ပျော်သွားလေတော့သည်။

.............................

ကျူးရှောင်ကျောင်းသည် ပန်းခြံကစားကွင်းနှင့် အခြားလမ်းမကြီးများကို ရွေးမည်ဟု ယဲ့ဖန် ထင်ခဲ့သော်လည်း သူထင်သည်မှာ မှားနေကြောင်း သိလိုက်ရသည်။

ကျူးရှောင်ကျောင်းသည် အရှေ့ဆင်ခြေဖုံးရှိ ရှေးဟောင်းမြို့ရှိရာသို့ မောင်းလာခဲ့သည်။

မြို့အရှေ့ဆင်ခြေဖုံးရှိ ရှေးဟောင်းမြို့တော်သည် တောင်ပိုင်းကွမ်တုန်းပြည်နယ်အတွင်း၌ သေချာစွာ ထိန်းသိမ်းထားသော ရှေးဟောင်းမြို့များထဲမှ တစ်ခုဖြစ်သည်။

ယန်းချန်မြို့၏ လောင်ချန်းခရိုင်ဖြစ်ခဲ့ဖူးကာ မြို့သစ်စီမံကိန်းရေးဆွဲရာ၌ ရှေးဟောင်းမြို့တော်ကို ထိန်းသိမ်းကာကွယ်ရေးကို ထည့်သွင်းစဉ်းစားပြီး မြို့သစ်ဧရိယာကို ရှေးဟောင်းမြို့ဖြင့် ဆယ်ကီလိုမီတာကျော်သို့ ရွှေ့ပြောင်းတည်ခဲ့သည်။

လူသိနည်းမှုကြောင့် ဖြစ်နိုင်ပြီး ဤရှေးဟောင်းမြို့သည် အလွန်နာမည်မကြီးပေ။

ထို့ကြောင့် ခရီးသွားအနည်းငယ်သာ ရှိသည်။

" ဘာလို့ ဒီလိုနေရာကို ရုတ်တရက်ကြီး လာချင်ရတာလဲ "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို စူးစမ်းစွာ ကြည့်လိုက်သည်။

သူမသည် ဒီနေ့တွင် အဖြူရောင်ဆွယ်တာပွပွကို ဝတ်ဆင်ထားပြီး ဆွယ်တာပေါ်တွင် ဒိုရေမွန်ပုံရှိနေကာ သူမပုံစံက အတော်လေး တက်ကြွဆော့ကစားလိုသဖွယ် ရှိနေသည်။

သူမသည် ဘောင်းဘီတိုတစ်ထည် ဝတ်ထားသော်လည်း ဆွယ်တာရှည်ကြောင့် သိပ်မသိသာပေ။

ထို့အပြင် အဖြူရောင်ဘွတ်ရှူးရှည်ကို ဝတ်ဆင်ထားကာ ငယ်ရွယ်မှုပြယုဂ်က အတော်လေးဖြာထွက်နေသည်။

" ဘာလို့ ငါက ဒီနေရာကို လာလို့မရမှာလဲ "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ မေးခွန်းမှာ မူမမှန်ဘူးဟု ခံစားရပြီး ချက်ချင်း စိတ်မချမ်းမသာဖြစ်သွားသည်။

ယဲ့ဖန် ရှက်ရှက်ဖြင့် ပြုံးလိုက်သည်။

" ဒီအတိုင်း မင်းလို ငယ်ရွယ်နုပျိုတဲ့ အလှလေးက ဒီလို ရှေးဟောင်းနေရာနဲ့ မအပ်စပ်ဘူးလို့ ခံစားရလို့ပါ "

ကျူးရှောင်ကျောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။

" နင်က တကယ် လူတွေကို ချီးကျူးတတ်တာပဲ။ ငါ ဒီလိုနေရာတွေကို မကြိုက်ပေမဲ့ နင်ကတော့ ကြိုက်သင့်တယ်လေ "

ယဲ့ဖန် ကြောင်အသွားသည်။

" ငါက ဘာလို့ကြိုက်ရမှာလဲ "

ကျူးရှောင်ကျောင်း သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

" နင်မနေ့က ရှေးဟောင်းလမ်းကိုသွားတာ ရတနာရှာဖို့ မဟုတ်ဘူးလား။ တစ်ချို့သူတွေကို ပတ်မေးပေးထားတယ်။ အရှေ့ရှေးဟောင်းမြို့တော်မှာက ရှေးဟောင်းလမ်းထက်ပိုပြီး ရတနာတွေ ပိုရှိလောက်တယ်တဲ့ "

ယဲ့ဖန် ပြောစရာစကား ပျောက်သွားရသည်။

ဒီမိန်းမက သူ့နောက်ကို လူတွေ လွှတ်နေသည်ဆိုတာ သူ မေ့မတတ်ဖြစ်သွားခဲ့သည်။

သူ၏ လှုပ်ရှားမှုတိုင်းသည် သူမ မျက်လုံးအောက်မှ ပြေးမလွတ်ပေ။

" မမလေးကျူး၊ ကျွန်တော်တို့ ကိစ္စတစ်ခုကို ဆွေးနွေးလို့ ရမလား "

" ပြောလေ "

" မင်း နောက်ဆို ငါ့ကို စောင့်ကြည့်ဖို့ လူတွေလွှတ်နေတာ ရပ်လို့ရမလား "

" မရဘူး "

" ဒါက သူများလုံခြုံရေး ချိုးဖောက်နေတာ၊ မင်းသိရဲ့လား "

" ရှင့်ရဲ့ လုံခြုံရေးကို ကျွန်မက ချိုးဖောက်တယ်။ ဘာဖြစ်လဲ၊ ကျွန်မကို ရိုက်မလို့လား "

" ငါ ...... ထားလိုက်ပါတော့။ မင်းကို မရိုက်ခင် မင်းသခင်ကို ကြည့်နေရဦးမယ် "

" ဟွန့် နင်သိလို့ တော်သေးတာပေါ့ "

ထိုအချိန်မှ မမလေးကျူး တစ်စုံတစ်ခုကို ရုတ်တရက် နားလည်လိုက်သည်။

" အကျင့်ပုတ်ယဲ့ဖန်၊ နင် ငါ့ကို ခွေးလို့ပြောလိုက်တာလား။ ငါ နင့်ကို သေအောင်ကိုက်သတ်ပြစ်မယ် ............. "

...................................

မိနစ်အနည်းငယ်ကြာပြီးနောက် ကားသည် ရှေးဟောင်းမြို့အဝင်ပေါက်ဆီသို့ မောင်းဝင်လာသည့်အခါ လူမိုက်တစ်ချို့ ထိုင်ကာ ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။f

ကားနှစ်စီး နီးကပ်လာသည်ကို မြင်ပြီး လူတစ်ချို့ ကြောင်အသွားသည်။

အထူးသဖြင့် ကျူးရှောင်ကျောင်းကိုမြင်ပြီး သွားရည်ကျမတတ် ဖြစ်သွားကြသည်။

ကားဖြတ်မောင်းသွားသည့်အခါ ဆံဝါဖြင့်ယောက်ျားက ရေရွတ်လိုက်သည်။

" လခွမ်း၊ ဒီမိန်းမက သေလောက်အောင် စောက်ရမ်းလှတာပဲ "

တစ်ခြားသူများကလည်း သံတူလိုက်ပြောကြသည်။

" ဟုတ်တယ်၊ ငါ လောကကြီးကိုတော့ မြင်ဖူးပေမဲ့ ဒီလောက်လှတဲ့မိန်းမကိုတော့ ဘယ်တုန်းကမှ မမြင်ဖူးဘူး "

" ပြီးတော့ သူတို့မောင်းလာတဲ့ကားတွေကို မြင်လိုက်လား။ အဲ့လို ပြိုင်ကားတွေက အနည်းဆုံး သန်းချီလောက်တယ်၊ ဟုတ်တယ်မလား "

" သန်းချီတာတဲ့လား။ ငါ သန်းချီတန်တဲ့ ပြိုင်ကားတွေကို မြင်ဖူးပါတယ်။ ဒီကားနဲ့ယှဉ်ရင် ဒီကားတွေက သတ္တုတုံးသာသာပဲ "

" တကယ်ကြီးလား။ ဒါဆို ဒီကားတွေက သန်းဆယ်ချီတန်လောက်လား။ ဒါဆိုရင် ကြီးကျယ်လွန်းရာကြီး မရောက်ဘူးလား "

" ဒါက ဘာမှကြီးကျယ်မနေဘူး။ မင်း လူချမ်းသာတွေရဲ့ ကမ္ဘာကြီးကို နားမလည်ပါဘူး "

" မင်းသိတာကြလို့ ပြောနေပုံက။ မင်း ယန်းချန်စားသောက်ဆိုင်မှာ ၂နှစ်လောက်ပဲ အလုပ်လုပ်ဖူးတာ မဟုတ်ဘူးလား။ မင်းကိုယ်မင်း လူချမ်းသာလို့များ ထင်နေလား "

သူတို့ထဲမှ အနည်းငယ်က ဆက်တိုက် စကားပြောနေကြသည်။

ဆံဝါနှင့်ယောက်ျားက သူတို့ငြင်းခုံနေကြသည်ကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

" သူတို့နှစ်ယောက်က ဒီမှာ ဘာလုပ်နေတယ်ထင်လဲ "

အပိုင်း ( ၇၂၂ )

သင်္ချိုင်းဂူဖောက်တဲ့ ဝတ္ထုတွေ အဖတ်များနေတာလား

အားလုံးက အချင်းချင်းကြည့်လိုက်ကြသည်။

" ကျိုးပဲ့နေတဲ့ အိမ်အစုတ်တွေအပြင် ဒီမှာ ငါတို့ ဘာရနိုင်မှာမလို့လဲ။ သူတို့က တောထဲမှာ လာရန်ဖြစ်ကြတာတော့ မဟုတ်ဘူးမလား "

" ငါ့အထင် မြို့ကြီးပြကြီးမှာ နေရတာ အရမ်းအဆင်ပြေလွန်းလို့ တောမှာ တကူးတက လာပြီး ဒုက္ခရှာကြတာဖြစ်မယ်။ ရှေးဟောင်းမြို့ရဲ့ ဓလေ့တွေကို သိဖို့လေ "

" ငါကြားတာ ဒီမှာ နိုင်ငံခြားခရီးသွားနေရာတွေ ဆောက်လုပ်မယ်တဲ့။ သူတို့လည်း တစ်ခုခုကြားပြီး လာလေ့လာကွင်းဆင်းကြည့်တာများလား "

" အဲ့တာ တကယ်ဖြစ်နိုင်တယ်။ ဒီချမ်းသာတဲ့လူတွေက အချက်အလက်စုံတယ် "

" ဒီနေရာကို တကယ်ကြီး နိုင်ငံခြားခရီးသွားနေရာအဖြစ် ပြောင်းလဲလိုက်ရင် ငါတို့က ချမ်းသာတော့မှာ မဟုတ်ဘူးလား "

သူတို့၏ ခန့်မှန်းချက်တွေကို ကြားပြီးနောက် ဆံဝါနှင့်လူက ရုတ်တရက် ထရပ်လိုက်ပြီး တင်ပါးက ဖုန်တွေကို ခါထုတ်လိုက်သည်။

" လာ၊ သွားကြစို့။ သူတို့နောက်လိုက်ပြီး သူတို့ ဘာလုပ်ချင်နေတာလဲဆိုတာ ကြည့်ကြရအောင် "

သူသည် ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။

ထို့ကြောင့် သူထွက်သွားသည်နှင့် အခြားသူများကလည်း ချက်ချင်း လိုက်ကြသည်။

....................................

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ရှေးဟောင်းမြို့တော်ထဲသို့ ဝင်လာပြီးနောက် ကားပါကင်ထိုးရန် နေရာရှာလိုက်ကာ လမ်းလျှောက်လာခဲ့ကြသည်။

ရှေးဟောင်းမြို့တော်သည် ၎င်း၏ မူလအနှစ်သာရကို ပေးဆောင်နိုင်စေရန် ထိန်းသိမ်းထားဆဲဖြစ်သည်။

လမ်းပေါ်ရှိ ခေတ်သစ်မီးများနှင့် လမ်းမီးတိုင်များကို တစ်ခါတစ်ရံမြင်ရသည်မှလွဲလျှင် ရှေးဟောင်းမြို့တော်သည် သူတို့ကို အချိန်ခရီးသွားနေသည်ဟုပင် မြင်ယောင်မိစေသည်။

လမ်းပေါ်တွင် လူငယ်များစွာမရှိချေ။

အများစုမှာ မြို့ပေါ်ရှိ အလုပ်ခွင်သို့ သွားကြပြီဖြစ်သည်။

ယောက်ျားကြီးနှင့် မိန်းမကြီးအနည်းငယ်တို့သာ လမ်းမပေါ်တွင် ထိုင်နေကြပြီး သူတို့သည် ယဲ့ဖန်တို့နှစ်ဦးကို စူးစမ်းစွာ ကြည့်နေကြသည်။

ယဲ့ဖန်ကတော့ ထိုအချက်ကို ဂရုမထားပေ။

သူသည် ရှေးဟောင်းမြို့ထဲသို့ ဝင်လာကတည်းက အတွင်းကျကျစကန်ဖတ်စစ်ဆေးခြင်းစနစ်ကို စတင်ဖွင့်ထားပြီး ဖြစ်သည်။

မနေ့ညမှ စနစ်အဆင့်မြှင့်တင်မှု ပြီးသည့်နောက် စစ်ဆေးနိုင်သည့် ဧရိယာမှာ မီတာ ၁၀၀ အထိ ကျယ်ပြန့်သွားပြီး ရှာဖွေရာ၌ ကြုံတွေ့ရသည့်အခက်အခဲကို အတော်လေးလျှော့ချနိုင်ခဲ့သည်။

ကျူးရှောင်ကျောင်းသည် လမ်းကြောင်းများကို ကြည့်ပြီး ခေါင်းကိုက်လာရသည်။

" ငါတို့ ဘာလုပ်ကြမလဲ။ တံခါးတိုင်းကိုသွားပြီး ရှေးဟောင်းပစ္စည်းတွေ လိုက်တောင်းလို့တော့ မရလောက်ဘူးလေ၊ ဟုတ်တယ်မလား။ အဲ့တာက ကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်မနေဘူးလား "

ယဲ့ဖန် သူမကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

" ဒါတို မင်းမှာ အကြံတစ်ခုခုရှိလား "

ကျူးရှောင်ကျောင်း ခေါင်းခါပြလိုက်သည်။

" မရှိဘူး၊ ဒီမှာ ရှေးဟောင်းပစ္စည်းတွေ ရှိတယ်လို့ပဲ သိထားတာ။ ကျန်တာ မမေးနဲ့။ မသိဘူး "

ယဲ့ဖန် သူမကို ပြုံးကြည့်လိုက်သည်။

" မပူနဲ့၊ ကိုယ်ပြင်ဆင်ထားတယ် "

ထိုသို့ပြောရင်း အိပ်ကပ်ထဲတွင် ကြိုထည့်လာသည့် အိမ်မြှောင်ကို ထုတ်လိုက်သည်။

" ဒါနဲ့ဆို ငါတို့ သေချာပေါက် ရတနာရှာတွေ့မှာ "

ကျူးရှောင်ကျောင်းသည် သူ့ကို ရူးနေသည့်သူတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

" နင် ငါ့ကို လာနောက်နေတာလား။ သင်္ချိုင်းဂူဖောက်တဲ့ ဝတ္ထုတွေ အဖတ်များနေတာလား။ ဒီဟာလေးနဲ့ ရတနာရှာနိုင်မယ်များ ထင်နေလား "

ယဲ့ဖန်သည် ခိုင်မာယုံကြည်မှုရှိသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

" မင်း နားမလည်ပါဘူး။ ငါ့အနောက်သာ လိုက်ခဲ့ "

ထိုသို့ပြောပြီး မျက်လုံးကိုမှိတ်ပြီး ဂါထာတစ်ခု မန်းမှုတ်လိုက်သည်။

" နဂါးတွေဟာ ရွှေရှာတယ်။ လေထန်နေတဲ့ တောင်တန်းတွေကို ကြည့်လိုက်တယ်။ ထောင်ချီတဲ့တံခါးတွေရှိနေရင် အဲ့မှာနေနေတဲ့ မင်းသားလေးရှိရမယ် ..... ဟက်ချလောင်း "

ကျူးရှောင်ကျောင်း ကြောင်သွားသည်။

ဒီတစ်ယောက်က မသေမျိုးများ ထင်နေလား။

ထိုအချိန် ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

" တွေ့ပြီ၊ သွားကြရအောင် "

ထိုသို့ပြောပြီးနောက် အိမ်တစ်အိမ်ဆီသို့ လျှောက်သွားခဲ့သည်။

ကျူးရှောင်ကျောင်းသည် အယုံအကြည်မရှိသော်လည်း သူ့အနောက်ကို လျင်မြန်စွာ လိုက်သွားခဲ့သေးသည်။

တစ်ချိန်တည်းမှာပင် သူတို့နှစ် ယောက်နောက်ကို လိုက်လာသော လူတစ်စုမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

" သူတို့ပြောနေတာ သေချာကြားလိုက်လား။ ဘာတွေပြောနေကြတာလဲ "

" နည်းနည်းဝေးနေတော့ သေချာမကြားလိုက်ဘူး။ ကြည့်ရတာတော့ ရှေးဟောင်းပစ္စည်းတွေရှာပြီး နဂါးရှာ ရွှေခွဲမယ်ဆိုလား "

" ဒီနှစ်ယောက်က တကယ်ကို သာမန်မဟုတ်ဘူးဘဲ။ သူတို့က ငါတို့ရှေးဟောင်းမြို့ကိုလာပြီး ရှေးဟောင်းပစ္စည်းတွေ လာယူရဲတာလား "

" ငါတို့မှာ ရှေးဟောင်းပစ္စည်းတွေရော ဒီမှာ ရှိသေးလို့လား။ အိမ်ထဲက ပစ္စည်းဟောင်းတွေက ရောင်းလိုက်တာ နှစ်ချီနေလောက်ပြီ၊ ဟုတ်တယ်မလား "

" အရင်ဆုံး အကြီးအကျယ်တွေ မလုပ်နဲ့ဦး။ လိုက်ပြီး တစ်ချက်ကြည့်ကြည့်ရအောင် "

ဆံဝါဖြင့်လူက ထပ်ပြီး ဆုံးဖြတ်ချက်ချလေသည်။

သူသည် သုန်မှုန်နေသောမျက်နှာဖြင့် ရှေ့ဆုံးကလျှောက်ကာ ယဲ့ဖန်တို့နောက်ကို လိုက်သည်။

အခြားသူများကလည်း လိုက်ကြသည်။

....................................................

ယဲ့ဖန်သည် အိမ်ရှေ့သို့ ရောက်လာသည်နှင့် တမင်ရည်ရွယ်ကာ ပွဲလုပ်လေသည်။

ဤမိသားစုတွင် အမှန်တကယ် အဖိုးတန်ရှေးပစ္စည်းဟောင်းတစ်ခု ရှိနေကြောင်း စနစ်၏ အတွင်းကျကျစကန်ဖတ်ခြင်း လုပ်ဆောင်ချက်မှတစ်ဆင့် ယဲ့ဖန် သိထားပြီးဖြစ်သည်။

ထိုအချက်က ယဲ့ဖန်ကို အလွန်ပျော်ရွှင်စေလေသည်။

ရတနာကို ဤမျှ မြန်ဆန်စွာ ရရှိလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရှေးဟောင်းမြို့သို့ လာရန် ဆုံးဖြတ်ခဲ့သည်မှ သူ မှန်ကန်သည့် ရွေးချယ်မှု လုပ်ခဲ့ပုံရသည်။

ယဲ့ဖန်သည် ရှေ့သို့ လှမ်းလာပြီး တံခါးကို ခေါက်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာသည်။

ကျောကုန်းကုန်းဖြင့် အဘိုးကြီးတစ်ယောက် ထွက်လာပြီး သူတို့နှစ်ယောက်ကို ကြည့်နေလေသည်။

" ဘယ်သူ့ကို ရှာနေတာလဲ "

ယဲ့ဖန် ဘာမှပြန်မပြောခင်တွင် သူ့ဘေးမှာရှိနေသည့် ကျူးရှောင်ကျောင်းက ပြောလိုက်သည်။

" ကျွန်မတို့ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းဖို့ ဒီကိုရောက်နေတာ။ ရှင့်မှာ ရှေးဟောင်းပစ္စည်းတွေ ရှိလား"

ယဲ့ဖန်သည် သွေးအန်မိမတတ် ဖြစ်သွားသည်။

ဒီရူးနေတဲ့မိန်းမက ဘာလို့ အရာအကုန်လုံးကို ပြောနေတာလဲ။

ရှေးဟောင်းပစ္စည်းဝယ်ချင်တယ်လို့ ပြောလိုက်ရင် ဈေးကြီးမြှင့်လာမှာပေါ့။

ဒီလောက် သေချာနေတဲ့အချက်ကို သူမ မတွေးမိဘူးလား။

အဘိုးအိုသည် သူမ ပြောသည်ကို ကြားပြီးနောက် သူ့မျက်နှာတွင် စိတ်ဓာတ်ကျနေသည့် အမူအရာ ချက်ချင်း ပေါ်လာသည်။

" ဟူး၊ ငါ ဒီအကြောင်းကို ပြောတိုင်း နောင်တရလွန်းလို့ ငါ့အူတွေ စိမ်းပြီးပုတ်သွားလောက်တယ်။ ငါ့မိသားစုမှာ အရင်တုန်းက ရှေးဟောင်းပစ္စည်းတွေ အများကြီး ရှိခဲ့ဖူးတယ်။ အဲ့တာတွေ အားလုံးက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတာ။ လွန်ခဲ့သည့် နှစ်အနည်းငယ်လောက်က ရှေးဟောင်းပစ္စည်း စုဆောင်းဖို့ဆိုပြီး လာဝယ်တဲ့သူတွေ ရှိခဲ့တယ်။ ဒီအမှိုက်တွေက ဘယ်လောက်တန်ဖိုးရှိမှာလဲဆိုပြီး တွေးနေခဲ့တာ။ အဲ့တာနဲ့ ငါ အဲ့တာတွေအားလုံးကိုအကုန် ချက်ချင်း ရောင်းပစ်လိုက်တယ်။ နောက်ကျမှ အဲ့ဒီပစ္စည်းတွေက အများကြီးတန်တယ်ဆိုတာ သိလာခဲ့ရတာ။ ငါ တကယ်နောင်တရမိတယ် ....... "

ပြောနေရင်းဖြင့် တုန်ရီနေသော မုတ်ဆိတ်ဖြူများသည် နှစ်များစွာ ကြာသွားသော်လည်း အဘိုးအိုမှာ အလွန်ဒေါသထွက်နေသေးသည်ကို ဖော်ပြနေသည်။

ဤကိစ္စသည် သူ့အား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မည်မျှအထိ ကြီးမားစေခဲ့သည်ကို မြင်နိုင်သည်။

ကျူးရှောင်ကျောင်းသည် ထိုစကားကို ကြားသောအခါ သူမ ကြောင်အသွားသည်။

" အားလုံးကို ရောင်းလိုက်ပြီလား။ ဘာမှ မကျန်ခဲ့ဘူးလား "

အဘိုးအိုက သက်ပြင်းချပြီး ခေါင်းညိတ်ပြသည်။

" ဘာမှမကျန်တော့ဘူး။ မင်းတို့ ဝယ်ချင်ရင် တခြားနေရာကို သွားကြည့်လို့ရတယ် "

အဘိုးအိုသည် ပြောနေရင်းဖြင့် တံခါးပိတ်တော့မည်ဖြစ်သည်။

ထိုအချိန်၌ ယဲ့ဖန်မှ တံခါးကို ရုတ်တရက် တွန်းထားလိုက်သည်။

" ကျွန်တော် ဝင်ကြည့်လို့ရမလား "

အပိုင်း ( ၇၂၃ )

တစ်ချက်လောက် ကြည့်လို့ရမလား။

အဘိုးအိုသည် ခဏတာ အံ့အားသင့်သွားသော်လည်း နောက်ဆုံးတွင် သူတို့နှစ်ဦးကို ဝင်ရန် လမ်းဖယ်ပေးလိုက်သည်။

" ကြည့်ချင်ရင်တော့ ဝင်ပြီး ကြည့်ကြပေါ့။ ဒါပေမဲ့ တကယ် အဖိုးတန်တဲ့အရာတွေ မရှိဘူး "

ယဲ့ဖန်က ဘာမှ အများကြီး မပြောပေ။

သူသည် ကျူးရှောင်ကျောင်းကို ခြံဝင်းထဲသို့ ခေါ်သွားခဲ့သည်။

ခြံဝင်းသည် အကြီးကြီးတော့ မဟုတ်ချေ။ စုစုပေါင်းဧရိယာမှာ စတုရန်းမီတာ ၁၀၀ခန့်လောက်သာ ရှိသည်။

ခြံထဲ၌ ဟင်းသီးဟင်းရွက်ပင်များ စိုက်ထားလေသည်။

ခြံ၏ အနောက်တောင်ထောင့်တွင် ခွေးတစ်ကောင်ကို ချည်ထားလေသည်။

သူစိမ်းဝင်လာသည်ကို မြင်သည့်အခါ ၎င်းသည် ချက်ချင်းပင် ဟောင်တော့သည်။

အဘိုးအိုသည် ရှေ့သို့ အမြန်သွားကာ ခွေးကို ကြိမ်းမောင်းပြီး ရပ်စေခဲ့သည်။

ယဲ့ဖန်သည် ပထမဆုံးအနေဖြင့် ခြံဝင်းတစ်ဝိုက်ကို တခဏလောက် ဟန်ဆောင်ကြည့်ပြီးနောက် ခွေးစာထည့်ရန် အသုံးပြုသည့် ကြွေပန်းကန်လုံးအား ကြည့်လိုက်လေသည်။

" ဒီပန်းကန်လုံးက ...... "

အဘိုးအိုသည် ယဲ့ဖန်၏အမေးကို ကြားပြီးနောက် ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။

" ဒီခွေးစာပန်းကန်လုံးက ရှိနေတာ နှစ်အတော်ကြာနေပြီ။ ငါ ငယ်ငယ်လေးကတည်းက ခွေးစာကျွေးရင် ထည့်လာတာ။ ဒါကရော ရှေးဟောင်းပစ္စည်းပဲလား "

ယဲ့ဖန်သည် ခဏကြာ ငုံ့ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

" ဒါက ရိုးရိုးကြွေထည်တစ်ခုပဲ။ သိပ်ပြီး တန်ဖိုးမရှိဘူး "

အစက စောင့်မျှော်နေသော အဘိုးအိုသည် ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။

" မင်းကို ငါပြောခဲ့သားပဲ အိမ်ထဲမှာ အဖိုးတန်တာ ဘာမှမရှိဘူး။ တခြားနေရာကို သွားကြည့်သင့်တယ် "

ယဲ့ဖန်သည် သူ့မျက်နှာတွင် စိတ်ပျက်မှု အပြည့်ဖြင့် ပြန်လှည့်ကြည့်လာသည်။

" တကယ်ပဲ အဖိုးတန်တဲ့အရာ ဘာမှမရှိဘူး "

ထို့နောက် သူသည် လှည့်ထွက်ရန် ပြင်လိုက်ကာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှ ရပ်လိုက်ပြီး ကြွေပန်းကန်ကို လှည့်ကြည့်လိုက်သည်။

" အများကြီးမတန်ပေမယ့် သူ့ပုံစံက တော်တော်လေးလှတယ်။ ကျွန်တော် ကြိုက်တယ်။ ဒါကို ယူလိုက်ရမလား "

အဘိုးအိုသည် သူ့စကားကို ကြားပြီးနောက် သူ့မျက်လုံးတွေ တောက်လောင်လာသည်။

" ဘယ်လောက် ပေးနိုင်လဲ "

ယဲ့ဖန်က လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

" ယွမ်၂၀၀ "

အဘိုးအိုသည် ချက်ချင်းပင် စိတ်ပျက်သွားသည်။

" ယွမ်၂၀၀ပဲ ရှိတာလား။ အရမ်းနည်းလွန်းတယ် မဟုတ်ဘူးလား "

ယဲ့ဖန်မှ ရယ်မြူးသော အမူအရာဖြင့် ပြောလိုက်သည်။

" ဒါက ရိုးရိုးကြွေထည်တစ်ခုပဲလေ။ ဘယ်လောက် လိုချင်တာမလို့လဲ "

အဘိုးအိုက မတန်တဆ ဈေးတောင်းလေသည်။

" ယွမ် ၂‌သောင်း "

ယဲ့ဖန်သည် ချက်ချင်း မျက်လုံး ပြူးကျယ်သွားရသည်။

" ဘယ်လောက်။ ယွမ် ၂သောင်း ဟုတ်လား။ ခင်ဗျား တကယ် ပြောရဲတာပဲ "

အဘိုးအိုသည် သူကိုယ်တိုင်ပင် တောင်းဆိုလိုက်သည်မှာ လွန်သွားသည်ဟု ခံစားရပြီး ချက်ချင်းပင် မျက်နှာက နီရဲလာသည်။

" မိုးလောက်မြင့်တဲ့ဈေးကို တောင်းလည်း နေရာမှာတင် ချက်ချင်း ငွေချေရမယ် "

ယဲ့ဖန် စိတ်တိုသည့်ပုံ ဟန်ဆောင်လိုက်သည်။

" ခင်ဗျား အရမ်းလွန်မလာနဲ့။ ခင်ဗျားကို ဘာလို့ အဲ့လောက်ဈေးနဲ့ ပေးရမှာလဲ။ အဲ့ဒီခွက်ကို ခွေးစာပဲ ဆက်ကျွေးသင့်တယ် "

ထိုသို့ဖြင့် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ဆွဲခေါ်လာသည်။

အဘိုးအိုသည် သူတို့နှစ်ယောက်ကို အမြန်တားလိုက်သည်။

" နောက်ထပ် ဘယ်လောက်ပေးလို့ရမလဲ။ ယွမ် ၂၀၀က အရမ်းနည်းလွန်းတယ်။ ခွေးစာပန်းကန်အသစ်ဝယ်ဖို့တောင် ပိုက်ဆံက မလောက်ဘူးလေ "

ယဲ့ဖန်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားနေရသကဲ့သို့ ဒေါသထွက်သည့်ပုံစံဖြင့် ဆက်၍ ပြောလေသည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်အကြောင်းကို နားလည်ထားသလောက် သူသည် ထိုကြွေခွက်ကို ဝယ်ရန်ပြောနေကတည်းက ကြိုက်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူသည် လက်ရှိတွင် သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် သူမသည်လည်း ပူးပေါင်းဆောင်ရွက်လိုက်ပါက နစ်နာသွားခြင်း မရှိချေ။

သူမသည် ယဲ့ဖန်၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး ပြောသည်။

" ဒီဦးလေးက တော်တော်လေး သနားဖို့ကောင်းတယ်လို့ ထင်တယ်။ သူ့ကို ပိုပေးလိုက်ပါ။ ပရဟိတအနေနဲ့ ပေးတယ်လို့ သဘောထားလိုက်ပေါ့ "

အဘိုးအိုက ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။

" ဟုတ်တယ်။ အခု ငါက တစ်ယောက်တည်း နေရတာ။ ငါ့သားနဲ့သမီးကလည်း ငါ့ကို ဂရုမစိုက်ဘူး။ အနည်းဆုံးတော့ ငါ့ကို ပိုပေးသင့်ပါတယ် "

ယဲ့ဖန်သည် သူ့ပါးစပ်ကို ပြန်မဖွင့်ခင် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။

" ကောင်းပြီ၊ ကျွန်တော် အများဆုံးအနေနဲ့ ယွမ် ၅၀၀ပေးမယ်။ ရောင်းချင်ရင်တော့ အခုပဲ ငွေချေပေးမယ်။ မရောင်းချင်ရင်တော့ ကျွန်တော် အခုပဲချက်ချင်း ထွက်သွားမယ် "

ယဲ့ဖန်သည် ပြောနေရင်း အချိန်မရွေး ထွက်သွားတော့မည့်ပုံစံဖြင့် နောက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

အဘိုးအိုကလည်း သူ၏လေသံ အလွန်တင်းမာနေသည်ကို မြင်လိုက်ရပြီး အဆုံးတွင် အလျှော့ပေးလိုက်သည်။

" ကောင်းပြီ၊ ဒါဆိုလည်း ယွမ်၅၀၀ပေါ့။ ပိုက်ဆံ ငွေသားပဲ လိုချင်တယ် "

ယဲ့ဖန်သည် နောက်ထပ် အပိုစကားတွေ မပြောတော့ဘဲ ချက်ချင်းဆိုသလိုပင် သူ့အိတ်ထဲမှ ယွမ် ၁၀၀ တန် ငွေစက္ကူ ငါးရွက်ကို ထုတ်ယူလိုက်သည်။

အဘိုးအိုသည် ငွေစက္ကူ ငါးရွက်ကို အလျင်အမြန်ဆွဲယူလိုက်ပြီး ထပ်ခါထပ်ခါ ကြည့်နေသည်။

ဘာပြဿနာမှ မရှိကြောင်း အတည်ပြုပြီးသည်နှင့် အိတ်ကပ်ထဲကို ထည့်လိုက်တော့သည်။

ယဲ့ဖန်သည် ကြွေဇလုံကိုယူရန် လှည့်ကြည့်လိုက်သည့်အခါ ခွေးသည် တစ်စုံတစ်ယောက်မှ သူ၏အစာခွက်ကို လုယူနေသည်ဟု မြင်လိုက်ပြီး ဟောင်စပြုလာပြန်သည်။

အဘိုးအိုသည် တုတ်တစ်ချောင်းကို ကိုင်ကာ ခွေးကို ငြိမ်သွားသည်အထိ ရိုက်တော့သည်။

ထိုအခါမှ ယဲ့ဖန် ကြွေဇလုံကို ယူလိုက်ပြီး မထွက်သွားခင် ရေဖြင့် သေချာသန့်ရှင်းဆေးကြောလိုက်သည်။

သူတို့နှစ်ဦး ခြံဝင်းထဲမှ ထွက်လာပြီးနောက် ကျူးရှောင်ကျောင်းက ချက်ချင်း စိတ်မရှည်စွာဖြင့် မေးသည်။

" ဒီကြွေပန်းကန်က ဘယ်လောက်တန်ဖိုးရှိလဲ "

ယဲ့ဖန်က ဟန်ဆောင်ဖြေလေသည်။

" ဒါက သိပ်တန်ဖိုးမရှိပါဘူး "

ကျူးရှောင်ကျောင်းသည် ထိုအဖြေကို မကျေနပ်ချေ။

" နင် အမှန်တိုင်းဖြေရင် ပိုကောင်းမယ် "

ယဲ့ဖန်သည် ကူကယ်ရာမဲ့ ဖြစ်နေသည်။

ထို့နောက်တွင် အမှန်တိုင်း ပြောလိုက်ရသည်။

" ဒါက ...… သန်းချီ တန်လောက်တယ် "

ကျူးရှောင်ကျောင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

" ဘယ်လောက်တန်တာ။ သန်းချီ ဟုတ်လား။ တကယ်ကြီးလား "

ယဲ့ဖန်၏ ပါးစပ်ထောင့်မှာ အနည်းငယ် ကွေးတက်သွားသည်။

" တစ်သန်းလောက်မှ မတန်ဘူးဆိုရင် ငါကိုယ်တိုင်က အရေးတယူလုပ်ဖို့ တန်ပါ့မလား။ ဒါက မင်မင်းဆက်က လုံချွမ်မီးဖိုဆောင်က ပစ္စည်းတစ်ခုပဲ။ အဲ့တာနဲ့ ခွေးစာကျွေးနေတာက နှမြောစရာကောင်းလွန်းတယ် "

ကျူးရှောင်ကျောင်းသည် ကြွေပန်းကန်ခွက်ကို စိုက်ကြည့်နေသည်။

ခဏကြာပြီးနောက်တွင် သူမ၏ အာရုံများ ပြန်လည် အသိကပ်လာပြီး ယဲ့ဖန်ကို မထီမဲ့မြင်ပြုကာ ကြည့်နေလေသည်။

" ဒီအိုးက သန်းနဲ့ချီပြီး တန်တာတောင် နင်က ဘာလို့ ယွမ်ရာဂဏန်းလေးအတွက်နဲ့ လူကြီးတစ်ယောက် ဘာလို့ ငြင်းခုံနေရတာလဲ။ အဲ့တာက လူမဆန်ဘူး မဟုတ်လား "

ယဲ့ဖန်သည် သူ၏ လက်များကို ဖြန့်ကာလိုက်သည်။

" ဒါက စီးပွားရေးပဲ။ ဒီကြွေခွက်က သန်းနဲ့ချီပြီး တန်တယ်လို့ သူ့ကို တိုက်ရိုက်ပြောလို့ မရဘူး မဟုတ်လား။ စီးပွားရေးဆိုတာ အမြင်နဲ့ သတ္တိကို စမ်းသပ်တာပဲ။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အမြင်မကောင်းတဲ့ သူကိုယ်သူပဲ အပြစ်တင်နိုင်တယ်။ တခြားသူတွေကို အပြစ်ပြောလို့ မရဘူး "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ပြောသည်ကို ငြင်းဆိုချင်သော်လည်း သူပြောခဲ့သည်တွေက အဓိပ္ပာယ်ရှိသည်ဆိုတာ ဝန်ခံရပေမည်။

စီးပွားရေးဆိုတာ ဒီလိုပဲ မဟုတ်လား။ အတတ်နိုင်ဆုံး အနိမ့်ဆုံးဈေးနဲ့ ဝယ်ပြီး အမြင့်ဆုံးဈေးနဲ့ ရောင်းနိုင်တဲ့သူကပဲ အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်လာတာ။

သို့သော် ယဲ့ဖန်မှာတော့ သန်းချီတန်သည့်ရတနာပစ္စည်းအား ဝယ်ရန် ယွမ်ရာဂဏန်းကိုသာ အသုံးပြုခဲ့ရသည်။

သူသည် တွန့်တိုပြီး အချိန်အကြာကြီး ငြင်းဆန်နေခဲ့သည်။

တကယ်ပင် လွန်လွန်းလေသည်။ စီးပွားရေးလောကတွင် ရိုးသားသည့် စီးပွားရေးသမားဆိုတာ လုံးဝ မရှိချေ။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ဆက်ပြီး ရှင်းပြနေရန် စိတ်မ၀င်စားနိုင်တော့ပေ။

သူသည် အိမ်မြှောင်ကို တစ်ဖန် ပြန်ထုတ်ကာ နောက်ထပ် ရတနာပစ်မှတ်ကို ရှာဖွေသည့်ပုံစံ ဟန်ဆောင်ခဲ့သည်။

ကျူးရှောင်ကျောင်း၏ အကြည့်သည် သံလိုက်အိမ်မြှောင်ဆီ ချက်ချင်း အာရုံစွဲဆောင်သွားသည်။

" ဒီအိမ်မြှောင်က တကယ် အသုံးဝင်တာလား။ တကယ်ရော ရတနာတွေကို ရှာတွေ့နိုင်ပါ့မလား "

ယဲ့ဖန်သည် သူမကို စူးရဲစွာ စိုက်ကြည့်နေသည်။

" ဟုတ်ပါတယ်၊ ဒါက ငါ့ရဲ့ ဘိုးဘွားရတနာပဲ။ ဒါကြောင့်ပဲ မြန်မြန်ဆန်ဆန် ချမ်းသာလာတာလေ "

ယဲ့ဖန်သည် တစ်စုံတစ်ဦးအား ကြားစေလိုသည့်ပုံစံဖြင့် တမင်တကာ ကျယ်လောင်စွာ ပြောလိုက်သည်။

ကျူးရှောင်ကျောင်းကလာည်း သူ့ကို တကယ်ယုံကြည်သွားခဲ့သည်။

သူသည် တစ်နှစ်အောက်နည်းသော သက်တမ်းအနည်းငယ်အတွင်းတွင် အခြားသူများ မရှာနိုင်သည့် ငွေကို ရှာနိုင်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။

သူ၌ ဤကဲ့သို့ ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် ရတနာတစ်ခု ရှိနေသည်ဆိုတာ သိလိုက်ရသည်။

" နင်ရဲ့ ဘေဘီသံလိုက်လေးကို ငါ ထိလို့ရမလား "

" မရဘူး "

" ဘာလို့လဲ "

အပိုင်း ( ၇၂၄ )

ရူးနေလား

" မင်း ကြားလိုက်လား။ ဒီနှစ်ယောက်က ဒီကိုလာတာ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းဖို့ပဲ "

" ဟုတ်တယ်၊ အဲ့ကောင်လေးက ယွမ်ရာဂဏန်းလေးနဲ့ လူအိုကြီးဝမ်ရဲ့ အိမ်ကနေ ရှေးဟောင်းပစ္စည်းတစ်ခု ဝယ်ခဲ့တယ်တဲ့။ အဲ့တာက တကယ်တော့ သန်းချီတန်တာတဲ့ "

" ငါ လူအိုကြီးဝမ်ရဲ့ အိမ်ကို ရောက်ဖူးတယ်။ အဲ့ဒီခွက်ကို သူက ခွေးစာကျွေးဖို့ သုံးတာ။ ခွေးစာကျွေးတဲ့ခွက်က ဘယ်လိုလုပ် သန်းချီပြီး တန်ဖိုးရှိနိုင်မှာလဲ။ ဒါက နည်းနည်း ရယ်စရာမကောင်းလွန်းဘူးလား "

" မင်းဘာသိလဲ။ ရှေးဟောင်းပစ္စည်းတွေက တကယ်အမြတ်ကြီးတယ်။ သန်းနဲ့ချီမပြောနဲ့ သန်းဆယ်ဂဏန်းတန်တဲ့ ရတနာတွေတောင် ရှိတယ် "

" သူတို့က ဒီလောက်ကောင်းတဲ့ကားတွေကို မောင်းနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး။ ရှေးဟောင်းပစ္စည်း စုဆောင်းတာနဲ့ ဝင်ငွေရှာကြတာကိုး "

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ စကားပြောနေသည်ကို ကြားလိုက်ပြီးတွင် အထူးသဖြင့် ဆံဝါဖြင့်လူက အတော်ကို အံ့သြသွားသည်။

သူ့မျက်လုံးများသည် လောဘများနှင့် ပြည့်နှက်လသည်။

" ရတနာတွေကို ရှာတွေ့ရတဲ့ အဓိက အကြောင်းအရင်းက သူ့လက်ထဲက သံလိုက်အိမ်မြှောင်ကြောင့်လို့ အဲ့ဒီကောင်လေး ပြောနေတာကို ကြားလိုက်ရတယ်။ ဒီအိမ်မြှောင်ကို ငါတို့လက်ထဲ ယူနိုင်ရင် ငါတို့ ညီအစ်ကိုတွေ ချမ်းသာပြီ "

တခြားသူများကလည်း စိတ်လှုပ်ရှားနေခဲ့ကြသည်။

သူတို့လက်ထဲ၌ ထိုအိမ်မြှောင်သာ ရှိနေမည်ဆိုပါက ပိုက်ဆံကို သန်းနှင့်ချီပြီး အလွယ်တကူ ရနိုင်လေသည်။

ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် သူတို့ကို စိတ်လှုပ်ရှားလာစေသည်။

" အစ်ကိုကြီးယောင်း၊ ကျွန်တော်တို့ညီအစ်ကိုတွေ သံလိုက်အိမ်မြှောင်ကို လုယူစေချင်လား "

တစ်စုံတစ်ယောက်က ချက်ချင်း အကြံပေးလိုက်သည်။

ဆံဝါဖြင့်လူသည် ထိုတစ်ယောက်ကို စိုက်ကြည့်နေလိုက်သည်။

" လူတစ်ယောက်ကို လုယက်တာက တရားမ၀င်ဘူး မဟုတ်လား။ ငါတို့က တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေမလို့ ငါတို့ ငွေပေးရမယ် "

ချက်ချင်းပင် တစ်စုံတစ်ယောက်က ထပ်ပြီး အဆိုပြုသည်။

" ဒီအိမ်မြှောင်က ယွမ်တစ်သန်းကျော်နိုင်တယ်။ ကျွန်တော်တို့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ "

ဆံဝါ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

" မကြိုးစားရင် ဘယ်လိုလုပ် သိမှာလဲ "

.........................................

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် နောက်ထပ်ဆိုင်အချို့သို့ သွားကာ ရှေးဟောင်းပစ္စည်းအချို့ကို ဝယ်ယူခဲ့ကြသည်။

ထိုရှေးဟောင်းပစ္စည်းတွေမှာ အနည်းဆုံး ဆယ်သန်းလောက် ရှိသည်ဟု ခန့်မှန်းရသည်။

လက်ရှိအချိန်၌ သူတို့နှစ်ယောက် လက်ထဲတွင် ဆက်ပြီး မသယ်နိုင်တော့သောကြောင့် ကားထဲ အရင်ထည့်ပြီး သိမ်းရန် ပြန်လာခဲ့ကြသည်။

သူတို့နှစ်ယောက် လှည့်လျှောက်လာကာ ပြိုင်ကားဆီသို့ လျှောက်လာစဉ်တွင် ရုတ်တရက် လူအနည်းငယ်က ပိတ်ဆို့ရပ်လိုက်သည်။

" ယို့၊ မင်းတို့ ရတနာတွေ အများကြီး စုဆောင်းထားပြီပဲ "

ဆံဝါဖြင့်ခေါင်းဆောင်သည် လက်ထဲတွင်ရှိသော ရှေးဟောင်းပစ္စည်းများကို ကြည့်လိုက်ကာ သူ၏ လောဘကို ဖုံးကွယ်မထားနိုင်ပေ။

ယဲ့ဖန်သည် သူတို့၏ ရည်ရွယ်ချက်များကို သတိမမူမိဘဲ ရိုးသားစွာ ပြုံးပြလိုက်သည်။

" မဆိုးပါဘူး၊ ဒီရှေးဟောင်းမြို့ကြီးမှာ ရွှေတွေနဲ့ ပြည့်နေမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး "

ကျူးရှောင်ကျောင်းသည် လျင်မြန်စွာ အချက်ပြ မျက်စိမှိတ်ပြလိုက်သည်။

ဒီတစ်ယောက်က အများသောအားဖြင့် တော်တော်လေး ဉာဏ်ကောင်းပါတယ်။ အခုကျမှ ဘာလို့ ရုတ်တရက် နလပိန်းတုံး လုပ်နေတာလဲ။

ဒီလူတွေမှာ ကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ မပြောနိုင်ဘူးလား။

ဆံဝါက ယဲ့ဖန်ကို ပူလောင်သော အကြည့်တွေဖြင့် စိုက်ကြည့်နေသည်။

" မင်းမှာ အမြင်ကောင်းရှိပုံရတယ်။ မင်း တကယ်ကြီး ရတနာတွေ အများကြီးတွေ့ခဲ့တာပဲ "

ယဲ့ဖန်က အမြန် ခေါင်းယမ်းလိုက်သည်။

" ကျွန်တော့်မှာ အမြင်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော့်မိသားစုမှာ လက်ဆင့်ကမ်းလာတဲ့ ရတနာတစ်ခု ရှိတယ်။ အဲ့တာက ...... "

" အဟွတ်၊ အဟွတ် ......... "

ကျူးရှောင်ကျောင်းသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။

သူမသည် အလွန်ပင် စိုးရိမ်နေခဲ့သည်။

ဒီတစ်ယောက် ဘာဖြစ်နေတာလဲ။

ဒီလောက်အရေးကြီးတဲ့ ရတနာအကြောင်းကို ဘာလို့ ဒီလို လွယ်လွယ်ကူကူကြီး ထုတ်ပြောနေရတာလဲ။

ဆံဝါသည် သူမ ဘယ်လောက် သတိထားနေသည်ဆိုတာကို မြင်လိုက်ရပြီး ထိုရတနာမှာ တန်ဖိုးရှိကြောင်း ပိုသေချာလာခဲ့သည်။

သူက ယဲ့ဖန်ကို တည့်တည့် ကြည့်နေသည်။

" မင်းရဲ့ အဲ့ဒီရတနာကို ထုတ်လိုက်။ ငါတို့ကြည့်ရအောင် "

ယဲ့ဖန် ထိုစကားကိုကြားပြီး ခေါင်းကို အမြန်ခါလိုက်သည်။

" အဲ့လိုတော့ မဖြစ်ဘူး။ ကျွန်တော် ဒီရတနာနဲ့ ပိုက်ဆံအများကြီးရှာဖို့ မျှော်လင့်နေတာ။ တခြားသူတွေကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ်ပြနိုင်မှာလဲ "

ယဲ့ဖန်က ထိုသို့ဖြစ်လေလေ၊ ဆံဝါဖြင့်လူက ပိုစိုးရိမ်လေလေဖြစ်သည်။

" ထုတ်လိုက်ပါ။ ငါတို့ ညီအကိုတို့ လေ့လာရအောင် "

သူ့နောက်မှ လူအနည်းငယ်ကလည်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ယဲ့ဖန်၏ မျက်နှာပေါ်၌ ပူပန်သောကရောက်နေသော အမူအရာရှိနေသည်။

" ဒါဆိုလည်း ခင်ဗျားတို့ ကြည့်လို့ရတယ်။ ဒါပေမယ့် ပြီးရင်တော့ ကျွန်တော့်ကို ပြန်ပေးရမှာ "

ဆံဝါက ခေါင်းညိတ်သည်။

" ဟုတ်တာပေါ့။ ငါတို့အားလုံးဟာ ဥပဒေလိုက်နာတဲ့ နိုင်ငံသားတွေပဲ။ ငါတို့ မင်းကို ဘယ်လိုလုပ် လုယက်နိုင်မှာလဲ "

ထိုမှသာ ယဲ့ဖန် စိတ်သက်သာရာရသွားပြီး သူ့အိတ်ကပ်ထဲမှ သံလိုက်အိမ်မြှောင်ကို ချက်ချင်း ထုတ်ပေးလိုက်သည်။

ကျူးရှောင်ကျောင်းက စိုးရိမ်နေမိသည်။

" ယဲ့ဖန်၊ နင်ရူးနေလား"

သူမသည် ပြောနေရင်းဖြင့် ဆွဲယူရန် လက်လှမ်းလိုက်သည်။

သို့သော် ဆံဝါဖြင့် အမျိုးသားက သံလိုက်အိမ်မြှောင်ကို ဦးစွာ လုယူသွားခဲ့သည်။ သူသည် သေသေချာချာပင် ကြည့်ရန် အချိန်မရှိဘဲ သူ့အိတ်ကပ်ထဲသို့ ချက်ချင်း ထည့်လိုက်သည်။

ယဲ့ဖန် စိုးရိမ်သွားခဲ့သည်။

" ခင်ဗျား ဘာလုပ်တာလဲ။ ဓားပြတိုက်နေတာလား။ အိမ်မြှောင်ကို အမြန်ပြန်ပေး "

ဆံဝါဖြင့် ယောက်ျားသည် သူ့မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ပေါ်လာပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။

" ဒီအိမ်မြှောင်နဲ့ တော်တော်လေး ရေစက်ရှိမယ်ထင်တယ်။ မင်း ငါ့ကို ဘာလို့မရောင်းတာလဲ "

ယဲ့ဖန် ချက်ချင်း ခေါင်းခါလိုက်ပြီး ငြင်းလိုက်သည်။

" ဒါက ဘယ်လိုလုပ် ဖြစ်မှာလဲ။ ဒါက ကျွန်တော့်မိသားစုရဲ့ ရတနာပါ။ ခင်ဗျား ကျွန်တော့်ကို ဘယ်လောက်ပဲ ပေးပေး ရောင်းမှာ မဟုတ်ဘူး "

ဆံဝါဖြင့်လူက ဆက်ပြီးတောင် ဟန်မဆောင်နိုင်တော့ပေ။

သူက ချက်ချင်း နတ်ဆိုးဆန်စွာ ရယ်မောလိုက်သည်။

" အဲ့တာက မင်းသဘောနဲ့ မဆိုင်ဘူး။ ဒီအိမ်မြှောင်ကို ငါသဘောကျတယ်။ ရောင်းချင်သည်ဖြစ်စေ၊ မရောင်းသည်ဖြစ်စေ ဒီနေ့ ရောင်းကို ရောင်းရမယ် "

သူ့နောက်မှ လူတစ်စုကလည်း ချက်ချင်းပင် သူတို့နှစ်ယောက်ကို ဝိုင်းထားလိုက်ကြသည်။

" ဒီမှာကောင်လေး၊ အစ်ကိုယောင်းက မင်းရဲ့အိမ်မြှောင်ကို သဘောကျတာနဲ့တင် ဂုဏ်ယူလိုက် "

" လိုက်မေးကြည့်လိုက်ဦး။ ရှေးဟောင်းမြို့တစ်မြို့လုံးမှာ အစ်ကိုယောင်းကို ဘယ်သူက မလေးမစား လုပ်ရဲလဲလို့ "

" ဒီနေ့ မရောင်းရင် ဒီရှေးဟောင်းမြို့ကနေ ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "

" အပိုတွေ မပြောဘဲ ဈေးမြန်မြန်ပြော ...... "

ယဲ့ဖန်သည် အလွန်ကြောက်လန့်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

" ခင်ဗျားတို့ ...... ဘာလိုချင်လို့လဲ "

ဆံဝါဖြင့်လူက သူ့လက်ကို မြှောက်လိုက်ပြီး လူအုပ်ကြီးမှ ပြောဆိုနေသည်ကို တားလိုက်သည်။ ထို့နောက် ယဲ့ဖန်ကို ပြုံးပြလိုက်သည်။

" မင်းရဲ့ သံလိုက်အိမ်မြှောင်ကို ငါ အရမ်းကြိုက်တယ်။ ငါတို့က မင်းကို ငါတို့ပိုက်ဆံတွေ အကုန်ပေးမယ်။ ဒါဆို လုံလောက်တယ်၊ မဟုတ်လား "

သူသည် ပြောနေသော်လည်း ယဲ့ဖန် သဘောတူသည်၊ မတူသည်ကို ဂရုမစိုက်ချေ။

သူသည် အခြားသူများဆီမှ ငွေများ ကောက်ယူလိုက်ရာ နောက်ဆုံးတွင် ယွမ် ၂သောင်း ရလာခဲ့သည်။

ထို့နောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ငါတို့မှာ ဒီလောက်ပဲ ငွေရှိတယ်။ ငါ မင်းကိုလိမ်ရင် ငါက မင်းရဲ့မြေးပဲ "

ယဲ့ဖန်သည် အနီရောင်ငွေစက္ကူများကို ကြည့်ကာ သူ့အမူအရာ ပြောင်းသွားသည်။

" တကယ်တော့ ကျွန်တော် ခင်ဗျားတို့ကို လိမ်နေတာ။ ကျွန်တော် ဒီအိမ်မြှောင်ကို အင်တာနက်ကနေ ဝယ်ခဲ့တာပါ။ ဒါက ယွမ်တစ်ဆယ်ကျော်လောက်ပဲ တန်တယ်။ ခင်ဗျားတို့က အဲ့တာကို ယွမ်၂သောင်းနဲ့ ဝယ်နေတာက မိုက်ရူးရဲမဆန်ဘူးလား "

ဆံဝါဖြင့် လူက ယဲ့ဖန်စကားကို လုံးဝမယုံကြည်ဘဲ ပြုံးပြလိုက်သည်။

" ငါကိုက လူမိုက်ဖြစ်ချင်တာ။ ဟုတ်ပြီလား၊ စောက်ပိုတွေ ပြောမနေတော့ဘဲ ပိုက်ဆံယူလိုက် "

ထိုစကားကို ပြောပြီးနောက် သူသည် ဘာရှင်းပြချက်မှမရှိဘဲ ငွေကို ယဲ့ဖန်၏လက်ထဲသို့ ထည့်လိုက်သည်။

ယဲ့ဖန်က သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။

" ဒါဆို ကျွန်တော်အရင်ပြောမယ်။ ဒီအိမ်မြှောင်ကို ရောင်းပြီးရင် ပြန်မပေးရဘူး "

ဆံဝါက ချက်ချင်းပြုံးပြီး ခေါင်းညိတ်လိုက်သည်။

" အိုခေ။ ပြန်မပေးဘူးလို့ ကတိပေးတယ် "

ထိုစကားကို ပြောပြီးနောက် သူသည် နောက်လိုက်အနည်းငယ်နှင့်အတူ အမြန်ထွက်သွားသည်။

ရတနာလိုက်ရှာရန် သူ မစောင့်နိုင်တာ ဖြစ်နိုင်လေသည်။

All Chapters